“နှုတ်တစ်ရာ စာတစ်လုံး” (EPISODE 3)
ဆယ်နှစ်သမီးအရွယ်ထိအောင် သူ့အန်တီလေးနဲ့ တစ်ခန်းတည်းအတူနေခဲ့တဲ့ ယင်းမာဟာ နှုတ်ကဖွင့်ဟ မပြောဖြစ်သော်ငြား တစ်အိမ်သားလုံး သဘောပေါက်ထားပြီးသား အမှန်တရားတစ်ခုကို တူဝရီးနှစ်ယောက်လုံး လက်ခံထားကြပါတယ်။ အိမ်မှာ သူတို့လောက် မျက်နှာငယ်ရတဲ့သူ တစ်ယောက်မှ မရှိဘူးဆိုတာပါ။ အန်တီလေးကလည်း ဖေဖေ့ဆီမှာ မှီခိုနေရတဲ့ ညီမအပျိုကြီးတစ်ယောက်ဖြစ်သလို ယင်းမာကလည်း မောင်နှမငါးယောက်ထဲမှာ အငယ်ဆုံးလည်းဖြစ် မိန်းကလေးလည်း ဖြစ်နေပြန်တာကိုး။ အဆင်မပြေမှုတိုင်းဟာ မိသားစုထဲမှာ ကံဆိုးမကလေးဖြစ်တဲ့ ယင်းမာကြောင့် လို့ အားလုံးယူဆခဲ့ကြတာ ယင်းမာကိုမွေးပြီး မေမေဆုံးသွားကတည်းကပါပဲတဲ့။ တနေ့တနေ့ မေမေလေးရဲ့ အရိပ်အခြေကြည့်ပြီး အဆူအပြောလွတ်အောင် နေကြရသူချင်းပေမယ့် တကယ်တော့ အန်တီလေးဟာ ယင်းမာအတွက် မေမေအစားရသလိုပါပဲ။ ဖွားဖွားမရှိတော့တဲ့နောက်ပိုင်းမှာ သူတို့ချင်း ပိုအစေးကပ်လာကြတယ်။ အထူးသဖြင့် အန်တီလေးက ယင်းမာရဲ့ ပညာရေးကို သိပ်ဂရုစိုက်ပါတယ်။ ကျောင်းကပြန်လာတိုင်း စာအုပ်တွေလှန်ကြည့်တယ်။ အိမ်စာတွေ မှန်မှန်လုပ်ခိုင်းတယ်။ ဆူတတ်ဆုံးမတတ်တာကလည်း လွန်ပါရော။ ဘယ်လိုဝတ် ဝတ်ပြန်ပြီ။ ဘယ်လိုနေ နေပြန်ပြီနဲ့။ အရိပ်တကြည့်ကြည့်နဲ့ကို ဆူတာ။ ကျောင်းက ရီပို့ကဒ်ကိုလည်း သူတစ်ယောက်ပဲ အရေးတယူ ဖတ်လေ့ရှိတယ်။ စာမေးပွဲပြီးတိုင်း ယင်းမာရဲ့အောင်လက်မှတ်ကလေးတွေနဲ့ အမှတ်စာရင်းကလေးတွေကို မီးခံသေတ္တာကလေးထဲမှာ တရိုတသေ အမြတ်တနိုး သိမ်းဆည်းတတ်လေတယ်။ သော့တောင် ခတ်ထားသေး။ စိန်မဟုတ် ရွှေမဟုတ် သူမို့လို့ပဲ။ အဲဒီတုန်းက ကလေးပေမယ့် ယင်းမာက စာရေးရတာ ဝါသနာပါနေပြီ။ ကျောင်းက အိမ်စာပြီးရင် သိုင်းဝတ္ထုဇာတ်လမ်းတွေ ရှာရှာဖွေဖွေ ရေးပြီး နောက်နေ့ အတန်းထဲကျရင် သူငယ်ချင်းတွေကို ပေးဖတ်တယ်။ ဖတ်တဲ့သူတွေက အားအားယားယား