ခေတ်၏သမီးပျိုနှင့် ……….နီ
“အို့ ဆံပင်လေး ကောက်လာတာဘာဖြစ်လဲ၊ ဒါများ ရေးကြီးခွင်ကျယ်လုပ်လို့ သူများတွေ ဒီလို ကောက်နေကြတာပဲ မကြီးရဲ့“
မျက်နှာဆူပုတ်ပုတ်နှင့် ဧည့်ခန်းဆက်တီပေါ် လွယ်အိတ်ကို ပစ်ထည့်ပြီး ထိုင်ချလိုက်ပုံက မလေးမစားနှင့်။ ဆံပင်လိမ်လိမ် ခွေခွေ ကောက်ကောက်လေးတွေကိုမှ ခု ညီမလေး မီက လှတယ်ထင်သတဲ့။ ပုံစံက ပြေးလိုက်လို့မှမမီသည့် ခေတ်ရှေ့ပြေးပုံနှင့် နီ မီ့အတွက်ရင်လေးနေမိသည်။ နီ ကတော့ ကျောင်းဆရာမဆိုသော ဂုဏ်ပုဒ်နှင့်အညီ အိန္ဒြေအပြည့်နှင့် ရိုးရိုးယဉ်ယဉ်သာဝတ်ပြီး မြန်မာဆန်ဆန်နေခဲ့ရတာ။ ခုတော့ နီ လက်နှင့်ရေးသည်ကို ညီမလေးမီက ခြေနှင့်နောက်မှ ဖျက်နေပြီ။
“သူများတွေ ကောက်နေကြတာ ပိုက်ဆံကိုရေလို သုံးနေနိုင်တာကိုး။ မကြီးတို့က ဝန်ထမ်းတွေလေ။ ခု မီဆံပင်ကောက်လာတာ ဘယ်ကပိုက်ဆံနဲ့ ကောက်လာတာလဲ။ ပြောစမ်းပါဦး။ မီ့ကို ရေကြီးခွင်ကျယ် လုပ်နေတာမဟုတ်ဘူး။ အကျိုးသင့်အကြောင့်သင့် ပြောပြနေတာ။ “
ခုပင်လျှင် ပီကေလေး တဖောက်ဖောက်နှင့် မကြားသလို လုပ်နေပြန်သည်။ နီ မေးသည်ကို မီ မဖြေ။ သို့သော် အလွန်ပါးနပ်လှသော နီ ကတော့ မီ၏ ဟောင်းလောင်းပေါက်ဖြစ်နေသော နားတစ်ဖက်ကို လှမ်းမြင်လိုက်ရသည်။
“ကြည့်စမ်း မီ။ မီ့ နားကပ်ရော။ နားကပ်ရောလို့မေးနေတယ်“
“ရှိတော့ဘူး။ မီ ရောင်းလိုက်ပြီ။ အဲဒါနဲ့ ဆံပင်ကောက်လိုက်တာ“
“ဘုရား..ဘုရား.. “
“ခုမှ ဘုရားတမနေနဲ့တော့ မကြီးရေ။ မနေ့က မီ ပိုက်ဆံတောင်းတော့ ပေးမှ မပေးတာ“
နီ စိတ်တွေ အောက်ဆုံးထိရောက်သွားရသည်။
“မီ တောင်းတာ တစ်ထောင်နှစ်ထောင်မဟုတ်ဘူးလေ…။ သောင်းကျော်ကြီးတောင်။ မီ နားလည်စမ်းပါ။ မီ့ မမကြီးရဲ့ လခတစ်ဝက်ကျော်တောင်လေ။ ပြောစမ်း။ ပေါင်လိုက်တာလား။ ရောင်းလိုက်တာလား။ ဘယ်ဆိုင်မှာလဲ“
“ဘာလုပ်မလို့လဲ။ လုပ်မနေနဲ့။ အပြတ်ရောင်းခဲ့တာ။ စိတ်ညစ်တယ် မကြီးရာ။ ကျောင်းကပြန်ကတည်းက ပေါက်ပေါက်ဖောက်နေတော့တာ။ တော်ပြီ။ မီ ရေချိုးတော့မယ်။ “
ပြောပြောဆိုဆိုနှင့် ကဆုန်ပေါက်ထပြေးသွားသော နီနှင့် ဆယ်နှစ်သာကွာသော မြင်းရိုင်းမလေး မီမီကို နီ ရင်လေးစွာနှင့်သာ ကြည့်ပြီး ကျန်ရစ်ခဲ့ရသည်။
၁။ ။
“မီ ဖုန်းလိုချင်တယ်“
“ဘာရယ်“
ထမင်းစားနေရင်းက ကြားလိုက်ရသော စကားကြောင့် နီ့လက်ထဲက ထမင်းလုပ်က ပါးစပ်ထဲကိုမရောက်ပဲ လမ်းခုလပ်တွင် ရပ်တန့်နေသည်။ နီ မီကို စူးစူးရဲရဲကြည့်ပစ်လိုက်သည်။
“မီ့ကို မပြောချင်လို မကြီးကြည့်နေတာကြာပြီနော်။ ကိုယ့်အခြေအနေလေးကို ကိုယ်ပြန်ကြည့်မှပေါ့ မီ။ ခု ဖုန်းကဘာလုပ်ဖို့လဲ။ လိုအပ်လို့လား။ မကြီးတောင် ဖုန်းဆိုရင် PCOကဖုန်းတောင် ပြောဖူးတာမဟုတ်ဘူး။ ခုဖုန်းကလည်း နှစ်သိန်းကြီးများတောင်ဟဲ့ “
“မကြီးတို့က End Date တွေကို။ မီတို့ခေတ်က အင်တာနက်ခေတ်။ ITခေတ်။ အားလုံးက အမီလိုက်နိုင်မှ တော်ကာကျတာ။ ခု သူများတွေ ကျောင်းမှာ ဖုန်းတွေကိုင်နေလိုက်ကြတာများ ဟယ်လို ဟယ်လိုနဲ့။ မီလည်း ဟယ်လိုချင်တာပေါ့“
