နင်လားဟဲ့ ကံတရား
ကျွန်တော်သည် အတော်လေး ဂွကျကျ လူသားတစ်ယောက်ဖြစ်သည်။ မည်မျှ ဂွကျသနည်းဆို ငယ်စဉ်က ရှမ်းဘောင်းဘီသာ ဝတ်ခဲ့သောကြောင့်ဖြစ်ပေမည်။ သူများတွေ ဖင်ကျပ်ဝတ်နေချိန်တွင် ဂွကျကျဘောင်းဘီကြီးဖြင့် လူကြားထဲသွားရသည်ကို ဂုဏ်ယူမိခြင်းလဲဖြစ်သည်။ ယခုတော့ ဝတ်ရန်မဖြစ်နိုင်သေးသဖြင့် အသာလေးငြိမ်နေရသည်။ လူရိုသေ ရှင်ရိုသေဖြစ်ရန် လူတစ်ကာအကြိုက် မျက်နှာဖုံးတပ်ပြီးနေနေရသည်။ ဒါတောင်မှ တစ်ခါတစ်လေ ဝယ်လာသည့်ဘောင်းဘီကို ပြင်မဝတ်ပဲ ဂွကျကျ ဝတ်ဆင်ပြီး လျှောက်သွားတတ်သေးသည်။ ထိုမျှဂွကျသည့်သူပင်။
ကိုရင်ရှူံးငယ်စဉ်က ကျောင်းသားဘဝတွင်ဖြစ်၏။ သချင်္ာဆရာမှ ၁ နှင့် ၁ ပေါင်းလျင် နှစ်ဖြစ်ကြောင်းပြောသည်ကို ၃ ဖြစ်သည်ဟု ခံငြင်းဖူးသဖြင့် အရိုက်ခံခဲ့ရဖူးသည်။ ဆရာမှ ၁ နှင့် ၁ ပေါင်းခြင်းသည် ၂ ဖြစ်သည်ဟု ဇွတ်အတင်း ဝန်ခံခိုင်းသဖြင့် အရိုက်ခံရမည်ကြောက်သည်နှင့် နောင်မေးတိုင်း ၂ ဟုသာဖြေခဲ့ဖြစ်သည်။ ကိုရင်ရှူံးအမြင်မှာဖြင့် နိုင်ငံတစ်ခုကို တစ်ခြားနိုင်ငံက သိမ်းပိုက်လိုက်လျင် ပေါင်းစပ်ခြင်းရလာဒ်အဖြစ် ၁ သာကျန်ခြင်း၊ လူယောကျာ်းတစ်ယောက်နှင့် လူမိန်းမတစ်ယောက် ပေါင်းစပ်ခြင်းဖြင့် အဖြေ ၂ မရပဲ ၃၊ ၄၊ ၅ အစရှိသည်ဖြင့် ဖြစ်ခြင်းစသည်တို့ကို ပြိုင်မငြင်းတော့ပါ။ ကိုယ့်ထက်တတ်လို့ ဆရာလုပ်နေတာပေမလား.. သူတို့ပြောတာ အမှန်ပဲဟု လက်ခံခဲ့ရသည်။
ကိုရင်ရှူံးမိသားစုတွင် မောင်နှမသုံးယောက်ရှိသည့်အနက် ကိုရင်ရှူံးမှာ အလပ် (အလတ်မဟုတ်ပါ)ဖြစ်သည်။ အထက်တွင် အစ်မတစ်ယောက်၊ အောက်တွင်ညီတစ်ယောက်ရှိသည်။ အစ်မဖြစ်သူမှာ သမီးဦးဖြစ်သည့်အတွက် မိဘများမှ တုန်နေအောင်ချစ်လေသည်။ ကိုရင်ရှူံးညီမွေးဖွားပြီးသည့်နောက် မိခင်ဖြစ်သူမှာ သားသမီး(၃)ယောက် တော်လောက်ပြီဟု ယူဆကာ သားကြောဖြတ်လိုက်သဖြင့် နောက်ထပ်ကလေးမရနိုင်တော့ဟူသော အသိဖြင့် အထွေးဆုံးသားလေးကို တစ်ယုတစ်ယချစ်ကြလေသည်။ ဒီလိုဆို ကိုရင်ရှူံးကရော? ကျောင်းတစ်နှစ်တက်တိုင်း အစ်မထံမှ တစ်နှစ်သုံးပြီးသား လွယ်အိတ်၊ ကွန်ပါဘူး၊ ပေတံ၊ အစရှိသည်တို့ကို အပိုင်စားရသည်။ ကိုရင်ရှူံးညီမှာ သူငယ်တန်းကပင်ကျူရှင်စထားပေးရလေသည်။ ကျောင်းတွင် အတန်းပိုင်ဆရာမထံတွင် မျက်နှာငယ်မည်စိုးသောကြောင့်ဖြစ်သည်။ ကိုရင်ရှူံးမှာ ဆယ်တန်းသာအောင်ခဲ့သည်။ မည်သည့်ကျူရှင်မျှ မတက်ခဲ့ရ။ မျက်နှာမငယ်လောက်ဘူး၊ မျက်နှာကြီးတယ်ဟု ထင်သောကြောင့်ဖြစ်ပေမည်ဟု ဂွတီးဂွကျ တွေးခဲ့ဖူးသည်။ ထားပါတော့လေ… မိဘပဲ၊ ကောင်းစေချင်လို့ လုပ်တာပဲလေဟု ၁၆ နှစ်သားထိ ငြိမ်ခံလာခဲ့ပြီးမှ ဆယ်တန်းအောင်ပြီး ကျောင်းဆက်မထားနိုင်တော့ဟုပြောသည့်အခါ၊ တစ်ဖက်တွင် ဆယ်တန်းနှစ်နှစ်လုံး သူငယ်ချင်းတွေ အိမ်ပေါ်ခေါ်တင်၊ တက်ချင်သည်ဆိုသည့် ကျူရှင်ကို မရမကထားပြီး ဒုတိယနှစ်တွင် ရမှတ် ၄ဝ တိတိများဖြင့် အောင်မြင်ခဲ့သော သမီးကြီးအား တက်ချင်သည့် တက္ကသိုလ်ထားရန် အားကြိုးမာန်တက်ဖြစ်နေသော မိဘများအား စွန့်ခွာထွက်လာခဲ့တော့သည်။ ဘာပဲပြောပြောလေ… မိဘတွေမလား၊ မိဘတိုင်းသားသမီးကို တန်းတူချစ်တာပါပဲ၊ ရင်နဲ့လွယ်မွေးလာရတာပဲ၊ အနန္တော အနန္တငါးပါး မပြစ်မှားကောင်းသဖြင့် ကိုရင်ရှူံးလည်း ပြစ်မှားမိမည်စိုးသည်နှင့် ကိုယ့်ဖာသာရပ်တည်ခဲ့တော့သည်။
အကြောင်းအရာ တိုက်ဆိုင်သည့်အခါ လူကြီးသူမများနှင့် ဘဝအကြောင်း ပြန်ပြောင်းဆွေးနွေးကြည့်ပါ၏။ ထိုအခါမှ လူတစ်ကာ ရေလဲသုံးနေသော “ကံ” ဆိုတာကြီး ကိုရင်ရှူံးနှင့် တည့်တည့်တိုးလာရတော့သည်။ ဆရာတော်များထံ မေးမြန်းစနည်းနာသည့်အခါတွင်လည်း ထို “ကံ” ကြီးသည်ပင် ကိုရင်ရှူံးနှင့် သက်ဆိုင်နေပြန်သည်။ မကျေမချမ်းဖြင့် မိဘများအား အဘယ့်ကြောင့် ထိုသို့ဖြစ်လာရသနည်းဟု မေးမြန်းပြန်တော့လည်း ထို “ကံ” ကြီးကပင် ဓါးစာခံ ဖြစ်နေပြန်သည်။ ကိုရင်ရှူံးဘာလုပ်လုပ် ထိုဟာကြီးကြောင့်ပင် ဖြစ်နေရခြင်းဟုဆိုပြန်သေးသည်။ ဗုဒ္ဒဘာသာမှန်လျင် “ကံ ကံ၏အကျိုး” ကို ယုံကြည်ရမည့်အကြောင်း၊ “ကံမရှိ ဉာဏ်ရှိတိုင်းမွဲ” ဟု ဆိုကြပြန်သေးသဖြင့်လည်းကောင်း ကိုရင်ရှူံးလည်း ထိုဟာကြီးကို လုံးဝဥသုံ မယုံကြည်သဖြင့် ကိုးကွယ်ရာလဲ စွန့်ခဲ့သည်။
ယနေ့ နန်းတော်ရာသူပို့စ်တွင် တွေ့လိုက်ရသည်။ ကံ ဆိုသည်မှာ အလုပ်ဟုဆိုသော်လည်း ထို ကံဆိုသည့် အရာကြီးမှာ ယခင်က လူတစ်ယောက်လုပ်ခဲ့တာကို ယခုခံစားနေရတာဖြစ်ကြောင်း၊ ယခုသက်ရှိထင်ရှားလူကြီး လုပ်နေသည်များမှာ နောက်တစ်ဘဝတွင် ဖြစ်လာမည့်လူကြီးခံစားရမည်ဖြစ်ကြောင်း၊ စီးပွားဥစ္စာဆိုသည်မှာ ပင်ပင်ပန်းပန်းရှာလျင် ပင်ပန်းလှကြောင်း၊ ကံ ဆိုတာကြီးက ပေးလာပါမှ ရနိုင်ကြောင်း၊ သေကောင်ပေါင်းလဲ မည်မျှရှာဖွေပါသော်လည်း ကံ ဆိုတာကြီးက ကြည်ဖြူမှ အောင်မြင်တိုးတက်နိုင်ကြောင်း အစရှိသည့် အဓိပ္ပါယ်ရသည့်စကားများကို ဖတ်ရှူရပြီးသည့်အနောက် ကိုရင်ရှူံးနှင့် ကမ္ဘာ့ရန်ဘက် ထို “ကံ” ဆိုတာကြီးအကြောင်း စာတစ်တန်၊ ပေတစ်ဖွဲ့ရေးဖို့ဖြစ်လာပြန်သည်။