တစ်ခုံကနေတစ်ခုံ ကူးကာသန်းကာ ဖတ်နေကြရင် သဘောကိုခွေ့နေရော။ တစ်ခါတစ်ခါတော့ စိတ်လိုလက်ရရှိရင် အန်တီလေးကလည်း အဲဒီသိုင်းဝတ္ထု လက်ရေးစာမူတွေကို ရေနွေးကြမ်းတစ်အိုးနဲ့ အစအဆုံးထိုင်ဖတ်ပြီး သူသဘောကျရင်တော့ ပြုံးပြုံးကြီးနဲ့ “နှုတ်တစ်ရာ စာတစ်လုံး တဲ့။ ထောင်တန်တဲ့စကားဆိုတာ ဒါမျိုးပေါ့အေ။” “Yi zi qian jing.” (One word is worth a thousand piece of gold.) လို့ ဆိုပါတယ်။ အဲဒီဆိုရိုးစကားရဲ့ နောက်ကွယ်မှာလည်း မောင်ပေါက်ကျိုင်းလို ရာဇဝင်ရှိမှန်း နှစ်ပေါင်းအတော်ကြာမှ သိပါတော့တယ်။
ဇီချူမင်းသားလေးအပေါ်မှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ခဲ့တဲ့ ကုန်သည်ကြီးလျူဟာ တွက်ကိန်းတွေမှန်တဲ့ ခရိုနီစစ်စစ်ကြီးပါပဲ။ သူမျှော်မှန်းထားသလို ဘိုးတော်မင်းတရားကြီး၊ အိမ်ရှေ့စံကိုယ်တော်ကြီးတို့ ရှေ့ဆင့်နောက်ဆင့် နတ်ရွာစံသွားပြီးတဲ့နောက် ချောင်နိုင်ငံဘုရင်မင်းမြတ် ဇီချူဧကရာဇ်အဖြစ်ကို ရောက်လာတာ ဘာမှတောင် မကြာလိုက်ပါဘူး။ ကတိထားခဲ့တဲ့အတိုင်း သူ့ကို ဘုရင့်နောင်ဘွဲ့ပေးပြီး နန်းရင်းဝန်ရာထူး ခန့်အပ်လို့ အကြီးအကျယ် မြှောက်စားခဲ့တယ်။ အဲဒါလည်း သိပ်တော့ မကြာလိုက်ပါဘူး။ နောက်သုံးနှစ်လောက်နေတော့ ဇီချူဘုရင်မင်းမြတ်ကိုယ်တိုင် နာမကျန်းဖြစ်ပြီး ကံတော်ကုန်သွားတဲ့အခါ သူ့ရဲ့လူအရင်းအမြစ်စစ်စစ်ဖြစ်တဲ့ ၁၃ နှစ်သား ဇန်မင်းသားလေးကို လျူဝမ်ရယ်ကပဲ အုပ်ထိမ်းသူအဖြစ် ဆက်အုပ်ချုပ်ရပြန်တယ်။ ဘဒွေးတော် ဝန်ကြီးချုပ်ဘဝမှာ သူရင်းနှီးမြှုပ်နှံထားသမျှရဲ့ အထွဋ်အထိပ် အကျိုးအမြတ်တွေကို အတိုင်းအဆမရှိ စံစားလေတော့တယ်။ သူ့ရဲ့ ကုန်သည်ဘဝကလာတဲ့ ဇစ်မြစ်ကို မှေးမှိန်သွားစေဖို့ နဲ့ အိမ်နီးချင်းနိုင်ငံများအကြားမှာလည်း ဂုဏ်သတင်းကောင်းနဲ့ ကျော်ဇောလာစေဖို့ သူ့အိမ်တော်အတွင်းကို အနယ်နယ်အရပ်ရပ်က ပညာရှင် စာတတ်ပေတတ်တွေ တံခါးမရှိ ဓါးမရှိ ဝင်စေထွက်စေပြီး သူကိုယ်တိုင်ရော ရွှေနန်းရှင်ကိုယ်တော်ကလေးပါ စာပေပညာတွေ လေ့ကျင့်သင်ကြား ဆွေးနွေးလေသတဲ့။ လျူအိမ်တော်မှာ ဧည့်သည်ပညာရှိပေါင်း သုံးထောင်ကျော် နေကြပါသတဲ့။ သူ့အိမ်မှာ စတည်းချကြတဲ့ ပညာရှိအပေါင်းတို့ရဲ့ စာကောင်းပေမွန်တွေကို စုဆောင်းပြီး စာအုပ်အဖြစ် ထုတ်ဝေတဲ့အခါ ကဏ္ဍပေါင်း ၂၆ ခန်း၊ စာမူပေါင်း ၁၆ဝ နဲ့ စာလုံးရေ နှစ်သိန်းတောင် ရှိခဲ့တယ် လို့ ဆိုပါတယ်။ “လျူအိမ်တော်မှ နွေဦး ဆောင်းဦး မှတ်တမ်းများ” လို့ အမည်ပေးပြီး ရှန်းယန်မြို့အဝင်ဝမှာ ကျောက်စာချပ်များနဲ့ ထွင်းထုမှတ်တမ်းတင်ထားသတဲ့။ တကယ်လို့များ သူ့စာအုပ်ထဲမှာ အပိုအလိုရှိနေတဲ့ စကားလုံးတစ်လုံးလောက်ကို ထောက်ပြနိုင်ရင် အသပြာရွှေစင်တစ်ထောင် ဆုချဦးမယ် လို့လည်း ကြေငြာထားသတဲ့။ စာတစ်လုံးကို အသပြာတစ်ထောင်တန်တယ်ဆိုတာ အဲသည်က လာပါတယ်။
အကြံလည်းကြီးသလို ကြံရည်ရောဖန်ရည်ရော ပြည့်စုံတဲ့ လျူဝန်ကြီးချုပ်ဟာ နဂိုကတည်းက မစွမ်းရင်းရှိခဲ့ပြီးဖြစ်တဲ့ ဘုရင့်မယ်တော် ရှောင်ကျိမိဖုရားနဲ့ ကန်စွန်းခင်းပြန်ငြိဖြစ်တာ ဆန်းကျယ်တယ်တော့ မဆိုနိုင်ပါဘူး။ သို့သော်လည်း သားတော်ဘုရင်မင်းမြတ် လူလားမြောက်လာတဲ့အခါမှာတော့ အနေအထိုင်ဆင်ခြင်မှ ဖြစ်တော့မယ် ဆိုတာ လျူက အကင်းပါးသူပီပီ သတိထားမိလာပါတယ်။ ခက်တာက အခြေအနေတွေဟာ အရင်လို မဟုတ်တော့ပြန်ပါဘူး။ သူ့အိမ်တော်မှာ ခြေသလုံးဖက်ခစားရတဲ့ မောင်းမငယ်ကလေး မဟုတ်တော့ပဲ ဘုရင့်မယ်တော် မိဖုရားကြီးဖြစ်နေပြီဆိုတော့ အခွာမတတ်ရင် ရွာပတ်သွားမယ် မဟုတ်လား။ ဒီလိုနဲ့နောက်ထပ် ကျားကွက်တစ်ကွက် ထပ်ရွှေ့တာကတော့ လမ်းခေါ်ပျော်မှည့် အော်ဖာသူငယ်ကလေးတစ်ယောက်ကို စားချင်စဖွယ်ဖြစ်လာအောင် ဝတ်ဆင်သွန်သင်ပြီး ရှောင်ကျိမိဖုရား နန်းတော်နားမှာ အခါခါပတ်လို့ လှည်းတစ်စီးနဲ့ သီချင်းတကျော်ကျော် ဖိုသံပေးစေသတဲ့။ ရံရွေတော်တွေ အထိန်းတော်တွေ ဟိုကချောင်းကြည့်သည်ကချောင်းကြည့်လုပ်တဲ့အခါ မယ်ဖုရားလည်း မြည်းကြည့်မယ် မြည်းကြည့်မယ် ဖြစ်လာပါရော။ အဲဒီတော့မှ လျူဘိုးဘိုးက လောင်အဲလို့ခေါ်တဲ့ အဲသည်သူငယ်ကလေးကို မုတ်ဆိပ်တွေ မျက်ခုန်းမွှေးတွေနှုတ်ပစ်ပြီး ကုန်းကုန်းကြီးအသွင်နဲ့ မိဖုရားဆီမှာ ခစားဖို့ အရောက်ပို့လိုက်သတဲ့။ ဒီမြားချက်ကလည်း ချက်ကောင်းကို ထိလိုက်သမှ မယ်ဖုရားခမျာ လောင်အဲနဲ့ နောက်ထပ် ကလေးနှစ်ယောက်တောင် တိတ်တိတ်ပုန်း ထပ်မွေးတဲ့အထိအောင်ပါပဲ။ လျူဘိုးဘိုးကတော့ မိဖုရားစက်တော်သုံး ဂျူတီကလွတ်ရုံတင်မကဘူး။ အောင်သွယ်ခ၊ နှုတ်ပိတ်ခတွေ တနင့်တပိုးကြီးရသွားတဲ့အပြင် ငယ်ကပေါင်းတဲ့ လက်ဟောင်းကြီးမို့ တစ်နန်းတော်လုံး လိုရာသုံး၊ လုပ်ချင်ရာလုပ်၊ သဘောရှိပါဝါတွေပါ ထပ်ရသွားသတဲ့။ မယ်ဖုရားမြှောက်စားမှတော့ လောင်အဲလည်း မတောက်ကြွားစရာ ဘယ်အကြောင်းရှိပါ့မလဲ။ သို့သော်လည်း သည်နေရာမှာ စကားပြောလာတာက ဉာဏ်ရည်အခံနဲ့ အတွေးအခေါ်ပါ။ သူ့မှာက အရွယ်လေး ရုပ်ကလေးကလွဲရင် ကုန်းကောက်စရာတောင် မရှိပဲကိုး။ ဘယ်သူမှ ရိုက်မစစ်ရပဲ နန်းတော်ထဲ အရက်မူးမူးနဲ့ သူ့ဟာသူလျှောက်ဖော်တာနဲ့တင် ရွှေနားတော် ပေါက်ကြားသွားရော။
အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ ဖန်ဘုရင်မင်းမြတ်ဟာ အဲသည်အချိန်မှာ တိုင်းရေးပြည်ရာတွေတောင် ကိုယ်တိုင်ကိုယ်ကျ ဝင်စီမံအုပ်ချုပ်တတ်နေပါပြီ။ နန်းတွင်းရေးရာ အရှုပ်အထွေးတွေနဲ့လည်း သိပ်ဒုံးမဝေးလှပါဘူး။ ဒီသူငယ်ကို သူ့မယ်တော်ဆီ ဘယ်သူက အရောက်ပို့ခဲ့တယ်ဆိုတာလည်း သိသွားသတဲ့။ လွယ်လွယ်နဲ့ ကိုင်တွယ်လို့ မရလောက်ပေဘူးဆိုပြီး သတိကြီးစွာနဲ့ ကြိုတင်ပြင်ဆင်၊ အမှားစောင့်နေခိုက်မှာ လောင်အဲက မယ်တော်မိဖုရားကြီးတံဆိပ်တော်၊ ဘုရင်မင်းမြတ်ရဲ့ ကျောက်စိမ်းတံဆိပ်တော်တွေကိုခိုးယူပြီး နန်းတော်တွင်းမှာ အာဏာသိမ်းဖို့ ကြိုးစားပါသတဲ့။ အရေးလှမယ် မလှမယ် အသိသာကြီးမို့ ပြောစရာတောင် မလိုတော့ဘူး။ ချက်ကောင်းစောင့်နေတဲ့ ဇန်မင်းတရားလေးက ကျူငုတ်မကျန် နှိမ်နှင်းပြီး မယ်တော်ကို အိမ်နိမ့်ထား၊ ဘဒွေးတော်ကိုတော့ မြိုင်ရပ်နှင်လိုက်ပါတယ်။ သိလျက်နဲ့ထိန်ချန်ထားတဲ့အတွက် တာဝန်ပေါ့လျော့မှုအတွက် လို့ဆိုသတဲ့။ မြွေပွေးကြီး ပိုးထိလို့ လျို့ယန်မြို့ကိုရောက်တဲ့အခါ အတိုင်းတိုင်းအပြည်ပြည်က မူးမတ်မိတ်ဆွေများက သူတို့ဆီမှာလာပြီး မင်းတိုင်ပင်အဖြစ်နဲ့ အကြံဉာဏ်များ ပေးလှည့်ပါ လို့ ဖိတ်ခေါ်ကြပါသတဲ့။ အဲဒီသတင်းဟာ ဘုရင်မင်းမြတ်ကို အမျက်ပြေစေမယ့် နှမြောတသဖြစ်စေမယ့် အရာတော့ မဟုတ်ပါဘူး။ လျူဘိုးဘိုးကို သူ့အနေနဲ့ ဘယ်လိုမှ ပြန်အသုံးချစရာ မရှိတော့ဘူးဆိုပေမယ့် သူများနိုင်ငံတွေက အသုံးချခွင့်ပေးလို့လည်း ဘယ်ဖြစ်ပါ့မလဲ။ ကိုယ့်အတွင်းလူတစ်ယောက် သူများဆီမှာ ရှိနေတာ အင်မတန်အန္တရာယ်ကြီးတယ်လေ။ သည်တော့ ဘုရင်မင်းမြတ်က လျူဘိုးဘိုးထံ စာသဝဏ်စေပါတယ်။ “သည်တိုင်းပြည်က အကျိုးစီးပွား အသီးအပွင့်တွေကို ဘဝတလျှောက်လုံး မွေ့လျော်စံစားခဲ့ပြီးတဲ့နောက်မှာ တိုင်းပြည်ရဲ့ အကျိုးစီးပွား တိုင်းသူပြည်သားတွေရဲ့ ကောင်းကျိုးချမ်းသာအတွက် တစ်ခုခုများ ပြန်မပေးဆပ်ချင်ဘူးလား။ …. ” တဲ့။ သည်အချိန်ကျမှတော့ လျူဟာ သူသာလျှင် ဖခင်အရင်းဖြစ်ပါကြောင်း ပိမ္မိသာရငိုချင်းချမနေချင်တော့ဘူး ထင်ပါရဲ့။ သားအဖသံယောဇဉ်တို့ မိသားစုစည်းလုံးမှုတို့ဆိုတာ မျိုးဗီဇကလေးတစ်ခြမ်းပေးထားရုံနဲ့ အကုန်လုံးရထိုက်တယ် လို့ ဆိုနိုင်မှာလား။ စဉ်းစားကြည့်ရင် သူဟာ sperm donor တစ်ယောက်ထက် ဘာမှ ပိုမထူးဘူး။ သူ့ဘက်က ကနဦးကတည်းက သိနေလို့ ထားနိုင်တဲ့တွယ်တာမှုကို အခုချိန်ရောက်မှ ရုတ်တရက် သိလိုက်ရမယ့် သားဖြစ်သူဆီက ဘယ်လောက်ထိ ပြန်လာမယ်လို့ မျှော်လင့်ရမှာလဲ။ သူ့သားရေးတဲ့ စကားလုံးတိုင်း စကားလုံးတိုင်းဟာ သူ့အတွက်တော့ အဆိပ်လူးမြားတစ်ချောင်းစီလို နှုတ်လည်းမနှုတ်ရက်၊ ခံလည်းခံရခက်ရှာပေလိမ့်မယ်။ ဘာဖြစ်လို့ အဲသလိုထင်ရသလဲဆိုတော့ အဲဒီစာဖတ်ပြီး နောက်တနေ့မနက်မှာ အဆိပ်သောက်သေသွားတာကိုး။ ဒါတွေက ကိုယ်က ဝင်တွေးကြည့်မိတာပါ။ သမိုင်းဆရာကြီးစီမာချန်ကတော့ လျူကုန်သည်ကို အခုလို မှတ်ချက်ပေးပါတယ်။ “ကွန်ဖြူးရှပ်စ် က ပြောဖူးတယ်။ လူဆိုတာ နံမည်ကြီးပြီဆိုမှဖြင့် အပြင်ပန်းကြည့်တော့ ဟုတ်နိုးယောင်နဲ့ လုပ်လိုက်မှဖြင့် သောက်တလွဲချည့်ပဲ (Famous men often give the appearance of virtue but act very differently in practice.) တဲ့။ လျူဘိုးဘိုးလည်း အဲလိုအစားထဲ ပါလေမလား မပြောတတ်ဘူး” လို့ ရေးသွားတယ်။
စာရေးသူ မယင်းမာ အံ့ဩနေတာကတော့ အဲဒါမဟုတ်ဘူး။ ကြည့်စမ်းပါဦး။ ကွန်ဖြူးရှပ်စ်ဆိုတာ စီမာချန့်အရင် နှစ်ပေါင်းလေးရာလောက်က တရုတ်တွေးခေါ်ပညာရှင်ကြီး။ အခု ဆီမာချန်ရေးခဲ့တဲ့ ရှိဂျီရာဇဝင်ကျမ်းကတင် နှစ်ပေါင်း ၂၀၀ဝ ကျော် ရှိနေပြီ။ အဲသည်လောက် ပဝေသဏီကာလက ရှိခဲ့တဲ့လူတွေ ပြောထားသမျှ စကားတွေဟာ လေထဲမှာ ပျောက်ပျက်မသွားပဲ နောင်လာနောက်သားတွေ ခုချိန်ထိ မှတ်သားနာယူနိုင်တာဟာဖြင့် နှုတ်တစ်ရာ စာတစ်လုံးဆိုသလို ပေထက်အက္ခရာ တင်ရစ်ခဲ့လို့သာဖြစ်ပေတယ် လို့ တွေးမိပါသတဲ့။ စာပေယဉ်ကျေးမှုသာမရှိရင် သမိုင်းဆိုတာလည်း ဘယ်ရှိနေပါတော့မလဲ။ ၁၉၇၅ တုန်းက ဟူဖေးနယ်မှာ ရှေးဟောင်းဂူသင်္ချိုင်းတစ်ခု တူးဖော်မိတဲ့အခါ ဘီစီ ၃ ရာစုလောက်က အလောင်းတစ်လောင်းဖြစ်ပေလိမ့်မယ် လို့ ခန့်မှန်းကြသတဲ့။ အလောင်းရုပ်ကြွင်းနဲ့အတူ ရွှေငွေ ကျောက်သံပတ္တမြား နဲ့ အဖိုးထိုက်အဖိုးတန် လက်ဝတ်ရတနာတွေ၊ ကြေးထည် ယွန်းထည်၊ ပိုးထည်၊ ကျောက်စိမ်းတွေလည်း ပါသတဲ့။ သို့သော်လည်း အဲသည်အရာအားလုံးထက် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိတဲ့အရာကတော့ ချပ်လွှာတစ်ထောင်ပါ ဝါးပုရပိုဒ်ခေါက်ကလေးပါ။ ချင်တိုင်းပြည်မှာ ဘီစီ ၃၀၆ ကနေ ၂၁ရ အထိ အဖြစ်အပျက်တွေကို နေ့စဉ်မှတ်တမ်းအဖြစ် ရေးသားမှတ်တမ်းတင်သွားတဲ့ မင်းမှုထမ်းအရာရှိ ရှီ ရဲ့ နောင်လာနောက်သားများအတွက် သမိုင်းအထောက်အထား အမွေအနှစ်တစ်ရပ် ဖြစ်ပေတာကိုး။ တရုတ်ပြည်မှာ အဲလိုမျိုး ရေးသားထားခဲ့သူတွေဟာ ရှီတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ “တာအို သေနင်္ဂဗျူဟာကျမ်းကြီး”၊ “ကွန်ဖြူးရှပ်စ်၏ အဆိုအမိန့်များ” စတဲ့ စာအုပ်စာပေတွေဟာလည်း ရှေးဟောင်းအုတ်ဂူတွေထဲက တူးဖော်ရရှိတဲ့ ယဉ်ကျေးမှုအမွေ သမိုင်းအမွေတွေပါပဲတဲ့။
နောင်နှစ်ပေါင်းတစ်ထောင်လောက် ကြာရင်တော့ ကိုယ်တို့ဆီမှာလည်း နောင်လာနောက်သားများ ဖတ်ရှုဖို့ရာ စာအုပ်စာပေအမွေအနှစ်တွေ မကုန်နိုင်မခမ်းနိုင် ကြွယ်ဝနေကြရော့မယ်နော်။ ဟိုးရှေးရှေးကလူတွေဟာ စာရေးရင် ရှေ့ဆုံးမျက်နှာမှာ ဩီ နမော ဗုဒ္ဓာယ လို့ မရေးပဲ တို့တာဝန်အရေးကြီး (၃)ပါး တို့။ ဘာဦးတည်ချက် ညာဦးတည်ချက်တွေကို နိဒါန်းပလ္လင်ခံပြီးမှ ရေးသားထုတ်ဝေကြတာဟာ ကိုးကွယ်ယုံကြည်မှုတစ်ရပ် ဖြစ်လိမ့်မယ်။ ဒါမှမဟုတ် မေ့သွားမှာစိုးလို့ နှုတ်အာရွရွ ရွတ်ဆိုကြစေရန် သံပတ်ပေးထားတာဖြစ်မယ်။ စသည်ဖြင့် ထင်ရာဆွဲတွေးပြီး ကိုယ့်လို ပေါက်ပန်းဈေး လျှောက်ရေးကြမယ့်သူတွေလည်း ရှိဦးမယ် ထင်ပါရဲ့။ နေ့စဉ်မှန်မှန်ထုတ်ဝေသော်လည်းပဲ အုပ်ချုပ်သူအကြီးအကဲ မပြောင်းမချင်း အထဲမှာပါတဲ့ စာတွေ၊ အကြောင်းအရာတွေ၊ မှတ်တမ်းဓါတ်ပုံတွေက တသမတ်တည်း မပြောင်းမလဲရှိနေတာမို့ တစ်စောင်လောက် ဖတ်ကြည့်လိုက်ရုံနဲ့ တစ်ခေတ်စာ မင်းလိုမင်းကြိုက် မင်းစရိုက်တွေကို သဘောပေါက်သွားစေနိုင်တဲ့ အဖြူအမည်း စာစောင်တွေလည်း ရေးသားထုတ်ဝေလေ့ရှိကြသတဲ့ လို့များ ကောက်ချက်ချကြမှာလား။ (မဖြစ်နိုင်ပါဘူးဗျာ။ သူတို့စာရွက်တွေက အနှစ်တစ်ရာတောင် ခံမယ့်ပုံ မရှိပါဘူး)။ ကိုယ်ရေးနေတဲ့စာတွေကရော နောက်ထပ် ဘယ်နှစ်နှစ်ထိခံမှာပါလိမ့်။ နှစ်ရက်လောက်ကြာရင် ကွန်မန့်အသစ်တောင် ထပ်မတက်တော့ဘူး။ ဝါးလုံးခေါင်းထဲ လသာပြီး ပျိုလေးတို့အိမ်ခေါင်မိုး ရွှေလရောင်ထိုးလောက်ရော့မယ် ထင်နေသေးတာ။ အင်တာနက်အားကိုးနဲ့ ချောင်ဂလောင်ထဲကနေ “ဒေါင်းယာဉ်ပျံ ဘုံနဘေးမှာ စာရေးလို့ထားချင်တယ်” ဆိုတဲ့အဖြစ်လောက် ရယ်စရာကောင်းတာ သနားစရာကောင်းတာ မရှိဘူး။ တန်ဖိုးရှိတဲ့စာ၊ နံမယ်ကြီးမယ့်စာ၊ ပိုက်ဆံရမယ့်စာတွေ မရေးနိုင်သော်လည်းပဲ ဖတ်ရတဲ့သူကို အချိန်ကုန် အကျိုးမရှိ၊ အရေမရ အဖတ်မရ၊ ငါ့စကားနွားရ စာတွေ မရေးမိအောင်တော့ တတ်နိုင်သလောက် ကြိုးစားပါတယ်။ စာလုံးတစ်လုံးကို ရွှေစင်တစ်ထောင်ထိုက်တယ် မထိုက်တယ်ဆိုတာ ပိုက်ဆံပေါတဲ့သူတွေက ပေးဝယ်တဲ့ တန်ဖိုးထက် အဲသည်စာက လူတွေကို ဘယ်လောက် အကျိုးကျေးဇူးပြုနိုင်တယ်ဆိုတဲ့ တန်ဖိုးနဲ့သာ ဆုံးဖြတ်ရမှာ ဖြစ်တယ် လို့ ကိုယ့်ဘာသာကိုယ်တော့ ဆက်တွေးမိကြောင်းပါဗျား။
credit to Dr Soe Min and it’s original owner Dr Yin Mar
2 comments
nicolus agral
October 30, 2012 at 11:52 am
EPISODE 3
ကိုခင်ခ
October 30, 2012 at 8:31 pm
နှုတ်တစ်ရာ စာတစ်လုံး ခေါင်းစဉ်လေး မြင်တော့ ရယ်စရာဟာသ အတွေးလေးပေါ်လာတယ်။
အမျိုးသမီး တစ်ယောက်က တစ်ရက် အိမ်တစ်အိမ်ရဲ့ ရှေ့မှာလာပြီး စကားတွေကို ရေပတ်မဝင်
အောင်ပြောနေလိုက်တာ အဲဒါကို အဖွားကြီးတစ်ယောက်က အဝတ်လှမ်းရင်း နားထောင်နေ တာပေါ့၊ ဒါပေမယ့် အမျိုးသမီးပြောနေတာ မပြီးတော့ဘူး နှုတ်တစ်မကဘဲ၊ ဒါနဲ့ဘဲ အဖွားကြီးက အိမ်ထဲခဏဝင်သွားပြီး ပြန်ထွက်လာတော့ စာရွက်မှာ စာရေးလို့ ထောင်ပြလိုက်
တယ်လေ။ အဖွားကြီးရေးပြလိုက်တာ သွား ဆိုတဲ့စာတစ်လုံးတည်းပါ။
ကဲ နှုတ်တစ်ရာ စာတစ်လုံး ဆိုတာကို ထောက်ခံတယ်ဗျာ။