“လက်ဆုပ်လက်ကိုင်”

 


 (၁)

မျှော်လင့်ချက့်နဲ့ အသက်ရှင်နေကြတဲ့ လူဖြစ်နေလို့ ခက်နေတာပဲဖြစ်မယ်။ အေးအေးလူလူ မနေနိုင်တဲ့လူတွေ အထဲမှာ ဒေါ်မြရင်က ထိပ်ဆုံးကပါတယ်ဆိုရင် မမှားနိုင်ဘူး။ နေ့နေ့ညည မအိပ်နိုင်ပဲ စား၊ ဝတ်၊နေ ရေးဆိုတဲ့ နွံထဲကနေ ရုန်းထွက်ဖို့ပဲ စားလည်းဒီစိတ်၊ သွားလည်း ဒီစိတ်ဖြစ်ခဲ့ရတာ ကြာလှပေါ့။ အိမ်ဦးခန်းမှာ ထိုင်နေတော်မူတဲ့ အိမ်ဦးနတ်ကြီးကလည်း ပူဇော်ပသခံဖို့ပဲ ဟောဒီ အိမ်ကြီးကိုရောက်လာရသလို အခန့်သား အငြိမ့်သား နေတော်မူလို့။ နေ့ရှိသ၍ အိမ်သူဇနီးမယားက ဆူပူစောင်းမြောင်းပြောဆိုနေတာကိုလည်း ကျွဲပါး စောင်းတီးသလို တုတ်တုတ်ကိုလှုပ်တာမဟုတ်။ ရေခဲတုံးကြီး ဖင်ခုထိုင်ရသလို အေးတိအေးစက်ကြီးမို့ ဒေါ်မြရင်ခမျာ ခုတော့ တည်မိတဲ့ ဘုရား လင်းတပဲနားနားဆိုတဲ့အတိုင်း မမြင်သလိုနေလိုက်ရတာ ကာလအတော်ကြာပေါ့။

လင်တော်မောင်အပါအဝင် သားသမီးသုံးယောက်ရဲ့ နေရေး၊စားရေး၊ ဝတ်ရေးတွေ ဒေါ်မြရင် ပခုံးပေါ်ကို ပြောင်းထမ်းလိုက်ရကတည်းက ဆူဆူပူပူ လုပ်တတ်လာတာ ကိုတော့ အပြစ်လို့လည်း မြင်လို့မရနိုင်ပြန်ဘူး။ မိန်းမတွေဟာ ပူပန်မှုတွေနဲ့နပန်းလုံးနေတဲ့သူလို့ ဒေါ်မြရင်ယောကျာ်း ဦးလှဆောင်က အမြဲပြောသော်ငြား ဝတ္တရားမပြတ်ပြောနိုင်မှသာ တော်ကာကျမယ်လို့ ဒေါ်မြရင်က တွေးရှာသလားတော့ မပြောတတ်။ ဟောဒီခြံကြီးထဲကို ရောက်ကတည်းက လင်တော်မောင်တစ်ယောက် သုံးမရတော့တာကို သိနေပေမယ့် တစ်နေ့ အသုံးကျနိုးနဲ့မျှော်ခဲ့ရတာ။ လင်တော်မောင် ဦးလှဆောင် တစ်ယောက် ကြိုးစားလှပါချည်ရဲ့ဆိုတာ ဘယ်တုန်းကလဲလို့မေးရမလိုလို။ ဒေါ်မြင်ရင်နဲ့ ဦးလှဆောင် ညားခါစကများ စံနမူနာ ထားရမယ့် စံပြ လင်မယားရယ်လို့ ရွာမှာတုန်းက နာမည်ကြီးခဲ့တာ။ ခုလက်ရှိနေတဲ့ ခြံကြီးဆိုတာကလည်း စိုင်ကော်လို့ချူံပေါ်ရောက်ရသလိုမျိုးရောက်လာခဲ့ရတာ မှန်ပေမယ့် ဦးလှဆောင် ကြိုးစားခဲ့လို့ ရိုးသားခဲ့လို့ဆိုတာ ဘယ်သူမှငြင်းမရသလို ဒေါ်မြရင်လည်း ငြင်းမရနိုင်ဘူးဆိုတာတော့ သေချာတယ်။

ခုတော့လည်း ယုံရခက်ကြီးပါတော်လို့ ဒေါ်မြရင်က အရပ်ကို ဆော်ဩပြီးပြောပြလိုက်ချင်တာ။ ခြံကြီးရှင်တွေဆိုတာ ဘုရားစူးမိုးကြိုးပစ် ကျေးဇူးရှင် စစ်စစ်ကြီးတွေပါ။ ခြံကြီးရှင်တွေရဲ့ ကျေးဇူးတော် အနန္တဘယ်လောက်ကြီးခဲ့သလဲဆိုရင် ဒေါ်မြရင်က မိဘနဲ့တကိုင်းထဲကိုထားပြီး ညတိုင်းရှိခိုးအိပ်လာခဲ့တာပါ။ ဟောဒီခြံကြီးထဲမှာ နေရစ်ခဲ့ကြဆိုပြီး ပြောင်းသွားလိုက်ကြတာ ခုထက်ထိ ဖုန်းဆက်ရုံကလွဲလို့ ပြန်ဇောင်းမကြည့်ဘူး။

