“သည်တောင်ကို မောင်ဖြိုပါ့မယ်”(EPISODE 11)
ဟောင်ကောင်မှာတုန်းက မေမေလေး အစီအမံနဲ့ ကက်သလစ်သီလရှင်ကျောင်းမှာ ၁၁ နှစ် က ၁၄ နှစ် ရောက်တဲ့အထိ ကျောင်းအိပ်ကျောင်းစား နေခဲ့ဖူးပါတယ်။ ညနေဧည့်ချိန်ရောက်လို့လည်း ဘယ်သူမှ လာတွေ့မယ့်လူ မရှိဘူး။ ကျောင်းပိတ်ရက်ရှည်မှာလည်း အိမ်ပြန်ရအောင်လို့ ဘယ်သူမှ လာမခေါ်ကြဘူး။ အဆောင်တစ်ခုလုံး ပြောင်တလင်းခါနေတာတောင် တစ်ယောက်တည်း ကျန်နေခဲ့ရတဲ့သူဆိုတော့ လူသူမရှိတဲ့ စာသင်ခန်းတွေ၊ စာကြည့်တိုက်တွေထဲမှာ ငြိမ်ငြိမ်တိတ်တိတ်ကလေး လျှောက်သွားနေတတ်တဲ့ ယင်းမာကို ကျောင်းကသီလရှင်ဆရာလေးတွေကတောင် ဘာလုပ်ရမှန်းမသိ ဖြစ်ကြတယ်။ ကစားစရာ အဖော်မရှိတဲ့အတူတူတော့ စာကြည့်တိုက်ထဲတင် အချိန်ဖြုန်းနေရင်းက တနေ့တော့ အင်္ဂလိပ်မဂ္ဂဇင်းတစ်အုပ်ထဲမှာ ပြဇာတ်ရေးပြိုင်ပွဲတစ်ခု ကြော်ငြာထားတာဖတ်လိုက်ရပါတယ်။ အသက် ၁ဝ နှစ်က ၁၉ နှစ်အတွင်း မည်သူမဆို အင်္ဂလိပ်ဘာသာနဲ့ ဝင်ရောက်ရေးသား ယှဉ်ပြိုင်နိုင်သတဲ့။ ကိုယ်ကလည်း အဲသလောက်တောင် အားအားယားယား ရှိနေတဲ့ အချိန်မို့လို့ ဝင်ပြိုင်ရကောင်းမလား စဉ်းစားကြည့်ပါတယ်။ ဒါပေမယ့် မွေးကတည်းက “အူဝဲစ်” လို့ ဘိုလိုငိုထွက်လာတဲ့သူတွေနဲ့ ပြိုင်ရမှာ ကြောက်တော့ အကြောက်သားပေါ့။ အရင်မူလတန်းကျောင်းတုန်းက စာစီစာကုံးတွေ ပြိုင်ခဲ့ဖူးတယ်ဆိုပေမယ့် အဲဒါက တရုတ်လိုရေးပြိုင်ရတာလေ။ ကိုယ့်ရှိတဲ့ အင်္ဂလိပ်စာ အကျိုးအပဲ့နဲ့ ဝင်တိုးရမှာ ရှက်ဖို့တောင် ကောင်းမလားပဲ။ စဉ်းစားရင်းတွေးရင်း မေးခွန်းလေးတွေ ပေါ်မလာပဲ နမိုးနီးယားဝင်လာလို့ ဆေးရုံရောက်သွားပါလေရော။ ဒီတခါတော့ မေမေလေးက သနားသွားသလား မပြောတတ်ပါဘူး။ အိမ်ကို တစ်ပါတ်တလေလောက် ပြန်ချင်ရင် ပြန်လာခဲ့ပေါ့ တဲ့။ အိမ်ကို ပြန်လာဖို့ မခေါ်တာလည်း မပြောနဲ့လေ။ အိမ်မှာ ကိုယ့်အတွက် နေစရာ နေရာမှ မရှိတော့တာ။ ဖိုးဖိုးအခန်းထဲမှာ ခေါက်စင်ကလေးနဲ့ အိပ်ရတယ်။ ဒါပေမယ့် ကိုယ့်အိမ် ကိုယ့်မိသားစုဆိုတော့ နွေးထွေးပါတယ်။ အဲသည်တစ်ခေါက်ဟာ ဖိုးဖိုးနဲ့ နောက်ဆုံးအတူရှိခဲ့တဲ့ အခေါက်ပဲ လို့ တွေးမိရင် စိတ်ထဲမှာ လွမ်းသွားတာပဲ။
ဖိုးဖိုးကတော့ သူ့အတွက် ရက်တွေ သိပ်များများစားစား မကျန်တော့တာ သိလို့လား မသိဘူး။ သွန်သင်မှာကြားနေလိုက်တာ ခရားရေလွှတ် တတွတ်တွတ်ပဲ။ “ယင်းမာရေ။ ငါ့မြေးအသက်က ငယ်ငယ်ကလေးပဲ ရှိသေးတာ။ ရှေ့လျှောက် လူလုပ်ဖို့ အများကြီးကျန်သေးတယ်။ ဘယ်အခါမဆို ရဲရဲရင့်ရင့် နေ၊ ကြိုးကြိုးစားစား လုပ်၊ သူများကို အားမကိုးနဲ့။ မမကြီး လီဒိယာလိုလည်း အစောကြီး အိမ်ထောင်မပြုလိုက်နဲ့။ ပညာသာ ကြိုးစားသင်။ ပညာရွှေအိုး လူမခိုး တဲ့။ ဖိုးဖိုးက ငါ့မြေးကို ယုံတယ်။ ဘာအခက်အခဲပဲရှိရှိ၊ ကိုယ့်အစွမ်းအစနဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်အောင် ကြိုးစားနော်။ လူဆိုတာ ရိုးရိုးလည်းကျင့်ရသလို မြင့်မြင့်လည်း ကြံရတယ်။ တနေ့ကျရင် ငါ့မြေးရဲ့ အရည်အချင်းတွေကို ကမာ္ဘကသိအောင် ပြလိုက်စမ်းပါ။” တဲ့။ အဲဒီတခေါက် အိမ်ကပြန်လာတော့ ကားပေါ်တက်ကာနီးမှာ ဖိုးဖိုးက စာအိပ်ရှည်တစ်အိပ် ပေးလိုက်တယ်။ ဘာတွေပါပါလိမ့်လို့ သိချင်စိတ်က တားမရတာကြောင့် ကားပေါ်တင်ဖောက်ကြည့်လိုက်တဲ့အခါ ဖိုးဖိုးကိုယ်တိုင် လက်ရေးလှလှနဲ့ ရေးပေးထားတဲ့ တရုတ်စကားပုံတစ်ခုကို ဖတ်ရတယ်။ “Yan que yong you hong hu zhi.” (Little sparrow with dreams of Swans.) တဲ့။ ငန်းတို့ရဲ့အိပ်မက်နဲ့ စာကလေးပေါက်စန လို့ ဘာသာပြန်ရပေမယ့် ဆိုလိုရင်းကတော့ မြန်မာနတ်ချင်းထဲက “စိုးပါနဲ့မေရယ် မိုးကြယ်မို့လား။ သည်တောင်ကို မောင်ဖြိုပါ့မယ် မြင့်မိုရ်မို့လား။” ဆိုတာနဲ့ သွားကိုက်ပါတယ်။ အဲသည်စကားပုံကလေးရဲ့ တွန်းအားနဲ့ ပြိုင်ပွဲဝင်ဖြစ်သွားတဲ့အခါ ပထမဆုရခဲ့ပြီး အဲသည်လိုဆုရတာကြောင့် ဖေဖေက ယင်းမာကို အင်္ဂလန်မှာ ကျောင်းသွားတက်ဖို့ စီစဉ်ပေးခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ ယင်းမာလည်း ဘဝမှာ မဖြစ်နိုင်တာ ဘာမှ မရှိဘူး။ ကြိုးစားရင် ဘာမဆို ဖြစ်နိုင်တယ် လို့ လက်ခံသွားပါတယ်။ ဒါပေမယ့် ဖိုးဖိုးကတော့ ယင်းမာဆုမရခင် သုံးလလောက်ကတည်းက မရှိတော့ပါဘူး။
လူတွေအကုန်လုံးဟာ မွေးစကတော့ အကုန်အတူတူချည့်ပါပဲ လို့ ကွန်ဖြူးရှပ်စ်ကြီးက မပြောခဲ့သေးခင်က ဘုရင်၊ မင်းညီမင်းသားနဲ့ ဆွေတော်မျိုးတော်များဟာ ကောင်းကင်ဘုံကနေ ဆင်းသက်လာတာမို့ သူတို့သာလျှင် တိုင်းပြည်အုပ်ချုပ် မင်းလုပ်ခွင့် ရှိရလိမ့်မယ် လို့ ယုံကြည်ထားခဲ့ကြပါတယ်။ မင်းသွေးနဲ့ စပ်မထားရင် ဘယ်လောက်ပဲ အရည်အချင်းရှိရှိ မင်းဖြစ်နိုင်တဲ့ ဘုန်းကံ မပါဘူး လို့လည်း ယေဘုယျအားဖြင့် ယူဆကြတယ်။ သူမြှောက်ပေးသလိုမျိုး လူဆိုတာ ဘယ်သူမဆို ထိုက်သင့်တဲ့ အရည်အချင်းရှိပြီး မှန်မှန်ကန်ကန် ဦးဆောင်နိုင်ရင် ဘယ်အမျိုးဇာတ်ကလာတဲ့သူပဲဖြစ်ဖြစ် ထီးနန်းအုပ်စိုးလို့ရနိုင်တယ် ဆိုတဲ့အယူဟာ အဲဒီခေတ်အခါနဲ့ဆို အင်မတန်တော်လှန်တဲ့ အတွေးအခေါ်ပါပဲ။ ကောင်းကင်ဘုံက ဆင်းသက်လာတယ်ဆိုရင်တောင် အုပ်ချုပ်သူဆိုတာ တိုင်းသူပြည်သားရဲ့ အကျိုးစီးပွားကို ဆောင်ကျဉ်းပေးဖို့ တာဝန်ရှိတာမို့ အဲသလိုဆောင်ကျဉ်းမပေးနိုင်တဲ့သူများထံကနေ ကောင်းကင်ဘုံက ပေးအပ်ထားတဲ့ အခွင့်အာဏာကို ရုပ်သိမ်းပြီး အခြားသော ပြည်သူ့အကျိုးစီးပွားဖော်ဆောင်နိုင်သူတစ်ဦးဦးကို လွှဲပြောင်းပေးရမယ် လို့လည်း ပြောခဲ့ပါသေးတယ်။ အမှန်တရားဆိုတာ ဘယ်လောက်ပဲ သွေးထွက်အောင်မှန်နေပါစေ၊ ကိုယ့်အကျိုးစီးပွား ထိခိုက်မယ့်ဟာမျိုးကြတော့ နေပစေ၊ လူမသိလေ ပိုကောင်းလေ ဆိုပြီး ဖုံးဖုံးဖိဖိ အာရုံလွှဲပစ်တတ်ကြတာ မဟုတ်လား။ ဒါကြောင့်လည်း ကွန်ဖြူးရှပ်စ်ကြီးဟာ မသေမချင်း တော်ကောက်မြှောက်စား အလေးထားမခံရတာ ထင်ပါရဲ့။ ၂ဝ ရာစုထဲရောက်တော့မှ ဆွန်ယက်ဆင်ရဲ့ တော်လှန်ရေးပါတီက မိုးကောင်းကင်၏ဗျာဒိတ်တော်ကို ပြောင်းလဲစေမည့်သူများ လို့ ခေါင်းစဉ်တပ်ခဲ့ဖူးသတဲ့။
တကယ်တော့ မိုးနတ်မင်းကြီးက မောင်မင်း လူကလေး လူ့ပြည်မှာ ရှင်ဘုရင် သွားလုပ်ချေ လို့ နဖူးစာဆွဲပေးလို့သာ ရှင်ဘုရင်လုပ်လို့ရရိုးမှန်ရင် ဘယ်သူမဆို ကိုယ့်နဖူးကိုယ် စာကပ်ပြီး မိုးနတ်မင်းကြီး စေလွှတ်လိုက်တယ် လုပ်လို့ရော ဘာလို့ မရနိုင်ရမှာလဲ။ အဲသည်လို လှည့်ကွက်မျိုးကို မင်းဆက် စဦးတည်ထောင်တဲ့ ဘုရင်တိုင်းလိုလို၊ အာဏာချဲ့ထွင်လိုတဲ့ နယ်စားပယ်စားတိုင်းလိုလို အသုံးပြုလေ့ရှိပါတယ်။ ကိုယ့်သမိုင်းထဲမှာတောင် မုဆိုးဘိုသူကြီး ဦးအောင်ဇေယျဟာ သူ့ကိုယ်သူ ဘုရားအလောင်း ဆုကြီးပန်ပါဆိုပြီး အလောင်းဘုရားဘွဲ့နဲ့ နန်းတက်ခဲ့တာပဲ။ မင်းတုန်းမင်းကြီးလည်း