မြန်မာ့ဓလေ့ ထမင်းစားပွဲ ယဉ်ကျေးမှုများ
မြန်မာ့ စားသောက်ဖွယ်ရာများနဲ့ ပါတ်သက်လို့ လေ့လာကြည့်တဲ့အခါ အစားအသောက် မျိုးစုံ ရဲ့ ချက်နည်းပြုပ်နည်းတွေ စုံစုံလင်လင် တွေ့ရပါတယ် ။ ဒါပေမဲ မြန်မာတွေ ထမင်းနဲ့ဟင်းကို လက်နဲ့ နယ်ဖတ် စားသောက်တဲ့အကြောင်း စားသောက်ပုံစားသောက်နည်းတွေကို မတွေ့မိပါဘူး ။
ဂျပန်တွေက ပြောတတ်တယ် သူတို့က စားစရာတွေကို မျက်စိနဲ့ အရင် အရသာခံစားပြီးမှ ပါးစပ်က (လျှာ က) အရသာခံတယ်လို့ ဆိုပါတယ် ။ကျွန်တော်က သူတို့ကို အားကျမခံ “မြန်မာတွေက စားစရာကို လက်က အရင် အရသာခံပြီးမှ ပါးစပ်က အရသာခံတယ်” လို့ ပြော ဖြစ်တယ် ။
လက်လှမ်းမှီသလောက် ကတော့ စားသောက်စရာ ထမင်းစတာတွေကို လက်နဲ့ နယ်ဖတ်ပြီးစားသောက်တဲ့ဓလေ့က အာရှနိုင်ငံတွေမှာဘဲ တွေ့ရပါတယ် ။မြန်မာပြည်ရဲ့ အိမ်နီးခြင်း အနောက်ဖက်က နိုင်ငံတွေမှာတော့ ယခုအထိ ဒီအလေ့က ရှိပါသေးတယ် ။ မြန်မာနိုင်ငံရဲ့ အရှေ့ဖက်အရပ်က ထိုင်း လာအို ကမော္ဘဒီးယားနိုင်ငံတွေမှာတော့ ဒီဓလေ့က ပျောက်သလောက်ဖြစ်နေပါပြီ ။မြန်မာနိုင်ငံက မြို့အရပ်တွေမှာတော့ ဇွန်းခက်ရင်းယဉ်ကျေးမှုတွေက အတော်လေးနေရာ ဝင်ယူလာတာတွေ့နေရပါပြီ ။
မြန်မာ့ဓလေ့ မြန်မာ့ရိုးရာ ထမင်းစာပွဲမှာ လက်နဲ့စားသောက်တဲ့ အကျင့်ဓလေ့က ရှေးအခါကပင် ရှိခဲ့ပါတယ် ။ မြန်မာ မင်းများ ပွဲတော်တည်တဲ့အခါမှာ လက်နဲ့ဘဲ စားသုံးခဲ့တဲ့ အထောက်အထားတွေ ရှိခဲ့ပါတယ် ။ ဒါပေမဲ့ စားသောက်စဉ်မှာ လိုက်နာရမဲ့ကျင့်ဝတ်တွေကို သတ်သတ်မှတ်မှတ် မှတ်တမ်းများ မထားခဲ့နိုင်တာတွေ့ရပါတယ် ။ ရပ်ဓလေ့ရွာဓလေ့ စားသောက်ပုံ စားသောက်နည်းတွေ ကလည်း သက်ကြီးစကားသက်ငယ်ကြားလို့ လိုက်နာ မှတ်သား ထားတာတွေနဲ့ဘဲ လက်ဆင့်ကမ်းခဲ့ ကြမှတ်သားခဲ့ကြပါတယ် ။ ဒီနေ့ခေတ်လို ပြင်ပ ယဉ်ကျေးမှုတွေ လွှမ်းမိုးလာတော့ မှတ်တမ်းမရှိတဲ့ ယဉ်ကျေးမှု အမွေတွေ ပျောက်ပျက် ကွယ်ပျောက်သွားမှာ စိုးရိမ်စရာပါ ။
ကျွန်တော်တို့ ငယ်စဉ်က အဖိုးတို့အဖွားတို့နဲ့ အတူတူ ထမင်းစားရတဲ့ အချိန် အရွယ်မှာ ထမင်းစားသောက်စဉ် လိုက်နာရမဲ့ အချက်တွေကို သင်ပြ ဆုံးမတာတွေကို နားထောင်လိုက်နာပြီး ထမင်းကို လက်နဲ့ သပ်သပ်ယပ်ယပ် စားသောက်တတ်အောင် သင်ယူခဲ့ရပါတယ်။
