အစားမတော် တစ်လုတ် နဲ့ သေမင်း ကို ခလုတ်တိုက်ခဲ့ သူ
…….မင်းရဲ့ အခြေ အနေ က အချိန် မရွေး အသက် အန္တရာယ် စိုးရိမ် ရတယ်။ ငါတို့ ဘက်က အတတ်နိုင် ဆုံး ကြိုးစား မယ်၊ ငါတို့ ဒါကို ဖယ်ထုတ် နေတုန်း မှာလည်း အချိန် မရွေး ထိခိုက် နိုင် တယ်။ ဒါပေမယ့် အရမ်း ကြီး လည်း မစိုး ရိမ် ပါနဲ့၊ ငါတို့ ဆေး ရုံ က ဆရာဝန် ကြီးတွေ က အရမ်းတော် ပါတယ်။ မင်း သိထား ရ မှာ က ဒါ ဟာ serious ဖြစ်တဲ့ အခြေအနေ တစ် ခု ဆိုတာပါပဲ ။
…..ဘယ် သူ မဆို ဒီ လို သာ အပြော ခံ လိုက် ရရင် တုန်လှုပ် သွား မှာ အသေ အချာ ပါ ပဲ။ အဲဒီ လို အခြေ နေ တစ် ရပ ်ကို ဆိုက်ဆိုက် မြိုက် မြိုက် ကြုံ ခဲ့ ဖူး ပါတယ်။ တခြား သူ ဟုတ် ပါ ရိုး လား ၊ မိုချို ဆိုတဲ့ ကျမ ပဲပေါ့ ။
ဇာတ်ကြောင်း ပြန် လှန် ရ ရင် သိပ် မဝေး သေး တဲ့ တစ်ရက်၊ တိတိကျကျ ပြောရရင် ၂၀၁၁ ဇန်နဝါရီလ နောက်ဆုံး ပတ် စနေနေ့ ။ အဲဒီနေ့ မှာ အိမ်ရဲ့ စားဖိုမှုး ကျမ….. တစ်ပတ် မှာ ငါး ၂ ရက် စား ရ မယ် ဆိုတဲ့ သတ်မှတ် ချက်နဲ့ အညီ ငါးကြော် နှပ် ချက် ပါတယ်။ နီဝါဝါ အရောင် နဲ့ မြန် မာပြည် မှာ တော့ ရွှေငါး လို့ ခေါ်တဲ့ ငါး လေး တွေ (ရန်ကုန် ဈေးတွေ ထဲ က ပင်လယ် ငါး ရောင်း တဲ့ အသည် တွေ ဆီ မှာ ရောင်း တတ်တယ် ) တွေ ကို ကြော်ပြီး ခရမ်း ချည် သီး ၊ကြက်သွန် နီ အကွင်း လိုက် လှီး ပြီး ပြန် နှပ်တယ်ပေါ့ ။ သားကို ထမင်း ခွံ့တော့ သေချာ ဂရုစိုက်ပြီး ခွံ့ ဖြစ် သလို ခင်ပွန်းသည် စားတော့ လည်း အရိုး သေချာ ကြည့် စားနော် ဆိုပြီး တဖွဖွ သတိပေး ဖြစ်တယ်။ ….အဲ…ကိုယ့် အလှည့် ကျတော့ အဲလို မဟုတ်တော့ ဘူး။
မအေ မျက် နှာ လွှဲ တာနဲ့ စိတ်ထင် ရာ လုပ်တတ် တဲ့ သားတော် မောင်ကြောင့် ကျမ အတွက် အိမ်သာ တတ်၊ ရေချိုး၊ ထမင်းစား အလုပ်တွေ ကို ဘယ်တော့ မှ ဖြောင့် ဖြောင့် မလုပ်နိုင် ပါဘူး။ အဲဒီနေ့ ကလည်း လူကသာ ထမင်း စားနေ ပေ မယ့် စိတ်ကတော့ သူ ဘာလုပ်နေ မလဲ ဆိုတဲ့ အတွေးနဲ့ ထုံးစံ အတိုင်း… သားသားအမေ့ နား လာဆော့ ၊ ဒီနား လာနေ ….စသည်ဖြင့် အော်ပြော နေ ရင်း..နားကလည်း စွင့် လို့ ပေါ့ ။
မကြာပါဘူး ဒုံး ကနဲ ပစ္စည်းတစ်ခုခု လွှတ်ချ လိုက်တဲ့ အသံကြားတာ နဲ့ စားလက်စ ထမင်း လုတ် ကို ကမန်းကတန်း မျို ချ လိုက် ပါတယ်၊ အဲဒီမှာ ငါး အရိုး တစ် ခု ပါသွား တာ ကို လျှာ က သတိထား လိုက် မိ ပေမယ့် ပြန်ထွေး ဖို့ မမီတော့ ပါဘူး ။ဟင်းရံ ကလည်း ရုံး ပတီ သီး ဆိုတော့ ထမင်းလုတ် က လည်ချောင်း ထဲအထိ လျှောခနဲ ရောက်သွား ပါတယ်။ ကျမလည်း ရေ တစ်ခွက်ကောက်သောက် လိုက် ပါတယ်၊ အရိုး က ပါ မသွား ပဲ လည်ချောင်း ထဲမှာ မျက်နေ ပါတယ်။
အဲလို အနေ အထား လောက် ကိုတော့ တော်တော် များ များ ကြုံ ဖူး ကြလိမ့် မယ် ထင် ပါတယ်။ ကျမ ကိုယ် တိုင် လည်း ငယ်ငယ် ကတည်း က အဲလို အရိုး မျက် ရင် လုပ်နေကြ အတိုင်း ထမင်း ဖြူလေး ဝါး ပြီး မျို လိုက် ပါတယ်၊ မကျသေးတော့ အဆင်သင့် ရှိ နေတဲ့ ငှက်ပျောသီး ထပ်မျို လိုက် ပါတယ်။ ဒီတခါတော့ အရိုး က ပါ သွား ပါပြီ။ ဒါပေမယ့် ……..
