“မြေပုံကိုအလိပ်ဖြေလိုက်ရင် ဓါးသွားတွေပေါ်လာစမြဲပဲ”(EPISODE 5)

nicolus agralOctober 31, 20121min1150

မေမေလေး နာရေးရက်တွေမှာ မောင်လေး ဂျိမ်းစ် က လက်ဖျားခါလောက်စရာ သတင်းထူးတစ်ခုပေးပါတယ်။ “ယင်းမာ နင့်ကို မေမေလေးက အမွေပြတ် စွန့်လွှတ်ထားတယ်။” တဲ့။ သူ့ထက်အရင် နှစ်နှစ်လောက်စောပြီး ဆုံးသွားတဲ့ ယင်းမာဖေဖေ့အသုဘတုန်းကလည်း မေမေလေးက ဖေဖေ့သေတမ်းစာကို ဘယ်သူ့မှလည်းမပြ၊ ဘယ်သူ့ကိုမှလည်း အမွေခွဲမပေးခဲ့ပါဘူး။ မေမေလေးကတော့ မိထွေးမို့ထားပါတော့လေ။ ဖေဖေကရော သမီးအရင်းဖြစ်တဲ့ ယင်းမာကို တစ်ပြားတစ်ချပ်တောင် စေတနာ မရှိဘူးလား။ မခံနိုင်လွန်းလို့ လင်တော်မောင် ဘော့ပ်နဲ့ နှစ်ယောက်သား မေမေလေးအိမ်ခန်းကလေးကို မြေလှန်ရှာကြတာပေါ့။ ဖေဖေ့သေတမ်းစာများ တွေ့ဦးမလားလို့ပါ။ မရှာရပဲတွေ့တာကတော့ မေမေလေးကို ကဏ္ဍကောစလုပ်ပြီး သူ့သားသမီးတွေနဲ့အတူ အမေရိကကိုထွက်သွားတဲ့ မမကြီးဆီကနေ မေမေလေးဆီ ရေးပို့ထားတဲ့ စာတွေ တထပ်ကြီးပါပဲ။ အို ဘုရားသခင်။ မေမေလေးက ယင်းမာကို မမုန်းပဲ ဘယ်နေပါ့မလဲ။ မမကြီးရေးတဲ့စာတွေထဲမှာ ယင်းမာအကြောင်း ကောင်းတာတစ်ခုမှ မပါဘူး။ ယင်းမာနဲ့ပတ်သက်ပြီး မေမေလေးမှာ အဆိပ်သင့်ခဲ့တယ်ဆိုရင် အဲသည် အဆိပ်ကို ခတ်တဲ့သူကတော့ ယင်းမာရဲ့ မမကြီးကိုယ်တိုင်ပါပဲ။ အံဩမဆုံး ရင်နာမဆုံးဖြစ်နေတဲ့အချိန်မှာ ဘော့ပ်က လှမ်းခေါ်ပြီးပြတာက ဖေဖေရေးခဲ့တဲ့ သေတမ်းစာပါ။ ဖေဖေဟာ သူမွေးထားတဲ့ တခြားသားသမီးများနဲ့တန်းတူ ယင်းမာကိုလည်း သူပိုင်ဆိုင်သမျှတွေ ခွဲဝေအပေးခဲ့သားပါလား။ အမွေဆိုတာကတော့ စားထိုက်မှ စားရတာပါလေ။ ဒါပေမယ့် ကိုယ်မရခဲ့လေခြင်းလို့ထင်နေတဲ့ ဖေဖေ့ရဲ့ စေတနာမေတ္တာတွေကို ရလိုက်သားပဲဆိုတဲ့အသိက ဖေဖေတစ်ယောက်လုံး ယင်းမာအနားမှာ စကားလာပြောနေသလိုကို ခံစားရပါတယ်။ ဖေဖေက ဘာပြောသလဲ သိလား။ “Tu qiong bi sian.” (When the map is unrolled, the dagger is revealed.) ‘ယင်းမာရေ။ မြေပုံကို အလိပ်ဖြေလိုက်ရင် ဓါးသွားတွေဆိုတာ ပေါ်လာတတ်စမြဲပဲ။” တဲ့။

