“စကားနားယောင် မိုးမီးလောင် (၁)”(EPISODE 7)

nicolus agralNovember 3, 20121min2125

ယင်းမာတို့ တရုတ်ပြည်ကို အလည်ပြန်ဖြစ်တော့ ရှန်တုံနယ်က ချူဖူမြို့ကလေးကို ဝင်ဖြစ်ပါတယ်။ ကွန်ဖြူးရှပ်စ်ရဲ့ မွေးဇာတိဖြစ်ပြီး သင်္ချိုင်းဂူလည်းရှိတယ်။ Confucious Temple တဲ့။ အဲဒီထဲမှာ ကွန်ဖြူးရှပ်စ်ကစလို့ သူ့မျိုးရိုးစဉ်ဆက်ကို ဖွားရက် သေရက် အတိအကျနဲ့ မှတ်တမ်းတင်ထားခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀ဝ ကျော်ကဆိုတော့ မျိုးဆက်ပေါင်း ၇ရ ဆက်တောင်ရှိသတဲ့။ ၁၉၄ဝ မှာ ဂျပန်တွေ ကျူးကျော်ဝင်ရောက်လာလို့ မျိုးဆက်နောက်ဆုံးယောင်္ကျားလေးက ထိုင်ဝမ်ကို ထွက်ပြေးသွားတော့မှ အစအနပျောက်သွားတော့တယ်။ ဟန်မင်းဆက်လက်ထက်တုန်းက ကျောင်းတော်ကို ပြုပြင်ဖို့ အုတ်နံရံတစ်ခုကို ဖြိုချလိုက်တဲ့အခါ အထဲက စာအုပ်တွေ ထွက်လာလို့ စာအုပ်မီးရှို့သူကြီးလက်ကဝေးအောင် သိုဝှက်သိမ်းဆည်းထားမှန်း အထောက်အထားဖြစ်ခဲ့ပါတယ်။ အဲသည်နောက်ပိုင်း မင်းဆက်များက ကျောင်းတော်ကို အလည်ရောက်တဲ့အခါ အမှတ်တရကျောက်စာတိုင်များ ရေးထိုးသွားလို့ သမိုင်းမှတ်တမ်း ကျန်ရစ်တာပေါ့။ တပ်နီတွေလက်ထက်ရောက်မှပဲ တန်ဖိုးထားရကောင်းမှန်းမသိပဲ အပေါ်ကနေ တောင်ခြစ်မြောက်ခြစ် ဖျက်ဆီးခံရတာ နှမြောစရာပဲ။ အဲဒီကပြန်တော့ ရှန်ရှီနယ်က ရှိအန်းမြို့ကို ခရီးဆက်တယ်။ အရင်တုန်းက ချင်ပြည်နယ်ရဲ့ ရှန်းယန်မြို့ဟောင်းကို သွားဖို့လေ။ ဝေမြစ်ကမ်းပါးမှာ ခုနှစ်ပြည်ထောင်အလုံးကို စုရုံးဝါးမြိုပြီး တည်ထားခဲ့တဲ့ နန်းတော်ရာအဟောင်းက အခုတော့ အုတ်ပုံကမူကုန်းတွေ ဖြစ်ကုန်ပြီပေါ့။ နန်းဆောင်တော်ကူးဖို့ စောင်းတန်းကလေးတွေ တစ်ဆစ်ချိုး တစ်ဆစ်ချိုးတွေ့ခဲ့တယ်။ အုတ်ချပ်၊ ကြွေပြား၊ ရေကန်၊ ရေဆင်းပိုက်ကလေးတွေလည်း စံနစ်တကျရှိတယ်။ တချို့နံရံတွေပေါ်မှာ တန်ဆာဆင်ထားတဲ့ ရုပ်ပုံပန်းချီ အနုပညာလက်ရာတွေလည်း ကျန်သေးတယ်။ အနီရောင်မပြယ်သေးတဲ့ နန်းမတိုင်လုံးကြီးတွေကို တွေ့တဲ့အခါ အသံနက်ကြီးနဲ့ တဟားဟားရယ်နေတဲ့ ဆရာကြင်ကြီးကိုတောင် မျက်လုံးထဲမှာ မြင်ယောင်လာတယ်။ ဘယ်နားက တိုင်ကလေးမှာ မှီနေခဲ့သလဲ မဆိုနိုင်။

