“စာအုပ်စာပေ မီးရှို့စေ”(EPISODE 6)

nicolus agralNovember 1, 20121min1472

၁၉၇၉တုန်းက ရှန်ဟိုင်းကို ပြန်ရောက်တဲ့အခါ အနှစ်သုံးဆယ်ကျော် ကွဲနေတဲ့ အန်တီလေး နဲ့ တူဝရီးနှစ်ယောက်သား ပြန်တွေ့ကြပါတယ်။ ပရိဘောဂမရှိ ဘာမရှိနဲ့ သူနေတဲ့ အိမ်ခန်းကျဉ်းကျဉ်းစုတ်စုတ်ကလေးကို မြင်တော့ ရင်ထဲကို ဆို့တက်လာတာပဲ။ သူ့အိမ်က ပြည်သူပိုင် အသိမ်းခံလိုက်ရလို့ ၁၉၆၆ ကတည်းက သူများအိမ်မှာ ကပ်နေရရှာတယ်။ သူ့ခမျာ သနားပါတယ်။ စကားတောင် ကျယ်ကျယ် မပြောရဲဘူး။ ဟိုဟိုသည်သည် ကျီးကန်းတောင်းမှောက်ကြည့်ပြီးမှ လက်ကလေးကာ လေသံကလေးနဲ့ ကပ်ပြောတယ်။ ပြောမှားဆိုမှားရှိလို့ ထောက်လှမ်းရေးတွေက တို့ လိုက်ရင် မလွယ်ဘူးလေ။ “အောင်မယ်လေး။ ငါ့တူမလေးရယ်။ မသေလို့သာ တွေ့ရတော့တယ်။ ဒီ့အရင် သုံးနှစ်လောက်က ပုံမျိုးသာဆိုရင် တို့တွေ စကားတောင် ဟဟပြောရဲမှာ မဟုတ်ဘူး။” တဲ့။ မာကြောင်းသာကြောင်းကနေ ဟိုအကြောင်း သည်အကြောင်းတွေ ရောက်ကုန်တော့ ဥက္ကဋ္ဌကြီးမာရဲ့နော ဘူတာဆိုက်လာတယ်။ အန်တီလေးကတော့ သူ့ဥက္ကဋ္ဌကြီးကို ပထမမြောက်ဧကရာဇ်ကြီးနဲ့ နှိုင်းပါတယ်။ နှိုင်းတာတောင် မဟုတ်ဘူး။ အတိအကျကို စွပ်စွဲတာ။ သူပဲ ပြန်ဝင်စားတာနေမှာပါ တဲ့။ အကြောင်းပြချက်ကတော့ သူက စာအုပ်တွေကိုလည်း မီးရှို့တယ်။ ကျောင်းသားတွေကိုလည်း မြေမြှုတ်တယ်လေ တဲ့။ ဒီလိုဆိုတော့ စာဖတ်နေတဲ့ ကိုယ်လည်းပဲ ကလေးဘဝက သမိုင်းသင်ရင်း ကြားမိမှတ်မိတဲ့ နံမည်ကလေးတစ်ခု ပြန် သတိရသွားပါတယ်။ ရှီဝေါင်တီ ဆိုတဲ့ ဘုရင်ကလည်း စာအုပ်စာပေတွေ မီးတိုက် ဖျက်ဆီးခဲ့လို့ တရုတ်ပြည်မှာ အမှောင်ခေတ်ကြီး စသွားတယ် ဆိုတာလေ။ သူ့စာဆက်ဖတ်တော့မှ ပဲ လိပ်ပတ်လည်သွားတော့တယ်။ လျူဖုဝေကြီးထောင့်ကန်ဘော ကစ်ထည့်လိုက်တဲ့ ဇန်ဘုရင်မင်းမြတ်ဟာ တရုတ်အင်ပါယာကြီးရဲ့ ပထမမြောက်ဧကရာဇ်။ ဘိသိက်ခံတဲ့ ဘွဲ့ကတော့ ချင်ရှီဝှမ်တီ အဓိပ္ပါယ်ကတော့ ပထမဦးဆုံး ချင်မင်းဆက်ကို ထူထောင်သူ ဖြစ်ပါသတဲ့။ လက်စသတ်တော့ ကိုယ်သိနေတဲ့ ကမာ္ဘကျော်ဗီလိန်ကြီးဟာ တစ်ယောက်တည်းပဲကိုး။