နောက်နည်းနည်းကြီးလာပြီး ကျောင်းတက်ရတဲ့အချိန်မှာတော့ ထမင်းဘူးနဲ့ စားရပါတယ် ။ထမင်းဘူးနဲ့စားတဲ့အခါ လက်နဲ့နယ်ဖတ်စားရတာက အဆင်မပြေတော့လို့ ဇွန်း တချောင်းနဲ့ စားတဲ့အကျင့်ရလာခဲ့တယ် ။ ဒီကမှ အတန်းတွေကြီးလာပြီး အဆောင်နေရတဲ့ အခါမှာတော့ အဆောင် ထမင်းစားခန်းမှာ ဇွန်းခက်ရင်းနဲ့ စားရတဲ့ အကျင့် ရလာပါပြီ ။လက်နဲ့ထမင်းနယ်စားရတာအလေ့အကျင့်နည်းလာပါတယ် ။ကိုယ်အိုးကိုယ့်အိမ် ဖြစ်လာတော့လည်း ထမင်းကို လက်နဲ့ စားဖြစ်တာနည်းသွားပါတယ် ။ နယ်ဘက်တွေ ခရီးသွားလို့ တခါတလေ လွတ်လွတ်လပ်လပ် လက်နဲ့ နယ်ဖတ်ပြီး တွယ်မယ် ကြံ ပြန်တော့လဲ သူတို့တွေရဲ့ ဇွန်းခက်ရင်း ယဉ်ကျေးမှု ကြီးစိုးနေတာ မြို့သားတွေ လက်နဲ့မစားတတ်ဘူးဆိုပြီး ထင်လေတော့ ဇွန်းခက်ရင်းနဲ့ ဟန်ပါပါ စားပြရသေးတယ် ။ တခါတခါ အလှူမှာ အားရပါးရလက်နဲ့ တွယ်မယ်ကြံပြန်တော့လဲ မြို့ကအလှူ ဒန်ပေါက်က အဆင်မချောပြန်ဘူး ။ ဒါကြောင့် မြန်မာ့ဓလေ့ လက်နဲ့စားတဲ့ထမင်းဝိုင်းအကြောင်းရေးမယ် စိတ်ကူးတော့ ဘယ်ကစရေးရမယ်တောင် မသိတော့ဘူးဖြစ်နေပြီ။
မြန်မာတွေရဲ့ ထမင်းဝိုင်းမှာ စားစရာတွေအပြင် မပါမဖြစ် ပါရမဲ့ အဆောင်အယောင်က ရေတကောင်း (ရေချိုင့် /ရေပုလင်း)သောက်ရေခွက် နဲ့ လက်ဆေးရေခွက် တို့ဖြစ်ပါတယ် ။ ထမင်းစားပွဲမှာ မထိုင်ခင် လက်ဆေးရေကပြင် (လက်ဆေး ဘေစင်) မှာ လက်ကို ပထမ စင်အောင်ဆေးရပါတယ် ။ထမင်းစားပွဲမှာထိုင်ပြီးတဲ့ အခါ ညာဖက်လက်ကို လက်ဆေးရေခွက်မှာ လက်ဖျားရေစိုအောင်ဆွတ်ပြီးမှ ထမင်းကို ကိုင်စားရပါတယ် ။
– မိမိနဲ့ တဝိုင်းထဲ အတူထိုင်စားသော လူကြီးသူမများမစားမှီ ဦးစွာ မစားရပါ ။ လူကြီးများခွင့်ပြုမှ လူကြီးများကို ဦးချပြီးမှစားရပါမယ် ။
– ထမင်းပန်းကန် ထဲကို ထမင်းပြည့်မောက်အောင်မထည့်ရပါ ။
-ပန်းကန်တွင်းသင့်ရုံ ထည့်ထားတဲ့ ထမင်းကို ပန်းကန်ရဲ့ ညာဖက် အောက်နားမှာ သုံးပုံ တစ်ပုံလောက် ခွဲဖယ်ရပါတယ် ။အဲဒီ ခွဲထားတဲ့ ထမင်းပုံလေးကိုမှ စားချင်တဲ့ ဟင်း ဟင်းချို ငပိရည် စတာ တမျိုးမျိုး ဆမ်းထည့်ပြီးမှ တလုပ်ချင်း စားရပါတယ် ။ ထမင်းနဲ့ ဟင်းကို လူမြင်မကောင်းအောင် ရောမနယ်ပါနှင့် ။