ဆိုကြပါစို့၊ မြန်မာပြည်သူအများစု(လွန်လွန်ကျူးကျူး) ယုံကြည်ကြသည့် ထိုအရာကြီးကြောင့် မြန်မာနိုင်ငံ ခေတ်နောက်ကျန်နေခြင်းလဲ ဖြစ်နိုင်သည်။ မြန်မာနိုင်ငံတွင် ၁၂ လရာသီပါတ်လုံး ပွဲလမ်းသဘင်တွေပေါများသည်ကိုလည်း ဂုဏ်ယူကြသည်ကို မြင်မိသည်။ ထိုပွဲလမ်းသဘင်များမှ ဘာအကျိုးအမြတ်များ ရကြပါလေသနည်း? ကိုရင်ရှူံးအမြင်ဖြင့်မူ အစိုးရ ရုံးပိတ်ရက်ပိုများသည်။ နိုင်ငံ၏ ကုန်ထုတ်စွမ်းအားကျသည်။ ငွေကြေးများ သုံးစွဲကြသဖြင့် ငွေကြေးဖောင်းပွခြင်းဖြစ်သည်။ အစရှိသည်ဖြင့် အများကြီးဖြစ်ပေလိမ့်မည်။ လိုရင်းကိုဆက်ပါမည်။ လက်ရှိဘဝတွင် ကောင်းအောင်နေကြသူများအဖို့ မြန်မာပြည်သူ/သားများ ယုံကြည်နေကြသည့်အတိုင်း သေလျင် ကိုယ့်နောက် ဒါပဲပါတာဆိုကာ လုပ်ယူနေကြသလိုဖြစ်သည်။ နောင်ဘယ်သူမှန်းမသိသည့် သူကြီးတစ်ယောက်အတွက် လက်ရှိဘဝတွင် ပါရမီဖြည့်နေကြခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ဖြစ်ပျက်နေသမျှသည် ယခင်ဘဝက ဘာမှန်းမသိ ညာမှန်းမသိလူကြီးကြောင့် ဖြစ်သည်ဟုဆိုကာ ကိုယ့်ကျောကိုယ်လက်နဲ့သပ်ပြီး ရောင့်ရဲသည်ဆိုတာ ပျင်းနေကြပြန်သည်။ ကိုယ့်ထက်သာသွားသူများကိုလည်း သူက အတိတ်ကံကောင်းခဲ့တာပဲလေဟုဆိုကာ ကိုယ့်ကိုယ်ကိုဖြေသိမ့်နေကြပြန်သေးသည်။
ဆိုတော့… လိုရင်းပြောပါမည်။ ထို “ကံ” ဆိုတာကြီးကို ကိုရင်ရှူံးအတော်မုန်းသည်။ ယခုအချိန်ထိ ကိုရင်ရှူံးဖြစ်တည်နေရခြင်းများတွင် ထိုအရာကြီးကြောင့်မပါပဲ ကိုယ်လုပ်သမျှသာ ကိုယ်ဖြစ်နေခြင်းဖြစ်သည်။ ပါတ်ဝန်းကျင်တွင်လည်း ဝေ့ဝဲကြည့်လိုက်လျင် လုပ်သလောက်သာ ဖြစ်နေကြခြင်းကို မြင်မိသည်။ အနီးစပ်ဆုံး ဥပမာအားဖြင့်ဆိုလျင် ယခုနိုင်ငံသို့ မြန်မာလူမျိုး ၇ဝ ကျော်မျှ တစ်သုတ်တည်းရောက်ခဲ့ကြသည်။ ရောက်ကာစက ဘယ်သူမှ ရာထူးမတိုးနိုင်ပါဘူးလေ၊ ရာထူးဆိုတာ အာရပ်တွေအတွက်သီးသန့်ပါပဲ၊ ကံပေးလျင် နေရာကောင်းလေး ရနိုင်တာပေါ့ဟု လူတိုင်းနီးပါးပြောကြသည်။ ကိုရင်ရှူံးအတွက် စိန်ခေါ်သလိုဖြစ်သွားသည်။ ကံ ဆိုတာကြီးပါလာသောကြောင့်ဖြစ်သည်။ ထို့အတွက်ကြောင့် ကြိုးစားသည်။ သူများတွေ တစ်ရက် ၉ နာရီအလုပ်လုပ်၊ ရတာလေးတွေ သုံးဖြုန်းနေချိန်တွင် ကိုရင်ရှူံးတစ်ရက်အနည်းဆုံး ၁၂ နာရီမျှ အလုပ်လုပ်သည်။ သင်ယူလေ့လာသည်။ ပိတ်ရက်မယူပဲ အလုပ်တွင်သာ အချိန်ကုန်ဆုံးစေသည်။ ၆ လကျော်ခန့်ကြာသောအခါ ရာထူးတစ်ဆင့်တိုးသည်။ နောက်တစ်နှစ်အကြာတွင် နောက်တစ်နေရာ ရာထူးတိုးသည်။ ထိုမျှရောက်သော်လည်း ကိုရင်ရှူံးလက်ရှိတိုင်အောင် နောက်တစ်နေရာအတွက် ကြိုးစားနေဆဲဖြစ်သည်။ ထိုကဲ့သို့ ကိုရင်ရှူံးပေါက်မြောက်သွားသည်ကို ကျန်သူများမှ ပြောကြသည်မှာ ကံကောင်းလို့ပါကွာ ဟုဆိုကြသဖြင့် ရယ်ချင်ကြသေးသည်။ ထိုသူများမှာကား ကံ ဆိုတာချည်းကို စောင့်နေရင်းနှင့် ဒုံရင်းသာဖြစ်သည်။ ကိုယ်ရေသွေးခြင်းမဟုတ်ပါ၊ အနီးစပ်ဆုံးဥပမာပေးခြင်းဖြစ်သည်။
ကိုရင်ရှူံး ၁၆ နှစ်သား အိမ်မှစွန့်ခွာလာစဉ်မှ ယခုတိုင်အောင် ဖြစ်တည်နေရခြင်းများကို ပြန်ပြောင်းစဉ်းစားလိုက်လျင် ကိုယ်လုပ်မှ ကိုယ်စားရခြင်းသာဟု မြင်မိသည်။ နောက်တစ်မျိုးမှာ ကိုယ်ရည်မှန်းထားသလောက်သာ ကိုယ်ဖြစ်သည်ဟု သိမြင်လာသည့်အတွက် ယခုတစ်ဖန် ကိုရင်ရှူံး ကြီးကြီးမားမား ရည်မှန်းထားကြည့်သည်။ လုပ်လဲလုပ်နေ၏။ တစ်ဖြည်းဖြည်းချင်းစီလဲ ဖြစ်လာပါ၏။
ထို “ကံ” ဆိုတာကြီးသည်ကား ကိုရင်ရှူံးနား ယောင်လို့ပင် မသီတော့ပေ။ ကိုရင်ရှူံး အလုပ်လုပ်လျင် ပိုက်ဆံရ၏။ ကြိုးစားလျင် အောင်မြင်၏။ အိမ်မှာငုတ်တုတ်ထိုင်နေလျင် မည်သည့်ပိုက်ဆံမျှ မဝင်။
အမှန်တရားတစ်ခုသာဖြစ်၏။
ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)
35 comments
thit min
November 16, 2012 at 6:23 am
သဘောတူတယ် ကိုရင်ရေ့။
မသေခင် ရွှေထီးဆောင်းရမယ်ဆိုလို့ ဘာမှမလုပ်ဘဲ “ကံ” ကိုအားကိုးနေလို့
စားရမဲ့ သောက်ရမဲ့ နဲ့ သေခါနီး ဘုရင်နဲ့ တွေ့။ သနားပါတယ်ကွာ ထီးလေးသွား
မိုးပေးလိုက်ပါဆိုတဲ့ ပုံပြင်လေးလို “ကံ” တခုထဲအားထားနေလို့ကတော့
ဘာမှကိုဖြစ်လာမယ်လို့ မထင်။
ဒီစာဟာ ညာဏ်ရှိသရွေ့၊ ဝိရီယစိုက်ထုတ်လုပ်ကိုင်ရမယ် လို့
တနည်းအားဖြင့် ညာဏ်နှင့်ယှဉ်သော ဝိရီယအား ကို ဆိုလိုတယ်လို့ ယူဆလို့သဘောတူတယ်။
လုပ်လဲလုပ်ခဲ့ဘူးပါတယ်။လက်တွေ့ပါဘဲ။
တခုတော့ သတိထားမိသလားဘဲ။
ဥပမာ ။ ကိုရင်ရှုံးလို လူ ၂ ယောက်ပြိုင်လုပ်မယ် ဆိုပါတော့။
ကိုရင်ရှုံးကဘဲ ရာထူးတိုးတယ်ဆိုပါစို့။
ဟိုလူ ကို ဘယ်လိုဝေဖန်မလဲ။ အဲဒါမျိုးလည်းရှိတတ်တယ်။
အဲဒါကိုတော့ ကျနော်က “စိတ်ရင်းစေတနာမှန်မမှန်” နဲ့
အကင်းပါးမှူ တွေလည်းလိုတယ်လို့ ထပ်မြင်မိတယ်။
တနည်းပြောရရင် ဝေဖန်ပိုင်းခြား၊ဆင်ခြင်တွေးခေါ်နိုင်စွမ်းပါ။
သူက ညာဏ်ရိုးရိုးထက် “ချိန်ဆ”မှူ အားလိုတယ်။
ကျနော့လက်တွေ့ ဘဝကရတဲ့ အမြင်ပါ။
အောင်ဆန်းသူရိယ သီဟသူရ သူရ ဗိုလ်ချုပ်တကာ့ဗိုလ်ချုပ်မှူးကြီး ရှူံးနိမ့်မှုများနဲ့.. လူ
November 16, 2012 at 6:31 am
သေသေချာချာ ပိုင်းခြားပြထားပေးတဲ့ ဆရာသစ်ကို ကျေးဇူးတင်ပါတယ်.. အဲလောက်ကြီးထိ ကျွန်တော်လဲ မပြောတတ်လို့ပါ…
အမေးလေးရှိလို့ ဖြေလိုက်ပါ့မယ်
လူနှစ်ယောက် ပြိုင်လုပ်လို့ တစ်ယောက်အောင်မြင်တယ်၊ တစ်ယောက်မအောင်မြင်ဘူး၊ ဘာလို့လဲဆိုတော့ ကံ၊ ဉာဏ်၊ ဝီရိယလို့ မြန်မာတွေဆိုကြတယ်မလား… ဉာဏ်သာပေမယ့် ဝီရိယမသာရင်၊ ဝီရိယသာပေမယ့် ဉာဏ်မသာရင်၊ နောက်တစ်မျိုး ဉာဏ်ရော၊ ဝီရိယရော သာနေပါလျက်နဲ့ ပါးနပ်မှု မရှိရင် မအောင်မြင်တာလို့ပဲ မြင်ပါတယ်… ဆရာသစ်ပြောတဲ့ ချိန်ဆမှုလဲပါသလို သူများနဲ့မတူတဲ့ ထိုးထွင်းသိမြင်နိုင်မှုကလဲ ကိုယ့်ကို သူများရှေ့ နှာတစ်ဖျားသာအောင် ဦးဆောင်နိုင်လိမ့်မယ်လို့ မြင်မိပါကြောင်း..
kai
November 16, 2012 at 6:43 am
နားလည်လွယ်ရအောင်… ကိုယ့်ဘဝနဲ့ နှိုင်းရေးဖွင့်ပြသွားတဲ့အတွက်… သာဓုပါ… ကိုရင်စိုင်းရေ….