ဧကရာဇ်မင်းရဲ့ သင်္ချိုင်းတော်ဟာ တောင်ပူစာငယ်ကလေးသဏ္ဍန် မောက်တက်သွားပြီး နှစ်ပရိစ္ဆေဒကြာအောင် ရာသီဥတုဒဏ်ကို ခံရတာမို့ မြေအောက်ကို တော်တော် နိမ့်ဝင်သွားခဲ့လိမ့်မယ် လို့ ယူဆကြပါတယ်။ ခုထက်ထိတော့ ဘယ်သူမှ တူးဆွဖော်ထုတ်တဲ့သူ မရှိသေးဘူး။ သည်အတိုင်း ထိမ်းသိမ်းထားတယ်။ ဧကရာဇ်ကြီးက သူစနန်းတက်တဲ့ ၁၃ နှစ်သားအရွယ်ကတည်းက သူသေရင်မြှုတ်ဖို့ သင်္ချိူင်းတော်ကို စတင်ဆောက်လုပ်ခဲ့တယ် လို့ဆိုတယ်။ ၂၆ နှစ်အကြာမှာ တိုင်းပြည်အလုံး စည်းရုံးပြီးခဲ့တဲ့နောက် နိုင်ငံတဝှမ်းလုံးက အလုပ်သမား ပညာရှင်ပေါင်း ရ သိန်းကို ဆင့်ခေါ်စေခိုင်းခဲ့ပါသတဲ့။ (သူသေရင် သူ့နောက်ပါသွားမယ့်ဟာလို့ အယူရှိတော့ ဂလောက်တော့ လောဆော်ပေမပေါ့)။ အုတ်စီနံရံအတွင်းက ကြေးသားကွပ်ထားတဲ့ ခေါင်းတလားကြီးထဲမှာ လျောင်းစက်တော်မူတဲ့ မင်းတရားကြီးနဲ့အတူ ပါသွားစေဖို့ တရုတ်ပြည်မြေပုံကြီးကို ယန်စီမြစ် မြစ်ဝါမြစ် မြစ်ငယ်ငါးရာပါမကျန် ပုံတူကလေးတွေကို ပြဒါးနဲ့ စီးဆင်းနေစေသတဲ့။ ရွှေငွေ ကျောက်သံပတ္တမြား၊ အဖိုးမဖြတ်နိုင်တဲ့ ရတနာများဆိုတာကတော့ ကုဋေကုဋာပါတဲ့။ လက်နက် ငွေကြေး အသုံးအဆောင်များအပြင် စာအုပ်များလည်း အများအပြားပါသတဲ့။ အုတ်ဂူအမိုးခုံးကြီးကို ကြေးနီနဲ့မိုးထားပြီး ကြယ်အစုံ လအစုံ နက္ခတ်တာရာများကို ရတနာပုလဲများနဲ့ စီဆွဲထားသတဲ့။ သူ့ပစ္စည်းတွေ သူများလာယူမှာလည်း ကြောက်လို့ ဓါးစက်လှံစက် လေးမြားစကြာများလည်း တပ်ဆင်ထားသတဲ့။ ကိုယ့်ဆီက ရွှေတိဂုံစေတီဓါတ်တော်တိုက်ထဲမှာ စီရင်ထားတာတွေနဲ့ အတူတူလိုပဲ လို့ အောင့်မေ့ရင်း စဉ်းစားမိတာက ဖြစ်နိုင်ပါတယ်။ ခေတ်ချင်းက သိပ်မှ မကွာပဲ။ ရှိရှိ မရှိရှိ၊ အဲသည်အချိန်က အဲသလိုပဲ ခပ်ကြွားကြွားလေး မှတ်တမ်းတင်ထားတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ သူ့မလှမ်းမကမ်းမှာ လယ်သမားတစ်ယောက် ရေတွင်းတူးရင်း အမှတ်မထင် တူးဖော်မိသွားတာတွေကတော့ စဉ့်ရည်သုတ် ရဲမက်စစ်သည်များ၊ လေးသည်တော်များ၊ မြင်းရည်တက်များ နဲ့ စစ်မြင်း စစ်ရထားပေါင်းများစွာပါပဲ။ (ဂျက်ကီချန်းရုပ်ရှင်ထဲကဟာတွေက တကယ် ရှိခဲ့သကိုး) ဓါးလှံလက်နက်လေးမြား အစစ်ကြီးတွေ တပ်ဆင်ထားပြီး ချပ်ဝတ်တန်ဆာ အစုံအလင်နဲ့ တကယ့်လူအရွယ်အစားရှိပြီး တစ်ရုပ်နဲ့တစ်ရုပ် မျက်နှာပေါက် မျက်နှာထားချင်းတောင် ဆင်တူမရှိတဲ့ အဲသည်စစ်သည်တော်များဟာ ကမာ္ဘ့အံ့ဖွယ်ထဲမှာတောင် ပါသွားပါလေရော။ အဲသလို အခန်းကျယ်ကြီး သုံးခု တူးဖော်ထားပြီး အခန်း (၂) မှာ အထူးတပ်သားနဲ့ အရာရှိတွေ၊ မြင်းလေးကောင်ကတဲ့ ကြေးသားစစ်ရထားကြီးတွေပါပြီး အခန်း(၃) မှာတော့ စစ်ဗိုလ်ချုပ်တွေ ဗျူဟာဆွေးနွေးတိုင်ပင်နေပုံပါတဲ့။ ဆင်ရိုး၊ မြင်းရိုးများပါတွေ့တဲ့အတွက် တိရစာ္ဆန်အရှင်များကိုတောင် ဂူသွင်းစတေးခဲ့တယ် လို့ ယူဆနိုင်ပါတယ်။ ယာဇ်ပူဇော်တာမျိုးလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ သေရမှာကို အလွန်ကြောက်သလောက် သေဖို့အရေးကိုလည်း အဲသလောက်တောင် ပြင်ဆင်သွားတဲ့ ဧကရာဇ်ကြီး ဘယ်လိုများ သေသွားရှာသလဲ သိချင်မလာဘူးလား။ ဘီစီ ၂၁၁ ခုမှာ တဲ့ … ။

