မဟာရာဇာ အံစာတုံး
နိဒါန်း
“ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်” ဟု ဆိုပါက ကျွန်ုပ်သည် “မသူတော်” ပင် ဖြစ်ချေတော့မည်။ သို့တစေ ထို “မသူတော်” မည်ခေါ် ကျွန်ုပ်၏ အကြောင်း မစုံမလင်အား ပြသ၊ ရေးရပေဦးတော့မည် ဖြစ်၏။ ထို့အတွက်ကြောင့် တစ်ပါးသူတို့၏ မိမိဂုဏ် မိမိ ဖော်ထုတ်ရေးသားသော အကြောင်းအရာများအား စိတ်ဝင်စားခြင်း၊ မနှစ်သက်ခြင်း စသည့် စိတ်နှလုံး ရှိသူများအတွက် အကျိုးမဲ့ခြင်း မဖြစ်စေရန် ယခု နိဒါန်းအား ရေးသားရခြင်းပင် ဖြစ်ပါပေ၏။
+++++++++++++++++++++++
စာကိုယ် – ၁
ကျွန်ုပ်၏ ဘဝ အခိုက်အတန့်တစ်ခုတွင် လွန်စွာ ကြီးကြီးကျယ်ကျယ်နိုင်လှသော၊ လွန်စွာ ဂွကျလှသော “ပန်းချီဆရာ” ဆိုသူ လူတစ်ဦးနှင့် တွေ့ခဲ့ရဖူးလေသည်။ ထိုသူသည် ပန်းချီ ရေးဆွဲခြင်း အတတ်ပညာ၌ ပြောင်မြောင်လှသော လက်ရာများကို ဖန်တီးနိုင်ခြင်း မရှိသော်လည်း ကောင်းမွန်သပ်ရပ်သည့် လက်ရာများကိုမူ ဖန်တီးနိုင်ပါပေ၏။
သို့ရာတွင် ထိုပန်းချီဆရာမှာ မိမိ၏ လက်ရာအား ကမ္ဘာတစ်လွှား ကျော်ကြားနိုင်သော လက်ရာ ဟူ၍ လည်းကောင်း၊ မိမိ၏ ပန်းချီကားများအား အချို့သော ငွေကြေး ကြွယ်ဝသူများက ဈေးကြီးကြီး ပေး၍ လာရောက် ဝယ်ယူဖူးသည် ဟူ၍ လည်းကောင်း၊ မိမိသည် ယခင် ဘဝက “လီယိုနာဒို ဒါဗင်ချီ” ဟူသော ကမ္ဘာကျော် ပန်းချီဆရာကြီး ဝင်စားခြင်း ဖြစ်နိုင်လောက်သည် ဟူ၍ လည်းကောင်း ကြီးကြီးကျယ်ကျယ် စကားများကို အာပေါင်အာရင်း သန်သန်ဖြင့် ပြောဆိုလေ့ ရှိတတ်သည်။
ကျွန်ုပ်သည် ထိုပန်းချီဆရာနှင့် စကားပြောသည့် အခါများတွင် ၎င်း၏ ကြီးကြီးကျယ်ကျယ် များအား နားထောင်ခဲ့ရပေ၏။ သို့ရာတွင်မူ ယင်းသို့ နားထောင်ရသည့် အခါတိုင်း စိတ်ဝင်စားဟန်ပြခြင်း မပြုခဲ့ပေ။ ဂရုပြု၍ နားထောင်ခြင်းလည်း မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် ၎င်း၏ ကြီးကြီးကျယ်ကျယ် စကားထွားများအား ကြိုက်နှစ်သက်ခြင်း အလျဉ်းမရှိသောကြောင့်ပင် ဖြစ်ပေ၏။ သို့ရာတွင်မူ ကျွန်ုပ်သည် ထိုပန်းချီဆရာ၏ စကားကြီး စကားကျယ်များအား နှစ်ခြိုက်ခြင်း မရှိသော်လည်း ၎င်း၏ ပန်းချီ ကလောင် အမည်အား နှစ်သက်၊ သဘောကျမိကြောင်းကို ဝန်ခံရပေမည်။
၎င်း၏ ကလောင် အမည်မှာလည်း ကြီးကြီးကျယ်ကျယ်ပင် မှည့်တွင်ထားသော အမည်တစ်ခု ဖြစ်ပေ၏။ သို့ရာတွင် ထိုအမည်နှင့် ကျွန်ုပ် မည်သို့ ဓါတ်ကျသည် မသိ။ ထိုပန်းချီဆရာ၏ စကားကြီး စကားကျယ်များအား မနှစ်မြို့သည့် ကျွန်ုပ်သည် ထိုသူ၏ ကြီးကြီးကျယ်ကျယ် အမည်ကိုတော့ဖြင့် နှစ်သက်၊ သဘောကျမိ၏။ ထိုအမည်ကား “ အနန္တ စကြဝဠာ (မဟာ့ မဟာ) မဟာရာဇာ xxxxxx ” ဟူ၍ပင် ဖြစ်ချေတော့၏။ (မှတ်ချက် ။ ။ နောက်ဆုံးတွင် xxxxxx ဟူ၍ ချန်လှပ်ခဲ့ရခြင်းကား ထိုပန်းချီဆရာ၏ ဂုဏ်သိက္ခာအား ငဲ့ကွက်သောအားဖြင့် ချန်လှပ်ခဲ့ခြင်း ဖြစ်ပါ၏။ ထို့အတွက် သည်းခံကြပါရန် ပန်ကြားအပ်ပါသည် ခင်ဗျာ။)
ယင်းသို့ ပန်းချီဆရာ၏ ဘွဲ့ထူးဂုဏ်ထူးကြီးအား သဘောကျ နှစ်သက်မိသောကြောင့်ပင် ကျွန်ုပ်၏ ကလောင်အမည်ရှေ့တွင် အဆိုပါ ဘွဲ့ထူးကြီးအား တပ်ခဲ့ခြင်းပင် ဖြစ်ပါပေ၏။ သို့ရာတွင်မူ ကြီးကြီးကျယ်ကျယ် ဖြစ်စေရန်အတွက် ရည်ညွှန်းကာ တပ်ခဲ့ခြင်း မဟုတ်၊ သဘောကျ နှစ်ခြိုက်မိသောကြောင့် တပ်ခဲ့ခြင်းသာ ဖြစ်ပါပေသည်။
+++++++++++++++++++++++
စာကိုယ် – ၂
ကျွန်ုပ်သည် ထူးထူးဆန်းဆန်း အကြောင်းအရာ၊ အဖြစ်အပျက်များအား လွန်စွာမှ စိတ်ဝင်စားသူ ဖြစ်ပါ၏။ စိတ်ဝင်စားသည့် အလျောက် မိမိ ပတ်ဝန်းကျင်ရှိ အချို့သော သူများအား ၎င်းတို့ ဘဝတစ်လျောက် မည်သို့သော ထူးခြားသည့် အကြောင်းအရာများကို ကြုံတွေ့ခဲ့ရပါသနည်း ဟူ၍ မေးမြန်း စပ်စုတတ်ပေသည်။ ကျွန်ုပ် ကိုယ်တိုင်လည်း တစ်ခါတစ်ရံ ပျင်းပျင်းရှိသည့် အခါတိုင်းတွင် ထူးထူးဆန်းဆန်း အကြောင်းအရာများအား စိတ်ကူးယဉ် တွေးတော နေတတ်ပေ၏။
ယခုခေတ် အင်တာနက် စာမျက်နှာများပေါ်တွင်လည်း ထူးထူးခြားခြား ပုံများကို ရှာဖွေ ကြည့်ရှုတတ်ပေ၏။ ထူးထူးခြားခြား သတင်းများ၊ စာများကိုလည်း စိတ်ဝင်စားစွာ ဖတ်ရှုတတ်ပေ၏။ စကားစပ်မိ၍ ပြောရပါလျှင် မြန်မာပြည် ဂျာနယ်များထဲတွင် ပြည်မြန်မာ ဂျာနယ်မှာ ယင်းသို့ ထူးခြားသည့် သတင်း အများစုကို ထည့်သွင်းဖော်ပြတတ်သည့် ဂျာနယ် ဖြစ်ပါသည်။ ဒေးလီးမေးလ် (dailymail.co.uk) ဆိုသည့် ဝက်ဘ်ဆိုက် စာမျက်နှာတွင်လည်း ထူးထူးခြားခြား သတင်းများကို တွေ့မြင်ရတတ်ပါ၏။
ကျွန်ုပ်သည် ထူးထူးဆန်းဆန်း အကြောင်းအရာများအား စိတ်ဝင်စားသူ ဖြစ်သည့်နည်းတူ ထူးထူးဆန်းဆန်း အမည်နာမ များကိုလည်း တစ်ခါတစ်ရံ စဉ်းစား တွေးတောမိတတ်ပါ၏။ ကျွန်ုပ် အင်တာနက် စတင် သုံးစွဲစဉ်အခါက၊ တစ်နည်းအားဖြင့် Gmail Account အား စတင် တည်ဆောက်တတ်စဉ်က မိမိ၏ ရိုးရိုး အမည်နာမ ကိုသာ အကောင့် နာမည်အဖြစ် အသုံးပြုရန် ရွေးချယ်၍ ပေးခဲ့ပါ၏။ သို့ရာတွင် အခြားသော သူများ ဦးနေသည့်အတွက် မိမိ၏ အမည်နာမ ကို ရှင်းရှင်းဘွင်းဘွင်း ပိုင်ဆိုင်ခွင့် မရခဲ့ပါချေ။ ဆိုလိုသည်မှာ အမည်နာမနောက်တွင် ဂဏန်းများ ထည့်သွင်းပြီးမှသာ ရရှိနိုင်ခဲ့ခြင်း ဖြစ်ပါသည်။
ထိုအခါ ကျွန်ုပ်သည် အရှေ့အနောက်မှ ဂဏန်းများ မပါဝင်စေဘဲ အမည်နာမ တစ်ခုတည်း ရှင်းရှင်းဘွင်းဘွင်း ဖြစ်စေရန်အတွက် ဟူသော ရည်ရွယ်ချက်ဖြင့် ဝါသနာ အရ ထူးထူးခြားခြား အမည်များအား စဉ်းစား၍ အကောင့်အမည်အား စမ်း၍ ဖြည့်ကြည့်ခဲ့ပါ၏။ နောက်ဆုံးတွင် A နှင့်စသည့် “Anzartone” ဟူသော ဂဏန်းမပါသည့် ရှင်းရှင်းဘွင်းဘွင်း အမည်နာမအား ပိုင်ဆိုင်ခွင့် ရခဲ့ပါ၏။ ဤသည်မှာ “အံစာတုံး” ဟူသော အမည်နာမ တွင်လာခြင်း၏ အစ ကနဦးပင် ဖြစ်ပါပေ၏။
+++++++++++++++++++++++
စာကိုယ် – ၃
ကျွန်ုပ်၏ ဘဝ သက်တမ်း တစ်လျောက်တွင် မိတ်ဆွေပေါင်း များစွာနှင့် တွေ့ဆုံ ကြုံကြိုက်ခဲ့ရဖူးလေသည်။ ထိုထိုသော မိတ်ဆွေများထဲတွင် အချို့သော မိတ်ဆွေများအား ကောင်း၏။ အချို့သည်ကား ဆိုး၏။ ဤသည်မှာလည်း လောက၏ ဓမ္မတာတစ်ရပ် ဖြစ်လေသည့် အတွက်ကြောင့် အပြစ်မြင်ဖွယ် မရှိပါချေ။ ကောင်းသော မိတ်ဆွေများနှင့် ပေါင်းဖော်ခြင်း၊ မကောင်းသော မိတ်ဆွေများအား စွန့်ခွာခြင်းဟူသော အမှုကိစ္စမှာ မိမိ၏ တာဝန်သာ ဖြစ်ချေတော့၏။
ယနေ့ခေတ် တွင်ကျယ်စွာ အသုံးပြုနေကြသော အင်တာနက် ဟူသည်ကို မိတ်ဆွေစာရင်း သွပ်သွင်းရပါမူ မည်သို့သော မိတ်ဆွေမျိုး ဖြစ်လေမည်နည်း။ ကျွန်ုပ်၏ အမြင်ကို ပြောရပါမူ “အင်တာနက်” ဟူသည် “မီး” ကဲ့သို့သော မိတ်ဆွေမျိုး ဟူ၍သာ ဆိုချင်ပါ၏။ အဘယ်ကြောင့်ဆိုသော် သုံးတတ်သူများအဖို့ ကောင်းကျိုးများ ရရှိနိုင်သကဲ့သို့ မသုံးတတ်သူများအဖို့မူ ဆိုးကျိုးများကို ရရှိစေနိုင်သောကြောင့်ပင် ဖြစ်ပါပေ၏။
ကျွန်ုပ်၏ ဘဝတွင်လည်း ထို အင်တာနက် ဟူသော မိတ်ဆွေကြီးနှင့် ရင်းနှီးခွင့် ရခဲ့ပါ၏။ ယနေ့မှစ၍ နောက်သို့ ပြန်လှန် ရေတွက်ပါသော် သုံးနှစ်ခန့်ဟူသော ကာလအတွင်း အင်တာနက် ဟူသော မိတ်ဆွေကြီးနှင့် ရင်းနှီးသထက် ရင်းနှီးခွင့် ရခဲ့ပါလေ၏။ ယခုအချိန်တွင် အင်တာနက် ဟူသော ဝေါဟာရမှာ ကျွန်ုပ်အတွက် မထူးဆန်း သကဲ့သို့ ဖြစ်သွားသော်လည်း ယခင် သုံးနှစ်ဝန်းကျင်ခန့်ကမူ အင်တာနက် ဟူသော ဝေါဟာရမှာ ကျွန်ုပ်အတွက် မမှည့်သေးသော သစ်သီးများကဲ့သို့ ခပ်စိမ်းစိမ်းသာလျှင် ဖြစ်ခဲ့ပါပေ၏။
ကျွန်ုပ်သည် ယခုအခါ အင်တာနက်နှင့် သက်ဆိုင်သော ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ခွင့် ရနေပါ၏။ ယင်း ကုမ္ပဏီအား စတင်ဝင်ရောက် လုပ်ကိုင်မှပင် အင်တာနက် ဟူသည်ကို သိခွင့်ရခဲ့ခြင်း ဖြစ်ပါသည်။ ယခင်က သူငယ်ချင်း၊ မိတ်ဆွေများနှင့် စကားပြောသည့်အခါတွင် ၎င်းတို့မှ အင်တာနက်၊ အကောင့်၊ ဂျီတော့ပ် စသည်တို့ အကြောင်းအရာများကို ပြောနေကြသော်လည်း ကျွန်ုပ်မှာမူ ထိုထိုသော အရာတို့မှာ မည်းသည်၊ ဖြူသည် ဟူ၍ပင် မသိခဲ့ချေ။ စိတ်ဝင်စားမှု မရှိခြင်းကြောင့်လည်း ဖြစ်ပါပေ၏။ ယင်းအချိန်က ကျွန်ုပ်၏ အထင်မှာ အင်တာနက် ဟူသည် ကွန်ပျူတာ ဖြစ်ပြီး စာစီစာရိုက်ခြင်းသာ ဖြစ်၏ ဟူ၍ ထင်မှတ်ခဲ့ခြင်းကြောင့်ပင် ဖြစ်ပါ၏။
တစ်ခါက ကျွန်ုပ်သည် ရန်ကုန်မြို့တွင်းသို့ ကိစ္စတစ်ခုဖြင့် လှည့်လည် သွားလာနေစဉ် “Internet Cafe” ဟူသော ဆိုင်းဘုတ် တစ်ခုကို မြင်တွေ့လိုက်ရစဉ် မည်သို့ စိတ်ကူးပေါက်သွားသည် မသိ။ အဆိုပါ အင်တာနက် ကဖေး အား စူးစမ်းလိုစိတ်များ ဖြစ်ပေါ်ခဲ့ပါ၏။ ကျွန်ုပ်၏ စိတ်အစဉ်တွင်မူ အင်တာနက် ကဖေး ဟူသည်မှာ ဈေးကြီးသော ကော်ဖီဆိုင် တစ်ဆိုင်ပင်လော ဟူ၍ ထင်မှတ်မိခဲ့ပါပေ၏။
ကျွန်ုပ်သည် အဆိုပါ အင်တာနက် ကဖေးဆိုင်အတွင်းသို့ မျက်နှာအား တည်တည်တံ့တံ့ ထား၍ မိမိ သိရှိသည်ဟူသော မျက်နှာထားဖြင့် ဝင်သွားခဲ့ပါ၏။ ဆိုင်အတွင်းသို့ ရောက်သောအခါတွင် ကော်ဖီဆိုင် မဟုတ်ကြောင်း ကောင်းစွာ သဘောပေါက်၍ သွားခဲ့ရပါ၏။ ကျွန်ုပ်၏ ပတ်ဝန်းကျင်တွင် ကွန်ပျူတာ များစွာသာလျှင် ရှိနေပါ၏။ ယင်းနှင့် ကျွန်ုပ်လည်း ခပ်တည်တည်ဖြင့်ပင် ကွန်ပျူတာ တစ်လုံးရှေ့သို့ ဝင်၍ ထိုင်နေလိုက်ပါ၏။ ပြီးနောက် မိမိ သိရှိသော ကွန်ပျူတာ ဖဲဂိမ်းအား ဖွင့်၍ ကစားပါ၏။ ၁၅ မိနစ်ခန့် ကြာလျှင် ကျွန်ုပ်လည်း ပျင်းပျင်း ရှိလာသည်နှင့် ခပ်တည်တည်ပင် ကွန်ပျူတာ ရှေ့မှ ထ၍ ထွက်ခဲ့ပါ၏ (ကျသင့်သည့် အဖိုးအခပင် မပေးဖြစ်ခဲ့ပါပေ။ အဘယ်ကြောင့်နည်းဟူမူ ကျွန်ုပ်သည် ခဏတာ သုံးရုံဖြင့် ငွေကြေး ပေးစရာ မလိုဟု ယူဆသည့်အလျောက် ကျသင့်သည့် အဖိုးအခအား မပေးပါဘဲ ဆိုင်အတွင်းမှ ထွက်ခဲ့ခြင်း ဖြစ်ပါ၏။ ယခုအချိန်မှ ပြန်လည် တွေးမိသည်မှာ ထိုအချိန်က မိမိ၏ အဖြစ်မှာ ရယ်မောချင်စရာပင် ဖြစ်နေပါတော့၏။)။ ဤတွင် ကျွန်ုပ်၏ စိတ်ထဲ၌ အင်တာနက်ကဖေး ဟူသည် ကွန်ပျူတာများစွာရှိသော ဆိုင်တစ်ဆိုင် ဟူ၍သာ မှတ်သားလိုက်ခဲ့မိပါ၏။
ကျွန်ုပ် ကုမ္ပဏီသို့ စတင်ဝင်ရောက်စဉ်က ကွန်ပျူတာနှင့် ပတ်သက်၍ အသုံးပြုတတ်ပါသော်လည်း အင်တာနက် ဆိုသည်အား သုံးတတ်ဖို့ရန် မဆိုထားဘိ၊ သိပင် မသိခဲ့ပါချေ။ ကျွန်ုပ်အနေဖြင့် အင်တာနက် ဆိုသည်ကို သူငယ်ချင်း တစ်ယောက်၏ ကောင်းမှုဖြင့် အွန်လိုင်းဂိမ်းဆော့ခြင်းဖြင့် စတင် သိကျွမ်းခဲ့ရပါလေ၏။ ယင်းနောက်တွင် Gmail ဆိုသည်ကို သိခွင့် ရခဲ့ပါ၏။ ထိုစဉ်က ကျွန်ုပ်သည် Gmail Account မဖွင့်တတ်၍ အခြားသော သူတစ်ယောက်အား ခ,ယ ကာ ဖွင့်ပေးပါရန် ပြောကြားခဲ့သော်လည်း ထိုသူမှ မသိကျိုးကျွံပြု၍သာ နေခဲ့ပါ၏။ ထို့ကြောင့်ပင် ကျွန်ုပ်သည် အင်တာနက် ဟူသည်ကို စတင် သိခွင့်ရခဲ့သည့် အချိန်မှစ၍ “မင်းလားကွ အင်တာနက်” ဟူ၍ မကျေနပ်သော လူတစ်ယောက်အား စိတ်လိုလက်ရ ရိုက်နှက်သကဲ့သို့ အင်တာနက် ဆိုသည်ကြီးအား အားရပါးရ ကလိခြင်းကို စတင်ခဲ့ပါတော့၏။ ဤသို့ဖြင့်ပင် ကျွန်ုပ်သည် အင်တာနက်နှင့် ရန်သူအဖြစ်မှ မိတ်ဆွေ၊ မိတ်ဆွေ အဖြစ်မှ မိတ်ဆွေကြီး အဖြစ်သို့တိုင် ရောက်ရှိလာခဲ့ရပါလေတော့၏။
အင်တာနက် ဟူသော မိတ်ဆွေကြီး၏ လမ်းညွှန်ချက်အရ ကျွန်ုပ်သည် ဆရာကြီး ဂူဂဲလ်နှင့် ရင်းနှီးခွင့် ရခဲ့၏။ အခြားသော အကျိုး ဖြစ်ထွန်းစေသော စာမျက်နှာများကိုလည်း တွေ့မြင် လေ့လာခွင့် ရခဲ့ပါ၏။ ယခု ဂဇက် ဟူသော ခင်မင်စရာ၊ လေးစားစရာ ကောင်းလှသော လူများ ရှိနေသည့် ရွာကြီးသည်လည်း အင်တာနက် မိတ်ဆွေကြီးမှ လမ်းညွှန်လိုက်သော နေရာဌာန တစ်ခုပင် ဖြစ်ပါလေတော့သတည်း။
+++++++++++++++++++++++
by – မဟာရာဇာ အံစာတုံး
27 comments
surmi
November 18, 2012 at 11:36 pm
ဪ………ကျုပ်ကလည်း အင်တာနက်ဆိုတာ
သမဝါယမဆိုင်က ဆပ်ပြာနဲ ့တွဲပြီး ထုပ်ပေးတဲ ့ ဟာကြီးလို ့ထင်နေတာ
ခုမှပဲ ကွနြ်ပူတာအစုတ်ကြီးမှန်း သိသွားတော ့တယ်
:kwi:
မဟာရာဇာ အံစာတုံး
November 18, 2012 at 11:51 pm
ဦးဆာမိ ခင်ဗျာ
ယခုလို လာရောက် အားပေးတဲ့အတွက် ကျေးဇူး အထူးပါ ခင်ဗျာ။
ကျွန်တော့်တုန်းကတော့ဖြင့် သူများတွေက အင်တာနက် ဆိုတာ ဘာလဲလို့ မေးတိုင်း အင်တာနက် ဆိုတာ ဘာမှ မဟုတ်ပါဘူးကွာ။ ကွန်ပြူတာ ပါပဲလို့ ဖြေခဲ့တာပဲ။ ကိုယ်ကလည်း ကိုယ်သိသလောက် ဖြေရတာကိုးဗျ။ နောက်ပိုင်းမှ ဘာလဲဆိုတာ သိခွင့်ရလာတာပါ။
ချက်ဆို နားခွက်က မီးတောက်တတ်တဲ့ ဦးဆာမိကြီးက အင်တာနက်နဲ့ ပတ်သက်ပြီး ဟောဒီလို နောက်ခဲ့ဖူးတယ်လို့ မှတ်ထားလိုက်မယ်။
“အင်တာနက်ဆိုတာ သမဝါယမဆိုင်က ဆပ်ပြာနဲ့တွဲပြီး ထုပ်ပေးတဲ့ ဟာကြီး” ဆိုပဲ။
aye.kk
November 19, 2012 at 7:40 am
မဟာရာဇာ အံစာတုံးရေ။
အန်တီအနေနဲ ့က…
မိမိ၏ကိုယ်တွေ ့အတွေ ့အကြုံ စစ်မှန်သော စေတနာ ဖြင့် ရေးသားထားလေ့ရှိသည့် စာများသာလျှင် ဖတ်ရှုအားပေးပါ၏။။
ဦးဦးပါလေရာ
November 19, 2012 at 8:32 am
အင်တာနက်ကို မသုံးမိခင်တုန်းကအထိ ကျုပ်ကျင်လည်ရာ ပတ်ဝန်းကျင်ဟာ ကျုပ်အတွက် ဟာသတွေကို အများဆုံးထုတ်ပေးတဲ့အရာပေါ့…။
ဥပမာ ပြင်သစ်စာရေးဆရာလားဘာလားမသိတဲ့ ဆမ်မားဆက်မော်ဂ်န် ဆိုလားဘာလားမသိတဲ့လူကြီးအဖို့ အရာရာကို တစိမ့်စိမ့်ထိုးဖေါက်ကြည့်ပြီး ဟာသအဖြစ် ပုံဖေါ်ခံစားသလိုပေါ့…။
အခု အင်တာနက်ကိုသုံးမိလာတော့ ကျုပ်အဖို့ ထိုင်ရာမထ ဟာသတွေ ခံစားရွှင်မြူးရပါတယ်…။
ဒါလောက်မရီရတဲ့ ဟာသခွေတွေ ဝယ်ကြည့်မိတာတောင်
နောက်ကြောင်းပြန်နှမြောမိသေးတော့……
:kwi:
:harr:
ဦးခင်ခ
November 19, 2012 at 8:40 am
အော် ဂလိုကြောင့် မဟာရာဇာ အံစာတုံး ဖြစ်ချေတော့တာကိုး။
အရင်တုန်းက အင်တာနက်ဆိုတာ မက်လောက်စရာ တစ်ကွက်မရှိ၊ အားနေတဲ့သူတွေအလုပ်ပါ လို့ထင်ခဲ့တာ၊ အင်တာနက်ကလည်း အခုတော့ လူတကာမက်ရပြီပေါ့ ကို မဟာရာဇာအံစာတုံးရေ။
ခိုင်ဇာ
November 19, 2012 at 10:17 am
အင်း။ အံစာတုံးနဲ့ အင်တာနက် ဘယ်လို မိတ်ဆွေတွေ ဖြစ်သွားတယ်ဆိုတာ စိတ်ဝင်စားအောင် ရေးနိုင်ပါပေတယ်။
အစ်မ ထက်တော့ တော်သေးတာပေါ့လေ။ သူငယ်ချင်း ဖွင့်ပေးထားတဲ့ ဂျီမေး ဆိုတာလေးကို ဘယ်လို အသုံးဝင်မှန်းမသိလို့ ၁ နှစ်ကျော်လောက် ပစ်ထားဘူးပါရဲ့။
ခုတော့လည်း အဲဒါတွေ အသုံးဝင်ချက်ကတော့ အရှုပ်လုပ်သူ (အဲ) အလုပ်ရှုပ်သူ တစ်ယောက်ဖြစ်နေတော့တာပါပဲ။
Hnin Hnin
November 19, 2012 at 10:39 am
‘ အင်တာနက် ဝင်၊ ဂဇက်တက်ဖို့ ပြင် ‘ တာကတော့ နေ့တိုင်းအလုပ် ပါပဲလေ… 🙂
Hnin Hnin
November 20, 2012 at 5:53 pm
အိမ်း….နှစ်ကြီးသမားတွေ တွေ့နေရတော့ တို့လည်းအားကျမခံ နှစ်ကြီးသမား တစ်ယောက်ပါ။
(နှစ်ကြီးသမား = အင်တာနက်ကို နှစ်နဲ့ချီပြီး တော်တော်ကြာ သုံးစွဲနေကြသူများ :mrgreen:)
အွန်လိုင်းဝင်တတ်တာတော့ ၁၉၉၆ ခုနှစ်က စတာ….
အဲ့တုန်းကတော့ ဟိုဟာ၊ဒီဟာ ရိုက်ထည့်၊နှိပ်လိုက်တာနဲ့ ဟိုဟာ၊ဒီဟာ screen ပေါ်
ဖျတ်ခနဲ တက်တက်လာတဲ့ ထူးဆန်းတဲ့ မှန်ပြင်ကြီးတစ်ခုပေါ့… 🙂
ကြားထဲမှာ သုံးလိုက်၊မသုံးလိုက်နဲ့ နှစ်တွေချို့တဲ့အခါ ချို့…
၂၀၀၈ ခုနှစ် အိမ်မှာ လိုင်းချိတ်လို်က်တော့မှ နေ့တိုင်း ပယ်ပယ်နယ်နယ်ကို ကလိရတော့
တာတကား… :harr:
Thu Wai
November 19, 2012 at 11:26 am
ဂဇက်တက်ပြီးရင်လဲ မန့်ဖို့ ပွားဖို့ ထပ်ပြီးပြင်ရပါသေးတယ်
မိုချို
November 19, 2012 at 12:02 pm
အံဇာ တုံး ရေ
အစ် မလည်း အင် တာ နက် ဆိုတာ ကြီး ကို လွန်ခဲ့ တဲ့ ၆ နှစ်ကျော် အလုပ် ဝင် မှ စ သုံး ခဲ့ ဖူး တာပဲ။ ဒါတောင် ကိုယ် က သုံး ခွင့် ရတဲ့ နေရာ ကို ရောက် သွားလို့ ။ ကိုယ် နဲ့ အတူ ကျောင်း ပြီး ခဲ့ တဲ့ သူ တွေ နဲ့ ယှဥ ်ရင် အတော်ကြီး ကို နောက် ကျ ခဲ့ တယ်။
အင်တာနက် ၊ အီးမေးလ် ဆို တာ ကြား ဖူး ပေမယ့် ဂျီမေးလ် ကို တော့ အလုပ်ထဲ ရောက်မှ ကြား ဖူး လို့ အီးမေးလ် အပြင် ဂျီမေးလ် ဆိုတာ လဲ ရှိသေးလား လို့ မေး လို့ အထက် လူကြီး က သေချာ ရှင်း ပြ ခဲ့ တာ မှတ် မိသေး တယ်။
စိန်ဗိုက်ဗိုက်
November 19, 2012 at 2:37 pm
အမျှ..အမျှ..သာဓု..သားဓု….အဲ..တရားပွဲနဲ ့မှားသွားတယ်..
ကောင်းလေစွ…ကောင်းလေစွား.
မိုးတိမ်
November 19, 2012 at 3:35 pm
အိမ်သာနက် ဆိုသည်မှာ…ရေနံချေးဝအောင်သုတ်ထားသော ထိုင်မိပါကပြန်မထချင်လောက်အောင် လိပ်ဂေါင်းထွက်မတတ် ကိုးမြို ့ရှင်နတ်နန်းနှင့်ချိတ်ဆက်ထားသော အရာကိုခေါ်ပေသည်ငါ့ရှင်…..
Khaing Khaing
November 19, 2012 at 3:46 pm
ယခု ဂဇက် ဟူသော ခင်မင်စရာ၊ လေးစားစရာ ကောင်းလှသော လူများ ရှိနေသည့် ရွာကြီးသည်လည်း အင်တာနက် မိတ်ဆွေကြီးမှ လမ်းညွှန်လိုက်သော နေရာဌာန တစ်ခုပင် ဖြစ်ပါလေတော့သတည်း။
အဲထဲမှာ တို့အပါအဝင်ပေ့ါလေ …. မောင်မောင်အံတို့ကတော့ အမှန်ကို ပြောတတ်ပ …….
jullies cezer
November 19, 2012 at 3:54 pm
ဒါဆို ကိုအံစာတုုံးက ဟိုကာတွန်းထဲက လူတွေထက်တော့ သာပါတယ်
Internet cafe ထဲသွားပြီး game ဆော့ခဲ့တယ်ဆိုလို့ ။
” မြို့ကလူတွေလေ မရွံမရှာအေ အိမ်သာနက်ထဲက အီးမဲတွေကို
၁ နာရီ ၅၀ဝ ပေးကြည့်တယ်တဲ့တော်” 🙂
Shwe Ei
November 19, 2012 at 5:09 pm
မဟာဘာဂျာရေ အင်တာနက်ဆိုတာ သုံးတတ်ရင်အကျိုးများတာ အမှန်ဘာ။
မသိတာမှန်သမျ Googling လုပ်လိုက် အားလုံးအဆင်ပြေသွားတာဘဲ။
ကျမကတော့ တူးဆွရမှာ ပျင်းသော သိပ်လဲမတူးဆွတတ်သောသူမို့
အင်တာနက်သုံးလာတဲ့ နာရီနဲ့မျှတဲ့ အကျိုးရလဒ် မခံစားရသေးဝူးထင်ပါတယ်။
လုံမလေးမွန်မွန်
November 19, 2012 at 5:19 pm
ညည်းအကြောင်းကလည်း စိတ်ဝင်စားစရာအေ့…(စာများကို လိုရာဆွဲတွေးပြီး မဖတ်ရ..)
ဒါပေမယ့် ညည်းရဲ့ မဟာရာဇာ အံစာတုံး ဆိုတဲ့ နာမည်ကတော့ တော်တော်လေးကို မိုက်ပါတယ်အေ..
ပြီးတော့ ညည်းအကြောင်းထဲမှာ ဂုဏ်ဖော်ထားတာ တစ်ခုမှမရှိတဲ့အတွက် မသူတော် စာရင်း မဝင်ပါကြောင်း… 🙂
ကိုပေါက်(မန္တလေး)
November 19, 2012 at 9:40 pm
ကျနော်ကတော့ အင်တာနက်ဆိုတာကြီးကို 2009 နှစ်ကုန်ခါနီးမှာ စထိတွေ့ပါတယ်။
ဂျီမေး အီးမေးချက်တာင် ဘလောက် ဝက်ဆိုက် ကျနော်အသိ ကလေးတွေတွင်တွင်ပြောနေတာ ကျနော်က
နကန်းတစ်လုံးမှမသိ။
နောက်တော့ အင်တာနက်မှာ မြန်မာလိုရိုက်လို့ရပြီ ဆိုတော့ စိတ်ဝင်စားလာပါတယ်။
အဲတာနဲ့တပည့်တစ်ယောက်ကို သင်ပေးဘို့ တပြည့်ပြန်ခံ
ဥပုဒ်နေ့ဆိုအင်တာနက်ဆိုင်သွား သူ့အတွက်ပါ ဒကာခံ
အသိတစ်ယောက်ကို အကောင့်လုပ်ခိုင်း
(အဲဒီတုန်းက ဒီက အကောင့်လုပ်ရတာခက်တယ် ရှရှားကိုကို တို့ တရုပ်မမ တို့ဘဲလှမ်းလုပ်ခိုင်းရတာ)
အဲဒီမှာ mirc ကို စဝင်တတ်အောင်သင်
မိတ်ဆွေရှာ ပေါက်ကရ ချက်။
နောက်တော့ စာရေးချင်တယ်ပြောတော့ ရေးချင်ရင် ဆိုက်ထဲဝင်ရတယ်ဆိုတော့
ဆိုက်ဆိုတာ နားမလည်ဘူး
အဲဒါနဲ့ သူအပူကပ်တော့ ဆိုက်ရှယ်ဝက်ဆိုက်ဝင်တာတို့ ပိုစ်ရေးတာတို့ပြောပြ
အဲလိုနဲ့ဘဲ အင်တာကြူတို့ အင်တာချွဲတို့ အင်တာချက် တို့လိုင်းထဲကိုရောက်လာပါတယ်။
နာမယ်ကတော့ အလွယ်လေး ငယ်နာမယ်ပေးလိုက်တာပေါ့ မသိသူက လူငယ်လို့ထင်အောင်။
တကယ်လဲ ရည်ရွယ်ချက် အောင်မြင်ပါတယ် ကိုပေါက် ဆိုတော့ လူငယ်လို့ထင်ကြပါတယ်
ချက်တင်မှာ တွေ့တဲ့ အသိလေးတွေက ချစ်ခင်စွာနုတ်ဆက်ကြပါတယ.်
“ဟေ့ကောင် ဘာလုပ်နေတာလဲကွ”
“မင်းဆီက စော်အကောင့်တွေ ငါ့ပေး ငါကြူနေတဲ့ကောင်မ အကောင့်ပေးမယ် မင်းဆက်ကြူလိုက်တော့”
“မောင်လေး ………..မင်းဘာလုပ်နေလဲ”
“ဘာလာယောင်နေတာလဲ နင်နဲ့ငါနဲ့သိလို့လား ဇာတ်လမ်းတွေလာမခင်း နဲ့”
“ဟေ့ ယူ နင်အားလား အားရင် ငါပျင်းလို့ စကားပြောပေးစမ်းပါ”
“ဟေ့ကောင် မင်းမနေ့က ငါခေါ်တာဘာလို့ပြန်မထူးတာလဲ ရင့်တာလား”
” ကိုပေါက် …………..ဘာလုပ်နေတာလဲ ငါအကောင့်ပေးလိုက်မယ်
အက်ပြီး အဲဒီကောင့် ကို ဆဲလိုက်စမ်းကွာ”
“ကိုပေါက် ………………..လူကရော ငပေါက်ဘဲလား”
“ဘာတုံး မအားသေးဘူး လာဟိုင်းမနေနဲ့ ဘစ်ဇိးပြထားတာ နားမလည်ဘူးလား”
“………………………………….”
“………………………………”
ဒါကတော့ 2009 ခုနှစ်က ကိုပေါက် နဲ့ အင်တာနက် မိတ်ဆက်ခြင်းကဏ္ဍလေးပါခင်ဗျာ
ဖေ့သားကြီး မင်းအတွက်တွေ့တော့ တွေ့တယ်။
ဒါပေမယ့် ပေးစားဘို့မိန်းမတော့ မဟုတ်ဘူး ။
ရွာစားကျော်နဲ့မင်းက ဆိုဒ်တူတယ်
ဒီတစ်ခါ မြန်မာလက်ဝှေ့ ပွဲရှိရင်တွဲဆိုင်းတွဲပြီးတင်ပေးမလို့
နို်င်တစ်သိန်းရှုံးခြောက်သောင်းတဲ့ ဘယ်လိုလဲ………………..
မင်းနန္ဓာ
November 19, 2012 at 11:19 pm
ကျနော်က အားပေးဖော် ကြင်နာဖက်ရှိတယ်နော်…
ဗလတူရင်တောင် “ဇ“တော့ တူမှာမဟုတ်.. 😆
အင်တာနက် ဆိုသည်ကြီးအား အားရပါးရ ကလိခြင်းကို စတင်ခဲ့ပြီးသကာလ
ကျန်တဲ့ဟာ ကလိဖို့ အချိန်မရတော့ဘူး ဆိုပါတော့လေ
မင်းနန္ဓာ
November 19, 2012 at 11:20 pm
ကျနော်က အားပေးဖော် ကြင်နာဖက်ရှိတယ်နော်…
ဗလတူရင်တောင် “ဇ“တော့ တူမှာမဟုတ်.. 😆
အင်တာနက် ဆိုသည်ကြီးအား အားရပါးရ ကလိခြင်းကို စတင်ခဲ့ပြီးသကာလ
ကျန်တဲ့ဟာ ကလိဖို့ အချိန်မရတော့ဘူး ဆိုပါတော့ ကိုအံဇာရေ
မောင်ပေ
November 19, 2012 at 9:54 pm
အံစာတုံး
လန်တာဖုံး
ကြံပါကလုုံး
နံဖာထုံး
လျှံလာနှုံး
ဆန်ပြာကြုံး
မှန်ရှာပြုံး
ဖန်တစ်ရာကုန်း
blackchaw
November 20, 2012 at 10:43 am
ခင်စရာ လေးစားစရာကောင်းသည့်လူများရှိနေသည့်ရွာကြီးဆိုရင်တော့
မောင်လေးအဖြေမှန်ပါတယ်ကွယ်…။
ရော့ ၂ ကျပ်…ပေး ၁၆ ကျပ်…ဒါဗျဲ…။
မဟာရာဇာ အံစာတုံး
November 20, 2012 at 1:31 pm
အားလုံးဘဲ ခညာ …
အနော့် အနေနဲ့ အချိန်မီ ရီပလိုင်း မလုပ်နိုင်ခဲ့တဲ့အတွက်
တောင်းပန်ဘာရစေ ခညာ …
(မကျေနပ်ပါက ခဲနှင့် ဝိုင်းထုနိုင်ပါ၏ … )
လာရောက် အားပေးကြသူ၊ ဖတ်ရှုသွားကြသူ အပေါင်းကို
အနော်က ကျေးဇူး အထူး တင်ရှိပါသည် ခင်ညာ …
ချစ်တဲ့ …
အံစာတုံး
pooch
November 20, 2012 at 4:28 pm
မနေ့ကထဲက ရွာဝင်မရလို့ ခဲနဲ့ ရွာပြင်က လှမ်းထုတာ သူငယ်အံပိုစ့်ဆီ ရောက်သွားတယ်ထင်နေတာ ခဲမရောက်သေးဘူးလား ထပ်ထုလိုက်ရမလား
မဟာရာဇာ အံစာတုံး
November 20, 2012 at 4:34 pm
ရောက် … ရောက် ..
ရောက်ဘာဒယ် ခည …
ခေါင်းမှာတောင် အာလူးဖုဂျီးထွက်နေတာ ပျောက်သေးဘာဘူး ခည …
အဟီးးး
•*¨နန်းတော်ရာသူ •*¨
November 20, 2012 at 1:42 pm
ပွင့်လင်းစွာတင်ပြလာတဲ့အူးအူးအန်ဇာဒုံးရဲ့အတွေ့အကြုံလေးတွေကိုနောက်လည်းဖတ်ပြစေရှင်။
ကျွန်မကတော့ကွန်ပျူတာနဲ့ ၂၀၀ဝခုနှစ်မှာရင်းနှီးလာပေမယ့် အင်တာနက်ကိုတော့တို့ရုံ၊ဆိတ်ရုံသာ လက်သရမ်းဖူးပါတယ်။
၂၀၁ဝရောက်မှ မီးကုန်ရမ်းကုန်ကလိဖြစ်ခြင်းပါရယ်။
Mr. MarGa
November 27, 2012 at 5:26 pm
အော် အန်ဇာတုံးဆိုလို့ ဝင်ဖတ်တာ
အင်တာနက်အကြောင်း ရေးထားတာပါလား
ဦးမာဃ ကတော့ အင်တာနက်ကို သင်စရာမလိုဘဲ တတ်လာတာ
နတ်တို့ ရဲ့ တန်ခိုးနဲ့ပေါ့လေ
padauk moe
November 27, 2012 at 9:09 pm
အင်တာနက် အင်တာနက် အဝင်လဲခက် လိုင်းမတက်သော် စောင့်လဲမရ ကြာလည်းမမြန် အော်
ပြန်သာပြန်သည် ပိုက်ဆံလည်းကုန် စိတ်လည်းကုန် နောက်ဆုံးတော့လည်း ဂေဇက်ခုံမှာ မဆုံရပြန်ဘူးပေါ့
ဟီးဟီး……………မြန်မာပြည်က လိုင်းကိုပြောပါတယ်