ကျွန်တော့်ရဲ့ ဇနီး
ကျွန်တော့ ဇနီး မှဲ့ကင်ဆာ ဖြစ်ပြီးကျွန်တော်တို့ဆီကနေ ထွက်ခွာသွားတာ ၂ နှစ်ရှိပါပြီ…
ကျွန်တော်ပြန်စဉ်းစားမိတယ်… အိမ်မှုကိစ္စလုံးဝမလုပ်တတ်တဲ့ကျွန်တော် နဲ့ သားလေးကို ထ
ားခဲ့ ရတာ သူဘယ်လောက်ထိ ဝမ်းနည်းလိမ့်မလဲ။
ကျွန်တော်ကိုယ်တိုင်လဲ မိဘ ၂ယောက်စလုံးရဲ့ ဇာတ်ကောင်နေရာကနေကောင်းကောင်း မလုပ်နိုင်တဲ့ အတွက် ကိုယ့်ကိုယ်ကို အားမလို အားမရ ဖြစ်ခဲ့ရတယ်။
တနေ့မှာ ကျွန်တော် အလုပ်ကိစ္စနဲ့ မနက်စောစော ခရီးထွက်ဖို့ရှိတော့ ကလေးအတွက် ဘာမှ မပြင်ဆင်ပေးခဲ့ ရဘဲ ကမန်းကတန်းထွက်လာခဲ့တယ်။ မနေ့က ထမင်းအေးနဲ့ ကြက်ဥကျော်နဲ့ ထားခဲ့ပေးပြီး အိပ်ယာမနှိုးသေးတဲ့ သားလေးကို ပြောပြီးထွက်လာခဲ့တယ်။
ကလေးကိုကောင်းကောင်းကမ်းကမ်းထားနိုင်ဖို့ အတွက် ကျွန်တော်လဲ အလုပ်ကို ကြိုးစားပြီး လုပ်နေရတယ်။
အိမ်ပြန်မိုးချုပ်တဲ့ တညမှာ ကျွန်တော်က သားလေးကို တိုတိုတုတ်တုတ်ဘဲ နှုတ်ဆက်လိုက်တယ်…
အလုပ်ပင်ပန်းလွန်းတဲ့ အတွက် အင်္ကျ ီချွတ်ပြီး ကုတင်ပေါ် ပစ်လဲလိုက်တယ်။
အဲဒီ အချိန်မှာဘဲ ဗွန်းကနဲ အနီရောင်ဟင်းရည်တွေနဲ့ ခေါက်ဆွဲ တွေ အိပ်ယာခင်းနဲ့ စောင်တွေကို တခဏတွင်းမှာဘဲ စွန်းထင်စေကုန်တယ်…လက်ဆက်တတ်တော့ ခေါက်ဆွဲပန်းကန်က စောင်ထဲရောက်နေတာကိုး…
ဒီကောင်ကတော့ တကယ်ဘဲ… ပြောတာနှေးတယ်… လုပ်တာမြန်တယ်… ချက်ချင်းဘဲ ကျွန်တော် အဝတ်ချိတ်တစ်ခုယူပြီး ပြေးထွက်သွားတယ်။ အရုပ်တွေနဲ့ ကစားနေတဲ့ သားလေးရဲ့ ဖင်ကို ရိုက်တော့တာဘဲ။ ကျွန်တော် တော်တော်လေးကို စိတ်တိုနေလို့ အဆက်မပြတ်ရိုက်ခဲ့တယ်။ ဒါပေမဲ့ အဲဒီ အချိန်မှာဘဲ သူငိုပြီးပြောလိုက်တဲ့ စကားကြောင့် ကျွန်တော် ရပ်သွားတယ်…
“ထမင်းအိုးထဲက ထမင်း မနက် ကတည်းက စားလို့ကုန်သွားပြီ… ညစာကို ကျောင်းမှာဘဲ စားခဲ့တယ်… ညရောက်တော့ ဖေဖေက ပြန်မလာသေးဘူး… အံဆွဲထဲမှာ ခေါက်ဆွဲထုတ်ရှာတွေ့တယ်… ဒါပေမဲ့ ဖေဖေပြောထားတယ်… မီးဖို မထိရဘူးလို့… ဒါကြောင့် သားက ရေချိုးတဲ့ ရေနွေးပိုက်ခေါင်းကို ဖွင့်ပြီး ရေနွေးနဲ့ ခေါက်ဆွဲစိမ်ထားလိုက်တယ်… တစ်ခုက သားစားဖို့ နောက်တစ်ခုက ဖေဖေ့ကို စားစေချင်လို့…
ခေါက်ဆွဲတွေ အေးသွားမှာ စိုးလို့ စောင်ထဲထည့်ထားပြီး ဖေဖေပြန်လာတာကို သားစောင့်နေတာပါ… သား အရုပ်တွေနဲ့ ဆော့နေလို့ ဖေဖေ့ကို ပြောပြဖို့မေ့သွားတာပါ…”
ကျွန်တော့ မျက်ရည်ကို သားလေးကို မမြင်စေချင်တဲ့ အတွက် ရေချိုးခန်းထဲပြေးဝင်သွားပြီး ရေပိုက်ခေါင်းကို ဖွင့်ပြီး အားပါးတရ ငိုချလိုက်တယ်…
တအောင့်နေတော့ ကျွန်တော် အားတင်းပြီး ကလေးကို ချော့ရင်း သူ့ဖင်ကို ဆေးလိမ်းပေးပြီး ချော့သိပ်လိုက်တယ်။ ခေါက်ဆွဲကြောင့် ပေကြံသွားတဲ့ အိပ်ယာခင်းကို သိမ်းပြီး သားလေးရဲ့ အခန်းကိုဖွင့်လိုက်တော့ သူလေးရဲ့ ငိုသံလေးကို ကြားနေရသေးတယ်… လက်မှာ ကတော့ အမေ့ဓာတ်ပုံ ကိုင်လို့… ကျွန်တော် တံခါးရွက်ကို မှီပြီး ဒီမြင်ကွင်းကို အကြာကြီး ရပ်ကြည့်နေမိတယ်…
ဒီကိစ္စပြီးတဲ့ နောက်နှစ်တွေမှာတော့ မိခင်တစ်ယောက်ရဲ့ဇာတ်ကောင် အနေနဲ့ ကောင်းကောင်း လုပ်ဆောင် နိုင်ဖို့ သားလေးကို ပိုပြီး ဂရုစိုက်ခဲ့တယ်… အခုဆို သားလေး ရ နှစ်ပြည့်တော့မယ်… ဒုတိယတန်း အောင်လို့ တတိယတန်းတက်တော့မယ်… ကံကောင်းတာက သားလေး အရိပ်မည်းအောက်မှာ ရှိမနေဘဲ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာခဲ့တယ်။
သိပ်မကြာသေးခင်မှာဘဲ ကလေးကို နောက်တစ်ကြိမ် ရိုက်မိ ခဲ့တယ်။ ကျောင်းက ဖုန်းဆက်လာတယ်… သားကျောင်းမတက်ဘူးတဲ့… ကျွန်တော်စိတ်မအေးနိုင်တော့ဘူး… ရပ်ကွက်ထဲ နေရာ အနှံ့ သူ့နာမည်အော်ခေါ်ပြီးလိုက်ရှာပေမဲ့ ရှာမတွေ့ခဲ့ဘူး… နောက်ဆုံးတော့ ဂိမ်းဆိုင်ရှေ့မှာ သူ့ကို တွေ့တယ်။ ကျွန်တော် ဒေါသ အရမ်းထွက်ပြီး သူ့ကို အဆက်မပြတ်ရိုက်ခဲ့တယ်။ သားလေးကတော့ ဘာဖြေရှင်းချက်မှ မပေးဘဲ… “သား တောင်းပန်ပါတယ်” ဆိုတာ တစ်ခွန်းဘဲပြောခဲ့တယ်… နောက်မှ သိလိုက်ရတယ်… အဲဒီနေ့ဟာ ကျောင်းက အမေများနှင့်ဆုံညီပွဲလုပ်ပေးတဲ့နေ့ ဖြစ်နေပါတယ်။
ဒီကိစ္စပြီးနောက်ပိုင်း သားလေး အိမ်ပြန်ရောက်ပြီးပြောပြတယ်… သူကျောင်းမှာ စာရေးသင်ခဲ့တယ်တဲ့။ နောက်ပိုင်းမှာ တော့ သူ အခန်းထဲမှာ ဘဲ အောင်းနေပြီး စာကို သေသေချာချာရေးနေတယ်။ သားလေးကို ဒီလိုလေးမြင်ရတော့လဲ ဆုံးသွားတဲ့ ဇနီး ဒီမြင်ကွင်းလေးကို သာ မြင်ရရင်တော့ ပြုံးမိမှာဘဲ ဆိုတာကို တွေးမိရင်း မျက်ရည်ကို ထိန်းမရခဲ့ဘူး…
အချိန်ကုန်ဆုံးတာ အရမ်းမြန်တယ်… နောက်တနှစ် မိုးကုန်လို့ သီတင်းကျွတ်ရာသီရောက်ခဲ့ပြီ။
သားလေးက နောက် ပြသနာတစ်ခုရှာလာပြန်ပြီ… စာတိုက်က ဖုန်းဆက်လာတယ်… လိပ်စာမရှိတဲ့ စာအထုတ်လိုက်ကို အတင်းပို့ခိုင်းနေလို့တဲ့… စာတိုက်ကလဲပြောလိုက်တယ်… ဒီလိုရာသီ အလုပ်အရှုပ်ဆုံးအချိန်းမှာ ကိုယ့်သားကို ကောင်းကောင်းထိန်းပါလို့ပြောလိုက်တယ်… သားကို မရိုက်တော့ဘူးလို့ဆုံးဖြတ်ထားပေမဲ့ ထိန်းမရဘူး… ရိုက်လိုက်တယ်… သားလေးကတော့ ဒီတစ်ကြိမ်မှာ သူ မှားပါတယ်ဆိုတာဘဲ ပြောလိုက်တယ်… ဘာဖြေရှင်းချက်မှ မပေးဘူး။
ကျွန်တော်လဲ သူစာတိုက်မှာ လက်သွားဆော့တဲ့ စာတွေကို သူ့မျက်စိရှေ့ပစ်ချလိုက်ပြီးပြောလိုက်တယ်…
“ဘာဖြစ်လို့ ဒီလို စာတိုက်မှာ သွားဆော့ရတာလဲ…”
သားလေးက ငိုပြီးပြန်ဖြေတယ်… “ဒါ… ဒါတွေဟာ မေမေ့ဆီကို ပို့ပေးဖို့ပါ…”
အဲဒီ အချိန်မှာ ကျွန်တော့ မျက်လုံးတွေနီရဲသွားတယ်… စိတ်ထဲမှာတော့ ဘောင်ဘင်ခတ်လို့…
ဒါပေမဲ့ သားရှေ့မှာ ဆိုတော့ တတ်နိုင်သလောက် ဖုံးဖိထားလိုက်တယ်။
ဆက်ပြီးမေးလိုက်တယ်… “ဒါဆိုရင် ဘာဖြစ်လို့ တစ်ခါတည်း ဒီလောက် အများကြီးပို့ရတာလဲ?”
သားလေးက ပြန်ဖြေတယ်… “ဟိုး အရင် ကတည်းကပို့ဖို့ရေးထားတဲ့ စာတွေကို သား အရပ်ပုတော့ စာတိုက်ပုံးထဲ ထည့်လို့ မရဘူး… အခု တလော သား ထပ်သွားထည့်ကြည့်တဲ့ အခါ မှီနေပြီ… ဒါကြောင့် အရင်ကတည်းက မထည့်ရသေးတဲ့ စာတွေကို တခါတည်းထည့် လိုက်ချင်တာပါ။”
ကျွန်တော် နားထောင်ပြီး စိတ်ထဲမှာ လမ်းစပျောက်သွားတယ်… ဘာပြန်ပြောရမလဲ မသိတော့ဘူး…
ခဏနေပြီး သားလေးကို ပြန်ပြောလိုက်တယ်… “အခု မေမေက မိုးကောင်းကင်ပေါ်မှာ ရှိတယ်… နောက် စာရေးပြီးရင် မီးရှို့လိုက်… ဒါဆိုရင် မေမေ့ဆီကို ပို့လို့ရောက်ပြီ။”
သားလေးအိပ်ပျော်သွားပြီးနောက် အိမ်ရှေ့ထွက်ပြီး ဒီစာတွေကို မီးရှို့ပေးလိုက်တယ်။
သားလေး ဘာတွေများရေးထားသလဲဆိုတာကို စိတ်ဝင်စားပြီး အဲဒီထဲက တချို့ကို ယူဖတ်လိုက်တယ်။
စာတစ်စောင်ကတော့ ကျွန်တော့ ရင်ထိကို နက်နက်ရှိုင်းရှိုင်း ထိနာသွားစေတယ်ဗျာ…
ချစ်ခင်ရပါသောမေမေ
“သား မေမေ့ကို အရမ်းသတိရတယ်… ဒီနေ့ကျောင်းမှာ မေမေတွေနဲ့ပျော်ပွဲရွှင်ပွဲ လုပ်ပေးတယ်။ သားမှာ မေမေ မရှိတော့ မသွားဘူး။ ဖေဖေ့ကိုလဲ မပြောပြဘူး။ ဖေဖေလဲ မေမေ့ကို သတိရမှာစိုးလို့… ဖေဖေ သားကို လိုက်ရှာတယ်… သားပျော်နေတာကိုဘဲ ဖေဖေ့ကို မြင်စေချင်လို့ ဂိမ်းဆိုင်ရှေ့မှာ ထိုင်နေလိုက်တယ်။ ဖေဖေသားကို ဆူပေမဲ့ ဖေဖေ့ကို သား အကြောင်းရင်း မပြောပြဘူး။ မေမေ… ဖေဖေက မေမေ့ကို သတိရလို့ငိုနေတာကို သားနေ့တိုင်းတွေ့တယ်။ ဖေဖေလဲ သားလိုဘဲနေမှာ… မေမေ့ကို အရမ်းအရမ်း သတိရတယ်… ဒါပေမဲ့.. မေမေ… သား အခုချိန်မှာ မေမေ့မျက်နှာကို သေချာ မမှတ်မိတော့ဘူး… မေမေ… သားရဲ့ အိပ်မက်ထဲကို လာပါလားဟင်… မေမေ့မျက်နှာကို နောက်တစ်ခေါက် မြင်ချင်လို့ပါ… သတိရတဲ့ သူရဲ့ဓာတ်ပုံကို ရင်ထဲမှာ ပိုက်ပြီးအိပ်ရင် အဲဒီလူကို အိပ်မက်မက်တတ်တယ်လို့ ကြားဖူးတယ်… မေမေက ဘာလို့သားရဲ့ အိပ်မက်ထဲကို မလာတာလဲ?”
ဒီစာကို ဖတ်ပြီး ကျွန်တော် ရှိုက်ကြီးတငင်ငိုချလိုက်တယ်…
ဘယ်သော အချိန်မှာမှ ဇနီးရဲ့ နေရာလွတ်လေးကို ကျွန်တော် ဖြည့်ဆည်းပေးနိုင်မှာလဲဗျာ…
ဇာတ်လမ်းထဲက ကောင်လေးကတော့ အမေ့ အချစ်ကို ငတ်ခဲ့တယ်… ကျွန်တော်တို့ကကော် “ချစ်နွံထဲနစ်ပြီး ချစ်ခြင်းကိုမသိ” ဆိုတာမျိူးတော့ မဖြစ်စေနဲ့ပေါ့ဗျာ…
မိဘမေတ္တာကို တန်ဖိုးထားပါ… သူတို့ရဲ့အချစ်တွေအာလုံးဟာ လုပ်သင့်လုပ်ထိုက်တာလို့ သဘောမထားမိလိုက်ကြပါစေနဲ့…
Zane
မျှဝေပေးတာလဲမေတ္တာတစ်ခုပါ ♥
14 comments
myanmar oscar
November 18, 2012 at 1:35 am
ရင်မောရပါတယ်ဗျာ။
ဇာတ်လမ်းလေးကတကယ်ကောင်းတယ်……
ဖတ်နေရင်းနဲ့ မျက်ရည်တောင်လည်မိတယ်၊ရင်ထဲမှာစို့သွားတာပဲ
တကယ့်အဖြစ်အပျက်ပဲဖြစ်ဖြစ်၊ ရေးဖွဲ့နွဲ့ဇာတ်လမ်းပဲဖြစ်ဖြစ် ပညာပေးလေးပါ
ဟာသလား၊တကယ်လားတော့မသိဘူး ကျွန်တော်ကြားဘူးတဲ့ဟာလေးပြောပြမယ်
မန္တလေးဂေါဝိန်ဆိပ်က ကုန်တင်ကုန်ချ အလုပ်သမားမိသားစု တစ်စုပေါ့
အဖေက သင်္ဘောဆိပ်ကိုအလုပ်လုပ်ဖို့ မနက်အစောကြီး သာလေးမနိုးခင်သွားရတယ်၊
ပြန်လာတော့ အလုပ်ကရှုပ်မိုးကချုပ် ကလေးအိပ်ချိန်မှရောက်တယ် နေ့တိုင်းလိုလိုပါပဲ
တစ်နေ့ ဖအေက နေ့ခင်းအလုပ်အားလို့ ခဏပြန်လာတာ
အိမ်ရှေ့မှာဆော့နေတဲ့ ကလေးက အထဲကိုလှမ်းအော်ပြောလိုက်တယ်
ဘာတဲ့လဲဆိုတော့ အမေရေ ဧည့်သည်လာနေတယ်တဲ့
ကဲ..ကောင်းကြရော
သကြားလုုံးကြော်
November 18, 2012 at 4:43 am
စိတ်မကောင်းစရာဇတ်လမ်းပဲ။ ဒါပေမဲ့ ဇာတ်လမ်းတခုုလုုံးမှာ typical မြန်မာမိဘတွေရဲ့ အမှားတွေမှ ပြည့်လိုု့။
တစ်ခေါက်ရိုုက်ပြီးတိုုင်း မှားမှန်းသိပါရက်နဲ့ ကလေးကိုု မရှင်းပြ၊ မတောင်းပန်တာတော့ မိဘကအလုုပ်မဟုုတ်တာ။ မိဘနဲ့ ကလေးကြားပွင့်ပွင့်လင်းလင်း ပြောဆိုုသင့်တယ်။ ဘာလိုု့ရိုုက်ရတယ်လိုု့ အကျိုးအကြောင်းနဲ့ ကလေးကိုုရှင်းပြနိုုင်ရင် ရိုုက်ပေါ့။ မှားရိုုက်မိတယ်ဆိုုလည်း ဟန်ကိုုယ့်ဖိုု့မလုုပ်ဘဲ မှားပါတယ်လိုု့ ကလေးကိုု ရှင်းပြနိုုင်ရင် ဆက်ဆံရေး ပိုုပြစ်မှာ။
မြန်မာဓလေ့မှာ ရိုုက်ပြီးဆုုံးမတာ ရှေးရိုုးစွဲမိုု့ မရိုုက်နဲ့ မပြောပါ။ ပြသနာက ကလေးကသူဘာလိုု့ ရိုုက်ခံသင့်မှန်း လက်မခံ နားမလည်နိုုင်ဘဲရိုုက်ခံရတာဟာ စိတ်ဒဏ်ရာ ရရုုံကလွဲပြီး ဘာမှ အကျိုုးမသက်ရောက်ဘူး။ စိတ်ဆိုုးတုုန်း စိတ်မထိန်းနိုုင်လိုု့ ရိုုက်တာ ရိုုက်မိပေမဲ့ ရိုုက်ပြီးမှ မသိကျိုးကျွန်ပြစ်မထားဘဲ စကားသေချာပြောသင့်တယ်။ ကလေးကွယ်ရာမှာ ရှိုုက်ကြီးတငင်သွားငိုုနေမယ့်အစား အတူတူငိုုပေါ့။
အဓိကက အဖေတွေပဲ၊ စိတ်လိုုက်မာန်ပါ ဟောဟောဒိုုင်းဒိုုင်းရိုုက်လိုုက်တာလဲ သူတိုု့ပဲ၊ ပြီးမှ ဟန်ကိုုယ့်ဖိုု့ ego တွေတခွဲသားနဲ့ ကိုုယ့်ဘက်ကမှားမှန်းသိရက်လည်း မလျှော့ ချင်ပြန်ဘူး။ ကလေးနဲ့ ပွင့်ပွင့်လင်းလင်း မပြောနိုုင်သရွေ့တော့ အမေ့နေရာ ဖြည့်ဖိုု့ လမ်းမမြင်။
Foreign Resident
November 18, 2012 at 10:41 am
” typical မြန်မာမိဘတွေရဲ့ အမှားတွေမှ ပြည့်လိုု့။ ”
သကြားလုုံးကြော်ရေ
ပုံစံကြည့်ရတာ ဘာသာပြန် လို့ထင်တယ် ။
– သားက ရေချိုးတဲ့ ရေနွေးပိုက်ခေါင်းကို ဖွင့်ပြီး
– အဲဒီနေ့ဟာ ကျောင်းက အမေများနှင့်ဆုံညီပွဲလုပ်ပေးတဲ့နေ့
– စာတိုက်က ဖုန်းဆက်လာတယ်…
သကြားလုုံးကြော်
November 18, 2012 at 2:46 pm
အဘဖောက အကွက်စေ့တယ်။ မြန်မာမိဘတွေဆိုုတာကိုု အကျယ်ချဲ့လိုုက်ပြီး မိဘတွေရဲ့ အမှားတွေလိုု့ပြင်ဖတ်ကြပါနော်။
ရွှေ ကြည်
November 18, 2012 at 12:39 pm
ဖတ်ရင်း ခံစားမိပြီးမျက်ရည်တောင်လည်ပါတယ်..။
အိမ်ထောင်တခုမှာ အမိရော အဖပါ အရေးပါတယ်ဆိုတာလေးကိုသတိပေးတာပါပဲ..။
ကွယ်လွန်သွားတာတွေအတွက် ပြောစရာမရှိပေမယ့် ယူတုန်းကယူကြပြီးကလေးတွေမွေးပြီးမှ
ကွဲကြ ကွာကြသူတွေကြောင့်ကလေးငယ်တွေ မြေဇာပင်ဖြစ်ကြရင်တော်တော်ဒေါသထွက်တယ်..။
လုံမလေးမွန်မွန်
November 18, 2012 at 12:46 pm
သမီးတစ်ယောက်အနေနဲ့ခံစားရရင် အမေက ကိုယ့်ကိုရိုက်ပြီးမှ (ကိုယ့်အမှားကြောင့်ပဲဖြစ်ဖြစ်၊ နားလည်မှုလွဲလို့ပဲဖြစ်ဖြစ်) စိတ်မကောင်းဖြစ်နေတာမြင်ရင် ပိုဝမ်းနည်းမိပါတယ်…အမေရိုက်တာကိုလည်း အပြစ်မမြင်မိတော့ပါဘူး…ဒါကြောင့် မိဘတွေအနေနဲ့ အမှားကိုအပြစ်ပေးတဲ့အနေနဲ့ပဲရိုက်ရိုက်၊ နားလည်မှုလွဲပြီး မှားရိုက်မိတာပဲဖြစ်ဖြစ် သားသမီးကို နာကျင်အောင်လုပ်ခဲ့မိတဲ့အတွက် ပြန်ချော့ကြရင် ကောင်းမှာပဲလို့ တွေးမိပါတယ်…
ပို့စ်လေးကိုလည်းခံစားသွားပါကြောင်း….
pyopyo may
November 18, 2012 at 12:47 pm
ဇတ်လမ်းလေးက အရမ်းကောင်းပါတယ် …
တကယ့်အဖြစ်အပျက် ပဲဖြစ်ဖြစ် ၊
ဝထ္ထု ဇတ်လမ်း ပဲဖြစ်ဖြစ် ၊
ဖခင်ဖြစ်သူ ဖက်ကရော ၊
သားဖြစ်သူဖက်ကပါ ၊
ခံစားပြီး မျက်ရည်ကျ သွားပါတယ် …
Thu Wai
November 18, 2012 at 1:26 pm
ယောက်ျားမျက်ရည်မဆယ်နိုင်ပြီ ဗျာ
ကျွန်တော်မှာလဲ ဇနီးနဲ့ သမီးရှိပါတယ် …
ကျွန်တော်သာဆိုရင် …….. တွေးမိပြီး……..ဆို့လာပြီဗျာ
may flowers
November 18, 2012 at 2:58 pm
ဖတ်ပြီး မျက်ရည်ကျလာလို့ ဘေးမှာထိုင်နေတဲ့ သားလေးမသိအောင် ကျိတ်ပြီးမျက်ရည်
သုတ်နေမိတယ်………..ဇာတ်လမ်းလေးရဲ့ ပိုင်ရှင်သားသားလေးကိုလည်း သနား၊ ချီးကျူးရင်းပေါ့..။
MaMa
November 18, 2012 at 8:40 pm
စိတ်မကောင်းစရာဇာတ်လမ်းလေးပါပဲ။
မိစုံဖစုံမရှိတဲ့ကလေးကို သနားတာက တမျိုး၊
ကလေးရဲ့ ဖခင်အနေနဲ့ မိခင်နေရာကိုရော၊ ဖခင်နေရာကိုပါ ဖြည့်ဆည်းဖို့ ကြိုးစားရတဲ့အတွက် လူရော စိတ်ပါ ပင်ပန်းဆင်းရဲမယ်ဆိုတာကို မှန်းဆမိတယ်။
အဲဒီဇာတ်မှာ မိသားစုအသိုင်းအဝိုင်းမရှိလို့လား၊ မကူညီနိုင်ကြလို့လား ဆိုတာကို ဖြည့်စွက်တွေးမိတယ်။
တကယ့်လက်တွေ့ဘဝမှာဆိုရင်တော့ ကလေးရဲ့ အဖေဘက်ကသော်လည်းကောင်း၊ အမေဘက်ကသော်လည်းကောင်း ညီအကို မောင်နှမ ဆွေမျိုးသားချင်း အသိုင်းအဝိုင်းရဲ့ အကူအညီကို ရယူသင့်တယ် ထင်တာပဲ။ 🙁
•*¨နန်းတော်ရာသူ •*¨
November 18, 2012 at 8:41 pm
ဒီလိုဇာတ်လမ်းမျိုးလေးတွေဖတ်ရရင်ကျွန်မအရမ်းခံစားရပါတယ်။
ကျွန်မကိုယ်တိုင်လည်းကျန်းမာရေးသိပ်မကောင်းလှပါဘူး။
ကျွန်မသာသေသွားရင်ဆိူုပြီးတရှည်တလျားတွေးမိတိုင်း ကျွန်မရဲ့ငယ်ရွယ်လှတဲ့ကလေးတွေအပေါ်တော်တော်လေးသနားမိတယ်။
ကျန်းမာရေးကောင်းနေတဲ့အသက်၆၂နှစ်အရွယ် ဖေဖေနဲ့၊၅၅နှစ်အရွယ်မေမေကို ကျွန်မကျေးဇူးတင်မိတယ်။
ကျွန်မစိတ်မပူရအောင်ကျန်းမာပေးနေကြလို့ပါ။
jullies cezer
November 19, 2012 at 9:13 am
ပထမ post ရောအခု post ရောနှစ်ပုဒ်လုံးအားပေးသွားပါတယ်
အရင်ဇာတ်လမ်းကိုသိနေတဲ့အတွက် ပိုပြီးတော့နက်နက်နဲနဲခံစား
ရပါတယ် ……….
Novy
November 19, 2012 at 12:25 pm
ဇာတ်လမ်းလေးကို သုံးခေါက်လောက်နားပြီးဖတ်လိုက်တယ်
ဆက်တိုက်ဖတ်ရင် ငိုမိသွားမှာစိုးလို့
မျက်ရည်ဝဲလာလိုက် စာဖတ်တာကို ရပ်လိုက်နဲ့…
thar ag
November 19, 2012 at 7:01 pm
ဖတ်ရှူ အားပေးသွားကြတဲ့ မိတ်ဆွေတွေအားလုံးကိုဘဲ ကျေးဇူးအထူးတင်ပါတယ် ဖတ်ကောင်းလွန်းလို့ ရှယ်လိုက်ရတာပါ ကိုယ်တိုင်ရေး မဟုတ်ပါကြောင်းစာဖတ် ပရိတ်သတ်ကိုလေးစားစွာ ပန်ကြားအပ်ပါတယ်