အဲဒီ …ဒါပေမယ့် …က တော်တော် ဆိုး ပါတယ် ။
လည်ချောင်း ထဲ မျက်နေတဲ့ အမျက် က ပျောက်သွား ပြီး ရင်ညွန့် နေရာ က စူး ပြီး အောင့် လာပါတယ်။ရေ သောက်လည်း အောင့် ၊ တံတွေး မျိုလည်း အောင့် ၊ နောက်ဆုံး အသက်ပြင်းပြင်း ရှူ မိရင်တောင် အောင့် နေ ပါတယ်။ ပထမတော့ ငါး အရိုး ကြောင့် လို့ မထင် မိပဲ ရုတ် တရက် နှလုံး တစ်ခုခု များ ဖြစ်သွား သလားလို့ ထင်နေ မိ တယ်။ ဘယ်လို မှ နေလို့ မရ တဲ့ အဆုံး မှာ အလုပ်ထဲ က ခင်ပွန်း သည် ကို ဖုန်း ဆက်လိုက် တော့ ဆေးခန်း သွား ဖို့ စောပြီး ပြန်လာ ပါတယ်။
ဒီက ဆေးခန်းတွေ က တော်ရုံ တန်ရုံ အပရိက လောက်ပဲ ကုလေ့ ရှိ ပြီး နည်းနည်း လေး အရေး ကြီး တယ် ထင်ရင် ဆေးရုံ တွေ ပဲ လွှဲလေ့ ရှိတာ သိထားတော့ ကျမ တို့ လည်း NUH ( National University Hospital) ပဲ တန်း သွား လိုက် ကြ ပါတယ်။ ဆေး ရုံ မှာ ကျမ က ဖြစ်စဉ် ပြောပြ လိုက်တော့ ပထမဆုံး ဓါတ်မှန် ရိုက် ပါတယ်။ ဓါတ်မှန်ထဲ မှာ မတွေ့ ပါဘူး။ နောက် တဆင့် အနေနဲ့ နှာခေါင်း ထဲ ကနေဆင့် လည် ချောင်း ထဲ ကို မှန်ပြောင်း ပါတဲ့ ပိုက် ထည့်ပြီး ကြည့် ပါတယ်။ အဲဒါလည်း မတွေ့ ပါဘူး။ ဒါပေမယ့် ဆရာဝန် မလေး ကပြောတာက….မင်းရဲ့ အစာလမ်း ကြောင်း မှာ ငါကြည့် ပြီးတဲ့ အထိ ဘာမှ မတွေ့ ဘူး ၊ ဒါပေမယ့် ပုံမှန် မဟုတ်ဘူး၊ ငါ ပိုက် ဆက်ထည့် ရင် အန္တရာယ် များ တယ်၊ ဒါကြောင့် မင်း ကို CT scan ရိုက် ရမယ်…. လို့ ဆို လာ ပါတယ်။ အခြေ အနေ ကတော့ မမျှော်လင့် ပဲ ကြီး ကျယ် သွား ပါပြီ။
CT scan ရိုက်ပြီး ထွက် ပြီး အဖြေ ထွက် လာတော့ မျက်လုံး ပြူး ရပါ ပြီ။ ဖြစ်တောင့် ဖြစ်ခဲ တဲ့ ကိစ္စပါပဲ ….ရွှေငါး ရဲ့ အရိုးဆစ်လေး တစ်ခု….. ( အလယ်က အခေါင်းနဲ့ ဘယ်၊ညာ ကော့ ချွန် နေတဲ့ နေတဲ့ ငါးရိုး ဆစ် တွေ ငါး ဟင်း စား ရင် တွေ့ ဖူး ကြမယ် ထင် ပါရဲ့)
….အဲဒီလို အရိုး ဆစ်လေး က Oesophagus လို့ ခေါ်တဲ့ အစာရေမျို လမ်းကြောင်း ထဲ မှာ ကန့် လန့် တစ်နေပါတယ်၊ သူတစ်နေတဲ့ နေရာ မှာ Oesophagus နဲ့ ကပ်နေတဲ့ နှလုံး သွေးကြော၊ Main Artery ( ဆရာဝန်မလေး အပြောအတိုင်း ရေး သည် ) ကို ပါ သွားထောက် မိနေ ပါတယ် တဲ့။ အစာရေမျို လမ်းကြောင်း ပေါက်ထွက် သွားတာနဲ့ နှလုံး သွေးကြော ပါ ပေါက် သွား ပါလိမ့် မယ် တဲ့။
ကျမ ကို တံတွေး ပါ မမျို ခိုင်း တော့ ပါဘူး၊ တတ်နိုင် သမျှ ငြိမ်ငြိမ် နေ ပြီး အသက်တောင် ပြင်းပြင်း မရှူ ဖို့ မှာ ပါတယ်။ ကျမ ကို အရေးပေါ် အခန်း ထဲ သွင်း ပြီး အရေး ပေါ် ခွဲခန်း ဝင် ဖို့ ပြင် ဆင် ပါတော့ တယ်။
အပေါ် မှာရေး ခဲ့ သလို ပါပဲ …….မင်းရဲ့ အခြေ အနေ က အချိန် မရွေး အသက် အန္တရာယ် စိုးရိမ် ရတယ်။ ငါတို့ တော့ အတတ်နိုင် ဆုံး ကြိုးစား မယ်၊ ငါတို့ ဒါကို ဖယ်ထုတ် နေတုန်း မှာလည်း အချိန် မရွေး ထိခိုက် နိုင် တယ်။ ဒါပေမယ့် အရမ်း ကြီး လည်း မစိုး ရိမ် ပါနဲ့ ငါတို့ ဆေး ရုံ က ဆရာဝန် ကြီးတွေ က အရမ်းတော် ပါတယ်။ မင်း သိထား ရ မှာ က ဒါ ဟာ serious ဖြစ်တဲ့ အခြေအနေ တစ် ခု ဆိုတာပါပဲ ။ ….လို့ သေချာ ရှင်း ပြပြီး သကာလ ကာယကံ ရှင် ကျမရော၊ ခင်ပွန်း သည်ရော သိရှိကြောင်း လက် မှတ် တွေ အကြိမ် ကြိမ် ထိုး ရပါတယ်။ မခွဲမစိတ်ရ ပေမယ့် မေ့ ဆေး ပေး ပြီး ပါးစပ် ကနေ တဆင့် ကိရိယာ တွေ သုံးပြီး ဆွဲထုတ် ရမှာ ဖြစ်ပါတယ်။
စသိ လိုက်တဲ့ အချိန် ကနေ မေ့ ဆေး ပေးလို့ မေ့ သွားတဲ့ အချိန် ထိ ကျမ ရဲ့ သောက ကို အခုချိန်မှာ ပြန် စဉ်း စား လိုက် ရင်တောင် ရင်ထဲ ပူ လာပါတယ်။ အချိန်မရွေး ပေါက်ထွက် ပြီး သေနိုင် သလို သူတို့ ဖယ်နေရင်း မတော် ထိမိသွားလို့ ပေါက် သွား ရင် လည်း မေ့ဆေး ပေး ထားရင်း တန်းလန်း သတိတောင် ပြန်မလည် လာ ပဲ သေသွား နိုင် တာ ပါပဲ။
ကျမ က အရေး ပေါ် အခန်း ထဲမှာ ဖြစ်လို့ ခင်ပွန်းသည်နဲ့ သား ကို တွေ့ ခွင့် မရတော့ ပဲ ဖုန်းနဲ့ပဲ ပြောကြ ရ ပါတယ်။ သူတို့ သားအဖ ကို ပြန်တွေ့ ခွင့် မှ ရပါတော့ မလား ဆိုတဲ့ စိတ်က ဖိစီး ပူလောင်နေပါတယ်။ သား ရဲ့ မေမေ… လာခဲ့ ….ဆိုတဲ့ အသံ ကို ဖုန်းထဲက နားထောင် ရင်း မျက်ရည် တွေ တွေ ကျနေခဲ့ ပါတယ်။ အသက်တောင် ပြင်းပြင်း မရှူ ရဘူး မှာထားတော့ တတ်နိုင် သမျှ စိတ်ကို ငြိမ်အောင် ထိန်း လို့ ခင်ပွန်းသည်ကို မှာစရာ ရှိတာ မှာ ရ ပါတော့ တယ်။
ကျမ မတော် တဆ သေသွား ခဲ့ ရင် ကျမ သား ကို ကျမ အမေ ဆီမှာ ပို့ထားဖို့….အမေက လူအား ဖြင့် စောင့် ရှောက် နိုင် ပေမယ့် ငွေ အားဖြင့် မတတ် နိုင် တဲ့ အတွက် သူတို့ မြေး အဖွား ကို ထောက်ပံ့ ဖို့ …သူ သင့် တော်တာတွေ့ ရင် နောက် အိမ်ထောင် ထပ်ပြု ဖို့ …. ဒီနေရာ မှာ စာအုပ်တွေ၊ ဇာတ်လမ်းတွေ ထဲမှာ မိန်းမ ၊ယောက်ျား တစ်ယောက်ယောက် သေခါနီး ရင် ကျန်ခဲ့တဲ့ သူကို နောက် အိမ်ထောင် မပြု ဖို့ မှာ တတ် ကြတယ်။…… တကယ်တမ်း မှာတော့ သေသောသူ ကြာရင်မေ့ ပြီး တပင်လဲမူ တပင် ထူ တတ်ကြတာ လောက ဓမ္မတာပါပဲ။…… ယောက်ျားတွေ က ပိုဆိုး ပါတယ်၊ မုဆိုး မ ဘဝ နဲ့ အရိုး ထုတ်တဲ့ မိန်း မတွေ တော်တော် များ များ ရှိပေမယ့် မုဆိုးဖို ဘဝ နဲ့ တစ်သက်လုံး နေသွားတဲ့ ယောက်ျား ရှား ပါတယ်။
