ကျွန်တော်နှင့် အမျိုးသားနေ့
ဒီနေ့ (၈.၁၀.၂၀၁၂) ရက်နေ့ အိပ်ရာကနိုးတော့ အချိန်က တော်တော်နောက်ကျနေလေပြီ။ ပြောရရင်တော့ နေ့လယ်ထမင်းစားချိန်ပင် ကျော်လုလုဖြစ်တော့မည်။ ဘာရယ်မဟုတ် အိပ်ရာကနိုးတိုင်း နေ့စဉ်လုပ်နေကျ ဝတ္တရားများ ဖြစ်သည့် မျက်နှာသစ် သွားတိုက် ရေချိုး ကိစ္စတွေလုပ်ပြီးတော့ ရည်ရွယ်ချက်မရှိပဲ ကွန်ပျူတာရှေ့ကိုရောက်သွားမိသည်။
လားလား။ ဒီနေ့ဟာ မြန်မာတစ်မျိုးသားလုံးရဲ့ “အမျိုးသားနေ့” ပါပေလား။ ဟုတ်သည် online ပေါ်တက်ကြည့်တော့ ယနေ့ (၉၂)နှစ်မြောက် အမျိုးသားနေ့ကို ဂုဏ်ပြုထားသည့် ဆောင်းပါးတွေ၊ ကဗျာတွေ၊ အက်ဆေးတွေ တွေ့လိုက်မှ ဒီနေ့ အမျိုးသားနေ့မှန်း သတိရမိသော ကျွန်တော် ကိုယ့်ကိုကိုယ် ညံ့ပါရောလို့ အပြစ်တင်မိလိုက်၏။ ဒါတွင်ပဲလား။ မကသေး။
ဒီနေ့ဟာ အမျိုးသားနေ့မှန်းတော့ ကျွန်တော် သိလိုက်ပါပြီ။ သို့ပေမယ့် အမျိုးသားနေ့ဆိုတာ ဘာမှန်း ကျွန်တော် မေ့နေပြီ။ နောင်တစ်ချိန်မှာ လူကြီးဖြစ်ကာ ကလေးများကို အသိတွေဝေပေးရမယ့် ကျွန်တော့လို လူငယ်တွေဘယ်လောက်တောင်များ ရှိနေမည်မသိ။ တွေးမိလိုက်ပြီ။ မဖြစ်ခြေသေး။ ကျွန်တော် အချိန်မဆိုင်းတော့ပဲ အမျိုးသားနေ့နှင့် ပက်သတ်သည့် အကြောင်းအရာများကို ချက်ခြင်းပင် ရှာဖွေမိကြည့်သည်။ တွေ့တော့တွေ့သည်။ သို့တိုင် စိတ်တိုင်းမကျနိုင်သေး။ ကျွန်တော်တစ်ကယ်လိုချင်တာက သမိုင်းကြောင်း။ ကျွန်တော်တွေ့နေ ဖတ်နေရသည့် စာများက ဆောင်းပါးတွေ။ သမိုင်းအစစ်ကိုသာလိုချင်သူ ကျွန်တော့အတွက် စာရေးသူအာဘော်များ ပါဝင်နေသည့် ဆောင်းပါးတွေ၊ အက်ဆေး တွေကို သိပြီးစိတ်တိုင်းမကျမိ။ သို့သော် ကျွန်တော်ကံကြောင်းသည်ဟုဆိုရမည်။ ကျောင်းသုံး မြန်မာဖတ်စာထဲမှ အမျိုးသားနေ့သင်ခန်းစာကို “Small Library for အဝေးရောက်မြန်မာကလေးများ” ဆိုသည့် link တွင်သွား၍တွေ့လိုက်ရသည်။ ထိုအမျိုးသားနေ့သင်ခန်းစာကို ကျွန်တော့လို ဒီနေ့ဘာနေ့မှန်းတော့ သိပေမယ့် ဘာလို့ဒီနေ့ဖြစ်လာရသလဲဆိုတာကို မေ့နေသူ သူငယ်ချင်းများ အတွက်လဲ လေ့လာနိုင်ရန် ဦးနှောက်မှတ်ဉာဏ်ကို ပြန်နွှေးနိုင်ရင် တင်ပြလေးလိုက်ပါသည်။
“တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့သည် အမျိုးသားနေ့ဖြစ်ပါသည်။
ထိုနေ့တွင် မြန်မာနိုင်ငံတစ်ဝန်းလုံး ၌အမျိုးသားနေ့အခမ်းအနားများ ကျင်းပကြပါသည်။ အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲများနှင့် ပြပွဲပြိုင်ပွဲများကို ပြုလုပ်ကျင်းပကြပါသည်။
မြန်မာနိုင်ငံသည် ၁၈၈၅ခုနှစ်တွင် အင်္ဂလိပ်တို့၏ လက်အောက်ခံဘဝသို့ ကျရောက်ခဲ့ပါသည်။ ထိုအချိန်မှစ၍ အင်္ဂလိပ် အစိုးရက မြန်မာတို့ကို အမျိုးမျိုးဖိနှပ်ချုပ်ချယ်ခဲ့ပါသည်။
၁၉၂ဝ ပြည့်နှစ်တွင် အင်္ဂလိပ်အစိုးရက ရန်ကုန်တက္ကသိုလ်ကို ဖွင့်လှစ်ရန်စီစဉ်သည်။ တက္ကသိုလ် ဥပဒေကိုလည်းပြဋ္ဌာန်းသည်။ ဤဥပဒေအရေ တက္ကသိုလ်ပညာသင်လိုသူတိုင်း သင်ကြားခွင့် မရနိုင်သဖြင့် မြန်မာ တစ်မျိုးသားလုံးက မကျေနပ်ကြချေ။ ထို့ကြောင့် တက္ကသိုလ်ကျောင်းသားကြီးများက ဦးဆောင်၍ သပိတ်မှောက်ခဲ့ကြသည်။
ရန်ကုန်တက္ကသိုလ်ကျောင်းသားများသပိတ်သည် အနယ်နယ်အရပ်ရပ်သို့ ပျံ့နှံ့သွားပြီးနယ်ကျောင်းများ ကလည်း သပိတ်မှောက်ကြပါသည်။ အမျိုးသားကောလိပ်နှင့် အမျိုးသားကျောင်းများကို တည်ထောင်ကြပါ သည်။ ထိုကျောင်းများကြောင့် အမျိုးသားစိတ်ဓာတ်များလည်း ပိုမိုနိုးကြားဖွံ့ဖြိုးလာပါသည်။ အမျိုးသားစာပေ လေ့လာမှုလည်း ပွင့်လန်းလာပါသည်။ ထိုအချိန်မှစ၍ မြန်နာ အမျိုးသားတို့သည် အင်္ဂလိပ်အစိုးရကို ဆန့်ကျင် ဆန္ဒပြပွဲများ အဆက်မပြက်ဆင်နွှဲကာ လွတ်လပ်ရေးကို တောင်းဆိုခဲ့ကြပါသည်။ ထို့ကြောင့် လွတ်လပ်ရေးအစ အမျိုးသားနေ့က ဟူ၍ ဆိုကြပါသည်။
မြန်မာတစ်မျိုးသားလုံးအား မျိုးချစ်စိတ်ဓာတ်တက်ကြွအောင် လှုံ့ဆော်ပေးသော ထိုနေ့ကို အမျိုးသားနေ့ဟူ၍ သတ်မှတ် ခဲ့ကြပါသည်။ မျိုးချစ်စိတ်နိုးကြားစေခဲ့သော အမျိုးသားနေ့ကို မမေ့သင့်ပါ။ အမျိုးသားနေရကို နှစ်စဉ်ကျင်းပကာ မျိုးချစ်စိတ်ဓာတ် ထာဝစဉ်ရှင်သန်အောင် ကြိုးပမ်းရမည်ဖြစ်ပါသည်။”
ဒီသင်ခန်းစာကို ဖတ်ပြီးရင်တော့ အမျိုးသားနေ့ ဘာကြောင့်ဖြစ်ပေါ်လာတယ်ဆိုတာကို အကြမ်းဖျင်းလောက်တော့သိနိုင်မည်။
ဒါပေသည့် သမိုင်းကြောင်းသာပါသည်။ အမိုင်းဖြစ်စဉ်အစအဆုံးက မပါပြန်။ မူလတန်းဖတ်စာမှ သင်ရိုးဖြစ်သဖြင့် သူ့အရွယ်နှင့် သူ့စာ လုံလောက်သည်ဟုဆိုပေမယ့် ဒီသင်ခန်းစာပါ အကြောင်းအရာလောက်ကိုပဲ ကျွန်တာ်တို့လို အရွယ်ရလာသူများအနေဖြင့် သိထားရုံနှင့် ကျေနပ်မနေတန်ရာ။ ထို့ကြောင့် သမိုင်းဖြစ်စဉ်ကိုရှာဖွေမိရာ http://moemaka.com မှ ဆရာသန်းဝင်းလှိုင်၏ ဆောင်းပါးလေးကိုပါ ဆက်၍ တင်ပြပေးလိုက်ပါသည်။