နီ သက်ပြင်းကို သိသိသာသာပင် ဟင်းခနဲ ချပစ်လိုက်သည်။ စားနေသည့် ထမင်းတောင် မြိုမကျတော့။
“သူများတွေ လုပ်တိုင်းတာ မီ လိုက်လုပ်ချင်လို့မရဘူးလေ။ ဟိုကဟာတွေက ဇောတိကတွေ။ မကြီးတို့က“
“ဘာလဲ ဝန်ထမ်းတွေ လို့ပြောဦးမလို့မလား။ ဝန်ထမ်းတွေလဲ ဖုန်းကိုင်နေကြတာပဲ။ အရစ်ကျပေးနေတယ်ဆိုတာ မကြီး သိရဲ့သားနဲ့။“
နီ မျက်လုံးပင်ပြူးချင်လာပါသည်။ ဘာမှမပြောချင်တော့၍ ထမင်းဝိုင်းမှထပြီး လက်ဆေးလိုက်သည်။ သည်ဟာမလေးကိုပြောရင်းလေကုန်လာသလို ခံစားရသည်။ နီ့ကိုများပြောသွားလိုက်တာ End Date တဲ့။ နီ အခန်းထဲ ဝင်ခဲ့ပြီး ကိုယ်လုံးပေါ်မှန်ရှေ့တွင် နှစ်ပတ် သုံးပတ်လောက် လှည့်ကြည့်လိုက်သည်။ ဟွန်း သည်ပုံကိုများ။ သည်လောက် မဟာဆန်ဆန် မြန်မာဆန်ဆန် ကြည့်ကောင်းနေတာကို။ ခါးတို ရင်စေ့လေးနှင့်။ မရမ်းရောင် ထမီကလေးနှင့်။
ဘယ်အချိန်က Date အောက်သွားလိုက်မှန်း နီ မသိလိုက်တာကတော့ အမှန်။
၂။ ။
ကျောင်းဆင်းချိန် ဖြစ်သဖြစ် လူတွေရှုပ်ထွေးလွန်းလှသည်။ နီ့ တပည့်လေးတွေ ဆွဲလာပေးသော လက်ဆွဲခြင်းကလေးကို လှမ်းယူလိုက်သည်။
“ရပြီ ကလေးတို့ သွားတော့။ သွားတော့“
ကျောင်းရှေ့ပရဝဏ်တွင် စက်ဘီး ဆိုင်ကယ်များဖြင့် ရှုပ်ထွေးလွန်းလှသည်။ သည်နေ့ကျောင်းဆင်းချိန် ညီမလေးမီ ကိုလာကြိုဖို့ နီ ပြောထားခဲ့သည်။ နီ့ သူငယ်ချင်း ခင်မာထွေးကလည်း သူမအိမ်မှ လာကြိုမည် ဖြစ်သောကြောင့် ကျောင်းပေါက်ဝသို့ နှစ်ဦးသား ထွက်လာခဲ့ခြင်းဖြစ်သည်။ ကလေးတွေ အနားကထွက်သွားတော့မှ ခင်မာထွေးက နီ့ကို လက်တို့ပြီး မျက်လုံးဖြင့် ပြသည်။
“နီ ဟိုမှာ နီ့ ညီမထင်တယ်။ ဟော့ရှော့ပဲ“
နီ ကြည့်လိုက်တော့။ မျက်လုံးများပင် ပြာဝေသွားခဲ့သည်။ ဆိုင်ကယ်လေးကို ဒေါင့်ထောင့်ပြီး လက်ကလေးပိုက်ပြီးမှီနေတာ။ ဝတ်ထားတာက လယ်ဟိုက်ဖန်စီ လက်ပြတ်ကလေးနှင့် ချက်ပေါ်လုလု။ အောက်က ဘောင်းဘီက ပေါင်ရင်းအထိတိုပါသော ဂျင်းဘောင်းဘီကလေး။ နီ့လို ကျောင်းဆရာမတစ်ယောက်ကို သည်လို ဝတ်စားဆင်ယင်ပုံမျိုးနှင့် လာကြိုသတဲ့။ နီ မီ့အနားကို လေဟုန်စီးပြီးသွားလိုက်သလို လစ်ခနဲရောက်သွားရသည်။
“မီ.. မီ ဘယ်လိုကြီးဝတ်လာတာလဲ။ မောင်းစမ်းမြန်မြန်။ ရှက်လိုက်တာအေ။ မောင်းစမ်း။ ဟိုမှာကြည့်နေကြတာတွေ့လား။“
“တွေ့သားပဲ။ မိုက်လို့ကြည့်တာနေမှာပေါ့။“
“ငါ လူကြားထဲခေါက်ထည့်လိုက်ရ။ လုပ်မြန်မြန်“
ခင်မာထွေး၏ အကြည့်တွေကို နီတွေ့လိုက်ရသည်။ အထင်သေးရှုံ့ချခြင်းဟု မမည်တောင် မနက်ဖြန်ကျောင်းချိန်တွင် တို့မိန်းကလေးတွေဆိုတာကနေ ဟိုး ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်တွေ အထိရောက်နိုင်သည်။
