Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“လက်ခုပ်ဟူသည် တစ်ဘက်တည်းမမြည်”(EPISODE 4)

nicolus agralOctober 31, 20121min2220

စကားပုံတွေနဲ့ ကွက်ကွက်ကွင်းကွင်း မြင်သာထင်သာအောင် ပြောတတ်တဲ့အထဲမှာ တရုတ်သမ္မတ ကျန်ဇီမင်းကြီးလည်း ပါပါတယ်။ ဟိုတလောတုန်းက တရုတ် အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပတ်သက်လို့ သတင်းဌာနတစ်ခုက မေးတဲ့အခါ သူက ရယ်ကာမောကာနဲ့ “လက်ခုပ်ဆိုတာ တစ်ဘက်တည်းတီးလို့ မမြည်ပါဘူး။” လို့ ပြောသွားပါတယ်။ “Gu zhang nan ming.” (Claping with one hand produces no sound.) တဲ့။ တရုတ်ပညာရှိ ဟန်ဖေးဆီ က ပြောခဲ့တဲ့စကားလို့ သိရတယ်။ အပြည့်အစုံကတော့ “ဘယ်လောက်ပဲ မြန်အောင် တီးတီး၊ တစ်ဘက်တည်းတီးနေသရွေ့တော့ ဘာအသံမှ ထွက်မှာ မဟုတ်ပါဘူး။” လို့ ဆိုပါတယ်။ အဲဒီအဓိပ္ပါယ်အတိုင်း မြန်မာစကားပုံ ရှိသလို အင်္ဂလိပ်လိုလည်း စကားပုံရှိပါတယ်။ “It takes two to Tango.” လို့ ဆိုတယ် မဟုတ်လား။ ဒါပေမယ့် တရုတ်စကားပုံမှာတော့ ပြဿနာတစ်ခုဖြစ်တယ်ဆိုတာ နှစ်ဘက်စလုံး ကိုယ်စီထိပ်တိုက်တွေ့ကြလို့ပေါ့ ဆိုတဲ့ သဘောအပြင် နောက်ထပ်တွေးယူစရာ အနက်ပွားတစ်ခုရှိနေသေးတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ စာဆုံးတော့ ဘာကိုဆိုလိုတယ် သဘောပေါက်ကြပါလိမ့်မယ်။ ဒေါ်ယင်းမာရဲ့ ပထမစာအုပ် “ရွက်ကြွေတော” ထွက်တုန်းက စာဖတ်သူ စိတ်သရုပ်ခွဲပညာရှင်တစ်ယောက်ကလည်း အဲသည်စကားပုံကလေးနဲ့ စာလှမ်းရေးပြီး ဆွေးနွေးခဲ့သေးသတဲ့။

“စာဖတ်ရင်း စိတ်တိုလိုက်တာ မပြောပါနဲ့။ ကလေးဘဝအရွယ်မှာ မေတ္တာငတ်ခဲ့ရင်၊ မိသားစုရဲ့ လုံခြုံနွေးထွေးမှု မရခဲ့ရင် အားငယ်စိတ်တွေ သိမ်ငယ်စိတ်တွေ ဝင်တတ်ပါတယ်။ ဒါကြောင့်လည်း မင်းအနေနဲ့ မေမေလေးရဲ့ မေတ္တာကို တမ်းတနေခဲ့တာနေမှာပေါ့။ မင်းခုထက်ထိအောင် သဘောမပေါက်နိုင်သေးတာက အဲဒီမေမေလေးဟာ သူ့ကိုယ်သူသာချစ်တတ်ပြီး လူတဘက်သားကို ချစ်ရကောင်းမှန်းမသိတဲ့ ဂရိပုံပြင်ထဲက လူပျိုကြီး နာဆစ်ဆပ်လို မိန်းမစားမျိုး ဖြစ်နေတာကိုပါ။ မောင်လေး