သမိုင်းစဉ်တလျှောက်လုံး ကမာ္ဘမှာ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်တစ်ခုကနေ မီးခိုးကြွက်လျှောက် တုတ်တပြက် ဓါးတပြက် စစ်မက်တွေ ဖြစ်ပွားခဲ့တာ အကြိမ်ပေါင်း မနည်းပါဘူး။ မျက်နှာဖုံးစွပ်ကွာကျသွားတဲ့အခါ ဘီလူးဇာတိပြလာတယ် လို့လည်း ပြောလို့ရတာပေါ့။ ဥပမာအားဖြင့် ပုလဲဆိပ်ကမ်းကို ဗုံးကျဲတဲ့ဖြစ်ရပ်မျိုး၊ စက်တင်ဘာ ၁၁ ရက်နေ့က အမေရိကမှာဖြစ်တဲ့ ဖြစ်ရပ်မျိုးကို ဆိုလိုတာပါ။ ခုဆို သူတို့ဆီမှာ ပြောစမှတ်တောင်တွင်နေပြီ။ ဘုမသိဘမသိဖြစ်နေတဲ့သူဆို “ဟဲ့ … စက်တင်ဘာ ၁၁ရက်နေ့တုန်းက နင် ဘယ်ရောက်နေလို့တုန်း။” လို့ ပြောကြတယ်။ အဲသည်မေးခွန်းကိုပဲ ယင်းမာရဲ့သမီးဖြစ်သူကလည်း ယင်းမာကို အတည်ပေါက်ကြီးနဲ့ မေးခဲ့ပါတယ်။ “နေဦး နေဦး။ ငါစဉ်းစားလိုက်ဦးမယ်။” ဆိုတော့ သမီးက “မေမေ စဉ်းစားမယ်ဆိုတာ ဘာစကားပုံနဲ့ ပြန်ဖြေရကောင်းမလဲ စဉ်းစားတာ မဟုတ်လား။ တို့အမေကတော့ စံပဲ။” လို့ ပြောပါတယ်။ ဟုတ်လိုက်လေ။ အဲသည်အဖြစ်အပျက်ကို ထင်ဟပ်ပြီးပြောစရာ ရှီဂျီစာအုပ်ကြီးထဲမှာ ပြန်ရှာလို့ရတော့မှ သမီးဆီ ဖုန်းပြန်ဆက်ရတယ်။ “လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ဝ ကျော်ကပေါ့ သမီးရယ်….။”

ဟန်ဖေးဆီသေပြီးတဲ့နောက် ဇန်ဧကရာဇ်မင်းဟာ တရုတ်နိုင်ငံတစ်နိုင်ငံလုံးကို သူ့လက်အောက် ရောက်လာအောင် ခြေလှမ်းတစ်လှမ်းချင်း လှမ်းပါတော့တယ်။ သနားညှာတာခြင်း ကင်းမဲ့တဲ့စစ်ပွဲတွေ၊ ပရိယာယ်ဝေဝုစ် ကြွယ်ဝတဲ့ ချဉ်းကပ်မှုတွေ၊ တရားသော မတရားသော ဆင်ခြင်ခြင်းမရှိတဲ့ လှည့်စားမှုတွေသုံးလို့ နောက်ခြောက်နှစ်လောက်အကြာမှာတော့ ဟန်၊ ဆောင် နဲ့ ဝေနိုင်ငံတွေဟာ သူ့လက်အောက်ခံ ဖြစ်လာလေတော့တယ်။ ဒီလိုနဲ့ ဆက်ပြီး မျက်စောင်းထိုးလာတာကတော့ အခု ဘေဂျင်းမြို့တော်တည်ရှိရာ ယန် နိုင်ငံပဲ ဖြစ်ပါတယ်။ အဲဒီယန်နိုင်ငံမှာ ဇန်ဘုရင်မင်းမြတ်နဲ့ သက်တူရွယ်တူ အိမ်ရှေ့မင်းသား တန် ဆိုတာ ရှိပါတယ်။ သူလည်းပဲ အစတုန်းကတော့ ဇန်မင်းသားလေးနဲ့အတူ ဆောင်နိုင်ငံမှာ ကြီးပြင်းခဲ့ရလို့ ကစားဖော်ကစားဘက်တွေ ဖြစ်ပါသတဲ့။ ဇန်မင်းသားရဲ့ခမည်းတော် ချင်ပြည်နယ်မှာ နန်းတက်တဲ့အခါ လျူဖုဝေအိမ်မှာကျန်ခဲ့တဲ့ သူ့မယ်မယ်တို့ကို လှမ်းခေါ်တော့ မင်းသားလေးကမှ ၁ဝ နှစ်ပဲ ရှိဦးမယ်။ နောက် ၃ နှစ်အကြာ သူ့ခမည်းတော် နတ်ရွာစံတော့ ရင်ခွင်ပိုက်ဘုရင်အဖြစ် လျူဖုဝေက အုပ်ချုပ်တယ်။ အပြိုင်းအရိုင်း လူလားမြောက်လာကြတဲ့ မင်းသားနှစ်ပါးဟာ ဆယ်ကျော်သက်အရွယ် လွန်မြောက်လာတဲ့အခါမှာတော့ တန်မင်းသားက ငြိမ်းချမ်းရေးအာမခံအဖြစ် ချင်ပြည်ကို ရောက်လာခဲ့တယ်။ တချိန်က ဇန်မင်းသားခမည်းတော်လိုပေါ့။ ကလေးတုန်းက လည်ပင်းဖက်ဆော့လာခဲ့တာမှ အားမနာ ဇန်ဘုရင်ကလေးက တန်မင်းသားအပေါ်မှာ တော်တော် ချိုးချိုးဖဲ့ဖဲ့ နှိပ်ကွပ်ခဲ့လို့ နောက်ဆုံးမှာ သူ့တိုင်းပြည် သူပြန်ပြေးသွားရရှာတယ်။ စိတ်ထဲမှာလည်း ဘယ်လိုလက်တုန့်ပြန်ရမလဲ တနုံ့နုံ့နဲ့။ ခါချဉ်ကောင်မာန်ကြီးတောင်ကြီးဖြိုမည့်ကြံ ခါးကမသန်တဲ့။ သူပြန်ရောက်လို့မှ မကြာခင် ဇန်ဘုရင်မင်းမြတ်က နယ်စပ်မှာ တပ်တွေလာဝိုင်းတော့တာကိုး။ (တကယ်တော့ ငြိမ်းချမ်းရေးကို မလိုချင်၊ တိုင်းပြည်ကိုသာ သိမ်းပိုက်ချင်တာမို့ ဟိုက ရာဇပရိယာယ်ဆင်လိုက်တာ ထင်ပါတယ်)။ ယန်နိုင်ငံအုပ်ချုပ်သူတွေအနေနဲ့ အရမ်းကို ပူပန်သောကရောက်ကြလေတော့တယ်။

အရေးထဲ အရာပေါ်ဆိုသလိုပဲ။ ချင်နိုင်ငံဘက်က စစ်ဗိုလ်ချုပ်ကြီး ဖန်ယုကျီဆိုတာက ဇန်ဘုရင်ကို လုပ်ကြံပုန်ကန်ဖို့ကြိုးစားတာ မအောင်မြင်ပဲ တန်မင်းသားဆီကို ပြေးဝင်ခိုလှုံလာပါလေရော။ ယန်မူးမတ် ပညာရှိတွေအားလုံးက အဲဒီစစ်သူကြီးကို လက်ခံထားတာဟာ ဇန်ဘုရင်ကို အံတုတာနဲ့အတူတူပဲ လို့ ယူဆကြတယ်။ ငြိမ်းချမ်းရေးအာမခံအဖြစ်ထားတဲ့ တန်အိမ်ရှေ့မင်းသား ပြန်လာကတည်းက နွေခေါင်ခေါင်ဖိန့်ဖိန့်တုန်အောင် ကြောက်နေကြရတာ။ အခု ရန်သူ့ဘက်က သူပုန်ကို လက်ခံထားမိရင်တော့ ဘယ်ဆိုဖွယ်ရာရှိမလဲ။ ဒါပေမယ့် ခေါင်းမာတဲ့တန်မင်းသားကို ဘယ်သူမှ ဖျောင်းဖြလို့မရကြဘူး။ ဒီလိုနဲ့ မူးတွေမတ်တွေ ဝိုင်းဝန်းအဖြေရှာရင်း နောက်ဆုံးတော့ ချန်ပညာရှိဆီမှာ အကူအညီတောင်းလာတယ်။ ချန်ပညာရှိကြီးက သူမတတ်နိုင်သော်ငြား ဘယ်သူကများတတ်နိုင်ပါ့မလဲလို့ လိုက်ရှာတဲ့အခါ ကြင်ခဲ လို့ခေါ်တဲ့ ဈေးထဲက ယစ်ထုပ်ကြီးတစ်ယောက်ကို သွားတွေ့တယ်။ ဆရာကြင်လို့ လူတွေကခေါ်ကြတဲ့ အဲဒီလူကြီးဟာ စာပေလည်းနှံ့စပ်တယ်။ ဓါးရေးလှံရေးလည်း ကျွမ်းကျင်တယ်။ နဂိုတုန်းကတော့ ဝေနိုင်ငံကလာသတဲ့။ နောက်တော့ ဝေ ကလည်း ချင် အောက်ရောက်သွားတာနဲ့ ခြေဦးတည့်ရာထွက်လာရင်း ဟန် ကိုရောက်လာတာ လို့ ဆိုကြတယ်။ ဒီလိုဆိုရင်တော့ ဇန်ဘုရင်ကို ချစ်စရာအကြောင်းတော့ မရှိပါဘူး။ သူက အင်မတန် အရက်ကြိုက်တတ်ပြီး သားသတ်သမားတစ်ယောက် ဂီတသမားတစ်ယောက်နဲ့ တော်တော်ရင်းရင်းနှီးနှီးပေါင်းသတဲ့။ သူတို့မိတ်ဆွေသုံးဦးစလုံးဟာ ဖြောင့်မတ်မှန်ကန်ကြပြီး သာမာန်လူတွေနဲ့တော့ မတူပါဘူးတဲ့။ အဲဒီလူနဲ့ တိုင်ပင်ကြည့်ဖို့ ချန်ပညာရှိက တိုက်တွန်းတဲ့အခါ တန်အိမ်ရှေ့စံက “ရှေ့တော်အရောက်သာ ခေါ်လာခဲ့ပါ။ သို့ပေမယ့် ဒီအရေးကိစ္စကို သင်နှင့်ငါ နှစ်ဦးသာ သိပါစေ။” လို့ သေသေချာချာ မှာလွှတ်လိုက်သတဲ့။ ချန်ပညာရှိက ဆရာကြင်ကို “အိမ်ရှေ့ကိုယ်တော်လေးက သင့်ကို အရေးကြီးစကားတိုင်ပင်လို၍ ယခုပင် နန်းတော်သို့ အခစားဝင်ပါ။” လို့မှာပြီးတာနဲ့ သူ့လည်ပင်းသူလှီးလို့ သတ်သေလိုက်သတဲ့။ ကိုယ်တော်လေးက သူ့ကို အပြင်လူမသိဖို့သေသေချာချာ မှာတယ်။ အခု သူသေသွားတဲ့နောက်မှာ ဘယ်သူမှ သိစရာအကြောင်း မရှိတော့ဘူး လို့ လျှောက်တင်လိုက်ပါ လို့လည်း ဆရာကြင့်ကို မှာလိုက်သတဲ့။ တကယ်တော့ သည်ကိစ္စဟာ ဘယ်လောက်လေးနက်သလဲဆိုတာကို ဆရာကြင့်ကို သိစေတဲ့အပြင် သဘောမတူလို့ ငြင်းချင်ရင်တောင်မှ အလဟဿ အသက်ဆုံးရှာတဲ့ သူ့မျက်နှာကို ထောက်ထားပြီး မငြင်းသာအောင် တုပ်နှောင်လိုက်တာပါ။

