“လူ့စိတ်ဆိုတာ မျောက်စိတ်နဲ့တူတယ် (၁)”(EPISODE 20)
စာရေးဆရာဖြစ်လာတဲ့အခါ စာဖတ်ပရိသတ်ဆီက သူ့အကြောင်းကိုယ့်အကြောင်း ဆွေးနွေးနှီးနှောတဲ့စာတွေ ကမာ္ဘအရပ်ရပ်က လာကြပါတယ်။ လူမျိုးမရွေး ဘာသာမရွေး၊ ဆင်းရဲချမ်းသာ၊ ပညာနိမ့်မြင့် ဘယ်အဆင့်မှာပဲရှိရှိ၊ မိသားစုရယ်လို့ ဖြစ်လာကြရင် အိမ်တွင်းရေးဆိုတာလည်း ရှိစမြဲပဲ။ မိသားစုအတွင်းမှာလည်း ခြေပုန်းခုတ်တာတွေ၊ အတွင်းကျိတ်ကျိတ်ကြံတာတွေ၊ မနာလိုဝန်တိုစိတ်တွေ။ နောက်ကျောကို ဓါးနဲ့ထိုးတာတွေက ထူးတော့ မထူးဆန်းဘူး။ အားလုံးဟာ ပုထုဇဉ်တွေချည့်ပဲ မဟုတ်လား။ တစ်ယောက်ကောင်းစားသွားလို့ တစ်မိသားစုလုံး ပြန်စောင့်ရှောက်နိုင်တာရှိသလို တခါတရံတော့လည်း တစုံတယောက်အတွက်နဲ့ တစ်မိသားစုလုံး ရေစုန်မျောသွားရတာတွေလည်း ရှိတယ်။ တွေ့ဖူးသလောက် တော်တော်များများကတော့ အရွယ်ကလေး မဟိုင်းတဟိုင်း၊ အချစ်ရေး၊ အိမ်ထောင်ရေး အဆင်မပြေ၊ စီးပွားရေး ချွတ်ခြုံကျ၊ အလုပ်ကလက်မဲ့ဆို ညစ်တွန်းတွန်းပြီး ဘယ်သူ့ညှော်ရမလဲ ဗြောင်းဆန်သွားအောင် မွှေပစ်လိုက်မယ့်သူတွေချည့်ပဲ။ (ဟုတ်တာမဟုတ်တာတော့ သိဘူးနော်။ သူပြောထားတာ ဘာသာပြန်ပေးရတာ)
မမကြီးလီဒီယာဟာ အဲလိုမိန်းမထဲမှာ ပါတယ်။ တွေးရင်းတွေးရင်းနဲ့မှ ပေါ်လာတာ။ သူလည်း ကိုယ့်ကို ဘယ်အချိန်ကတည်းက အမြင်ကပ်နေမှန်းတောင် မသိဘူး။ ယင်းမာထင်တာကတော့ အနှစ် ၃ဝ လောက်ကွဲကွာနေပြီး ဘေကျင်းလေဆိပ်မှာ ပြန်တွေ့ကတည်းက နေမှာ။ ဘယ်တုန်းကမှ သူအထင်မကြီးခဲ့တဲ့ အငယ်ဆုံးညီမလေးက အမေရိကားပြန် ဆရာဝန်မကြီးအဖြစ်နဲ့ တသွေးတမွေး ဖြစ်လာတော့ စိတ်ထဲမှာ “မုန်းစရာကောင်းလိုက်တာ” လို့တော့ အောင့်မေ့မှာပဲ။ ပိုဆိုးတာက တသက်လုံး ငယ်နိုင် အဲဒီကောင်မလေးကို ကိုယ့်သားသမီးတွေ ရှေ့မှာ ခခယယ ဆက်ဆံနေရတာကြောင့်ပေါ့။ “ဒင်းတို့တတွေ အမေရိကားခေါ် ကျောင်းထားပေးဖို့အရေး ငါ့မှာ မချစ်သော်လည်း အောင့်ကာနမ်းပြနေရတယ်။” လို့များ တွေးသလား မသိဘူး။ အဲဒီခံစားချက်တွေ အားလုံးကို လူမသိအောင် ဖုံးဖိဟန်ဆောင်ပြီး အငြိုးနဲ့တေးထားပြီး အကွက်ကောင်းစောင့်နေပုံရပါတယ်။