ကိုရင်စိုင်းမုန်းတဲ့.. “ကံ” ဆိုတာကြီးကို.. မြန်မာတွေအများစု စွန့်နိုင်တဲ့နေ့ဟာ.. မြန်မာပြည်တိုးတက်တဲ့နေ့ပါပဲ..။
အဲဒီကံကိုအဖွင့်မှားတာကြီးကြောင့်ပဲ.. မြန်မာ့ထေရဝါဒဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို.. ကမ္ဘာလူသားအများစုက.. နားမလည်နိုင်အောင်ဖြစ်ခဲ့ရတယ်..။
လူတွေစွန့်ခွာခဲ့ကြတယ်..။ ယူအက်စ်မှာ မြန်မာဗုဒ္ဓဘာသာဝင်မိဘ၂ပါးကမွေးတဲ့.. အမေရိကန်ကလေးအားလုံးလိုလို… အရွယ်ရောက်ရင်.. မြန်မာ့ထေရဝါဒဗုဒ္ဓဘာသာကိုစွန့်ကြပါတယ်..။
တကယ်တော့… ဘုရားဟောထဲ…ပါတာက…
ကံ..စိတ်..ဥတု.. အဟာရ.. တဲ့..
ရှေ/့နောက်ဘဝ.. ကံ။ဝဋ်ဆိုတဲ့.. အယူကိုယူထားကြစေဦး… အရာရာကိုပြောင်းလဲစေဖို့..ချုပ်ကိုင်လွှမ်းမိုးတာ.. “ကံ၊စိတ်၊ဥတု၊အဟာရ” လေးပါးပါတဲ့…။
ကံဆိုတာ.. ၄ပုံထဲက၁ပုံမျှသာရယ်ပါ..။
အဲဒါလေး.. :harr:
အောင်ဆန်းသူရိယ သီဟသူရ သူရ ဗိုလ်ချုပ်တကာ့ဗိုလ်ချုပ်မှူးကြီး ရှူံးနိမ့်မှုများနဲ့.. လူ
November 16, 2012 at 6:58 am
မြင်ယောင်နေပါသေးတယ်… မကြာခင်မှာ ကွန်ဆာဗေးတစ်များ စာအုပ်ထူထူကြီးတွေနဲ့ ဝင်ကိုင်ပေါက်မှာ၊ ပုဆိုးချုံကြားက လက်သီးပုန်းထုတ်ပြသူများရဲ့ အနီရောင်ပန်းခင်းအနေနဲ့ ဝိုင်းအားပေးကြမှာ…
ကျွန်တော်ကတော့ ပစ္စုပါန်ကိုပဲ တည့်တည့်ရှုပါတယ်၊ အမှားပိုကင်းပြီး လုပ်စရာရှိတာ ပိုရှင်းရှင်းလင်းလင်း မြင်ရတယ်ထင်မိပါတယ်… အဲဒီ ၄ ပုံထဲက တစ်ပုံကို ပါယ်ထားတာ ပိုအလုပ်ဖြစ်တယ်ဆိုတာ လက်တွေ့စမ်းသပ်မှုများအရ ရဲရဲကြီး ပြောရဲပါကြောင်း..
မဟုတ်ရင် သူက ယက်ကန်ယက်ကန်နဲ့… လုပ်လို့ဖြစ်လာရင် သူ့ကြောင့်ပဲဖြစ်လာသလိုလို
ဆိုးတာတွေဖြစ်လာရင်လဲ အရင်တုန်းက ဘုမသိ၊ဘမသိသူကြီးကြောင့် ဖြစ်လာရတာဆိုကြောင်းကို မျက်ရည်လည်ရွှဲနဲ့ ပြန်ပြန် ရှင်းပြနေသေးတယ်…
ဂယ်… စိတ်ကုန်တယ်
Inz@ghi
November 16, 2012 at 7:11 am
အစက တင်အုံးမလို့ပဲ … ကွန်ဇာဗေးတစ်ပါတီကို ကြောက်လို့ မတင်ဖြစ်တော့တာ…
အဘဖောရဲ့ ဆင်းရဲမွဲတေခြင်းနဲ့ ဆိုင်တဲ့ ပိုစ့် ဖတ်ပြီး HR firm တခုရဲ့
analysis ကို ရှာတွေ့ပြီး သကာလ .. ဟီဟိ ….bad luck ဆိုတာ
ဆင်းရဲမွဲတေခြင်း ရဲ့ အကြောင်းရင်းခံအချက်တွေထဲက အချက် ပိစိကွေးလေး
တချက်သာ ဖြစ်တယ်ဆိုတာ တွေ့ပြီးသကာလ
အဲ့ ပိစိကွေးလေးကို အာကြီးကြီး လုပ် ရှေ့တန်းတင် ဒါကြီးကြောင့် အဓိက ပါလို့
ဒက်ဖနေးရှင်း ထုတ်နေသမျှ …. အင်း ..ဟင်းးဟင်းးး….
အိုဘယ့်
သဂျီးပြောတဲ့ အနှစ် ၁၀၀ဝ ကျိန်စာ…
:harr:
အောင်ဆန်းသူရိယ သီဟသူရ သူရ ဗိုလ်ချုပ်တကာ့ဗိုလ်ချုပ်မှူးကြီး ရှူံးနိမ့်မှုများနဲ့.. လူ
November 16, 2012 at 7:18 am
ကိုဂီတို့ရေးလိုက်ပုံများ ရယ်လိုက်ရတာ ဖတ်ဖတ်မော ဆိုသလိုပဲ
အဲဒီပါတီကြီးက မြန်မာလူမျိုးတွေရင်ထဲမှာ အနိုင်ရပါတီဆိုတာ တွေးမိပြီး တော်တော်လေးရယ်(ရီ)မိပါတယ်.. အဲဒီသုသေသန စာတမ်းကြီးကို ရဲရဲကြီးတင်လိုက်စမ်းပါဗျာ.. ကျွန်တော်က အဲလောက်လေ့လာအားမရှိလို့.. အမှန်အတိုင်းဆို ဒီထက်မကပြောချင်တာတွေ အများကြီးရှိတယ်.. စာရေးရတယ်ဆိုတာ လွယ်တာမှမဟုတ်တာ.. ကိုယ်သိသလောက်၊ သေချာခိုင်မာတာတွေပဲ ပြောပြဖြစ်တယ်..
ဆွဲလိုက်စမ်းပါ.. တစ်ပုဒ်လောက်.. ငြင်းခုန်ခြင်းအနုပညာကို ခံစားလို့ရတာပေါ့
🙂
Inz@ghi
November 16, 2012 at 7:24 am
မတင်တော့ပါဝူးဗျာ ..
ဖတ်ချင်ရင်
http://www.mindmeister.com/20034499/poverty
အဲ့မှာပဲ သွားဖတ်လိုက်ပါတော့ …
သိတယ်မလား …ဆင်းရဲမွဲတေမှုအကြောင်း စကားစပ်ရင်း စပ်ရင်းနဲ့
အနောက်ဘက် ကမ်းရိုးတမ်း ပြဿနာဘက် ရောက်ကုန်လို့
ရွာဆူကုန်ရင် ရွာမီးတိုက်ခံရရင်….နိနဲ့ဝ ကြောင့် ဖြစ်ကုန်အုံးမယ်…
ခွစ်ခွစ်..
blackchaw
November 16, 2012 at 7:32 am
ကိုရင်ရှုံးရေ…
ကျွန်တော့်ကိုလည်း နည်းနည်း ဝင်ဆွေးနွေးခွင့်ပြုပါ ခင်ဗျာ…။
ကျွန်တော် နားလည်သလောက်တော့…
ကံကတော့ အနည်းငယ် ပါသေးတယ်လို့ ထင်မိပါတယ်…(ထင်မိတာပါနော်)
မိမိကိုယ်တိုင်ရွေးခြယ်ခွင့်မရှိတဲ့ အဖေနဲ့ အမေ ကစတယ်လို့ထင်ပါတယ်…။
အဖေဆရာဝန် အမေဆရာဝန် ဆိုတဲ့ မိဘကို ရရှိခဲ့တဲ့ ကလေးငယ်ဘဝနဲ့…
အဖေဆိုက်ကားဆရာ အမေပဲပြုတ်သည် ဆိုတဲ့ မိဘကို ရရှိခဲ့တဲ့ ကလေးငယ်ရဲ့ဘဝ…
တာထွက်ပုံခြင်းတော့ တူလိမ့်မယ်မဟုတ်ဘူးပေါ့…။
ဆိုတော့ အဲဒီလို ကိစ္စလေးတွေ ကွာခြားမှုက…
ကလေး ၂ ယောက်ကြားမှာ ကြီးမားတဲ့ ကွာခြားမှုကြီး ဖြစ်နေပြီလို့ ထင်ပါတယ်…။
ကျွန်တော့်အထင် အဲဒါကိုပဲ ကံလို့ ခေါ်နိုင်မလားလို့ ပါ ဗျာ…။
အောင်ဆန်းသူရိယ သီဟသူရ သူရ ဗိုလ်ချုပ်တကာ့ဗိုလ်ချုပ်မှူးကြီး ရှူံးနိမ့်မှုများနဲ့.. လူ
November 16, 2012 at 7:50 am
ဘ ဘလက်ရေ.. ထူးထူးခြားခြား ဝင်ဆွေးနွေးလို့ ကျေးဇူးတင်ကြောင်း ဦးစွာပြောပါရစေ
ဆိုတော့ကာ ဘ ဘလက်ပြောတဲ့ တာထွက်ပုံ ကွာပုံလေးပေါ့.. ဆိုင်ကောင်းဆိုင်ပါလိမ့်မယ်.. ဆေးပညာအရ ကြည့်မယ်ဆို ဒါက ကံ ဆိုတဲ့ သတ္တာဝါကြီးနဲ့ လားလားမျှမဆိုင်ပါ.. အဖိုမျိုးကောင်က အမမျိုးဥကို အောင်မြင်စွာ ပေါင်းစပ်နိုင်ခြင်းသပ်သပ်ပါ။ ဆိုတော့… အဖေဆိုက်ကားဆရာက အမေဆရာဝန်ကို မိဘဖြစ်ခွင့်ပေးခဲ့တာမျိုး၊ အမေပဲပြုတ်သည်က အဖေ ဆရာဝန်ကို ဖခင်ဖြစ်ခွင့်ပေးခဲ့တာမျိုးဆိုရင်ကော? ဘယ်လိုဖြစ်မယ်ထင်သလဲ?