မန္တလေးတောင်ပေါ်မှာ စန္ဒမုခိဘဝတုန်းက နို့ဖြတ်လှူခဲ့လို့ ဟောဟိုနားမှာ မြို့တည်ပြီး ရှင်ဘုရင်လုပ်ရလတ္တံ့ လို့ ဗျာဒိတ်တော်ရခဲ့သလိုလို လုပ်ရသေးတာပဲ။ ရှင်ဘုရင့် ပြောစကားမို့ ဘာသက်သေရှိရှိ မရှိရှိ ဘယ်သူက ငြင်းရဲမှာလဲ။ အဲဒါကြောင့် မထင်မရှား ကျောထောက်နောက်ခံဘဝကလာတဲ့ ခေါင်းဆောင်များဟာ သူတို့ကိုယ်သူတို့ ထီးလိုမင်းလို နတ်လိုဂြိုလ်မ ဖြစ်အောင် ဘာသာရေးအရပဲဖြစ်ဖြစ်၊ အံ့ဖွယ်သရဲ ထူးကဲသော နိမိတ်တဘောင်များကိုဖြစ်ဖြစ် စည်းရုံးရေးအတွက် လက်နက်သဖွယ် အသုံးချလေ့ရှိကြတယ်။ ရှီဂျီရဲ့အဆိုအရတော့ လူတွေဟာ တိုင်းပြည်ဂယောက်ဂယက်ဖြစ်လာပြီဆိုရင် မျက်လှည့်ဆရာတွေ လျက်ဆားရောင်းသလို အင်းအိုင်ခလှဲ့ လက်ဖွဲ့အစီအရင်တွေနဲ့ အပြောကောင်းအပြကောင်းတဲ့ မသမာသူရဲ့နောက်ကို ကောက်ကောက်ပါ သွားလေ့ရှိကြသတဲ့။ သည်လိုနဲ့ အယူမှား အမှတ်မှားတွေ ရှိလာရင် အစွန်းရောက်သွားတတ်ပြန်ရော။ သူတို့တရုတ်ပြည်မှာတော့ မကြာသေးခင်က ဖားလမ်ကောင်း ဆိုတဲ့ ရွှေရင်ကျော်ဂိုဏ်းလို ဂိုဏ်းတမျိုး ခေတ်စားခဲ့သေးသတဲ့။ တို့ဆီက တုတ်ပီးဓါးပီး အဆောင်လက်ဖွဲ့များလိုပဲ ဝမ်းဗိုက်မှာ လက်ဖွဲ့စကြာဘီးတစ်ပြားကို မြှုတ်နှံထားရင် အန္တရာယ်ကင်းအောင် ကာကွယ်ပေးနိုင်တယ်ဆိုပြီး ပုံပြောလိုက်ကြတာ ယုံတဲ့သူတွေက မစူးမစမ်း စွတ်ယုံနေတာကြောင့် အစိုးရကတောင် တားဆီးပိတ်ပင်ယူရတယ်။ ဆေးထိုးမှားတော့ တစ်ယောက်ပဲ သေရမှာ။ နိုင်ငံရေးမှာ အဲသလို လိမ်လည်လှည့်ဖျားသူတွေကို ယုံလိုက်မိရင် တတိုင်းပြည်လုံး ဖွတ်တက်တာထက် ဆိုးမယ် လို့ သတိပြုစေချင်တာပါပဲ။
ချင်အင်ပါယာကြီးရဲ့ ဒုတိယမြောက်ဧကရာဇ် ကျဆုံးသွားပြီးနောက်မှာ နိုင်ငံနဲ့အဝှမ်း တော်လှန်ပုန်ကန်မှုတွေ ဆက်တိုက်ဆိုသလို ပေါ်ထွက်လာခဲ့တာက မထူးဆန်းပါဘူး။ ထူးဆန်းတာက အဲသည်ပုန်ကန်ကြတဲ့ မြို့စားနယ်စား၊ စစ်သူကြီး၊ မင်းညီမင်းသားတွေအကြားမှာ ခြူးတစ်ပြားတောင် မကပ်တဲ့ လယ်သမားလူငယ်လေးနှစ်ဦး ပါနေတာကတော့ သူတို့ခေတ်အခါနဲ့ဆို တော်တော်အံ့ဩဖို့ ကောင်းပါတယ်။ ချန်ရှီ နဲ့ ဝူကွမ်းဆိုတာ ချူပြည်နယ်က လယ်ကူလီကလေး နှစ်ယောက်မျှသာ ဖြစ်ပါတယ်။ အဲသည်ခေတ်တုန်းက သူတို့အကြောင်းဖွဲ့နွဲ့ထားတဲ့ ကဗျာလင်္ကာတွေထဲမတော့ ကြမ်းခုနစ်ချောင်းနဲ့ တဲကုပ်ကလေးမှာနေတယ်ဆိုပဲ။ ကြမ်းတမ်းတဲ့ အလုပ်မှန်သမျှကို ပင်ပန်းကြီးစွာ လုပ်ကိုင် အသက်မွေးကြရပါသတဲ့။ ထွန်ယင်းယက်ရင်းက တနေ့တော့ ဘာစိတ်ကူးပေါက်တယ် မသိပါဘူး။ “သူငယ်ချင်းတို့ရေ။ တကယ်လို့များ ငါတို့ထဲက တစ်ယောက်ယောက် ကောင်းစားသွားခဲ့ရင်တော့ ကျန်တဲ့သူတွေကို မေ့မထားကြေးနော။” လို့ ဆိုတဲ့အခါ အားလုံးက ဝိုင်းဟားကြပြီး “မင့်ဖြင့် လက်ထဲ ဘာတွေရှိလို့ ကြီးပွားမယ် ချမ်းသာမယ် မျှော်လင့်နေရတာလဲ။” လို့ ပျက်ရယ်ပြုတဲ့အခါ “ဪ … စာသူငယ်လည်း ငွေငန်းဖြူကလေးလို့ အိပ်မက်မက်တာ မက်လို့ရပါတယ်။” လို့ ပြန်ဖြေသတဲ့။
ယင်းမာလည်း အဲဒီလိုမျိုး မျက်နှာကလေးချီပြီး ပြောခဲ့မိတဲ့အချိန် ရှိပါတယ်။ မေမေလေးအသုဘတုန်းက မောင်နှမတွေ စုံစုံညီညီ ထမင်းစားနေခိုက် ဂျိမ်းစ်က မေမေလေးသေတမ်းစာအရ ယင်းမာကို အမွေဖြတ်တဲ့အကြောင်းပြောဖို့ စကားစရှာမရလို့ စိတ်အိုက်နေတုန်း ဒီကမယ်ထုံကလည်း အလိုက်မသိစွာနဲ့ “ဆိုမယ့်ပြောမယ့် မေမေလေး လည်း မရှိတော့ဘူး။ ငါလည်း စာလေးဘာလေး ပြန်ရေးဦးမှပါ။ မှတ်မိသေးလား ဂျိမ်းစ်။ ငါတို့ ရှန်ဟိုင်းမှာတုန်းက ဖိုးဖိုးနဲ့ ပစ်ကနစ်ထွက်တဲ့အခါ သူထိုက်ကျိကစားနေတုန်း တို့တတွေ ကွန်ဖူးဇာတ်လမ်းခင်းကြတာလေ။ အဲဒါမျိုးလေးတွေ ပြန်ရေးရကောင်းမလား မသိဘူး။ ကံကောင်းထောက်မလို့ ထုတ်ဝေသူနဲ့တွေ့တော့လည်း စာအုပ်ဖြစ်လာမှာပေါ့။”
