အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း (၆၉)

မောင်ဘလိုင်December 22, 20121min27110

နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်သူတစ်ယောက် အိမ်ကို လာမယ်။ နီးလိမာ ကတော့ စိတ်လှုပ်ရှားလို့ပေါ့။

သူ့စိတ်ထဲတော့ ကင်မရာရှေ့နောက်တစ်ကြိမ် ပြန်ရောက်ရပဟဲ့ ဆိုပြီး ယုံနေရှာတယ်။ မိတ်ကပ်လိမ်း

ရတာ၊ အဝတ်အစားရွေးရတာ တစ်နေကုန်ရော ဆိုပါတော့။

ထုတ်လုပ်သူက ညနေကျတော့ ရောက်လာတယ်။ လူကတော့ အရပ်ပုပု၊ ထိပ်ပြောင်ပြောင်၊ ဗိုက်ရွှဲရွှဲပဲ

ခင်ဗျ။ ထုံးစံအတိုင်း ဂူလပ်ဂျမန်း ရယ် စမူဆာ ရယ်ကို ဧည့်သည်အတွက် ချပေးရတာပေါ့။ အဲ..အမှုန့်နဲ့ဖျော်ရ

တဲ့ ဖျော်ရည် တစ်ခွက်တောင် ပါသေး။

ထုတ်လုပ်သူက နီးလိမာကို ပြောတာတွေကတော့ သူထုတ်မဲ့ ဇာတ်လမ်းမှာ နီးလိမာအတွက်

တကယ့် ရိုးလ် ပေးထားတယ်ပေါ့လေ။

“အမယ်.. ဒီကားမှာ နီးလိမာဂျီး အခန်းက တကယ့် နေရာနော်..ကျုပ်ကိုယ်တိုင်ကလည်း နီးလိမာဂျီး ရဲ့

အမာခံ ပရိသတ်ပါ နော်.. အမျိုးသမီး ဆိုတဲ့ ဇာတ်ကား..ကျွန်တော်ကြည့်တာ ဆယ့်ငါးခါခင်ဗျာ..

ကြိုက်လွန်းလို့…သေခါနီးအခန်းလေးများ…အမလေး… ကျွန်တော့်မှာ ကြည့်ရင်း သေသွားနိုင်တယ်…

ဒါကြောင့် ကျွန်တော်က နီးလိမာဂျီး အနားယူတာကနေ ဆွဲထုတ် ပြီး ကျွန်တော်ထုတ်မဲ့ ဇာတ်လမ်းလေး

မှာ ဝင်ပြီး သရုပ်ဆောင်ဖို့ ပြောနေတာ..အဲဒါ အဲဒါ..ဟဲဟဲ..ခုကားကလေ..ထိပ်တန်းဒါရိုက်တာ နဲ့ ရိုက်ဖို့

လည်း ညှိပြီးပြီ…မင်းသမီးဇာတ်နော်..မာဂျီး..ကျွန်တော့် ဒီဇာတ်မှာ မာဂျီး နေရာက လုံးဝ လန်းစေရမယ်..”

 

“ဘယ် ဒါရိုက်တာနဲ့ ညှိထားတာလဲ..”

“ချင်ပူး ဒါဝန် လေ..ဟဲဟဲ..”

“ဟင်..သူက ဟာသ ပဲရိုက်တာလေ..”

 

“ဪ..ဘာဖြစ်လို့လဲ မာဂျီးရယ်..ဟာသခန်းလေး နည်းနည်းပါမှာပဲဟာ..ခေါင်းဆောင်ပိုင်းတော့ ရှာရွတ်ခန်းနဲ့ တာဗူး ကို

စာချုပ်ချုပ် ပြီးသွားပြီ..”

 

“ရှင့်ဟာက ဘယ့်နှယ်တုန်း..ကျွန်မတော့ နားမလည်တော့ဘူး..မင်းသမီးလည်း ငှားပြီးပြီလေ..မင်းသမီး နှစ်လက်ပေါ့..

အဲဒီလိုလား..”

 

“ဟင့်အင်း..ဟုတ်ပါဘူး..”

“ဒါဖြင့် တာဗူး ကဘာလဲ..”