မေမေလေးမဆုံးခင်နှစ်က ယင်းမာတို့ကိုု ဟောင်ကောင်မှာ ထမင်းဖိတ်ကျွေးပါသေးတယ်။ တကယ်ဆို အဲဒီအချိန်ကတည်းက ယင်းမာကို အမွေပြတ်စွန့်လွှတ်ထားပြီးသားပေမယ့် ဘာဖြစ်လို့များ ဟန်ဆောင်ကြင်နာမှုတွေနဲ့ အသေးစိတ် ဂရုတစိုက်ပြနေခဲ့သလဲဆိုတာ အဖြစ်မှန်တွေ သိလိုက်ရတဲ့အထိလည်း မတွေးတတ်သေးပါဘူး။ အံအားသင့်ရင်းက သူ အဲဒီတုန်းကတောင် ဘာမှ မပြောပဲ နေနိုင်သေးပါရောလားဆိုတဲ့စိတ်က ပိုပြီးနာကျင်စေတာမို့ လက်စသတ်တော့ သူက ငါ့ကို အခုလို အငိုက်မိပြီး စူးစူးနစ်နစ် ခံစားစေချင်တာကြောင့် ဖြစ်လိမ့်မယ် လို့ တွေးမိပါတယ်။ သူ့ဘက်ကသိနေလျက်သားနဲ့ ဘာမှမသိသေးတဲ့ကိုယ့်ကို ကြောင်ကကြွက်ကိုကစားသလိုကစားပြီး အကဲခတ် အရသာခံချင်တာ နေလိမ့်မယ်။ ဒီကတော့ အရူးမကြီးပေါ့လေ။ သူပြောသမျှ အဟုတ်ကြီးမှတ်လို့ တကယ်တွေ လိုက်လိုက် စီစဉ်၊ သူက နောက်ဆုံးမိနစ်ရောက်တော့မှ ကပ်ကပ်ဖြုတ်သွားပြီး ကွယ်ရာမှာ ဟားနေမလားတောင် မသိဘူး။
မပြန်ခင်ညက သူ့ကို ထမင်းပြန်ဖိတ်ကျွေးတော့လည်း ဂျီမ်းစ်တစ်ယောက်တည်း ရောက်လာတယ်။ “မေမေလေးက နေမကောင်းလို့ မလာဖြစ်တော့ဘူး။” ဆိုတဲ့အထိ အဟုတ်မှတ်နေသေးတာ။ စိတ်ပူလို့ ဘာများဖြစ်သလဲ ဖုန်းခေါ်တော့လည်း မကိုင်ဘူး။ “ဒါဆိုလည်း နက်ဖြန်မနက် လေဆိပ်မဆင်းခင် သူ့အရင် ဝင်သတင်းမေးတာပေါ့။” ဆိုတော့ ဂျိမ်းစ်က သူလာခေါ်မယ်တဲ့။ ဒါပေမယ့်သူက မေမေလေးဆီကိုသွားဖို့ လာခေါ်တာ မဟုတ်ဘူး။ မသွားခင် ဖေဖေ့အုတ်ဂူကို ဝင်ကန်တော့သွားဆို သချင်္ိုင်းကိုပဲ လိုက်ပို့တာ။ ဟိုမှာ ငိုရင်းယိုရင်း အချိန်ကုန်သွားတော့ မဝင်ဖြစ်တော့ဘူး။ အဲဒီနောက် မေမေလေးနဲ့လည်း မတွေ့ရတော့ဘူး။ အခုမှ ပြန်စဉ်းစားကြည့်တော့ ဂျိမ်းစ်တစ်ယောက်လည်း အဲဒီအချိန်ကတည်းက သိနှင့်ပြီး တစိတ်တည်း တဝမ်းတည်းရှိခဲ့ကြပြီးသားပေါ့။ တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ဆိုပါတော့လေ။
ရွက်ကြွေတော စာအုပ်ထုတ်ပြီးတော့ ဂျိမ်းစ်ကို ဖုန်းခေါ်ဖို့ အကြိမ်ကြိမ် ကြိုးစားကြည့်သေးတယ်။ မာကြောင်းသာကြောင်း ခင်ကြောင်းမင်ကြောင်း ပြောဖို့နေနေသာသာ အဲဒီအချိန်မှာ သူ မကြားချင်ဆုံးက ကိုယ့်အသံဖြစ်လိမ့်မယ်။ သူ တသက်လုံး မေ့မေ့ပျောက်ပျောက်နေခဲ့တဲ့ အကြောင်းတွေကို ကိုယ်က အစဖော်မိတာကိုး။ မျက်နှာချင်းဆိုင် လူချင်းတွေ့ပြီး ရန်ဖြစ်ရမှာ၊ အမုန်းပွားရမှာထက်စာရင်တော့ ကိုယ့်ဘာသာကိုယ် ငယ်ငယ်တုန်းက ချစ်စရာခင်စရာ အကြောင်းကလေးတွေ ပြန်ပြန်တွေးပြီး သည်အတိုင်းထားလိုက်တာပဲ ကောင်းပါတယ်လေ။ အင်္ဂလန်မှာတုန်းက သူက ကမ်းဘရစ်ချ်မှာ ကောလိပ်တက်နေတာဆိုတော့ တနင်္ဂနွေဆိုရင် လန်ဒန်က ရထားကလေးနဲ့ သူ့ဆီသွားပြီး ကော်ဖီလေးဘာလေးသောက် စကားစမြည်ပြော၊ နေပူဆာလှုံ လမ်းလေးဘာလေးလျှောက်ပေါ့။ ပျော်စရာကောင်းလိုက်တာ။ အဲလိုအချိန်တွေ ပြန်မရနိုင်တော့ဘူး။ အဲဒီတုန်းကဆို “နင်တို့ တနေ့ကျ သည်လိုအဖြစ်မျိုးနဲ့ စိတ်ဝမ်းကွဲကြရမှာ” လို့ ကောင်းကင်တမန်ကြီးက လာပြောပြရင်တောင် ဟားတိုက်ရယ်လွှတ်လိုက်ကြမှာ။ ယင်းမာက အဲဒီတုန်းက ရည်းစားရနေပြီ။ ကားလ် တဲ့။ ဂျိမ်းစ်က ပြောတာ “နင် သူနဲ့ ဖြစ်မှာ မဟုတ်ပါဘူး။” ဆိုပဲ။ “နင်က သူ့အကြောင်း ဘယ်လောက်သိလို့ ဖြစ်မှာ မဟုတ်ပါဘူး ပြောရတာလဲ။” ဆိုတော့ “အေး။ ငါ သူ့အကြောင်း ဘာမှမသိဘူး။ ဒါပေမယ့် နင့်အကြောင်းတော့ သိတယ်လေ။ နင့်စိတ်နဲ့ဆို ဖြစ်မှမဖြစ်တာ။” လို့ ဖြေတယ်။ ယင်းမာက “လူချင်းမြင်ဖူးအောင် ကိုယ်တိုင် လာစကားပြောကြည့်ပါဦး” ဆိုတော့ သူက “လိုမှ မလိုတာ။ သူနင့်အပေါ်မှာ အသာစီးယူ အမြတ်ထုတ်နေတာတွေ အသိသာကြီးပဲ။ အင်္ဂလန်မှာ လူတစ်ယောက်ကို နင့်ဘက်က ရိုးမြေကျရည်ရွယ်ပေမယ့် သူ့ဘက်က အဲသလို ရည်ရွယ်ချင်မှ ရည်ရွယ်ထားမှာပေါ့။ လူ့စိတ်ဆိုတာ မျောက်စိတ်နဲ့တူတယ်ဆိုတာ နင် မကြားဖူးဘူးလား။” တဲ့။ “Ren xin nan ce” (The human heart is difficult to fathom). ဆိုတဲ့ စကားပုံကို သုံး သွားတယ်။
အဲဒီစကားပုံကို ဂျိမ်းစ်ထက်အရင် သုံးသွားဖူးသူကတော့ ရှီဂျီကျမ်းရေးသူ စီမာချန်ပါပဲ။ စစ်သူကြီးဟန်ကျင်း ချီနိုင်ငံကို ဝင်သိမ်းလိုက်တဲ့အခါ ချီဘုရင်က ထွက်ပြေးပြီး ရှန်းယုဆီ စစ်ကူတောင်းပါတယ်။ ချီ ပြီးရင် ချူ ဘက်ကိုလှည့်လာမယ်မှန်းသိတဲ့ ရှန်းယုက ကမန်းကတမ်း စစ်သည်နှစ်သိန်းကို စစ်သူကြီးလောင် အုပ်ချုပ်စေပြီး စစ်ကူလွှတ်လိုက်တယ်။ ချီနန်းတွင်းက အကြံပေးတစ်ယောက်က အဲဒီစစ်သူကြီးလောင် ဆီလာပြီး “ဟန်ကျင်းတို့ တပ်က စစ်ပန်းနေတယ်။ နယ်မြေ အနေအထားလည်း