စာအုပ် ၂၀၁၂
ကျနော်တို့ အားလုံး အတူတကွ ဖြတ်သန်းခဲ့ ကြတဲ့ ဒီ ၂၀၁၂ ဆိုတဲ့ ခုနှစ် သက္ကရာဇ်ကြီးကို အားလုံးနှုတ်ဆက်ကြရတော့မယ်။ အားလုံးအတူတူ လိုက်ပါဖြတ်သန်းခဲ့ ကြပြီး ဒီခုနှစ်ကြီးပေါ်မှာ လက်ရေးမျိုးစုံနဲ့ အကြောင်းအရာ ပေါင်းစုံ ၊ ဇာတ်လမ်း အဖုံဖုံ ကို မရိုးအောင် ရေးခြစ်ခဲ့ ကြတယ်။ ကောင်းသလား၊ ဆိုးသလားဆိုတာ ရေးတဲ့ သူတွေ နဲ့ဘဲ ဆိုင်မယ်၊ ဒါပေမယ့် ဒီ ၂၀၁၂ ဆိုတာကြီးကတော့ ကျေကျေနပ်နပ် နဲ့ လက်ခံခဲ့တယ်။ ဒီ၂၀၁၂ ပေါ်မှာ ကောင်းတာတွေဘဲ ရေးရမယ်၊ လက်ရေးလှလှ လေးတွေဘဲ ရေးရမယ် ၊ ညံ့တာတွေ အကျိုးမရှိတာတွေ မရေးရဘူး ဆိုပြီး သတ်မှတ်ထားတာ မရှိပါဘူး။ လူတိုင်း လွတ်လွတ်လပ်လပ် ရေးခွင့်ရတယ်။ အားလုံးကိုယ့် စိတ်ကူး စိတ်သန်းနဲ့ ပုံဖေါ်ရေးခြစ်ခဲ့ ကြတယ်။ ကောင်းတာတွေ ရေးခြစ်မိဖူးသလို ညံ့တာတွေ အကျိုးမရှိတာတွေ ကိုလဲ ရေးခြစ်ခဲ့ကြဖူးတယ်။ ဘယ်သူကိုမှ မျက်နှာသာမပေး စာမျက်နှာ အပိုလဲ မပေးခဲ့ ။ ရေးချင်တာရေး သူကတော့ အားလုံးကို လက်ခံခဲ့တယ်။ မကောင်းတာရေးမိလို့ အမှားပြန်ပြင်မယ် ဆိုလို့လဲ မရ။ လူမျိုးပေါင်းစုုံ၊ အသက်အရွယ်ပေါင်းစုံ၊ အဆင့်အတန်းပေါင်းစုံ…. အမျိုးမျိုးသောသူတွေ အတွက် စာမျက်နှာတွေ အဆင်သင့် ထားပေးခဲ့တယ်။ သေချာတာက ရေးခွင့် ရပြီးရင် ပြန်ပြင်ဖို့ အခွင့်အရေးလုံးဝ မရနိုင်။
ကလေးအရွယ်မှာ ကလေးသဏ္ဍာန် ပုံဖေါ်ရေးခြစ်ခဲ့ကြတယ်။ ကျောင်းနေအရွယ်မှာ ကျောင်းတတ်ရတဲ့ ကလေးတွေက ကျောင်းသားလေးတွေ၊ ကျောင်းသူလေးတွေ အဖြစ် ရေးခြစ်ကြတယ်။ တချို့သော ကျောင်းတတ်ခွင့် မကြုံတဲ့သူတွေ ကတော့ ကျောင်းနေအရွယ် ဖြစ်ပေမယ့် ကျောင်းသား၊ ကျောင်းသူတွေ အဖြစ် မရေးခြစ်နိုင်၊ တခြားသော ပုံစံတွေ နဲ့ စာမျက်နှာတွေ ပေါ်မှာ ရေးခြစ်ကြရတယ်။ လူဘောင်လူ့ လောက ထဲ ရုန်းကန်ရတဲ့ အရွယ်တွေ ရောက်ပြန်တော့ လူအမျိုးမျိုး ၊ ပုံသဏ္ဍာန်မျိုးစုံ ရေးခြစ်ကြရပြန်တယ်။ တစ်ယောက်ချင်းစီအတွက် ရေးခွင့် ရတဲ့ စာမျက်နှာတိုင်းဟာ တူညီကြပေမယ့် ရေးဖို့အကြောင်းအရာတွေကတော့ မတူညီနိုင် ၊ ရေးနိုင်မယ့် အကြောင်းအရာ တွေလဲ မတူညီနိုင်… ရေးခွင့် ရသလောက် ကောင်းတာလေးတွေ ရေးမိသွားဖို့ ဘဲ အရေးကြီးတယ်။ ဘယ်သူတွေ ဘယ်အကြောင်းရေးနေသလဲ ဆိုတာတွေထက် ကိုယ့်စာမျက်နှာလေး မှာ လက်ရေးလှလှလေး နဲ့ အကြောင်းအရာ ကောင်းတာလေးတွေ ၊ နှစ်သက်ကြည်နူးဖွယ် ဇာတ်လမ်းလေးတွေ ၊ သာယာလှပတဲ့ ရုပ်ပုံလေးတွေ ရေးခြစ်နိုင်ဖို့ ကြိုးစားရမယ်။
အရေးကြီးတာက ကိုယ့်စာမျက်နှာလေးတွေကို ကိုယ်ပြန်ကြည့်ပြီး ကြည်နူးနိုင်ရမယ်။ ကိုယ့်စာမျက်နှာကို သေသေချာချာ မြင်နိုင်တာ ဆိုလို့ ကိုယ်တစ်ယောက်ဘဲ ရှိမယ်ထင်ပါတယ်။ ဒီတော့ ကိုယ့်စာမျက်နှာလေးတွေကို ပြန်ကြည့်ရင်း ကြည်နူး နိုင်စေဖို့၊ ပီတိ ဖြစ်နိုင်စေဖို့ လက်ရေးလှလှလေးနဲ့ ဇာတ်လမ်းကောင်းကောင်းလေးတွေကို ရေးစေချင်ပါတယ်။
တချို့သော သူများကတော့ သူတို့ ရဲ့စာမျက်နှာ တွေကို သမိုင်းတွင်အောင် ရေးဆွဲ သွားနိုင်ခဲ့ တယ်။ သမိုင်းတွင်အောင်ရေးနိုင်ကြတဲ့ သူတွေရဲ့ စာမျက်နှာတွေက ဟောင်းသွားလေ့ မရှိဘဲ ကာလအတိုင်းအတာ တစ်ခုထိတည်တံ ကျန်ရှိနေကြတယ် ။ လူအများမလုပ်နိုင်တဲ့ ကိစ္စတွေ၊ လူအများ မစွန့်စားရဲတဲ့ အခက်အခဲတွေ ကို အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့တဲ့ သူတွေသာ သမိုင်းတွင်စာမျက်နှာတွေကို ရေးနိုင်သူတွေ ဖြစ်ပါတယ်။ လွယ်လွယ်နဲ့ တော့ သမိုင်းတွင်စာမျက်နှာတွေကို ရေးနိုင်မယ်မထင်ပါ။ သမိုင်းတွင်စာမျက်နှာတွေမှာ ဆိုရင် လေးစားဖွယ်ကောင်းတဲ့ အပြုအမူ ၊ အံအားသင့်လောက်တဲ့ ရဲစွမ်း သတ္တိတွေ၊ အတွေးအခေါ်အမြှော်အမြင် ၊ အများနဲ့ မတူတဲ့ ဇွဲလုံးလ ၊ ခိုင်မာတဲ့ ရည်မှန်းချက် တွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် စာမျက်နှာ မကုန်ခင်မှာ စုတ်ဖြဲ ခံခဲ့ရတဲ့ သူတွေ လဲ ရှိသေးတယ်။ ခင်ဗျားတို့ ကျနော်တို့ လဲ ဘယ်စာမျက်နှာမှာ ဘယ်စာကြောင်းမှာ အစုတ်ဖြဲ ခံရမလဲ ဆိုတာ ဘယ်သူမှ မသိကြပါဘူး။ စာမျက်နှာတွေပေါ်မှာ ဆက်ရေးခွင့် မရတော့ဘဲ အစုတ်ဖြဲ ခံခဲ့ရတဲ့ သူတွေ အတွက်လဲ စိတ်မကောင်းဖြစ်မိပါတယ်။ ဒီတော့ ကျနော်တို့ အတွက်ရော ဆက်ရေးဖို့ စာမျက်နှာ ဘယ်လောက်ကျန်သေးလဲ…။ ၂၀၁၂ အတွက် ကျနော်တို့ ရေးဖို့ စာမျက်နှာတွေ သိပ်မကျန်တော့ ပေမယ့်၊ ကျန်သေးတဲ့ စာမျက်နှာတွေ အားလုံးကို ရေးခွင့် ရော ရပါ့မလား….။ တွေးရင်း မောမိတယ်။
14 comments
မဟာရာဇာ အံစာတုံး
December 28, 2012 at 9:21 am
၂၀၁၂ ….
ကျနော် ဘာတွေ ဖြစ်ခဲ့သလဲ ????
ဟုတ်ကဲ့ …။
ဘာမှလည်း ပို မထူးခဲ့သလို၊ ရူးလည်း ရူးမသွားခဲ့ပါဘူး ….။
ဒုံရင်းက ဒုံရင်းပါပဲ ….။
နောက်နှစ်ထဲမှာတော့ ထူးခြားရမယ်လို့ …..
MaMa
December 28, 2012 at 9:56 am
ကိုယ့်စာမျက်နှာလေးတွေကို ကိုယ်ပြန်ကြည့်ပြီး ကြည်နူးနိုင်ရမယ်………..
တနှစ်ပြီး တစ်နှစ် ကြည်နူးနိုင်တဲ့ အမှတ်တရလေးတွေရအောင် ကြိုးစားရင်းနဲ့ပဲ အမှတ်မရချင်တာတွေရော၊ အမှတ်ရချင်စရာတွေရော ပြည့်နှက်သွားတတ်တာမို့……..
၂၀၁၃ အတွက် ……. အမှတ်ရချင်စရာလေးတွေ၊ ကြည်နူးစရာလေးတွေကို မျှော်လင့်မိပြန်ရော။ 🙂
ရွှေ မင်း သား
December 28, 2012 at 10:16 am
ကျနော်တော့ ကြည်နူးမိတဲ့ စာမျက်နှာလေးတွေ သူများတွေ ဆီက အငှားဖတ်ပြီး ကြည်နူးလိုက်တယ် …..
တချို့ကြည်နူးစရာလေးတွေကို ဒပုံလေး ရိုက်၊ မှတ်တမ်းတင်ပြီး သိမ်းထားတယ်။
ကျနော်မှာ ကြည်နူးစရာ အကြောင်းအရာလေးတွေ အရမ်းနည်းနေလို့ လေ…
P chogyi
December 28, 2012 at 10:52 am
ပြီးခဲ့တာတွေလည်း ပြန်မတွေးချင်ဘူး
ရှေ့ကိုမျှော်ပြီးတော့လည်း မဝေးချင်ပါဘူး။
အမြဲတမ်းပျှော်ရွှင်အောင်နေနိုင်ပါစေလို့။
Mr. MarGa
December 28, 2012 at 11:38 am
၂၀၁၂မှာ
အမှတ်ထင်ထင် တစ်ခုတော့ ဖြစ်ခဲ့သဗျ
ပြောတော့ပါဘူးလေ
ခိုင်ဇာ
December 28, 2012 at 11:51 am
သူ့ နတ်သမီး တစ်ယောက် ခိုးရာ လိုက်ပြေးတာလေ။
Mr. MarGa
December 30, 2012 at 10:17 am
ဟုတ်တယ်
မောင်အံနဲ့
အဟင့်
ခိုင်ဇာ
December 28, 2012 at 11:44 am
၂၀၁၂ စာမျက်နှာပေါ် မှာ ရေးခဲ့တာတွေ သိမ်းပြီး
၂၀၁၃ စာမျက်နှာဖွင့်ရတော့မယ်။
ပြောရင်းဆိုရင်း သတိရသွားတာက ဒီနှစ်အတွက် ဒိုင်ယာရီ မဝယ်ရသေးဘူး။
:kwi:
myanmarcitizen
December 28, 2012 at 4:05 pm
365 ရွက်ရှိတဲ့ 2012 စာအုပ်ကြီးပေါ်မှာ …
တစ်ချို့စာရွက်တွေကလဲ မှင်ပြာနဲ့၊ တစ်ချို့စာရွက်ကြပြန်တော့ မှင်နက်၊ နောက်တစ်ရွက်ကမှင်နီ တွေသုံးပြီး ကြားလည်မှာလဲ မရေးဖြစ်တဲ့ စာရွက် အလွတ်တွေက တန်းစီလို့… ဒီလို့နဲ့ဖြတ်သန်းလာခဲ့တာ ရေးခြစ်ဖို့ ၃ရွက်သာရှိတော့ပါလား။
အချိန်ဆိုတာလဲ အနိစ္စ(သဂျီးပြောပြောနေတဲ့)ပါလား။
အရီးခင်လတ်
December 28, 2012 at 9:36 pm
ရွှေမင်းသားရေ
ကိုယ်ရေးတဲ့ စာတွေ ပြန်ဖတ်တိုင်း စာလုံးပေါင်း အကျတွေ၊ သတ်ပုံအမှားတွေ အမြဲပြန်တွေ့တယ်။
ပြီးတော့လဲ “ဒီမှာဆို ဒီလိုလေးရေးလိုက် ရင်ပိုကောင်း မယ်” ဆိုပြီး ပြန်ပြင်ချင်တာတွေလဲ ရှိရဲ့။
ဒါပေမဲ့ ရေးပြီးသား စာ တစ်ခု ကိုတော့ ပြန်ပြင်လို့ မရတော့ဘူး။
ထပ်ပြီး
ဒါပေမဲ့ ရရင်
ရေးပြီးသား စာ တစ်ခု ကိုတော့ ပြန်ပြင်လို့ မရတော့ ပေမဲ့ အဲဒီက အမှားတွေ၊ အားနည်းချက်တွေ ကိုသာ သေချာပေါက် မှန်မှန်ကန်ကန် သိနိုင်ခဲ့ရင် နောက် ရေးမဲ့ စာမျက်နှာတွေမှာ ဒါမျိုး ကင်းအောင် ရှောင်နိုင်မယ် ထင်ရဲ့။
ဒီတော့ ရေးပြီးသား တွေ ရဲ့ အမှားကို အားမလိုအားမရ ဖြစ်နေမဲ့အစား အဲဒီကနေ သင်ခန်းစာ ယူနိုင်ရင်တော့ အမှားတွေ ထပ်မနေတော့ဘူးပေါ့။
ဒါပေမဲ့ သေချာတာက အမှား အသစ်တွေ၊ အားနည်းချက် အသစ်တွေ ကတော့ ဆက်ရှိနေဦးမှာပါဘဲ။
ဒါကဘဲ ဘဝ ထင်ပါရဲ့။
စာမျက်နှာ မကုန် သ၍၊ မှင်မခန်း သ၍ တော့ ဆက်ရေးနေကြရဦးမှာပါဘဲ။
မဟုတ်လား။
:hee:
Mobile
December 29, 2012 at 12:07 pm
ဝင်ရောက်အားပေး ဆင်ခြင်သုံးသပ်သပ်ရင်
ဟူးးးးးးးးးးးး ရှေ့ဆက်ရေးရယ့် စာမျက်နှာများအတွက် ကြိုးစားကြရမယ်လို့
ပြောမလို့ပါ။ သမိုင်းမတွင်ရင်တောင်မှ ရာဇဝင်တော့ မရိုင်းစေချင်ဘူးကွယ်။
ရွှေ မင်း သား
December 29, 2012 at 6:28 pm
မှန်တာ ပေါ့ မိုဘိုင်း ရယ် … သမိုင်းတွင်အောင် မစွမ်းနိုင်ပေမယ့် ရာဇဝင် တော့ မရိုင်းအောင် နေလို့ရပါတယ်။
မောင်ပေ
December 29, 2012 at 9:08 pm
ကိုရွှေရေ
ဘဝနေ ့ရက်တွေ ကို စာမျက်နှာတွေနဲ ့တင်စားပြောရမယ်ဆိုရင်တော့
ကျုပ် စာမျက်နှာတွေဟာ မျက်နှာငယ်စရာလေးတွေပါပဲ
ချိုချဉ်ငန်ဖန်စပ်ခါး တစ်လီစီနဲ ့
ဟူးးး
ကိုရွှေ ့ကို အားကျပါအိ
ရွှေ မင်း သား
December 30, 2012 at 10:05 am
ကိုပေ ရေ…
ကျနော်စာမျက်နှာတွေ မှာတွေမှာလဲ
ကာလာစုံ အရောင် ဆိုး ခဲ့ပါတယ်။
လူမသိတဲ့ အမဲစက်တွေ လဲ အများကြီးပါ..
ဆိုတော့….
ကိုပေ အားကျတဲ့ ကိုရွှေက ကျနော် တော့ မဖြစ်နိုင်ပါဘူး။