ပဉ္စမမြာက်တိုင်းခန်းလှည့်လည်ဖို့ ပြင်ဆင်တဲ့အချိန်မှာ ဘုရင်မင်းမြတ်က ယုံမှားသံသယတွေနဲ့ သိပ်ကို လျှို့ဝှက်နေပါပြီ။ ဝန်ကြီးချုပ်ဖြစ်တဲ့ အသက် ၇ဝကျော် အဖိုးကြီး လီဆီရယ်၊ သေနာပတိချုပ် မုန်းရှန်ရဲ့ညီ မုန်ယိရယ်၊ သူ့အနားမှာ အပါးတော်မြဲဖြစ်နေတဲ့ ကုန်းကုန်းကြီး ဂျောင်ကောရယ်ပဲ တိတ်တိတ်ကလေးသွားဖို့ ပြင်ပါသတဲ့။ သွားခါနီးကျမှ အငယ်ဆုံးသားတော်လေး ဝှူဟဲက လိုက်ပါရစေ အတင်းပူဆာတာနဲ့ ခေါ်သွားတယ်။ အကုန်လုံးကတော့ လူရင်းတွေချည့်ပါပဲ။ လက်တိုလက်တောင်းခိုင်းဖို့ခေါ်သွားတဲ့ ကုန်းကုန်းကြီး ဂျောင်ကောတစ်ယောက်ပဲ လူစိမ်းပါတယ်။ သူကအစတုန်းကတော့ ချောင်ပြည်နယ်က။ သူ့အဖေကရာဇဝတ်မှု ကျူးလွန်တဲ့အတွက် အမေပါ ထောင်သွင်းအကျဉ်းချခံရတဲ့အခါ ထောင်ထဲမှာ ဘုရားသခင်ပေးသောသားတော်အဖြစ်နဲ့ မွေးလာလို့ သူတို့ခေတ်ထုံးစံအတိုင်း ဥထုဇဉ်လူသားအဖြစ် နန်းတော်ထဲက မာမီများထံပို့လိုက်တယ်။ ကောင်လေးက ငယ်သာငယ် တော်တယ်လေဆိုပြီး မာမီတို့ကမွေးစားလိုက်တော့ အရှင်မွေး နေ့ချင်းကြီးပြီး အပါးတော်မြဲဖြစ်သွားသတဲ့။ ဘုရင်မင်းမြတ် အမိန့်တော်ပြန်တဲ့အခါတိုင်း သူကထွက်ထွက် ဖတ်ပြရတာလေ။ တရုတ်ကားတွေ ခဏခဏကြည့်ပေးရင်တော့ အဲဒါမျိုးတွေ တွေ့ဖူးသွားလိမ့်မယ်။ တို့ဆီမတော့ သံတော်ဆင့်မင်း ခေါ်မလားမသိ။ ဂျောင်ကုန်းကုန်းတို့ အခရာကျချက်ကတော့ မင်းသားလေး ဝှူဟဲရဲ့ အကြီးတော် ကျူရှင်ဆရာ ဂုရုကြီးလည်း ဖြစ်လိုက်သေးတာ။ ဆယ်ကျော်သက်အရွယ် မနူးမနပ်မင်းသားလေးကို ထောင်ထဲမှာမွေးပြီး မာမီတွေအိမ်ကထွက်တဲ့ သူ့ဆရာက ဘယ်ပုံဘယ်နည်း မီးသေအောင်ထိန်းထားမလဲဆိုတာ တွေးကြည့်ရင် ကြောက်စရာကြီးနော်။ ရှစ်စပ်ကဂျင်ဂျင်လည်တဲ့ ဂျောင်ကုန်းကုန်း လူပါးပုလင်းထိတဲ့အခါလည်း ရှိခဲ့ဖူးသတဲ့။ ရာဇဝတ်မှုတစ်ခုမှာဝင်ပါရင်း ပြစ်မှုထင်ရှားတဲ့အတွက် သေဒဏ်စီရင်ခံလိုက်ရတာ လူကြီးအိမ်က ကျူရှင်ဆရာမို့သာ သီသီကလေးလွတ်သွားသတဲ့။ တရားသူကြီးက အခုပါလာတဲ့ စစ်သူကြီးမုန်ယိဆိုတော့ သူ့ဘက်ကတော့ “တွေ့ကြသေးတာပေါ့ အေ” ဆိုပြီး မျက်စောင်းတထိုးထိုး ရှိနေပါလိမ့်မယ်။