မကျွမ်းကျင်ဘူး။ ခံစစ်ကို လုံအောင်ကာပြီး တိုက်စစ်မစပါနဲ့ဦး။ စစ်ပြေးလာတဲ့ ချီဘုရင်မင်းမြတ်ကို နန်းတွင်းက သူ့မူးမတ်တွေနဲ့ ဆက်သွယ်ပါစေဦး။ သူတို့တိုင်းပြည်က ရှင်ဘုရင်ကိုယ်တိုင် ဦးဆောင်တယ်လို့ အများပြည်သူသိသွားမှ အတွင်းအပြင် အုံကြွတော်လှန်မှုတွေ ဖြစ်လာပါလိမ့်မယ်။” လို့ဆိုသတဲ့။ ဒီအခါ လောင်စစ်သူကြီးက “ငါ ဟန်ကျင်းအကြောင်း ကောင်းကောင်းသိပါတယ်။ ငါတို့က တစ်နယ်တည်းသားတွေပါ။ ငါ့အရှင်ရှန်းယုက ချီဘုရင်မင်းမြတ်ကို တယ်တင်ဖို့ စေလွှတ်လိုက်တဲ့အခါ ဟန်ကျင်းနဲ့ ရင်ဆိုင်မတိုက်ရပဲ သူ့ဘာသာ လက်နက်ချရုံနဲ့ ငါ့အတွက် အကျိုးရှိမှာ မဟုတ်ဘူး။ တိုက်ပွဲမှာ ရဲစွမ်းသတ္တိ ပြနိုင်မှ ဆုတော်လာဘ်တော် ရမှာပေါ့။” လို့ ပြန်ပြောပါသတဲ့။
ဟန်ကျင်းနဲ့ လောင်စစ်သူကြီးတို့ ထိပ်တိုက်တွေ့တဲ့အခါ ဝေမြစ်ကမ်းပါးမှာပါတဲ့။ ဟန်ကျင်းဘက်က စစ်သည်တစ်သောင်းကို တိုက်ပွဲမစခင် ညအမှောင်မှာ သဲအိပ်တွေ သယ်စေပြီး မြစ်ညှာမှာ တမံတုတ်ခိုင်းထားနှင့်တယ်။ တကယ်စစ်တိုက်တဲ့နေ့ကျ ရေကူးကျွမ်းကျင်တဲ့ တပ်သားတွေကို စစ်မြှုပြီး ရေတိမ်နေတဲ့ မြစ်လယ်ခေါင် ရောက်အောင် ခေါ်လာစေတယ်။ ချူစစ်သည်တွေ မြစ်လယ်မှာ အများအပြားစုမိလောက်တော့ ရုတ်တရက်ကြီး တပ်ဆုတ်သွားတဲ့ဟန်ကျင်းတို့တပ်တွေကို ကြည့်ပြီး လောင်စစ်သူကြီးက “ကဲ ငါ မပြောလား။ ဟန်ကျင်းက ကြောက်တတ်ပါတယ် လို့” တဲ့။ သူ့စကားမှ မဆုံးသေးဘူး။ မြစ်ညှာမှာ ပုန်းပြီးစောင့်နေတဲ့ တပ်တွေက သဲအိတ်တမံကို ဖြိုချပလိုက်တော့ မြစ်ရေတွေ ဝေါကနဲဆင်းလာပြီး စစ်သူကြီးလောင်ပါ ရေထဲမျောပါသွားလေရော။ ဒါနဲ့ပဲ ဟန်ကျင်းက တိုက်ပွဲတစ်ပွဲ အောင်ပြန်တယ်။
အဲဒီအချိန် ချန်ကောင်းမှာ ရှန်းယုနဲ့လျူဘန်က အပြန်အလှန်တိုက်ခိုက်နေကြဆဲပါ။ လျူဘန်က ကျွမ်းယန်လိုက်လာပြီး ဟန်ကျင်းဆီကတပ်တွေ မ သွားတာတောင် လက်ရည်က မညီသေးဘူး။ သူ့အတိုင်ပင်ခံကြီးတွေက အကြံပေးသလို ထိပ်တိုက်ရင်မဆိုင်ပဲ ပျောက်ကျားစံနစ်နဲ့ တိုက်နေသူ ဖုန် စစ်သူကြီးဆီကို စစ်သည်နှစ်သိန်း၊ မြင်းရည်တက် ရာပေါင်းများစွာ စစ်ကူပို့ပြီး ရှန်းယုတပ်ကို ရိက္ခာဖြတ်နိုင်ဖို့အရေး သည်းကြီးမည်းကြီး လုံးပန်းနေတယ်။ ဖုန်ယုတို့ ပျောက်ကျားတပ်ပေါင်းစုက ရှန်းယုကိုရှောင်ပြီး တစ်မြို့ပြီးတစ်မြို့လိုက်သိမ်းလာတာ မြို့ပေါင်း ၇ဝ လောက် ရှိလာတော့ ရှန်းယုလည်း မျက်ခုံးလှုပ်လာပြီး ချန်ကောင်းက ခဏထွက်လို့ ဖုန်ယုကို လိုက်နှိမ်နှင်းရပြန်တယ်။ အခွင့်ကောင်းစောင့်နေတဲ့ လျူဘန်က မြစ်ဝါမြစ်ကိုဖြတ်ပြိး ချန်ကောင်းမြို့ကို ဝင်သိမ်းလိုက်ရော။ တဆက်တည်းဆိုသလို အောစပါးကျီကိုပါ ဝင်တိုက်ပြီး လုံခြုံရေးအစောင့်အရှောက် ထူထပ်စွာ တပ်စွဲထားလိုက်တော့တယ်။
ရှန်းယုဟာ ဖုန်စစ်သူကြီးကို အနိုင်တိုက်ပြီး မြို့တော်ဆယ်မြို့လောက် ပြန်သိမ်းခဲ့နိုင်ပေမယ့်လည်း အနယ်နယ် အရပ်ရပ်က ကြားရတဲ့ စစ်သတင်းတွေကတော့ မဟန်လှဘူး။ ချန်ကောင်းက လျူဘန့်လက် ပါသွားပြီ။ သူ့တပ်တွေက ကျွမ်းယန်မှာ အဝိုင်းခံထားရတုန်း။ ချီကို စစ်ကူလွှတ်လိုက်တဲ့ လောင်စစ်သူကြီးကလည်း ဟန်ကျင်းလက်ချက်နဲ့ ကျသွားပြီ။ ကျွမ်းယန်ကို အချိန်မီပြန်ရောက်ပြီး ဝိုင်းထားတဲ့တပ်တွေကို ဆုတ်သွားအောင် တိုက်ထုတ်နိုင်ပေမယ့်မည်း လျူဘန်က ရိက္ခာအတွက် အားကိုးနေရတဲ့ အောစပါးကျီကို အခိုင်အမာ ပြုထားတယ်။ ဒီလိုနဲ့ ရှန်းယုနဲ့လျူဘန်ဟာ တစ်ယောက်နဲ့တစ်ယောက် အလစ်မပေးပဲ မာန်ဖီကာစောင့်ကြည့်နေကြပေမယ့် ဘယ်သူကမှ တိုက်ပွဲ မစကြပဲ အရိပ်အခြေ ကြည့်နေကြသတဲ့။ နှစ်ဘက်စလုံးက စစ်သည်တွေကလည်း ခြေကုန်လက်ပန်းကျကုန်ကြပြီဆိုတာ သိတော့ တနေ့မှာ နှစ်ယောက်သား လျှိုကလေးတစ်ခုရဲ့ တဘက်တချက်မှာ လှမ်းအော်ပြီး စကားပြောကြသတဲ့။ ရှန်းယုက လျူဘန် နဲ့ စီးချင်းထိုးဖို့ စိန်ခေါ်ပေမယ့် လျူဘန်က လုံးဝလက်မခံနိုင်ကြောင်းပြောပြီး ပြစ်ချက်ဆယ်ချက်နဲ့ အကြောင်းပြပါတယ်။ (တိုက်မတိုက်ရသေးဘူး။ နောက်ကြောင်းပြန်လှည့်ပြီး စစ်ခုံရုံးတင်မယ် ကြုံးဝါးနေတဲ့သူကရှိသေး)
“ဟိုးအရင်အစကတည်းက တံခါးအတွင်းနယ်မြေတွေ(ကွမ်ဆောင်းမြို့)ဟာ ရှန်းယန်မြို့ကို အရင်သိမ်းနိုင်တဲ့သူ ရစတမ်း လို့ ကတိထားခဲ့ပေမယ့် မလိုက်နာဘူး။ အဲဒါ ပထမ ပြစ်ချက်။
ဂျူလူတိုက်ပွဲမှာ ကိုယ့်အထက်အရာရှိ စစ်သူကြီးဆုန်ယိရဲ့ အမိန့်ကို မနာခံတဲ့အပြင် ကိုယ်တိုင်ခေါင်းဖြတ်ပြီးမှ ချူဘုရင်မင်းမြတ်က သုတ်သင်ခိုင်းလိုက်တယ် လို့ အမိန့်တော်အတု ထုတ်ပြန်စေခဲ့တယ်။ ကိုယ့်သဘောနဲ့ကိုယ် စစ်သူကြီးချုပ်ရာထူးရယူခဲ့တယ်။ အဲဒါ ဒုတိယအပြစ်။