“ဒီခြံကြီးကို ဦးလှဆောင် တို့လင်မယားကိုယုံကြည်လို့ အပ်ခဲ့ပါရစေ။ စောင့်ရှောက်ပေးထားပါ။ လခလည်းပေးပါ့မယ်..။ ”

ဆိုပြီး ဦးလှဆောင် ကိုအပ်လိုက်ကတည်းက အချိုးတွေပြောင်းသွားခဲ့တာလို့ပဲ ဒေါ်မြရင် ထင်မိတယ်။ ၄ ဧက လောက်ကျယ်တဲ့ခြံကြီးထဲမှာ သီးပင်စားပင်တွေစိုက် ရောင်းစားခဲ့ရတာနဲ့ပင် ခြံကြီးရှင်တို့ပြောင်းစ ကာလတွေတုန်းက အူစိုခဲ့တယ်ဆိုတာ မှန်ပါတယ်။ အဲဒီတုန်းက သားသမီးတွေကလည်း ငယ်သေးတာကို။ ဖူဖူလုံလုံလောက်လောက်ငင ရှိခဲ့တာလည်း မပြောနဲ့။ဆွေမျိုးတသိုက်သွားချည်ပြန်ချည်နဲ့ အသွား ဗလာသက်သက် အပြန်အထုပ်ရွက် မတ်တပ်ဆိုတာလို ပိုလျှံခဲ့တာပေါ့။

(၂)

ခုတော့ သားသမီးတွေ အရွယ်ရောက် လှချင်ပချင်စိတ်တွေဖြစ်လာတဲ့ လူပျိုပေါက်အရွယ် အပျိုပေါက်အရွယ်ကိုရောက်လာပြီဆိုတော့ တစ်နေ့ရ တစ်နေ့ကုန်တယ်လို့ပြောရင်ကို ရနေပြီ။

တစ်နှစ်တစ်နှစ် သားသမီးတွေရဲ့ ကျောင်းစရိတ်က နင့်နင့်နည်းနည်း။ ဦးလှဆောင် ကလည်း အစကတော့ ဟုတ်တော့မလိုနဲ့ ခုတော့ ဒေါ်မြရင်ပဲ အိမ်ရှိ အပူတွေ ခေါင်းစီးရွက်လာခဲ့ရပြီ။ မိန်းမသားဆိုတာကလည်း အားရှိသလောက်ပဲ ရုန်းနိုင်တာကလား။ ပင်ပန်းမှုတွေ ခံစားလာရတာနဲ့အမျှ ယောကျာ်းဖြစ်သူကို ဆူဆူပူပူရှိလာရတော့တာပါ။

” ကိုလှဆောင် တော်နေပဲနေနိုင်လွန်း ၊ ရှင့်ကို ခြံစောင့်သက်သက်ထားခဲ့တယ်ဆိုတာတော့မှန်ပါတယ် တော့်ဟာ ကလွန်လာပြီထင်တယ် ကျုပ်ဘက်ကိုလည်း ငဲ့စောင်းကြည့်ပါဦး။”

“ဟ ငါက ဘာလုပ်နေလို့လဲ ”

“ဪ တော့်နှယ် ဟိုတုန်းကလို နှစ်ကိုယ်တည်း သားတွေ သမီးကလည်း ငယ်တော့တာမဟုတ်ဘူး အရွယ်ရောက်ကုန်ပြီရှင့် သိရဲ့လား”

“အဲဒါ ဘာလုပ်ရမှာလဲကွ ”

“တော့်ကို စကားပြောရတာ ကျွဲပါး စောင်းတီးရသလိုပဲ ဒီမယ် ရှင် အလုပ်မလုပ်တော့ဘူးလား ကျုပ်တော့ သားသမီးတွေအတွက် ကျုပ်တို့ အိမ်ပိုင်ခြံပိုင်ဖို့အတွက် နေ့တိုင်းတွေးပူနေရတယ် အဲဒါရှင်သိရဲ့လား”

“မြရင်ရယ် ခက်ပါကော မင်းနှယ်ပူစရာမရှိ ကြံဖန်ပူရတယ်လို့ပဲ ဟောဒီခြံကြီးရှိနေတာပဲ အိမ်ပိုင် ခြံပိုင်ဖို့အတွက် မင်းမို့ ပေါက်ပေါက်ရှာရှာပူပန်တတ်တယ် မင်းပူချင်းပူ မင့် သားသမီးတွေအတွက်သာ ပူစမ်းပါ”

ဦးလှဆောင် ရဲ့ စကားကိုကြားလိုက်ရတော့ ဒေါ်မြရင် ခမျာ ဟက်ဟက်ပက်ပက်ရယ်ရှာတယ်။

“တော့်နှယ်တော် ရူးပါ့ ကိုလှဆောင် ရယ် သူများပစ္စည်းကိုယ့် ပစ္စည်းရယ်လို့ တော် ပြစ်မှားရှာနေပြီကို…တော် မတော်လောဘတွေ တက်နေပြီဆိုတာ ကိုယ့်ကိုကိုယ်ရောသိရဲ့လား…တော့် စိတ်ထဲများ တစ်နေ့ ဒီခြံကြီး ငါတို့အပိုင်စားရမှာပါလေဆိုပြီး ဘာမှမလုပ်တော့တာကို ဒီနေ့မှပဲ ကျုပ်ဖြင့်  အရှင်းကြီး သိရတော့တယ် ကိုလှဆောင် ရယ်။ ကျုပ်လို မိန်းမသားတစ်ယောက်ကတောင် ဒီလိုမတွေးတတ်ခဲ့ဘူး။”