သူ့ဟာနဲ့သူ အတွေးလွန်နေတဲ့ ဂျိမ်းစ်ဟာ ရေနဲ့အပက်ခံလိုက်ရသလို ဆတ်ကနဲ ကုန်းအော်လိုက်တော့ ကျန်တဲ့သူတွေတောင် လန့်သွားကြပါတယ်။
“နင်အခု ဆရာဝန်လုပ်နေတယ် မဟုတ်ဘူးလား။ ကိုယ့်အလုပ်မှ ကိုယ်အားမနာ။ ကလေးကလားအလုပ်တွေ ပြန်လုပ်ဦးမလို့လား။ ကွန်ဖူးဇာတ်လမ်းဆိုတာ နင့်အသက် ၉ နှစ်၊ ငါ့အသက် ၁၂ နှစ်တုန်းက ကစားခဲ့ကြတာလေ။ ဒီအသက်ဒီရွယ်ကြီးကျမှ အဲဒါတွေ ရေးတော့ရော ဘယ်သူကမှ အမိုက်ခံပြီး စာအုပ်ထုပ်ပေးမှာ မဟုတ်ဘူး။ နင့်ဟာနင် ပိုက်ဆံပေါလို့ ထုတ်ချင်လည်း သူများမပြောနဲ့ နင့်အကို ငါ တစ်ယောက်လုံးတောင် ဖတ်ဖို့နေနေသာသာ လှန်တောင် မကြည့်ဘူး။ ဝယ်မယ့်သူ ရှိမယ်မှတ်လို့လား။”
အရှက်ပြေပြောတာလား။ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်တာလား။ အားတင်းထားတာပဲလားတော့ မသိပါဘူး။ အမှတ်တမဲ့နဲ့ ပါးစပ်ကနေ လွှတ်ကနဲထွက်လာတဲ့စကားကတော့ “ဪ … ဂျိမ်းစ်ရယ်။ စာသူငယ်လေး ဖြစ်နေတာနဲ့ပဲ ငန်းဖြူကြီးတွေလို အိပ်မက်မက်လို့ မရတော့ဘူးတဲ့လား။”
ဘီစီ ၂၀၉ ခုနှစ်တုန်းကတော့ ချန်ရှီ နဲ့ ဝူကွမ်းဟာ ဆင်းရဲလို့ လယ်သူရင်းငှားလုပ်နေရတဲ့အထဲ စစ်တပ်က ပေါ်တာဆွဲတဲ့အထဲ ပါသွားလို့ အခြားသောလယ်သမားပေါင်း ၉၀ဝ ကျော်နဲ့အတူ မြောက်ဘက်နယ်စပ်ကို အပို့ခံရပါတယ်။ အကုသိုလ်ဆိုတာ အဖော်အပေါင်းနဲ့လာတယ် လို့ဆိုကြတော့ သူတို့လည်း လမ်းမှာ တောင်ကျရေတွေ မဖြတ်နိုင်လို့ ဟိုမရောက်သည်မရောက် သောင်တင်နေပါလေရော။ ဒီအခါမှာ သူတို့နှစ်ယောက် တိုင်ပင်ကြတာက
“ဒုက္ခပါပဲ။ ငါတို့တော့ အချိန်မီ မရောက်လို့ အသတ်ခံရတော့မယ်။ ထွက်ပြေးဖို့ကြံရင်လည်း အခုကို သတ်ကြမှာ။ ဘယ်လိုလုပ်လုပ် သေမယ့်အတူတူ၊ မထူးတော့ပါဘူးကွာ။ အနားရှိတဲ့လူစည်းရုံးပြိး ခံချရရင် ဘယ့်နှယ့်နေမလဲ။”
ကိုယ့်လို အတူတူနဲ့အနူနူ ဆင့်ခေါ်ဖမ်းဆီးထားတဲ့ ကျွန်အချင်းချင်း စည်းရုံးလို့ကတော့ ဘယ်သူကမှ “ထောက်ခံပါ့မယ်။ ရှေ့ကဦးဆောင်ပါ။” ပြောမယ့်သူ မရှိပါဘူး။ ဘိန်းစားချင်းတူရင် တစ်မူးပိုရှူဖို့ မစဉ်းစားနဲ့။ လုပ်ချင်းလုပ်မှတော့ဖြင့် ခေါင်းဆောင်ပဲ လုပ်ကြမှာပေါ့။ အဲလိုဆိုတော့ မိုးနတ်မင်းကြီးရဲ့ဆန္ဒဆိုတာကို စစ်ကူတောင်းဖို့ လိုလာပါပြီ။ ရိက္ခာလာပို့တဲ့ ငါးပါးစပ်ထဲကနေ “မင်းလောင်းချန်ရှီ၊ ချန်ရှီမင်းလောင်း” လို့ ရွှေပေလွှာတွေကို ပိုးသားပေါ်မှာ စာရေးပြီး ဝမ်းဗိုက်ထဲအရောက် ဘယ်သူမှ မသိအောင် အစာသွတ်ပါသတဲ့။ ဒီလို ထူးထူးဆန်းဆန်း ကောလာဟလဆိုတာ ကိုယ့်ထမင်းကိုယ်စားပြီး ဖြန့်ပေးမယ့်သူတွေ ပေါလွန်းလို့။ သည်ကြားထဲ ဝူကွမ်းက ညလူခြေတိတ်တဲ့အချိန်ရောက်မှ “ချူမင်းဆက် ပြန်အုပ်စိုးတော့မည်။ ချန်ရှီဘုရင် စိုးစံတော် မူလိမ့်မည်။” လို့ စကြာသိုက်တဘောင် အော်သံပေးတော့ နဂိုကမှ ချင်ဧကရာဇ်ကို မနှစ်မြို့တော့တဲ့ တပ်သားများက နှစ်ထောင်းအားရ မင်းလောင်းမျှော်ပါလေတော့တယ်။ နောက်နေ့ကျ အလုပ်ထဲမှာ ချန်ရှီ့ကိုတွေ့ရင် လူတွေက ကွက်ကြည့်ကွက်ကြည့် နဲ့ တီးတိုးတီးတိုး သဖန်းပိုးလုပ်တဲ့အခါ ချန်ရှီကလည်း လူရှိန်အောင် ရုပ်တည်ကြီးနဲ့ မုန့်တီစားပြရတာပေါ့။