ဂျူလူမြို့ကို ဝန်းရံထားတဲ့ ချင်တပ်တွေကို ချေမှုန်းပြီးရင် ချူဘုရင်မင်းမြတ်ဆီပြန်ပြိး အမိန့်တော်နာခံရမယ့်အစား နယ်စားတွေဆီက စစ်အင်အားကို အတင်းအကြပ် သိမ်းယူ အားဖြည့်ပြီး တံခါးအတွင်းနယ်မြေတွေကို စစ်ချီခဲ့တယ်။ အဲဒါ တတိယပြစ်ချက်။
ငါတို့စစ်မထွက်မီက ချူဘုရင်မင်းမြတ်ထံမှာ ကွမ်ဆောင်းမြို့ထဲ (တံခါးအတွင်းနယ်မြေထဲ) ဝင်တဲ့အခါ မယုမယက်ပါဘူး။ မခိုးမဝျက်ပါဘူး။ မုဒိန်းကျင့်၊ မီးရှို့၊ လူသတ်မသတ်ပါဘူး လို့ ကတိပြုခဲ့ကြတယ်။ သင်မလိုက်နာဘူး။ စတုတ္ထပြစ်ချက်။
ချင်မင်းဆက်ရဲ့ နောက်ဆုံးဧကရာဇ် ဇီယင်းမင်းသားကြီးဟာ သင့်ထံမှာ အကြွင်းမဲ့ လက်နက်ချ အညံ့ခံပြီး ဖြစ်ပါလျက် အကြောင်းပြချက် တစုံတရာ မရှိပဲ မိသားစုလိုက် သတ်ဖြတ်စီရင်ခဲ့တယ်။ ပဉ္စမပြစ်ချက်။
သင့်ကတိစကားကို ယုံကြည်လို့ လက်နက်ချထားတဲ့ ချင်စစ်သည်တော်နှစ်သိန်းကို အရှင်လတ်လတ် မြေမြှုတ်သတ်စေခဲ့ပြီး အကျင့်ပျက် စစ်ဗိုလ်ချုပ်တွေကိုတော့ နယ်စားပယ်စား ဘုရင်ခံများခန့်ခဲ့တယ်။ ဆဋ္ဌမပြစ်ချက်။
ဂျူလူတိုက်ပွဲအပြီးမှာ ကိုယ့်ကိုယ်ကိုယ် ဘုရင်အဖြစ် သွေးနားထင်ရောက်လာပြီး သိမ်းပိုက်ထားတဲ့နယ်မြေတွေကို ထင်သလို ခွဲခြမ်းပေးဝေခဲ့တယ်။ မူလပိုင်ရှင် နယ်စားပယ်စားတွေကို အရာချ နယ်နှင်ဒဏ်ပေးပြီး ဆူပူမှု၊ ပုန်ကန်မှု၊ မငြိမ်မသက်မှုတွေကို ဖန်တီးခဲ့တယ်။ သတ္တမပြစ်ချက်။
ကိုယ့်အရှင်သခင် ချူဘုရင်မင်းမြတ်ကို မောင်းထုတ်ပြီး ပေါင်းချန်မြို့အပါအဝင် ချူနိုင်ငံအဝှမ်းကို သိမ်းယူခဲ့တယ်။ အဲဒါ အဋ္ဌမပြစ်ချက်။
ချူဘုရင်မင်းမြတ်ကို ကျွမ်းနန်မြို့ကို ပြည်နှင်ဒဏ်ပေးပြီး နောက်က တိတ်တဆိတ်လိုက် လုပ်ကြံစေခဲ့တာကတော့ နဝမပြစ်ချက်။
ပြည်သူတစ်ယောက်ဖြစ်လျက် ကိုယ့်အရှင်သခင် ကိုယ့်ဘုရင်ကို ပြန်သတ်တယ်။ စစ်သူကြီးတစ်ယောက်ဖြစ်လျက် လက်နက်ချ စစ်သုံ့ပန်းတွေကို သတ်ဖြတ်တယ်။ အုပ်ချုပ်သူတစ်ယောက်ဖြစ်လျက် အဂတိလိုက်စားတယ်။ ယောင်္ကျားတစ်ယောက်ဖြစ်လျက် ကတိမတည်ဘူး။ အဲဒီအကုသိုလ်မျိုးကို မိုးအောက်မြေပြင် ဇမ္ဗူတခွင်လုံးမှာ သည်းခံခွင့်လွှတ်နိုင်စရာ မရှိဘူး။ အဲဒါ နောက်ဆုံးပြစ်ချက်။ (ဒီတစ်ချက်တော့ တော်တော်ထိသကွာ။ ဒီဘက်ထဲထကို လာထိတာ)။