ဒီတော့ ကျမလည်း ဖြစ်နိုင်ခြေ ရှိတာကို ပဲ မှာ ပါတယ်။ ဖြစ်နိုင်ရင် သားကို လည်း ချစ်တဲ့ သား အကြောင်း သိထားတဲ့ မိတ်ဆွေ အပျိုကြီး မမ တစ်ယောက် ကို ပဲ ယူ ပါ လို့ တောင် ပြောဖြစ်တယ်။ နောက် အိမ် ထောင် နဲ့ ကလေး အကောင်းလေးတွေ ရ လာ ခဲ့ ရင် ကျမ သား အရူး လေး ကို ပစ်မထား ဖို့လည်း အထပ်ထပ် မှာနေမိခဲ့ တယ်။ ကျမ မှာတာတွေ က အခုချိန် ပြန်တွေး ရင် ရယ်စရာ ကြီး ပေမယ့် အဲဒီတုန်း ကတော့ ပူလောင် မှုတွေ ကြား ထဲ မှာချင်တာ မှာ ခွင့် ရလို့ ဖြေသာခဲ့ တယ်။
ရန်ကုန် က ကျမ အမေ ကိုလည်း ဖုန်းဆက် ပြီး အကျိုး အကြောင်း ပြော ပြတော့ မိခင် တစ်ယောက်ရဲ့ သောက အပြင် သူနာပြု ဆရာမ ဖြစ်တဲ့ အမေ က ကျမ ရဲ့ အခြေအနေ ကို သဘောပေါက် တဲ့ အတွက် ပိုပြီး စိတ်ပူ ခဲ့ ပါတယ်။ ကျမ တစုံ တခု ဖြစ်ခဲ့ ရင် သား ကို စောင့် ရှောက်ပေး ဖို့ မှာ တော့ ……အမေ့ သမီးလေး ဘာ မှ မဖြစ်နိုင်ပါဘူး ၊ အဲဒီ မှာ က ဆရာဝန်ကြီးတွေ ကလည်း တော်၊ ကိရိယာတွေ လည်း အစုံ ရှိတာ ပဲ ၊ အမေလည်း မေတ္တာ ပို့ ပေး နေ မယ် နော်…….. လို့ ပြောတဲ့ အမေ့ အသံတွေ ဟာ တုန်ယင်နေပါတယ်။
လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ပြီး ကျမ ကို ခွဲခန်းထဲ သွင်းတော့ စိတ်ကို အတော် ထိန်း နိုင် ပါပြီ။ ဝင်လေ၊ ထွက်လေ လေး မှတ်ပြီး သက်တောင့် သက်သာ နေလိုက် ပါတယ်။ မေ့ ဆေး ပေး လိုက် တဲ့ အချိန် မှာ အိပ်မော ကျသွား သလို ဖြစ် သွား ပြီး ဘာမှ မသိလိုက်တော့ ပါဘူး။ ကျမ သတိ ရ လာတဲ့ အချိန်မှာ ဘေး နား က သူနာပြု ဆရာမလေး က လက်မလေး ထောင်ပြပြီး အိုကေ လို့ ပြော ပါတယ်။ ကျမခေါင်းထဲ ချက်ချင်း ရောက် လာ တာက ကျမ သား ကို ပြန်တွေ့ ခွင့် ရပြီ ဆိုတာပါပဲ……၊ ငါ့ ယောက်ျား ကို ပြောလိုက် ပါအုံး လို့ ပြောပြီး ပြန်အိပ်ပျော် သွား ပါတယ်။ အမှန်မှာတော့ မေ့ ဆေး ကောင်းကောင်း မပြယ်သေး တာပါ။
သတိကောင်းကောင်း ပြန် ရတော့ လူနာခန်းထဲ ပြန်ရောက်နေ ပါပြီ။ အနားမှာစောင့် နေတဲ့ ခင်ပွန်း သည်က ….. ငါးရိုး ကို ဖယ်ပြီး သွား ကြောင်း နဲ့ ….ဘာမှ မဖြစ် တော့ ကြောင်း ပြောပါတယ်။ ကျမလည်း သားကို မေးတော့ သူငယ်ချင်းတွေ အိမ်ပြန်ခေါ် သွားပြီး စောင့် အိပ် ပေး ကြကြောင်း၊ သား က တော်တော် နဲ့ မအိပ် ပဲ မေမေ ပဲ တချိန် လုံး အော်နေကြောင်း ပြော ပြ ပါတယ်။
မေမေ ဆိုမှ ကျမ အမေ ကို သတိ ရ သွား ပြီး ဖုန်း လှမ်း ခေါ် လိုက်ပါတယ်။ ….သမီး ….သတိရ ပြီလား လို့ အမေ မေး လိုက်တဲ့ အသံ ကို ကျမ တစ်သက် မေ့ မှာ မဟုတ်တော့ ပါဘူး။ ဘယ်လိုပြောရမှန်း မသိတဲ့ အသံ ၊ အရမ်း ကို ဝမ်းသာ လှိုက်လှဲ တဲ့ အသံမျိုးပါ။ ……သမီး ဆီ က ဖုန်း လာပြီး ကတည်း က အမေ သမီးကို မေတ္တာ ပို့ နေ တာ ၊ အခု မှ ပဲ စိတ်အေး တော့ တယ် သမီး ရယ် ၊ သမီး လည်း နား လိုက် အုံး ၊ အမေလည်း အိပ်တော့ မယ် နော် ….မနက်မှ ပဲ အင်တာနက် ဆိုင် က လာခေါ်တော့ မယ်…နော်… လို့ ပြောပြီး ဖုန်းချလိုက်တဲ့ အချိန် ဖုန်း ပေါ် က နာရီ ကို ကြည့် လိုက်တော့ စင်ကာပူ စံတော်ချိန် မနက် ၄ နာရီ၊ ……. အဲဒီ အချိန် ထိ အမေ မအိပ် ရ သေး ဘူးပေါ့ ။ ကျမ အကျိုးကြောင်း ပြော ခဲ့ တဲ့ ည ရ နာရီ ကနေ မနက် ၄ နာရီ အထိ အမေ ဘယ်လောက်များ ဆောက်တည်ရာ မရ ဖြစ် နေ ခဲ့ မလဲ။
နောက်တော့ မှ ကျမ သူငယ်ချင်း တွေ ပြန်ပြော ပြတာ …အဲဒီနေ့ က အမေ ကျမ သူငယ်ချင်းတွေ ဆီ ဖုန်း ဆက်ပြီး ကျမ ကို ဆုတောင်း မေတ္တာ ပို့ ပေး ဖို့ ပြော လည်းပြော ၊ ငိုလည်း ငို ပါသတဲ့ ။ သူတို့ ကလည်း အမေ့ ကို သိပ် စိတ် မလှုပ် ရှား ဖို့ ကိုယ့် ကျန်းမာရေး လည်း ကိုယ် ဂရု စိုက် ဖို့ ပြန်အားပေး ကြ ပါသတဲ့။ အမေ တစ်ညလုံး ဘုရားစင်ရှေ့ ပုတီး စိတ် လိုက် ၊ တရား ထိုင် လိုက်လုပ်နေတာ လို့ အမေနဲ့ အတူနေတဲ့ မောင်လေး ကလည်း ပြောပြ ပါတယ်။ ကျမ က သား အတွက် ရတတ်ပွေ နေတဲ့ အချိန်မှာ အမေက တော့ ကျမ အတွက် သောကတွေ ဝေနေခဲ့ ပါတယ်။
ကိုယ့် မိသားစု နဲ့ ကိုယ် ဖြစ်လာတဲ့ အချိန်မှာ မိခင်ကြီး အပေါ် အလေးထား မှု တွေ ၊ တာဝန်ဝတ္တရားတွေ ပေါ့ လျော့ နေခဲ့ မိတာ ဝန်ခံ ပါတယ်။ အခုချိန်မှာ အမေ့ ကို ငွေအား ကလွဲ ပြီး ကိုယ်တိုင် စောင့် ရှောက်ခွင့် မရ တဲ့ အတွက် လည်း စိတ်မချမ်း မသာ ဖြစ်နေ ရတာ အမှန်ပါ။ ဒီ နှစ်ကုန်ရင်တော့ အမေ စိတ်ချမ်း သာ အောင် အမေနဲ့ ပြန်လာနေ အုံး မယ် လို့ စဉ်းစားထား ပါတယ်။
မှတ်ချက်။ ။ တာဝတိံ နတ်ပြည် အထိ သွားပြီး မိခင်ရဲ့ ကျေးဇူး ကို ဆပ်ခဲ့ သော မြတ်စွာ ဘုရား ရှင်အား ဦးခိုက် ပူဇော် ရင်း အမေ့ ရဲ့ မေတ္တာ ကို အမှတ် ရ စွာ ရေး ဖွဲ့ ပါသည်။
41 comments
အိမ်လွမ်းသူ
October 30, 2012 at 3:32 pm
ကံကောင်းလို့ ပေါ့ အမရေ ! ကျွန်တော် ကလဲ ငါးကြိုက်တတ် တော့ သတိထားရမယ် !