“ထိုင်စမ်း..ဒီမှာ။ မီ ဒီလို တိုတိုနှံ့နှံ့တွေ ဘယ်အချိန်က ခိုးဝယ်လိုက်တာလဲ။ကြည်စမ်း။ မီ ဝတ်ထားပုံက သိပ်ကို လျှပ်ပေါ်လော်လီတယ်ကွယ်။ ကြည့်ဦး။ ကြည်ဦး။ မိန်းကလေးတို့ရဲ့ မမြင်အပ်တဲ့ အလှတရားတွေကို ဒီလိုပဲ ဖောဖောသီသီနဲ့ လူတကာကိုလိုက်ပြနေသလိုဖြစ်နေတာ မီ မသိဘူးလား။ ဟင်။ ကြည့်ပါဦး။ ရင်ဘတ်ကြီး ဒီလောက် ဟိုက်တဲ့အကျီကို အပျိုလေးဖြစ်ပြီး ဝတ်ရသလားဟယ်။ ကလေးတစ်ယောက်အမေတောင် နို့လှန်တိုက်ဖို့အရေး မီ့လို အကျင်္ီမျိုးဝတ်ရဲမှာ မဟုတ်ဘူး။“
မီက ခေါင်းတွေ ကုတ်ပြီး မျက်နှာကြီးဆူပုတ်နေကာ နှုတ်ခမ်းကြီးစူပြနေပြန်သည်။
“အို မကြီးကလည်း ပြီးမပြီးနိုင်ဘူး။ မီ ဘာလုပ်လုပ် မျက်လုံးထောင့်ထောက်ကြည့်နေတော့မှာလား။ သူများတွေလည်း ဒီလိုပဲဝတ်နေကြတဲ့ဟာ။ ဟိုမင်းသမီးတွေလို အပေါ်အကျီမပါ။ ဘော်လီမပါဝတ်ရင် သတ်တောင်သေမလားမသိဘူး။ ခုက လုံပါသေးတယ်။ ပေါင်လေးပေါ်တာလောက်။ ရင်ကလေး ဟိုက်တာလောက်ကတော့ ခုခေတ် အပျိုတွေ မမှုပါဘူး။“
“သတ်သေရမဟဲ့ သိလား။ မီ အဲဒီမင်းသမီးကိုအားကျပြီး ဝတ်လို့ကတော့ မကြီးအလောင်းကို ကိုယ့်ဖာသာကိုယ်ချလိုက်မယ်သိလား။ နောက်နေ့ ဝတ်တာတွေ့လို့ကတော့ မကြီးနဲ့တွေ့ပြီသာပဲမှတ်။ ဘယ်နှယ့်အေ ။ ခေတ်ခေတ် ITခေတ်တဲ့။ အင်တာနက် ခေတ်တဲ့။ ပြောမပြောချင်တော့ဘူး။ “
၃။ ။
ဆိုင်ကယ်တစ်စီး အိမ်ထဲဝင်လာသဖြင့် နီ ကြည့်လိုက်သည်။ ဆိုင်ကယ်ကို ခုခေတ် ပါဝါအိတ်ဇောတပ်ထားသဖြင့် တစ်အိမ်လုံးကို မိုးခြိမ်းသွားသလားအောက်မေ့ရသည်။ လူကိုကြည့်တော့ ခပ်ငယ်ငယ်။ ဆံပင်က ပြောကြပါတယ်။ အီမိုကေဆိုလာဘာဆိုလား။ ဖက်ရှင်က အနက်ရောင် အပေါ်အောက်နဲ့။ ဝတ်ထားတဲ့ဘောင်းဘီက ပေါင်လယ်လောက်မှာ။
လက်မှာရော လည်ပင်းမှာပါ ရှုပ်ရှုပ်ယှက်ယှက် ဖန်စီ ဟန်းချိန်း လက်စွတ် ဆွဲကြိုးတွေ ပြည့်နေသည်။ ဘောင်းဘီဝတ်ထားပုံက လှည်းဂွထောက်ပုံပေါက်နေသည်။ အံ့ဩသော ကြည့်ခြင်းများနှင့် နီ ဘယ်လောက် ကြာကြာကြည့်နေမိမှန်းမသိ။ နီ့နောက်မှ မီ့ အသံကြားမှပင် လှည့်ကြည့်ဖြစ်သည်။
“ဟယ် ကို အိမ်လာတယ်“
မြတ်စွာဘုရား။ ကိုတဲ့။ ဒါဆို ကောင်လေးက မီ့ရဲ့ ဘာလဲ။ ဘာလဲ။ ဘာတွေလဲ။
“ဟုတ်တယ် မီရာ။ရှာလိုက်ရတာ။ ဟူး အမောကိုပြေသွားတာပဲ။ ဒီက လွမ်းနေရတာ သိလား“
ဘုရားရေ။ နီ မျက်နှာကြီးနီမြန်းစွာဖြင့် ထိုနေရာတွင်ရပ်နေရမှာလား။ ထွက်လာခဲ့ရမှာလား။ အစ်မတစ်ယောက်လုံးရှေ့မှာ ကြာတွေပစ်နေသော မီ့ကိုလည်း ဝမ်းဗိုက်ကြောကိုဆွဲလိမ်ပစ်ချင်နေမိသည်။ မဖြစ်။ လုံးဝ မဖြစ်သင့်။
“အဟမ်း…အဟမ်း မီ ့ သူငယ်ချင်းလား အိမ်ထဲခေါ်လေကွယ် အိမ်ပေါက်ဝမှာ မတ်တပ်ကြီး“
“ဘယ်လိုလဲ မီ ၊ မီ ဘွားတော်ကို ကို့အကြောင်းမပြောရသေးဘူးထင်တယ်။ ကိုပဲ မိတ်ဆက်လိုက်ရမလား။ မီ မိတ်ဆက်ပေးမှာလား။ ကြာတယ်ကွာ။ ကိုပဲ မိတ်ဆက်လိုက်တော့မယ်။ မီရဲ့ချစ်သူ ကိုကိုချစ်လွင်ထူးဆိုတာ ကျွန်တော်ပါ မမ“
အို..။ ဘယ်လိုကလေးတွေလဲ။ ဘာတွေဖြစ်ကုန်ပြီလဲ။ ဒါ ဟိုကောင်မ မီ ဇာတ်ရှုပ်ထားခြင်းဖြစ်ရမည်။ ရှုပ်ယှက်ခတ်နေသော စကားပြောဟန်ဖြင့် နီ့ကို မိတ်ဆက်နေပုံက လုံးဝသဘောမတွေ့ချင်စရာ။ ဘယ်အချိန်က ရည်းစားထားလိုက်မှန်းမသိ ကိုယ်တော်က အိမ်ကိုပင်ရောက်ချလာခဲ့ပြီ။