ကိုယ့်အသက်တောင် ကိုယ်မနှမြောတဲ့သူတွေက စီစဉ်ထားတဲ့အကြံဉာဏ်ကတော့ သည်လိုပါတဲ့။ ဇန်ဘုရင်မင်းမြတ်ကို လက်ရအမိဖမ်းပြီး သူတို့နိုင်ငံကို ဝိုင်းရံထားတဲ့ တပ်တွေကို ဆုတ်ခွာစေမယ်။ သူမတရားသိမ်းပိုက်ထားတဲ့ နယ်ပယ်တွေကို သူ့နယ်စားပယ်စားတွေကို ပြန်ပေးပြီး စည်းရုံးမယ်။ အဲဒါမှ မအောင်မြင်ရင်လည်း ဇန်ဘုရင်ကို အရှင်မထားပဲ သတ်ပလိုက်ရင် ခေါင်းဆောင်မရှိတဲ့ တပ်ပျက်ကြီးကို အလွယ်တကူ အနိုင်ယူလို့ရမယ် လို့ တွက်ဆကြပါသတဲ့။ ဆရာကြင်ကို ရွှေငွေကျောက်သံပတ္တမြား လူသူလက်နက် လိုသလောက်ယူစေဆိုပေမယ့် ဆရာကြင်လိုအပ်တာ အဲဒါတွေ မဟုတ်ပါဘူး။ သူလို မျက်နှာစိမ်းတစ်ယောက်အနေနဲ့ ဇန်ဘုရင် အနားကိုကပ်လို့ရမယ့် ငါးစာတစ်ခု လိုချင်ပါသတဲ့။ တည့်တည့်ပြောတော့ ဖန်စစ်သူကြီးရဲ့ ဦးခေါင်းကို လိုချင်ပါသတဲ့။ “ဒါကလွဲလို့ တခြားကြိုက်တာတောင်း” လို့ ဆုမပေးသာတဲ့ မင်းသားကို ဆရာကြင်ကလည်း ထွေထွေထူးထူး ပြောမနေတော့ပါဘူး။ သူကိုယ်တိုင်ပဲ ဗိုလ်ချုပ်ဖန်ကို နှစ်ဦးချင်းသွားတွေ့ပါတယ်။