အဂ္ဂါကျပြန်တော့ မောင်နှမအချင်းချင်း ဝန်တိုစိတ်ထားနဲ့ ပြိုင်ချင် အနိုင်ယူချင်စိတ်တွေ ရှိနေတာ အသိသာကြီးပဲ။ ဆေးကျောင်းအတူတူတက်တဲ့ အတန်းဖော်ချင်း ဖြစ်နေပြန်တော့ ပိုဆိုးတာပေါ့လေ။ မင်းဖေဖေစကားကိုနားထောင်ပြီး သူတို့နဲ့ဝေးရာမှာ သွားနေလိုက်တာသာ အမှန်ဆုံးပါပဲ။ နို့မို့ဆို မင်းတစ်ယောက်တည်း လက်ခုပ်ထိုင်တီးနေရသလို ဖြစ်နေမယ်။ လက်ခုပ်ဆိုတာ တစ်ဘက်တည်းတီးလို့ ဘာအသံမှထွက်မှာ မဟုတ်ဘူးတဲ့။ လူနှစ်ယောက်ဆက်ဆံရေးမှာလည်း တစ်ဘက်တည်းကလှိမ့်တဲ့ တစ်ဘီးလိမ့်ဆက်ဆံရေးဟာ ခရီးမရောက်နိုင်ပါဘူး။ အခြေခံကျသလောက် လူတော်တော်များများက သဘောမပေါက်နိုင်တဲ့ အချက်ပါ။”

ဒီစကားပုံကလေးကို ပြောခဲ့တဲ့ ပညာရှိကြီးဟန်ဖေးဆီဆိုတာ ဟန်နိုင်ငံက မင်းညီမင်းသားတစ်ပါး ဖြစ်ပါတယ်။ ဒါပေမယ့် သူက “The King’s Speech” ဇာတ်ကားထဲက ဂျော့ဘုရင်မင်းမြတ်လိုပဲ စကားထစ်တဲ့အတွက် ပြောစရာရှိရင် စာနဲ့ပဲ ရေးရေးပြောတယ်လို့ဆိုတယ်။ သူနဲ့ လီဆီတို့ဟာ ဆရာကြီး ကွန်ဖြူးရှပ်စ်ရဲ့တပည့် ပညာရှိကြီး ဇွန်ဆီထံမှာ အတူတူ ပညာဆည်းပူးခဲ့ကြတဲ့ ငယ်သူငယ်ချင်းတွေ ဆိုပဲ။ သို့သော်လည်း လီဆီက အမြဲလိုလို မနာလိုဝန်တိုဖြစ်နေရတယ်တဲ့။ ပညာတော်တဲ့သူချင်းအတူတူ ဟိုကတော့ ဘုရင့်ညီတော်မို့လို့ မျက်နှာကြီးတဲ့နေရာမှာ ဘယ်လိုက်မီပါ့မလဲ။ ပညာစုံကြတဲ့အခါ လီဆီက ချင်နိုင်ငံက ဇန်ဘုရင်မင်းမြတ်(ပထမမြောက်ဧကရာဇ်)ထံမှာ သွားအမှုထမ်းနေချိန်မှာ ဟန်ဖေးဆီကတော့ သူ့နိုင်ငံသူပြန်ပြီး နောင်တော်ဘုရင်မင်းမြတ်ကို အကြံဉာဏ်များပေးသတဲ့။ ချင်နိုင်ငံနဲ့ စစ်မက်မဖြစ်ပွားရအောင် တဘက်သတ်တောင်းဆိုချက်တွေ လိုက်လျောနေရတာနဲ့ပဲ ဟန်နိုင်ငံခမျာ စီးပွားရေးက ချွတ်ခြုံကြလာသတဲ့။ ဒီလိုအချိန်မျိုးမှာ ဟန်ဖေးဆီက အုပ်ချုပ်ရေးပိုင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ အဆိုတင်သွင်းတော့ ကန့်ကွက်မဲတွေများလွန်းလို့ အဆိုကို အတည်မပြုနိုင်ဘူးပေါ့။ (တိုင်းပြည်ကြီးပျက်ရင် အတူတူမျှခံရမှာလေ။ ကိုယ့်စည်းစိမ်ပျက်တော့ ဘယ်သူက လာမျှခံမှာတုန်း) နဂိုကမှ စကားပြောမချောရတဲ့အထဲ မျက်နှာမည်းကြီးက (ပေါင်းတာရဲကြီးကို ပြောတာနော်) ဒုံးကနဲ တူနဲ့ထုပြီး ထီးဖုန်းစောင့်နတ်သမီးတွေလို “လိုရင်းပြောပါ။” လုပ်လိုက်ရင် ပြောမယ့်စကားတွေက ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ရော မဟုတ်လား။ ဒါနဲ့ပဲ ပြောချင်တာလေးတွေကို ကိုတာဆီပို့လို့ မုံရွေးတိုက်ကနေ စာအုပ်ထုတ်လိုက်ရှာသတဲ့ကွယ်။

ဟန်ဖေးဆီဟာ ဇွန်ဆီရဲ့ တပည့်ဖြစ်ပေမယ့် ကွန်ဖြူးရှပ်စ်ရဲ့ ဝါဒတွေကို သဘောမတူနိုင်ပါဘူးတဲ့။ သူတို့က အတိတ်ကာလတစ်ခုကို စံထားပြီး လက်ရှိအဖြစ်တွေကို အဲဒါနဲ့ သွားသွားနှိုင်းတာ ဝေဖန်တာ၊ ခေတ်ကာလသားသမီးတွေများ တို့ငယ်ငယ်တုန်းကလောက်ကို မကောင်းဘူး လို့ ပြောတာမျိုးကို မခံနိုင်ဘူးတဲ့။ “နှလုံးရည်ပြည့်ဝတဲ့ မင်းများလက်ထက်မှာ ဘိုးလောင်းတော်ဘေးလောင်းတော်တို့ရဲ့ မှာခြွေစကား ပညတ်များကို ပေလွှာပုရပိုဒ် စာအုပ်လိုက် ကျမ်းနဲ့ညှိနေစရာ မလိုအပ်။ တရားဥပဒေသာလျှင် ကိုးကွယ်ရာဖြစ်တယ်။” လို့ဆိုသတဲ့။ ဟန်ဖေးဆီရဲ့အလိုအရတော့ ဘုရင်မင်းမြတ်များ တရားနှင့်အညီ အုပ်ချုပ်နိုင်ဖို့ရာ အခြေခံမူသုံးရပ် လိုပါသတဲ့။ အာဏာ (absolute power)၊ လမ်းစဉ် (method) နဲ့ ဥပဒေ (law) ပါတဲ့။ သူ့ခေတ် သူ့အခါနဲ့ဆိုရင် အံ့ဩဖို့ကောင်းလောက်အောင် ခေတ်မီတဲ့ ပြုပြင်ပြောင်းလဲရေး အမြင်ဖြစ်ပါတယ်။ တရားဥပဒေဆိုတာ တသမတ်တည်းရှိနေပြီးတော့ လူတိုင်းလိုက်နာ ကျင့်သုံးဖို့ရာဖြစ်တဲ့အတွက် ရာထူးအဆင့်အတန်း၊ သွေးသားဆွေမျိုးတော်စပ်မှုတွေနဲ့ ခွဲခြားမှု မရှိရပါဘူးတဲ့။ မြေရှင်ပဒေသရာဇ်စံနစ်မှာ ဘယ်တိုင်းပြည်က ရှင်ဘုရင်မဆို ကိုယ့်စိတ်တိုင်းကျ ဥပဒေနဲ့အုပ်ချုပ်ပြီး ဆွေတော်မျိုးတော် မူးကြီးမတ်ရာတွေဆိုတာ အခွင့်ထူးခံလူတန်းစား မဟုတ်လား။ သူမို့လို့ အဲသည်စကား ပြောရဲပါပေတယ်။ “တရားဥပဒေတို့ကို ထုတ်ပြန်ပြီးက ရုံးတော်၌ မှတ်တမ်းတင်၊ ဌာနဆိုင်ရာများသို့ ဖြန့်ဝေပြီးလျှင် ပြည်သူအများကိုလည်း ကြားသိစေရမည်။ ခုတစ်မျိုး တော်ကြာတစ်မျိုး မရှိစေရ။ အရာရာသည် ဥပဒေဘောင်အတွင်း၌သာ ရှိရမည့်အပြင် ဥပဒေဝန်ထမ်းများသည် အဂတိလိုက်စားမှု