ဘုရင်မင်းမြတ်ဟာ ယန်စီမြစ်ကိုစုန်ဆင်းသွားပြီး အရှေ့ဘက်ပင်လယ်ကိုရောက်တော့ တစ်ညမှာ သူနဲ့ ပင်လယ်နတ်ဘီလူးနဲ့ စီးချင်းထိုးရတယ် လို့ အိပ်မက်မက်သတဲ့။ အဲဒီငါးဘီလူးကြီးက ရေထဲမှာကင်းလှည့်နေရင်း သူလွှတ်လိုက်တဲ့သူတွေ မသေဆေးရှာမတွေ့အောင် နှောက်ယှက်နေတာ လို့ ပြောသွားတော့ နောက်နေ့မနက်မှာ စိတ်တိုတိုနဲ့ ပင်လယ်ထဲထွက်ပြီး ဝေလငါးကြီးတစ်ကောင်ကိုတောင် ရအောင်သတ်ခဲ့သေးသတဲ့။ အဲဒီက ပြန်လာတဲ့နောက်တော့ ရုတ်တရက် နေထိုင်မကောင်းဖြစ်ရာက သေခမူနာသရော၌တည်း ဆိုတဲ့ဘူတာဆိုက်လာတယ်။ ဒါပေမယ့်သူ့ရှေ့ ဘယ်သူမှ သေစကား မပြောရ သေစကားပြောရင် သေဒဏ်လို့ အမိန့်ထုတ်သေးတာ။ မပြောနဲ့ဆိုလည်း မပြောရုံပေါ့။ ဒါပေမယ့် မသေနဲ့ဆိုတိုင်း မသေမှာမှ မဟုတ်တာ။ သူကိုယ်တိုင်သေစကားထုတ်ပြောရမယ့်အချိန်ရောက်လာတော့ ကုန်းကုန်းကြီးကို လက်ယပ်ခေါ်ပြီး သေတမ်းအမိန့်တော်ကို ပြန်ပါတယ်။ သူ့ကန့်လန့်တိုက်လို့ ဂရိတ်ဝေါဆောက်တဲ့ဆီလွှတ်ထားတဲ့ သားတော်ကြီး ဖူဆူကို “စာရရချင်း ရှန်းယန်မြို့တော်ကိုပြန်ပါ။ မသာတော်ကိစ္စ ထုံးစံနဲ့အညီလုပ်ပါ။” လို့မှာသွားပြီး ကံတော်ကုန်သွားလို့ စာပို့ဆက်သားလက်တောင် စာကို မအပ်လိုက်ရသေးဘူးတဲ့။ ဒီလိုနဲ့ အင်မတန်ဘုန်းကြီးတဲ့ တရုတ်ဧကရာဇ်ကြီးခမျာ သက်တော် ၄၉ နှစ် နန်းစံသက် ၃၆ နှစ်မှာ ရွှေနန်းတော်နဲ့ မိုင်ပေါင်းတစ်ထောင်လောက် ဝေးတဲ့အရပ်မှာ ဝန်အိုကြီးတစ်ယောက်၊ သားငယ်မင်းသားတစ်ပါး၊ ကုန်းကုန်းကြီးတစ်ခြမ်းနဲ့ အခြွေအရံအနည်းငယ် ရှေ့မှောက်မှာ နတ်ရွာစံသွားပါတယ်။ မုန်ယိကတော့ နေမကောင်းစမှာ နန်းတော်ပြန် ယတြာချေခိုင်းထားလို့ မရှိဘူး။ နဂိုကတည်းက အိမ်ရှေ့အရာအပ်ထားတဲ့သူမရှိတာရယ်။ သေတာတောင် ဘယ်သူ့ကို နန်းတက်ခိုင်းရမယ် လို့ မှာမသွားတာရယ်ကြောင့် အမျှော်အမြင်ရှိတဲ့ လီဆီက နာရေးသတင်းကို အထူးလျှို့ဝှက်ထားရှိပြီး နေပြည်တော်အရောက် မသာတော်ကို ရထားနဲ့ သယ်စေပါတယ်။ လမ်းခရီးမှာရှိတဲ့ နယ်စားပယ်စားများက လျှောက်ထားချက်တွေ တင်ပြလာရင်လည်း ကုန်းကုန်းကြီးကပဲ ရထားအတွင်းသို့တင်ပြသယောင်နဲ့ တံဆိပ်တော်ခပ်နှိပ်ပြီး အမိန့်ပြန်ပေးပါတယ်။ အချိန်မှန်မှန် စားတော်ဆက်ခြင်း ရွှေနားတော်သွင်းခြင်းများကိုလည်း ဟန်မပျက် ဆက်လုပ်စေသတဲ့။

တို့ဆီမှာလည်း အလောင်းမင်းတရားကြီး နတ်ရွာစံတဲ့အခါ အဲသလိုပဲ ရွှေဘိုအရောက် ပြန်သယ်ခဲ့ကြတယ် မဟုတ်လား။ တရုတ်ပြည်မှာလည်း ဒီလိုလုပ်တာ ဘာဆန်းသလဲ။ ခုထက်ထိတောင် လုပ်လို့မဝသေးဘူးတဲ့။ မော်စီတုံးကြီးက ဗိုလ်ချုပ်လင်ဗြောင်ကို လေယာဉ်အစီးလိုက် ပစ်ချလိုက်ပြီး အဲသည်သတင်းကို အမှောင်ချထားတာ ဘယ်လောက်တောင် ကြာတယ်မှတ်လဲ။ သေတာက ၁၉၇၁ စက်တင်ဘာ ၁၂ ရက်က။ အောက်တိုဘာလထုတ် တရုတ်ပြည်သူ့နေ့စဉ်မှာ မော်စီတုံးကြီးနဲ့ လင်ဗြောင်ကြီးနဲ့ ဓါတ်ပုံအကြီးကြီးတွေ မျက်နှာဖုံးမှာတင်ပြီး မိန့်ခွန်းစကားတွေ ခြွေနေလိုက်ကြတာ။ နောက်တစ်လလောက်ကြာတော့လည်း ရှန်နန်မန်ပန်းခြံမှာ ခေါင်းဆောင်ကြီးနှစ်ယောက် အတူတကွ အပူဇော်ခံနေလိုက်ကြတာ ဆောင်ပုဒ်တွေ၊ မှာတမ်းတွေ ဝေလို့။ နောက်နေ့ လူကိုယ်တိုင် မိန့်ခွန်းထွက်ပြောရမယ်ဆိုတော့မှ အခမ်းအနားစခါနီး လုံခြုံရေး အကြောင်းပြပြီး ကပ်ဖြုတ်လိုက်တယ်။ နိုဝင်ဘာ၂ရ ရက်ထုတ် ဝါရှင်တန်ပို့စ်က “လင်ဗြောင် သေပြီ ဟု ယူဆရ” လို့ မျက်နှာဖုံးသတင်းပါလာတာတောင် သူတို့ပြည်တွင်းမှာတော့ မုန်လာဥလုပ်ထားတုန်း။ ၁၉၇၂ ဇန္နဝါရီလမှာ ဒေါ်လေးငယ်တို့ ရှန်ဟိုင်းမှာ ပါတီအစည်းအဝေးတက်တော့ လင်ဗြောင်ရဲ့မိန့်ခွန်းပါတဲ့ ပထမစာမျက်နှာနှစ်ရွက်ကို ဆုတ်ခိုင်းတာ ဘယ်သူမှ မဆုတ်ရဲကြဘူးတဲ့။ “ဟဲ့။ စဉ်းစဉ်းစားစားလဲ ပြောမှပေါ့။ လင်ဗြောင်ဆိုတာ ဥက္ကဋ္ဌကြီးမော်ပြီးရင် အကြီးဆုံးခေါင်းဆောင်နော်။ ကာကွယ်ရေးဦးစီးချုပ်လည်း ဖြစ်တယ်။ ဒီလိုလူမျိုးကို အခုပဲ နှစ်ဖက်ချွန်၊ သစ္စာဖောက်၊ လုပ်ကြံပုန်ကန်သူ လို့ စွပ်စွဲခိုင်းတာ ငါတော့ မပြောရဲပေါင်။ တော်ကြာ စကားနားယောင် မိုးမီးလောင် နေမှဖြင့်။” (Words that would cause our nation to perish.) လို့ ဒေါ်လေးငယ်ကတော့ ပြောခဲ့သတဲ့။အဲသလို သတင်းအမှောင်ချပြီး ဖုံးဖိထားတာဟာ ဂျောင်ကုန်းကုန်းတို့လို အကြံသမားတွေ အတွက်တော့ အေးအေးဆေးဆေး ကုလားဖန်ထိုးဖို့ အခွင့်ကောင်းရတာပါပဲ။ သူ့လက်ထဲမှာ ဘုရင်မင်းမြတ်ရဲ့ မှာတမ်းစာလွှာကြီးလည်း ရှိတယ်။ ရာဇတံဆိပ်တုံးတော်ကြီးလည်း ရှိတယ်။ ဝှူဟဲမင်းသားလေးကို အပိုင်ကိုင်လိုက်ရင် ဒီထက်ခိုင်တာ မရှိတော့ဘူး။