တရုတ်နိုင်ငံတဝှမ်းလုံးကို သိမ်းမြန်းပိုင်စိုးပြီးလို့ တစ်ဦးတည်းသော ဧကရာဇ်မင်းအဖြစ် နန်းသိမ်းပွဲဆင်ယင်ပြီးတဲ့အခါမှာ ရှေးမင်းတို့ထုံးနှလုံးမူလို့ သူ့တူသူ့သား အမှူးထားလျက် အမျိုးထဲရှိရှိသမျှသော ယောကျင်္ားဘသားအပေါင်းတို့ကို နယ်စားပယ်စား ရာထူးရာခံများ ပေးသနားလေတော့သတဲ့။ ရှင်ဘုရင်ပဲ ဘာလုပ်လုပ် တင့်တယ်တာပေါ့။။ ဘယ်သူကပြောရဲတဲ့သူ ရှိမှာလဲ မထင်နဲ့။ သိပ်ရှိတာပေါ့ဗျာ။ တရားရေးဝန်ကြီးလုပ်နေတဲ့ ပညာရှိကြီး လီဆီက ဒါမျိုးကို လုပ်ချင်ရင် အခြေခံဥပဒေကို အရင်ပြင်ရတာမို့ ကန့်ကွက်စာတင်လေသတည်း။ သူ့ကိုတော့ ဘယ်သူကမှ ရာထူးမှ နှုတ်ထွက်စာတင်ပါလို့ မပြောကြဘူးဗျ။ မပြောတဲ့အပြင် ရှင်ဘုရင်ကတောင် အစပိုင်းမှာ ထောင်းကနဲ ဒေါသထွက်သွားသော်ငြားလည်း သေသေချာချာ ပြန်စဉ်းစားပြီး အဆိုကို လက်ခံလိုက်တယ်ဗျို့။ (အံဖွယ်သုတပါတကား)။

လီဆီက ထောက်ပြတာကတော့ အရင်က ဇန်ဘုရင်မင်းမြတ်မတိုင်ခင် ဘီစီ ၁၀၂ရ ကနေ ၇၇၁ အတွင်းမှာ ဇူမင်းဆက်ဆိုတာ ရှိခဲ့သတဲ့။ အဲဒီတုန်းကလည်း ဘုရင်က သူ့ဆွေမျိုးတွေကို နယ်တွေပယ်တွေ ခွဲဝေအုပ်ချုပ်စေလိုက်တာ အစပိုင်းသာ ဩဇာညောင်းသလောက် ဘာမှ မကြာဘူး သူတလူငါတမင်းနဲ့ အချင်းချင်း ထသတ်ကုန်ကြလို့ တိုင်းပြည်ပျက်သွားရတယ်လို့ ရှီဂျီစာအုပ်ကြီးထုတ်ပြီး အထောက်အထားနဲ့ ရှင်းပြတာကိုး။ ပြည်မက ဗဟိုအုပ်ချုပ်မှု စံနစ်ကသာ ကောင်းကြောင်း အဆိုတင်သွင်းတယ်။ (ဒါကြောင့်လည်း နောက်ပိုင်းကျတော့ ရှင်ဘုရင့်ဆွေမျိုးတွေက ဝိုင်းချွန်ကြလို့ နယ်နှင်ဒဏ်ပေးခံရတာ)။ ဘုရင်မင်းမြတ်က အမြှော်အမြင်ကြီးတာလား။ ဒါမှမဟုတ် သူ့ဩဇာအာဏာကို ဆွေမျိုးသားချင်းတွေထက် ပိုချစ်လို့လားတော့ မပြောတတ်ပါဘူး။ လီဆီရဲ့အဆိုကို အတည်ပြုလိုက်တယ်။ (ပြည်ထောင်စုကြီး မပြိုကွဲရေးအတွက်လို့ အကြောင်းပြကောင်း ပြပေလိမ့်မယ်)။ အဲဒီနောက်တော့ သူ့နယ်မြေတွေကို တိုင်းဒေသကြီး ၃၆ တိုင်းခွဲပြီး ဆွေမျိုးတော်တော် မတော်တော် အမှန်တကယ် အရည်အချင်းရှိတဲ့ မူးမတ်တွေကို ရွေးချယ်ပြီး ဝန်ကြီး ၃ ပါးစီနဲ့ အုပ်ချုပ်စေတယ်။ (ငါဆိုရင်တော့ ငါ့ဆီ လိုင်းဝင်ထားတဲ့သူတွေကိုပဲ ရွေးခန့်ပလိုက်မယ် ဘာမှတ်လဲ။ ဟွင်းဟွင်း) ထူးခြားတာကတော့ အဲသည်ဝန်ကြီး ၃ ပါးက စစ်ဘက်ကတစ်ယောက်၊ နယ်ဘက်ကတစ်ယောက်နဲ့၊ ရွှေနားတော် သတင်းပြန်ပို့ဖို့ ထောက်လှမ်းရေးက တစ်ယောက် ဖြစ်ရမတဲ့ဗျား။ လက်ဖျားခါလောက်ပါပေတယ်။ ဒါကြောင့်လည်း ရှီဝေါင်တီ ဘုရင်မင်းမြတ်လက်ထက်ကစပြီး မြေရှင်ပဒေသရာဇ်စံနစ် အမြစ်ပြတ်သွားတာ။ သက်ဦးဆံပိုင်ဘုရင်စံနစ်စစ်စစ်ကို ရောက်သွားတာမို့ ခေတ်ပြောင်းတော်လှန်ရေးလို့တောင် ပြောရဦးမလိုပဲ။ အစိုးရအဖွဲ့အတွင်းမှာ အဓိကကျတဲ့ ပြောင်းလဲမှုတွေ လုပ်ခဲ့တယ် လို့ ဆိုနိုင်တယ်။