– ထမင်းလုပ် ကို သင့်ရုံသာလုပ်ရပါမယ် ။ပါးစပ်မဆန့်အောင် မကြီးရပါ ။
– ထမင်းနယ်ပြီး ထမင်းလုပ် လုပ်ရာမှာ လက်ချောင်းတွေရဲ့ အဖျားဘက် နှစ်ဆစ်ထိသာ အသုံးပြုပြီး ကိုင်ရပါမယ် ။ လက်ဖဝါးများအထိပေအောင်မကိုင်ရပါ ။
– ထမင်းလုပ် ပါးစပ်ရှေ့သို့မရောက်မှီ ပါးစပ်ကို ကြိုမဟထားရ ။ ပါးစပ် အကျယ်ကြီးဖွင့်ဟ၍ ထမင်းလုပ်ကို မထည့်ရ ။ထမင်းဝါးနေချိန် ပါးစပ်ပိတ်ထားရမည် ။အသံမထွက်အောင် ဝါးရပါမယ် ။ ပျတ် ပျတ် မည်အောင် မစားရ ။
– ဟင်းခပ်လျှင် အသားတုံးကို တခါခပ်လျှင် တတုံးသာခပ်သင့်ပါတယ် ။ပန်းကန်ထဲ ဟင်းများစွာထည့်မထားရပါ ။ ပန်းကန်ထဲ ဟင်းတုံးများစွာထည့်ထားတတ်သူကို ရှေးလူကြီးသူမများက လောဘကြီးသူဟု ကောက်ချက်ချတတ်ပါတယ် ။
– ဟင်းခပ်လျှင် ဇွန်းကို ထမင်းပေနေသောညာလက်ဖြင့်မကိုင်ရပါ ။ဘယ်လက်ဖြင့် ဇွန်းကိုင်၍ ခပ်ရပါမည် ။
– ဟင်းချို ဟင်းရည် သောက်လျှင် ဇွန်းကို ဘယ်လက်ဖြင့် ကိုင်၍ ခပ်သောက်ရပါမယ် ။ ဟင်းရည်သောက်စဉ် ဇွန်းကို သွားဖြင့် မထိပါစေနဲ့ ။
– ဟင်းရည်သောက်လျှင် အသံမမြည်ပါစေနဲ့ ။ ခပ်ထားသော ဟင်းရည်ကို ကုန်အောင် သောက်ပါ ။ မကုန်ဘဲ ဇွန်းထဲကျန်သောဟင်းရည်ကို ဟင်းရည်ပန်းကန်ထဲကို ပြန်မထည့်မိပါစေနဲ့ ။ ဖြစ်နိုင်လျှင် ဇွန်းကို ဟင်းရည်ပန်းကန်ထဲ ပြန်မထည့်မှီ မိမိ ထမင်းပန်းကန်ပေါ်တွင် အရည်စစ်ပြီးမှပြန်ထည့်လျှင်ပိုကောင်းပါတယ် ။
– ဟင်းခွက် ကို လက်ဖြင့်မနှိုက်ရပါ ။ တို့စရာ အသီးအရွက် ယူချိန်တွင် ညာလက်ဖြင့်ယူပါ လက်တွင် ထမင်းလုံးမကပ်ပါစေပါနဲ့ ။ ထမင်းစားနေစဉ်အတွင်း လက်ချောင်းများတွင် ထမင်းလုံးများ မကပ်နေပါစေနဲ့ ။ ထမင်းလုံးများကွာကျစေရန် လက်ချောင်းလေးများအချင်းချင်း ပွတ်၍ ခွာချရမည်။ ပါးစပ်ဖြင့် လက်ချောင်းများကို စုတ်ခြင်းလျှက်ခြင်း မလုပ်ရပါ ။