pooch
October 30, 2012 at 3:55 pm
အမရေ ကျမလည်း ဆေးရုံသွားရတဲ့ အထိ အကြီးအကျယ် ဖြစ်ဖူးတယ်။ ဖြစ်နေတုန်းတော့ စိတ်ထဲ နေမထိ ထိုင်မသာ ဒီကြားထဲ ဆရာဝန်မလာသေးလို့ စိတ်တွေ ဆင်းရဲပြီး အတော်လေး ကသိကအောက် ဖြစ်ဖူးတယ်။ ဒါကြောင့်မို့ ခုဆို ဘာစားစား ဂရုစိုက်တယ် အမရေ။
kyeemite
October 30, 2012 at 4:42 pm
အဲလိုမှာတော့ မိုချို့ အမျိုးသားက “မယူပါဘူးမိန်းမရယ် ပေါက်ကရတွေပြောမနေပါနဲ့..
ကိုယ့်ဘဝက သားရှိရင်ပြည့်စုံပါပီကွာ” လို့ပြောတယ်မို့လား… :harr: :hee:
ကိုခင်ခ
October 30, 2012 at 5:14 pm
ငါးကို အကျွတ်ကြော်စား ပေါင်းစားတာဘဲ ကောင်းမယ်ဗျာ။ ပိုစ့်လေးဖတ်ပြီး တွေးပူမိသဗျ။
Hnin Hnin
October 30, 2012 at 5:41 pm
နောက်ဆုံးပိုဒ်လည်း ရောက်ရော အမေက မအိပ်နိုင်ဘဲ မေတ္တာပို့ပေးပြီး
စိတ်ပူနေတာ ဖတ်လိုက်ရတော့ မျက်ရည်ဝဲသွားပါတယ်…နောင်ကို ငါးစားရင်
သတိမလွတ်စေနဲ့ပေါ့…မမိုရယ်..
သမီးအပေါ်ထားတဲ့ အမေ့မေတ္တာ၊ သားအပေါ်ထားတဲ့ အမေ့မေတ္တာ
မတူတဲ့ အမေ့မေတ္တာတွေကြောင့် သက်သာရာ ရသွားတာပေါ့နော်…
ဦးဦးပါလေရာ
October 30, 2012 at 11:51 pm
ထူးခြားတဲ့အတွေ့အကြုံလေးကို ရိုးရှင်းတဲ့ရေးဖွဲ့ပုံလေးနဲ့ရေးထားတာ အသက်ပါလိုက်တာ…
ပြီးတော့ ခင်ပွန်းသည်ကိုမှာခဲ့တာလေးတွေလဲ ဒေါင့်စေ့လိုက်တာ…
ဂဇက်မှာ တကယ့်လူတွေလာစုနေတာကို သက်သေပြလိုက်သလိုပဲ
😛
Foreign Resident
October 31, 2012 at 1:16 am
Touching Story ပါ ။
အရီးခင်လတ်
October 31, 2012 at 4:05 am
မိုချိုရေ
ကံသီပေလို့ပါလား။
ဒီအရိုးသေးသေးကလေး ကလဲ အသက်ကို ခြိမ်းခြောက်နိုင်တာဘဲ ကလား။
ခွဲစိတ်ခန်းထဲ မဝင်ခင် ပြောခဲ့တာလေးတွေ ကို လဲ အသေအချာ ခံစားမိပါတယ်။
မိုချို့ လို မိခင်စိတ်အရင်းခံ နဲ့ သားလေး ကိုစောင့်ရှောက် နေတာ လူတိုင်း မလုပ်နိုင်ပါဘူး။
ဒီအတွက်ကို တကယ်ဘဲ လေးစားဦးညွတ်ပါတယ်။
အခုလို အသက်အန္တရာယ်ကလွတ်တာလဲ အဲဒီစိတ်စေတနာတွေ က ဦးဆောင်သွားလို့ နေမှာပါ။
အမေ့ ရဲ့ ပို့သတဲ့ မေတ္တာကလဲ စွမ်းတာ သေချာပါတယ်။
အပေါ်က နှင်းနှင်း ပြောသလို သမီးအပေါ်ထားတဲ့ အမေ့မေတ္တာ၊ သားအပေါ်ထားတဲ့ အမေ့မေတ္တာ တွေ ကို သေမင်း က အံမတုနိုင်ခဲ့ဘူးပေါ့။
မိုချို ကတကယ်ဘဲ စာအရေးကောင်းတာနော်။
ရင်တွင်းဖြစ်လေးတွေ ကိုမျှော်နေပါတယ်။
မိုချို
October 31, 2012 at 8:33 am
အဲတုန်း က အဖြစ်ကို ခုပြန်တွေး တိုင်း သွေး ပျက် မိတယ်။ CT scan ရိုက်ကြည့် မှ သိတာ ဆိုတော့ မြန်မာ ပြည်ထဲမှာသာ ဖြစ်ခဲ့ ရင် ဘယ်လို နေမလဲ လို့ တွေး မိတယ်။ ဘာလို့ လဲ ဆိုတော့ ငါးရိုးလေး စူးရုံ လောက်နဲ့ CT scan ရိုက်ဖြစ်မယ် မထင်ဘူး။
ကျမ အတွက် ဒီမှာ ဆေး ရုံ တက် တဲ့ အတွေ့ အကြုံ ရခဲ့ တယ်ပေါ့။ ကျမ တို့ က ကျန်း မာရေး အာမခံ လုပ် မထားတော့ ကုန်ကျစရိတ်က တော်တော် ထိတယ်။ သူတို့ က ကျမ အခြေ အနေ ကို အရင် ဆုံး ရှင်း ပြ ပြီး ဘယ် လို လုပ်ရ မယ် ဘယ်လောက် ကုန်ကျမယ် ဆိုတာ အရင် တွက်ပြတယ်။ ကုမ္ပဏီ ကပေး မှာလား၊ အာမခံ က ပေး မှာလား ၊ ကိုယ့် ဘာကို ပေး မှာလား မေး တယ် ။ ဒါပေမယ့် ဆေး ရုံ တတ် ဖို့ အတွက် ပိုက်ဆံ အသည်း အသန် လိုက်ရှာ စရာ မလိုဘူး။ ဆေးရုံက ဆင်း မှ ဘေလ် တွေ ကို အိမ် ကို ပို့ ပေး တာ။ ပိုက် ဆံ မရှိလို့ ဆေး မကု နိုင်လို့ သေသွား တာ မျိုး မရှိ စေရဘူး ပေါ့ ။ ကိုယ် နေကောင်း ပြီး မှ ဘေလ် တွေ ကို မရှင်း ပေး ရင်တော့ တရား စွဲ တာတွေ ဘာတွေ လာမယ် ထင် ပါရဲ့။
ကျမတို့ ဆို ဆေး ရုံ ရောက်ရောက် ချင်း ၁၀ဝ ပေး ပြီး ရုံနဲ့ လိုအပ်တာတွေ အကုန် လုပ်သွား ပေး တာ ဆေးရုံ ပြန်ဆင်း ပြီး ၁ ပတ် ကျော် တော့ မှ ဘေလ် ဆောင် ရတာ။
ဘယ်လို ပဲဖြစ်ဖြစ် လူ့ အသက် ကို တန်ဖိုး ထား ပြီး အရင် ကုပေး တဲ့ ကျန်း မာရေး စောင့် ရှောက် မှု မျိုး နဲ့ နေရတဲ့ သူတွေ အရမ်း ကံကောင်း ပါတယ်။
candle .
October 31, 2012 at 8:50 am
ဘာဘဲဖြစ်ဖြစ် တော်သေးတာပေါ့ အမရယ် ကံသီပေလို ့သာပေါ့….
နောက်ဆို ငါးစားရင်ပိုပြီးသတိထားရမယ် အထူးသဖြင့် ငါးကြိုက်တဲ့ အိမ်ကသားတော်မောင်များကိုကျွေးတဲ့အခါမှာပေါ့….
အမရဲ့ မိသားစုအပေါ်မှာထားတဲ့မေတ္တာက ရောင်ပြန်ဟပ်ခဲ့သလို အမေ့ရဲ ့အေးချမ်းတဲ ့မေတ္တာတွေရဲ ့သက်ရောက်မှု ကြောင့်
အသက်ဘေးကလွတ်ခဲ့ရတယ်လို ့ယုံကြည်ပါတယ်…. (ဆရာဝန်များရဲ ့ ကျွမ်းကျင်မှုကြောင့်လဲပါတာပေါ့နော် )….
အရေးအသားကောင်းလို ့လဲ ချီးကျူးအားကျမိပါရဲ ့….
မိုချို
October 31, 2012 at 8:59 am
အိမ်လွမ်းသူ၊ ပုချ့် ၊ ကို ခင် ခ
အဲဒီ နောက်ပိုင်း ငါး ချက် ရင် ကျ မတော့ သတိထား ပြီး ရုံး ပတီ သီး ကို ရှောင် လိုက် တယ်။ ငါး မှ မဟုတ်ဘူး ကြက်သား စား ရင် လည်း ရုံး ပတီသီး နဲ့ မတွဲ တော့ ဘူး။ သူက လျှောလျှော၊ လျှောလျှော နဲ့ အကုန်သယ်ချသွားတာ။
ဦး မိုက်
ယောက်ျားတွေ များ အချင်း ချင်း အမြင် တူ နေ လိုက် ကြတာ။ အိမ်က လူကြီး အဲ့ အတိုင်း တထပ်တည်း ပြောခဲ့ တာ၊…ဟွန်း ..ဒါ ပေမယ့် စိတ်ထဲ မှာတော့ ကြိတ် ပြီး ရင်ခုန်နေမှာ။
ဦး ပါ ၊ အဘ ဖော
မိုချို က ကိုယ့် အကြောင်း ပဲ ကိုယ် သေချာ သိတာ ဆိုတော့ ကိုယ် တွေ့ တွေ ပဲ ရေး နေမိ လို့ ရေးတာ အသက် ပါတာ ထင်ပါရဲ့ ။ ကြာရင် ကိုယ် အကြောင်း တွေ အကုန် ဖော်ပြီး သား ဖြစ်နေတော့ မှာပဲ။
အရီး လတ် ၊ နှင်း နှင်း
အမေ တစ်ယောက်ရဲ့ ခံစားချက် က ကိုယ်တိုင် အမေ ဖြစ်လာ မှ သိတော့ တယ်။ဒါ ပေမယ့် ကိုယ်က အမေ ဖြစ်လာတဲ့ အခါ ကျတော့ လူလွတ် တုန်း ကလောက် ကိုယ့် အမေ အပေါ် တစ်သားတည်း မဖြစ်တော့ ပြန်ဘူး။
Khaing Zar Win
October 31, 2012 at 9:40 am
ရေးထားတာလေးကောင်းလိုက်တာနော်။
ဖတ်ရင်း ငိုချင်သွားတယ်။ ကံကောင်းလို့ မသေကောင်းမပျောက်ကောင်းနော်။
အမေကတော့မှာထားတယ်။
သေခြင်းတရားနဲ့ ရင်ဆိုင်ရရင် ဘယ်သူ့မှ သတိတရနဲ့နောက်ဆံတင်းမနေနဲ့တဲ့။
ကိုယ့် အတွက်ကိုယ်ပဲ အနည်းဆုံး ဝင်လေ ထွက်လေလေးမှတ်နေတဲ့။
၂၀၁၂ ကမ႓ာပျက်မယ် ဆိုတုန်းကပြောတာ။ ဘယ်သူ့ ဘယ်သူမှ မကယ်နိုင်တဲ့ အချိန်မျိုးမှာ ကိုယ့်တရားနဲ့ကိုယ်နေပါတဲ့။
သူ အဲ့လို ပြောတော့မှပဲ ပိုငိုချင်သွားတော့တာ။
ဦးကြောင်ကြီး
October 31, 2012 at 9:51 am
မိုချို
တိုကျို
လိုဂို
ပျိုအို
ဘိုနို
ကိုညို
ဟိုခို
ယိုပို..။
Mon Kit
October 31, 2012 at 10:45 am
မမိုချိုရေ….
ကံကြီးပေလို့သာပေါ့…
ဖတ်ရင်း ထပ်တူခံစားမိပါတယ်ရှင်…
မွန်ကစ်လည်း ငါးတမျိုးထဲကိုသာ စားတတ်သူမို့ပါ…
အခုလို သတိပေး ပိုစ့်လေးဖတ်ရတာ ကျေးဇူးတင်မိပါတယ်…
သတိထားစရာတွေပါနော်….
ရွှေ ကြည်
October 31, 2012 at 11:02 am
တကယ်ကို အစားမတော်တလုတ်ပါလားအစ်မရယ် ဖြစ်မှဖြစ်ရလေတယ်နော်..။
သေကံမရောက်လို့သက်မပျောက်ခဲ့တာအတွက်ဝမ်းသာပါတယ်အစ်မရယ်..။
အော်ပရေးရှင်းသေးသေးလေး တကယ့်ကိုသေးသေးလေးပါ အဲဒါလေးတောင် မိရွှေကြည်မှာကြောက်လိုက်တာလေ..အစ်မကိုကိုယ်ချင်းစာမိပါရဲ့ ။ သားလေးအတွက်ရတက်ပွေနေမယ့်အစ်မနဲ့ သမီးအတွက် အဝေးကနေသောကဝေနေရမယ့် အစ်မရဲ့အမေ
နှစ်ယောက်စလုံးအတွက်ခံစားမိရင်းမျက်ရည်တောင်ဝဲပါတယ်အစ်မရယ်..။
Ma Ei
October 31, 2012 at 11:13 am
သား အတွက် ရတတ်ပွေ နေတဲ့ မိုချိုရဲ့ မိခင် မေတ္တာ…
မိုချို အတွက် သောကတွေ ဝေနေခဲ့ အမေ့ ရဲ့ မိခင် မေတ္တာ…
မျက်ရည်ဝဲအောင် ခံစားခဲ့ရပါတယ်…
ကိုယ်တိုင်လဲ အမေ နဲ့ သမီးကြားမှာ
သမီးလေးဘက်ကို မေတ္တာတွေ ပိုနေခဲ့တာမို့ပါ…..