“နှစ်(၉၂) နှစ် ပြည့် အမိုျးသားနေ့
သန်းဝင်းလှိုင်၊ ဒီဇင်ဘာ ၈၊ ၂၀၁၂
ယခုနှစ် မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝရက် (၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၈ရက်) စနေနေ့သည် ၉၂ နှစ်ပြည့် အမျိုးသားနေ့ဖြစ်သည်။
အုပ်ချုပ်သူနယ်ချဲ့အစိုးရကို ပထမဆုံး ထိထိရောက်ရောက် တော်လှန်ဆန္ဒပြခဲ့သောနေ့ကို နောင် မျိုးဆက်သစ်များ အမှတ်တရရှိစေရန်အလို့ငှာ မြန်မာနိုင်ငံ၌ တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့ကို အမျိုးသားနေ့အဖြစ် နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ၉၂ နှစ် ပြည့်ခဲ့ပြီဖြစ်သည်။
နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့ကို အမျိုးသားနေ့ဟူ၍ သတ်မှတ်ရခြင်းကား ဗြိတိသျှပညာမင်းကြီး မတ်ဟန်းတား၏ ယူနီဗာစီတီအက်ဥပဒေအရ ဖွင့်လှစ်မည့် ရန်ကုန်တက္ကသိုလ်ကို မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက် (၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်) တနင်္ဂနွေနေ့တွင် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင် (ယုဒသန်) ကောလိပ်ကျောင်းသားများသည် ကန့်ကွက်သပိတ် မှောက်ခဲ့သော နေ့ဖြစ်သောကြောင့် ဖြစ်သည်။
ဗြိတိသျှနယ်ချဲ့အစိုးရသည် ယင်းတို့နယ်ချဲ့ရာ၌ အကောင်းဆုံးသော လက်နက်တစ်ခုဖြစ်သည့် ပညာရေးစနစ်သစ် တက္ကသိုလ်အက်ဥပဒေကြမ်းကြီးကို ၁၉၂ဝ ပြည့်နှစ် ဇူလိုင်လ ၁၂ ရက်နေ့ ဘုရင်ခံ၏ ကောင်စီအစည်းအဝေးတွင် တင်သွင်း၍ ထုတ်ပြန်ခဲ့ရာ တပြည်လုံး လှုပ်လှုပ်ရွရွ ဖြစ်သွားခဲ့သည်။
ထို့နောက် ဇူလိုင်လ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံပြုပြင်ရေးအသင်းကြီးသည် အစည်းအဝေးချက်ချင်း ခေါ်ယူကာ ရန်ကုန်တက္ကသိုလ်ဥပဒေကို ကန့်ကွက်ခဲ့လေသည်။ မန္တလေးမြို့တွင်လည်း လူထုအစည်းအဝေး ပွဲကြီးကျင်းပကာ ပညာမင်းကြီး မတ်ဟန်းတားအား ပြည်သူတို့၏အလိုနှင့်ဆန့်ကျင်လျက် ခေတ်နောက်ပြန်ဆွဲ သောလုပ်ဆောင်မှုများနှင့် ဖိနှိပ်ရေးလုပ်ဆောင်မှုများကြောင့် ရာထူးမှဖယ်ရှားပေးရန် တောင်းဆိုဆုံးဖြတ်ခဲ့ကြ သည်။
ဩဂုတ်လ ၁ ရက်နေ့တွင် ဝိုင်အမ်ဘီအေ ခေါ် ဗုဒ္ဓကလျာဏယုဝအသင်းချုပ်က ကြီးမှူး၍ ဂျူဗလီဟော တွင် ကျင်းပသည့် ရန်ကုန်မြို့လုံးကျွတ် လူထုအစည်းအဝေးက –