တိုင်းပြည်အတွင်းမှာ ပုန်ကန်ထကြွမှုတွေ နောက်ထပ် မဖြစ်နိုင်အောင် ပြည်သူတွေဆီမှာ ရှိရှိသမျှ ဓါးလှံလက်နက်တွေကို သိမ်းယူ၊ အကုန်သံရည်ကျိုပစ်ပြီး ရှန်းယန်မြို့ရဲ့ အဝင်ဝမှာ ဧရာမသတ္ထုရုပ်ကြီး ၁၂ ရုပ် သွန်းလုပ်စေသတဲ့။ (မေမြို့စစ်တက္ကသိုလ်အဝက ဟာကြီးတွေလို နေလိမ့်မယ်)။ မြေရှင်တွေ နယ်စားပယ်စားတွေကိုတော့ သူတို့ပိုင်တဲ့ပစ္စည်းဥစ္စာအားလုံးနဲ့အတူ ရှန်းယန်မြို့မှာ ပြောင်းရွှေ့အခြေချစေတယ်။ နေရပ်က စံအိမ်နန်းတော်နဲ့ ပုံစံတူဆောက်၊ ယဉ်ကျေးမှုဓလေ့ထုံးစံတွေကိုလည်း တလေးတစား လိုက်နာထိန်းသိမ်းစေပြီး ရှန်းယန်က မြေကွက်ကျယ်ကြီးတွေမှာ တထီးတနန်းနေစေတယ်။ အဲဒီခဲတလုံးကတော့ ငှက်ဘယ်နှစ်ကောင်တောင် ထိသွားသလဲ မသိပါဘူး။ ရန်သူအားလုံးကို ကိုယ့်မျက်စိအောက်မှာ စောင့်ကြည့်ပြီးသား ဖြစ်သွားတယ်။ သူတို့မျိုးဆက်တစ်ခုလုံး စုဆောင်းထားတဲ့အမွေအနှစ်တွေနဲ့ ကိုယ့်မြို့တော်ကြီးကိုလည်း ကျက်သရေတိုးစေတယ်။ ရှန်းယန်မြို့ဟာလည်း အနယ်နယ်အရပ်ရပ်က ယဉ်ကျေးမှုအနုပညာတွေ လာစုတဲ့အရပ်ဖြစ်သွားတယ်။ သူတို့ထဲက အကောင်းတကာ့အကောင်းဆုံး အဆီအနှစ်တွေကမှ ရွှေနန်းတော်ထဲမှာ ရေပန်းစားရာ နန်းထိုက်တော်ဝင်ဖြစ်သွားတယ်။ (ဒါတောင် လယ်မြေတွေအလကားသိမ်းပြီး ဝင်ဒါမီယာဈေးနဲ့ ပြန်ရောင်းစားတဲ့ အသားတင် အမြတ်တွေ မပါသေးဘူး)။