– အသားတုံး ကို လက်ဖြင့်ဖဲ့၍တစ်လုပ် တစ်ကိုက်စာသာ စားပါ ။ အသားတုံးကို သွားဖြင့် ကိုက်ဖြတ်ရန်လိုလျှင် ရှေ့သွားဖြင့် ကိုက်ဖြတ်ပါ ။ အံသွားဖြင့်ကိုက်ပြီး လက်ဖြင့်ဆွဲဖြတ်ခြင်းမလုပ်ရပါ ။ ဖဲ့ ဖြတ် မရသော အသားတုံးကို ပလုပ်ပလောင်း ပါးစပ်တွင်းထိုးသွင်းပြီး မစားရပါ ။
– အရိုးများကို အရိုးပန်းကန်တွင်း၌ သာ ထည့်ရမည် ။ စားပွဲခုံပေါ်သို့မချထားရပါ ။ထမင်းပန်းကန် နှုတ်ခမ်းပေါ်တွင်လည်းမတင်ရပါ ။
– ထမင်းစားနေစဉ် စားပွဲပေါ်မှ ဟင်းခွက်များကို ဟိုရွှေ့ ဒီရွှေ့ မလုပ်ရ ။ လူကြီးများမှလိုအပ်လျှင် ရိုရိုသေသေ ကမ်းပေးရပါမယ် ။
– ထမင်းစားစဉ် ထမင်းပန်ကန်ကို ဘယ်လက်ဖြင့် ကိုင်မထားပါနဲ့ ။ထမင်းပန်းကန်ရဲ့ နောက် မိမိရင်ဘတ်ရှေ့စားပွဲပေါ်တွင် လက်ကိုတင်ထားပါ ။ အဲဒီလက်ကို အားပြုပြီး ထမင်းစားပွဲပေါ်ကို မမှီထားပါနှင့် ။ ကိုယ်ကို မတ်မတ် ထိုင်ပါ ။ ကိုယ်တစောင်းမထိုင်ပါနဲ့ ။တည့်တည့်ထိုင်စားရပါမယ် ။
– စကားများများ မပြောရပါ ။ ပါးစပ် ပလုပ်ပလောင်းဖြင့် စကားမပြောရပါ ။ သလိပ်ဟပ်ခြင်း ချောင်းဟန့်ခြင်းမပြုရပါ ။
– မိမိစားပြီးသော်လည်း အားလုံးစားပြီးသည်အထိစောင့်ပါ ။ စားပြီးချိန်တွင် လက်ကို စားပွဲဘေးရှိလက်ဆေးရေခွက်တွင် ဆေးပါ ။ လက်ဆေးရေ ညစ်ပါတ်နေလျှင် သောက်ရေခွက်ဖြင့် လောင်း၍ အနည်းငယ်ဆေးနိုင်ပါတယ် ။ ပြီးမှ လက်ဆေးရာနေရာ ရေကပြင် (လက်ဆေးဘေစင်) တွင် လက်ကို စင်အောင်ဆေးပါ ။ လက်မဆေးဘဲ စားပွဲမှ ထမသွားသင့်ပါ ။ လက်မဆေး ပါးစပ်မသုတ် ဘဲ ရေမသောက်ရပါ ။
ဒီနေရာမှာ ကျွန်တော် လက်ဆေးတဲ့နေရာ ရေကပြင် အကြောင်းကို ကြုံတုန်း ပြောပြချင်ပါသေးတယ် ။ မြန်မာရှေးအသုံးမှာ ရေသုံးတဲ့နေရာတွေကို ရေကပြင်လို့ ခေါ်ဝေါ်ကြပါတယ် ။ အခုခေတ်တော့ ဒီစကားသုံးတာ သိပ်မတွေ့ရတော့ပါ ။ မြန်မာတွေရဲ့ ရှေးအိမ်တွေမှာ ရေသုံးတဲ့ ရေကပြင် သုံးနေရာ ရှိတတ်ပါတယ် ။
၁ ။ ခြေဆေးတဲ့ ရေကပြင် ။ အိမ်ရှေ့ လှေခါးရင်းတွင်ရှိပြီး အိမ်ပေါ်မတက်ခင် ခြေဆေးရတဲ့နေရာပါ ။ရေအိုးနဲ့ ရေမှုတ်အရိုးရှည် နဲ့ အပြင်ကအပြန် ခြေဆေး ရပါတယ် ။ခုခေတ်တော့ ဘုန်းတော်ကြီးကျောင်းတွေမှာ တွေ့ရတတ်ပါတယ် ။
မသိသူတွေက သောက်ရေအိုးနဲ့ အမှတ်မှားသောက်မိမှာစိုးလို့ပါ။