(၁) ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို အများပြည်သူတို့မကြိုက်သောကြောင့် ၁၉၂ဝ ဩဂုတ်လတွင် ကျင်းပ မည့်ဥပဒေပြုအဖွဲ့က ယင်းဥပဒေကို အတည်မပြုသေးဘဲ ဒိုင်အာခီအုပ်ချုပ်ရေးစတင်မည့် ၁၉၂၃ ခုနှစ် တိုင်အောင် ဆိုင်းငံ့ထားရန်။
(၂) နောင်အခါ ပညာတတ်များနည်းပါးရန်ရည်စူးပြီး ထိုဥပဒေကိုရေးဆွဲခဲ့သော ပညာမင်းကြီး မတ်ဟန်းတား ကို မြန်မာနိုင်ငံမှ ပြောင်းရွှေ့ပစ်ရန် တောင်းဆိုခဲ့ကြသည်။
ထို့အပြင် ၁၉၂ဝ ပြည့်နှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော ဂျီစီဘီအေ ခေါ် မြန်မာတိုင်းရင်းသားအသင်းများ၏အသင်းချုပ်ကြီးကလည်း လက်ထောက်ဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက် ထံ ဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲရန် မေတ္တာရပ်ခံခဲ့သော်လည်း ပယ်ချခဲ့ရသည်။
ယင်းသို့ အမျိုးမျိုးကန့်ကွက်နေသည့်ကြားမှပင် ၁၉၂ဝ ပြည့်နှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်က လက်ခံခဲ့သည်။ တဖန် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ရန်ကုန် တက္ကသိုလ်အက်ဥပဒေကို အိနိ္ဒယဘုရင်ခံချုပ် ချမ်းစဖို့ဒ်က အတည်ပြု၍ ထုတ်ပြန်ကြေညာခဲ့ပြန်သည်။ ယင်းနောက် ၁၉၂ဝ နိုဝင်ဘာလ ၃ဝ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ၁၉၂ဝ အရ ရန်ကုန်တက္ကသိုလ်အဓိပတိ The Regulations of the University ကို ထုတ်ပြန်၍ ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ကာ အသုံးပြုမည်ဟု ကြေညာသည်။
ဤသို့ဖြင့် ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်အက်ဥပဒေ စတင်အာဏာ တည်ခဲ့ပြီး ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်တို့ပါဝင်ဖွဲ့စည်းသော ရန်ကုန်တက္ကသိုလ်ပေါ်ပေါက်လာ သည်။
ရန်ကုန်တက္ကသိုလ်အက်ဥပဒေအရ
(၁) မြန်မာပြည်တွင် တက္ကသိုလ်တခုတည်းသာ ရှိရမည်။ တက္ကသိုလ် အောက်တွင် ကောလိပ်ကျောင်းတစ်ကျောင်းသာရှိရမည်။
(၂) ကောလိပ်ကျောင်း၌ ပညာသင်လိုသူများ ကျောင်းအိပ်ကျောင်းစားသာ ဖြစ်ရမည်။
(၃) တက္ကသိုလ်ဝင်စာမေးပွဲမထားရှိတော့ဘဲ အစိုးရက ပြုလုပ်သော ဟိုက်စကူးဖိုင်နယ်ခေါ် ဆယ်တန်းစာမေးပွဲကို အောင်ရမည်။ အင်္ဂလိပ်စာနှင့် အခြားဘာသာတစ်ခုတွင် ထူးချွန်စွာ တတ်မြောက်အောင်မြင်မှ တက္ကသိုလ်ဝင်ခွင့်ရမည်။