Novy
October 31, 2012 at 12:06 pm
မိုချိုရေ. ကံကြီးပေးလို့ပေါ့ကွယ်
“သမီး ဆီ က ဖုန်း လာပြီး ကတည်း က အမေ သမီးကို မေတ္တာ ပို့ နေ တာ ၊ အခု မှ ပဲ စိတ်အေး တော့ တယ် သမီး ရယ် ၊ သမီး လည်း နား လိုက် အုံး ၊ အမေလည်း အိပ်တော့ မယ် နော်”
မိဘမေတ္တာလေးကိုဖတ်ပြီး မျက်ရည်များတောင်ဝဲမိပါတယ်
မိုချို
October 31, 2012 at 12:19 pm
ခိုင်ဇာ
ဘယ် ဘယ်သာဝင် မဆို ကိုယ် ရဲ့ ကိုယ်၊ စိတ် ဝေဒနာ ခံစား နေရ ချိန်မှာ ဝင်လေ၊ ထွက်လေ၊ လေး ကို ရှုမှတ် နေခြင်း ဟာ ဝေဒနာ သက်သာပြီး စိတ် ကို အတော် အသင့် ငြိမ်းချမ်း စေပါတယ်။
candle၊ Mon Kit
ငါးစားတိုင်း သတိထား စား ဖြစ် မယ် ဆို ရေးရ ကြိုး နပ်ပါတယ်။ အရေး အသား ကောင်း တယ် ဆိုလို့ အားတတ် မိပါတယ်။
ရွှေ ကြည်
ဒါနဲ့ ဆို အမ အော်ပရေး ရှင်း ၃ ခါ ရှိခဲ့ ပြီ။ အူအတတ်ပေါက်တာနဲ့ သားမွေး တုန်း ကတော့ ထုံဆေး နဲ့ ။
မအိ
သား သမီး ဘက်ကို အလေး သာနေ မိတတ်တာ မိဘတိုင်း ကလည်း နား လည် ခွင့် လွှတ် မယ် ထင်ပါရဲ့။ ကိုယ့် သား သမီးတွ အလှည့် ကျရင် လည်း ဒီလို ပဲ ဖြစ်လာနိုင်တာ ကိုုယ့် ဘက်ကလည်း ကြိုတင် နားလည်ပေး ထား ရမှာပါ။
ဦးကြောင်
ဖတ်ရှု ၊ ကွန်မန့် ချီး မြှင့် တဲ့ အတွက် ကျေးဇူး။
မိုချို
October 31, 2012 at 12:22 pm
မနိုရေ
မနို…. ပေါင်မုန့် စား ပြီး ဆေးရုံ ရောက်တဲ့ အကြောင်း ဖတ် ရ ကတည်း ကရေး ဖို့ ကြံ နေတာ။ ခု မှပဲ အကောင်ထည် ဖေါ်ဖြစ်တယ်။
etone
October 31, 2012 at 4:52 pm
အစ်မမိုချိုရေ …
ကိုယ်တွေ့ အတွေ ့ကြုံနဲ့ရော ၊ စိတ်ခံစားချက်ပေါင်းများစွာနဲ့ ရေးထားတဲ့ ဒီပို့စ်လေးကို အရမ်းနှစ်သက်မိပါတယ် ။ ဖတ်လည်း ပြီးရော ရင်ထဲ အမျိုးအမည်မသိတဲ့ … ဖီလင်တစ်မျိုးကျန်ခဲ့တယ် ။
မမျှော်လင့်ပဲ အသက်အန္တရယ်နဲ့ နီးကပ်နေတဲ့အရေးပေါ် အခြေနေ ၊ သားအတွက်စိုးရိတ်စိတ်၊ ခင်ပွန်းသည်အတွက် ပူပန်စိတ်နဲ့ အမေဆီက ကရုဏာစိတ်တွေကို ပေါ်လွင်အောင်ရေးပြသွားတာမို့ ….. စာဖတ်သူတောင် ကာယကံရှင်နေရာရောက်သွားခဲ့ရသလို ခံစားမိတယ် … ။
ဟိုလူလိမ် သက်သက်ဂွင်ဖန်သွားပေမယ့် ….သားက အရေးကြီးတယ်ဆိုတဲ့ စိတ်နဲ့ .. တမင်အလိမ်ခံလိုက်တဲ့ အကြောင်း ပထမပို့စ်တွေကတည်းက ဖတ်ရလို့ … သဘောကျနေခဲ့တာပါ အစ်မရေ ။ မိဘကို သိတတ်တဲ့ သမီးအဖြစ်နဲ့ရော ၊ မိခင်ကောင်းအဖြစ်နဲ့ရော ၊ ခင်ပွန်းသည်ကို တာဝန်သိတတ်တဲ့ မိန်းမအဖြစ်နဲ့ပါ ၊ လေးစားမိပါတယ် ။
:gee:
blackchaw
October 31, 2012 at 4:59 pm
အားပေးသွားပါတယ်…မိုချိုရေ…။
မိုချို
October 31, 2012 at 5:50 pm
အီတုံး ညီမ ရေ
အမ ကို သိပ် မမြှောက်နဲ့ နော်။ အမ က ရွာထဲ ဝင်တော့မှမြန်မာစာ စ ရိုက် တတ်တာ၊ တစ်ပုဒ်ရေး ပြီး တိုင်း ကွန်မန့် တွေ ဖတ်၊ အားတွေ တတ် ပြီး ရေး လာလိုက် တာ ၊ ခုဆို တော်တော် သွက်နေပြီ။ အဲတော့ ဟိုစကား ပုံ က အမ အတွက် ဆို ဒီလို ပြင် ရ လိမ့် မယ်။ မြှောက် ပေးရင် လက်သွက်အောင် ရိုက်အုံး မှာ
၊ကီးဘုတ်ပြောပါတယ်။
မိုချို
October 31, 2012 at 5:52 pm
ဂဇတ်တံခါးစောင့် ကြီး ဦး ဘလက်
အားပေး ချီး မြှင့် တဲ့ အတွက် ကျေး ဇူးပါ။
MaMa
November 1, 2012 at 6:22 pm
အစားမတော် တလုပ်ဆိုပေမယ့်…
ခုချိန်ထိတော့ ကိုယ့်ဦးဏှောက်က ကိုယ့်စိတ်ကို မနိုင်သေးလို့ …
မတည့်ဘူးလို့ ပြောပေမယ့် ကိုယ်စားချင်တာဆိုရင် မရှောင်နိုင်သေးဘူးဖြစ်နေတယ်။
မိုချို့စာဖတ်ပြီး ငါလည်း မတည့်စာတွေ ရှောင်မှဆိုတဲ့ အတွေးပေါ်လာတယ်။
တကယ့်ကို သေမင်းနဲ့ စစ်ခင်းရတော့မယ်လို့ သိလိုက်တဲ့အချိန်မှာ မိုချို့လို တည်တည်ငြိမ်ငြိမ်နဲ့ ခံနိုင်ရည်ရှိအောင် ကြိုးစားရအုံးမယ်။ :hee:
မောင်ပေ
November 2, 2012 at 9:48 pm
ဖတ်နေရင်းနဲ ့ကြောက်လာတယ်ဗျာ
ငယ်တုန်းကတော့ ငါးရိုးစူးဖူးတယ်
မိုချိုလောက်တော့ မဖြစ်ခဲ့ဖူးဘူး
နောက်ဆုံးတစ်ခါ ငါးရိုးစူးပြီးကတဲက
ငါးစားရင် အရိုးအနဲဆုံး အပိုင်းကိုပဲ
ရွေးစားဖြစ်တော့ပါတယ် မိုချိုရေ
ကိုပေါက်(မန္တလေး)
November 2, 2012 at 10:16 pm
ဒီလ ကတော့ တစ်ကယ့်ကို ငါးလ ပါဘဲ။
ငါးထဲမှာတာ့ ဒီငါးက အကောင်းဆုံးပါဘဲ။
ကျနော်လဲ ငါးရိုးမျက်ဘူးတယ်။
လည်ပင်းထဲမှာရှပြီးနေလို့မရ အစက ထင်မိတာ အရိုးစိုက်နေတာပေါ့။
အမှန်က အရိုးဖြတ်သွားတော့ ရှသွားတဲ့နေရာလေးက အဖတ်လန်ပြီး နာနေတာ
ခံရတော့ အတော်ခက်တယ်။
အဲဒီကစားအရိုးများတဲ့ငါးဆိုရင် ကြော်ပြီးစားပါတော့တယ်။
uncle gyi
November 3, 2012 at 9:25 am
အမှန်ကကြော်စားလည်းမကောင်းပေါင်းစားတာအကောင်းဆုံး
မိုချိုရဲ့ကံတရားပဲလို့ပြောရမယ်
ဒီမှာဆိုဘာတွေဖြစ်မယ်မဆိုနိုင်
ကျွန်တော့်သားကြီးလည်းမိုချုိုလိုအရိုးဗိုက်ထဲဝင်သွားဖူးတယ်
ကံကောင်းတော့ဘာမှမဖြစ်ပဲအိမ်သာတက်မှပြန်ထွက်လာတာကန့်လန့်ခံ
နေလို့မနည်းကလော်ထုတ်ပေးလိုက်ရတယ်
နောက်ကျွန်တော့ယောက်ခထီးလည်းလည်ချောင်းနာပြီး
အစာမစားနိုင်ဖြစ်နေတာလည်ချောင်းကင်စာဖြစ်ပါပြီဆိုပြီး
စိတ်ညစ်နေတာနောက်ဓါတ်မှန်ရိုက်လို်က်တော့မှလည်ချောင်းထဲ
အရိုးကကန့်လန့်ခံနေတာ
ဘာပြောပြော
ဒါကြောင့်ဘုရားရှင်ကစားသတိသွားသတိအရာရာသတိရှိပါလို့ဆုံးမခဲ့တာနေမှာ
November 3, 2012 at 10:29 am
သောကပါဗျာ..သောက သောက
သောကများတော့ ဒုတ်ခရောက်တာပေါ့
ကျနော့်အိမ်ဘေးက ဒေါ်ဆိတ်တိုဆိုရင် ဒုန်းဒိုင်းဘုန်းဂွမ်းဆိုပြီး ဘယ်လောက်ဖြစ်ဖြစ် ငါးရိုးမကလို ့ ဂေါ်ဇီလာရိုးပဲဖြစ်ဖြစ် အေးဆေးနွှင်စားပြီးမှ ထိုင်ရာကမထ “ဟဲ့..သေနာလေး..သေပလား..သောက်ကမြင်းကျောထတော့ သေမပေါ့..နဲနဲမှ အငြိမ်မနေတဲ့ကောင် မှတ်ပလား.” ဆိုပြီး စတိလောက် ပွားလိုက်ရင် ပြီးရော..
ဘာအရိုးမှ မဆူးပြီး..
အစားမတော် တစ်လုပ်
အသောက်မတော် တစ်လုံး ဆိုတာ တစ်ကယ်ပါ..
ဒါကြောင့် အလုံးနဲ ့ မသောက်တော့ဘူး.
ဂျားလိုက်ပဲ ဂလုတော့တယ်..
ဂလု..ဂလု..
မိုချို
November 3, 2012 at 9:44 pm
MaMa
သေမင်းနဲ့ စစ်ခင်း ရတဲ့ အချိန်ကြမှ စိတ်တွေ ယောက်ယက်ခက်နေရင်း က မတော် လို့ သေသွားရင် ကိုယ်ပဲ အပါယ် ဘုံ ရောက်ရ မှာ၊ အဲဒါကြောင့် အာရုံ ကို ငြိမ်အောင် မနည်းထိန်း ရတာ။
ကိုပေ
အရိုးနဲတဲ့ ငါးကြီးတွေ ပဲ စိတ်ချရတယ်။ ငါးလေးတွေ စား ချင်ရင် ကြွပ်ကြွပ် ကြော် ခိုင်း ပေါ့။
လေးပေါက်
မိုချို ကတော့ အသားတွေ သိပ်မကြိုက် လှပဲ ငါး ပဲ ကြိုက်တော့ ငယ်ငယ်ထဲ က ခဏခဏ ငါးရိုး မျက်ဖူးတယ်။ ခါတိုင်း ဖြစ်ရင် လည်ချောင်း ထဲ လောက် ပဲ မျက်တာ ၊ အဲဒီ တခါ ပဲ သေလုမျော ပါး မှတ်မှတ် သားသား ဖြစ်တော့ တယ်။ ခုနောက်ပိုင်းတော့ အရမ်း သတိ ထား တော့ တယ်။
အန်ကယ်ကြီး
ဝင်သွားတဲ့ အရိုး က အိမ်သာတတ်တော့ ပြန်ပါလာတာ အန်ကယ်ကြီး သား တော်တော် ကံကောင်း တာပေါ့ ။ ဘုရားဟောခဲ့ တဲ့ သတိက အရမ်း အရေး ကြီး ပါတယ်။
ဗိုက်ဗိုက်ရေ
နင် ငါ့သား ကမြင်း တာ မမြင်ဖူးသေးလို့ နော်၊ နောက် တခါ ကျမှ ငါ့ သား ကမြင်း ချက်တွေ ဓါတ်ပုံ ရိုက်ပြီး တင်အုံးမယ်။ ဂျားတွေ လည်း ကြည့် ကျက် ဂလုဦးနော်၊ သီးနေ အုံးမယ်။
kai
November 4, 2012 at 4:55 am
“အစားမတော်.. ဆေးရုံကားခေါ်” လိုက်နိုင်တဲ့.. ပါတ်ဝန်းကျင်..အသိုင်းအဝိုင်း..နိုင်ငံမှာနေရအောင်.. ကိုယ်နေတဲ့နိုင်ငံ အဲဒီလိုဖြစ်အောင်.. လုပ်သင့်..လုပ်ကြရမယ်ဆိုတဲ့အမြင်..အသိလေး.. ဝင်စေချင်မိတယ်..။
ဆိုတော့…
လူသားဆိုတာ.. သတိလွတ်တတ်ပါတယ်..။
မတော်တဆတွေဖြစ်တတ်ပါတယ်..
