အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း(၇၀) ရူးပီး ဆယ်သန်း
စမီတာ က သက်ပြင်းရှည်တစ်ချက်ချပြီး –
“နာမည်ကျော် ဖလင်စတားတွေမှာ ဒီလို စိတ်ရောဂါ အနုစားတွေ ရှိတတ်တာမျိုးပဲ..သိပ်တော့ မထူးဆန်းပါဘူး..
အဲ..မွန်းတက်ဇ် မဟယ်ကို ငါလည်း ကြည့်ဖူးတယ်..ရွှေလက်ကောက်ပေးတဲ့အခန်းက ဘာ အဓိပ္ပါယ်လဲဆိုတာ
သိချင်လိုက်တာ…နီးလိမာက ဟိုသူခိုးကို ဘာပြောလိုက်လဲ…”
“ဟင့်အင်း.. ကျွန်တော်လည်း မကြားလိုက်ဘူးဗျ..အဲ့ဒီအခန်းက လျှို့ဝှက်ဆန်းကြယ်ဖြစ်နေတုန်းပဲ…ကဲ..
ကျွန်တော်တို့ နီးလိမာအကြောင်းဆက်ပြောမလား…ကျွန်တော့် ပဟေဠိပြိုင်ပွဲကို ဆက်ကြည့်မလား…”
စမီတာက မလုပ်ချင် လုပ်ချင်နဲ့ ရီမု ကွန်ထရိုးပေါ်က ပလေး ခလုပ်ကို နှိပ်လိုက်တယ်။
ကြား အားလပ်ချိန် ကြာကြာလေး ပေးထားတဲ့အချိန်ပေါ့။ စတူဒီယိုထဲမှာ လူတွေ ယောက်ယက်ခတ်နေတာပဲ။
ထုတ်လုပ်သူ ဆံရှည်ကိုယ်တော်နဲ့ပရမ်ကူးမားတို့နှစ်ယောက် ထောင့်လေးတစ်ထောင့်မှာ ဘာတွေတိုင်ပင်နေကြ
တယ် မသိဘူး။ ကိုဆံရှည်ထွက်သွားတော့ ပရမ်ကူးမားက ကျွန်တော့်ကို လက်ယပ်ပြီးလှမ်းခေါ်တယ်။
“ကဲ..မစ္စတာ သောမတ်စ်..ခုဆိုရင် ဒီပွဲမှာ ခင်ဗျားလုပ်တာ တကယ်ကောင်းတယ်ဗျာ…ရူးပီးတစ်သန်းလည်း
ရပြီးပြီ.. အဲဒီတော့ ခု ဘာလုပ်မလဲ ပြော…”
“ခင်ဗျား..ဘာပြောတာလဲဗျ…”
“ငါပြောတာ ဒီလိုလေ..ခု ..ခင်ဗျား..ကစားမလား နားမလား အခြေအနေကို ရောက်နေပြီ..အဲဒီတော့ ဒီလောက်နဲ့ရပ်ရင်
ရူးပီးတစ်သန်းယူပြီး အေးဆေး ပြန်ပေတော့…နို့မဟုတ်လို့ ဆက်ဆော့ပြီး ရှုံးရင် လက်ဗလာနဲ့ ညောင်းရမှာနော်..ကိုယ့်လူ..”
“အဲဒီလိုဆို..ကျွန်တော် တစ်သန်းယူပြီး ပြန်မယ်ဗျာ…ကံက ခုထိတော့ ကောင်းနေသေးတယ်…ဒါပေမဲ့ နောက်အလှည့်တွေ
အတွက်တော့ သိပ်မသေချာတော့ဘူး..”
“အိုး..ဒီလိုဆိုတော့လည်း နှမြောစရာပဲ…တို့က မင်း ဒီပွဲကို ဆက်ကစားပြီး နိုင်သွားလို့ရှိရင် ဒီနိုင်ငံက လူငယ်တွေအတွက်
အကြီးကျယ်ဆုံး စံပြ ပုဂ္ဂိုလ် ဖြစ်လာမယ်လို့ မှန်းထားတာကွ..ဒါ့ကြောင့်မို့လို့ တို့ အဖွဲ့က မင်းကို လွယ်လွယ်နဲ့ နိုင်အောင်
စီစဉ်ဖို့ ဆုံးဖြတ်လိုက်တယ်လေ..ဟေ့..ငါ..မင်းကို ဒုတိယမေးခွန်းမှာ ဘယ်လိုကူညီခဲ့သလဲ ..သိတယ်နော်…ငါမကူလို့က
တော့ လက်ဗလာနဲ့ အိမ်ပြန်သွားရမှာ မဟုတ်လားကွ.. နောက်မေးခွန်းတွေအတွက်လည်း မင်းကို ငါ ကူညီမယ်ကွာ..
ဟုတ်ပြီလား..ကတိပေးတယ်…မင်း သာ ဆက်ကစားမယ်ဆိုရင် တို့က မင်း နိုင်အောင် ကူညီမယ်…ဘာလို့လဲဆိုတော့
တို့က မင်းကို နိုင်စေချင်တယ်လေ…တို့ပွဲအတွက်လည်း အကောင်းဆုံးဖြစ်သွားမှာပေါ့..ဟုတ်လား…”
“ဒါဖြင့် ဘယ်လိုမေးခွန်းမျိုး..ခင်ဗျား စိတ်ထဲရှိသလဲ…”
“ဒါက အရေးမကြီးပါဘူးကွာ..မင်းကို တိတ်တိတ်လေး အဖြေ ပြောပြမှာ မပူနဲ့..မင်းသာ ငါ့ကိုယုံရင် ပြီးပြီ..ဘယ့်နှယ်လဲ..”
“ခင်ဗျားက သေချာပေါက် အာမခံနေတော့လည်း ကျွန်တော် ငြင်းဖို့ခက်သားလားဗျ…အဲ..နောက်မေးခွန်းက ဘာတုန်း
ခင်ဗျ..”
“ကောင်းပါ့ဟေ့..ဘီလီ..တို့ မစ္စတာ သောမတ်စ်က ဆက်ပြီးကစားမယ်တဲ့ကွ..” ကျွန်တော့်ဘက်ပြန်လှည့်ပြီး လေသံတိုးတိုးနဲ့ –
“အိန္ဒိယနဲ့ သီရိလင်္ကာ ကြားက ပါ့ရေလက်ကြားက အလျားဘယ်လောက်ရှိသလဲ တဲ့..အဖြေတွေက (က)၆၄ကီလိုမီတာ
(ခ)၉၄ ကီလိုမီတာ(ဂ)၁၃ရ ကီလိုမီတာ (ဃ)၂၀၉ ကီလိုမီတာ..အဖြေမှန်က (ဂ) ၁၃ရ ကီလိုမီတာ..ရတယ်နော်..”
“အဲဒီ အဖြေမှန် မမှန် ကျွန်တော်က ဘယ်နှယ်လုပ်သိမလဲဗျ..”
“အိုး..မယုံဘူးပေါ့…ဟုတ်ပါတယ်လေ…ငါအပြစ်မတင်ပါဘူး…သန်းတစ်ထောင် ကိစ္စကိုး…ဒီမှာ ..ဒီစာအုပ်ကိုကြည့်..
ဒီနံပါတ်တွေတော့ မင်း ဖတ်နိုင်တယ် မဟုတ်လား..”
ပရမ်ကူးမားက မေးခွန်းနဲ့ အဖြေပါတဲ့ ပဟေဠိစာအုပ်လေးကို ဆွဲထုတ်ပြီး မေးခွန်းကို ထိုးပြတယ်။ ဟုတ်တယ်..စောစောက
သူပြောတဲ့မေးခွန်း..။အဖြေကလည်း တူတယ်..၁၃ရ ကီလိုမီတာ..။
“ကဲ..ကျေနပ်ပြီလား… ငါ မင်းကို လိမ်မယ့်လူ မဟုတ်ပါဘူးကွ…”
ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။
“အိုခေ…ဟိုမှာ မင်းထိုင်ခုံ ပြန်ထိုင်နေလိုက်တော့..ငါခဏနေလာမယ်..”
*************************
အစီအစဉ် တီးလုံးလေး ထွက်လာပြီးတော့ စတူဒီယို ဆိုင်းဘုတ်မှာ လက်ခုပ်တီး ပါဆိုပြီး ပေါ်လာတယ်။ ပရမ်ကူးမားက
ပရိသတ်တွေကိုပြောတယ်။
“ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျာ….ခုဆိုရင် ကျွန်တော်တို့ဟာ ကစားပွဲရဲ့သမိုင်းတွင်မယ့် လမ်းဆုံကို ရောက်နေ
ပါပြီ.. ကျွန်တော်တို့ နဲ့အတူ ရူးပီး တစ်သန်းကို ရရှိထားတဲ့ ပြိုင်ပွဲဝင် လည်း ရှိနေပါတယ်…ဒီတော့ သူက ဒီပွဲကို
ဆက်ကစားပြီး အမြင့်ဆုံးဆုကြေးကို ယူမလား..ဒါမှမဟုတ်..ဆက်မကစားတော့ပဲ ထွက်မလားဆိုတာ
ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်…ကံကြမ္မာနဲ့ ကစားရမဲ့ အချိန် ရောက် လာပြီ..ဟုတ်ကဲ့..မစ္စတာ သောမတ်စ်..
ခင်ဗျား ဆုံးဖြတ်ချက်က ဘာပါလိမ့်ဗျာ…ကစားမလား ..နားမလား ဆိုတာလေး ပရိသတ်သိ အောင် ပြောပြ
ပါဦး…အဲ..တစ်ခုမှတ်ထားရမှာက ဆက်ကစားလို့ ရှုံးရင်တော့ ဗလာချည်း အိမ်ပြန်ရမှာနော်..ကဲ…ခင်ဗျား
ဘာပြောမလဲ..”
ကိုယ့်ကိုယ်ကိုယုံကြည်ပြီး သူတစ်ပါးကို နှစ်သိမ့်အားပေးတဲ့ အပြုံးမျိုးနဲ့ ကျွန်တော့်ကို ပရမ်ကူးမားက ပြုံးပြတယ်။
“ကျွန်တော်..ဆက်ကစားပါမယ်…” အသံခပ်တိမ်တိမ်နဲ့ ကျွန်တော်ပြောလိုက်တယ်။
ပရမ်ကူးမားက မကြားဟန်ပြုပြီးတော့ ဆက်မေးတယ်။
“ခင်ဗျာ…ကျယ်ကျယ်လေး ပြောပေးပါလား…ဟုတ်ကဲ့…”
“ကျွန်တော် ဆက်ကစားမယ်..” ယုံကြည်မှုရှိရှိနဲ့ ကျွန်တော် အော်ပြောထည့်လိုက်တယ်။
ပရိသတ်တွေဆီက အံ့အားသင့်တဲ့ အသံတွေထွက်လာတယ်။ တစ်ချို့ဆို တော်တော်ကျယ်ကျယ်လေးကို ထွက်လာတာ..။
“အိုး..ဘုရားသခင်..”
“ငတုံးလေးပဲကွာ..”
“ဒါ နောက်ဆုံး ယတိပြတ် ဆုံးဖြတ်ချက်ပါနော်…” ပရမ်ကူးမားက ထပ်မေးပြီး ထပ်ပြုံးပြန်တယ်။
“ဟုတ်တယ်..”
“ဟုတ်ပါပြီ…ဒါဖြင့်ကျွန်တော်တို့ သမိုင်းဝင် မော်ကွန်းထိုးကြဦးမှာပေါ့…ဂုဏ်သရေရှိလူကြီးမင်းများ ခင်ဗျာ..(ဝမ်းမြောက်ဝမ်းသာ
လေသံကြီးနဲ့) ကျွန်တော်တို့ရဲ့ ပြိုင်ပွဲဝင်သူကတော့ စွန့်စားဖို့ ပြင်ဆင်လိုက်ပါပြီ…သူဟာ သမိုင်းတလျှောက် အများဆုံး ဆုကြေး
ကို ရနိုင်မလား ဆိုတာ ကျွန်တော်တို့ ဆက်လက်စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်…အိုခေ…ကျွန်တော်တို့ကလည်း နောက်ဆုံး
မေးခွန်းသုံးခုကိုလည်း ပြင်ဆင်ပြီးပါပြီး…သူ့အတွက် လက်ခုပ်သံလေးတွေ ချီးမြှင့်ပေးကြပါဦး ခင်ဗျား…”
ဒရမ်သံတွေ ဆူတက်လာပြီးတော့ ပိတ်ကားမှာ ကစားမလား နားမလား ဆိုတာ ပေါ်လာတယ်။ ပရိသတ်တွေကလည်း ထိုင်ခုံပေါ်
ကတောင် ထပြီးစိတ်အားထက်သန်စွာနဲ့ လက်ခုပ်တွေ ဝိုင်းတီးကြပါရော..။
တီးလုံးသံဆုံးသွားတော့ ပရမ်ကူးမားက ကျွန်တော့်ဘက်လှည့်ပြီး –
“အိုခေ..မစ္စတာ သောမတ်စ် ..အခု ခင်ဗျား..ရူးပီးတစ်သန်းနိုင်ပြီးသွားပြီ…ကစားမလား နားမလား အချိန်ကို ရောက်လာပြီဖြစ်
တဲ့အတွက်…နောက်မေးခွန်းတွေ အကုန်မှန်ရင်တော့ ရူးပီး သန်းတစ်ထောင်ရပြီပေါ့…အဲ…မှားသွားလို့ကတော့ ခုထိ နိုင်ထား
သမျှတွေ အကုန်ပါသွားမှာနော်…အခု မေးခွန်းနံပါတ်တစ်ဆယ်..ရူးပီးဆယ်သန်း..ဟုတ်ကဲ့…ရူးပီး ဆယ်သန်းတန်မေးခွန်းပါ..
ဟောဒီမှာ.. လာပြီ ခင်ဗျာ.. အဆွေးဘုရင်မ နီးလိမာ ကုမ္မာရီဟာ..နိုင်ငံတော်အဆင့် သရုပ်ဆောင်ဆု….”
ကျွန်တော်လည်း ကြောင်သွားတယ်။
“ဒါ..ဒါ…ဟို..မေးခွန်း…”
“ကျေးဇူးပြုပြီး မစ္စတာ သောမတ်စ် ..မေးခွန်းပြောနေတုန်းမှာ ကြားဖြတ်ပြီး မပြောပါနဲ့…ဆုံးအောင် ပြောပါရစေနော…
ဟုတ်ကဲ့..မေးခွန်းက အဆွေးဘုရင်မ နီးလိမာ ကုမ္မာရီဟာ နိုင်ငံတော်အဆင့် အကောင်းဆုံး သရုပ်ဆောင်ဆုကို
ဘယ်နှစ်ခုနှစ်မှာ ရရှိခဲ့ပါသလဲ…ရွေးဖို့ အဖြေတွေက (က)၁၉၈၄ (ခ)၁၉၈၈ (ဂ)၁၉၈၆ (ဃ)၁၉၈၅..”
စိတ်ထဲက ငနဲကြီးကို ကျိန်ဆဲပြီး စိန်းစိန်းပါအောင်ကြည့်နေမိတယ်။ သူက လှောင်ပြုံးကလေးပြုံးလို့။ ကျွန်တော် သဘောပေါက်သွားပြီ။
ကျွန်တော့်ကို တစ်ပြားမှ မပေးချင်လို့ ဒီအကွက်ဆင်လိုက်တာလေ။ ဒါပေမဲ့ သူ ကျွန်တော့် ကံကောင်းခြင်းတွေကိုတော့ အလဲမထိုးနိုင်
သေးဘူး။
“အဖြေကို ကျွန်တော်သိတယ်…အဲဒါ (ဃ) ၁၉၈၅…”
“ဘာကွ..” ပရမ်ကူးမား ပြာထွက်သွားပြီ။ အရင်ကလို တစ်ရာ ရာခိုင်းနှုန်းသေချာတယ်နော်တွေ..ဘာတွေတောင် မမေးတော့ဘူး.။
ဘဲကြီးက ဂယောက်ချောက်ချားနဲ့ အဖြေပြတဲ့ ခလုပ်ကို နှိပ်ထည့်လိုက်တော့..ပိတ်ကားမှာ ပေါ်လာတာက (ဃ) ၁၉၈၅ တဲ့။
ပရမ်ကူးမားက သရဲတွေ့တဲ့အတိုင်းပဲ ကျွန်တော့်ကိုကြည့်ပြီး ကြေညာတယ်။ လူက အူကြောင်ကြောင်ဖြစ်နေပုံပဲဗျ..စကားတွေတောင်
ထစ်သွားတယ်။
“မစ်..မစ္စတာ ..သောမတ်စ်..ဟာ…အခု..ခု..ရု..ရူးပီး..ဆ..ဆယ်သန်းကို အနိုင်ရရှိ..သွားပါပြီ..”
ပရိသတ်ကတော့ ဘာပြောကောင်းမလဲခင်ဗျ..ဝိုင်းပြီး ဩဘာပေးလိုက်ကြတာမှ ပွက်ပွက်ကို ညံနေတာပဲ။ တစ်ချို့လူများ ထတောင်
ကကြသေးတယ်။ပရမ်ကူးမားကတော့ နဖူးကချွေးသုတ်ပြီး သံပုရာရည် ခပ်များများ မော့ချလိုက်တယ်။ အဆွေးဇာတ်ကနေ အခွက်ပြောင်
ဟာသ ဖြစ်သွားတာကို ဘယ့်နှယ် ခေါ်သင့်သလဲ မသိဘူး။
9 comments
မောင်ပေ
December 24, 2012 at 7:14 pm
ကျုပ်လဲ သောမတ်စ် ဝင်တဲ့ ပြိုင်ပွဲကို အားကျပြီး ဒီလိုလေး ပြိုင်ပွဲလုပ်ချင်လာမိတယ်ဗျာ
“ငါ့ဆော်နဲ ့ပြိုင် ဘယ်သူနိုင်” ဆိုတဲ့ ပြိုင်ပွဲလေးပေါ့
ပြိုင်ပွဲကို ဝင်ယှဉ်နိုင်သူများကတော့ ဂဲလ်အုန်းလီး ၊ အသက်က ၁၈ နဲ ့၂၂ ကြား ၊ စင်ဂဲဖြစ်ရမယ်ပေါ့လေ
ကျုပ်က ဝင်ပြိုင်မယ့် ဂဲလ်တွေကို ကိုယ်တိုင်မေးခွန်းထုတ်မယ်ဗျာ
မေးခွန်းတစ်ခုမှန်အောင်ဖြေနိုင်ရင် ၁၅၀ဝ နဲ ့မေးခွန်း၁ဝခု
ဟီဟိ
မောင်ဘလိူင်
December 26, 2012 at 9:53 am
“ကိုပေ” ကတော့ လုပ်ချလိုက်ပြန်ပြီ…ပြိုင်ပွဲအိုင်ဒီယာ လန်းလှချည်လားဗျ..ဒါနဲ့ ဘယ်လိုမေးခွန်း
မျိုးတွေ မေးဖို့ စိတ်ကူးလဲ မသိဘူး..
မောင်ပေ
December 26, 2012 at 12:38 pm
အဟဲ
မေးခွန်းလေး တစ်ခုလောက် နမူနာပြောရရင်တော့
ညီမလေးက ရည်းစားထားခဲ့ဘူးတယ်ဆိုတော့ပေါ့နော်
ညီမလေး ရည်းစားနဲ ့ချိန်းခဲ့ဖူးမှာပေါ့နော်
အဲဒီချိန်းတဲ့အချိန်မှာပေါ့နော်
အဲဒီလို အစရှိတဲ့ ၊ မေးခွန်းလေးတွေကိုပေါ့နော်
မေးမှာပေါ့နော်
ဟီဟိ
MaMa
December 24, 2012 at 10:03 pm
သောမတ်စ် ကို ပရမ်ကူးမားက တမင်ချောက်ချလို့ လုပ်ပေမယ့် ကံကောင်းချင်တော့ မေးခွန်းက နီးလိမာ ကုမ္မာရီ အကြောင်းဖြစ်နေတယ်။
ဒီလို လိမ်ညာမှုမျိုးတွေ ရှိနေတတ်တာလည်း သတိပြုစရာပဲမို့ သင်ခန်းစာရပါတယ်။ :hee:
kai
December 25, 2012 at 3:18 am
အကျိုးတရားတို့သည်.. အကြောင်းကြောင့် (ဘဝမကူး) ဖြစ်ကြကုန်၏။ :kwi:
အရီးခင်လတ်
December 25, 2012 at 4:08 am
It is written.
ကျွန်မ တကယ်ကြိုက်တဲ့ စကားပါ။ 😉
😆
padonmar
December 25, 2012 at 4:31 am
အဲဒါကို ကံကောင်းတယ်လို့ လူတွေက ပြောကြတာပေါ့။
အမှန်တော့ နီးလိမာနဲ့ရင်းနှီးဖူးတဲ့ အကြောင်းကြောင့်သာ သူကြီးပြောသလို အကျိုးတရား ဆယ်သန်းရတာပေါ့။
(အင်း..ပြောရရင်တော့ ဆယ်သန်းရဖို့ထိုက်လို့ နီးလိမာအကြောင်း မေးခွန်းဖြစ်လာတယ်လို့ လည်းပြောလို့ရတာပဲ)
ကြက်ဥ…ကြက်မ..ကြက်ဥ
အရီးခင်လတ်
December 25, 2012 at 5:07 am
Slumdog Millionaire ရဲ့ အဖွင့်
“Jamal Malik is one question away from winning 20 Million Rupees. How did he do it?:
(A) He cheated,
(B) He’s lucky,
(C) He’s a genius,
(D) It is written.
ကနေ နောက်ဆုံး (D) It is written ကို Flash Light လေး နဲ့ အဖြေပေးခဲ့တာကို ကြည့်ပြီး အတော်လေး သဘောကျခဲ့တာ။
ပရိုဂရမ်မာ ဖြစ်ခဲ့ဘူးတဲ့ ကျွန်မရဲ့ အူကြောင်ကြောင် အတွေးကြောင့် လဲ ပါမှာပါ။
ဘဝ မှာ ဘာဘဲဖြစ်ဖြစ် အဲဒါတွေ အားလုံးဟာ ရေးထားပြီးသား လို့ ယူဆ ရင်ပေါ့လေ။
ကွန်ပျုတာ Program တစ်ခု ရေးသလို ရေးရမှာ အသေအချာဘဲ။
ကျွန်မတို့ တွေရဲ့ လုပ်ဖူးခဲ့သမျှ အကောင်းအဆိုး တွေ ဟာ Database တစ်ခုထဲ မှာရှိ နေပြီး အဲဒီ Database ထဲကနေ Data ဆွဲထုတ်နိုင်မှာ။
ဒီလို ကောင်း/ဆိုး ဆိုတဲ့ လုပ်ဆောင် မှုတွေကို စစ်ဖို့ If Pattern တွေလဲ ပါရမှာဘဲ။
If Pattern တိုင်း မှာ ဒါလုပ်ရင် ဒါဖြစ်မယ် ဆိုတာ ကိုလဲ ရေးထားမှာဘဲ။
မထင်တဲ့ Case/ Error တွေပါလာ ခဲ့ရင် အဲဒီ အတွက် Run Time Error စစ်တဲ့ Condition တွေတောင် ရေးထားရမှာ အသေအချာပေါ့။
(ဘယ်သူရေးထားတာလဲ တော့ မသိ) 😆
နောက်တစ်ချက် စဉ်းစားမိတာက “It is written” ဆိုတာ စည်းစိမ်ချမ်းသာ ရုပ်ရည် ဂုဏ်ဓန များ (ရုပ်၏ချမ်းသာခြင်း) အတွက် သာ Program ရေးထားတာဘဲ ဖြစ်နိုင်မှာပါ။
စိတ်၏ချမ်းသာ ခြင်း Program ဟာတော့
ကိုယ် ကိုယ်တိုင် ဘဲ လက်ရှိ ရေးရတာသာဖြစ်ရပါမယ်။
ဒီတော့ “စိတ်၏ ချမ်းသာခြင်း၊ ဆင်းရဲခြင်း” ကိုဖန်တီး ရေးနိုင်တာ ကတော့ ကိုယ်ကိုယ်တိုင်ပါဘဲ မို့ ကြိုက်သလို လွတ်လွတ်လပ်လပ် တီထွင် ရေးနိုင်ကြ ပါတယ်။
“You are what you write” ပေါ့။
အဲဒီလို စိတ်ပြောင်းသွားချိန် အပေါ်က စစ်နေတဲ့ If Pattern ရဲ့ Condition လဲ ပြောင်းသွားနိုင်မှာဘဲ။
ဒီလောက် ဇာတ်လမ်း အရှည်ကြီးကို စိတ်ရှည် လက်ရှည် ရေးပေးလာတာ တော်ရုံ ဝီရိယ တော့ မဟုတ်ဘူး မောင်ဘလှိုင် ရေ။
ဒါတောင် ဇာတ်သိမ်းပိုင်း တွေ ကျန်သေးတယ်ဟုတ်။
ကျေးဇူးပါနော်။
အရီး ကို ပေါက်ကရ တွေးခွင့် ပြောခွင့် ပေးခဲ့တာကိုရောပေါ့။
😉
ဒါထက် slumdog millionaire ကို ထပ်ပြီး သတိရမိတာလေး။
အဲဒီ ရုပ်ရှင်ရိုက်တဲ့ Mumbai ဆင်းရဲ သား ရပ်ကွက် က ခလေးတွေ ရဲ့ တကဲ့ဘဝကို ပြတဲ့ Documentary တစ်ခု ရုပ်ရှင်အပြီး ထွက်ပါတယ်။
အဲဒီ ထဲက ကြုံသလို ဖြစ်သလို လမ်းဘေးမှာ နေရ၊ ထမင်း နပ်မှန်အောင် မစားရ တဲ့ မိဘမဲ့ ခလေးတစ် ယောက် ကို စာသင်ပေးပြီး မိဘမဲ့ခလေး များ ကျောင်း မှာ အကျအနထားခဲ့ပါတယ်။
ဒါပေမဲ့ မကြာပါဘူး။
လမ်းပေါ်ကို ပြန်ထွက်ပြေး လာပြီး လမ်းပေါ်မှာ ဘဲ ပြန်ပျော်နေ တာ ကျောင်းကို ပြန်ပို့ လို့ မရတော့တာလေး လဲ ပါတယ်။
အဲဒါကို ကြည့်ပြီး ပျော်ရွှင်ခြင်း ဆိုတာ တစ်ချို့အတွက် ထမင်းနပ် မှန်အောင် စားရခြင်း နဲ့ တောင်မဆိုင် သလိုပါဘဲ။
စိတ်၏ လွတ်လပ်မှုသာ လိုသလား။ 🙄
မောင်ဘလိူင်
December 26, 2012 at 10:00 am
ဝင်ရောက် ဖတ်ရှု အားပေးသော အန်တီ မမ ..အန်တီ ပဒုမ္မာ ..အရီး ခင်လတ်..သူဂျီး တို့ကို
ကျေးဇူးတင်ပါသည် ခင်ဗျား…အရီး ရဲ့ အတွေးကိုတော့ ကျွန်တော် ပြန်မဆွေးနွေးနိုင်ပါဘူး..
ကျွန်တော် ဉာဏ်မမှီသေးဘူးပဲ ဆိုပါတော့…