ဆိုတော့ လူ့အခွင့်အရေး၊ လူသားတစ်ယောက်မှာ ကိုယ်ပိုင်ယုံကြည်ချက်၊ ကိုယ်ပိုင်ခံယူူချက်ရှိပါတယ်… ဒီတော့ပြောကြဦးမယ်… ကလေးဆိုတာ ရွှံ့လိုပဲ၊ ငယ်ဘဝမှာ လိုသလို ပုံသွင်းလို့ရတယ်လို့… တစ်ကယ်တော့ လူတစ်ယောက် သူရှင်သန်ရာဘဝကို ကြည့်မြင်ခြင်းပေါ်မှာပဲ မူတည်ပါတယ်… ဘယ်သူ့သားသမီးဖြစ်နေနေ၊ ဘယ်လိုပဲ တာထွက်ပါစေ… မွေးဖွားရာမှ သေဆုံးသည့်တိုင်အောင် သူလုပ်ခဲ့တဲ့ အလုပ်တွေပဲ ကြည့်ပြီးဆုံးဖြတ်ကြတာပါ…
ပြောရမယ်ဆို ခု အမေဒစ်ကန် ပြန်ထောင်စုကိုပဲကြည့်… သူကြီးအထင်တစ်ကြီးပြောနေသမျှ.. သမ္မတသက်တမ်း နှစ်နှစ်တိုင်အောင် အသားမည်းတစ်ယောက်က အုပ်ချုပ်နေတာပဲမလား… ဂလိုဆို သူမွေးလာခဲ့တုန်းက တာထွက်မကောင်းခဲ့လို့ ပန်းဝင်ချိန် ဒီလိုပဲဖြစ်ရမယ်လို့ လူတွေတွေးခဲ့ကြမယ်၊ သူကိုယ်တိုင်က သူ့ကိုယ်သူ လူမည်းတစ်ယောက်လို့ သိမ်ငယ်စိတ်ဝင်၊ အဲလိုခံယူခဲ့မယ်ဆို ခုချိန်မှာ ဗမာကို ကမ္ဘာသိစေရမဟဲ့ဟု လူတွေ အားပါးတရ ကျွေးကျော်စရာဖြစ်စေမယ့် အို… ဘားမား ဆိုပြီးဖြစ်လာမလား?
မတူတာလေးပြောကြည့်တာနော် ကျောင်းဒဂါရေ…
ကျွန်တော့်အမြင်မှာတော့ အဲဒီ “ကံ” ဆိုတာကြီးကို သောက်ဂရုမစိုက်ရင် သူလဲ ကိုယ့်ရဲ့ ရှင်သန်ရပ်တည်ခြင်းမှာ ဝင်ရောက်စွက်ဖက်လို့ မရခြင်းဟု မြင်မိကြောင်းပါ။ မြန်မာပြည်သူများ ညောင်ပင်စောင့် တစ္ဆေကို ရုက္ခစိုး ဟု ကိုးကွယ်ပြီးလည်းကောင်း၊ အစိမ်းသေများကို ဘိုးတော်ကြီးများဟု ကိုးကွယ်ပြီးလည်းကောင်း ကိုယ်လုပ်သမျှ သူစောင်မ ကြည့်ရှူလို့ဆိုပြီး ဘာအလုပ်မှမလုပ်၊ နတ်အခြောက်ကတော်များ တောင်းသမျှ ပေးစားပြီး အချောင်ရလိုနေခြင်းများကို အားမလို အားမရဖြစ်မိပါကြောင်း…
ခံစားချက်နည်းနည်းပြင်းသွားတယ်… နောက်မန့်သမျှကို အိပ်ယာနိုးမှ အကြောင်းပြန်နိုင်ပါ့မည်ဆိုတဲ့အကြောင်း…
တောတွင်းပျော်
November 16, 2012 at 8:19 pm
ကံတွေနဲ ့ ကန်နေလိုက်ကြတာ…
ဦး blackchaw ရဲ ့comment ကိုဖတ်ပြီး အတွေးတစ်ခုဝင်လာလို ့။
ဆိုပါစို ့…လူသားနှစ်ယောက် တစ်ချိန်တည်းလောက်မှာ လူ ့လောကကိုရောက်လာတယ်။
တစ်ဦးသောလူသားအသစ်ရဲ ့အဖေက ဆရာဝန် ချမ်းသာသောဖေဖေ…
တစ်ဦးသောလူသားအသစ်ရဲ ့အဖေက ဆိုက်ကားဆရာ တစ်နေ ့လုပ်တစ်နေ ့စားသာမန်လူတန်းစား..
လူသားနှစ်ဦး လူဖြစ်လာကြတာတော ့ ဟုတ်ပါရဲ ့။ ဖြစ်ပုံခြင်းက ကွဲ နေတယ်…
ဒါ ဒီလိုဖြစ်ဖို ့သူတို ့ရဲ ့ကြိ ုးစားအားထုတ်မှ ုကြောင် ့လား…..?
ကျနော်ကတော ့ ကံဆိုတဲ ့အရာကြီးကို ကျောပိုးအိတ်ထည် ့ပိုးထားပြီး တစ်ကြိမ်တစ်ခါမျှ ဖွင် ့ကြည် ့
ဖို ့မကြိ ုးစားခဲ ့တဲ ့လူတစ်ယောက်မို ့မေးကြည် ့လိုက်တာပါ။
kai
November 17, 2012 at 2:33 pm
လော့စ်ကျလိကျလိအိမ်က.. ကျုပ်အိမ်ရှေ့မှာ.. စာကလေးတကောင်နားနေတယ်..
နေပြည်တော်က.. သမ္မတအိမ်ရှေ့မှာလည်း.. စာကလေးတကောင်နားနေတယ်..
ငှက်နားကြတာတော ့ ဟုတ်ပါရဲ ့။နေရာက ကွဲ နေတယ်…
ဒါ ဒီလိုဖြစ်ဖို ့သူတို ့ရဲ ့ကြိ ုးစားအားထုတ်မှ ုကြောင် ့လား…..?
ဆိုတော့…
Chaos theory ခေးအော့သီအိုရီပြန်ပြောရမယ်…
လွန်ခဲ့တဲ့.. အနှစ်၁၀ဝက .ဒီဇင်ဘာ ၁ရက်နေ့.. နေ့လည် ၁၂နာရီ ၆မိနစ်.. ၃စက္ကန့်မှာ… ပစိဖစ်သမုဒ္ဒရာရဲ့.. တနေရာမှာ.. ဝေလငါးတကောင်.. ရေပေါ်တက်.. လေမှုတ်အသက်ရှုခဲ့တယ်..
အဲဒီအကျိုးအကြောင်းတရားကြောင့်.. ၂၀၁၂ ခု နိုဝင်ဘာ ၁၆ရက်နေ့လည် ၁၂နာရီတိတိမှာ.. အယ်အေနဲ့နေပြည်တော်.. ၂နေရာမှာ ငှက်အမျိုးအစားတူ ၂ကောင်နားတာဖြစ်လာခဲ့တယ်..
အရာရာဟာ.. ကြောင်းကျိုးဆက်စပ်ဖြစ်နေပါသတဲ့..။
ကိုယ့်ကြောင့်လည်းမဟုတ်ဖူး.. သူ့ကြောင့်လည်းမဟုတ်ဖူး..
ကိုယ့်လုပ်ရပ်တခုကြောင့်ဖြစ်တယ်.။ သူ့လုပ်ရပ်တခုကြောင့်ဖြစ်တယ်..
အလွန့်အလွန်ကျယ်ပြန့်တဲ့.. စကြဝဌာကြီးမှာ.. တပို်င်းတစ..တခုအနေနဲ့.. ပါဝင်သက်ရောက်နေတယ်..
ဒါတွေပေါင်းစပ်ဖြစ်ပျက်တဲ့…အကြောင်းတရားတွေကြောင့်.. မှန်းဆတွေးသိခက်နိုင်တဲ့…အကျိုးတရားတွေဖြစ်လာတယ်..။
“ယေဓမ္မာဟေ တုပ္ပဘဝါ ..” အကြင်ဖြစ်ရပ်တိုင်း၌ အကြောင်းခံတရားရှိသည် … ကို.. ဖြတ်ယူသုံးမယ်..။
ပုံမှာ.. အနားစွန်းတွေမှာ.. အနားစွန်းလေးတွေ.. ထပ်တူ.. မဆုံးနိုင်အောင် ထပ်တူရှိပါတယ်..
အဲဒါ.. ခေးအော့သီအိုရီ..
စင်္ကြာဝဌာ… သံသရာရဲ့အစ…
ဘုရားသခင်အလိုတော်ပါပဲ… လို့…။
=
ခိုင်ဇာ
November 16, 2012 at 9:55 am
အို ကိုရှုံး ။ သိပ်မတွေးပါနဲ့လေ။
ဖြစ်ချင်တဲ့ ကိစ္စကို ဉာဏ်နဲ့ ဝီရီယလေး ရှေ့ထားပြီးလုပ်။
ပျင်းတဲ့ ကိစ္စဆို ကံကိုသာ ပုံချလိုက်တော့။ အေးရောပဲ။ :harr:
Fall Guy
November 16, 2012 at 10:12 am
ကိုရင်ရှုံးရေ
အလုပ်ကိုကြိုးစားပြီးအောင်မြင်နေသူများ က ငါကံကောင်းလို့အောင်မြင်တာလို့ဘယ်သူမှပြောမယ်
မထင်ပါ..။မအောင်မြင်တဲ့သူများကသာ ဘာကြောင့်လို့မဖြေမရှာဘဲ ကံ ကိုသာအပြစ်ပုံ ကံ ဆိုတာကြီးကို
အကာကွယ်ယူပြီး ကိုယ့်ကိုကိုယ် ပြန်ပြီးမဝေဖန်ရဲဘူး…။ ဉာဏ်၊ ဝီရိယ ကို ဘဲအားပြုတာထောက်ခံပါတယ်.။
ကံ ဆိုတာကမေ့ထားလိုက်တာအကောင်းဆုံးပါ..။နောက်ပြီး နတ်၊ ဘိုးတော် တွေ မ တာမျှော်လင့် ဗေဒင်၊ယတြာ၊တွေကို ယုံစား…..အဓိက ကိုယ့်ကိုကိုယ်မယုံကြည်တာ၊ကိုယ့်ကိုကိုယ်အားမကိုးချင်တာ လို့ဘဲမြင်
တယ်….။ မြန်မာပြည်မှာ အရောင်းရဆုံး ဂျာနယ်၊မဂ္ဂဇင်း ဘာလဲဆိုတာနဲ့ မြန်မာနိုင်ငံရဲ့ ဖွံဖြိုးတိုးတက်မှု့အခြေအနေကို
ဆက်စပ်ရနိုင်ပါရဲ့….။
jullies cezer
November 16, 2012 at 10:42 am
ကိုဘက်လက်ချောရဲ့ comment ကိုနဲနဲထောက်ခံတယ်ဗျာ။ ကပ်သီးကပ်ဖဲ့ပြောတာတော့
မဟုတ်ပါဘူး ခုနကပြောတဲ့ အဖေဆိုက္ကားသမားအမေပဲပြုတ်သယ်က မွေးလာတဲ့ကလေးနဲ့
မိဘချမ်းသာပြီးမွေးလာတဲ့ကလေးနှစ်ယောက်စလုံးက စာကြိုးစားကြတယ်ဆိုပါတော့
နှစ်ယောက်စလုံးက ဆရာဝန်ဖြစ်ဖို့အမှတ်မှီကြတယ်ဗျာ အဲဒီတော့ဆင်းရဲတဲ့သူက
ဆေးကျောင်းရနှစ်စာတက်ဖို့မတက်နိုင်တော့သူဆရာဝန်မဖြစ်ဘူး ။ ချမ်းသာတဲ့သမားကတော့
သူဖြစ်ချင်ရာရွေးချယ်ခွင့်ရတယ်။ ဆင်းရဲကလေးလေးဆရာဝန်ဖြစ်ဘူးဆိုတာ သူဆရာဝန်ဖြစ်အောင်
မကြိုးစားတာလား ပိုက်ဆံမရှိလို့ ကံမရှိလို့ဉာဏ်ရှိတိုင်းမွဲရတာလား ။ ကံဆိုတာမအောင်မြင်တဲ့
လူတွေအတွက်အကြောင်းပြချက်ကောင်းတစ်ခုဖြစ်ချင်ဖြစ်မယ် အောင်မြင်အောင်ကြိုးစားရက်မှ
အနဲငယ်သောမဖြစ်မြောက်သူတွေအတွက်တော့ အနည်းငယ်တော့သက်ရောက်မှုရှိမယ်လို့
ထင်တယ်ဗျာ ။ ကိုယ့်တွေ့ကိုပြောရရင် ညီမတို့ ရပ်ကွက်ထဲမှာ GTC မှာ B.teach ကို Mechnical
Majarနဲ့တက်နေရတဲ့ကလေးတစ်ယောက်ရှိတယ်ဗျာ။ မိဘကဆင်းရဲတယ် နာရီပြင်ဆိုင်လေးဖွင့်ပြီး
တနေ့လုပ်မှတနေ့စားရတယ် ပြီးတော့အဖေကအိုနေပြီ မျက်လုံးကမကောင်းတော့နာရီဆိုင်က
ဆက်မဖွင့်နိုင်တော့ဘူး အဲဒီတော့အင်ဂျင်နီယာကျောင်းသားက ကျောင်းထွက်ပြီး မိဘအိုဖအိုကို
ရရာအလုပ်လုပ်ပြီးလုပ်ကျွေးရတယ်။ အဆုံးသတ်က သူကျောင်းမပြီးဘူးအင်ဂျင်နီယာမဖြစ်ခဲ့ဘူး
သူအင်ဂျင်နီယာမဖြစ်တာဟာ သူပျင်းလို့လားအင်ဂျင်နီယာဖြစ်အောင်မကြိုးစားလို့လား
အဲဒါမျိုးတွေကျတော့ ဘယ်သူ့အပြစ်ပုံရမလဲ ……..