ဖြစ်လာခဲ့ရင်.. ဘုရားဟော..တရားပြောတွေ..နောင်ဘဝ..ကံတရားတွေလွှဲချနေတာထက်…
ဖြစ်လာရင်.. ဘယ်လိုဖြေရှင်းကြရမယ်..။
ဘယ်လိုလုပ်သင့်လှတယ်..။
ဘယ်လိုကုစားရတယ်..။ ဘယ်လိုပြင်ဆင်ထားသင့်တယ်..။
စတာတွေဖက် ..အာရုံပြုသင့်ကြောင်း.. :kwi:
မိုချို
November 5, 2012 at 2:39 pm
ဟုတ်ပါတယ် သဂျီးရေ
ကျမ ပိုစ့် ကို တော့ ရသ ဘက် နွယ်ပြီး ခံစားချက်ကို ဦးစား ပေး ပြီး ရေး ခဲ့ ပါတယ်။ သဂျီး ဆိုလို ချင်တဲ့ သဘော က ကျမ မန့် ခဲ့တဲ့ ထဲ ပါ ပါ တယ်။ ရှင်းရှင်း ပြော ရရင် စလုံး မှာ ဖြစ်သွား တာ မို့ လို့ ခု ချိန် မှာ ဒီစာတွေ ရေးနိုင်ခဲ့ တာပါ။ ကျမ လို အဖြစ်မျိုး မျိုး မြန် မာ ပြည်တွင်း မှာ၊ နယ် မှာ မပြော ပါနဲ့ မြို့ ပေါ် မှာ ဖြစ်ခဲ့ ရင် တောင် ငွေ အလုံ အလောက် မရှိရင် မသိနိုင်၊ မကု နိုင်ပါဘူး။
ဒီ လို ကျန်း မာရေး စောင့် ရှောက် မှု မျိုး ၊ လူ့ အသက် ကို တန်ဖိုး ထား ခံ ရ မှု မျိုး ကို ပြည်သူ တွေ ဘက် က တောင်း ဆို လို့ ပဲရ မယ်။ ကိုယ်တိုက် ဖန်တီး လို့ မှ မရ တာ။
အဲဒီတော့ လူ ကို လူလို တန်ဖိုး ထားတဲ့ အသိုင်း အဝိုင်း၊ နိုင်ငံ၊ဖြစ်အောင် လုပ်ဖို့ အဓိက က တော့ စနစ် ကောင်းကောင်း နဲ့ စီမံ ခန့် ခွဲ နိုင် တဲ့ လူ ( အစိုး ရ ) ကောင်းကောင်း လို ပါတယ်။
kai
November 5, 2012 at 3:24 pm
စိတ်မရှိပါနဲ့နော…
မမိုချို… ရသရေးတာ… တော်တော်”ထိ”ပါတယ်..။
အဲဒီ”အထိ”မှာ… “အသိ”ထည့်ပေးစေလိုရင်းပါ….
“အသိ”ရေလိုက်လွဲကုန်မှာစိုးသမို့.. အယ်ဒီတာ့အမြင်နဲ့.. လမ်းကြောင်းတည့်မတ်ကြည့်တာလို့.. ပြောပါရစေ..။ :528:
မိုချို
November 6, 2012 at 9:26 am
စိတ် မရှိ ပါဘူး သဂျီး ရယ်။ဖတ်သူတွေ အဆင်သင့် ရှိ ပြီးသား ဆိုဒ်မှာ ကိုယ် ရေး ချင်တာ ရေး ခွင့်ရနေ လို့ ကျေး ဇူးတောင် တင် သေး။
November 6, 2012 at 11:26 am
အစားမတော်တစ်လုတ် ဆိုတာထက် မိခင်တစ်ယောက်ရဲ့သောက ဆိုရင်ကော ပိုမမှန်ဘူးလားဟင်.
သဂျီးကိုတော့ ဆိတ်မရှိပါနဲ ့..သဂျီးက သောကမရှိဘူး..မောဟပဲရှိတယ်
အနော်တို ့ငယ်ငယ်ကလို ရေလည်ကမြင်းကျောထတဲ့ ခလေးတွေမွေးဖူးမှ မောဟတွေပျောက်ပြီးသောကတွေရောက်လာမှာ.
အူးဗိုက်တို ့ညီကိုတွေ ငယ်ငယ်တုန်းကဆို အင်မတန်ကမြင်းလို ့ မာမီက ဗျတ်ဝိဗျတ္တများ ဝင်စားသလား ဆိုပြီး သံသယဖြစ်နေတာ..
အခုတောင် မာမီဟင်းချက်နေတုန်းမိုလို ့ကင်းမြီးကောက်ထောင်ပြီး စာရိုက်နေတာ..ညှင်း..ညှင်း
နှင်းဆီ ငုံ
November 6, 2012 at 3:14 pm
ဖတ်ရင်းနဲ့ မျက်ရည်ဝဲမိပါတယ် မမိုချိုရေ
ငုံလည်း ငါးရိုးစူးလို့ ဆေးခန်းရောက်ဖူးပါတယ်
နောက်ပြီး အိမ်ကလူအတွက်လည်း စိတ်သိပ်မပူပါနဲ့လို့
ငုံ့ အိုအို(အဘွား) က အဖေ ငယ်တည်းက ဆုံးသွားပေမယ့် အဘိုးက ခုချိန် 80 ကျော်တဲ့ထိ လူပျိုကြီး ကလေး တစ်ယောက်အဖေ အဖြစ်ရပ်တည်နေပါတယ်လို့ …
မိုချို
November 6, 2012 at 3:57 pm
ဟုတ်တယ် ဗိုက်ဗိုက်ရေ
မိခင် နှစ်ယောက်ရဲ့ သော က လို့ ပေး ရ မှာ။ အိမ်က မောင် ၂ ကောင် ကို လည်း ငယ်ငယ် က ဗျတ်ဝိဗျတ္တ လို့ ခေါ် ခဲ့ ဖူးတယ်။
ငုံငုံ
ငုံငုံ့ အဖိုး ကတော့ တော်တော် ရှားတဲ့ ယောက်ျား ပဲ
လုံမလေးမွန်မွန်
November 11, 2012 at 11:47 am
အစ်မရေ…
အခုမှ ကွန်မန့်ရေးဖြစ်တာ ခွင့်လွှတ်ပါနော်…
လုံမ ဖတ်ရင်းနဲ့ မျက်ရည်တောင်ကျတယ်ဆိုရင် ယုံမလား မသိဘူး… တကယ်ကို ဂုဏ်ယူပါတယ် အစ်မရေ…
ခင်တဲ့
လုံမလေး
ကိုပေါက်(မန္တလေး)
November 11, 2012 at 12:46 pm
မိုချိုရေ လေးပေါက်က မတ်တပ်ရပ်ပြီး လက်ခုပ်တီးလို့ ဂုဏ်ပြုပါတယ်ခင်ဗျား
နောင်လဲ အခုလို ရသစာပေတွေအများကြီး ရေးပါနော်
ကဲ နောက်တစ်ခါ ဘယ်အပျိုကြီးမှ ချောက်ချဘို့ မစဉ်းစားနဲ့တော့နော်။
မိုချို
November 11, 2012 at 1:21 pm
သေမင်းနဲ့ လက်တကမ်း အထိရောက်ခဲ့ ရတဲ့ အတွေ့ အကြုံ ကို ရင်းပြီး ရေး လိုက်တဲ့ ပိုစ့် လေး ကို ကြိုက် ကြတယ် ဆိုတဲ့ ( ရွာသူား တွေ ရဲ့ လက် ခုတ် သံတွေ ကြောင့် ) အဲ ဒီတုန်း က ကုန်ခဲ့ တဲ့ ငွေ တွေ၊ ခံစားခဲ့ ရတဲ့ သောကတွေ ၊ အတွက် တန် သွား ပါပြီ။
မိုချို
November 11, 2012 at 1:43 pm
မွန်မွန်ရေ
မိုချို ကတော့ ဘယ် အချိန် မှ မန့် မန့် လာဖတ် တယ်ဆိုရင် ပဲ ကျေ နပ်နေပြီ။
လေးပေါက်
သူ့ ဘာသူနေတဲ့ အပျိုကြီး ကို ခလုက် တိုက် သလို ဖြစ်နေတယ်ဆိုတာ အဲဒီ အချိန် တုန်း က မစဉ်းစား မိခဲ့ ဘူး။ နောက် ပိုင်း သူနဲ့ တွေ့ ရင် သူ က ဘာ မှ မသိပေမယ့် ၊ကိုယ့် ဘာ ကိုယ် မျက်နှာ ပူမိတယ်။ အိမ်ကလူကြီး ကတော့ စပ်ဖြီးဖြီး နဲ့ ပေါ့ ။
lady mobile
April 29, 2013 at 9:16 am
တော်သေးတာပေါ့ ကံကြီးပေးလို့
မိဘကလည်းမေတ္တာပို့ပေးနေလို့ နေမှာနော်….