၂ ။ လက်ဆေးရေကပြင် ။ အိမ်မကြီးရဲ့ ခြေရင်းဖက် ခြေကျော်ပေါက် အပြင်ဘက် ဝရံတာမှာ ရှိပါတယ် ။တချို့အရပ်မှာတော့ သောက်ရေအိုးစင်နဲ့ပါတွဲထားတတ်ကြတယ် ။ လက်ဆေးရေသုံးဖို့အတွက်က ရာဝင် စဥ့်အိုးနဲ့ ရေဖလား ရှိပါတယ် ။လက်ဆေးရေသုံးသလို မနက် အိပ်ရာ ထ မှာလည်း မျက်နှာသစ် သွားတိုက် စသဖြင့် သုံးတတ်ကြပါတယ် ။
၃ ။မီးဖိုချောင်သုံး ရေကပြင် ။ မီးဖိုချောင်နဲ့ တွဲရက် ရှိပြီး ချက်ပြုတ်ရေး အတွက် ရေသုံးတဲ့နေရာပါ ။ နောက်ဖေးဆောင်နဲ့အတူ အိမ်နောက်ထွက်ပေါက်လည်း ရှိတဲ့နေရာပါ ။
ခုတော့ လက်ဆေးတဲ့ရေကပြင်နေရာမှာ လက်ဆေးကန် ဘေစင် ကနေရာဝင်ယူလာသလို မီးဖိုချောင်က ရေကပြင်နေရာမှာလဲ ပန်ကန်ဆေးတဲ့ ဘေစင် တွေ နေရာယူလာပြီ ဆိုတော့ မြန်မာ့ဓလေ့ တဖြည်းဖြည်း ကွယ်ပျောက်လာပြီး လူတွေက ခေတ်မှီလာတယ်ပြောပေမဲ့ ချစ်စရာ့ မြန်မာ့ ဓလေ့တွေ ရှာမရဖြစ်ရတယ်။
59 comments
ခိုင်ဇာ
January 3, 2013 at 1:07 pm
ဒီပို့(စ) ကို လည်းကူးသွားပြန်ပြီ။
လက်နဲ့ထမင်းစားရရင်ပဲ ရှက်သလိုလို လုပ်နေတတ်တဲ့ သူတွေကို ပြဖို့။ :kwi:
ဖတ်ရင်း ငပိရည်နဲ့ တို့စရာတွေပဲ တဝဲလည်လည် မြင်နေလို့ စာကို မနည်းဆုံးအောင်ဖတ်ရတယ်။
ဝတ်မှုံလေးက မသိလို့ အဲလို ဓာတ်ပုံရိုက်မိတာပါလေ။ ဗွေမယူပါနဲ့။
ရွာတွေမှာတော့ အဲ့ဒီ အုန်းမှုတ်ခွက်နဲ့ စဉ့်အိုးလေးတွေ ရှိတတ်ပါသေးတယ်။
တစ်ခါ တစ်ခါ မြန်မာ့ရိုးရာစစ်စစ် အဆင်အပြင်မျိုးဆိုင်လေးတွေ တွေ့ရင် တကယ်သဘောကျတယ်။ :hee:
နွေဦး
January 3, 2013 at 3:52 pm
ကျေးဇူးပါ ။
ခွင့်လွှတ်လိုက်ပါတယ်ဗျာ ။
မသိတဲ့သူကို အပြစ်မတင်ပါဘူး ။
သိတဲ့သူတွေ သွန်သင်ညွှန်ပြမှုမရှိတာကိုဘဲ အပြစ်ဆိုချင်တာပါ ။
VDM(Visible Distinguishing Mark)=TATTOO
January 3, 2013 at 2:48 pm
ရွှေတိဂုံဘုရားမြောက်ဘက်မုခ် နားက အောင်သုခ ထမင်းဆိုင်မှာလဲ အပေါ်ထပ်မှာ အဲလိုမျိုးထမင်းဝိုင်းနဲ့စားလို့ရတယ်
နွေဦး
January 3, 2013 at 3:48 pm
အဲသည်မှာက နိုင်ငံခြားသားတွေ လာစားတတ်တော့ ကိုယ့်ယဉ်ကျေးမှုကို ပိုပြီးပြလို့ရတာပေါ့ ။