ကထူးဆန်း
November 16, 2012 at 11:04 am
တကယ်တော့ … လူဒွေ လူဒွေ…
အောင်နိုင်သူများကတော့ ကိုယ်ကြိုးစားလို့ ….ကိုယ့်ကိုယ်ကို ကာကွယ်..
မအောင်နိုင်သူများကတော့ ကံတရားမို့ .. ကိုယ့်ကိုယ်ကို ကာကွယ်..
ဪ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကို ကာကွယ်နေကြတဲ့ ကာကွယ်ရေးသမား တွေပါလား ..
(ကိုယ့် အတွေးနဲ့ ကိုယ်ပေါ့နော်) :kwi:
Foreign Resident
November 16, 2012 at 11:24 am
တစ်ခု စိတ်ဝင်စားတယ် ။
ကို ရှုံး လူကနေ စိုင်း ကွမ်းခေး နာမည်ပြောင်းတော့မှာလား ။
အဘ သဘောကတော့ ။
အတိတ် ကံ ကို လုံးလုံး စွန့်ပယ် / မယုံတာ မဟုတ်ဘူးကွယ့် ။
အတိတ် ကံ ကြောင့် တစ်ချို့အခြေအနေတွေမှာ ကွာခြားတာကို လက်ခံပါတယ် ။
သို့ပေမယ့် ၊ ကိုယ်ပြုပြင်လို့မရတော့တဲ့ အတိတ် ကံ ကို လွမ်းမောနေမယ့်အစား ၊
လက်ရှိ ကိုယ်လုပ် / ကိုယ်ပြင် နိုင်တဲ့ ၊ ပစ္စုပ္ပန်ကံ ကိုပဲ ၊
အားသွန် ခွန်စိုက် ဖိလုပ်ပြီး ၊ ဘဝ ကို တိုးတက်စေချင်တာပါ ။
မောင်ပေ
November 16, 2012 at 12:07 pm
ဟိုးတုန်းက ရွာထဲမှာ မန် ့ခဲ့ဖူးတဲ့ ၊ ဆရာတာရာမင်းဝေ ရဲ ့စာအုပ်ထဲက စကား
““ ထိုင်နေရင်းနဲ ့အလုပ်ဖြစ်သွားတာကတော့ ကြက်မတွေပဲ ရှိတယ် ”” တဲ့ အဲဒီလို… အဲဒီလို
မိုချို
November 16, 2012 at 12:20 pm
မိုချို ကတော့ အစွမ်း ကုန် အင်အား ရှိ သလောက် လဲကြိုး စား ခဲ့ သလို လက်ရှိ အခြေ အနေ မှာလည်း လူ တယောက် ရဲ့ ပြ ဌာန်း ပြီးသား ကံ တရား ကို လက် မခံ လို့ မရ တဲ့အနေ အထား ဆိုတော့ ပိုစ့် နဲ့ ပတ်သတ်ပြီး မပြော လို တော့ ပါဘူး။
( ဘယ်လိုမှ မျှော်လင့် မထားတဲ့ ၊ ဘယ်သူ ကမှ မလိုချင်တဲ့ ၊ အဲလို ဖြစ်လောက်စရာ ကိုယ့် ဘက်က အမှား ၊ ချို့ ယွင်း ချက် တစုံ တရာ မရှိ ခဲ့ ပါပဲ၊ သား အမိ ၂ ယောက် လုံး အတွက် အနာ ဂတ် ပျောက် သွား စေတဲ့ သား တစ် ယောက် ရလာ ခဲ့ တာ ကံ ကို လက် မခံ ရင် ဘာ ကို လက်ခံ ရ မလဲ။ ) အရင် တုန်း က ဆို ရင် ကိုယ် လုပ်ချင် တာ၊ ဖြစ်ချင် တာ မှန် သ မျှ ကိုယ် တိုင် လုပ် မှ ဖြစ် တယ် ဆိုတာ ကို အမြဲ ဆုပ် ကိုင် ထားတဲ့ သူ ပါ။ မပြော ပါဘူးဆို မှ ပြော မိသွား ပြန် ပြီ။
ဘယ် လို ဖြစ်ဖြစ် အခုတော့ အစ်မ တခါ မန့် ခဲ့ ဖူး သလို ကိုရင် ရှုံး နာမည် ကို ပြောင်းလိုက်ပြီပေါ့ …စိုင်း ကွမ်း ခေး ….ဆိုတော့ ကို ရင် စိုင်း ပေါ့ လေ။
weiwei
November 16, 2012 at 3:55 pm
အရာရာတိုင်းမှာ ခြွင်းချက်ရှိပါတယ် …
အလုပ်လုပ်မှ ပိုက်ဆံရတာမဟုတ်ပါဘူး … အလုပ်မလုပ်ပဲနဲ့လဲ ပိုက်ဆံရပါတယ် ..
ကျွန်မတို့ အိမ်ဘေးအိမ်က မိသားစုတစ်ခုလုံး ဘာအလုပ်မှ မလုပ်ကြဘူး။ ဘိုးဘွားလက်ထက်က ထားခဲ့တဲ့ အိမ်ကြီးကို ငှားစားတာ တစ်လ ဆယ်သိန်းရတယ် … အဲဒီအိမ်ငှားခနဲ့ ထိုင်စားနေတာကြာလှပြီ …
စိုင်း ကွမ်းခေး
November 16, 2012 at 4:43 pm
အန်တီဝေရေ… အဲလိုထိုင်စားနေနိုင်တာ ကံ ဆိုတာကြီးကြောင့်မဟုတ်ပဲ သူတို့ရှေ့ Generation တစ်ခုက ပြုစုပျိုးထောင်ပေးခဲ့လို့ဆိုတာ ငြင်းနိုင်ပါ့မလား? ခုသူတို့ထိုင်စားနေနိုင်တာကို အားကျမနေပဲ နောင်မှာ သူတို့ဘယ်လိုဖြစ်မလဲဆိုတာပဲ စောင့်ကြည့်စေလိုပါတယ်… ပွဲက ဒီမှာတင် မပြီးနိုင်သေးပါကြောင်း
pooch
November 16, 2012 at 8:33 pm
အစကတော့ မပြောတော့ဘူးလို့ပဲ ။ ဒါပေမဲ့ နာမည်ပြောင်း အမှတ်တရအနေနဲ့ ဝင်လျှောက်ပြောလိုက်အုန်းမယ်။
အခု နာမည်ကောင်းသားပဲ ။ 😀
ကျမ ကြီးမေ ( အမေ့ အမအကြီးဆုံး) မှာ သမီး စုန်းပြူးတယောက်ပါတယ်။ ကျမ အမ ဝမ်းကွဲပေါ့ ။အခု အသက် ၃၄ ကျော် ၃၅ နှစ် ရှိပြီ ။ သူ့ဘဝမှာ အလုပ်ဆိုတာ တခါမှ မလုပ်ဖူးဘူး ။ ပိုက်ဆံမရှာဖူးဘူး။ ဟင်းချက်ဖူးတာက သူ့ရဲ့ အပင်ပန်းဆုံး အလုပ်ပေါ့။
ဘွဲ့ရတော့ ကျမဆိုင်ကို လိုက်ထိုင်ပေးဖူးတယ် ။ ဒီလောက်ပါပဲ။ သူအိမ်ထောင်ကျတော့ သူ့ယောကျာ်း ( ကျောင်းနေဖက်) က ဖသုံးလုံးထဲက မထွက်ဖူး ။ လောင်းကစားဆိုတာ ဒိတ်ဒိတ်ကြဲလုပ်တာ ။ ၁ လုံး ၂ လုံး ၃ လုံး ။ သူလည်းခုချိန်ထိ အလုပ်မလုပ်ဖူးဘူး။
နှစ်ဖက်မိဘက ကြည့်ထားတာပေါ့လေ။ ဒီလိုနဲ့ သားတယောက်မွေးပါလေရော။ ကလေးက သိပ်ဉာဏ်ကောင်းတယ် ။ ချစ်မွှေးလည်းပါတယ်။ မိဘက အသုံးမကျသလောက် ကလေးက ရုပ်ချောပြီး လိမ္မာတယ် ။ အကင်းပါးတယ်။ စာတော်တယ်။
သူတို့ လင်မယား ဒီလိုနဲ့ ကွဲပါလေရော ။ ဒါပေမဲ့ သိပ်မကြာခင်က ပြန်ပေါင်းထုတ်လေရဲ့ ။
နှစ်ဖက်မိဘက အမွေပေးလိုက်တယ် ။ အမက ခြံ ဝင်းနဲ့ အိမ်နဲ့ ကားတစ်စီး ။ သူ့ယောက်ျား ဘက်က အမွေရတဲ့ ပိုက်ဆံကို ( သိန်းထောင်ချီပါတယ် ) ဘဏ်အပ်ပြီး ဘဏ်တိုးနဲ့ စားတာ တလ ကို ဆယ်သိန်းအထက်မှာ ရတယ်။ အသားတင်နော် ။ တခြားမပါသေးဘူး။
ခုသူ့ယောက်ျားက အရက်ပါပြတ်ပြီး လောင်းကစားပါ ဖြတ်လိုက်ပြီ ။ အသဲအသန်သေလုနီးပါး နေမကောင်းဖြစ်လိုက်တယ် ပြောတယ်။ လက်ငုတ်လက်ရင်းသင်္ကန်းဆိုင်ကို ပြန်လုပ်နေလေရဲ့ ။
တဘဝလုံး မိဘမျက်ရည်ပေါက် ကြီးငယ်ကြအောင် လုပ်ခဲ့ကြတဲ့ သူနှစ်ယောက်ရဲ့ အိမ်ထောင်ရေးက ရေကန်အသင့် ကြာအသင့် ခုချိန်မှာ အေးဆေးလို့ သူတို့ မဟုတ်ခဲ့ကြသလိုပဲ ။
ယောက်ျားရကံကောင်းတဲ့ လိမ္မာရေးခြား ရှိလှတဲ့ သူ့အမကြီးကတော့ အမွေရတာချင်း အတူတူ လုပ်ရင်းနဲ့ နစ်နေလို့ ဖတ်သီဖတ်သီနဲ့ ဘဝကြီးကို ၄ဝ ကျော်မှ ကပြောင်းကပြန်ရင်ဆိုင်နေလေရဲ့။ ပြီးတော့လည်း တော်လှတဲ့ ယောက်ျား မြင်းစီးထွက်လေရဲ့ ။
စိတ်ထောင်းကိုယ်ကျေဖြစ်လွန်းလို့ သူ့မြင်ရတဲ့သူတွေကို ရင်ထဲ မချိလှဘူး ။
အော် ကံ ကံ
သီ ဟ သူ ရ ချာ လ တာ အာ ပေ တူး (DragonEmpireGroup)
November 17, 2012 at 1:28 pm
ဟယ်……………… ကံကောင်းလိုက်တာနော်
Reign
November 16, 2012 at 4:26 pm
I strongly agree with the writer that fate or destiny or luck or kamma whatever we call it matters only very little % in deciding our current situation. As far as I understand, Lord Buddha mentioned that there were four major things influencing something to happen and they are (pardon my English and Pali as they are far from correct): known as four adipati or four governing factors in Dhamma,
-Sanda dipati ( Desire the governing factor )
If a person has a very ultimate and strong desire to achieve something, he will become accomplished it regardless of how much difficult to achieve it.