စကားတွေ တီးတိုးပြောနေကြ၏။ ခဏကြာတော့ လက်ပြ ပြန်သွားသည်။ ဒါတောင်ပြောသွားသေးသည်။
“ည ကျရင်နော်“တဲ့။ မီကလည်း
“အင်းပါ“ တဲ့။ နီ ခေါင်းတွေရှုပ်သဖြင့် ထိုနေ့တစ်နေ့လုံး ပါရာစီတမောလ်တစ်လုံး သောက်၍ နားနေလိုက်ရသည်။
၄။ ။
နီ စိတ်တွေပူလွန်းသဖြင့် ထိုင်ခုံတွင်ပင်မထိုင်နိုင်ပဲ ဧည့်ခန်းကျဉ်းကျဉ်းကလေးထဲ လူးလားခေါက်ပြန် လမ်းတွေလျှောက်နေမိသည်။ မျက်စိကတော့ ခြံပေါက်ဝကိုသာ ကြည့်ကြည့်နေရသဖြင့် ညောင်းလားသလိုပင် ခံစားလာရသည်။ အချိန်ကိုကြည့်တော့ ည ဆယ့်တစ်နာရီကျော်ရှိနေပြီ။ နီ မီ့ကို စိတ်တွေပူမိနေသည်။ နီ မီမီ့အကြောင်းသိလျှက်နှင့် ည ခုနှစ်နာရီတွင်ရှိသော မွေးနေ့သို့လွှတ်လိုက်မိသည်။ ထိုမွေးနေ့ကြောင်ပင် နီနှင့်မီ စိတ်ကတောက်ကဆ ဖြစ်သွားရသေးသည်။
“ည ခုနှစ်နာရီဆိုတာ အစောကြီးရှိသေးတာ မကြီးရဲ့။ ဘာစိတ်မချစရာရှိသေးလဲ။ မီ့ သူငယ်ချင်းတွေလည်း အများကြီးပါဦးမယ့်ဟာ။“
“အိုအေ သူငယ်ချင်းတွေ ဘယ်လောက်များများ မိန်းကလေးဆိုတာ ညဘက် ထွက်ကောင်းတာ မဟုတ်ဘူးဟဲ့။ စိတ်မချပါဘူး။ ဘယ်နှယ့် မွေးနေ့များ နောက်နေ့မှ မွေးနေ့လက်ဆောင်ပေးလိုက်ပေါ့။“
“မကြီး လွှတ်လွှတ် မလွှတ်လွှတ် မီ့ သူငယ်ချင်းတွေကိုလာခေါ်ခိုင်းလိုက်ပြီ ဟော လာကြပြီးထင်တယ်။ သွားပြီးမကြီး“
“ဟဲ့ မီမီ …မီမီ“
နီ တစ်ညနေလုံး ဒေါသတွေဖြစ်လျှက်နှင့် အိမ်တွင်ကျန်ရစ်ခဲ့ရသည်။ ခုကြည့် ည ဆယ့်တစ်နာရီကျော်နေတာတောင် ပြန်မရောက်သေး။ ထိုစဉ်တွင်ပင် ဆိုင်ကယ်မီးတွေ တဝင်းဝင်းနှင့် ခြံဝတွင် ဆိုင်ကယ် လေးငါးစီးလောက်ဆိုက် လာကြသည်။ နီ အပြေးလေးတပိုင်းဖြင့် ခြံတံခါးကိုဖွင့်ပေးလိုက်သည်။
“ဟဲ့…..မီ…ဒါကဘယ်လိုဖြစ်လာတာလဲ။“
နီ ဘုရားတလိုက်ရပြန်သည်။ မြင်ရသည့်မြင်ကွင်းက ရင်ဘတ်ဖိချင်စရာ။ ညီမလေးမီကို တွဲထားသော သူငယ်ချင်းများကလည်း ယှိုင်တိ ယှိုင်တိုင်။ နီ စိတ်မထိန်းနိုင်စွာဖြင့် မီ့ကို ဆောင့်ဆွဲလိုက်သည်။
“ဒါက ဘယ်လိုဖြစ်လာရတာလဲ။ ဟဲ့ သူ ဘာတွေသောက်လာတာလဲ။ မင်းတို့ ဘာတွေတိုက်လိုက်ကြတာလဲ။ ဟင်။ မိန်းကလေးကို ဒါတွေ တိုက်စရာလား။ စဉ်းစားဉာဏ်မရှိတဲ့ ဟာတွေ။“
နီက သည်လိုပြောတော့ နီ့ကိုကြည့်နေလိုက်ကြတာများ အထင်သေး အမြင်သေးသည့် အကြည့်တွေနှင့်။
“လုပ်ပါဦး ဟဲ့ သူဇာ၊ ကဗျာ။ မီ့ကို အိပ်ခန်းထဲအထိ တွဲပို့ပေးဦး။ မြင်မကောင်းရှုမကောင်းနဲ့။ ငါ ရှက်လိုက်တာအေ။ ညည်းတို့ မိန်းကလေးတွေဖြစ်ပြီး အရက်သောက်လာရသလား။“
“ဟာ မမနီကလည်း အရက်သောက်မလား သူဇာတို့သောက်လာတာ ဘီယာ။ ကဗျာက ဝိုင်ပဲသောက်တာ။ မီက ပျော်လို့ဆိုပြီး သောက်လိုက်တာ နဲနဲလေးမူးသွားတာပါ“
“ဟဲ့ ဒါလားဟဲ့ နဲနဲ ကြည့်စမ်း။ အောင်မလေးလေး မေမေသာ တမလွန်ကနေ ဒီမြင်ကွင်းကိုမြင်လိုက်လို့ကတော့ ……ဟဲ့ တွဲပါဟဲ့ ဒီမှာ လက်က ခေါက်ကွေးနေပြီ“