ကြည်ဆောင်း
January 3, 2013 at 3:03 pm
ဒီပိုစ့်မှာပါတဲ့ ထမင်းစားချိန်မှာလိုက်နာသင့်တဲ့စည်းကမ်းတော်တော်များများက အဖွားတွေသင်ထားလို့ ငယ်ငယ်တုန်းကတော်တော်လိုက်နာခဲ့ရပါရဲ့
အိမ်ေ့ရှကခြေဆေးအိုး အိမ်နောက်ကပြင်က လက်ဆေးအိုးတွေနဲ့လဲ ကြီးပြင်းလာခဲ့ဘူးပါတယ်..
အခုတော့ လက်နဲ့စားတဲ့ထမင်းဝိုင်းတို့ အိမ်ပေါ်မတက်ခင်ခြေဆေး နောက်ဖက်ရေကပြင်ထွက်ပြီး လက်ဆေးရတဲ့ ဓလေ့ထုံးတမ်းတွေဟာလဲ ပုံပြင်လိုဘဲဖြစ်သွားခဲ့ပါပြီ …
လက်ရည်တစ်ပြင်တည်း ဒေါင်းလန်းကြီးနဲ့တော့ထမင်းမစားခဲ့ဘူးပေမဲ့ အမေတွေ အဖွားတွေ ခွံ့ကျွေးတဲ့ ထမင်းကိုတော့ မောင်နှစ်မတွေ တစ်ပန်းကန်ထဲ စားခဲ့ဘူးပါတယ် …
အခုခေတ်ကျန်းမာရေးရှုဒေါင့်ကကြည့်ရင်တော့ လက်နဲ့ ထမင်းမစားဘဲ ဇွန်းခက်ရင်းနဲ့ စားတာကပိုသင့်တော်မယ် ထင်ပါရဲ့
ဒီပိုစ့်လေးကိုဖတ်ပြီး ငယ်ဘဝအချိန်ကနေခဲ့ စားခဲ့ရတာလေးတွေကို လွမ်းမိသွားပါတယ်….
နွေဦး
January 3, 2013 at 3:46 pm
ဓလေ့ရိုးရာတွေ ထုံးတမ်းစဉ်လာတွေဟာ လက်တွေ့ ထိတွေ့မှုနည်းပေမဲ့ ထိမ်းသိမ်းစောင့်ရှောက်ရမဲ့ တာဝန်က ကြီးပါတယ် ။
Foreign Resident
January 3, 2013 at 3:04 pm
” ရွှေတိဂုံဘုရားမြောက်ဘက်မုခ် နားက အောင်သုခ ထမင်းဆိုင်မှာ ”
ကြုံတုံးလေး တစ်ခုလောက် စပ်စုချင်တယ် ။
ရန်ကုန်မြို့ထဲမှာ လက်ရှိ ဘယ် မြန်မာ ထမင်းဆိုင် အကောင်းဆုံးလို့ ထင်ကြသတုံး ။
အဘ ကတော့ အောင်သုခ စားနေကျပဲ ။
နွေဦး
January 3, 2013 at 3:42 pm
ဗမာထမင်းဟင်းကောင်းကောင်းဆို သုဝဏ္ဏ က ခိုင်စိုးစိုးတော့ ပါးစပ်တွေ့ပါတယ်။
အထက်ပုဇွန်တောင်လမ်းက ဓါတ်ဆီဆိုင်ဘေးက ဆိုင်လည်း ဟင်းကောင်းတဲ့စာရင်းထဲ ထည့်လို့ရပါရဲ့။
ခင်ခ
January 3, 2013 at 3:42 pm
လက်နဲ့ထမင်း အားရပါးရ စားပြီး လက်ဆေးသော်လည်း တစ်ခါတရံ လက်မှာဟင်းနံကလေးများ စွဲလျှက်အနံ နံနေခဲ့ရင် သွားတိုက်ဆေးနဲ့ရေ ကိုအသုံးပြုပြီးဆေးလိုက်ပါ ခုန နံနေတဲ့ ဟင်နံလေးများ ပျောက်သွားပါလိမ့် မယ်လို့။
နွေဦး
January 3, 2013 at 3:43 pm
သွားတိုက်ဆေးက အတော်လေးအသုံးဝင်တယ်နော်..