-Seita dipati ( The mind the governing factor )
If a person has a strong and unstoppable mind decided to do something, he or she will get it done notwithstanding the difficulties.
-Wiriya dipati ( the diligence the governing factor )
If a person is determined and has diligence to overcome any hardship to achieve his/her goal, finally he/she will be successful.
-Panyar Dipati ( The wisdom the government factor)
If a person has great wisdom, he or she will be succeeded in whatever he / she tries to accomplished.
In fact, we buddhists wrongly interpret what Buddha taught and we may find that Buddhism is one of the rare religions in the world that encourages and recognizes the efforts and wisdom of mankind and Buddhism cannot be referred to as a religion that blame the past kamma alone for what is going on currently and in fact it is quite contrary. I would like to apologize all readers as my comments may not be good enough and would invite any villagers to make it more understandable.
စိုင်း ကွမ်းခေး
November 16, 2012 at 4:41 pm
ဒီလိုပဲ ကိုယ်မှန်တယ်ထင်ရာတစ်ခုကို လူအများကြား ရဲရဲဝန့်ဝန့် ချမပြရဲ၊ မဆွေးနွေးရဲတာ မြန်မာ့လူနေမှုစနစ်ကြောင့်ဖြစ်နိုင်သလို ငယ်ငယ်က သင်ကြားခဲ့ရတဲ့ သင်ကြားရေးစနစ်ကြောင့်လဲ အမြုံတွေဘဝလို ဖြစ်သွားတယ်ထင်ပါတယ်..
ဘာသာရေးအကြောင်းကတော့ ကိုယ်တိုင် မလေ့လာ မလိုက်စားဖူးလို့ ဘာမှ မသိပါ။ ဒါပေမယ့် Reign ရှင်းပြသွားတဲ့ အချက်တွေကတော့ Universal Truth တွေဖြစ်ကြောင်း လက်ခံကြောင်းပါ..
အလင်းဆက်
November 16, 2012 at 8:47 pm
အမြင် တူတာတွေ.ရော..
မတုူတာလေးတွေရော..
ဘာပဲပြောပြော…
ဖတ်ရတာ… တွေးတောစရာအပြည့်နဲ ့…
နှစ်သက်စရာ..စာမူလေး..ပါနော်။
မိုက်ကယ်ဂျော်နီအောင်ပု
November 16, 2012 at 11:09 pm
သံဝေဂဉဏ်တွေမဝင်သ၍တော့ဒီလိုဘဲပြောကြတာပါဘဲ ဒဂါဂျီးရယ်
ကံ ဉဏ် ဝိရိယ ဆိုတာကတော့
ခြေသုံးချောင်းပါတဲ့ခုံတစ်လုံးကိုသာ မြင်ယောင်ကြည့်လိုက်ပေါ့
အဲ့သည်သဘောစိဒယ် ဒဂါဂျီးရဲ့
နားလည်နိုင်တဲ့ ”ကံ” ဆိုတာဂျီးပါမလာတော့ဘယ်နားလည်နိုင်မလဲနော် ကန် ……. ပေါ့
မဟာရာဇာ အံစာတုံး
November 17, 2012 at 9:11 am
ကျုပ်တို့ ဇာတိရွာက ရွာသားတွေ
တော်တော် ဂွတီးဂွကျနိုင်တယ်လို့ အောက်မေ့နေတာ ..
ကိုရှုံးကလည်း နင်လား ငါလားပဲကိုးဗျ …
ဒါပေမယ့် သာသနာကိုတော့ ဘာတုန်း ညာတုန်း သွားလုပ်ရဲဘူး …
ရွာဦးကျောင်းက ဘုန်းကြီးကို ကြောက်လို့ …
တစ်ခါတစ်လေ ကြောက်တတ်ခြင်းဟာလည်း စည်းကမ်းကို ပိုရှိစေတယ်ဆိုလားပဲ …
ဇာတ်ကားတစ်ကားထဲမှာ ပါတာ ….
သို့ပေသိ …
“ကိုယ်လုပ်မှ ကိုယ်စားရတယ်” ဆိုတဲ့
အကြောင်း အကျိုး ဆက်စပ်မှုကို လက်ခံနိုင်စွမ်း ရှိနေပါလျက်နဲ့ …
“ကံ” ဆိုတာ အတွက်နဲ့ ကိုးကွယ်ရာကို စွန့်ခဲ့တယ် ဆိုတာကိုတော့ဖြင့်
တွေးမရဘူး ဖြစ်နေတယ် ….
အရီးခင်လတ်
November 18, 2012 at 12:43 am
မောင်ရှုံးရေ
မင်းရဲ့ ငယ်ဘဝ အကြောင်းဖတ်ပြီး စိတ်ထဲ မကောင်းဖြစ်သွားတယ်။
ဒါပေမဲ့ အခုလို မပျက်မစီး အောင်မြင်တဲ့ ဘဝ ကို ရောက်အောင် ကြိုးစားနိုင်ခဲ့တဲ့ အတွက် တကယ်ဘဲ ဂုဏ်ယူပါတယ်။
သားသမီး တွေကို ဒီလို တဖက်စောင်းနင်း ဆက်ဆံတဲ့ မိဘတွေလက်ထဲမှာ ပျက်စီးသွားခဲ့တဲ့ ကလေးတွေ အများကြီးရှိတာ။
မင်းမိဘတွေ ဖက်ကလဲ တစ်ချို့အချက်တွေ ရှေ့နေလိုက်ကြည့်ဖို့ ကြိုးစားဦးမယ်။
မိဘတွေအဖို့ သားဦး ဆိုတာကို တော့ ပိုချစ်ကြတာဟာ သဘာဝ ပါဘဲ။
အရီးလဲ အလတ်ပါ။ သားဦးမဟုတ်ပါဘူး။
ကိုရှုံး ရဲ့ မိဘတွေ ကိုလဲ သမီးကြီးကို ပိုချစ်တာ အပြစ်မတင်လိုပေမဲ့ ဒီကလေးကိုတော့ ပညာဆက်သင်ပေးမယ်။
ဒီကလေးကတော့ ကျောင်းထွက် ဆိုတာကတော့ မှားတဲ့ လုပ်ရပ်လို့ ပြောချင်ပါတယ်။
(မင်စကား အရ မင်းဘက်က ကြည့်ပြောရင်ပေါ့လေ)
မင်းရဲ့ ဇာတ်လမ်း ကနေ အတွေးတွေ ပေါ်လာတာလေးကို ဆက်ချင်ပြီပါသေးတယ်။
မနာလို ဝန်တို မစ္ဆရိယ ဆိုတဲ့စကား လေးအကြောင်းပေါ့။
ဝန်တိုခြင်း ဆိုတာ evolution theory အရ ဗီဇ အနေနဲ့ ပါမှ ကိုယ့်မျိုးဆက် က ဆက်လက်ရှင်သန် မှာလို့ ဆိုတာမို့ လူတိုင်းမှာ အဲဒီ ဗီဇပါဖို့များမှာပါ။
အားလုံးလို့တော့ မပြော နိုင်ပါဘူး။
ဒီစကားကိုဆက် ပြောရင် ဗီဇ တွေ၊ ပါတ်ဝန်းကျင်တွေ နဲ့ တိုင်ပတ်ဦးမှာ သေချာတယ်။
ဒီတော့ လိုရင်းကို ပြောချင်တာက မြန်မာမှ မဟုတ်၊ အင်္ဂလိပ်မှမဟုတ်၊ ချမ်းသာသူမှမဟုတ်၊ ဆင်းရဲသူမှမဟုတ် ဝန်တို တဲ့ ဗီဇတွေရှိပါတယ်။
ဒါပေမဲ့ မြန်မာတွေဟာ ဝန်တိုတယ်၊ သဘောထားသေးတယ်၊ အတွန်းအတိုက် လုပ်တတ်တယ် လို့ ဖြစ်နေတာလဲ??????