“ကိုယ်တော်လေး။ ခမည်းတော်ဘုရားက နန်းလျာကို ဘယ်သူ့ကိုမှ လွှဲအပ်တော်မူမသွားဘူး။ နောင်ဘုရားအတွက် စာသဝဏ်သာ စေသွားတယ်။ ရှန်းယန်ရောက်လို့ နောင်ဘုရားနန်းသိမ်းလိုက်ရင် ကိုယ်တော်လေးမှာ သိမ်းပိုက်စရာ မြေတစ်လက်မတောင် ကျန်မှာ မဟုတ်တော့ဘူး။ ဘယ့်နှယ်လုပ်ကြမတုန်းဖျာ့။”

“ခမည်းတော်ဘုရားက ရွှေဉာဏ့်ရှင်ပီပီ စီစဉ်ညွှန်ကြားထားပြီး ရှိပါလိမ့်မယ်။ သူကမှ ကိုယ့်လွှဲအပ်တော်မူမသွားမှဖြင့် ရှိပါစေတော့။”

“ဟင့်..။ ဒီလိုတော့လည်း ဘယ်ဟုတ်ပါ့မလဲ။ လောလောဆယ် တိုင်းပြည်ကံကြမ္မာဟာဖြင့် ကိုယ်တော်လေး၊ အဘိုးလီဆီ နဲ့ ကျွန်တော်မျိုးကြီး သုံးယောက်လက်ထဲမှာပဲ ရှိတယ်။ သွန်လိုသွန် မှောက်လိုမှောက်။ သဘောပေါက်တော်မူစမ်းပါဖျာ့။ သူများလုပ်သမျှခံရတဲ့ဘဝနဲ့ ကိုယ်လုပ်သမျှ သူများခံရတဲ့ဘဝ၊ သူများအအုပ်ချုပ်ခံဘဝနဲ့ အုပ်စိုးသူဘုရင်ဘဝနဲ့ဟာ အတူတူ မှတ်နေလို့လား။ ဆင်ခြင်တော်မူပါ။”

“ကိုယ်ကအငယ်ဖြစ်လျက် နောင်ဘုရားအပေါ် နွားရှေ့ထွန်ကျူး မပြုချင်ပါဘူး။ ခမည်းတော်ရဲ့အလိုတော်ကိုဆန့်ကျင်တဲ့ သားမိုက်လည်း မဖြစ်ပါရစေနဲ့။ ထိုက်တန်တဲ့အစွမ်းအစ မရှိပဲနဲ့ မတရားသဖြင့် ရာထူးယူတာဟာ အများသူငါ ကဲ့ရဲ့ပြစ်တင်စရာကြီးပါ။ ဒီသုံးချက်စလုံးဟာ ပညာနဲ့အုပ်ချုပ်တဲ့သူတစ်ယောက်ဖြစ်ဖို့ ဘယ်လိုမှ မအပ်စပ်တဲ့အမူအကျင့်တွေပါ။ သေရင် အပါယ်ကျမှာတော့ ပြောစရာတောင် မလိုဘူး။”

တော်တော်တတ်တဲ့ ကိုတတ်ပကလေးဟာ မာမီဂျောင့်အတွက်တော့ နှစ်ခါလှည့်စာ မရှိပါဘူး။ သမိုင်းထဲမှာ ကိုယ့်ဆရာကို ပြန်သတ်လို့ လူထုအပေါင်းက သောင်းသောင်းဖျဖျ အားပေးကြတဲ့ ဝန်ကြီးတစ်ပါးအကြောင်းကို အစပြု၊ သားသမီးအဖြစ် အသိအမှတ်မပြုလို့ ကိုယ့်အဖေကိုယ်ပြန်သတ်တဲ့ သားတစ်ယောက်ကို ကွန်ဖြူးရှပ်စ်ကြီးကတောင် လက်ခုပ်ဩဘာပေးကြောင်း ပုံပြင်လေးတွေ အရင် ပစ်သွင်းလိုက်ပါတယ်။ ပြီးမှ ယောကျင်္ားကောင်းအာဇာနည်တို့မည်သည် အလုပ်ကြီးအကိုင်ကြီးလုပ်တဲ့အခါ မဆင်မခြင် ပြုမူလေ့မရှိသလို ဆိုင်းတွငြင်းဆိုခြင်းဖြင့်လည်း အံဖွယ်သရဲ ထူးကဲသောအောင်ပွဲတို့ ရရှိနိုင်မှာ မဟုတ်ကြောင်း။ သားကောင်းဇာနည် ဘာမထီမှန်ရင် နတ်ဆိုးမိစာ္ဆများတောင် တားဆီးလို့မရနိုင်ကြောင်း၊ သေသေခြာခြာ စဉ်းစားချင့်ချိန်ပြီး သတ္တိပြဖို့ အချိန်တန်ပြီ ဖြစ်တဲ့အကြောင်း။ အကြောက်တရား နဲ့ စိုးရွံ့မှုဆိုတာ အရှုံးမှတပါး ဘာကိုမှ မဆောင်ကျဉ်းနိုင်ကြောင်း အမျျိုးမျိုးညှော်ပါလေတော့တယ်။ ကိုယ်တော်လေးက မီးစိမ်းပြတော့မှ “ဘိုးတော်ကြီး လီဆီကို ဆွဲစိဖို့ကျန်သေးတယ်။ ကျွန်တော်မျိုးကြီးကို ဂျင်နရယ်ပါဝါ စပါယ်ရှယ်ပါဝါတွေ ပေးတော်မူပါ” လို့ ချုပ်လိုက်သတဲ့။