“ကျန်းခန့်သာလို့ မာပါစ ဗိုလ်ချုပ်မင်း။ ဗိုလ်မင်းတို့ရဲ့ ဇန်ဘုရင်မင်းမြတ်ကတော့ ကမ်းကုန်အောင် ရက်စက်လှပါပေတယ်။ ဗိုလ်မင်းရဲ့ အမိအဘ မိန်းမ သားသမီး ဆွေစဉ်မျိုးဆက်အားလုံး တစ်ခေါင်းမှ မကျန်အောင် စီရင်လိုက်တဲ့သတင်း ကြားမိလို့ စိတ်မကောင်းဖြစ်ရပါတယ်။ အခုဆို ဗိုလ်မင်းရဲ့ ဦးခေါင်းကိုတောင် ရွှေစင်အသပြာတစ်ထောင် နဲ့ အိမ်ခြေတစ်သောင်း ရွာကြီးတစ်ရွာ စားစေမယ် လို့ ဆုငွေထုတ်ထားသဗျ။ ဘယ့်နှယ်လုပ်ကြမတုန်းဗျာ။”

“ကျုပ်လည်း နေ့စဉ်နဲ့အမျှ စိတ်ဆင်းရဲလှပါသော်ကော နောင်ကြီးရယ်။ ဘယ်လိုမှလည်း မကြံတတ်တော့ဘူး။ အကြံဉာဏ်လေးများ ရှိရင် ပေးပါဦး။”

“စိတ်ကူးမိတာတစိခုတော့ ရှိပါရဲ့ ဗိုလ်မင်းရယ်။ ဗိုလ်မင်းအလိုလည်း ပြည့်ရစေ့မယ်။ ကျုပ်တို့ ယန်နိုင်ငံလည်း ရန်ဘေးမသန်း အေးအေးချမ်းချမ်း ဖြစ်သွားမယ်။ ဇန်ဘုရင်ကိုလည်း လက်စားချေရာရောက်မယ်ဗျ။ ဒါပေသိ ပြောမထွက်ပေါင်ဗျာ။ ကိုယ့်နှုတ်ခမ်းကိုယ်ကိုက်ပြီး မနည်းမြိုချနေရတယ်။”

“ပြောသာပြောပါ နောင်ကြီးရယ်။”

“ခေါင်းတစ်ခေါင်းလိုသဗျာ။ ခေါင်းတစ်ခေါင်း။ ကျုပ်သာ ဗိုလ်မင်းခေါင်းကို ရလို့ကတော့လေ တံတင်းထဲကိုထည့် ဇန်ဘုရင်ကိုသွားဆက်ရင် သူလည်း ဝမ်းသာအားရ လာကြည့်မှာ ဧကန်ပဲဗျ။ ဒီတော့မှ ဘယ်လက်နဲ့ သူ့ဝတ်ရုံကိုလှမ်းဆွဲပြီး ညာလက်နဲ့ ရင်ဝတည့်တည့် ဓါးနဲ့များထိုးထည့်လိုက်ရရင် သိကြားသားမို့ ဒင်းခံနိုင်မှာလားဗျာ။ ဗိုလ်မင်းလိုအင်လည်းပြည့်ဝ။ အိမ်ရှေ့ကိုယ်တော် အရေးတော်လည်းအောင်။ ခုနှစ်ပြည်ထောင်မင်းအပေါင်းတို့လည်း စစ်မက်ရန်ဘေး ကင်းဝေးသွားမှာပေါ့၊”