 

“သူက မင်းသမီးလေ..”

 

“ဟမ်..ဒါဖြင့် ကျွန်မကရော..”

 

“အို..မာဂျီး ခုထိ နားမလည်သေးဘူးကိုး…ရှာရွတ်ခန်း အမေ နေရာပေါ့…ဟဲဟဲ”

 

နီးလိမာ ဘယ်လိုဖြစ်သွားမယ်ဆိုတာ အထူးပြောစရာမလိုတော့ဘူး ထင်ပါတယ်နော်။ ကန်မထုတ်ရုံ တမည် ပဲ။

ထုတ်လုပ်သူ ဦးထိပ်ပြောင်လည်းအိမ်ပေါ်ကနေ ဆင်းပြေးသွားရင်း ပါးစပ်က ပွစိပွစိ နဲ့ ပြောသွားတာ ကျွန်တော်

ကြားဖြစ်အောင်ကြားလိုက်မိသေးတယ်။

“အလကားဟာမကြီး…ခုထိ သူ့ကိုယ်သူ မင်းသမီးလုပ်လို့ရဦးမယ်ထင်နေသေးတယ်…မှန်သေချာမ

ကြည့်ဘူးလား မသိဘူး.. ရှာရွတ်ခန်း အဘွားနေရာက မထားတာတောင် ကံကောင်းတယ်မှတ်..ဟွန်း..”

 

ကျွန်တော့်အမြင် ဒါကတော့ ဟာသခန်းဆိုတာ သေချာတယ်။

 

*****************************

 

သူ့ငနဲ တိုက်ခန်းကို ထပ်လာသေးတယ်။ အဲ..ဒီတစ်ခါ ပိုဆိုးတယ်ဗျ။ ဘွားတော်က အိပ်ယာထဲတောင်

မှောက်နေတာ..။ ဘယ်ဘက်မျက်ခုံးကွဲသွားတယ်။ ပါးနှစ်ဘက်လုံး ယောင်ကိုင်းနေတာ..စကားတောင်

မနည်းပြောယူနေရတယ်လေ။ ကျွန်တော် ဒေါသထွက်တယ်ဗျာ..။

“ရဲခေါ်ရတော့မယ် အန်တီ..ဒီလူယုတ်မာကို ဖမ်းပေ့စေ…”

သူ့ဒဏ်ရာတွေကို ဆေးလိမ်းပေးရင်း သူ့ကို ပြောမိတယ်။

“ကိစ္စမရှိပါဘူး ရမ်.. ငါဘာမှမဖြစ်ဘူး..”

“သူ့နာမည်တော့ ပြောပြစမ်းပါခင်ဗျာ..”

သူက အသံခြောက်ကပ်ကပ်နဲ့ ထ ရီ ပြီးတော့ –

“နာမည်သိတော့ ဘာထူးမှာမို့လို့တုန်းဟဲ့…စိတ်မပူပါနဲ့..ဒီအကောင် နောက် ထပ်မလာတော့ပါဘူး..

ငါသူ့ကို အပြတ်ပြောလိုက်ပြီ..ဒါ့ကြောင့် ငါ့ကို ဒီလို လုပ်သွားတာလေ…နောက်တစ်ခါ ထပ်လာလို့

ကတော့ သူ့မျက်ခွက် တံတွေးနဲ့ ထွေးပစ်မယ်..”

“ဘယ်လောက်ကြာအောင် ကြိတ်မှိတ်ခံစားဦးမှာလဲ ဗျ…ကြည့်ဦး..သူ အန်တီ့မျက်နှာလုပ်သွားတာကို…”

“တိတ်တိတ်လေး ကြိတ်ပြီး ခံစားနေရတာ တို့ မိန်းမသားတွေရဲ့ ကံပဲ ထင်ပါရဲ့ကွယ်..မျက်နှာလောက်တော့

ကွယ်..ကျန်တဲ့တစ်ကိုယ်လုံးလည်း..ဒဏ်ရာတွေချည်းပါပဲ..မင်းကြည့်ချင်ရင် ငါပြပါမယ်..ဒီမယ်ကြည့်…”