နှလုံးရည်နဲ့စီမံပြီးတဲ့အချိန်မှာ လက်ရုံးရည် စွမ်းပကားကို ထောက်ခံသူတွေ သိစေဖို့ တစ်မျိုးထပ်ကြံရပါသေးတယ်။ အစောင့်စစ်သားတွေ အရက်မူးအောင်စောင့်ပြီးမှ ဝူကွမ်းက သူချွေးတပ်စခန်းက ထွက်ပြေးတော့မယ် လို့ အယောင်ပြပါတယ်။ ထင်တဲ့အတိုင်း ဝိုင်းသမကြတဲ့ စစ်သားတွေကို ချန်ရှီက အလွယ်တကူ သုတ်သင်လိုက်ပြီး မတရား အနိုင်ကျင့်ခံနေရတဲ့သူတွေဘက်က ရဲရဲဝံ့ဝံ့ ရပ်တည်ပေးနေတယ် လို့ နံမည်ကောင်းယူလိုက်ပါတယ်။ အဲသည်နောက်တော့ မြန်မြန်ဆန်ဆန် လူထုစည်းဝေးပွဲကြီးလုပ်လိုက်ပြီး “မိတ်ဆွေတို့ ဒီရာသီဥတုနဲ့ဆိုရင်တော့ ဘယ်လိုနည်းနဲ့မှ အလုပ်စခန်းကို အချိန်မီ ရောက်ကြတော့မှာ မဟုတ်ဘူး။ ဟိုရောက်ရင် အပြစ်ပေးခံရလို့ သေမှာ သေချာသလောက်ပဲ။ အသက်မသေရင်တောင် ချွေးတပ်စခန်းမှာ အလုပ်ပင်ပန်းတဲ့ဒဏ်၊ အစားအသောက်ငတ်ပြတ်တဲ့ဒဏ်၊ ရာသီဥတုဆိုးရွားတဲ့ ဒဏ်တွေကြောင့် လူဆယ်ယောက်မှာ ခုနှစ်ယောက်လောက် သေရဦးမှာ မလွဲ။ အဲဒီတော့ ခင်ဗျားတို့ အခုကတည်းက သေရမှာကို ကြောက်နေပြီးသားဆိုရင်တော့ ဘာမှ မပြောလိုတော့ပါဘူး။ ဒါပေမယ့် အလကားနေရင်း လည်စင်းပြီး အသေခံမယ့်အစား တနည်းနည်းနဲ့ ကြိုးစားကြည့်ချင်သေးတယ်ဆိုရင်တော့ သေရင်တောင်မှ ဂုဏ်သိက္ခာမငြှိုးနွမ်းရအောင် အတူတူလက်တွဲရုန်းကန်ကြတာပေါ့။ လူဆိုတာ မွေးဖွားယူလို့ ရပါတယ်။ ဒါပေမယ့် အာဇာနည်ယောကျင်္ားကောင်းဆိုတာကတော့ မွေးရာပါ မဟုတ်ဘူး။ ကြိုးစားတည်ဆောက် ယူရတဲ့အရာသာ ဖြစ်ပါတယ်။”
သူ့မိန့်ခွန်းကို နားထောင်အပြီးမှာ လမ်းပျောက်နေတဲ့သူတွေအားလုံး သူ့ဦးဆောင်မှုနောက်ကို ကောက်ကောက်ပါသွားတာဟာ သိပ်တော့ မထူးဆန်းလှပါဘူး။ ဒီ့ထက်ပိုပြီး လူထုထောက်ခံမှုကို လိုချင်သေးတဲ့ ဝူကွမ်း နဲ့ ချန်ရှီက သူတို့နှစ်ယောက်ဟာ တခြားလူတွေ မဟုတ်ဘူး။ လုပ်ကြံမှုကြီးမှာ လူစားထိုး လွတ်မြောက်သွားတဲ့ ဖူဆူးမင်းသား နဲ့ မုန်းရှန် စစ်သူကြီး ဖြစ်ပါတယ် လို့ ကောလာဟလ ဆက်လွှင့်ပါတယ်။ (လက်စသတ်တော့ တို့မြန်မာတွေ ညောင်ရမ်း ညောင်အုပ် မျှော်နေတုန်း စကားပြန်ဘသန်းကို မင်းသားအဝတ်အစားနဲ့ သင်္ဘောဦးမှာ တင်ခေါ်လာခဲ့တဲ့ ဗြိတိသျှတွေရဲ့ စမာကလာအကွက်ဟာ တရုတ်ဆီက ခိုးချတာကိုး)။ သူပုန်တပ်မှာလည်း စစ်တပ်ဖွဲ့စည်းပုံနဲ့ဆိုတော့ အရာရှိ အရာခံ အကြပ် တပ်သားအဆင့်ဆင့်ခန့်ထားစီမံလို့ သစ္စာရေသောက် ဘွဲ့အမည်အရည်များပါ ချီးမြှင့်လိုက်သေးသတဲ့။ သည်လိုအရေတွေ ကြိုမြင်လို့ ပထမမြောက်ဧကရာဇ်က လက်နက်မှန်သမျှ သိမ်းပြီး သတ္တုရုပ်ကြီးတွေ သွန်းလုပ်ခဲ့တာမို့ သူတို့လယ်သမားတပ်မဟာကြီးရဲ့ လက်နက်အင်အားဟာ ဓါးတွေလှံတွေတောင် အလုံအလောက် မရှိရှာပါဘူး။ သစ်သားတင်းပုတ်၊ ဝါးရင်းတုတ် ကို ကိုင်ဆွဲပြီး ဝါးလုံးဖျားမှာ အလံတံခွန်ထူကြရတယ်။ တို့ဆီမှာ မိန်းမတွေ တော်လှန်ပုန်ကန်တဲ့အခါ ထမီအလံထူပလိုက်မယ် လို့ ကြုံးဝါးကြသလိုပဲ သူတို့နိုင်ငံမှာတော့ “ဝါးလုံးထိပ်ဖျား အလံထူပလိုက်မယ်” ဆိုတဲ့ အဓိပ္ပါယ်ဟာ မတရားမှုတစ်ခုကို မခံမရပ်နိုင်လွန်းလို့ အုံကြွတော်လှန်ကြတယ် လို့ အနက်ဆောင်ပါတယ်။ “ံHoist a bamboo pole as a banner of revolt.” (jie gan er qui) တဲ့။ စီမာချန်က ရှီဂျီသမိုင်းစာအုပ်ထဲမှာ စ သုံးနှုန်းခဲ့တဲ့ စကားလို့ ပြောတယ်။ အောက်ခြေလူတန်းစားတွေက စတဲ့ အုံကြွတော်လှန်မှုဆိုပေမယ့် ခံစားချက်တွေ ထပ်တူကျနေတာမို့ တောမီးပမာ ပြန့်နှံ့သွားလိုက်တာ အုပ်ချုပ်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေကိုတောင် စီးနင်းသိမ်းပိုက်နိုင်ခဲ့ပြိး အစိုးရအသစ်ခန့်ထားနိုင်တဲ့အထိ အောင်မြင်ပါတယ်။