လယ်ရှင်ယာရှင်ကြီးတွေလက်ထဲက ဧကပေါင်းများစွာသော လယ်ယာမြေတွေကို အမိန့်ပြန်တမ်းနဲ့ ဖျက်သိမ်းပြီး ဆင်းရဲသား လယ်သမားတွေကို ပိုင်ဆိုင်စေခဲ့တယ်။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အခြေခံအကျဆုံး စီးပွားရေးအဖြစ်နဲ့ အားပေးပျိုးထောင်ခဲ့တယ်။ သို့သော် အဲဒီထွက်ကုန်တွေအပေါ်ကနေ ကုန်သွယ်ရေးကိုတော့ ဘုရင်ကိုယ်တိုင်က ချုပ်ကိုင်ထားပြန်တယ်။ (ကြည့်ပါဦးကွယ်။ အ လိုက်တဲ့ ဘုရင်ကလေး)။ အခွန်အတုပ်တွေကိုလည်း မညှာမတာ ကောက်ခံတယ်။ သီးနှံခွန်ကို ဆတိုးကောက်ခံပြီး ဆားခွန် သံခွန်ကို အဆသုံးဆယ်တောင် ကောက်ခံသတဲ့။ (တိုင်းသူပြည်သားတွေ သွေးတိုးသံထ မဖြစ်စေချင်တဲ့ စေတနာတွေပါ)။ လူသိန်းပေါင်းများစွာကို စစ်တပ်ထဲဝင်စေပြီး စစ်တိုက်ဖို့တော့ မဟုတ်ပဲ သူ့နိုင်ငံလုံခြုံရေးအတွက် အကြီးမားဆုံး ပရောဂျက်ကြီးထဲမှာ ဝင်ရောက် လုပ်အားပေးစေတယ်။ တခြားဟုတ်ပါရိုးလား။ ကမာ္ဘ့အံ့ဖွယ်ထဲမှာပါတဲ့ မဟာတံတိုင်းကြီးကို သူဆောက်သွားတာပါ။ အာကာသထဲကနေတောင် လှမ်းပြီး မြင်ရသတဲ့ဗျား။ အဖိုးမဖြတ်နိုင်တဲ့ ပရိဘောဂတွေနဲ့တန်းဆာဆင်ထားပြီး မိုင် ၇ဝ အရှည်ရှိတဲ့ နန်းမြို့တစ်မြို့ တည်ပြီး သူနဲ့သူ့မိဖုရားတွေနေတဲ့နန်းဆောင်ကတင် ၂၇ဝ ရှိပါသတဲ့။ (အိမ်လခပေးစရာမှ မလိုပဲကိုး) နန်းရင်ပြင်မှာတင် ဗိုလ်ခြေတစ်သောင်း ခစားလို့ရသတဲ့။