“ဟ နေလာတာပဲကြာလှပြီ ခုကြည့် သူတို့ လာကြည့်ဖော်ရသလား၊ ဖုန်းလေးဆက်ရုံကလွဲလို့ သူတို့ခြံကို ကိုယ်တိုင်လာမကြည့်တာပဲ နှစ်နှစ်ဆယ်ကျော်နေပြီ။ ပတ်ဝန်းကျင်မှာလည်း ဒီခြံဟာ ငါတို့ခြံလို့ပဲ သိထားကြတော့တာ..။ အချိန်တန်ရင်တော့ ဒီခြံကြီးဟာ တို့ပိုင်လာမှာပါကွာ မင်းတွေးပူမနေစမ်းပါနဲ့”

ဦးလှဆောင် ရဲ့စကားတွေကိုကြားလိုက်ရတော့ ဒေါ်မြရင် သက်ပြင်းကလေး ခိုးချဖြစ်တယ်။ လက်ဆုပ်လက်ကိုင်မရှိတဲ့ဘဝမှာ လေထဲ တိုက်ဆောက်ဖို့ ဦးလှဆောင် စဉ်းစားနေရော့သလားလို့လည်း တွေးမိတယ်။ ကိုယ့်ဆီမှာမရှိတဲ့ဟာကို ကိုယ့်ပစ္စည်းဖြစ်လာအောင်တွေးယူနေတဲ့ ဦးလှဆောင် ရဲ့ စိတ်ကိုလည်း အံ့ဩတယ်။ ရိုးသားကြိုးစားခဲ့တဲ့ ဦးလှဆောင် ရဲ့ စိတ်သဏ္ဍာန်မှာ မတော်လောဘစိတ်တွေ ဖုံးလွှမ်းနေပြီထင်ပါရဲ့လို့ တွေးမိလိုက်ပြန်ပါသေးတယ်။

 

(၃)

ဒီခြံကြီးထဲမှာ နေလာစဉ်တစ်လျှောက်လုံး ခြံကြီးထဲက ကိုယ်ပစ္စည်းမဟုတ်ရင် အမှိုက်တစ်စကိုတောင် ဒေါ်မြရင်က မျက်နှာလွဲ ခဲပစ်မလုပ်ခဲ့ဘူး။

ဟောဒီ ့ခြံကြီးတစ်ခုလုံးကို ယုံမှတ်လို့ ပုံအပ်ခဲ့တယ်ဆိုတာ သေချာပေမယ့်လည်း မသိနိုးနားစိတ်နဲ့ ငါ့ခြံများဖြစ်လိုက်ရင် ဘယ်လောက်ကောင်းမလဲဆိုတဲ့ စိတ်နဲ့လည်း မပြစ်မှားခဲ့ဘူး.။ ကိုယ့်ရှိတဲ့ အင်အားလေးနဲ့ ကိုလှဆောင် အလုပ်မလုပ်တော့သော်ငြား သီးပင် စားပင်လေးကို တစ်ပိုင်တစ်နိုင်စိုက်ပြီး အေးအေးလူလူနေခဲ့တာ။

လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေ ဆိုတဲ့အတိုင်း သားသမီးတွေကြီးလာတော့လည်း လူတစ်လုံး သူတစ်လုံးဖြစ်စေဖို့၊ အများတန်းတူ နေနိုင်ဖို့ဆိုတဲ့စိတ်နဲ့ ပူပန်လာရတော့တာလည်း မပြောနဲ့။ စိုးရိမ်ပူပန်မှုဆိုတာ မိန်းမသားတွေအတွက်တော့ မွေးကတည်းကပါလာတဲ့ ဖွားဘက်တော်လို့တောင်ပြောလို့ရပါတယ်။ မီးဖိုချောင်ထဲ ဆန်အိုးထဲ ဆန်လျှော့နေတာကအစ ဟောဒီအိမ်မှာ ဒေါ်မြရင် ပူရတာလည်း မဆန်းပါဘူး။ ခုမှ ဦးလှဆောင် ရဲ့စိတ်ကို အတိုင်းသားမြင်လိုက်ရတော့ ဒေါ်မြရင် အံ့ဩရတယ်။ သင်းဆီမှာ အဲဒီ စိတ်တွေ ကိန်းအောင်နေတာ ဘယ်မျှပင်ကြာခဲ့ပါလိမ့်။ ဘယ်နှစ်နှစ်ပင် ရှိခဲ့ပါလိမ့်။

ကိုယ့်လင် သူတော်ကောင်းကြီးလို့ ကိုးစားယုံကြည်ခဲ့သမျှဟာ သူများ ပစ္စည်းကို ဘဝတစ်လျှောက်လုံး မနောကံနဲ့တစိုက်မတ်မတ်ပြစ်မှားလာခဲ့တာကို သိတဲ့နောက် ဒေါ်မြရင် စိတ်တွေ မကောင်းနိုင်တော့ဘူး။ ဒေါ်မြရင် ပူခဲ့တဲ့ အပူများဟာ အဖြူသက်သက်ပါ။ သူတစ်ပါး ပစ္စည်းကို မရိုးမဖြောင့်တဲ့ စိတ်နဲ့ သိုဝှက်ခိုးယူပြီး သားသမီးတွေအပါအဝင် လင်တော်မောင်ကိုတောင် ရှာဖွေကျွေးမွေးခဲ့တာ မဟုတ်ဘူး.။ဟောဒီ ခြံကြီးထဲက ရတဲ့ အသီးအရွက်တွေရောင်းပြီး သမာ အာဇီဝကျကျ ရှာဖွေကျွေးမွေးခဲ့တာ ဘုရားပေးပေး ကျမ်းပေးပေး ကျိန်ဝံ့ပါရဲ့။