အဲလိုလူမျိုးကို ငါကိုယ်တိုင်ထွက်တိုက်ဖို့ မတန်ဘူး။ ထောင်ထွက်တစ်ယောက် လွှတ်လိုက်မယ်။ သူနဲ့သာ စီးချင်းထိုးလိုက်။” လို့ ပြန်အော်ပြောသတဲ့။
လျူဘန့်စကားလည်းကြားရော ရှန်းယုက ဆွေ့ဆွေ့ခုန်သွားပြီး ဝှက်ယူလာတဲ့ လေးနဲ့ ပစ်လိုက်တာ ရင်ဘတ်ကို မှန်ပါလေရော။ ဒါပေမယ့် လျူဘန်က သူ့တပ်သားတွေရှေ့မှာ ဘာမှမဖြစ်တဲ့ဟန်နဲ့ ခြေထောက်ကလေး လက်နဲ့ဆုပ်ပြီး “ဒီခွေးသားလေးပစ်တာ ငါ့ခြေသန်းလေး မှန်သွားပါပြီ။” လို့ အော်ပြီး ပြန်ဆုတ်လာသတဲ့။
ကိုယ်ရံတော်တွေက “အမေ ပူလား ဟင်” လို့မေးလိုက်။ လျူဘန်က “သားရေ။ ပူဘူးတော့။ ပူဘူးတော့။” နဲ့ ဖြေလိုက်လုပ်ရင်း တဲနန်းထဲ ပြန်ရောက်မှ ခွေကနဲ လဲတော့တယ်။ ဒါပေမယ့် အကြံပေးဆန်းလျန်က ဂျိုင်းကနေ မ ပြီး စစ်သည်တွေကြားမှာ လမ်းတွဲလျှောက်ပြခိုင်းသေးတယ်။ တော်တော်ကြာ တပ်သားတွေ သွေးပျက်ပြီး ရှန်းယုဆီ ဒီသတင်းရောက်လို့ကတော့ ညတွင်းချင်း လာတိုက်တော့မှာ မဟုတ်လား။ ခံလိုက်ရတာကတော့ သေလုမျောပါးပါပဲတဲ့။ သို့ပေမယ့် အသံတောင် မထွက်ရဲရှာဘူး။
အဲသလောက် သေကောင်ပေါင်းလဲဖြစ်နေတုန်းမှာမှ ချီနိုင်ငံက စစ်သူကြီးဟန်ကျင်းဆီက ဆက်သားနဲ့ စာပါးလာပါတယ်။ “အရှင့်ကျွန်ရင်း ဗိုလ်ဟန်ကျင်းသည် ချီဘုရင်မင်းမြတ်ကို လက်ရဖမ်းဆီး၍ လောင်စစ်သူကြီးကို အပြီးတိုင် သုတ်သင်နိုင်ခဲ့ပါပြီ။ သို့ရာတွင် ချီနိုင်ငံအဝှမ်းတွင် ဆူပူ မငြိမ်မသက်မှုများနှင့် မင်းမဲ့စရိုက်များ ဖြစ်ပေါ်နေပါသည်။ နန်းတွင်း၌လည်း ထီးနန်းဆက်ခံသူ မရှိသေး၍ အာဏာမတည်ပါ။ ချီနိုင်ငံသည် တစ်ဘက်တွင် ရန်သူတော် ချူနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေပါသောကြောင့် ငြိမ်သက်စွာ အုပ်ချုပ်မည့်သူ မရှိပါလျှင် ရန်သူဘက်မှ အခွင့်ကောင်းယူမည်စိုးရပါသည်။ သို့ပါ၍ ချီနိုင်ငံတွင် ယာယီအားဖြင့်ဖြစ်စေ ဘုရင်မင်းမြတ်တစ်ပါး ခန့်ထားပေးပါရန် လျှောက်တင်အပ်ပါသည်။” တဲ့။
စာလည်းဆုံးရော ဒေါသတွေထောင်းကနဲ ထွက်သွားတဲ့လျူဘန်ဟာ ဟန်ကျင်းလွှတ်လိုက်တဲ့ ဆက်သားကို “ငါကတော့ ဒီလိုရှေ့တန်းစစ်မျက်နှာက မခွာနိုင်ပဲ သေရာပါမယ့် ဒဏ်ရာကြီးနဲ့ ဟန်ကျင်းများ ငါ့လာကယ်ရင် ဘယ်လောက်ကောင်းမလဲ လို့ နေ့နေ့ညည မျှော်မိတယ်။ သူကတော့ စာကလေးတစ်စောင်ပါးပြီး သူ့ကို ချီနိုင်ငံမှာ နန်းတင်ဖို့ မငြင်းသာအောင် ချည်တုပ်နေတယ်။ …”
စကားမဆုံးခင်မှာပဲ အကြံပေးဆန်းလျန်နဲ့ ချန်ပင်းတို့က ကဗျာကယာ လက်ကုပ်ပြီး “လောလောဆယ် ရှေ့တန်းစစ်မျက်နှာက တို့ တပ်သားတွေဟာ ရှန်းယုနဲ့ အရေးမလှသေးဘူး။ ဒီကြားထဲ ဟန်ကျင်းက ချီနိုင်ငံမှာ သူ့ဘာသူနန်းတက်ဖို့ အရေးဆိုတာကို ကဏ္ဍကောစလုပ်ဦး မလို့လား။ သူ့ကို အဲဒီမှာ သူ့ဘာသူ ဘုရင်လုပ်ခိုင်းထားရင် ကိုယ့်အတွက် တစ်ရန်အေးတယ်။ သူ့တိုင်းပြည် သူဘုရင်ဆို သူလည်း သူ့ထီးနန်းသူ အသက်နဲ့လဲ ကာကွယ်မှာပဲ။ နို့မဟုတ်ရင် မြားဦးက သူ့ဆီကရော ရှန်းယုဘက်ကရော ကိုယ့်ဘက်လှည့်လာနိုင်တယ်။” လို့ နားနားကပ် တိုးတိုးတိုးတိုး ပြောလိုက်တဲ့အခါ အကင်းပါးတဲ့ လျူဘန်က မျက်နှာမပျက် လေယူလေသိမ်းကလေးတောင် မပြောင်းပဲ စကားလှအောင်ဆက်ပြောပြန်တယ်။
“ဒါပေမယ့်လည်း တစ်ဘက်ကကြည့်တော့ ဒုက္ခပေးနေတဲ့ ချီနယ်စားပယ်စားတွေကို ငြိမ်ဝပ်အောင် နှိမ်နှင်းနိုင်တဲ့ ဟန်ကျင်းရဲ့ အရည်အချင်းဟာ ချီ ထီးနန်းစည်းစိမ်နဲ့ ထိုက်တန်တာတော့ အမှန်ပဲ။ ဘာဖြစ်လို့များ ယာယီဘုရင်ခံကလေး ခန့်ဖို့ စာတတန်ပေတတန် လွှတ်နေရသလဲ မသိပါဘူး။ မင်းတိုင်ပင် အရာရှိကြီးဆန်းလျန်ကိုယ်တိုင် အမိန့်ပေးတံဆိပ်တော်နဲ့အတူ ချီနိုင်ငံလိုက်သွားပြီး ငါ့ကိုယ်စား ဟန်ကျင်းကို ချီဘုရင်မင်းမြတ်အဖြစ် ခန့်အပ်လိုက်ပါ။” လို့ ပြောပြီး “မကြာခင်မှာ ရှန်းယုရဲ့တပ်တွေနဲ့ တိုက်ပွဲမှာ ဟန်ကျင်းရဲ့ တပ်တွေကို အသုံးပြုနိုင်ဖို့ လိမ်မာစွာကိုင်တွယ်ခဲ့ပါ။” လို့လည်း တိုးတိုးတိတ်တိတ် မှာလိုက်သတဲ့။
credit to Dr Soe Min & Dr Yin Mar
One comment
Mobile
December 14, 2012 at 12:07 am
ပို့စ်ရဲ့ခေါင်းစဉ်က စာရေးသူ ကိုယ်တွေ့ဖြစ်ပုံရတယ်။
ဒီလိုပို့စ်ကိုတော့ဖြင့် ပို့စ်ထဲမှာ ပါတဲ့ နာမည်တွေကို ဖတ်ရတာ ဂွကျလွန်းလို့
တစ်ပိုင်းတစ်စ ဖတ်ပြီး ယခုလိုကွန်မန်းပေးခဲခြင်းဖြစ်ပါကြောင်းးးးးးးးးးးးးးးးးးးး