အဲသလိုဆိုလိုက်တော့ ဖန်စစ်သူကြီးလည်း ခဏလောက်တွေသွားပြီးနောက် “စောစောက ပြောရောပေါ့ဗျာ။” ဆိုပြီး မြသန်းတင့် ဝတ္ထုထဲကအတိုင်း ကိုကျော်ကို ဓါးတောင်း၍ မိမိလည်ကိုဖြတ်မည် လုပ်လိုက်သတဲ့။ ဘယ်သူမှတော့ စိတ်မကောင်းကြဘူးပေါ့လေ။ ဒါပေမယ့် ဖြစ်ပြီးမှတော့ ဘာတတ်နိုင်မှာတုန်း။ လုပ်စရာရှိတာ ဆက်လုပ်ကြတာပေါ့။ အထက်ဆုံးဓါးကို မြိနေအောင်သွေးပြီး ဆင်တစ်ကောင်လုံး တုံးကနဲ ပစ်လဲစေတဲ့ အဆိပ်တွေ သုတ်လိမ်းလို့ စီရင်ပြီး လူတော်တော်များများနဲ့ ရီဟာဇယ်လုပ်ကြည့်သေးတာတဲ့။ အဖော်မပါရင် တစ်ယောက်တည်း ခြောက်ကပ်ကပ်နေမှာစိုးလို့ ကျင်ဝူယန်ဆိုတဲ့ လူ့အသက်ကို ဖက်ရွက်လောက်မှ တန်ဖိုးမထားသူတစ်ယောက်ကိုပါ ထည့်ပေးလိုက်သတဲ့။ မပြန်လမ်းကို သွားတော့မှာဆိုတာ သိတဲ့အတွက် ဟန်နိုင်ငံကထွက်ကတည်းက အသုဘအခမ်းအနားနဲ့ သရဏဂုံတင်ပြီး ထွက်ခဲ့ကြသတဲ့။ အရက်တွေ မူးနေအောင်သောက်ပြီး ဆရာကြင့်မိတ်ဆွေ စောင်းသမားကြီးက လွမ်းစရာတေးသီချင်းတွေ ဆိုလို့တီးလို့ နှုတ်ဆက်လိုက်ပို့ကြတာ တန်မင်းသားကိုယ်တိုင်တောင် မျက်ရည်မဆည်နိုင်ပါဘူးတဲ့။ ဗြပ်စောင်းသံကလေးကလည်း ဘာနဲ့မှ မတူအောင် သာယာပါပေသတဲ့။

ရှန်းယန်မြို့ကိုရောက်တဲ့အခါ ဆရာကြင်က ရဲမက်များကို တံစိုးလက်ဆောင်များပေးလို့ ရှေ့တော်အရောက်ပို့စေသတဲ့။ သံတမန်နှစ်ဦးလွှတ်ပြီး ဖန်စစ်သူကြီးရဲ့ ဦးခေါင်းမှန်းအတည်ပြုပြီးတော့မှ ရှေ့တော် ခစားစေရတယ်။ ဆရာကြင်က ခေါင်းပြတ်ပါတဲ့ တံတင်းကလေး နဲ့ ကျင်ဝူယန်က ပဏ္ဍာဆက်လိုက်တဲ့ ဂျူကန်ပြည်နယ်ရဲ့ မြေပုံကလေးနဲ့ အခစားဝင်ကြတဲ့အခါ နံမယ်ကျော် ကြေးစားလူသတ်သမားကြီးက မျက်နှာမှာသွေးဆုတ်ပြီး တဆတ်ဆတ်တုန်နေပါရော။ ဆရာကြင်က ကမန်းကတန်း “အလို တောကတက်လာတဲ့ အကောင်ဆိုတော့ ရှင်ဘုရင့် ဘုန်းရှိန်ကံရှိန်ကို မခံနိုင်ပဲ ကြောက်ဒူးများပင် တုန်လာပါပေါ့လား။ ကျွန်တော်မျိုးကြီးကိုသာ အပါးတိုးခွင့်ပြုပါဖျား။” လို့ဆိုတော့ ဇန်ဘုရင်က ကျင်ဝူယန်ကို နောက်ဆုတ်ခိုင်းလိုက်ပြီး ဆရာကြင်ကို မြေပုံဆက်စေသတဲ့။ မြေပုံအလိပ်ကို ဖြေလိုက်တာနဲ့တပြိုင်နက် အသွားထက်တဲ့ဓါးတစ်စင်းဟာ ဆရာကြင်ရဲ့ညာလက်ကနေထွက်လာပြီး ဘုရင့်ရင်ဝမှာ တေ့ထားပြီးသားပဲတဲ့။ ဘုရင်ကလန့်ပြီး နောက်ကိုခုန်ဆုတ်လိုက်တဲ့အတွက် ဘယ်ဘက်လက်နဲ့လှမ်းဆွဲထားတဲ့ ဝတ်ရုံစက ပြဲပါသွားတယ်။ ခါးမှာပတ်ထားတဲ့ ဓါးရှည်ကိုဆွဲထုတ်ပြီး ခုခံဖို့ကြိုးစားပေမယ့် နေရာကကြပ်နေလို့ မထုတ်သာဘူးတဲ့။ နန်းဆောင်ထဲက မူးတွေမတ်တွေကတော့ အံ့အားသင့်ပြီး ကြက်သေသေနေကြသတဲ့။ သူတို့လည်း ဘာမှ မတတ်နိုင်ဘူးလေ။ အခစားဝင်ကတည်းက လက်နက်တွေ အပြင်မှာ အကုန် အပ်ခဲ့ရတာကိုး။ အပြင်က ရဲမက်တွေကလည်း အထဲက မခေါ်ပဲ ဝင်လာစရာအကြောင်းမရှိဘူး။ ဘုရင်ကို ဆေးမြစ်စုံဆက်ဖို့ အခစားဝင်လာတဲ့ သမားတော်ကြီးက လက်ထဲက ဆေးမြစ်အိုးနဲ့ လှမ်းပေါက်လိုက်တဲ့အခါ ဆရာကြင် ဟန်ချက်ပျက်သွားတုန်း ရဲမက်က “ဓါးကို နောက်ကျောကနေ လက်ပြန်ထုတ်လိုက်ပါ ဖျား။” လို့ အော်လိုက်မှ ဘုရင်လည်း သတိဝင်လာပြီး ရန်သူကိုလှမ်းတွက်လိုက်တဲ့အခါ ပေါင်ရင်းကိုထိသွားသတဲ့။ ခြေထောက်ကခွေကနဲ ညွှတ်သွားခိုက်မှာ ရှိသမျှအားကုန်သုံးပြီး ရှင်ဘုရင်ကို ဓါးနဲ့လှမ်းထိုးလိုက်ပေမယ့် ဘေးချော်ပြီး ကြေးတိုင်လုံးကြီးကိုသာ ထိုးမိပါသတဲ့။ ဘုရင်က မသေမချင်း နောက်ထပ် ခုနှစ်ချက်လောက် ခုတ်တာတောင်မှပဲ နန်းတော်တိုင်လုံးကို မှီပြီးထိုင်ချလိုက်တဲ့ ဆရာကြင်ဟာ သွေးပွက်ပွက်ထွက်နေတဲ့ကြားက အသံနက်ကြီးနဲ့ ရယ်ပါသတဲ့။ “တောက်။ ငါက အရှင်ဖမ်းချင်ဇောနဲ့ လောကြီးသွားလို့ပေါ့ကွာ။ ခုတော့ တခြားလူက ငါ့သခင်အမှုတော်ကို ဆက်ထမ်းရတော့မယ်။” လို့ ပြောသွားတယ်။