လူဆိုတာ အဲသည်လောက် ဩဇာအာဏာကြီးလာပြီဆိုရင် သေရမှာကို အသေအလဲ ကြောက်တော့တာ ဓမ္မတာဗျ။ အဲသည်မှာတင် ဗေဒင်တွေ ယတြာတွေဆီ ရောက်တော့တာပဲ။ နှစ်သစ်ကူးပွဲကို နှစ်သစ်မှာ မကူးပဲ ဆယ်လပိုင်းရောက်မှ ကူးရမတဲ့။ ရုံးတက်တော့ အနက်ဝတ်ရပြီး အချုပ်သားထောင်သားက အနီဆင်ရမတဲ့။ အတိုင်းအထွာမှန်သမျှ ခြောက်လက်မနဲ့ စံကိုက်ထားရမတဲ့။ (ခေါင်းပေါ်က ပေါင်းတော် အမြင့်တို့ ဘာတို့ ပြောတာပါ)။ ဇူဖူဆိုတဲ့ တရုတ်ရသေ့ကြီး ဆရာတင်ပြီး အရှေ့ပင်လယ်ဘက်မှာ မသေဆေးအရှာခိုင်းရတာလည်း ခဏခဏတဲ့။ ဘယ်သူမှတော့ ပြန်မလာဘူးတဲ့။ ဟိုဘက်က ဂျပန်ပုံပြင်တွေနဲ့ဆက်လိုက်ရင် မသေဆေးရှာတဲ့ တရုတ်တွေက ဖူဂျီယာမတောင်တော်ကို မသေတဲ့တောင် လို့ ခေါ်ပြီး အဲသည်မှာ အခြေချရာက ဂျပန်လူမျိုးတွေ ဖြစ်လာသလိုလို။ အဲသည်ထဲကမှ တယောက်သောသူက နတ်ဒေဝတာများရဲ့ သဝဏ်လွှာနဲ့အတူ (အင်ထုတာနေမှာပါ) ပြန်လာခဲ့ပြီး ဟောကိန်းထုတ်တာက ချင်နိုင်ငံရဲ့ ကံကြမ္မာဟာ အနောက်မြောက်အရပ်မှာရှိတဲ့ ဟန်လူမျိုးတွေကြောင့်သာ ကျဆုံးရမတဲ့။ မှန်ချင်မှန် မမှန်ချင်နေ။ သူကတော့ သူ့ရဲ့အတော်ဆုံးစစ်သူကြီး မုန်းရှန်ကိုလွှတ်ပြီး ဟန်လူမျိုးတွေကို ပြည်မကြီးကနေ သဲကန္တာရထဲကိုရောက်တဲ့အထိ တိုက်ခိုက်မောင်းထုတ်လေတော့တယ်။ စစ်သည်သုံးသိန်းပါတဲ့ အောင်ပွဲရတပ်မတော်သားတွေကို ပြန်မလာခိုင်းပဲ အဲသည်မှာတင် တံတိုင်းကြီးဆောက်လုပ်စေရမယ်လို့ အမိန့်ထုတ်တာကြောင့် မဟာတံတိုင်းကြီးရဲ့အစဟာ ပြည်တော်မပြန်နိုင်တဲ့ မင်းခယောကျင်္ားတွေနဲ့ အုတ်မြစ်ချခဲ့တယ် လို့ ဆိုရမယ်။ အဲဒါကြီးဆောက်ဖို့ လူဘယ်လောက်ကုန်မလဲ မမှန်းပါနဲ့ဦး။ ဆောက်ရင်းမတ်တတ် သေသွားလို့ တံတိုင်းကြီးနံဘေးမှာ တန်းစီမြှုတ်ခဲ့ရတဲ့ အလောင်းပေါင်းတင် ခန့်မှန်းခြေ လေးသိန်းကျော်လောက်ရှိပါသတဲ့။ ဒါကြောင့် ကမာ္ဘ့အရှည်ဆုံး သင်္ချိုင်းကြီး လို့လည်း တချို့က အမနာပ ပြောကြတယ်။ စစ်သားတွေ ကုန်တော့ ပေါ်တာတွေဆွဲတာပေါ့။ ပေါ်တာတွေကုန်တော့ ထောင်သားအချုပ်သားတွေပေါ့။ နောက်ဆုံး ထောင်ကျရင် အဲဒီပို့လိုက်မှာနော် ဆိုတာသိတော့ တရားဥပဒေ အလွန်အမင်း စိုးမိုးသွားလိုက်တာ ဖမ်းစရာရှာမရရင် တရားသူကြီးခေါင်းကျိန်းလွန်းလို့ ကပ်သီးကပ်သပ်ဥပဒေတွေတောင် ထွက်လာသတဲ့။ (တို့ဆီမှာ အရင်ကရှိခဲ့တဲ့ ဒေါ်လာမိရင် ထောင်ထဲဝင်ဆိုတာမျိုးနေမယ်)။ဒါလည်း လူလိုလာပြန်ရော။ ကဲ ရှုပ်ပါတယ်။ ရွာကိုထက်ခြမ်းခြမ်းလိုက်၊ ဘယ်ဘက်ခြမ်းက ယောကျင်္ားရှိသမျှ အကုန်အဲဒီလွှတ် ဆိုဖြစ်လာရော။ နောက်ဆုံးတော့ တိုင်းပြည်က ချွတ်ခြုံကျ၊ ဘုရင်ကိုလုပ်ကြံဖို့ကြိုးစား၊ မအောင်မြင်။ ဘုရင်နဲ့ပြည်သူကြားမှာ အကြီးကြီး မုန်းတီးလာကြသတဲ့။