(၄) ဂုဏ်ထူးနှင့် ဝိဇ္ဇာဘွဲ့တန်းတွင် တခါဖြေဆို၍ မအောင်မြင် ပါက နောက်နောင် ဖြေဆိုခွင့်မပြု။
(၅) ဟိုက်စကူးဖိုင်နယ်အောင်၍ တက္ကသိုလ်သို့ဝင်ခွင့်ရသော်လည်း တက္ကသိုလ်ပညာရပ်ကို ကောင်းမွန်စွာ လိုက်နာပြင်ဆင်မှုအတန်းတွင် တစ်နှစ်နေရမည်။
(၆) ပြင်ဆင်မှုအတန်း တွင် တစ်နှစ်နေသော်လည်း နှစ်ကုန်သည့်အခါ တက္ကသိုလ်ပညာများကို လိုက်နာရန် အရည်အချင်းမရှိသေးဟု ဆိုလျှင် တက္ကသိုလ်ပညာကို ဆက်လက်သင်ခွင့်ရဦးမည် မဟုတ် စသော အချက်များ ပါရှိသည်။
ထို့ကြောင့် ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ရန်ကုန်ကောလိပ်ကျောင်းသားများဖြစ်ကြသည့် ကိုဘခင်၊ ကိုဘိုးကွန်း၊ ကိုဘဦး၊ ကိုအောင်ဒင်၊ ကိုထွန်းဝင်း၊ ကိုဖေသိန်း၊ ကိုဘရှင် (သံတွဲ)၊ ကိုဘရှင် (ထားဝယ်)၊ ကေညီပိတ်၊ ကိုလှတင်နှင့် ကိုမောင်အေးတို့သည် ရွှေတိဂုံစေတီရင်ပြင်တော် အနောက်တောင်ထောင့်တွင် စည်းဝေးကာ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာအဓိဋ္ဌာန်ပြုခဲ့သည်။
ထို့နောက် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်မှ ကျောင်းသား (၈၉) ဦးကို ခေါ်ယူ၍ ဗဟန်းရပ် ရွှေကျင်ကျောင်းတိုက် ဦးအရိယကျောင်းတိုက်အတွင်း အစည်းအဝေးကျင်းပပြီး ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်ရန်နှင့် ပညာရေးပြုပြင်မှု တောင်းဆိုချက်များမပေးသမျှ ကာလပတ်လုံး ကျောင်းမတက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သပိတ်မှောက်မည့်ရက်ကိုလည်း ဒီဇင်ဘာလ (၇) ရက် သတ်မှတ်ခဲ့သည်။ သို့သော် ဒီဇင်ဘာလ ၅ ရက်နေ့တွင် သပိတ်မှောက်ကောင်စီခေါင်းဆောင် ဦးဘဦးအိမ်တွင် အစည်းအဝေးပြုလုပ်နေစဉ် ဦးလူဖေဝင်းရောက်ရှိလာပြီး ကျောင်းသားများ သပိတ်မှောက်မည့်ကိစ္စကို ဆရာကြီး မတ်သယူးဟန်းတား သိရှိသွားသောကြောင့် ဒီဇင်ဘာလ ၆ ရက် တနင်္လာနေ့တွင် ဆုံးမစကားပြောကြား၍ ဖျောင်းဖျလျှင် အစီအစဉ်ပျက်သွားမည်ဖြစ်သောကြောင့် ဒီဇင်ဘာလ ရ ရက်နေ့အစား ယနေ့ပင် သပိတ်မှာက်ရန် တင်ပြခဲ့ရာ အားလုံးက သဘောတူ၍ သပိတ်မှောက်ကောင်စီ ၂၆ ဦးကို ရွေးချယ်၍ ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက် တနင်္ဂနွေနေ့တွင် ရန်ကုန်တက္ကသိုလ် ပထမကျောင်းသားသပိတ် စတင်မှောက်ခဲ့ကြသည်။ သပိတ်သည် မှောက်ပြီး မကြာမီမှာပင် တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားခဲ့လေသည်။
၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဂျီစီဘီအေ ဝံသာနုအသင်းချုပ်အစည်းအဝေးကြီးတရပ် ပြုလုပ်ကာ တက္ကသိုလ်သပိတ်ကိစ္စ အသေးစိတ်ဆွေးနွေးပြီးလျှင် အောက်ပါ ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည်။
(၁) မြန်မာနိုင်ငံအရပ်ရပ်၌ အမျိုးသားကျောင်းများ တည်ထောင်ဖွင့်လှစ်ရန်။
(၂) ရန်ကုန်မြို့၌ အမျိုးသားတက္ကသိုလ်ကျောင်းကြီးတစ်ကျောင်း တည်ထောင်ဖွင့်လှစ်ရန်။
(၃) အသင်းချုပ်ကြီးနှင့်ဆက်သွယ်ထားသော အသင်းခွဲများက တည်ထောင်ထားသော စာသင်ကျောင်းများ ကိုလည်း အမျိုးသားကျောင်းများအဖြစ် ပြောင်းလဲရန်။
(၄) အမျိုးသားကျောင်းများကို စုပေါင်းအုပ်ချုပ်ရန်နှင့် လိုအပ်သောစီစဉ်ညွှန်ကြားချက် စသည်တို့ ပြုလုပ်နိုင် ရေးအတွက် အမျိုးသားပညာရေးအဖွဲ့တစ်ခု ဖွဲ့စည်းရန်။
အထက်ပါ ဆုံးဖြတ်ချက်အရ အမျိုးသားပညာရေးအဖွဲ့ကို ဦးမောင်ကြီး (အမ်အေ) ဥက္ကဋ္ဌအဖြစ် ပါဝင် သော အမှုဆောင်အဖွဲ့ဝင် (၃၂) ဦးဖြင့် ဖွဲ့စည်းလိုက်ကြသည်။ အမျိးသားပညာရေးအဖွဲ့ကို အင်္ဂလိပ်ဘာသာဖြင့် (Council of National Education) အတိုကောက် စီအင်အီး C.N.E ဟု ခေါ်ဆိုကြသည်။
ဤသို့ဖြင့် ၁၉၂၁ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့ဗဟန်းရပ် ရွှေကျင်ကျောင်းတိုက် ဦးအရိယကျောင်း၌ အမျိုးသားကောလိပ်စတင်ဖွင့်လှစ်၍ မကြာမီအတွင်း နယ်မြို့ကြီးများတွင် အမိုျးသား ကျောင်းများ တည်ထောင်ဖွင့်လှစ်နိုင်ခဲ့သည်။
၁၉၂၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက်မှ ၂၄ ရက်အထိ မန္တလေးမြို့တွင် ဂျီစီဘီအေအသင်းချုပ်ကြီး၏ နဝမအကြိမ်နိုင်ငံလုံးဆိုင်ရာညီလာခံကိုကျင်းပ၍မြန်မာတို့၏အမျိုးသားနေ့ကိုသတ်မှတ်ကျင်းပရန်ကံကြီးဒေါင့်မြို့ မှဦးဘေသော်ကအဆိုပြုခဲ့ကြသည်။ ယင်းအဆိုကိုဦးဘစိန်ကထောက်ခံခဲ့လေသည်.။