ကင်းရှင်းရမည်။” တဲ့။ “တစ်ကိုယ်ရည်နှုန်းစံဖြင့် (Private standard) စည်းမျဉ်းစည်းကမ်းကန့်သတ်ခြင်းသည် မသမာသူပညာတတ်များ လက်တစ်လုံးခြားပြုကျင့်နိုင်ဖွယ် အားနည်းချက်ရှိခြင်းကြောင့် ပြည်သူများအနေဖြင့် အစိုးရအပေါ် အယုံအကြည်ကင်းမဲ့စေနိုင်သည်။ ထို့ကြောင့် ဥပဒေ အတည်ပြုပြီးက မည်သူမျှ စောဒက မရှိစေရ။” လို့လည်း ပါတယ်။

သူရေးတဲ့စာဟာ သူကိုယ်တိုင်သာ ဘုရင့်သားမဟုတ်လို့ကတော့ ခေါင်းပြတ်သွားစေနိုင်လောက်တယ်။ နောင်တော်ဘုရင်မင်းမြတ်က အရေးတယူမဖတ်သော်လည်းပဲ ချင်နိုင်ငံက ပထမမြောက်ဧကရာဇ် ဇန် ကတော့ လုံးစေ့ပတ်စေ့ဖတ်ပြီး သဘောကျလွန်လွန်းလို့ “အလိုလေးလေး။ သည်လိုစာမျိုးရေးတဲ့သူကို အပြင်မှာတွေ့ဖူးလိုက်ရရင် သေပျော်ပါပြီ။” လို့တောင် ပြောသတဲ့။ ဒီအခါမှာ လီဆီက အဲဒါ သူ့သူငယ်ချင်း ရေးတာပါလို့ ဝင်ဂုဏ်ယူလိုက်သေးသတဲ့။ သူက ချင်နန်းတော်ထဲရောက်နေတာ ၁၄ နှစ်လောက်ရှိနေပြီး ဝန်ကြီးတောင် ဖြစ်နေပြီလေ။ သို့သော်လည်းပဲ သူငယ်ချင်းက သူငယ်ချင်းသာဖြစ်ပြီး ဟန်ဖေးဆီတစ်ယောက် ချင်နန်းတော်ထဲရောက်လာရင်တော့ သူ့အရှိန်အဝါတွေ ညှိုးမှိန်သွားရချည်သေးရဲ့ဆိုပြီး လိုတော့ မလိုလားနိုင်ဘူးတဲ့။ ဧကရာဇ်ဇန်က ဟန်နိုင်ငံကို ရမယ်ရှာတိုက်ခိုက်ပြီး ဟန်ဖေးဆီမင်းသားကို သုံ့ရကိုယ်စားလှယ်အဖြစ် ချင်နိုင်ငံကို ခေါ်လာတဲ့အခါ တိုင်းရေးပြည်ရေးမှာ အသုံးချတိုင်ပင်တာမျိုး မလုပ်ဖို့၊ စိတ်ချယုံကြည်လောက်တဲ့သူမဟုတ်ကြောင်း တွန်းတွန်းတိုက်တိုက် ပို့ပေးသတဲ့။ (ဒါကြောင့်လည်း နောက်တော့ သူဝဋ်ပြန်လည်တာနေမှာ)။ သုံးသုံးမသုံးသုံး သူလိုချင်တဲ့ ပညာရှိကို သူများနိုင်ငံကနေ သူ့ဆီအရောက်ဆောင်လာပြီးပြီဆိုတော့ သူ့ဘာသာပဲ ကျေနပ်မဆုံးဖြစ်နေတဲ့ ဇန်ဘုရင်ကို လီဆီက သူ့ကိုလည်း သံတမန်ကိုယ်စားလှယ်အဖြစ် ဟန်နိုင်ငံကို လွှတ်လိုက်ပါ။ ဟိုရောက်တဲ့အခါ ဟန်ဘုရင်ကို ထောင်ချောက်ဆင် အမိဖမ်းပေးပါ့မယ်။ အရှင်ကသာ ဟန်ပြည်နယ်ကို လက်ရသိမ်းပိုက်ပါတော့လို့ အကြံပေးပါတယ်။ သို့သော်လည်း ပို့သာပို့လိုက်ရတယ်။ ဟန်ဘုရင်မင်းမြတ်က လီဆီကို အဖက်လည်းမလုပ်ဘူး။ အဖူးမြှော်လည်း မခံဘူး။ ရှေ့တော်ကိုလည်း ဝင်ခွင့်မပြုဘူးတဲ့။ နောက်ဆုံး ရှင်ဘုရင်ထွက်တော်မူတဲ့လမ်းမှာ သက်စွန့်ဆံဖျား စာလွှာပါးပြီး အရေးဆိုတာတောင် မအောင်မြင်တာနဲ့ အရေးနိမ့်ပြီး လက်ချည့်ပလာ ပြန်ခဲ့ရတယ်။ ရှက်ရမ်းရမ်းတဲ့လီဆီဟာ ဟန်ဖေးဆီကို လှည့်မဲပါလေတော့တယ်။ ခုမှတော့ ဟန်နိုင်ငံကို ပြန်လွှတ်လိုက်ရင်လည်း ချင်နိုင်ငံအဖို့ မလုံခြုတော့ဘူး။ ရန်သူကို အိမ်ထဲလိုက်ပြထားသလို ဖြစ်ခဲ့ပြီ။ ဒါနဲ့ပဲ ရယ်စရာကောင်းတဲ့ အလုပ်တစ်ခုကို လုပ်ကြပြန်ပါတယ်။ ဥပဒေသမားကြီးကို ဥပဒေချိုးဖောက်မှုနဲ့ ထောင်သွင်းအကျဉ်းချထားပါသတဲ့။ အင်္ဂလန်မှာ ဆာသောမတ်စ်မိုးကြီးကို အဋ္ဌမမြောက်ဟင်နရီဘုရင်က တရားစီရင်သလိုမျိုးပေါ့။ ဟန်ဖေးဆီက ဘုရင်မင်းမြတ်နဲ့တွေ့ပြီး ကိုယ်တိုင်လျှောက်လဲခွင့်ပေးဖို့ တောင်းဆိုပေမယ့် အဲလိုလုပ်လိုက်ရင် ကျိန်းသေ လွတ်သွားမယ်ဆိုတာသိတဲ့ လီဆီဟာ အဲသည်ညနေမှာ ဗြဲတိုက်ထဲကို အဆိပ်အရက်တစ်အိုး ပို့စေခဲ့ပါတယ်။ ဘုရင်မင်းမြတ် အမျက်တော်ပြေလို့ “လွှတ်စေ” အမိန့်တော် နောက်ကျတာကတော့ ကိုယ်တို့မြန်မာရာဇဝင်ထဲက အနန္တသူရိယအမတ်တို့၊ စာဆိုတော် ဦးပုညတို့လိုပါပဲ။ သိပ်မထူးခြားဘူး။ ဟန်ဖေးဆီခမျာမတော့ အသက် ၄ရ နှစ်အရွယ်မှာ မနာလိုပြီး သစ္စာမရှိတဲ့ သူငယ်ချင်းတစ်ယောက်လက်ချက်နဲ့ ကံကုန်သွားရရှာတာပေါ့။ သို့သော် နောင်တရသွားတဲ့ဇန်ဘုရင်ဟာ အသက်ထက်ဆုံး ဟန်ဖေးဆီရဲ့ အယူဝါဒတွေနဲ့သာ တရားနဲ့အညီ စီရင်အုပ်ချုုပ်သွားခဲ့တဲ့အတွက် သူတို့တရုတ်နိုင်ငံသမိုင်းမှာ အကျယ်ဝန်းဆုံးအင်ပါယာကြီးကို တစ်ပါးတည်းသော ဧကရာဇ်မင်းလက်အောက်မှာ တစုတစည်းတည်း စုရုံးတည်ထောင်သွားနိုင်ခဲ့ပါသတဲ့။

ဟန်ဖေးဆီရဲ့ အမှာစကားကတော့ “အတိတ်ကို နည်းနည်းလျှော့ပါ။ ပစ္စုပ္ပန်မှာ အာရုံစိုက်ပါ။ အပြောင်းအလဲတွေကို လက်ခံနိုင်အောင် ကြိုးစားပါ။” တဲ့။ (Discounting the past, emphasising the present and adapting to change.) ဆိုပဲ။ သည်ကနေ့ခေတ်အထိကို အသုံးတည့်နေသေးတယ် မဟုတ်ဘူးလား။ တည့်ချင်သလောက်တည့် သုံးတဲ့သူကသုံးမှ ဖြစ်တာပါလေ။ ပညာရှိစကားမှတ်သားနာယူတဲ့ အသိဉာဏ်ရှိခဲ့ရင် သည်ဘဝမျိုးတောင် မရောက်ဘူး။ ဟော ပြောရင်းဆိုရင်း အတိတ်ကိုလှန်သော် လုပ်မိပြန်ပြီ။ ထားပစ်ခဲ့ ထားပစ်ခဲ့။ ဟန်ဖေးဆီဟာ rule of law လို့ခေါ်တဲ့ တရားဥပဒေစိုးမိုးရေးကို တစိုက်မတ်မတ် ယုံကြည်ခဲ့တယ်။ တရားဥပဒေဆိုတာ တသမတ်တည်းတည်စေရမယ်။ လူသားတိုင်းက လေးစားလိုက်နာရမယ် လို့လည်း ပြောခဲ့တယ်။ ချွင်းခြက်မထားရဘူး။ ချွင်းခြက်ထားရင် သေတတ်တယ်ဆိုတာကို သူ့အသက်နဲ့ရင်းပြီး သက်သေပြခဲ့ပါတယ်။ အချုပ်အခြာအာဏာပိုင်သူ ရှင်ဘုရင်ကို တရားဥပဒေရဲ့ အထက်မှာ ထားခဲ့လို့ သူသေရတာပေါ့။ အဲဒီရှင်ဘုရင်ဆိုတဲ့ supreme ruler တွေက တရားဥပဒေတွေကို သူတို့သဘောကျ ထုတ်ပြန်လိုက်၊ ပြောင်းလဲလိုက် အမျိုးမျိုးလုပ်နေကြရင်း ဒီဟာတွေဟာ ငါတို့လက်အောက်က တိုင်းသူပြည်သားတွေအတွက်ပဲ ထုတ်ပြန်တာ။ ငါတို့အတွက် မဟုတ်ဘူး။ ငါတို့က ငါတို့ဘာငါတို့ လုပ်ချင်သလို လုပ်လို့ရတယ် လို့ ထင်တိုင်းကျဲကုန်ကြတာကြောင့် သူတင်ပြခဲ့တဲ့ တရားဥပဒေစိုးမိုးရေး (rule of law) ဆိုတာ တကယ်တမ်းကျတော့ ဘုရင့်အာဏာစိုးမိုးရေး (rule of supreme rulers) အဖြစ် ဖောက်လွဲဖောက်ပြန်တွေ ဖြစ်ကုန်ရတယ်။ ဒါကြောင့် သူ့အဖြစ်ဟာ တရားဥပဒေစိုးမိုးရေးကို ဘယ်လောက်ပဲ အလေးထားခဲ့ပါစေ။ ဘုရင့်ဘက်က ပါမလာတဲ့အတွက် လက်ခုပ်ကို တစ်ဘက်တည်းတီးနေရတဲ့သူလိုပဲ ကြိုးစားသမျှ အရာမထင်ဖြစ်ခဲ့ရသတဲ့။

ဟန်ဖေးဆီလို ပညာရှိတစ်ယောက်အနေနဲ့ သူ့ကိုယ်ပိုင်အယူအဆ တရားဥပဒေစိုးမိုးရေးဆိုတာမှာ ချွင်းခြက်အဖြစ် မင်းဧကရာဇ်ကို ချန်ထားတာဟာ မေ့လျော့သွားလို့၊ ဉာဏ်မမီလို့တော့ ဟုတ်ဟန်မတူပါဘူး။ သက်ဦးဆံပိုင် ပဒေသရာဇ်စံနစ်က ဧကရာဇ်ဘုရင်မင်းမြတ်ကို သူ့ဥပဒေ လက်အောက်မှာ တခြားသူတွေနဲ့တန်းတူ ထားခဲ့မိရင် သူ့ခေါင်းက အဲသည်စကား ပြောမိတဲ့နေ့မှာတင် ပြတ်သွားတာ ကြာပေါ့။ နောက်ထပ် စဉ်းစားစရာတစ်ခုက သူကိုယ်တိုင် ဧကရာဇ်မင်းအဖြစ်ကို ရောက်နေရင်ကော အဲသည်တရားဥပဒေစိုးမိုးမှုအောက်ကို သူများတွေနဲ့တန်းတူ ဝင်လာပါ့မလားပေါ့။ ဪ ပဒေသရာဇ်စံနစ်ဆိုတာ တယ်ဆိုးတာကိုး တရားနာပရိသတ်ရဲ့။ ဒီနေ့ ကျုပ်တို့ ဒီမိုကရေစီခေတ်ကြီးမှာတော့ တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိတော့ဘူးထင်ပါရဲ့။ (လွှတ်တော်ရဲ့အထက်မှာတော့ ခေါင်မိုးကြီးရှိပါသလေ)။ တကယ်လို့များ တစ်ယောက်ယောက်က ကိုယ့်ကိုယ်ကိုယ် တရားဥပဒေရဲ့အထက်မှာ ရှိပါတယ် လို့ ပြုမူကျင့်ကြံနေရင် အဲဒါ ဘယ်ခေတ်မှာကျန်ခဲ့နေတုန်းလဲဆိုတာ သဘောပေါက်လိုက်နော်။ (မယ်မယ်ဘုရားလို့ခေါ်ပြီး ဒူးကလေး ထောက်ကာထောက်ကာ ခစားဝင် ပြားနေအောင် ရှိခိုးတဲ့သူတောင် ရှိသတဲ့။ ဘုန်းကြီးသာ ရိုက်ခိုင်းချင် ခိုင်းမယ်)။

အရှေ့တိုင်းရဲ့ ယဉ်ကျေးမှုဟာ သူတို့ အနောက်နိုင်ငံတွေနဲ့တော့ မတူပါဘူး။ တရားဥပဒေဆိုတာ မိုးအောက်မြေပြင် လူသားအားလုံးလိုက်နာစေဖို့ရာ (all under Heaven) ဆိုပေမယ့် ရှင်ဘုရင်ဆိုတာ မိုးအောက်မြေပြင်ကလူသားအဖြစ် သတ်မှတ်မထားပါဘူး။ မိုးကျရွှေကိုယ် (Son of Heaven) လို့ယူဆတဲ့အတွက် ဟန်ဖေးဆီရဲ့ ဥပဒေစိုးမိုးရေးမှာ ရှင်ဘုရင်ကို ချွင်းခြက်ချန်ထားရတာ နေမှာပါ။ (တို့ဆီက အရပ်ဘက်ဌာနတွေမှာလည်း အဲလို မိုးကျရွှေကိုယ်ကြီးတွေကို တရားဥပဒေရဲ့ ဦးထိပ်မှာထားရသလိုပေါ့)။ ကွန်မြူနစ်စံနစ်အောက်မှာ တရုတ်ပြည်မကြီးကို မကွဲမပြားတသားတည်း အုပ်ချုပ်နိုင်ဖို့အတွက်လည်း ပြည်သူ့ဆန္ဒနဲ့ ရွေးချယ်တင်မြှောက်လိုက်တဲ့ အုပ်ချုပ်သူတို့ဟာ အမြင်ကျယ်ဖို့နဲ့ တရားဥပဒေကို လေးစားလိုက်နာဖို့ လိုအပ်ပါသတဲ့။ ဘာဖြစ်လို့ဆိုတော့ နိုင်ငံ့ခေါင်းဆောင်တွေကို အကြွင်းမဲ့အာဏာပေးအပ်ပြီး လွန်လွန်ကဲကဲ မြှောက်စားလိုက်ရင် ခြစားပျက်စီးသွားတဲ့သာဓကတွေ သမိုင်းထဲမှာ မရေမတွက်နိုင်အောင် တွေ့ခဲ့ဖူးလို့ပါတဲ့။ အနီးစပ်ဆုံး ဥပမာကတော့ မော်စီတုံးကြီးကို လက်ညှိုးထိုးပြတယ်။ (အေးပေါ့အေ။ ခုတော့လည်း ပြောရဲပြီပေါ့။ ခမျာ သေရှာမှကိုး)။ ၂ဝ ရာစုတလျှောက်လုံး တရုတ်ပြည်မှာ ဥက္ကဌကြီးမော်လောက် လွှမ်းမိုးနိုင်တဲ့လူသား နောက်တစ်ယောက် ရိုးစွဲမရှိပါဘူးတဲ့။ သူ့နှုတ်ထွက်စကားတစ်ခွန်းဟာ ဗျာဒိတ်အလား ပန်ဆင်ရပါသတဲ့။ ဒါပေမယ့် အကျပိုင်းကိုရောက်လာတဲ့အခါကျတော့ လူတွေမြှောက်စားလွန်းတာနဲ့ ဘဝင်လေဟပ်ပြီး သံသယဝင်္ကပါထဲမှာ တဝဲလည်လည် ဖြစ်နေရှာသတဲ့။ သူ့လောက် မျိုးဆက်သစ် နောက်တန်းလူမွေးပြီး လေ့ကျင့်ပျိုးထောင်ခဲ့တာလည်း မရှိသလို သူမွေးထားတဲ့လူ အစွမ်းတွေထက်လာရင် သူနဲ့ပုခုံးချင်းယှဉ်မှာစိုုးလို့ ဖြုတ်ထုတ်သတ် လုပ်တဲ့သူလည်း မရှိဘူး။ သူသေသွားတဲ့အခါ ကရူရှေးက စတာလင်ကြီးကို အပုပ်ချခဲ့သလို သူ့ကို နောက်လူတွေက အပုပ်ချမှာလည်း သေမလောက်ကြောက်သတဲ့။ ဒါကြောင့်လည်း သူ့အောက်မှာ ဒုတိယခေါင်းဆောင်လုပ်မယ့်အစားတော့ ကျားမြီးပဲ ဆွဲလိုက်ချင်သေး လို့ အပြောခံရတာ။ သူသေခါနီးတဲ့အခါ “သူ့တစ်သက်တာမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်ကြီးအတွက် တာဝန်ကြီးနှစ်ခု ထမ်းဆောင်ပေးခဲ့ပါသတဲ့။ တစ်ခုက ကျူးကျော်သူဂျပန်တွေနဲ့ ချန်ကေရှိတ်တို့ကို မောင်းထုတ်ပေးနိုင်ခဲ့ပါတယ်တဲ့။ ဒုတိယတစ်ခုကတော့ ခုထက်ထိ မပြီးဆုံးသေးတဲ့ ယဉ်ကျေးမှုတော်လှန်ရေးကြီးကို စခဲ့တာပဲ ဖြစ်ပါသတဲ့။ သူဘာတွေလုပ်နေတယ် လုပ်ခဲ့တယ်ဆိုတာကတော့ ကောင်းကင်ဘုံက အသိဆုံးဖြစ်မှာပါတဲ့။ အဲဒီနောက်တော့ သူ့စကားကို အေဒီ ၃ ရာစုက စကားပုံတစ်ခုနဲ့ အဆုံးသတ်ပြီး မျက်စိမှိတ်သွားပါတော့တယ်။ “Gai guan lun ding.” (Only when a person is dead and the lid of his coffin closed can final judgement be passed on him.) “လူတစ်ယောက်ရဲ့ အကောင်းအဆိုးဆိုတာ သူသေပြီး အလောင်းမြေကျမှ ဝေဖန်တာ အကောင်းဆုံးပါပဲ။” တဲ့။ အင်း။ သူလည်း တစ်ဘက်တည်းတီးခဲ့တဲ့ လက်ခုပ်တွေ ဘယ်လောက်တောင်ရှိခဲ့မလဲ မသိပါဘူး။ ပြည်သူတွေမပါပဲ သူ့ချည့်ပဲ တီးတဲ့လက်ခုပ်တွေကရော အသံထွက်ပါ့မလား။ ဒါလည်း သူသေပြီးလို့ မြည်လာတဲ့အသံတွေကို နားထောင်မှ တကယ်ထွက်မထွက် သိရမှာ မဟုတ်လား။ ကျွန်တော်အခုတီးနေတဲ့ လက်ခုပ်ကရော စာဖတ်သူတွေရင်ထဲမှာ အသံမှ မြည်ပါ့မလား။ ခေါင်းဖုံးပိတ်မှတော့ သိစရာလည်း မလိုတော့ပါဘူး။

credit to Dr Soe Min and it’s original owner Dr Yin Mar