ဟန်နိုင်ငံက တန်မင်းသားနဲ့အပေါင်းအပါတွေ အပြီးမှာ သူ့ကိုထပ်လုပ်ကြံတဲ့သူကတော့ ဟန်မူးမတ်မျိုးနွယ်ထဲက ချန်းလျန် လို့ခေါ်တဲ့ ပန်းပဲမောင်တင့်တယ်ကလေးပါပဲ။ ဟန်နိုင်ငံကိုနှိမ်နှင်းတဲ့အခါ ဟန်မူးမတ်တွေကို အကုန်တန်းစီသတ်ပြီး အလောင်းပေးမကောက်လို့ စိတ်နာနေတဲ့ အဲဒီကောင်လေးဟာ ကိုယ်ခန္ဓာသန်စွမ်းလာအောင် အလေးမ၊ လေးလံတဲ့ ခဲသားလက်နက်တွေနဲ့ သိုင်းလေ့ကျင့်ပြီး ရှီဝေါင်တီလာမယ့်လမ်းမှာ အသင့်စောင့်နေသတဲ့။ ထိထိမိမိကြီး ဂိသွားတာတောင်မှ အရေးတော်ပုံ မအောင်မြင်ရတာ ရှင်ဘုရင်ဘက်က ဉာဏ်ရည်သာသွားလို့ပါ။ ဝေါယာဉ်ဆင်တူနှစ်ခုလုပ်ထားတဲ့အနက်က အင်ကြီးကို သွားထုမိတာကိုး။ (ဒါကိုသင်ခန်းစာယူလို့ တို့ဘဘတွေက တခါတခါ ဘက်စ်မန်းနဲ့ နေရာချင်းလဲထိုင်ပါသတဲ့)။ လူတွေကို မဆိုထားနဲ့ သူ့အသက်ကိုရန်ရှာလာတယ်ထင်ရင် နတ်ဒေဝတာများကိုတောင် ချမ်းသာမပေးတဲ့ သာဓကတွေလည်း ရှိခဲ့ပါသေးတယ်။ တခါက မသေဆေးရှာတဲ့အဖွဲ့ကို လိုက်ပို့ပြီးအပြန် ယန်စီမြစ်ထဲမှာ ရုတ်တရက် လေကြီးမိုးကြီးကျ၊ ရာသီဥတုဖောက်ပြန်ပြီး မိုးကြိုးတွေပစ် လှိုင်းတွေထန်တော့ မြစ်ကမ်းနဖူး တောင်ကုန်းပေါ်မှာ ကိုးကွယ်ထားတဲ့ မြစ်ဝါရှင်မ နတ်ကွန်းကို မီးနဲ့တိုက်၊ တောင်ပေါ်ရှိသမျှ သစ်ပင်တွေ ပြောင်နေအောင်ခုတ်ပြီး ဆေးနီရဲရဲဖြန်းစေသတဲ့။ ဒါမှ ထောင်သားနဲ့တူတော့မပေါ့။ (တို့ဆီမှာ သခင်မမြနန်းနွယ် လက်ထိပ်နဲ့ကျိန်းစက်ရတာလည်း အဲဒီသဘောမျိုးထင်ပါရဲ့)။

ဒါနဲ့ ဘယ်လိုကဘယ်လို စာအုပ်တွေ မီးရှို့တဲ့ဆီရောက်သွားသလဲဆိုတော့ ဂလိုဗျ။ မုန်းရှန်စစ်သူကြီးက အောင်ပွဲတွေရတော့ နေပြည်တော်မှာ ရာထူးတိုးပေးတဲ့အခမ်းအနားလုပ်သတဲ့။ တရုတ်ထုံးစံ ကမ်းပေ့ ကမ်းပေ့လုပ်ရင်း စာတတ်ပေတတ်တစ်ယောက်က မဆင်မခြင် ဘာသွားပြောသလဲဆိုတော့ “ခေတ်ကာလ ဘုရင်မင်းညီမင်းသားများ တယ်လည်းအရပ်သားဆန်သကိုး။ ထီးဓလေ့နန်းဓလေ့ဘာမှ နားမလည်ကြဘူး။ ရှေးထုံးပယ်တဲ့ မင်းများဟာ ဘုန်းတော်ကြီးလည်း သက်တော်ရှည်ဖို့ ခက်တယ်ဆိုတာ နားမလည်ကြဘူး။” လို့ ဘလိုင်းကြီး ကစ်လိုက်ပါသတဲ့။ အဲသလိုမျိုး အတိတ်ကိုလှန်ပြီး လက်ရှိအာဏာပိုင်တွေကို နှက်တဲ့စကားမျိုးဆို ဆတ်ဆတ်ထိ မခံနိုင်တဲ့ ဝန်ကြီးချုပ်လီဆီနဲ့ ပွဲကြီးပွဲကောင်းနွှဲကြပါတယ်။ ကဲကွယ်။ ဂလောက်တောင်ရှိမှဖြင့် နောက်ကို ဂလိုမျိုး အတိတ်ပြန်ပြန် မလှန်နိုင်အောင် အတိတ်ဟူသမျှ ဖျောက်ဖြက်ကြ။ သမိုင်းကို သည်ကနေ့ကပဲ စလိုက်တာပေါ့ လို့ အမိန့်တော်မှတ်လိုက်ပြီး သူအုပ်ချုပ်တဲ့ ချင်မင်းဆက်ရဲ့ အရှေ့က ရှိရှိသမျှ သမိုင်းအထောက်အထား ပေစာပေရွက်တွေကို မီးရှို့ဖျက်ဆီးလိုက်သတဲ့။ ဆေးကျမ်းရယ် နတ်ချင်းရယ် စိုက်ပျိုးရေးစာအုပ်တွေရယ်ကလွဲလို့ ဘာစာအုပ်မှ မမြင်ချင်ဘူး။ အမိန့်ထွက်ပြီး တစ်လအတွင်း ကုန်အောင်မီးရှို့ရမတဲ့။ ပညာတတ်တွေအဖို့ စာပေကို အသက်လောက်မြတ်နိုးကြတာမို့ အသေခံသွားတဲ့သူတွေလည်း ဘယ်နည်းမလဲ။ ဖွက်ထားတာ မိလို့တော့ ဂရိတ်ဝေါလိမ်းဖို့သာပြင်။ သို့သော်လည်း ရှေးကစာတွေကိုသာဖျက်တာ။ တရုတ်စာပေတွေကို သူ့လက်ထက်ကစလို့ တညီတညွတ်တည်း တသမတ်တည်း၊ အသစ်ကပြန်စသတဲ့။ ဒီကနေ့ ပြောပြောနေကြတဲ့ သမိုင်းစာမျက်နှာအသစ် ဖွင့်လှစ်လိုက်သည်ဆိုတာ အဲဒါမျိုးထင်ပါရဲ့။ လူတွေဟာ ပညာနည်းနည်းတတ်လာရင် အစိုးရကို ဝေဖန်ပုတ်ခတ်ပြီး မကောင်းမြင်ဖို့ပဲတတ်တယ်။ သူတို့ကြောင့် ပြည်သူလူထုက အစိုးရအပေါ် အကြည်ညိုပျက်စေတယ် လို့ စွဲချက်တင်ပြီး ၄၆ဝ သော ကျောင်းသားများကို အရှင်လတ်လတ် မြေမြှုတ်ပစ်ပါသတဲ့။ ဝင်ပြီးကန့်ကွက်တဲ့ သူ့သားတော်ကိုတောင် ဂရိတ်ဝေါမှာ ကြည့်ကြပ်ရေးမှူးသွားလုပ်စေဆို နှင်လိုက်ပါသတဲ့။