အချို့က သီပေါမင်းတရားပါတော်မူသော တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်နေ့ကို အကြံပြု၍ အချို့က ဆရာတော်ဦးဥတ္တမ ထောင်ကျခဲ့သော ၁၂၈၃ ခုနှစ် နယုန်လကွယ် (၁၉၂၁ ခုနှစ် ဇူလိုင်လ ၄ ရက်) တနင်္လာနေ့ကို သတ်မှတ်ရန်အကြံပြုကြသည်။ သို့သော် သပိတ်မှောက်ကောင်စီဝင် ဦးမြင့်က နန်းကျသောနေ့ နှင့် အဖမ်းခံထောင်ကျသောနေ့များသည် မင်္ဂလာမရှိ၊ နယ်ချဲ့ဗြိတိသျှတို့ကို ပထမဆုံး ထိထိရောက်ရောက် တော်လှန်ခဲ့သော ပထမကျောင်းသားသပိတ်မှောက်ခဲ့သော တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့ကိုသာ အမျိုးသားနေ့အဖြစ် သတ်မှတ်သင့်ကြောင့် အကြံပြုခဲ့လေသည်။
ယင်းနောက် ၁၉၂၂ ခုနှစ် ဇွန်လ ၁ရ ရက်နေ့မှ ၁၈ ရက်နေ့အထိ ရန်ကုန်မြို့ဂျူဗလီဟော၌ ကျင်းပခဲ့သော ဂျီစီဘီအေအသင်းချုပ်ကြီး၏ ပြည်လုံးကျွတ် အထူးအစည်းအဝေးကိုကျင်းပ၍ ဦးမြင့်အဆိုတင်သွင်းခဲ့သော ရန်ကုန်တက္ကသိုလ် ပထမကျောင်း သားသပိတ် စတင်မှောက်ခဲ့သည့် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ရန်အုတ်ဖိုမြို ့ မှ ကိုဟန်ဆိုသူက ထပ်မံအဆိုပြုရာကွမ်းခြံကုန်းနှင့် နတ်တလင်းမြို့မကိုယ်စားလှယ်တိုက ထောက်ခံခဲ့သဖြင့် အမျိုးသားနေ ့အဖြစ်အတည်ပြုကာ ယနေ့တိုင် ကျင်းပ လာခဲ့သည်။
၁၉၃၄ ခုနှစ် ဒီဇင်ဘာလတွင် အမျိုးသားနေ့ကို ကျောင်းပိတ်ရက်အဖြစ် ပြဋ္ဌာန်းရန် ထိုစဉ်က ပညာရေးဝန်ကြီးအဖြစ် ဆောင်ရွက်နေသော ဒေါက်တာဘမော်က ကြေညာခဲ့သည်။ ၁၉၃၅ ခုနှစ် နိုဝင်ဘာလ ၁၉ ရက် (၁၂၉ရ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်) အင်္ဂါနေ့တွင် ကျရောက်သော အမျိုးသား အောင်ပွဲနေ့တွင် ရန်ကုန်တက္ကသိုလ်အာဏာပိုင်များက ပထမဆုံးအကြိမ် ကျောင်းပိတ်ပေးခဲ့ရသည်။
ကျောင်းသားကြီး (၁၁) ဦး ရန်ကုန်ယူနီဘာစီတီအက်ဥပဒေကို ကန့်ကွက်ဆန္ဒပြရန် သစ္စာအဓိဋ္ဌာန် ပြုခဲ့သည့် ရွှေတိဂုံစေတီတော်အနောက်တောင်ထောင့် (စနေထောင့်ရှိ) ဗောဓိပင်၏ အရှေ့ဘက်နေရာတွင်လည်း ၁၉၇၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့၌ အထိမ်းအမှတ် မော်ကွန်းကျောက်တိုင်ကြီးကို တည်ဆောက်၍ အခမ်း အနားဖြင့် ဖွင့်လှစ်ခဲ့သည်။ အထိမ်းအမှတ်ကျောက်တိုင်တွင် ကျောင်းသားကြီး ၁၁ ဦး ၏ အမည်နှင့် သစ္စာ အဓိဋ္ဌာန်ပြုခဲ့သော ရက်စွဲကို မြန်မာ၊ တရုတ်၊ အင်္ဂလိပ်၊ ရုရှ (၄) ဘာသာဖြင့် ရေးထိုးကမ္ဗည်းတင်ထားသည်။