ကလေးဘဝ မှာတော့ မိဘ က သားသမီးတွေကြား အညီအမျှ မဆက်ဆံတာကြောင့်ပါ။
ကြီးလာတဲ့အချိန်မှာရော
မြန်မာပြည်မှာ လူတွေအတွက် အခွင့်အလမ်း ရရှိမှု ဟာ အလွန်ရှားပါတယ်။
မညီမျှ တဲ့၊ အသုံးမကျ ညံ့ဖျင်းလှတဲ့ အုပ်ချုပ်ရေးမှာ မျက်နှာလိုက် မှုတွေ အရမ်းများ ပါတယ်။
အဲဒီ အချိန်မှာ ဒီလိုရှားပါးတဲ့ နေရာတစ်ခု အတွက် တွန်းတွန်းတိုက်တိုက်မှ မလုပ်ကြရင် ကိုယ်ဘဲ ကျန် ခဲ့မှာမဟုတ်လား။
မတရားသဖြင့် နဲ့ နေရာရတာတွေ အပေါ် သဘောထားကြီးဖို့ ခက်ပါမယ်။
ခပ်ရိုင်းရိုင်း ဥပမာ ဆိုရင် အစားဝဝ စားရတဲ့ ခွေးတွေ၊ ကြောင်တွေ ဆိုရင် ကိုယ့်ခွက်ထဲ အစာရဖို့ သေချာတော့ ကိုယ့်ခွက်ကိုယ်ဘဲ စားပါတယ်။
ဒီမှာလဲ လောဘရှိတဲ့ ကောင် ကတော့ စည်းဖောက်နိုင်ပါတယ်။
(ဒီမှာလဲ လောဘကြီးတတ်တဲ့ ဗီဇ ကရှိဦးမှာကိုး။ ဒါပေမဲ့ အဲဒီ ဗီဇက ရှင်မနေလဲ ကိုယ်က survive ဖြစ်တာမို့ အရေးကြီးတဲ့ ဗီဇ မဟုတ်လောက်ဘူး)
ဗိုက်ဝနေပြီးဖြစ်တဲ့ ကျန်အကောင်တွေကတော့ သူနဲ့ပြိုင်ပြီး ကိုက်မနေတော့ ဘဲ ဖယ်ပေးလိုက်နိုင်ပါတယ်။
ဒါပေမဲ့ အစာ မဝ တဲ့ ငတ်နေတဲ့ အကောင်တွေထဲ ကို အရိုးလေးတစ်ခု ကျတာနဲ့ အတင်းလုယက် ရမှာပါ။
မဟုတ်ရင် သူ့မှာအသက်ရှင်ဖို့ အခွင့် မရှိတော့ပါဘဲ။
လူတွေ တွေမှာရော ဘာထူးလဲ။
အများစုကတော့ ဘယ်သူမှ လုယက် နေချင်မှာ မဟုတ်ပါဘူး။
ဘတ်စကားပေါ် ကို တန်းစီ မတက်တာ ကိုယ်ကျန်ခဲ့မှာစိုးလို့ပါ။
ဒီကားမရလဲ နောက်တစ်ကားဆက်လာမယ် ဆိုတာသိရင် တော်ရုံ အများစု က တန်းစီ မှာပါ။
ဒီမှာတော့ ရှိတဲ့ resource က မမျှလို့ပါ။
ဒီတော့ မြန်မာတွေ တန်းမစီဘူးလို့ နှာခေါင်းရှုံ့နိုင်ပါတယ်။
ဒါပေမဲ့ ဘာလို့ တန်းမစီတာ လဲ ဆိုတဲ့ အကြောင်းရင်းကို အရင်ရှာကြည့်ပါ။
သူများနိုင်ငံ မှာ တန်းစီ တယ် ဆိုတာက ကိုယ်တန်းစီတဲ့ အခွင့်အလမ်း ကိုရနိုင်ဖို့ resource တွေ ရှိနေတာ ကို သိလို့ပါ။
ဒီနိုင်ငံတွေမှာလဲ ဆိုင်တွေမှာ လျှော့ဈေးချတဲ့ အချိန်တွေ ကို ကြည့်။ အသေအကြေတိုးဝှေ့ ကြတာပါဘဲ။ Sale ဆိုတာက အကန့်အသတ် နဲ့ကိုး။
ဒီတော့ လူတွေ ဟာ တိုင်းပြည်နဲ့ချီပြီး တစ်ယောက်နဲ့ တစ်ယောက် ဝန်တိုတာတွေ များလာတာ ဆိုရင် အဲဒီ နိုင်ငံ ဟာ တစ်ခုခု မှာတော့ မှားနေပြီ။
သေချာတာကတော့ လူ့အရင်းအမြစ် ကို ဂရုစိုက်ရမဲ့ အပိုင်းမှာ မှားနေပြီ။
တာဝန်ရှိသူတွေ ဒါကိုမှ ဂရုမစိုက်ရင် “မကောင်းတဲ့ ဗီဇ” ကို “ပိုပြီး ဆိုးအောင် လုပ်မဲ့ ပါတ်ဝန်းကျင် တွေ” ကနေ ပိုပိုပြီး ဝန်တိုတတ်တဲ့ ၊ သဘောထားမပြည့်ဝတဲ့ မျိုးဆက်တွေ ကို လက်ဆင့်ကမ်းသွားမှာ အသေအချာပါဘဲ။
ကိုရှုံးရဲ့ ခေါင်းစဉ် နဲ့ သွေဖယ်ပြီး မဆိုင်တာတွေ ပြောနေလို့ ခေါင်းစဉ် မှန်အောင် အကြောင်းအရာ ရွှေ့လိုက်ရအောင်။
အပေါ်မှာ စဉ်းစားခဲ့တဲ့
ဒီလူတွေ နဲ့ ဒီအတိုင်းဆက်သွားလို့ကတော့ ပိုဆိုးတဲ့ မျိုးဆက် ရတော့ မယ် လို့ သိနေကြ ပါရက်နဲ့
ဘယ်သူတွေ ကများ မြန်မာပြည်ထဲ မှာ လူလာပြီး ဖြစ်ချင်နေဦးမယ် မသိဘူးနော်။
လိုချင်တဲ့ နေရာမှာ ကိုယ့်ကို အရမ်းပံ့ပိုးပေးမဲ့ လိုချင်တဲ့မိဘဆီမှာ ဝင်လိုက်ရင် ပြီးရော။
မဟုတ်လား???
ဒါဟာ ကိုယ့် ကံတရား ရဲ့ အစပါဘဲ ကိုရှုံးရယ်။
လက်မခံချင်လဲ လက်ခံရမှာပါ။
ဒါပေမဲ့ အဲဒီနောက်ကမှ မင်းက ဉာဏ်စွမ်း နဲ့ ဝီရိယစွမ်း ကို သုံးနိုင်ခဲ့တာမို့ ဒီလိုအောင်မြင်တဲ့ဘဝ ရောက်ရပါတယ်။
မဟုတ်ဘဲ ဉာဏ်စွမ်း နဲ့ ဝီရိယစွမ်း မပါခဲ့ရင် ဘယ်အောင်မြင်မလဲ။
ဒီတော့ ကိုယ့်ဖက်က လက်ရှိအခြေ အနေ မှာ ရသမျှ အခွင့်အရေး ကို အတင်းမရမကယူပြီး ကြိုးစားမှ အောင်မြင်မှာ အသေအချာ ဆိုတာကို မငြင်းပါဘူး။
လုံးဝ လက်ခံပါတယ်။
ဒါပေမဲ့ လဲ
တစ်ချို့ သူတွေဟာ အစကံ လဲ မကောင်းဘူး၊
ဉာဏ်စွမ်း နဲ့ ဝီရိယစွမ်း ကြိုးစားဖို့ အတွက်တောင် အခွင့်အလမ်းလဲ မရဘူး။
ဒီလို လူတွေ အတွက် တော့ ကံ ကိုဘဲ အပြစ်တင်ခွင့်ပေးလိုက်ပါ။
မဟုတ်ရင် သူတို့ မှာ ဘာမှ ထွက်ပေါက်မရှိဖြစ်နေပါ့မယ်။
ဒါလေးပါ။
kai
November 18, 2012 at 3:58 am
ဒီစာတွေအစအဆုံးသေချာပြန်ဖတ်တော့.. ကံ ဆိုတာကို.. (အရောရောအထွေးထွေး).. ကိုယ့်နည်းနဲ့ကိုယ်.. အဓိပ္ပါယ်ဖွင့်ကြပုံပေါ်ပါတယ်..။( ကျုပ်ပါအပါအဝင်ပေါ့)
ဘုရားဟောထားတဲ့.. ကံအမျိုးပေါင်း.. မြောက်များစွာထဲက.. ကိုယ်လိုချင်တာကို.. လိုသလိုယူသုံးနေကြတာလို့..မြင်မိတယ်..။
အင်း..
အရီးလတ်ပြောတာဖတ်မိပြီး.. မြန်မာတွေ.. (စာလုံးစကားမကြွယ်ဝလို့..) စကားလုံးကောင်းကင်ပြင်ကြီးမှာ.. .. ထောင်ချောက်ကျပိတ်မိနေကြတယ်လို့ယူဆလိုက်မိတော့တာပဲ.. :kwi:
အရီးခင်လတ်
November 18, 2012 at 6:20 am
မှန်ပါ့သူကြီးရယ်။
ကျွန်မ လဲ မြန်မာ စစ်စစ် မို့ ဒီလိုဒီလို ဝေဝါးဝါး ပါဘဲ ဆိုတာ ဝန်ခံပါတယ်။ 😉
တကယ်တော့ ဘာကိုမှ လက်တွေ့သက်သေပြလို့ မရတဲ့ ဟာကို ဘယ်သူက အမှန်လုပ်ပြီး သက်သေပြနိုင်မှာလဲ။
ဒီတော့ ကိုယ်ထင်သလို မှန်းပြီး ပုံဖော်ရင်း စိတ်ကိုမနိုင်ကြတော့တဲ့အချိန် စစ်ပွဲ တွေ အထိဖြစ်ကုန်တာပေါ့။
အမှန်တစ်ခု ဘဲရှိတယ်။
ဘာမှ မမြဲခြင်းတရား။
ရှင်းရှင်းလေး။
အဲဒါကို မြဲခြင်းမှတ်နေကြတာ။ (ကျွန်မ အပါအဝင်ပါဘဲ)
:harr:
စိုင်း ကွမ်းခေး
November 18, 2012 at 6:41 am
မှန်ပါ့အရီးရေ.. ဘယ်အရာမှ မမြဲဘူးဆိုတာသိနေရင် အဲဒီအရာကြီးတစ်ခုကို ဘာလို့ ဆုပ်ကိုင်ထားနေကြသေးသလဲ… လွှတ်ချလိုက်ပြီး အပြောင်းအလဲလေးတစ်ခု ဖန်တီးကြည့်ကြရင် ပိုမကောင်းပေဘူးလား?
အဲလိုပဲမြင်လို့ ခုလိုပို့စ်မျိုး ရေးကြည့်လိုက်ပါတယ်… အကျိုးဆက်တော့ တော်တော်လူေ-ာက်မြင် ကပ်ခံနေရကြောင်း
😀
thit min
November 18, 2012 at 6:49 am
ကျနော်လဲ ဒီအတွေးလေးရှိပါတယ်။
အတိတ်ကံ = အတိတ်အလုပ်= အတိတ်ကလုပ်ခဲ့တာ
ပစ္စု ုပ္ပန်=လက်ရှိအလုပ်
အနာဂတ်ကံ =အနာဂတ်အလုပ် ။
ဒါဆို မွေးကတည်းက ဇာတိညံ့လို့ ပဲပြုတ်သည်မသားဖြစ်ရတာ ကံ မဟုတ်လားလို့
ပြောမယ်။
နောက်တမျိုးက ခုလုပ်တာဘဲ လုပ်တိုင်းလွဲနေတာ ကံ မဟုတ်လို့ဘာလဲလို့ပြောပြန်တယ်။
အဲဒီမှာ စလွဲပြီ အစ်မရေ
ကိုယ်မသိတဲ့ ကိုယ်မမြင်ရတဲ့ အနေအထားတခုကနေ ပဲပြုတ်သည်မ သားဖြစ်လာရလို့
ငါ ကံ မကောင်းပါလားလို့ တော်တော်များများသောလူတွေက “တွေးတော့” တာကိုး။
ကျနော်ကတော့ အဲဒီလိုအတွေးမျိုးထက်
အဲဒီလိုတွေး တော့ကော ဘာဖြစ်လာမှာလဲ ဆိုတဲ့ အကျိုးဆက်ကိုဘဲ စိတ်ဝင်စားတယ်။
စိတ်ဓာတ်အားငယ်သွားတာကလွဲလို့ လူ့ဘဝအတွက်လိုအပ်တဲ့ အင်အားကျသွားစေတာကလွဲလို့
အသုံးမဝင်လှဘူးလို့ထင်ပါတယ်။
သူများလုပ်သလိုမလုပ်နိုင်ဘူးပေါ့လို့ ဆင်ခြေပေးနိုင်ပါတယ်။
အဲဒါ နှိုင်းယှဉ်ခြင်းသဘောပါ။
ကိုယ်နဲ့ အဆင့်တူပဲပြုတ်သည်မ သားထဲမှာ ကိုယ်ကပိုပြီးတိုးတက်အောင်လုပ်နိုင်ရင်ကို
ဘဝကို မြှင့်တင်နိုင်တယ်လို့ ယူဆလို့ရမှာဘဲ။
နောက်တခု လက်ရှိကံ။
ခုလုပ်နေတာဘဲ။
အမြဲတမ်းရှုံးနေတယ်။ကံ မကောင်းဘူးလို့ဆိုရင်။
နေ့တိုင်း အမဲလိုက်မှ စားရတဲ့ တောထဲကကျားတွေ၊တောကောင်တွေကိုအားနာပါအုန်းလို့ဆိုပါရစေ။
ကိုယ်ရဲ့ လုပ်ပုံလုပ်နည်းမှားနေလို့။အယူအဆမှားနေလို့။ လုပ်ငန်းမကျွမ်းလို့။
အထာမသိလို့။အကင်းမပါးလို့။ “သတိ”မထားမိလို့ ဆိုတာတွေ ထဲ့မစဉ်းစားတော့ဘူး။
ကံ မကောင်းလို့ ဆိုပြီးဘဲ အော်ကြတော့တာပါဘဲ။။
ဆိုချင်တာက…………………
ကျနော် ကံ နဲ့ ကံ၏ အကျိုးဆိုတာကို ယုံကြည်ပါတယ်။
ဒါပေမဲ့ “ဆင်ခြေ” အတွက်တော့ “ကံ” ကို အသုံးချတဲ့သူမဟုတ်ပါဘူး။
ကံ ကို ဆင်ခြေ ပေးနေသမျှ ညံ့မြဲညံ့ ရှုံးမြဲရှုံး နေအုန်းမှာပါ.။
ကံ ဆိုတာကို ခဏလေး မေ့ထားပြီး ငါဘယ်နေရာမှာ အားနည်းနေလို့
လုပ်တိုင်းမဖြစ်ရတာလဲလို့ ပြန်သုံးသပ် ပြန်ပြုပြင် ပြန်ကြိုးစား ဘို့ အရမ်းလိုအပ်ပါတယ်။
ကံ ဆိုတာကြီးကို ဆင်ခြေ နေရာမှာ သုံးနေကြလို့ ကံ ဆိုတဲ့ အရာကလဲ တော်တော်လေး
နာမည်ပျက်နေပါပြီ။
ဆင်ခြေ နဲ့ ကံ ခွဲခြား အမှန် သိနိုင်ကြပါစေလို့။
စိုင်း ကွမ်းခေး
November 18, 2012 at 6:59 am
ခုလေးတင် ကိုဗိုက်ဆီမှာ အဲဒီအကြောင်းကို အကျယ်တဝင့် နားလည်သလောက် ပြောပြီးသွားပါပြီ… ကျွန်တော်ပြောချင်တာကို ပိုရှင်းလင်းသွားစေတဲ့အတွက်ကြောင့်…. ကြောင်း
pooch
November 18, 2012 at 1:09 pm
ဟုတ်ပါတယ် ကိုသစ် ကျမလည်း ကံကံ၏ အကျိုးကို ယုံကြည်ပေမဲ့ ကံကို ပဲ ယိုးမယ်ဖွဲ့ပြီး ဆင်ခြေပေးတတ်တာကိုတော့ လက်မခံပါဘူး။ ကိုယ်လည်း တတ်နိုင်တာကို စွမ်းသရွေ့ ကြိုးစားကြည့်ရမှာပါ။
ကံအကြောင်းကို ကိုယ်သန်ရာဖွဲ့ကြရင်လည်း ဒီတသက် ပြီးနိုင်မယ် မထင်ပါဘူး။
ဦးကြောင်ကြီး
November 18, 2012 at 9:17 am
မောင်ရှုံးပြောတဲ့ လူထီးနဲ့လူမ စပ်လို့ လူလေးပေါက်လာတယ်ဆိုတာ ရုပ်ဝါဒီအများသုံးကြတယ်။ သို့ပေမဲ့ အဲဒီလူထီးနဲ့လူမ တွေ့ဆုံဖို့ လူထီးလူမရယ်လို့ ရှင်သန်လာဖို့ ခိုင်မြဲကြဖို့ သူတို့နှစ်ဦးထက်ပိုတဲ့ မရေတွက်နိုင်တဲ့ အကြောင်းများစွာ ရှိနေတယ်လေကွယ်။ အဲဒီဖြစ်ရပ်တွေအပေါ်မှာ အမြင်မမှားဖို့ စိတ်ရှင်းနိုင်ဖို့ ကံဆိုတဲ့ အကြောင်းကို လက်ခံခိုင်းတာ။ အလွဲသုံးတာကတော့ နေရာတိုင်းမှာ ရှိစမြဲပဲ။ မမြင်ရတဲ့ ကံကလွှတ်ချပြီး ပစ္စုပ္ပန်လက်ခံသူများကြတော့လည်း တဘဝစာကြည့် ငါ့ဖို့လုပ်နေတဲ့ အယူမှားတွေလည်း ရှိရတာပဲ။ သူများအနေအထိုင် မတတ်တာနဲ့ သူနဲ့ပဲဆိုင်တယ်လေကွယ်။ ကိုယ်လုပ်မှ ကိုယ်စားဆိုပေမဲ့ အဲလိုစားနိုင်ဖို့ ကိုယ်လက်ရှိရမယ်၊ စားစရာရှိရမယ်၊ စားဖို့တတ်နိုင်ရမယ်၊ စားရကောင်းမှန်း သိရမယ်၊ စားဖို့အခြေအနေ ပေးရမယ်။ အဲဒီစားစရာဆိုတာလည်း ဗျုန်းဆိုပေါ်လာတာ မဟုတ်ဘူး၊ နဂိုမူလ သီးနှံပင်မျိုးစေ့ရှိရမယ်၊ စိုက်ပျိုးဖို့ ရာသီဥတု၊ ရေခံမြေခံ၊ နည်းပညာ၊ ထုံတမ်းဓလေ့ ရှိရမယ်။ ကုန်းတွင်းပိတ် တိုင်းပြည်မှာ ဝေလငါးဖြစ်ဖို့ ကံမရှိဘူး။
တချက်ချက် ချို့ယွင်းနေရင် အခြားအရာရာ အားလုံး တူပါလျက် ကိုယ်ကခံစားခွင့်မဲ့တယ်။ အဲဒါတွေအားလုံး တပြိုင်ထဲ ဖြစ်ပေါ်စေတာ ကိုယ်ပြုခဲ့တဲ့ကံပဲ။ အဲဒီကံ အတိုင်းအတာပေါ် မူတည်ပြီး လက်ရှိဘဝမှာ ဘယ်လောက်ခံစားခွင့်ရှိသလဲ၊ ဘယ်လောက် လွဲချော်နိုင်သလဲ ကွဲပြားသွားတာ…။ ဆိုးတိုင်းအဆိုးမဟုတ် (ဒီထက်ပိုမဆိုးသွားတာကြောင့်) ကောင်းတိုင်း အကောင်းမဟုတ်ဘူး (အမှားဖက်တွန်းပို့စေနိုင်လို့)။ ယခုထက်ပိုမကောင်းဖို့ လုပ်တိုင်းဖြစ်အောင် အကုသိုလ်ကံက ဖန်တီးပေးတတ်သလို အခုထက်ပိုမဆိုးစေဖို့ အဆင်မပြေမှုတွေကို ကုသိုလ်ကံနဲ့ တားဆီးပေးထားတတ်တယ်။ ပြုခဲ့တဲ့ကံရဲ့ ကောင်းမွေဆိုးမွေဆိုတာ ကာယကံရှင်အပေါ် အများကြီးဆိုင်တယ်။ အဲဒီအသိညဏ် ဖြစ်စေတဲ့ကံကို အသုံးပြုတာ၊ အသုံးမပြုတာ လက်ရှိပစ္စုပ္ပန်ကံအလုပ် သို့မဟုတ် ဝီရိယနဲ့ညဏ်ပဲ…။ မောင်ပေါက်ကျိုင်းပုံပြင်လိုပဲ ညဏ်နဲဖို့ ကံပါလာပေမဲ့ ပါမောက္ခဆရာကြီးပြောတဲ့ “မအိပ်မနေ အသက်ရှည်” စကာတခွန်းကို သုံးလိုက်တော့ ဘုရင်ဖြစ်သွားတယ်။ ဒါလည်းပြောရင် ဘုရင်ဖြစ်ဖို့ ကံရှိနေသေးလို့ပေါ့ကွာ သို့ပေမဲ့ အားထုတ်မှု အလုပ်ဆိုတဲ့ ဖွင့်ဆိုချက်ကို ပါလာတဲ့ကံအား အသုံးပြုခြင်းဆိုတဲ့ ရှုဒေါင့်ကနေ သုံးသပ်နိုင်တယ်။