ကံမကောင်း အကြောင်းမလှလို့ ငရဲသို့လားရရင်တောင် အပြစ်ကြီးဆိုုလို့ သီးပင်စားပင်တွေကို ပိုးမကျအောင်၊ ပိုးမကိုက်အောင် ပိုးသတ်ဆေးတွေ ဖျန်းခဲ့တဲ့ အကုသိုလ်ကြောင့်သာဖြစ်နိုင်တာ။ ဒေါ်မြရင်လုပ်သမျှဟာလည်း ကိုယ့်သားသမီးကောင်းစားဖို့၊ ပညာတတ်ဖို့၊ ကိုယ့်လင် စားရဖို့ ၊ သောက်ရဖို့ဆိုတဲ့ စေတနာတွေ  သံယောဇဉ်တွေကြောင့်ပဲလေ။ ဒါတောင် ကံကောင်းထောက်မစွာနဲ့ ဒေါ်မြရင် သိလိုက်တာ တစ်ခုရှိသေးတယ်။

“လယ်သမား၊ ယာသမားတွေဟာ ဆေးဖြန်းတဲ့အခါ သေစေလိုတဲ ့စေတနာဆိုးကြီးအဖြစ်မခံဘဲ အသီးအနှံတွေ ဖွံ့ထွားပါစေ၊ တိုင်းသူပြည်သားတွေ အာဟာရ ပြည့်ပြည့်ဝဝ စားသုံးနိုင်ကြပါစေဆုိုတဲ့ စေတနာကောင်းလေး မွေးပေးရမယ်”

လူနှစ်သိန်းကျော်လောက် သတ်ဖြတ်ခဲ့တဲ့ ဒုဋဂါမဏိတောင် သေစေလိုတဲ့ စေတနာဆိုးကြီးမပါတဲ့အတွက် ၊ ဒါန၊ သီလ၊ဘာဝနာကုသိုလ်တွေ နောက်ဆုံးအချိန်ထိ ပြုလုပ်တဲ့အတွက် အပါယ်မကျသေးရင် ပိုးမွှားတိရိစာ္ဆလောက် သတ်တဲ့ ကံက အပါယ်မကျနိုင်ဘူးဆိုတာရောကိုပါ သားတော်မောင်က မေတ္တာရှင်(ရွှေပြည်သာ)ရေးတဲ့ တရားစာအုပ်ကိုဖတ်ပြတယ်။

ဒေါ်မြရင်လည်း အသီးအရွက်တွေ ပိုတိုးအောင် ၊ လောဘစိတ်ကလေးတစ်ခုနဲ့လုပ်လိုက်တာကလွဲလို့ သေစေလိုတဲ့ ဆန္ဒမဖြစ်ပေါ်မိခဲ့ပါဘူး။ ခုတော့ ဦးလှဆောင် ဟာ မျှော်လင့်ချက်ကြီးကြီးနဲ့တစ်နေ့နေ့ တစ်ချိန်ချိန် ကိုယ့်ခြံဖြစ်လာဖို့အရေး မျှော်တလင့်လင့်နိုးဖြစ်ခဲ့တာကို သိလိုက်ရတယ်။ဒေါ်မြရင် ပူပန်သလိုမျိုး သားအတွက် သမီးအတွက်၊ ဇနီးအတွက်ရယ်လို့ ပူပန်ပေးရင်တောင် ဒေါ်မြရင် ကျေးဇူးတင်မိပြန်ဦးမယ်။

(၄)

ဦးလှဆောင် ဝမ်းသာစရာဖြစ်လာဖို့ အကြောင်းကလည်း ရုတ်တရက်ကြီး ဖန်လာပြန်တယ်။ ဖုန်းလာတယ်ဆိုလို့ နားစွင့်မိလိုက်ရာက အိမ်ကြီးရှင် ခြံကြီးရှင်တွေက မရောက်တာကြာပြီဖြစ်တဲ့ အတွက် ခြံကိုလာကြည့်မယ်လို့ ဖုန်းဆက်အကြောင်းကြားလာတာပါပဲ။

ဦးလှဆောင်ဟာ ဖုန်းလာပြီးကတည်းက ဖင်တကြွကြွနဲ့ ဘယ်နေ့လာမလဲ၊ နက်ဖြန်လာမှာလား၊ ဒီနေ့လာမှာလားဆိုတာကို ရေရေရာရာ သေသေချာချာမသိခင်ကတည်းက ခြံဝ ထွက်ထွက်မျှော်နေတော့တာ။ ဒေါ်မြရင်က ကြည့်မရလို့