သူက ဘလောက်စ် အကျင်္ ီကြယ်သီးတွေဖြုတ်ပြီး ဘရာစီယာကိုပါ ချွတ်ပြလိုက်တယ်။ အမျိုးသမီးတစ်ယောက်ရဲ့

ရင်သားတွေကို ဘဝမှာ ဒီတစ်ခါက ပထမဆုံး အကြိမ်မြင်ဖူးတာပဲ။ သူ့ရင်သားတွေက တော်တော်ကြီးပြီး တွဲကျနေ

တာ နို့စားနွားမကြီးတွေတောင် သွားသတိရမိတယ်။ ကျွန်တော်လန့်သွားတာက ဖြူဖွေးနေတဲ့ အသားပေါ်မှာ

အရုပ်ဆိုးလွန်းတဲ့ စီးကရက်မီးလောင်ရာတွေ ပွစာကျဲနေတာကိုပဲ။ အဲဒါမြင်ပြီး ကျွန်တော် ငိုမိပါရော။

 

ကျွန်တော်ငိုတော့ သူလည်း လိုက်ငိုတယ်။

“ငါ မျက်နှာဖုံးစွပ်ပြီး မနေချင်တော့ဘူးကွယ်…ငါ့ဘဝမှာ တစ်ခါလောက်တော့ တကယ့်မိန်းမတစ်ယောက်

လို ဖြစ်ချင်ပါရဲ့..ကလေး..ငါ့ဆီလာပါဦး..”

သူက ကျွန်တော့်ကို သူ့ရင်ခွင်ထဲ ထည့်လို့ ဖက်ထားတယ်။

သူ့စိတ်ထဲ ဘယ်လို ခံစားနေရသလဲတော့ ကျွန်တော်မသိဘူး။ သူ့သားတစ်ယောက်လိုလား…သူ့ချစ်ခင်သူ

တစ်ယောက်လိုလား..မပြောတတ်ဘူး။ဒါမှမဟုတ် သူနာကျင်ခံစားနေရတာ ဖြေဖျောက်ဖို့ သက်သာလို

သက်သာငြား ခပ်လွယ်လွယ်ပဲ လုပ်လိုက်သလား မဆိုနိုင်ဘူး။ ကျွန်တော်ကတော့သူ့ရင်ခွင်ထဲ ခေါင်းဝင်

တိုးပြီးနောက်မှာ..လက်တွေ့လောက က အသိသညာတွေ ရပ်ဆိုင်းသွားသလိုမျိုး စိတ်ထဲ ခံစားလာမိတာ..။

ထင်လာမိတာ။

ကျွန်တော်က မိဘမဲ့ကလေး တစ်ယောက်မဟုတ်တော့ဘူး…ကျွန်တော် မြင်ရတဲ့…ကျွန်တော် ထိတွေ့ကိုင်

တွယ်လို့ရတဲ့..တကယ့် အမေတစ်ယောက်ကျွန်တော် ရနေပါရော့လား..။ ကျွန်တော့် မျက်ရည်တွေ ပါးစပ်

ထဲရောက်လာလို့ ငံကျိကျိ အရသာရယ်..နီးလိမာရဲ့ ကိုယ်သင်းနံ့ရယ် ပေါင်းပြီး ဆယ့်သုံးနှစ်သား မိဘမဲ့

ကလေးတစ်ယောက်ကို ပြင်းထန်လှုပ်ရှားတဲ့ စိတ်ခံစားမှု အတွေ့အကြုံတွေ ဖြစ်ပေါ်စေတော့တာပါပဲ။

မိခင် မေတ္တာ ငတ်မွတ်နေတာ မွေးကတည်းက ပဲလေ။ ဘဝတစ်လျှောက်လုံးမှာ ကျွန်တော်ကြုံ ခဲ့ရတဲ့

နာကျင် ခံစားနေရတာတွေ..သိမ်ငယ်ရတာတွေ..အစော်ကားခံရတာတွေ…အဲဒါတွေ အကုန်လုံး အဲဒီ

အချိန်ခဏလေးမှာ လွင့်စင်သွားသလိုပဲ..ဘယ်တုန်းကမှ မဖြစ်ခဲ့သလိုပဲ…။ဒီအချိန်လေးကို ထာဝရ