credit to Dr Soe Min and it’s original owner Dr Yin Mar

5 comments

  • uncle gyi

    November 3, 2012 at 9:10 am

    ယင်းမာကဆရာချစ်ရဲ့ နဂါးခေါင်းဗျပ်စောင်းကိုအားကျ
    လို့နဲ့တူတယ်
    ရာဇဝင်ဖြစ်ပေမဲ့လူ့သဘာဝတစေ့တစောင်းလို့
    ပြောလိုက်ချင်ပါတယ်

  • nicolus agral

    November 3, 2012 at 9:14 am

    ( စာမူရှင်သည် မိမိစာအပေါ်ကော်မန့်ပေးသူများအား ဦးဆောင်ဆွေးနွေးသူဖြစ်ရမည်။ )
    အခုစီးရီးက copy/paste လုပ်ထားတာဆိုတော့ ဦးဆောင်ဆွေးနွေးဖို ့ကနဲနဲအဆင်မပြေဘူးဗျ
    သဂျီးစည်းကမ်းကို အပြည့်အဝမလိုက်နာနိုင်တာ sorry ပါဗျာ

  • မောင်ပေ

    November 3, 2012 at 11:20 am

    မိုးမီးလောင်
    ဂျိုးဂျီးပြောင်
    ဆိုးပြီးကြောင်
    တိုးကြီးကောင်
    ရိုးချိအောင်
    ခိုးပြီးပေါင်

  • ဦးကြောင်ကြီး

    November 4, 2012 at 10:59 am

    တရုတ် နန်းတွင်းဇာတ်တွေကလည်း ဘုရင်ဂျီး၊ အမတ်ကျီး၊ ကုန်းကုန်းဂျီးတွေပဲ ပါသလား။ မင်းသမီးလေးဘာလေး လုပ်ပါအုံး။။ ရွာမှာတော့ တရုတ်ကွန်ဖူးမင်းသမီး ကြေးမုံဂျီး ဝက်သားခုတ်ဓားဂျီးနဲ့ ဟန်ရေးပြနေတာ ကျောင်းစရာဂျီး…။

  • nicolus agral

    November 4, 2012 at 7:20 pm

    ဦးကြောင်ကလည်းပြောရော့မယ်
    ဒီလိုသပွတ်အူထဲကို ဘဇာကြောင့် စိနလုံမပျိုတွေ ကိုပါစေချင်ရတာတုံး
    စိနက မဟာပုရိသ ဝါဒလေ
    တော်ရုံလောက်နဲ ့တော့ဘယ်ပါမတုံး
    အခု၂၁ရာစုမှ ကြေးမုံဂျီးက အရင်းရောအတိုးရောပေါင်းပြီးသောင်းကြမ်းနေတာနေမှာပေါ့

    ဘဇာကြောင့်ပူပန်နေတာတုံး
    ကြက်မတွန်လို ့မိုးမလင်းပါဘူး…. 🙂

Leave a Reply