ထိုညက မီမီသူငယ်ချင်းတွေပြန်သွားကြတော့ မီမီက အိပ်ပျော်နေလိုက်တာမှာ ဟောက်များပင် ဟောက်နေလိုက်သေးသည်။ မိန်းကလေးနှင့် သည်အရည်တွေ စပ်မိလို့။ ဘီယာတဲ့။ ဝိုင်တဲ့။ မနက်ကျမှ တွေ့လိုက်ရဦးမည်ဟု နီ တေးထားလိုက်ရင်း ထိုည မိုးလင်းခဲ့ရလေသည်။
၅။ ။
“မကြီးကလဲ သောက်တာကနဲနဲပါဆို။“
“ဟဲ့ နည်းနည်းဆို မီခေါင်းထောင်နိုင်ရမှာပေါ့။ နေပါဦး ဘီယာဆိုတာ၊ ဝိုင်ဆိုတာ မိန်းမတွေ မသောက်ရဘူးဆိုတာ မီမသိဘူးလား။ ကြည့်စမ်း မီသွားတာ ယောကျာ်းလေးသူငယ်ချင်းတွေရော။ လူမှန်းသူမှန်းမသိမူးနေရင် မီ့ ဘဝ မပျက်နိုင်ဘူးလား။ မြန်မာမိန်းကလေးဆိုတာ အရှက်နဲ့လူလုပ်တာအေ့။ သိလား။ ဟင် သိလား။ “
“သူများတွေလည်း သောက်နေကြတာပဲလေ။ ထူးဆန်းလွန်းလို့ မကြီးကလဲ။မီ့ သူငယ်ချင်းတွေထဲမှာ ကလေကချေတွေမပါဘူး။ အားလုံး မိကောင်း ဖခင် သားသမီးတွေ။ ခေတ်ကိုအမီလိုက်ပြီး ဝတ်ကြစားကြတာ၊ ပျော်ကြ ပါးကြတာပဲရှိတယ်။ မီတို့ ကိုယ့်ဘဝကိုတော့ ထိန်းတတ်ပါတယ်။ ဒီခေတ်ကြီးထဲမှာ မီတို့သောက်နေတာ မနေ့ညကပွဲမှ မဟုတ်ဘူး။
ပထမနှစ်ကတည်းက သောက်နေတာ။ ခေါင်လည်းသောက်တယ်။ ဝိုင်လည်းသောက်တယ်။ ဘီယာလည်းသောက်တယ်။ ပျော်စေပျက်စေသောက်တာပဲ ရေးကြီးခွင်ကျယ်လုပ်လို့ မကြီးရယ်“
“အောင်မလေး နင့်ကိုတော့ ဆလံကိုသပါတယ်အေ။ ငါ့ ဂုဏ်ပုဒ်လေးတွေကျသွားအောင်တော့မလုပ်ပါ နဲ့အေ။ တစ်ခါတည်းပြောမယ်နော်။ နောက်တစ်ခါ ည တွေမှာ ဘာပွဲပဲဖြစ်ဖြစ် မီ မသွားရဘူး။ ဒါပဲ“
“အာ မကြီးကလဲ“
နီ စကားကို အနိုင်နှင့်ပိုင်းပြီး ထွက်လာခဲ့လိုက်သည်။ နီ တီဗွီရှေ့မှာထိုင်ပြီး သည်နေ့ညလာမည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲ တိုက်ရိုက်ထုတ်လွင့်မှုကို စောင့်ကြည့်နေလိုက်သည်။ စောင့်ကြည့်နေရင်းမကြာမီမှာပင် ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲ စလွှင့်သည်။ မြန်မာအမျိုးသမီးများ၏ မြန်မာ့မှု မြန်မာ့ဟန် ဝတ်စားဆင်ယင်မှု၊ ဆံပင်ထုံးဖွဲ့မှုတွေကိုကြည့်ရသည်မှာ နီတော့ မျက်စိပသာဒကိုဖြစ်နေသည်။ မီ့ကို အမှတ်ရသဖြင့်
“မီ ညီမလေး လာဦး ဒီမှာလာကြည့်“
“ဘာတွေလာနေလို့လဲ မီ စာဖတ်မလို့“
“အဲဒီ ဝတ္ထုစာအုပ်ခဏထားစမ်း လာခဲ့ဆိုလာခဲ့“
နီ အသံမာမာနှင့်ဟောက်လိုက်သဖြင့် မလာချင်လာချင် ထလာခဲ့သည်။
“ကြည့်စမ်း။ မကြီးတို့ မြန်မာမိန်းကလေးတွေ ဝတ်စားဆင်ယင်ထားလိုက်တာ မလှဘူးလား။ ကျက်သရေမရှိဘူးလား ။ မီ နဲ့တော့ တခြားဆီပဲ။ အဲဒီ မင်းသမီးတွေကိုကြည့် ဘယ်လောက် မဟာဆန်လိုက်သလဲလို့။ သူတို့က ပြည်သူ့ဂုဏ်ဆောင် အနုပညာရှင်တွေ။ ကြည့်ပါဦး စံပြအနေနဲ့ ဝတ်စားပြနေလိုက်တာ။ မြန်မာမိန်းကလေးဆိုတာ အဲလို ရိုးရိုးယဉ်ယဉ်နဲ့ လှအောင် ဝတ်ရတယ် သိလား မီ။“
မီက နှာခေါင်းရှုံ့သည်။ ပြီးတော့
“မကြီးကဘာသိလို့လဲ။ သူတို့က ဒီပွဲတွေပဲ ခဏဝတ်တာ။ သူတို့ရဲ့ ပြင်ပ နေထိုင်မှုစရိုက်ကို မကြီးသိလို့ကတော့ လက်ဖျားခါသွားမယ်မှတ်။“
“မီက ဘာတွေသိလို့လဲ။ မကြီးတို့ မြန်မာမင်းသမီးတွေ ဘယ်တုန်းက ဘာသံကြားလို့လဲ“