တကယ်တမ်းစဉ်းစားကြည့်တော့ သူ့အနေနဲ့ အတိတ်ကသမိုင်းကို ဘယ်လိုလားနိုင်ပါ့မလဲ။ သူနဲ့ယှဉ်ယှဉ်ပြီး အပြောခံရတဲ့ ဘိုးလောင်းတော် ဘေးလောင်းတော်ဆိုတာတွေကလည်း တကယ်တော့ သူနဲ့ဘာမှ မပတ်သက်ဘူး။ သူကလျူဖုဝေရဲ့ ကိုယ်လုပ်တော်ကို ဆွဲစားတဲ့ဆီကလာတဲ့ ဝေပါလေ။ သူ့ဘိုးသူ့ဘေးတွေမှ မဟုတ်ပဲနဲ့။ သူ့မင်းဆက်ဟာ သူကသာလျှင် စတယ်။ မင်းမျိုးမင်းသွေး မဟုတ်တဲ့အတွက် ရာဇအင်္ဂါရုပ်မထွက်တာလည်း သဘာဝကျတယ်။ သူကိုယ်တိုင်ကတော့ အနယ်နယ်အရပ်ရပ်က ပညာတတ်ပေါင်းစုံထံမှာ ပညာယူခဲ့လို့ နေရာဒေသတစ်ခုတည်းကလာတဲ့ အစွဲတွေအယူတွေကို ထွင်းဖောက်ပြီး တွေးတောနိုင်စွမ်းရှိတယ်။ လီဆီသင်တဲ့ ဒေသစွဲ ဝါဒစွဲ မထားရတာကို သဘောပေါက်သလို ဟန်ဖေးဆီ ရေးသွားတဲ့ ဘယ်ပြည်နယ်မှာဖြစ်ဖြစ် ဥပဒေဆိုတာ တသမတ်တည်း ရှိရမယ်ဆိုတာလည်း သူဆက်ကျင့်သုံးတယ်။ (သူ့အတွက် အကြီးကြီးတစ်ကွက်တော့ ချန်တာပေါ့)။ တို့ဆီမှာတော့ သမိုင်းကို သူနဲ့မစသော်ငြား သူနဲ့အဆုံးသတ်ပြီး နောက်ထပ်ဆက်မရေးခိုင်းတဲ့ ဘုရင်ကြီးတစ်ပါးတော့ ရှိခဲ့လေရဲ့။ ဇာတ်ပွဲများ ပြည်ဖုံးကားချသလို တိုင်းပြည်ကို သူကယ်တင်လိုက်ကတည်းက The end လို့ စာတမ်းကြီးထိုးပြီး နောက်ကိစ္စတွေမှန်သမျှ မော်ကွန်းမတင်ပဲ ခေတ်နဲ့မျက်ခြေဖြတ်ပစ်ခဲ့သလို ခံစားရပါတယ်။ ကျောင်းသားဆိုရင် စိတ်နာလွန်းလို့ အဆောင်စံနစ်ကိုတောင် မရရအောင် ဖျက်သိမ်းခဲ့တာလည်း သူတက်ခဲ့ဖူးတဲ့ တက္ကသိုလ်နယ်မြေကို မြေလှန်သင်းသပ် လုပ်ချင်လို့လားမသိ။ သူတို့တရုတ်ပြည်မှာတော့ မော်စီတုံးကြီးကို ပထမမြောက်ဧကရာဇ်နဲ့နှိုင်းတာ ယင်းမာရဲ့ အန်တီလေးတစ်ယောက်တည်း မဟုတ်ပါဘူး။ နေ့စဉ်ထုတ် သတင်းစာတွေလည်း ပါခဲ့တယ်။ အဓိကကတော့ ယဉ်ကျေးမှုတော်လှန်ရေးနဲ့ပတ်သက်ပြီးတော့ ပြန်ထင်ဟပ်ကြတာပေါ့။ သွေးထွက်သံယိုလုပ်ကြံမှုတွေလည်း ပါတာပဲ။ မော့်ကိုဆက်ခံမယ့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်လင်ဗြောင်က မော့်ခရီးစဉ်မှာ လောင်ချာနဲ့ထုလို့ အာဏာသိမ်းမယ့်အကြံကို လင်ဗြောင့်ကို စိတ်နာနေတဲ့သမီးဖြစ်သူက ဝန်ကြီးချုပ် ချူအင်လိုင်းကြီးကို သွားဖွင့်ပြောလိုက်တာနဲ့ တို့ဆီက အုန်းကျော်မြင့်ကြီးလို ဖြစ်သွားတယ်။ သူတို့ကတော့ ပိုအဖြစ်ဆိုးတာပေါ့လေ။ လေယာဉ်နဲ့ထွက်ပြေးတဲ့တစ်မိသားစုလုံးကို မွန်ဂိုးလီးယားနယ်စပ်ရောက်မှ လေယာဉ်ပစ်အမြောက်နဲ့ ပစ်ချလိုက်သတဲ့။ တကယ်တော့ သမိုင်းစက်ဝန်းဆိုတာ တပတ်လည်တတ်တဲ့သဘောရှိပါတယ်။ အရင်တုန်းက အဖြစ်တွေကလည်း အခုပြန်ဖြစ်နေတုန်းပဲ။ အခုဖြစ်နေတာမျိုးတွေကလည်း နောင်ကို ထပ်မဖြစ်တော့ဘူး ဘယ်သူပြောနိုင်လို့လဲ။ သမိုင်းကနေ သင်ခန်းစာယူတတ်တဲ့သူကတော့ အဲသည်သံသရာစက်ဝန်းကိုလှည့်ရင်း သူလိုချင်တဲ့ဆီကို ရောက်အောင် စေလိမ့်မယ် ထင်တယ်နော်။

credit to Dr Soe Min and it’s original owner Dr Yin Mar

2 comments

  • ဦးကြောင်ကြီး

    November 4, 2012 at 10:27 pm

    အပြာစာအုပ်တွေတော့ ချမ်းသာပေးဂျပါဗျာ…။ အင်တာနက် အပြာဆိုက်တွေဆိုတာ နေ့မြင်ညပျောက်၊ ပြီးတော့ သိပ်ကြည့်လွန်းရင် ကွန်ပြူတာ ဗိုင်းရပ်စ်လည်း ထိသေး…။

  • nicolus agral

    November 5, 2012 at 9:44 am

    အဲဒါတွေတော့ only me ဆိုပြီးဘုရင်ပိုင်သိမ်းလိုက်မှာပေါ့
    ပြည်သူပိုင် ဟုတ်ဘူးနော် ဘုရင်ပိုင်
    ဒါပေမယ်သိပ်မကွာပါဘူး ပြည်သူပိုင် ပြည်သူပိုင် ဆိုပြီးနောက်တော့လဲ…………

Leave a Reply