“တော့်မလဲ အငြိမ်ထိုင်နေစမ်းပါ ..။ လာမယ့်ရက်လည်း သေချာ သိတာမဟုတ်ဘဲနဲ့…။နေပါဦး မေးစမ်းပါရစေဦး။ တော် ဒီလောက် ဖင်တကြွကြွဖြစ်နေတာ သူတို့တွေ ရောက်လာတော့ တော်က ဘာလုပ်မှာမို့လို့လဲ”

လို့ပြောတော့ ဦးလှဆောင် က ဒေါ်မြရင်ကို စေ့စေ့ကြည့်ပြီးပြောတယ်။

” မင်း မသိပါဘူး မြရင်ရာ..။ဒီမယ် ငါ့အတွက်တော့ ရေငတ်တုန်း ရေတွင်းထဲကျတာပဲလေ …။ကြည့်စမ်း သူတို့ အနှစ်နှစ်ဆယ်ကျော် မရောက်ဖြစ်တဲ့ ဒီခြံကို လာကြည့်တာဟာ ရိုးရိုးမဖြစ်နိုင်ဘူး..။ ဖုန်းထဲမှာပြောတဲ့ စကားအရဆိုရင် သူတို့လည်း တော်တော် စီးပွားဖြစ်နေပုံရတယ်…။ ငါ့ကို ဘာလိုအပ်လဲ…။ ဘာလုပ်ပေးရမလဲတဲ့။ သားသမီးတွေကြီးကုန်ပြီးလား။ ဘွဲ့တွေရပြီလား ဘာလား ညာလား အစုံမေးတယ်ကွာ…။”

“အဲဒီတော့ ရှင်က ဘာပြောလိုက်လဲ”

“ဟ…ဘာပြောရမှာလဲ ဘာမှမလိုအပ်ဘူးလို့…..သားနဲ့ သမီးနှစ်ယောက်ကတော့ ဘွဲ့တွေ ရကုန်ပြီလို့…ပြောလိုက်တာပေါ့”

“တော့်နှယ်တော် သားနဲ့သမီးတွေက ဘွဲ့တာရတာလေ အလုပ်မှမရသေးတာ အလုပ်အကိုင်လေး ဘာလေးရလိုရညား ပြောလိုက်ပါတော့လား ဘာမှမလိုရအောင် ရှင်က ဇောတိက သူဌေးမို့လို့လား…နေပါဦး တော်က ဘာမှမလိုဘူးလို့ပြောလိုက်ရအောင် ဘာတွေများ တော့်မှာ ရှိနေလို့လဲ…”

“တုံးပါ မြရင်ရာ….သူတို့ဒီကိုလာရင် ငါပြောစရာတစ်ခုပဲရှိတယ်….ဒီခြံကြီးကိုတောင်းလိုက်မယ်လေ…ကဲ ဘာလိုသေးလို့လဲ သားသမီးတွေ အလုပ်မရတော့လည်း ဘာအရေးလဲကွာ ဒီခြံကြီးက ကာလပေါက်ဈေးနဲ့ကို မနည်းဘူးရမှာ….”

ဒေါ်မြရင် ဦးလှဆောင် ကို အံ့ဩပြီးရင် အံ့ဩမိရပြန်တယ်။ လွယ်လိုက်တာ ကိုလှဆောင်ရယ်လို့ စိတ်ထဲမှာလည်းပြောလိုက်မိသေးတယ်။ ဒီလိုနဲ့ ဦးလှဆောင်မျှော်နေတဲ့ အိမ်ကြီးရှင် ခြံကြီးရှင်တွေ ရောက်ချလာပါရော။ ခြံကြီးရှင်တွေ ဒေါ်မြရင်တို့ လင်မယားလက်ထဲကိုအပ်ခဲ့တုန်းကထက် ခြံကြီးဟာ ပိုမိုစိုပြည်နေတယ်။ အခါလယ် အုန်းပင်တွေဟာ ခုတော့ ခြံပတ်ပတ်လည်မှာ အတော်ကြီးကို ရှင်ရှင် သန်သန်ကြီးဖြစ်နေပြီ။ အုန်းသီးတွေ စွတ်ရောင်းနေရပြီ။ လိုင်ချီးပင်၊ ပိန္နဲပင်၊ ရှောက်ပင်၊ သံပုရာပင်၊ မန်ကျည်းပင်၊ဩဇာပင် တွေဆိုတာ မြိုင်မြိုင်ကြီးကို တောကြီးပမာ စိုပြည်ရှင်သန်လို့နေတယ်။

 

(၅)

ကြို့ပင်၊ ဒညင်းပင်၊ သရက်ပင်တွေဆိုတာ စိမ်းစိမ်းစိုစို။  ခြံကြီးရှင် လင်မယားက ခြံကြီးကိုကြည့်ပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လို့ တီးတိုး စကားတွေ ပြောနေကြတာလည်း ဒေါ်မြရင်တွေ့တယ်။ ကျေနပ်ပီတိဖြစ်နေတဲ့ ခြံကြီးရှင်တွေရဲ့ မျက်နှာကိုကြည့်ပြီး ဒေါ်မြရင်လည်း ပျော်ရတယ်။ ဦးလှဆောင်မှာတော့ ခြံကြီးအနှံ့လိုက်လန်ပြသရင် လွန်ခဲ့သော နှစ်များဆီက ဦးလှဆောင်မဟုတ်တော့သလို ဖျတ်လတ်တက်ကြွလို့။ ဒေါ်မြရင်က ဦးလှဆောင် ကိုကြည့်ပြီး ရယ်ရမလိုလို။ တစ်ညတော့ ဦးလှဆောင်နဲ့ ဒေါ်မြရင်ကို ခြံကြီးရှင်တွေက ခေါ်တွေ့တယ်။

ဒေါ်မြရင်ခမျာမှာ ရင်တထိတ်ထိတ်နဲ့ ခြေဖျားလက်ဖျားတွေကို အေးစက်လာတယ်။ ဦးလှဆောင်ကို ကြည့်တော့ မထုံတတ်သေးအမူအရာနဲ့ မှင်တေတေမျက်နှာပေးကိုတွေ့ရတယ်။

“ထိုင် ကိုလှဆောင်   မမြင်ရင်လည်း ထိုင်ပါ”

“ဆရာ ကျနော်တို့ကို ခေါ်တွေ့တဲ့အကြောင်းအရင်းက”

“နေပါဦး ကိုလှဆောင်ရဲ့ ကိုလှဆောင်တို့ လင်မယားကို ကျေးဇူးတင်ကြောင်း အရင်ပြောပြရစေဦး…မသီသီရေ နေ့လည်က အစ်ကိုပြောထားတဲ့ဟာ လုပ်ပြီးပြီလာ..း”

“လုပ်ထားနှင့်ပြီး အစ်ကိုရဲ့ ”

“အေး ယူခဲ့ကွာ…..”

ဦးလှဆောင်နဲ့ ဒေါ်မြရင် ရင်တွေ ခုန်နေပါပြီ။ ခြံကြီးရှင်လင်မယားနှစ်ယောက် သူတို့ လင်မယား နှစ်ယောက်အတွက် ဘာတွေများ စီစဉ်ထားပါလိမ့်ဆိုတဲ့ အတွေးက ဒေါ်မြရင်ရဲ့ရင်ကိုခုန်စေတာမှန်သော်လည်း ဦးလှဆောင်ရဲ့ရင်ကို ပိုမို တိုးတက်ခုန်နေမယ်ဆိုတာကို ဒေါ်မြရင် ခန့်မှန်းမိတယ်။ ခြံကြီးရှင်ရင် ဇနီးချော မသီသီ ကိုင်လာတဲ့ ကျန်ကျောင်းအိတ်ကိုကြည့်ရင် ဒေါ်မြရင် ပိုမို ရင်တွေ ခုန်လာရပြန်တယ်။ ဦးလှဆောင်ဆိုတာ မမှိတ်မသုန်ကြီးကိုကြည့်လို့နေလို့ ဒေါ်မြရင်က ခုန်အောက်ကနေ ပေါင်တွင်းကြောကို ဆွဲလိမ်ရင်း သတိထားဖို့အတွက် မျက်နာရိပ်မျက်နှာကဲနဲ့ အသိပေးလိုက်ရသေးတယ်။

“နည်းတယ်လို့တော့ မထင်ပါနဲ့ ကိုလှဆောင်..ဒီက မမြရင်ရော..ဒါက တို့လင်မယားရဲ့ မင်းတို့အတွက် စေတနာပါ….”

“ဟာ ..မလုပ်ပါနဲ့ ဆရာ ဘာအတွက်ပေးတာလဲ ဆရာ….။ ဒီခြံကြီးကို စောင့်ရှောက်ပေးတဲ့ အတွက်ဆိုရင်တော့ လက်မခံပါရစေနဲ့..။ကျနော်တို့မှာ ဆရာ့တို့ရဲ့ ကျေးဇူးတွေများလှပါပြီ..။ ”

“ဟုတ်ပါတယ်ရှင် ဆရာတို့ က ခြံစောင့်ဆိုပြီးထားခဲ့ပေမယ့် ကိုယ့်ခြံ ကိုယ်အိမ်လိုနေရတဲ့အတွက် ကျမတို့ကတောင် ကျေးဇူးတွေတင်နေရတာပါ လက်မခံပါရစေနဲ့ ပြန်ယူပါရှင်”

ခြံကြီးရှင် လင်မယားက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြတယ်..။ ဒေါ်မြရင်တစ်သက် ဒီလောက်များတဲ့ ငွေတွေကို မကိုင်ဖူးပါဘူး။ စားပွဲပေါ်မှာရှိနေတဲ့ ကျန်ကျောင်းအိတ်ထဲက ငွေတွေဟာ ကျေးဇူးတုန့်ပြန်သော အားဖြင့်တဲ့..။ အမှန်တကယ်မလိုချင်မိတာတော့ ဒေါ်မြရင်ရဲ့ စိတ်ထဲမှာ သေချာပါတယ်။

 

(၆)

“မဟုတ်ဘူးလေး ကိုလှဆောင်ရဲ့ ယူပါ …..။ ပြောရရင်ဗျာ နှစ်တွေ အများကြီး ဒီခြံကြီးကို စောင့်ရှောက်ခဲ့တဲ့ ခင်ဗျားတို့ကို ကျေးဇူးတင်တယ်…။ခင်ဗျားတို့နေရာမှာ တစ်ခြားသူတွေဆိုရင် ဒီခြံကြီး ဒီလောက် သာယာစိုပြည်နိုင်ပါ့မလားဆိုတဲ့ အတွေးတောင် ဝင်မိတယ်။ ခင်ဗျားတို့ လင်မယားနှစ်ယောက်ရဲ့ စေတနာကြောင့်၊ ကိုယ့် ခြံကြီးလို ပြုစုယုယခဲ့မှုတွေကြောင့်သာ ခုလိုစုစုပြည်ပြည်ကြီးမြင်ရတာပေါ့…မဟုတ်ဘူးလား…”

“ဟုတ်တော့ ဟုတ်တာပေါ့ ဆရာ ဒီငွေတွေကိုတော့ လက်မခံပါရစေနဲ့ ကျနော်လိုချင်တာက..ဆရာတို့ရဲ”

ဦးလှဆောင် ဆက်မယ့် စကားကို ဒေါ်မြရင် မကြားရဲဘူး။ မျက်နှာကိုလည်း အကြောင်းမဲ့ မျက်နှာကျပ်ဆီကိုပို့ထားလိုက်တယ်။ တရားလက်လွတ်ပြောသလိုဖြစ်နေမယ့် စကားတွေကို မကြားရဲဘူး။

“ဟုတ်ပါတယ် ကိုလှဆောင် ကျနော်တို့ရဲ အသိအမှတ်ပြုမှုဆိုတာကို ကျနော်သိပါတယ် နှစ်နှစ်ဆယ်အတွင်း ဖုန်းလေး ဆက်ရုံကလွဲပြီး လာမကြည့်မိတာကိုလည်း ခွင့်လွှတ်ပေးပါ ကျနော်တို့ ခုလာတာကလည်း ကျနော့်စီးပွားရေးမှာ အရေးတကြီးငွေထည့်စရာလိုလို့ ဒီခြံကြီးကို ရောင်းဖို့လာတာပါ”

“ဗျာ….”

“ရှင်…”

ဒေါ်မြရင် ကိုယ့်နားကို မယုံနိုင်အောင်ဖြစ်သွားတယ်။ ဦးလှဆောင်ဆိုတာ လည်ကြီးကိုလိမ်လို့ ။ ရုတ်တရက် ဆွံအ သွားကြတယ်။ မထင်မှတ်ထားတဲ့ စကားမို့ ဘာမှကိုပြန်မပြောနိုင်သေးဘူး။

“ဟုတ်ပါတယ် ဟောဒီငွေတွေဆိုတာလည်း နည်းကောင်းနည်းနေနိုင်ပါတယ်….ကိုလှဆောင်တို့လင်မယား လုပ်ကိုင်စားသောက်ဖို့အတွက် အရင်းအနှီးတစ်ခုအနေနဲ့ပေးတာပါ..ကိုလှဆောင်ရဲ့ သားသမီးတွေအတွက်တော့ အလုပ်ရဖို့ ကျနော် အာမခံတယ်..ယူထားလိုက်ပါ ဟုတ်ပြီလား….ဪ ဒီလကုန်ရင် ကိုလှဆောင်တို့ အိမ်ပြောင်းပေးရတော့မယ် ခြံက ငွေချေပြီးနေပြီ”

ဒေါ်မြရင်တို့ ထထွက်လာခဲ့ချိန်မှာ ဦးလှဆောင်က ကျန်ကျောင်းအိတ်ကြီးကို မဆွဲချင် ဆွဲချင်နဲ့ ဆွဲလာခဲ့တယ်။ အိမ်ပေါ်ရောက်တော့ စားပွဲကို ကျန်ကျောင်းအိတ်ပစ်တင်ပြီး ငူငူကြီးထိုင်နေတော့တယ်။ ဒေါ်မြရင်ကတော့ အစကတည်းက လိုချင်စိတ် ကင်းခဲ့တဲ့အတွက် အထူးအထွေ မခံစားလိုက်ရပေမယ့် ဦးလှဆောင်ခမျာမှာတော့ စကားတောင်မပြောနိုင်ရှာဘူး။ မိန်းမသားပီပီ တွေးပူပန်တတ်တာတစ်ခုကလွဲလို့ ကျန်တာ ဘာမှ မခံစားလိုက်ရ..။ ဘာမှ မလိုအပ်ဘူးဆိုတဲ့ စကားတွေကို တွင်တွင်ကြီးပြောခဲ့တဲ့ ဦးလှဆောင်ဟာ ကိုယ့်အတွေးနဲ့ကို  အဟုတ်ထင်ခဲ့သမျှဟာ တက်တက်စင်လွဲခဲ့ပြီ။ဒေါ်မြရင်တစ်ယောက်တာ လုပ်စရာရှိတာ လုပ်၊ ကိုင်စရာရှိတာကိုင်နေချိန်အထိ ဦးလှဆောင်က ထိုင်ရာကမထသေးဘူး။

ညက မှောင်လာပြီ..။ ဒါလည်း ထို်င်ရာက မထသေးဘူး..။ ည(၁၀)နာရီကျော်…။ မထသေးဘူး။ ဒေါ်မြရင် မထိုင်နိုင်လို့ အိပ်ယာထဲ ဝင်ခဲ့တော့တယ်။ အိမ်ပြောင်းရမယ့်အရေးတွေးပြီး အိပ်ယာထက်မှာ လူးလူးလိမ့်လိမ့်။ သားနဲ့ သမီးတွေကတော့ အိပ်ကုန်ပြီ။ ဟောက်သံတောင်ကြားနေရပြီ။ မှေးခနဲ အိပ်ပျော်သွားပြီး ဆက်ခနဲပြန်နိုးတော့ ဦးလှဆောင်ကို သတိရတယ်..။

 

(၇)

ဘေးမှာလည်းမရှိတော့ ဒေါ်မြရင် အိပ်ယာကထပြီး အပြင်ဘက်ကိုထွက်လာလိုက်တယ်။ ဧည့်ခန်းထဲကနေ ခြံကြီးကို ပြတင်းပေါက်ဖွင့်ပြီး ကျောပေးထိုင်နေတဲ့ ဦးလှဆောင်ကိုတွေ့ရတယ်။ မျှော်လင့်သလိုဖြစ်မလာတော့ ခံစားသွားရတယ်ထင်ပါရဲ့…။

“ကိုလှဆောင်…”

“ကိုလှဆောင်….”

ဒေါ်မြရင် ခေါ်တာလည်းမထူး…။ ဒေါ်မြရင် ဦးလှဆောင်ရဲ့ပခုံးကို နောက်ဘက်ကနေ ကိုင်လိုက်တယ်..။

“ဟင်”

ရှေ့ဘက်မျက်နှာကို ကြည့်လိုက်တော့ ဦးလှဆောင် အိမ်ပြတင်းကနေ ခြံကြီးကိုကြည့်နေရင်း အသက်မရှူတော့…။

“ကိုလှဆောင်ရယ်…..မတော်လောဘဆိုတာ မထားကောင်းဘူးတော်ရဲ့…..ခု ဘယ်မလဲ တော် မျှော်လင့်သလိုဖြစ်မလာလို့ ဒီလို့ထွက်သွားတော့တာလား….”

ညက မှောင်နေဆဲ ။ဒေါ်မြရင်က သားသမီးတွေ မနိုးခင် တိတ်တဆိတ် အားရပါးရ ငိုကြွေးလိုက်တယ်။ဒါမှ မနက်မိုးလင်းတဲ့အခါ အများရှေ့မှာ လက်ကျန်မျက်ရည်မရှိတော့တဲ့ မျက်နှာပေးမျိုးနဲ့ တရားနဲ့ဖြေနိုင်ပါတယ်ဆိုတဲ့ ဟန်ကို ခြံကြီးရှင် လင်မယားရှေ့မှာ နေပြနိုင်မှာမို့လို့လေ….။

သော်ဇင်(လွိုင်ကော်)

 

 

8 comments

  • Mobile

    November 25, 2012 at 6:31 pm

    စာရေးထားတာတွေက များလှပါတယ်
    အဲဒီအတွက် အေးအေးဆေးဆေး ဖတ်လိုရအောင်
    လက်ဆုပ်လက်ကိုင် လေးလဲဖြစ်သွားအောင်
    ကူးယူထားလိုက်ပါတယ်ဗျာ

  • kyeemite

    November 26, 2012 at 3:19 pm

    ရသမြောက်အောင်ရေးဖွဲ့ထားတာလေး
    ဖတ်လို့ကောင်းပါ၏။
    မတော်လောဘဆိုတာ အင်မတန် နှိပ်စက်တတ်တာကလား….
    ခင်တဲ့…

  • Mon Kit

    November 26, 2012 at 4:24 pm

    ဖတ်လို့ကောင်းလိုက်တာ…
    လိုချင်ရမက် များလို့ နှလုံးထိပီး အသက်ပါ ပါသွားတယ်နဲ့ တူတယ်နော်..
    အော်.. ဆင်ခြင်စရာတွေ…….

  • အလင်းဆက်

    November 26, 2012 at 7:28 pm

    လူ ့စရိုက်သဘာဝ အမျိုးမျိုး ရှိတဲ ့အထဲကမှ…
    ဒီလို..စရိုက် လေးကို..ဖော်ပြသွား တာ…

    ပီပြင်လိုက်တာဗျာ..။

    သူငယ်ချင်းရေ…
    မဂ္ဂဇင်းတွေ..ဆီ..ပို ့နော် ။

    ခင်မင်လေးစားစွာ..

  • jullies cezer

    November 27, 2012 at 3:29 pm

    သော်ဇင်ရဲ့ Post တိုင်းလိုလိုဖတ်ဖြစ်တယ် မှတ်သားစရာ တစ်ခုခုတော့
    ကျန်တာချည်းပဲ အားပေးတယ် ……

  • ကြည်ဆောင်း

    November 27, 2012 at 4:12 pm

    အင်း … ကိုယ့်ပစ္စည်း ကိုယ့်ဥစ္စာ ကိုယ်တိုင် ထိမ်းသိမ်းတာ အကောင်းဆုံးဘဲလို့ သင်ခန်းစာရလိုက်တာပါဘဲ ….

  • Shwe Ei

    December 12, 2012 at 9:09 am

    အော် ကိုယ်နဲ့မဆိုင်တဲ့ ပစ္စည်းဥစ္စာအတွက်များ
    အသက်ဆုံးအောင် ခံစားရတယ်လို့ဗျာ။ တရားကျဖို့ကောင်းလိုက်တာ။

  • ကိုသော်ဇင်ရေးသမျှထဲမှာ ဒီပိုစ်ကို အကြိုက်ဆုံးဘဲဗျ။
    အခုလက်ရှိဖြစ်နေတာတွေနဲ့ တစ်ထပ်ထဲ ကျနေလို့ပါ

Leave a Reply