မီက ရယ်သည်။ နီနားမလည်ပါ။ နီ့စကားတွင် ဘာများရယ်စရာပါသနည်း။
“ဒါကြောင့်ပြောတာ မကြီး အိမ်နဲ့ကျောင်း ကျောင်းနဲ့အိမ်ပဲ သွားနေ။ ခုခေတ်စားနေတဲ့ အင်တာနက်တို့ ဘာတို့လဲ သုံးတတ်အောင်လုပ်ဦး။ သိလား“
“ဟဲ့ ဘာဆိုင်လို့တုန်းအေ့“
“ဆိုင်တာပေါ့။ အင်တာနက်ပေါ်မှာ မကြီးရဲ့ အနုပညာရှင်တွေ ဝတ်ထားစားထားလိုက်တာ။ မကြီး ညီမ မီတောင် မမီသေးပါဘူး။ သိလား။ သူတို့ ဝတ်ချင်တာဝတ်နေကြတာများ မကြီးမြင်ရင် မျက်လုံး တောင်ပြူးနေဦးမယ်“
ဘုရားရေ။ မီပြောနေတာတွေ နီ မသိ။
“မကြီးပြောတဲ့ စံပြတွေ နေကြထိုင်ကြ၊ ပြုမှုကြတာများ နိုင်ငံခြားမင်းသမီးတွေလိုပဲ သိလား“
“ သူတို့နိုင်ငံ သူတို့ယဉ်ကျေးမှုနဲ့ တို့မြန်မာယဉ်ကျေးမှုနဲ့ဘာဆိုင်လို့ တုန်းဟဲ့။“
မီက မျက်နှာကိုမဲ့ရွဲ့လိုက်ပြီး
“ခုပွင့်လင်းလာပြီး မကြီးရေ။ ကမာ္ဘကြီးက ရှေ့ခြမ်းနောက်ခြမ်းလို့ မဝေးတော့ဘူး။ သိလား။ ရွာကြီးဖြစ်လာပြီ။ အနောက် နိုင်ငံတွေက စတိုင်လ်တွေ မီတို့ဝတ်နေတာပဲကြည့်။ ကြည့်နေ မကြီးရဲ့ စံပြဆိုတဲ့ ဟာတွေရဲ့အကြောင်းနောက်ဆို ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ ပွစလန်ကျဲနေအောင် မြင်ရဖတ်ရမယ်တာကြည့်၊ မကြီး တစ်နေရာတည်းမှာ ရပ်မနေနဲ့။ မကြီးက ဘာဖြစ်နေလဲဆိုတော့ မကြီးသိတဲ့ပေတံကိုင်ပြီး အားလုံးကို လိုက်တိုင်းတာ နေတာနဲ့တူတယ်။ တစ်ခါတစ်လေ သူများတွေ ခေတ်နဲ့အမီလိုက်နေကြတာ နောက်ကနေ လိုက်ကြည့်ပါဦး မကြီးရဲ့။ “
မီ အခန်းထဲဝင်သွားပြီး ပြန်ထွက်လာတော့ နီ့ကို CDခွေတစ်ခွေပေးသည်။
“ဒါဘာလဲ မီ“
“မကြီး ဖွင့်ကြည့်လိုက်ပါ..ပြီးရင်တော့ ရေသာသောက်ပြီး တံထွေးကိုပါ မျောချလိုက်သိလား။ မီတော့ စာအုပ်ဖတ်လိုက်ဦးမယ်“
နီ ခွေကိုဖွင့်ကြည့်လိုက်တော့
ဘုရား….ဘုရား………။ အဲဒါ စံပြတွေ…လား။
၆။ ။
နီ မျက်စိထဲတွင် မနေ့ညက ခွေထဲက ပုံတွေ ပျံဝဲနေသည်။ နီသဘောကျသည့် မင်းသမီးတစ်ယောက်တောင် ဘရာဇီယာလေးနှင့်။ နီ အိမ်ထဲအောင်းနေလို့မဖြစ်တော့။
နီ ကွန်ပျူတာကိုင်ရမည်။ နီ အင်တာနက် သုံးတတ်အောင်သင်ရမည်။မြေဖြူကိုင်သော နီ့လက်သည် ကွန်ပျူတာ Key Boardနှင့် ရင်းနှီးရမည်။ ခေတ်၏ သမီးပျိုတွေထဲမှာ နီ မပါနိုင်တော့ပေမယ့် ခေတ်နှင့်လျှော်ညီစွာ မြန်မာဆန်ဆန်နေနိုင်သေးသည်။ခေတ်၏ ဖက်ရှင်နှင့်နေထိုင်မှုဘဝပုံစံကို နီ ရင်းနှီးရမည်။
လူသားနှင့် ခေတ်တစ်ခေတ်၏ ပတ်သက်ဆက်နွယ်မှုကို နီ သိရမည်။ ခေတ်၏ ဘာသာဗေဒနှင့် ဆိုရိုးစကားတွေကို နီ သိရမည်ဖြစ်သည်။ နောက် လူငယ်တွေကို နီ နားလည်ရမည်မှန်း သိလိုက်ရသည်။
နီ ရိုးရိုယဉ်ယဉ်နှင့် ခေတ်ကိုအမှီလိုက်ရမည်။ နီ နားမလည်သော ခေတ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို သိအောင်လုပ်ရမည်။
ညီမလေး မီကို ထိန်းသိမ်းရန် နီ လိုအပ်တာတွေ ပြင်ဆင်ရမည်။ ရှေးရိုးဆန်သော ထိန်းသိမ်းနည်းတွေ အန်မဝင်တော့သည်တော့မဟုတ်။ နည်းစနစ်လေး ပြောင်းရန်လိုလာပြီဟု နီထင်သည်။