ရပ်ထားချင်လိုက်တာဗျာ..။ ဒါပေမဲ့..ဒါကတကယ့် တဒင်္ဂလေး ပါပဲ…သိပ်ကို တိုတောင်းလွန်းပါတယ်။

ဒါပေမဲ့ ခံစားချက်က တကယ့်ကို ကျွန်တော့်အတွက်ရိုးသားစစ်မှန်လွန်းတယ်..။ ဘယ်လို သရုပ်ဆောင်

မှုမျိုးကမှ ဒါကို အတုပြုနိုင်မှာ မဟုတ်ဘူး။

 

ဒါ့ကြောင့် ဒီအပိုင်းကို ဘယ်လို စီးင်း(န်) ပါလို့ ကျွန်တော် အကဲမဖြတ်နိုင်ဘူး။ ဒရာမာလား…

သဲထိတ်ရင်ဖိုလား…ကြေကွဲစရာလား..။မဟုတ်ဘူး..။ ဘယ်အမျိုးအစားထဲမှာမှ မပါဘူး..။

အဲဒါတွေအားလုံးရဲ့ အလွန်မှာ..။

 

*************************

 

နီးလိမာနဲ့ ကျွန်တော် အဲဒီမနက်က အကြောင်းကို နောက်တစ်ခါ ဘယ်တော့မှ ထပ်မပြောဖြစ်တော့ဘူး။

အဲဒါမျိူးလည်း နောက်တစ်ကြိမ် ဘယ်တော့မှ မဖြစ်တော့ပါဘူး။ တကယ့်လက်တွေ့မှာ သူနဲ့ ကျွန်တော်က

ဘဝ အခြေခြားနေတယ်ဆိုတာ နှစ်ယောက်စလုံး သိပြီးသားပါပဲ။ တစ်နေ့ ကိုယ့်လမ်းကိုသွားကြရမှာပဲ။

သူက ဟန်ဆောင်ဖုံးကွယ်မနေချင်ပေမဲ့..ပြောင်းလဲချင်တဲ့ စိတ်ခွန်အား မရှိဘူးလေ။ ကျွန်တော့်

အကူအညီကိုလည်း ငြင်းတယ်။ အဆွေးဘုရင်မရဲ့ မပြောင်းလဲနိုင်တဲ့ ဖြစ်ရိုးဖြစ်စဉ်သဘောက သူ့မူလ

အခြေကို အဆောတလျင် ပြန်ဆွဲခေါ်သွားသလားပဲ။ စိတ်ဓာတ်တွေလည်း အဆုံးထိကျဆင်းလာသလိုပဲ။

အရက်တွေလည်း အရင်ကထက် ခဏခဏ ပိုသောက်လာတယ်။ မူးမေ့သွားတဲ့အထိကို သောက်တာ။

အိမ်က ထမင်းချက်နဲ့အိမ်စေ ကို အလုပ်ဖြုတ်လိုက်တယ်။ ကျွန်တော်တစ်ယောက်ပဲ ကျန်တော့တာ။

ပြီးတော့ သူ့ဘဝ အတွက် အကောင်းဆုံး ..အကြီးကျယ်ဆုံး..အခန်းကို စဖို့ ပြင်တော့တာပါပဲ။

 

နီးလိမာက သူ့ပုံပါတဲ့ ရုပ်ရှင်မဂ္ဂဇင်းတွေကို ညီညီညာညာ စုပုံခိုင်းတယ်။ သူရထားတဲ့ ဆုတွေ..

တံဆိပ်တွေ..အရုပ်တွေကို သေသေသပ်သပ် အစီအစဉ်တကျ စီတယ်။ အကောင်းဆုံး ဆာရီကို ဝတ်

တယ်။အကောင်းဆုံး လတ်ဝတ်ရတနာတွေကိုဝတ်ဆင်ပြီး မှန်ရှေ့မှာ သုံးနာရီလောက်အလှဆုံးပြင်

တယ်။ နောက်ပြီးတော့ သူ့အလှကုန်ပစ္စည်းတွေကို အိမ်သာထဲ သွန်ချပြီး ဆေးဝါးတွေအကုန်လုံးလည်း

အမှိုက်ပုံးထဲ ထည့်တယ်။နောက်သူ့အမေအတွက် ဝယ်ထားခဲ့တဲ့ အကိုက်အခဲပျောက်ဆေးတွေလား

မသိဘူး..အများကြီးပဲ သောက်ချပစ်လိုက်တယ်။ ဘယ်နှစ်လုံးမှန်းတောင်မသိဘူး။

 

နောက်ဆုံး သူ့အိပ်ခန်းထဲဝင်သွားပြီး မွန်းတက်ဇ် မဟယ် အခွေကို ဖွင့်ပြီး အိပ်ယာပေါ်မှာ

အသာလှဲချလိုက်တယ်။ ကျွန်တော့်ကို ဈေးမှာအသီးအရွက်အချို့သွားဝယ်ခိုင်းပြီး အောက်မှာပဲ

စောင့်နေလို့ ပြောတယ်။

 

 

ညနေ ကျွန်တော်ဈေးက ပြန်လာတော့ သူ့ကိုတွေ့တယ်။ တကယ့်ကို လှပတဲ့ သတို့သမီးလေး

တစ်ယောက် အိပ်စက်နေတဲ့အတိုင်းပါပဲ..။ကျွန်တော် အိပ်ခန်းဝမှာ ငိုင်ပြီးကြည့်နေမိတယ်။ သူ့ရဲ့ အေး

စက်နေမဲ့အသားကို ကျွန်တော်သွားကိုင်စရာမလိုတော့ဘူး..။သူသေသွားပြီဆိုတာကျွန်တော်သိတယ်လေ။

သူ့လက်ထဲမှာ ဆုတံဆိပ်တစ်ခုကို ကိုင်ထားတယ်။ မွန်းတက်ဇ် မဟယ် ဇာတ်ကားအတွက် အကောင်းဆုံး

အမျိုးသမီးဇာတ်ဆောင်ဆု (၁၉၈၅) နီးလိမာ ကုမ္မာရီ ဆိုတာ ရေးထားတယ်။

ဒီအခန်းကတော့ တကယ့်တန်းမြင့် ဒရာမာပါပဲ။

 

************************

 

နီးလိမာ အလောင်းကို ငေးကြည့်ပြီး ကျွန်တော် ဘာလုပ်ရမှန်းမသိဘူး။ သေချာတာကတော့ ရဲတွေဆီကျွန်တော်

မသွားဘူးဆိုတာပဲ။ သူတို့က ကျွန်တော့် အပေါ်ပဲ သတ္တုချပြီး လူသတ်မှုနဲ့ ဖမ်းမှာ။ ယုတ္တိကျကျ လုပ်တာကတော့

ဒီကနေ ထွက်ပြေးတာပါပဲ။ ကျွန်တော် ဂတ်ကိုပါက တန်းလျားကို ပြန်ပြေးတာပေါ့။ (မပြုံးပါနဲ့ဗျ..ဆယ့်သုံးနှစ်

သားလေး ..ဘယ်လိုကြုံတွေ့ခဲ့ရသလဲဆိုတာ ရှေ့မယ် ကျွန်တော်ပြောပြီးခဲ့ပါပကော…ဒီအချိန်..ဒီအရွယ်မှာ

တောင် ကျွန်တော့်လိုအနေအထား ကြုံရင်..ခင်ဗျားတို့ ရဲကို ကိုယ်တိုင်သွားခေါ်မလား ..)

 

ဆလင်းကတော့ အံအားသင့်ပြီး ဆီးမေးတယ်။

“မိုဟာမက်..ဘယ့်နှယ်အစောကြီး ပြန်လာရတာလဲ..”

“နီးလိမာ..င့ါကို အလုပ်ဖြုတ်လိုက်ပြီ…”

“ဒါဖြင့်..တို့ဘယ်လိုလုပ်ကြမလဲ….အခန်းခ တို့ဘယ်လိုပေးရမလဲ..”

“မပူပါနဲ့ကွာ…နောက်နှစ်လစာ အတွက် နီးလိမာ ပေးထားပါတယ်..ဒီနှစ်လအတွင်းတော့

ငါအလုပ်တစ်ခုခု ရမှာပါကွာ…”

 

***************************

 

နေ့တိုင်း ပဲဗျာ..ဘယ်နေ့ မီးနီလေး တဖျတ်ဖျတ်နဲ့ ရဲကားများ တန်းလျားရှေ့ရောက်လာမလဲဆိုပြီး

တထိတ်ထိတ်နဲ့။ ဒါပေမဲ့ ဘာမှတော့ ဖြစ်မလာဘူးဗျ။ နီးလိမာ သေတဲ့အကြောင်းလည်း သတင်းစာထဲမပါဘူး။

ဒီအချိန်အတွင်းမှာပဲ..သတ္တုပုံလောင်းစက်ရုံမှာ ကျွန်တော် အလုပ်ရတယ်။

 

နောက် တစ်လလောက်ကြာတော့မှ နီးလိမာ အလောင်းကို ရှာတွေ့ကြတယ်။ အိမ်နီးချင်းတွေက

အနံ့တွေထွက်လာလို့ ပြောကြတော့မှအခန်းကိုဖျက်ပြီး ဝင်ကြည့်ကြတာ။ ဧည့်ခန်းနဲ့ တခြားအိပ်ခန်းတွေမှာ

ဘာမှ ထူးထူးခြားခြား မတွေ့ကြဘူး။ နောက်ဆုံး အိပ်ခန်းကျယ်ကြီးထဲကျမှပုပ်ပွနေတဲ့ အလောင်းကို

တွေ့ကြတော့တာ။ ဆာရီကတော့ အသစ်အတိုင်းပဲ..။ လက်ဝတ်ရတနာတွေကလည်း အရောင်တဖျတ်

ဖျတ်လက်နေဆဲပေါ့ဗျာ..။ မျက်နှာနဲ့ ခန္ဓာကိုယ်ကတော့ မမှတ်မိနိုင်လောက်အောင်ကို ယိုယွင်း ပျက်

စီးနေပြီလေ။ အလောင်းကို ကတ် နဲ့ သယ်ထုတ်ပြီး လက်ထဲက ဆုတံဆိပ်အရုပ်ကိုတော့ အမှိုက်ပုံးထဲ

ပစ်ထည့်လိုက်ကြတယ်။ သူ့သွားကို စစ်ဆေးပြီးမှ နီးလိမာ ဖြစ်ကြောင်း အတည်ပြုလိုက်ကြတယ်။

ဂျာနယ်၊ သတင်းစာတွေတိုင်းရဲ့ မျက်နှာဖုံးမှာတော့..ပုပ်ပွနေတဲ့ သူ့ဓာတ်ပုံကြီးနဲ့ပေါ့ဗျာ..။ ခေါင်းစည်း

ကတော့ အဆွေးဘုရင်မ ဟု ကျော်ကြားခဲ့သော နီးလိမာ ကုမ္မာရီ ကိုယ့်ကိုယ်ကို သတ်သေခြင်း တဲ့။

သူဟာ အသက် လေးဆယ့်လေး နှစ်ရှိပြီး ဆိုးဝါးစွာ ပျက်စီးယိုယွင်းနေသော အလောင်းကို သေဆုံးပြီး

တစ်လကျော်အကြာတွင် သူ့တိုက်ခန်းတွင် တွေ့ရှိ…တဲ့ဗျာ…။

 

တကယ့်ကို ကြေကွဲစရာ အခန်းပါပဲ။

10 comments

  • MaMa

    December 22, 2012 at 3:57 pm

    ပထမဦးဆုံး ဝင်ရောက် အားပေးသွားပါတယ်။
    အဆွေးဘုရင်မရဲ့ ဇာတ်သိမ်းခန်းက ဝမ်းနည်းစရာပဲ။
    အောင်မြင်သူတစ်ယောက်အနေနဲ့ ရှုံးနိမ့်မှုဒါဏ်ကို ခံနိုင်ရည်မရှိပဲ ဘဝကို လွယ်လွယ်ပဲ အရှုံးပေးသွားတယ်။
    သူ့ကိုယ်သူ အလှဆုံး ပြင်ဆင်ပြီး အဆုံးသတ်ခဲ့ပေမယ့်….
    သူမမြင်ရတဲ့ ပုပ်ပွနံဟောင်နေတာကို စဉ်းစားမိပြီးးးး :eee:

    • မောင်ဘလိူင်

      December 22, 2012 at 4:30 pm

      ကျေးဇူးတင်ပါတယ် အန်တီမမ ခင်ဗျာ…
      ဇာတ်လိုက်က တဒင်္ဂအနေနဲ့ သူ့အမေလို ခံစားမိပြီး ချစ်ခင်လိုက်ရတဲ့
      နီးလိမာကို ညှင်းပန်းခဲ့တဲ့ လူယုတ်မာကို လိုက်ရှာပြီး ကလဲ့စားချေမှာ..။
      အဲဒါကြောင့် ဒီဇာတ်လမ်းပေါ်ခဲ့တာပဲ..။
      ဟယ်..ဇာတ်လမ်းတော့ ပေါ်ကုန်ပြီ .. 😀

      • MaMa

        December 22, 2012 at 10:43 pm

        ပိုပြီး စိတ်ဝင်စားစရာ ဖြစ်သွားပြီ :hee:

  • မောင်ပေ

    December 22, 2012 at 7:42 pm

    သည်ပို ့စ်ကတော့ ရသပေါင်းစုံပေးတယ်ဗျ
    အဲဒါ အဲဒါ

  • mobile (mandalay)

    December 23, 2012 at 12:28 am

    အော်ဖြစ်မှဖြစ်ရလေစွ မိမိကိုယ်ကို သေကြောင်းကြံရဒယ်လို့ဗျာ
    သူများကိုသတ်တာထက် မိမိကိုယ်ကို သတ်တာက ပိုအပြစ်ကြီးဒယ်တဲ့ဗျာ။
    အားပေးသွားပါဒယ် မောင်ဘလှိုင်ရေ ဒီနာမည်ကိုတော့ အခုမှ ကြားဖူးတယ်ဗျာ။
    အခုလိုတွေ့ရဆုံရ ကြုံကြရတာ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်ဗျာ။

    • MaMa

      December 23, 2012 at 9:11 am

      မောင်ရွှေ့လျားရေ-
      မောင်ဘလှိုင်ဆိုတာ ရွာထဲက ဘာသာပြန်ဆရာကြီးတစ်ယောက်ပေ့ါ။
      တခြားပိုစ့်တွေလည်း တင်ဖူးပေမယ့် မှတ်မှတ်ရရရ အခြေအနေမဲ့ သန်းကြွယ်သူဌေးကို ဘာသာပြန်ပြီးတင်လာတာ အခုဆို ၆၉ ပိုင်းတောင် ရောက်လာပြီ။ :hee:

    • kai

      December 23, 2012 at 3:46 pm

      သူများကိုသတ်တာထက် မိမိကိုယ်ကို သတ်တာက ပိုအပြစ်ကြီးဒယ်တဲ့ဗျာ။

      အဲဒါဘယ်သူကချွန်တွန်းလုပ်ထားတာလည်းဟင်င်င်..
      ကိုယ့်ကိုယ်ကိုယ်သတ်ဖို့.. ကိုယ့်ကိုယ်တိုင်မှာ.. Rights ရှိပါတယ်..
      ဂေါတမဘုရားလက်ထက်ကတောင်..ကိုယ့်ကိုယ်ကိုယ် တော်တော်သတ်ခဲ့ကြတာဆိုတဲ့.. အထောက်အထားတချို့ရှိတယ်.။
      သူများကိုသတ်ဖို့တော့.. ဘယ်သကောင့်သားမှာမှ.. Rights မရှိပါဘူး..
      ဒုက္ခ..

      ဆိုတော့..
      ဓါတုဆေးသောက်သေရင်.. အလောင်းကလှမနေလောက်ဖူးထင်တယ်ဗျ..
      ဖူးယောင်အန်ထွက်..ပေါက်ထွက်လာတာတဲ့..
      ဟုတ်မဟုတ်တော့မသိ.. ကြားဖူးတာပြောပါတယ်..ကိုရင်ဘလှိုင်ခင်ဗျ.. :kwi:

      • mobile (mandalay)

        December 23, 2012 at 5:05 pm

        ကျနော်ကြားဖူးတာလေးကဒီလိုဗျ
        သူတစ်ပါးကို တစ်ခုခုလုပ်တာထက် မိမိကိုယ်ကို တစ်ခုခုလုပ်တာက ပိုအပြစ်ကြီးတယ်လို့
        ဆိုကြောင်းပါ။ သူတစ်ပါးကို မကြည်ညိုရင် ကုသိုလ်မရရုံပဲ အကုသိုလ် မဖြစ်ဘူးတဲ့ဗျ။
        မိမိကိုယ်ကို မကြည့်ညိုရင်တော့ အကုသိုလ်ဖြစ်တယ်တဲ့ဗျ။ ဘာကြောင့်လဲဆိုတော့
        သူတစ်ပါးကိုလိမ်လို့ရတယ် မိမိကိုယ်ကို ကျတော့ လိမ်လို့မရလို့ပါတဲ့ဗျာ။
        (ကြားဖူးတာလေးကို ပြောတာပါဗျာ ဟုက်သည်မဟုက်သည်တော့ နားလည်တဲ့လူက
        ပြန်လည်ရှင်းပြပေးစေလိုပါတယ်)
        ++++++++++++++++++++++++++++++
        မမ ရေ ကျေးဇူးအထူးတင်ကြောင်းပါခင်ည။ ကျနော်ကို ရွှေ ဆိုတဲ့
        အဖိုးထိုက်ရတနာ တစ်ပါးနှင့် ကင်ပွန်းတပ်၍ မောင်ရွှေလျား ဆိုတဲ့နာမည်လေး
        အတွက်အပြင် ကိုဘလှိုင်ရဲ့ သမိုင်းကြောင်းလေးပါ ထပ်မံရှင်းပြခဲ့တဲ့အတွက် ပါခင်ည။

      • မောင်ဘလိူင်

        December 24, 2012 at 11:21 am

        သူဂျီး ပြေတာ..ဇာတ်လိုက်ကောင်လေး ပြန်လာတဲ့အချိန် အလောင်းက ဘာမှမဖြစ်သေးတာကို
        လားမသိဘူး..။ မူရင်းစာအုပ်မှာ ကိုက်ခဲနာကျင်ပျောက်ဆေး(Painkillers) တွေသောက်ချလိုက်
        တာ။ ဇာတ်လိုက်ကောင်လေးက ဈေးက ပြန်လာတော့သေနေပြီပေါ့။ နာရီပိုင်းအတွင်းတော့
        အလောင်းက ပျက်စီးသွားမယ် မထင်ပါဘူး။ အဲဒီဆေးတွေ ထိုင်းမှိုင်းပြီး အိပ်ပျော်သွားစေ
        တဲ့ သတိ္တရှိမှာပေါ့။ အိပ်ပျော်ရင်းသေတော့ လောလောလတ်လတ်အချိန်မှာ ရုပ်မပျက်နိုင်ပါဘူး။
        ကိုယ့်ကိုယ်ကို သတ်သေဖို့ အခွင့်အရေး အပြည့်ရှိတယ်ဆိုတာတော့ မသိပါဘူး သူဂျီးရယ်..
        ကြားဖူးတာ ဗမာပြည်မှာတော့ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ရင် ဥပဒေနဲ့ ညိစွန်းတယ်တဲ့။

  • pooch

    December 24, 2012 at 11:52 am

    မတွေ့တာကြာပေါ့ကိုဘလှိုင် ။

    သတ်သေတဲ့အထဲ အိပ်ဆေးသောက်သေတာ ကိုယ့်ကိုယ့်ကို နာကျင်မှု အနည်းဆုံး ဖြစ်မလားပဲ ။
    လျှောက်တွေးကြည့်တာ။ :mrgreen:

    စကားစပ်လို့ ပြောရရင် ရှရွတ်ခန်းကို သိပ်ကြိုက်တာ သူ့ကား အားလုံး နီးပါး ကြည့်ဖြစ်တယ်။ သရုပ်ဆောင်လည်း ကောင်းတယ်နော်။ အသက်ကြီးတာတောင် မပျက်စီးသေးဘူး 😀

Leave a Reply