တစ်လတောင်မကြာဘူး။ ချန်ရှီရဲ့ အင်အား ၉၀ဝ လယ်သမားတပ်ဟာ ခြေလျင်စစ်သည် ၂ဝ ဝ၀၀၊ ရထား ၆၀၀၊ မြင်းသည်တော် ၁၀၀၀၊ အင်အားရှိလာသတဲ့။ တစ်နယ်ပြီးတစ်နယ် တိုက်ခိုက်သိမ်းပိုက်လာလိုက်တာ မြို့တော်ဝန်းကျင်တောင်ရောက်လာပါလေရော။ ဒီအခါမှာတော့ လယ်သမားလေး ချန်ရှီ ဘယ်ဟုတ်တော့မလဲ။ ချူဘုရင်မင်းမြတ်ချန်ရှီ ဖြစ်နေပြီပေါ့။ တပ်ခွဲတွေ တစ်နေရာစီလွှတ်လို့ တိုက်ခိုက်သိမ်းသွင်းလာတဲ့ ချန်ရှီဟာ ရှမ်းယန်ကိုလည်း မသိမ်းလို့ ဘယ်ရမလဲ။ ရှန်းယန်မြို့ ဝင်ပေါက်ထွက်ပေါက်တွေကို ပိတ်ဆို့ဝန်းရံလာတဲ့အခါ မြို့ထဲက ဒုတိယဧကရာဇ်ကလေးခမျာ နေစရာမရှိအောင် ကြောက်လန့်ပြီး သူ့တပ်မှူးတပ်ကဲများနဲ့ အရေးပေါ် တိုင်ပင်စည်းဝေးရပါသတဲ့။ ဘုရင့်ဘဏ္ဍာတော်ထိမ်း ဆန်းဟန်က ခုချိန်မှတော့ ရှေ့တန်းကို လွှတ်ထားတဲ့ တပ်တွေကို ပြန်ဆင့်ခေါ်ဖို့လည်း အချိန်မမီတော့ဘူး။ မြို့ထဲရှိတဲ့ စစ်တပ်နဲ့ကလည်း အင်အားချင်းက မမျှဘူး။ လောလောဆယ် ခမည်းတော်ဘုရားရဲ့ သချင်္ိုင်းတော်နဲ့ အားဖန်နန်းတော်မှာ ခိုင်းထားတဲ့ လုပ်သားအင်အား ရ သိန်းကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး တိုင်းပြည်ကို ကာကွယ်ခိုင်းရင် ရနိုင်ကောင်းရဲ့လို့ အကြံပေးပါသတဲ့။ အဲဒီအချိန်မှာပဲ ချန်က ဘုရင်ခံအဖြစ်ခန့်ထားတဲ့ ဝူ ကို လက်အောက်ခံဗိုလ်ချုပ်တစ်ယောက်က လုပ်ကြံလို့ ကွယ်လွန်သွားရှာပါတယ်။ ဒီလိုနဲ့ပဲ တော်လှန်ရေးကြီး စ လို့ ငါးလအကြာမှာ ချန်ရှီခမျာလည်း အရေးနိမ့်လို့ထွက်ပြေးရင်း သူ့ရထားထိန်းက ပြန်သတ်လို့ ကံကုန်ရှာပါတယ်။ ချန်ရှီဟာ ထီးနန်းကို မသိမ်းပိုက်လိုက်နိုင်ပေမယ့် နိုင်ငံရေးနဲ့ ပတ်သက်လို့တော့ သူ့တာဝန်ကျေတယ် လို့ ပြောရမယ် ထင်ပါတယ်။ သူသေသွားပေမယ့် ပုန်ကန်မှုတွေက ပြီးဆုံးမသွားပဲ နယ်စားပယ်စား ဘုရင်ခံများက ကိုယ့်ပြည်နယ်လွတ်လပ်ရေးအတွက် အသီးသီး လက်နက်စွဲကိုင် တိုက်ပွဲဝင်ခဲ့ကြတဲ့အတွက် ပထမမြောက်ဧကရာဇ်လက်ထက်က တိုက်ခိုက်စည်းရုံးထားတဲ့ ပြည်ထောင်ခြောက်ခုဟာ သူ့ထီးနန်းနဲ့သူ ပြန်ဖြစ်သွားတယ်။
ချန်ရှီရဲ့ဘုန်းတန်ခိုးသက်တမ်းဟာ ခြောက်လပဲ ကြာတယ်ဆိုပေမယ့် ကျော်ဇောသတင်းကတော့ သူသေပြီးနောက်ပိုင်းမှ ဒဏ္ဍာရီပုံပြင်ထဲက သူရဲကောင်းသဖွယ် တဟုန်ထိုးပျံနှံ့သွားပါတယ်။ သူပြောခဲ့တဲ့ “ဘုရင်တွေ၊ စစ်စ်ိုလ်ချုပ်တွေ ဆိုတာ လုပ်ယူရတာ၊ မွေးရာပါ မဟုတ်ဘူး။” ဆိုတဲ့ စကားဟာ အစောဆုံး ဒီမိုကရက်တစ်ယုံကြည်ချက်အဖြစ် သမိုင်းတင်ရပါတယ်။ သူ့လို ပညာအရည်အချင်းလည်း မရှိ၊ စစ်မှုရေးရာလည်း မကျင်လည်တဲ့သူတစ်ယောက်အနေနဲ့ အင်အားအကြီးမားဆုံး ချင်အင်ပါယာကြီးကို အံတုစိန်ခေါ်ဝံ့တာဟာ စာသူငယ်ကလေးကလည်း ငန်းတို့ပျော်ရာ ရေကန်သာကို အိပ်မက်မက်လို့ ရနိုင်ကြောင်း သက်သေသာဓက တစ်ခုပဲ မဟုတ်ပါလား။
ချန်ရဲ့ ပုန်ကန်ထကြွမှုကနေ ချင်အုပ်စိုးသူတို့ သင်ခန်းစာရလိုက်တာကတော့ နောက်ကို ဘယ်တော့မှ အခွန်အတုပ်တွေ မတရားသဖြင့် ကောက်ခံစေခြင်း၊ အတင်းအဓမ္မစေခိုင်းဖြင်းတွေကို မလုပ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဘယ်တော့မှ မသုံးသပ်မိတာကတော့ နိုင်ငံတစ်နိုင်ငံကို စစ်ရေးအားဖြင့် အောင်နိုင်မှု ရလိုက်ယုံနဲ့တော့ အုပ်ချုပ်ရေးမှာလည်း အောင်အောင်မြင်မြင် စီမံခန့်ခွဲလို့ ရလိမ့်မယ် လို့ မျှော်လင့်လို့ မရဘူးဆိုတာပါ။ (ဒီလိုဆိုရင် ရွေးကောက်ပွဲမှာ ဘယ်လိုနည်းနဲ့ပဲ မဲရရ၊ အင်အားအကြီးဆုံး အာဏာရပါတီဖြစ်ရုံနဲ့ တိုင်းပြည်ကို ငြိမ်းချမ်းသေဝပ်စွာ အုပ်ချုပ်နိုင်လိမ့်မယ် လို့လည်း မျှော်လင့်လို့ မရဘူး လို့ပဲ ကောက်ချက်ဆွဲရတော့ မလိုလို)။ ချင်နန်းတွင်းက မူးမတ်ဝန်ကြီးများအနေနဲ့ ဒုတိယဧကရာဇ်ကို ကြောက်လို့ မပြောရဲပဲ ငြိမ်နေခဲ့တာကို ကျေကျေနပ်နပ် သဘောတူကြည်ဖြူတယ်လို့ ယုံကြည်လိုက်တဲ့သူဟာ မုသားဇာတ်လမ်းဆင်ခဲ့သူ လူမိုက်ကြီး သုံးဦး (ဝန်ကြီးချုပ်လီဆီ၊ ဂျောင်ကောကုန်းကုန်း နဲ့ ဒုတိယမြောက်ဧကရာဇ် ဖြစ်လာမယ့် ဝှူဟဲမင်းသား) ကလွဲလို့ ဘယ်သူမှ မပါပါဘူး။ ကိုယ်လိမ်တဲ့မုသားကို ကိုယ့်ဘာသာ ပြန်ယုံရတဲ့ သူတို့ဘဝမှာ ဇာတ်သိမ်းကောင်းတဲ့သူလည်း တစ်ယောက်မှ မပါပါဘူး။ နန်းတွင်းက အုပ်စိုးသူတွေပေါ် ယုံကြည်မှု ကင်းမဲ့နေတဲ့အခါရယ်၊ အခြေခံလူတန်းစား ပြည်သူလူထုမှာ မတရားဖိနှိပ်မှုဒဏ်တွေကို သည်းမခံနိုင်တော့တဲ့ အချိန်ရယ်၊ ချန်က သူ့ကိုယ်သူ တဘောင်အတိတ် အောင်နိမိတ်အလိုအရ မင်းလောင်းစင်စစ်ဖြစ်တယ်လို့ နိုင်ငံရေးဇာတ်ခုံပေါ်တက်နိုင်တဲ့ အခွင့်အရေးရယ် အားလုံးဆုံသွားတဲ့အခါ ဧကရာဇ်ကြီး ပလ္လင်ပေါ်က ပြုတ်ကျတော့မလို့ တည်းတည်းကလေးပဲ လိုပါတော့တယ်။
၁၈၆ဝ တုန်းက အမေရိကားမှာလည်း အေဘရာဟင်လင်ကွန်းကြီးက “အုပ်ချုပ်သူအစိုးရဆိုတာ ပြည်သူအတွက်ပဲ ဖြစ်ရမယ်။ ပြည်သူကို ပျော်ရွှင်အောင်ထားနိုင်မှ
ကောင်းမွန်တဲ့ အစိုးရ လို့ ခေါ်နိုင်မယ်။” လို့ တစာစာ အော်ခဲ့ပါသေးတယ်။ (သူ့တုန်းကတော့ Good Government တဲ့။ သူ့နိုင်ငံသားတွေက ကောင်းမှ မကောင်းပဲ။ တို့ဆီမှာတော့ Clean Government ဆိုတော့ကာ … ) တကယ်တော့ လင်ကွန်းထက် အနှစ် ၂၀၀ဝ လောက် စောမွေးတဲ့ ကွန်ဖြူးရှပ်စ်ကြီးက အဲဒီစကား ပြောခဲ့ပြီးသားကြီးပါ။ တရုတ်ပြည်က လယ်သမားခေါင်းဆောင် ဂဠုန်ဆရာချန်ကလည်း တလေသံတည်းထွက်မှာပေါ့။ သူ့ရဲ့နိုင်ငံရေး အကြံပေးက ကွန်ဖြူးရှပ်စ်ရဲ့ တပည့်လို့ ဆိုတယ်။ ကောက်ချက်ချလိုက်တော့ လူတွေဟာ မွေးတုန်းကတော့ အကုန် အတူတူပဲ။ သူ့ရဲ့ ကြံရည်ဖန်ရည် လုပ်ရည်ကိုင်ရည်၊ ပင်ကိုယ်စိတ်အခြေခံ၊ အခွင့်အလမ်းနဲ့ ဇွဲ လုံ့လ ဝီရိယတွေက အဲသည်လူ ဘာဆိုတာကို ဖြစ်လာစေတယ် လို့ ဆိုရမှာပေါ့နော်။
ချန် ကြိုးစားခဲ့တဲ့ ပစ္စည်းမဲ့လူတန်းစားတော်လှန်ရေးကြီးဟာ ၂ဝ ရာစုထဲရောက်မှ ဒေါက်တာဆွန်ယက်ဆင်၊ ချန်ကေရှိတ် နဲ့ မော်စီတုံးကြီးတို့ သုံးဆက်တိုင်တိုင် တိုက်ပွဲဝင်တော့မှ အပြီးတိုင် အောင်မြင်ခဲ့ပါတော့တယ်။ စာကလေးကနေ ဘဲငန်းဖြစ်အောင် အနှစ် ၂၀၀ဝ ကျော်အောင် အိပ်မက်မက်ယူရပါလား။ ဒေါက်တာမတင်ဝင်းကြီးကတော့ နိုင်ငံအတွက် အိပ်မက်ဆိုတာ မျိုးရိုးစဉ်ဆက် ဆက်ပြီး မက်ရတယ် လို့ အင်းဝနေပြည်ကို မရရအောင် တည်ခဲ့သူ သတိုးမင်းဖျား ကို ဥပမာပေးပြီး ပြောခဲ့ဖူးပါတယ်။ အဲ ဒီလိုဆိုရင် ၈၈ ကတည်းက မက်ခဲ့တဲ့ ဒီမိုကရေစီအိပ်မက်ဆိုတာလည်း ကိုယ်တွေတစ်ဆက်နဲ့ ပြီးမယ့်ပုံ မရှိပါဘူး။ နောင်မျိုးဆက်တွေဆက်မက်ချင်လာအောင် အိပ်မက် အမွေပေးခဲ့ဦးမှ တော်တော့မယ်။ အာဏာအိမ်မက်ဆိုတာကတော့ မက်တဲ့သူတွေလည်း မက်ကောင်းတုန်း၊ သူပြီးရင် ငါဆက်မက်ရမယ့် အလှည့် လို့ မော့တဲ့သူတွေလည်း မော့ကောင်းတုန်းရှိသေးတယ်။ တကယ်တော့ ရွှေဘုရင်ကို ဆန့်ကျင်ဖို့၊ စိန်ဘုရင်ကို ဆန့်ကျင်ဖို့ဆိုတဲ့ လူကို ရည်ရွယ်တဲ့တော်လှန်ရေးမဟုတ်ပဲ ပြည်သူ့ဆန္ဒနဲ့ဆန့်ကျင်ပြီး အာဏာကို အကြွင်းမဲ့ချုပ်ကိုင် စီမံအုပ်ချုပ်တဲ့ စံနစ်၊ အဲသလိုချုပ်ကိုင်ခွင့်ပေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမျိုးကိုသာ တော်လှန်ပြောင်းလဲပစ်ရမယ် ထင်တယ်နော်။ ခက်တာက ကိုယ်က ပုဂ္ဂိုလ် မရည်ရွယ်သော်ငြား ပုဂ္ဂိုလ်က “ဒီကောင် ငါ့ အာခံတယ်။ သတ်ပလိုက်” ဆိုတော့ ဒီအိပ်မက်ဟာ ကိုယ့်တစ်သက်တော့ မဆုံးသေးဘူး ထင်ပါရဲ့။ မြန်မာတွေအားလုံး အိပ်မက်လှလှ မက်ကြပါစေဗျာ။
credit to Dr Soe Min and it’s original owner Dr Yin Mar
7 comments
မောင်ပေ
November 12, 2012 at 1:54 pm
မောင်ဖြို
နောင်ချို
ကြောင်အို
ပေါင်ညို
မှောင်ခို
စောင်ပို
ယောင်တို
ရွာသူ jujuma .
November 12, 2012 at 10:25 pm
စိတ်ကူးနဲ့အိပ်မက်လှလှမက်ခြင်းမဟုတ်ပဲ ….
လက်တွေ့ကျကျအိပ်မက်ခွင့်ရချင်ပါတယ်ဗျာ…
အရီးခင်လတ်
November 13, 2012 at 4:52 am
nicolus agral
မှတ်ချက်သာ ဝင်မပေးတာ။
အမြဲ ကြိုးစား ဝင်ဖတ်ပါကြောင်း အသိပေးတာပါ။
ဘာလိုလို နဲ့ ၁၁ တောင်ရှိပြီ။ :hee:
nicolus agral
November 14, 2012 at 12:27 pm
ဟုတ်ကဲ့ပါခင်ဗျ
ဖတ်တဲ့သူရှိတော့ တင်ပေးရတာပျော်တာပေါ့
( although copy/paste )
thanks you
Wow
November 13, 2012 at 2:26 pm
ဖန်ဆင်းရှင်ကို ကဒါဖီကမေးတယ်တဲ့
အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးရမလားပေါ့…
ဖန်ဆင်းရှင်က ရမယ် သား .. ဒါပေမဲ့ သားမမှီတော့ဘူး ဆိုတော့ ကဒါဖီကြီးချုံးပွဲချငိုပါလေရော…
ဖန်ဆင်းရှင်ကို တရုတ်ဝန်ကြီးချုပ်ကမေးတယ်
တရုတ်စီးပွားရေးကမ္ဘာကိုဘယ်တော့လွှမ်းမလဲပေါ့…
ဖန်ဆင်းရှင်က ဖြစ်မယ်သား ဒါပေမဲ့ သားမမှီတော့ဘူး
တရုတ်ဝန်ကျီး မျောက်ရည်နဲ့မျောက်ခွက်
အိုဘားမား က ဖန်ဆင်းရှင်ကိုမေးတယ်
အမေရိကန်က တစ်ကမ္ဘာလုံးကို ဘယ်တော့လွှမ်းမိုးနိုင်မလဲလို့
ဖန်ဆင်းရှင်က ဖြစ်မယ်သား ဒါပေမဲ့ သားမမှီတော့ဘူး….
အိုဘားမားကြီး ဝါးကနဲအော်ငို….
အူးသိန်းစိန်က ဖန်ဆင်းရှင်ကိုမေးတယ်
မြန်မာပြည်မှာ ဒီမိုကရေစီအပြည့် Good Government, Clean Government ဘယ်တော့လဲ…
ဖန်ဆင်းရှင် ကျူကျူပါအောင်အော်ငိုပြီး…… ငါမမှီတော့ဘူးကွ ထိပ်ပြောင်ရ…. :harr:
kai
November 13, 2012 at 4:04 pm
ဒီမိုကရေစီရချင်ရင်.. ဒီမိုကရေစီနဲ့ထိုက်တန်တဲ့.. ရနိုင်တဲ့.. ရနိုင်လောက်တဲ့.. အတွေးအခေါ်.. ဓလေ့ထုံးစံတွေ.. အရင်ဆုံး..လူထုစိတ်ထဲ..စွဲမြဲနေရမယ်ထင်မိတယ်..
ဆိုတော့…
လူသားရဲ့.. စိတ်ဓါတ်ရေးရာကို.. လွှမ်းမိုးချယ်လှယ်နိုင်ဆုံးဖြစ်တဲ့..
“ဘာသာရေး”က.. အဓိကကျပါကြောင်း.. :harr:
Wow
November 13, 2012 at 4:14 pm
ဆိုတော့…
စနစ်က အဓိကမကျဘူးပေါ့…
အင်း အနိစ္စ… :kwi: