လူထုအင်အားပြ ပွဲလမ်းများနှင့် အဓမ္မ လုပ်အားပေးစေခိုင်းမှု မြောက်.. မမြောက်
ဒီကိစ္စ ပို့စ်တင် ဆွေးနွေးတာ ကျနော်က လူ့အခွင့်အရေး၊ ဥပဒေရေးရာတွေ သိ တတ် နားလည်လွန်းလို့ရယ်လို့ မဟုတ်ပါ
ကိုယ့်စိတ်ထဲ မရှင်းတာလေးကို ရွာထဲက ကိုယ့်ထက် အသိပညာ ဗဟုသုတ အတွေ့အကြုံ ရှိသူများက ဘယ်လို ပြောပြနိုင်မလဲ သိချင်လို့ မေးတဲ့သဘော အစဆွဲထုတ်ကြည့်တဲ့ သဘောပါဗျ။ (သေချာသိပြီးသွားရင် ချက်ကျလက်ကျ ပြန်ပြောလို့ရအောင်လို့ပေါ့)
သိကြတဲ့ အတိုင်းပဲ.. ကျနော်တို့ နေပြည်တော်ကြီးမှာက မင်းစိုးရာဇာ ပွဲလမ်း အခမ်းအနားတွေကများတာကလား..။ တော်ကြာ ဘုရားပွဲ ထီးတင်ပွဲ၊ ဟိုဟာဖွင့်ပဲ ဒါပိတ်ပွဲနဲ့။ ပြည်ထောင်စုပွဲလည်းပါရ၊ အားကစား လမ်းလျှောက်ပွဲလည်း ပါရပေါ့။ ကျနော်တို့ခမျာလည်း သူ့ဆန်စား ရဲရတဲ့သူတွေဆိုတော့ကာ တစ်ရုံးကို အင်အား ၅၀၊ ၁၀ဝ ဆိုတာမျိုး တောင်းတတ်လေတော့ကာ ပါရပြီပေါ့။ ၂၀၁၃ မှာ အိမ်ရှင်အဖြစ် လက်ခံပြုလုပ်မယ့် SEA Games ဖွင့်ပွဲ အကြိုဇာတ်တိုက်ကြတဲ့နေ့ဟာ နောက်ဆုံးအခေါက်။ လာဦးမယ်.. ဒီဇင်ဘာလကျရင်။ စနေနေ့ မနက်တိုင်း စုပေါင်း လမ်းလျှောက်ပွဲဆိုပြီးတော့။ ကျန်တဲ့ နေ့တွေမှာ အားကစားလုပ်လားမလုပ်လား မသိနိုင်တဲ့ လူကြီးမင်းတွေ ( ဂေါက်ကွင်းတော့ ရောက်ချင်ရောက်မှာပေါ့ဗျာ၊ သူရို့ ဖက်ရှင်ကိုးဗျ) အဲ့လိုနေ့ မနက် ၅ နာရီ လူထုနဲ့ ပေါင်းပြီးလမ်းလျှောက်တာလေ။ တစ်ရုံးဘယ်နှစ်ယောက်လို့ ကျနော်တို့လို အင်းအားပြတွေကတော့ မနက် ချမ်းချမ်းစီးစီး ၄နာရီလောက်ကတည်းက အဆောင်ကထွက်ပြီး သူတို့လာရင် အဆင်သင့် ဖြစ်အောင် စောင့်ကြရတာကလား..။ အေးပေါ့ဗျာ သူ့ဆန်စားမိပေတာကိုးဗျ။ ဒါက ဝန်ထမ်းတွေ ကြုံရတာ တစ်ခုပေါ့။
ပြီးခဲ့တဲ့ စနေနေ့က ချန်နယ်ဆဲဗင်းကလွှင့်တဲ့ မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်းကြီးနဲ့ ဂျပန်ကလပ် အိုကာယာမာတို့ ခြေစမ်းပွဲကို ကြည့်မိတော့ အစီအစဉ်ကြေငြာသူ အသံနောက်မှာ ခပ်တိုးတိုး ကြားရတာ။ အိုကာယာမာ အိုကာယာမာလို့ အော်တယ်ထင်တာပဲ .. ကလေးတွေအော်နေတဲ့ အသံလေ။ အားပေးတဲ့အသံထွက်အောင် တမင်ခေါ်ပြီး အော်ခိုင်းတာ နေမှာပါ။ ပြိုင်ပွဲတွေမှာ အိုးစည် ဗုံမောင်းနဲ့ ကိုယ့်အသင်း အားရှိအောင် တီးမှုတ်တဲ့သူတွေ အခပေးငှားပြီး အားပေးတာရှိပါတယ်.. အဲဒါမျိုးဆို မပြောလို။ ခုဟာက (သေချာသလောက်ပါပဲ) ကျောင်းသားအရွယ် ကလေးတွေကို တနေရာ တကျောင်းကျောင်းက ခေါ်ပြီး သက်သက် အော်ခိုင်းတာနေမှာပါ။ အဲဒီနေ့ကတည်းက ဘောပွဲကြည့်ရင်း စိတ်ထဲမှာ ကလိကလိနေတာ။
ဟော.. ဒီနေ့ အမေရိကန် သမ္မတ အိုဘားမားရဲ့ သမိုင်းတွင်မယ့် မြန်မာပြည် ခရီးစဉ်မှာ ကြိုဆိုကြတော့ အထက်ပါ အဖြစ်မျိုးတွေ့ပြန်ပါပြီ။
ရန်ကုန်အစိုးရ လူမှုရေးဝန်ကြီးဆိုသူက လမ်းဘေးဝဲယာက ကြိုဆိုနှုတ်ဆက်နေတဲ့ ကျောင်းသားလေးတွေကို “အမေရိကန်သမ္မတကြီး ကျန်းမာပါစေ၊ မြန်မာ-အမေရိကန် ချစ်ကြည်ရေး ခိုင်မြဲပါစေ”ဆိုတဲ့ ကြွေးကြော်သံတွေကို လိုက်အော်ခိုင်းနေတာလို့ ကိုဥက္ကာကိုကိုရဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အထက်ပါပုံမှာ ရေးထားပါတယ်။ ကလေးတွေကို ပြောနေတာ… “အော်… အော်.. ကျယ်ကျယ်အော်… နိုင်ငံတော်သီချင်းဆိုသလို ကျယ်ကျယ်အော်” တဲ့ဗျား (ဒါမျိုး တလောက ကျနော်တို့ သမ္မတကြီး အပြန်မှာ ပူညံညံ ကြားခဲ့ရသေးတယ်နော်)
ဖွတာတော့ မဟုတ်ဘူးပေါ့နော်။ လွတ်လပ်ပွင့်လင်းတဲ့ ရွှေပြည်ကြီးအဖြစ် ပြောင်းလဲလာတာ မကြာသေးတော့ ကျနော့်အနေနဲ့ ဒီမိုကရေစီပါး မဝသေးဘူးပြောပါတော့ဗျာ။ အဲဒီ စကားလုံးကြီး ထည့်ထည့်ပြောရတာတောင် လျှာယားသလိုလို ဘာလိုလိုကြီး။ ဒီကိစ္စနဲ့ ပက်သက်ပြီးတော့ကာ (ခရက်ဒစ် တူ ကောလိပ်ဂျင်နေဝင်း) ဒီမိုကရေစီ စံနှုန်းတွေနဲ့မဟုတ်တောင် လူ့အခွင့်အရေး အလုပ်သမားအခွင့်အရေးတွေနဲ့ ညီမညီ၊ ဥပဒေနဲ့ ကိုက်မကိုက် ပြောပြပေးကြပါအုံးလို့ ကျနော်တွေးမိတဲ့ အစတစ်စ သဘောရိုးနဲ့ ဆွဲထုတ်လို့ ပြလိုက်မိပါကြောင်း.။
13 comments
သကြားလုုံးကြော်
November 20, 2012 at 2:11 am
အခုုပုုံလေးတွေ့ မှပဲ ငယ်ငယ်တုုန်းက ကျောင်းမှာ ဟိုုအင်အားပြပွဲသွားရ၊ ဒီအင်အားပြပွဲသွားရတာ အခုုမှ သတိရတော့တယ်။ ဟိုုတုုန်းကတော့ စာသင်ချိန်မှာ စာသင်ခန်းထဲမနေရဘဲ လမ်းသလားရရင် အကုုန်ကောင်းတာမိုု့ စဉ်းတောင်မစဉ်းစားမိဘူး။
မင်းနန္ဓာ
November 20, 2012 at 9:26 am
ငယ်တုန်းက ခံစားချက်လေးတွေကလည်း တမျိုးပေါ့နော်..
ကျောင်းခန်းထဲက စာသင်ချိန်တွေ သင်ခန်းစာတွေနဲ့ မွန်းကြပ်နေရာက အပြင်ကို သူငယ်ချင်းတွေနဲ့ ထွက်ရမယ်ဆိုတော့ ပျော်ခဲ့ကြတာပေါ့.. ကျနော်တို့လည်း အဲလို အတူတူပါပဲ.. ပျော်ခဲ့ဖူးတယ်
ခုလို တိုက်ပုံတွေ ဘာတွေနဲ့ လုံခြုံရေးတွေ စောင့်ကြည့်တာတွေတော့ မပါဘူးပေါ့.. 🙂
kai
November 20, 2012 at 5:53 am
အဲဒီသွားတဲ့သူ..ဆိုင်ရာတဦးချင်းစီအပေါ်မှာ မူတည်မယ်ထင်ပါတယ်..။
ကြောက်လု့ိသွားသွား.. ဖားချင်လို့ပဲသွားသွား.. ပျော်လို့သွားသွား.. သွားလိုက်ပါရင်.. အဓမ္မလုပ်အားပေးလိုက်ရတယ် ..ပြောလို့မရပါ..
သင့်မှာ ငြင်းချင်ရင်.. ငြင်းဆိုခွင့်ရှိရပါမယ်..။
ကိုယ့်ကိုယ်ပိုင်အခွင့်အရေးဖြစ်တဲ့.”.ငြင်းချင်လျှက်နဲ့.. ငြင်းရမှာကို ကြောက်”နေရင်တော့.. မငြင်းပဲသွားလိုက်ရင်တေ့ာ.. အဓမ္မမဖြစ်တော့ဘူး..ယူဆမိပါတယ်..။
“Freedom from Fear” အကြောက်တရားကလွတ်မြောက်အောင် အရင်လုပ်ပါပြောရမှာပါပဲ..
ငြင်းဆိုခွင့်ရှိလို့ ကိုယ်က ငြင်းတာကို.. သူက.. အတင်းသွားခိုင်း.. လုပ်ခိုင်းနေရင်.. အဓမ္မဖြစ်ပါပြီထင်ပါကြောင်း.. :harr:
မင်းနန္ဓာ
November 20, 2012 at 9:38 am
အန်တီစု နေပြည်တော်မှာ မဲဆွယ်တုန်းက ပြောဖူးတယ်နော်… အစိုးရဝန်ထမ်းတွေလည်း နည်းလမ်းမကျဘဲခိုင်းခံရရင် ငြင်းရဲရမယ်တဲ့..
နှစ် ၅ဝ ကျော် တစ်ပါတီစနစ် စစ်အုပ်ချုပ်ရေးစနစ်က ပုံသွင်းထားတဲ့ ခေါက်ရိုးက ကျနော်တို့တတွေ ပြေအောင် မလုပ်နိုင် လုပ်ဖို့အမြင်မကျယ်ကြသေးတာပါပဲ..
ကြောက်လို့တော့မဟုတ် တခါတလေကျ ရုံးဖင်ထိုင်ခုံပေါ်က လွတ် ပြီးရောဆို လိုက်ခဲ့တာပဲ.. ပိတ်ရက်တွေ အိပ်ချိန်တွေ ပါသွားတဲ့အခါကျ စိတ်ညစ်ရရောဗျို့..
နောက်တစ်ခါ ပွဲရှိရင် ငြင်းကြည့်ဦးမယ်ဗျာ.. ငြင်းမရဘူးဆိုရင်တော့ အဓမ္မခိုင်းစေမှု မြောက်ပြီပေါ့
နော.. သူကြီး
jullies cezer
November 20, 2012 at 9:47 am
စိတ်ပါလို့သွားရတာလား စိတ်မပါပဲသွားရတာလားဆိုတာ အမူအရာတွေ
ကြည့်ရင်သိသာပါတယ် အခုက ကလေးတွေပဲမြင်တာကို လူကြီးတွေလည်း
ဘာမှမစေခိုင်းပဲလာကြိုတဲ့သူတွေလဲရှိပါတယ် ……..
မင်းနန္ဓာ
November 20, 2012 at 11:16 am
ဟုတ်ပါတယ် ဂျူးလီးယက်ခင်ဗျာ
ကျနော် ပြောချင်တာက အိုဘားမားကို လာကြိုသူတွေ စိတ်ပါလား မပါလား ဆိုတာထက်
မင်းခမ်းမင်းနားဆို တစ်အိမ်တစ်ယောက်၊ တစ်ရုံး ဘယ်နှစ်ယောက် တစ်ကျောင်း ဘယ်နှစ်ဦး စသဖြင့် လူအင်အားတောင်းတတ်တာကို ပြောချင်တာပါ..
အိုဘားမားကြီး နေပြည်တော် မလာလို့ပါဗျာ.. သူလာမယ်ဆို ရုံးက ခွင့်ယူပြီးတော့ကို သွားကြိုအုံးမယ် စိတ်ကူးထားတာဗျ.. 🙂
စိန်ဗိုက်ဗိုက်
November 20, 2012 at 11:27 am
နန်းခင်ဇယာလေး အကြပ်ကိုင် အဖြေတောင်းရင် ငြင်းပလိုက်မယ်နော့
၁ရား စွဲလို ့မရဘူးမှတ်လား…ပြီးရော..
ရွာစားရေ…
ဟိုကျောင်းသူလေး တိုးတိုးလေးပြောသလို အူးလေးတို ့ဘာသာ အော်ပါလားလို ့ပြောသလို
အူးလေးတို ့ဘာသာ သွားပြပါလားလို ့ ပေါလိုက်ပေါ့
မင်းနန္ဓာ
November 20, 2012 at 12:46 pm
နန်းခင်ဇေယျာလေးက သဘောကျလို့ အကြပ်ကိုင် အဖြေတောင်းမယ်ဆိုရင်လား ကဗိုက်ရယ်
ကျုပ်ဖြင့်လေ ငြင်းနိုင်စရာ အင်အား ရှိပါ့မလား မသိပေါင်ဗျာ အဟွင့် အဟွင့်
နောက်တခါ အင်အားပြခေါ်လို့ကတော့ ပြင်ထားတယ် ငြင်း အုံး မှာ..
မောင်ပေ
November 20, 2012 at 12:00 pm
ဖြစ်စေချင်တာကတော့ လူထုတင်မက ကျောင်းသားလေးတွေကပါ လှိုက်လှိုက်လှဲလှဲ ဝမ်းသာပျော်ရွှင်စွာ ကြိုဆိုကြတယ်ပေါ့လေ….
ကျုပ်စိတ်ကူးကတော့
မတိုင်ခင် တစ်နိုင်ငံလုံး ထွက်သမျှ သတင်းစာ ၊ ဂျာနယ်တွေမှာ .. ဒီနေ ့ဒီရက် အမေရိကန်သမ္မတကြီး လာမယ် ၊ ဒီလမ်းကြောကနေသွားမယ် ၊ ကြိုဆိုချင်တဲ့သူတွေ ၊ ဘာအရောင် ဘယ်အရောင် ဝတ်လာပြီး ၊ သည်လမ်းကြောဘေးတွေမှာ စနစ်တကျ စည်းကမ်းတကျ လာပြီး ကြိုဆိုနိုင်ပါတယ် လို ့ ကမ်းလှမ်းစေချင်တာပါပဲ ၊ ဗယုတ်တော့ မကျရဘူးပေါ့ ။ ကိုယ့်ဆန္ဒနဲ ့ကိုယ်ပေါ့
မင်းနန္ဓာ
November 20, 2012 at 1:15 pm
ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကိုယ့်ဆန္ဒနဲ့ကိုယ် လာချင်လို့လာသူတွေ (အန်တီစုတရားပွဲသို့) နဲ့ လာခိုင်းလို့၊ မက်လုံးပေးခေါ်လို့ လာကြတဲ့ ပွဲတွေ (ပါတီကြီးတစ်ခုက ထမင်းလည်းကျွေး၊ နေ့စားခ ၅၀၀ဝ လည်း ပေးသတဲ့) အကြောင်း မျက်မြင်တွေ့ သိခဲ့ရကြောင်းပါ..
အားလုံး လှိုက်လှိုက်လှဲလှဲ ဝမ်းသာပျော်ရွှင်စွာ ကိုယ့်ဆန္ဒနဲ့ကိုယ် လုပ်ကြတာပဲ အကောင်းဆုံးပေါ့ ကပေရေ
မိုချို
November 21, 2012 at 1:47 pm
အဓမ္မ လုပ်အားပေးစေခိုင်းမှု မြောက်တာ မမြောက်တာတွေ အကြီး ကြီး မတွေး ချင် ဘူး။
ကလေးတွေ အဲ လို လာ ကြို ရတာ ပျော် မယ် ထင် တာ ပဲ။ ကိုယ်တွေ ငယ်ငယ် နယ် မှာနေ တုန်း က ဗိုလ်ချုပ် တင် ဦး ( ရယတ် ယာဉ် ပျက် သေသွား သူ) ကို ကျောင်း က ပန်း ပွား အဖွဲ့ အနေ နဲ့ သွား ကြို ရတော့ ကလေး ပီပီ စာမသင် ပဲ သူ ငယ်ချင်းတွေ နဲ့ သွား နေ ရလို့ ပျော် တာ ပေါ့ ။
နေ ပြည်တော် ဝန်ထမ်း ဘဝ ဒီဇင် ဘာ လမ်း လျှောက် လည်း အဲ လို ပဲ ၊ ရုံး ကား ကြီး နဲ့ စု ပြီး မြို့ မဈေး ကို သွား ၊ ကိုယ့် ဌာ န ဆိုင်း ဘုတ် နောက် မှာ လူ ကြီး တွေ နဲ့ ဝေးဝေး နောက် နား လောက် က နေ ၊ ပြီးတော့ သူငယ်ချင်းတွေ နဲ့ အာလူးတွေ ပေး ပြီး သက်သက် သာသာ ပဲ လျောက် ၊ လျောက်ရင်း နောက် ချန် နေခဲ့ ပြီး မိန်း ကလေး ဆောင်တွေ ဘက် တတ်တဲ့ လမ်း ဆုံ လောက် ရောက် တော့ အသာ လှည့် ပြန်၊ မြို့ မဈေး စောစော ခင်းတဲ့ ဈေး သည် တွေ ဆီ က ဈေး ဝယ် ၊ စားသောက် ၊ ပြီးတော့ ရုံး က ပြန် ပို့ တဲ့ ကား နဲ့ ပြန်လိုက် ၊ ပျော် စရာ ကြီး ပါ ။ ရွဲ့ ပြော တာ မဟုတ်၊ တကယ် ပျော် တာ။ အပေါ် က သဂျီး ပြော သလို ခံ ယူတဲ့ သူနဲ့ ဆိုင် ပါမယ်။ တချို့ လည်း တော်တော်စိတ် ညစ်ကြ တာ တွေ့ တယ်။ ကိုယ် ကတော့ နေပြည်တော် ရောက်ကာ စ က အတော် ကြီး စိတ် ညစ် ပြီး ပြီ ဆိုတော့ ၊ လမ်းလျောက် တာတွေ ၊ ဘာတွေ စတဲ့ အချိန် မှာ ပျော်နေ ပြီ။
အဲ…..အကယ် ဒမီ လို ဟာ မျိုး ကျတော့ သိတောင် မသိ လိုက် ရဘူး။
တော် လှန် ရေး နေ့ တစ်ခု ကတော့ မှတ်မှတ် ရရပဲ။ မိန်းမလှ လေးတွေ ပဲ ရွေး ပြီး ခေါ် တာ(ကိုယ်က တော့ အဘွား ကြီး ဆိုတော့ မပါပါဘူး) ။ တရက် ထဲ လည်းမဟုတ် ၊ ရီ ဟာ ဇယ်တွေ လည်း သွား ကြ ရ တယ်။ မတ်ချ် လဆိုတော့ နေ့ ပူ ညချမ်း၊ ည ကြီး သန်းခေါင် ချမ်းချမ်း စီးစီး ထဲ သွားစောင့် ၊နေ့ ဘက် ကျ တော့ နေထွက် တာနဲ့ ပူ ။ ပြန်လာတော့ မိန်း ကလေး တစ်ယောက် အပြင်း ဖျား ပြီး နောက်နေ့ ကျ သေ ရော။
မင်းနန္ဓာ
November 21, 2012 at 10:15 pm
အသေအပျောက် ကိစ္စကြောင့်ထင်ရဲ့ဗျ တပ်မတော်နေ့ အခမ်းအနားကို နေပြည်တော် ပြောင်းလုပ်ပြီး ၂ နှစ်လောက်ရှိပဲ နောက် ရုံးတွေက မခေါ်တော့ဘူး.. ဝေးလည်းဝေးတာကိုး
တခြားပွဲတွေတော့ အင်အားပြနေရတုန်းပဲဗျ.. ရေဘူးမယူရ စားစရာမယူရ နာရီ ဖုန်း ထားခဲ့ လုပ်သေး
ဒါနဲ့
အမှတ်တရ ဒီဇင်ဘာကျ နေပြည်တော်လာပြီး လမ်းလျှောက်လှဲ့ပါအုံးလား.. မမိုချို
မိုချို
November 22, 2012 at 7:32 pm
မင်းနန္ဓာ ဆို တာ ကို ရွာ စား ကျော်နာမည် ပြောင်း ထား မှန်း ခု မှ သိတယ်။ ပြော မှ နေပြည် တော် တောင် ပြန် လွမ်း လာ ပြီ ။
တပ်မတော်နေ့ မခေါ် တော့ ဘူး လား ။ တချို့ ကောင် မလေး တွေ ကတော့ ဇာတ်လမ်း များ ရ မလား လို့ ထင် ပါရဲ့၊ သွား ချင် ကြတယ် ။ ရုံး က သေ သွားတဲ့ ကောင် မလေး ချောချော လေး အတွက် သူ့ မိဘ က တော့ရင် ကျိုး မှာသေချာတယ်။