ကျောင်းနှင့်အိမ်တွင်သာ အချိန်ကုန်နေသော နီ ခေတ်နှင့်မျက်ခြေပြတ် ကျန်ခဲ့သည်မှာ မကြာလောက်သေး။ အမီလိုက်လျှင် ရနိုင်ကောင်းပါသေးသည်။
နီ သည် မီ့ကို တစ်ခုခုပြောမည်ကြံလျှင် “ဒီခေတ်ထဲမှာ“ ဆိုတာကို အမြဲတမ်း ထည့်ပြောနိုင်အောင် ကြိုးစားမည်ဖြစ်ကြောင်း သိလိုက်သည်။
သော်ဇင်(လွိုင်ကော်)
Date-14th-Dec-2012
Time-08:07Pm
12 comments
ဘဲဥ
December 15, 2012 at 10:34 am
ရိုးရိုးရှင်းရှင်း နေတတ်တဲ့သူနဲ့ ကဲတတ်တဲ့သူနဲ့ တွေ့ကြတာပဲ
ဆြာသော်ဇင် ရေးဖွဲ့ပုံလေးတွေကို ကြိုက်တယ်ဗျာ
အမေ Mobile (MGZ ပါတီ)
December 15, 2012 at 10:53 am
ဒီပို့စ် ထဲ့မှာပါတဲ့ ချာတိတ်မလေးကတော့ “”သမီးတစ်ကောင် နွားတစ်ထောင်”” ဆိုတဲ့အတိုင်းပါပဲ
ရှေ့ရေးအတွက် ရင်လေးလိုက်ပါဘိ။ မြန်မာတွေ အနောက်နိုင်ငံတွေ တောင်နိုင်ငံ မြောက်နိုင်ငံတွေနဲ့
ပတ်သတ်လို့ အတုယူကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ပြောသလို ပြောရရင်
“တလွဲး ဆံပင်ကောင်းနေကြတာပါ” လိုက်တု တယ်ဆိုပေမယ့် အဝတ်အစားဝတ်တဲ့ နေရာအဓိကနဲ့
အခြားတုလို့လွယ်တာတွေကိုသာ လိုက်တုတာပါ။ တစ်ကယ်တမ်း တုသင့် တုထိုက်တဲ့ဟာတွေ ကြတော့
လိုက်တု့တာမဟုတ်ပါဘူး။ အနုပညာ ရှင်တွေအဆိုးဆုံးပါပဲ သူတို့တုချင်တဲ့ဟာကြလိုက်တု
ပရိတ်သတ်ကို အဆိပ်ခတ်တယ်ဆိုတာ ဒါမျိုးပဲလို့ထင်ပါတယ်။ ဘယ်အဆိုတော်က ဘယ်လိုဝတ်တယ်
လိုက်ဝတ်တယ် ဘယ်အဆိုတော်က ဘယ်လိုသီချင်းကို ကိုယ်ပိုင်သံစဉ်ဖွဲ့တယ်ဆိုတာ ကျတော့လိုက်ဖွဲ့
တာမဟုတ်ပါဘူး အလွယ် ကော်ပီကူးချလိုက်တာပါ။
ဒီပို့စ်နဲ့တော့ မဆိုင်ပါဘူး မန်းလက်စ ဆက်မန်းရရင် တစ်ချို့အဆိုတော်တွေဆိုရင် ညည်းပြသေးတယ်
ပရိတ်သတ်က ကော်ပီခွေကိုပဲအားပေးလို့တဲ့ သူတို့ကပြောတယ် ကော်ပီပဲလုပ်လုပ် အုန်းကျူး ပဲလုပ်လုပ်
အားစိုက်ရတာလေးတွေက အတူတူအားစိုက်ရတာပါတဲ့။
ဒါကြောင့် ကော်ပိကြီးပါကွာ ဘာကြီးပါကွာရယ်လို့ မခွဲးခြား သင့်ပါဘူးလို့ပြောတယ်။
မှန်ပါတယ် ပရိတ်သတ်ဖက်ကလဲ ကော်ပီခွေပဲဝယ်ဝယ် မူရင်းခွေပဲဝယ်ဝယ်
ပိုက်ဆံအကုန်ခံ အချိန်ကုန်ခံပြီး အားပေးရတာမို့လို့ မူရင်းကိုအားပေးပါတယ် ကော်ပီကို အားပေးပါတယ်
ပြောမနေသင့်ပါဘူးလို့ ပြန်ပြောချင်ပါတယ်။
တလွဲဆံပင် မကောင်းကြဖို့ သတိပေးချင်ပါတယ်။
မောင်ပေ
December 15, 2012 at 11:10 am
ကောင်းသဗျို ့
မြန်မာနိုင်ငံက မြို ့ကြီးတွေမှာ ဖြစ်နေတဲ့ လူနေမှုစရိုက်ကို ၊ ဝတ္ထုအဖြစ် အသက်သွင်းလိုက်တော့
အစဆုံးဖတ်ပြီး နောက်တစ်ခေါက် ဖတ်ဖြစ်တဲ့အထိ လန်းတယ်ဗျာ
ဦးကြောင်ကြီး
December 15, 2012 at 11:17 am
နီ့ကိုလည်း
ှုအီချင်တယ်
မီ့ကိုလည်း
ဂွီချင်တယ်
ကဝိလိုအမြဲ
တည်ချင်တယ်
အဟိကိုငပဲ
ကြည်ရွှင်ဖွယ်…။
နွယ်ပင်
December 15, 2012 at 11:21 am
ခုလက်ရှိဖြစ်နေတာတွေကို 0တ္တူအဖြစ် အသက်သွင်းလိုက်တာ
တကယ့်ကို ပီပြင်လှပါတယ် ….
Khaing Khaing
December 15, 2012 at 11:24 am
ကိုသော်ဇင်ရေ … စာအရေးအဖွဲ့က အစကတည်းကဆွဲဆောင်မှုရှိတယ် … ဒါပေမယ့် အပြီးသတ်မဖတ်နိုင်သေးပေးမယ့် … မန့်ထားလိုက်ပါတယ် …
ရွှေ ကြည်
December 15, 2012 at 12:10 pm
မိရွှေကြည်နဲ့သာဆိုရင်နားရင်းနှစ်ချက်လောက်အုပ်ပစ်လိုက်မယ်..။
နားကပ်ရောင်းတာလုံးဝခွင့်မလွှတ်နိုင်ဘူး။ ညနက်သန်းခေါင်မူးပြီးပြန်လာတာလည်းခွင့်မလွှတ်နိုင်ဘူး။
အဆုံးသတ်လေးကြိုက်မိပါတယ် မီကိုဆုံးမမယ်ဆိုရင်ဒီခေတ်ထဲမှာ ဆိုတာကိုပြောနိုင်အောင်ကြိုးစားရမယ် ဆိုတာလေး သဘောကျသွားတယ်။
မိုချို
December 15, 2012 at 12:10 pm
ဒီခေတ်မှာမီ့လိုမိန်းခလေးတွေ တော်တော် များနေပြီ၊ အတိုအပြက် ဝတ်မှ၊ ယောက်ျားလေးတွေနဲ့ဒွေးရောယှက်တင်နေမှ၊ အရက်၊ ဝိုင်၊ ဘီယာတွေ သောက်တတ်မှ၊ ပါတီတွေ တက်မှ ခေတ်မီတယ်လို့ အထင်ရောက်နေကြတယ်။
ဗုံဗုံ
December 15, 2012 at 12:16 pm
ကိုသော်ဇင်ရေ အပြင်မှာ တစ်ကယ်ဖြစ်နေတဲ့ အရာတွေပါဘဲ မီလိုမိန်းကလေးတွေ ပေါလာသလိုမျိုး နီလိုမိန်းကလေးတွေလည်း ရှားပါးလာကြပြီလို့ ထင်ပါတယ်
natthamee
December 15, 2012 at 12:54 pm
ဟူးးးး ဖတ်ပြီးရင်မောသွားတာပဲနော်။ အခုခေတ်မှာ မီ့လိုလူမျိုးတွေအများကြီးပါပဲ နီရေ။
jullies cezer
December 15, 2012 at 3:39 pm
တကယ်ကိုအပြင်မှာဖြစ်နေတဲ့ဟာတွေပါပဲ အချို့အချို့သောလူများ အားလုံးကိုမဆိုလိုပါ
မြန်မာတွေဟာ မကောင်းတာဆိုအကုန်အတုခိုးချင်ကြတယ် ကောင်းတာကျအတုမယူဘူး
မသိကျိုးကျွံပြုပြီးတစ်ခုခုဆိုခေတ်ကိုပုံချတယ် အဲဒီတော့ဘယ်မှာလာပြီးစိတ်ဓါတ်တွေ
မြင့်မြတ်တော့မလဲ လူတစ်ယောက်ရဲ့စိတ်ဓါတ်ဟာသူ့ရဲ့စရိုက်အပေါ်လည်းအများကြီး
တည်မှီနေတယ် စိတ်ဓါတ်တွေစရိုက်တွေမတိုးတက်သမျှ ဒီမိုကရေစီမကလို့ ဒီမိုကရေစီ
ထက်ကြီးတဲ့အကောင်ကြီးလာလာ ဘယ်သူမှမကယ်နိုင်ပါဘူး …….
Mr. MarGa
December 15, 2012 at 4:06 pm
အို…………ဘာတဲ့
ယဉ်ကျေးမှု………….
ဒီမိုကရေစီ……..
ဂလိုဘယ်လိုက်ဇေးရှင်းးးးးးးး
အနှစ်တစ်ထောင် ကျိန်စာ…………..
ပညာ ပေးရအောင်ကလဲ ပညာတတ်တွေ ဆိုတော့ ကက်ကက်လန်အောင် ပြန်ပြောမှာ သေချာတယ်။
ယဉ်ကျေးမှု နဲ့ ဟီရိ ဩတပ္ပ တရားတွေကို သူတို့လေးတွေ နားလည်အောင် ဘယ်လို လုပ်ရပါ့
:boo: