သက်ငြိမ်
သက်ငြိမ်
အကြောင်းတွေလည်းမဆက်ချင်တော့ဘူး
နှောင်းနွေရက်မှာ ခင်မင်ဖူးခဲ့
အခုတော့…
ဆောင်းလေထက်မှာ ပင်ကူးမတဲ့လေ…။
နွေကို သက်သေတည်ထားကာမှ
နှင်းပွင့်တွေက တဖြုတ်ဖြုတ်
ငါ့ရင်ကို တမင်လာလှုပ်ခတ်နေသလား
ဝိဉာဉ်မပါတဲ့ကျောက်ရုပ်က အသက်ပြင်းသလို
ဗီဇအပြောင်းအလဲကို အန်တုဖို့အတွက်
အလံလုတဲ့စစ်ပွဲမှာ အလံဖြူကိုင်စွဲ
ဓါးအိမ်ထဲ ဓါးထည့်ဖို့မေ့ခဲ့တယ်…။
မုန်တိုင်းကို စီးနင်းခဲ့တာတောင်
လေပြည်ရဲ့သယ်ဆောင်ရာ ငါမလိုက်ပါနိုင်ခဲ့ဘူး
ရော်ရွက်တွေကပဲ အညှာခိုင်ကြသလား
မီးအိမ်ကို ကိုင်စွဲထားကာမှ
မီးညွန့်ရဲ့လည့်စားမှုအောက်မှာ ကျရှုံး
ဖျားယောင်းမှုတွေမှာ လမ်းပျောက်တုန်းခဏ
ကောင်းကင်ကို တိမ်တွေမဖုံးပါစေနဲ့လား
မိုးသားတွေ အယောင်ဆောင်ထားတဲ့နောက်မှာ
ကြယ်ကြွေတာကိုတောင် ငါမတမ်းချင်တော့ဘူးလေ…။
ရနံ့ကို ခူးဆွတ်ဖို့မပြောနဲ့
ပွင့်ဖတ်တွေကိုတောင် မရူးတတ်တဲ့ငါ
အမြင်အာရုံတွေမှာလည်း မသာယာခဲ့ဘူး
ပုစဉ်းတွေ ရင်ကွဲတယ်ဆိုတာထက်
ပယင်းရောင်ဖန်ခွက်ထဲက ရေတွေအေးစက်
နှလုံးသားကပဲ အနွေးဓါတ်ကို တမ်းတမိသလား…။
ညတွေက အယောင်ယောင်အမှားမှားနဲ့
သူကိုယ်တိုင် သူ့ဆီကနေ ပုန်းရှောင်နေသလိုမျိုး
လရောင်တွေရဲ့ သောင်းကျန်းမှုအောက်မှာ
ပန်းရနံ့နဲ့လိပ်ပြာတွေလည်း ဈေးကွက်ရှာနေတုန်း
(ဝုန်း… ဆို)…
….
…………။
ကုတင်ကပဲ တခြမ်းနိမ့်သွားတာလား
ခေါင်မိုးပေါ် ဂြိုလ်တစ်လုံးခုန်ဆင်းလာသလား
တစ်စုံတစ်ယောက်ရဲ့ခြေသံကို နားစွင့်ခိုက်မှာ
ပြတင်းတံခါးကိုပိတ် အိပ်ပစ်တာပိုကောင်းလိမ့်မယ်လို့
ကိုယ့်ကိုယ်ကို တွေးထင်နေတုန်း…။
အိပ်မက်တွေ မသယ်ဆောင်ပါနဲ့တော့
သူမရဲ့ခြေဖဝါးတွေ အေးစက် တောင့်တင်း
မနက်ခင်းရဲ့နှင်းပွင့်လေးတွေ
ငိုကြွေးကြတော့မယ်…။ ။
တောက ကိုရင်
၁၇.၁၁.၂၀၁၂
One comment
မဟာရာဇာ အံစာတုံး
January 5, 2013 at 5:32 pm
ခုလောလောဆယ်တော့ ဖတ်သွားတယ် တောကကိုရင်ကြီးရေ …
နောက် အေးအေးလူလူမှ …
စီးကရက်လေး ဖွာရင်း ဆိုလိုချင်တဲ့ အဓိပ္ပါယ်ကို တွေးတော့မယ် …
အားပေးသွားပါတယ် …