သို့သော် အဆိုပါ အထိမ်းအမှတ်ကျောက်တိုင်သို့ ဆန္ဒပြကျောင်းသားများနှင့် ရဟန်းရှင်လူတို့ လာရောက်ဂါရဝ ပြုသည်ဟူသော အကြောင်းပြချက်ဖြင့် ၂၀၀ရ ခုနှစ်မှစ၍ ပိတ်ထားခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီလ ၁ရ ရက်နေ့ (နှစ်ဆန်း ၁ ရက်နေ့) တွင် သပိတ်မှောက်သစ္စာအဓိဋ္ဌာန်ပြုခဲ့သည့် မော်ကွန်းကျောက်စာကို အများပြည်သူလေ့လာနိုင်ရန် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။
မည်သို့ဆိုစေ…သမိူင်းအစဉ်အလာကြီးမားခဲ့သောအမျိုးသားနေ ့ကိုမမှေးမမှိန်သင့်ပေ။
“သမိုင်းဟူသည် အတိတ်၏ နိုင်ငံရေးဆောင်ရွက်ချက်ဖြစ်သလို၊ နိုင်ငံရေးဟူသည် ပစ္စုပ္ပန်၏ သမိုင်း” ပင်ဖြစ်သောကြောင့် သမိုင်းမဖုံးကွယ်သင့်သလို သမိုင်းကို ပြင်၍လည်းမရပေ။ မိမိနို်င်ငံနှင့် လူမျိုး၏ သမိုင်းကြောင်းကို လူထုတရပ်လုံး နားလည်သဘောပေါက်စေ၍ ယနေ့နိုင်ငံရေးဖြစ်စဉ်များကို ချိန်ထိုး လေ့လာရန် အမျိုးသားရေးလက္ခဏာများ၊ သမိုင်းအမွေအနှစ်များ၊ ဝံသာနုစိတ်ဓာတ်များကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်မှာ လူတိုင်း၏တာဝန်ဖြစ်ကြောင်း ၉၂ နှစ်ပြည့် အမျိုးသားနေ့တွင် စေတနာကောင်း ဖြင့် တင်ပြလိုက်ပါသည်။”
ဤသို့ဆိုလျှင် မြန်မာတစ်မျိုးသားလုံး၏ အမျိုးသားနှင့် ပက်သတ်သည့် အကြောင်းအရာများကို ပြည့်ပြည့်စုံစုံမဟုတ်တောင်မှ လုံလုံလောက်လောက်တော့ လေ့လာလို့ရသွားပြီလို့ထင်ပါသည်။
သမိုင်းကိုမသိရင် လူအ။ သမိုင်းအလွဲကိုသိရင် လူရူးဆိုသော အဖြစ်မှ ကျွန်တော်တို့အားလုံး လွတ်မြောက်ရန်ကြိုးပန်းကာ သမိုင်းအသစ်များကိုရေးရင်း သမိုင်းဟောင်း၊ သမိုင်းကောင်းများကို မမေ့သောသူများဖြစ်ရန် အချိန်ကျရောက် ပါလေပြီ။ ။
မှတ်ချက်။ ။ခွင့်မတောင်းပဲ ကိုးကားချက်များ ပြုလုပ်ခဲ့မိသည့်အတွက် Small Library for အဝေးရောက်မြန်မာကလေးများ နှင့် http://moemaka.com ကို တောင်းပန်ပါကြောင်းနှင့် အထူးပင် ကျေးဇူးတင်မိပါကြောင်း…
2 comments
Good™
December 8, 2012 at 8:47 pm
ဒီနေ့ ဒီ အချိန်မှာ ဘာကောင် ပဲ ဖြစ်နေနေ ကျောင်းသားဘဝ ကို တော့ ကျော်ဖြတ် ကြရတာချည်း ပါဘဲ။
အမျိုးသားနေ့ ဒီနေ့ ရုံးပိတ်ပေ မဲ့ ကိစ္စနဲ့ အပြင် ခဏ ထွက် ရတော့ သတိထား မိတာ လိုင်းကားတွေ ဘာ အလံ မှာ မထိုးထားဘူး ဗျာ။ တချို့ နေ့ တွေ မှာ အလံလေး တွေ နဲ့ ဂုဏ်ပြု ကြတာ မြင် မိလို့ ပါ။
Mobile
December 8, 2012 at 10:16 pm
ဝင်ရောက်မွှေနှောက် အားပေးသွားပါကြောင်း