ကြောက်လန့်တကြားကနေ ယမ်းပုံမီးကျ ဖြစ်သွားတဲ့ ဖန်ဘုရင်ဟာ ကျင်ဝူယန်ကို အဆုံးစီရင်ပြီးတာနဲ့ ရှိသမျှတပ်တွေအကုန် ဟန်နိုင်ငံကို ချီစေပါတယ်။ ဟန်ဘုရင်မင်းမြတ်ကိုယ်တိုင်က သားတော်အိမ်ရှေ့မင်းသားဦးခေါင်းကို ဖြတ်ပြီးဆက်တာတောင် လက်မခံပဲ နောက်နှစ်အနည်းငယ်အကြာမှာ ဘုရင်ကိုယ်တိုင် သတ်သေစေပြီး ချင်နိုင်ငံလက်အောက်ကို သိမ်းသွင်းခဲ့ပါတယ်။ လုပ်ကြံမှုကို အစကတည်းက သိခဲ့မြင်ခဲ့တဲ့ စောင်းဆရာကြီးကိုတော့ မျက်လုံးအစုံဖောက်ထုတ်လိုက်သတဲ့။ သို့သော် အဲသည်စောင်းဆရာကြီးက နံမည်ပြောင်း ရုပ်ဖျက်ပြီး ချင်နန်းတော်ထဲ ဝင်ခစားတဲ့အခါ ဗြတ်စောင်းလက်သံက သာယာလွန်းလို့ အထောက်တော်တွေကတဆင့် ဘယ်သူဘယ်ဝါ ဘယ်ကလာမှန်း သိသွားတာတောင် အပြစ်တော် မယူရက်ဘူးတဲ့။ အတွင်းဆောင်တော်ထဲ အိပ်ဆောင်တော်ထဲအထိ ဝင်ရောက်ဖျော်ဖြေခွင့်ရတဲ့ စောင်းအိုလုလင်ကြီးက ခဲသားအတိနဲ့သွန်းထားတဲ့ စောင်းအိုး၊ ဓါးသွားပမာထက်တဲ့ စောင်းကြိုးများနဲ့ အနီးကပ်လုပ်ကြံလာတဲ့အခါ မအောင်မြင်လို့ သူ့အသက်ပါ ထပ်ပေးဆပ်လိုက်ရသော်ငြားလည်း ဇန်ဘုရင်ရဲ့ဘဝဟာလည်း အဲသည်ကတည်းက သေသွားတော့တာပဲတဲ့။ ဘယ်သူ့ကိုမှ မယုံကြည်၊ ဘယ်သူနဲ့မှ အတွေ့မခံ၊ သူဘယ်မှာရှိနေပြီး ဘယ်ကိုသွားမယ်ဆိုတာလည်း ဘယ်သူ့မှ အသိမပေးပဲ သေသည်အထိ အလွန်အမင်း လျှို့ဝှက်စွာ အထီးကျန်စွာ နေထိုင်သွားလေတော့သတဲ့။ ဘယ်လောက်ကြောက်လန့်သွားသလဲဆိုတာ ခန့်မှန်းနိုင်ပါလိမ့်မယ်။ သူ့ကို လုပ်ကြံမယ့်သူကို ကြောက်နေတာလား။ သူ့အကုသိုလ်အရိပ်ကို သူပြန်ကြောက်နေတာလားတော့ သူမှပဲ သိပေလိမ့်မယ်။

ဒီတစ်ခေါက် စကားပုံကလေး နဲ့ သမိုင်းကြောင်းကလေးကိုဖတ်ရင်း ဆက်တွေးမိတာက အဲသည်စကားပုံဟာ ပုံခိုင်းပြောဆိုစရာသက်သက် မဟုတ်ပဲ တင်စားချက်၊ ထင်ဟပ်ချက်တစ်ခုရော မဖြစ်နိုင်ဘူးလား။ နိုင်ငံနယ်နိမိတ်တွေ အငြင်းပွားကြတဲ့အခါ မြေပုံစက္ကူအလိပ်ကြီးဖြေချလိုက်တာနဲ့ တုတ်တပျက်ဓါးတပျက် စစ်မက်တွေဖြစ်ပွားလာတာကို ပြောချင်တာများ ဖြစ်နေမလား။ ဘာလို့ဆိုတော့ ကိုယ့်ဆီမှာ အခုဖြစ်နေတဲ့ ရခိုင် ဘင်္ဂါလီ ပြဿနာဟာ နဂိုကတည်းက တအုံနွေးနွေး ရှိခဲ့တာကြာပြီဆိုပေမယ့် ဝုန်းကနဲမီးထတောက်လာတာဟာ ကုလသမဂ္ဂမှာ ရေပိုင်နက်အငြင်းပွားမှုကို မြေပုံကြီးဖြန့်ပြပြီး သတ်မှတ်ပေးလိုက်တာရယ်၊ ကိုယ်တို့ဘဘကြီးတစ်ယောက်က ဒင်းတို့တတွေဟာ ဘယ်တုန်းကမှ ပြည်ထောင်စုတိုင်းရင်းသားထဲမှာ မပါပါဘူး လို့ အတိအလင်း ငြင်းချက်ထုတ်လိုက်တဲ့အခါမှာရယ် သေသေချာချာ အစီအစဉ်တကျ၊ ဗျူဟာကျကျ ဝင်ရောက်ဖန်တီးလာတာ မဟုတ်ဘူးလို့ ဘယ်သူသက်သေပြနိုင်သလဲ။ မတော်တဆဖြစ်ရပ်တစ်ခုလို့ ပြောချင်ရင်တော့ အဆိပ်လူးထားတဲ့ဓါးသွား နံကြားကို တည့်တည့်ဝင်လာတဲ့အခါ ကိုယ်တိုင်သိလာပါလိမ့်မယ်။ မြေပုံကိုလည်း အလိပ်ဖြေပြီးပြီ။ ဓါးသွားတွေလည်း ဖွေးကနဲ တွေ့လိုက်ရပြီ။ ကိုင်း ဘာဆက်လုပ်ကြမလဲဗျာ။

credit to Dr Soe Min and it’s original owner Dr Yin Mar