Shwe Tike Soe
January 3, 2013 at 4:38 pm
အော်မြန်မာ့ဓလေ့က တည်လဲ စနစ်ကျပါလားနော.. အခုလိုလေး ဖတ်ရတော့လဲ အဟုတ်သားလားဗျ..
ဘယ်သူမှ အဲလောက် မလိုက်နာကျတော့လဲ စည်းကမ်းသည်စာတွင်မှာသာရှိသည်ပေါ့ဗျာ..
ကျွန်တော်တို.ရုပ်ရှင်ဗီဒီယိုကားတွေမှာ အဲလို ဓလေ့လေးတွေ မြန်မာအစားအသောက်တွေ စားသောက်နေထိုင်မှုတွေကို နည်းစနစ်ကျကျရိုက်ပြရမှာဗျာနော်…
ကိုရီးယားတွေများ သူတို.နေထိုင်မှုပုံစံနဲ. အစားအသောက်ကို အသားပေးရိုက်ကြတာတွေ.ရတယ်..
အခုလိုလေး မြန်မာ့ဓလေ့လေးကို လေးလေးစားစားပြည့်ပြည့်စုံစုံ ပို.စ်အဖြစ်တင်ပေးလို. ကိုနွေဦးကို အထူးကျေးဇူးတင်ပါတယ်ဗျာ….
ဒီစာလေးကို သိမ်းထားပါရစေ.. ကျွန်တော် သားသမီးတွေကျတော့ ဖတ်ပြရအောင်ပါ…
နွေဦး
January 3, 2013 at 4:47 pm
သိမ်းထားပြီး သားသမီးတွေ ကို ဖတ်ပြရုံလောက်တော့မလုပ်ပါနဲ့ဗျာ ။ ဗမာတွေရဲ့ ဓလေ့ကို နည်းနည်းလောက်တော့ တတ်အောင် လေ့ကျင့်ပေးပါဦး ။
kai
January 3, 2013 at 4:56 pm
ရှေးမြန်မာတွေရဲ့.. လက်ရေတပြင်စီးစားဟန်ပေါ်လွင်စေတဲ့ပုံရယ်.. စားပုံကိုထင်ဟတ်စေတဲ့.. တျာချင်းရယ်ကို.. တင်ပေးလိုက်တယ်..။
(တကယ်တော့.. ရိုးရာဓလေ့ထုံးတမ်းတွေမှာ.. ခေတ်နဲ့ညှိ.. ကျမ်းမာရေးသတိနဲ့..ပြင်ဆင်လုပ်သွားကြနိုင်ရမှာဖြစ်ပါတယ်.
မြစ်ရေအလျှင်လို.. စီးဆင်းနေရာတာပါ..။
ရှေးကဒီလိုလုပ်ခဲ့လို့.. အခုထိ.. ဒီလိုတိတိကျကျလိုက်လုပ်ရမယ် မဖြစ်သင့်ပါဘူး..။
ဒီလိုအတင်းဆုပ်ကိုင်ထားရင်.. ရှေးရိုးစွဲ-ကွန်ဆာဗေးတစ်ဖြစ်တော့မပေါ့…
တခါတလေတော့လည်း.. လွတ်ပြန့်သမား-လစ်ဘရယ်တွေရဲ့..အကြံဉာဏ်နဲ့ညှိယူရတာပါ.. – စကားချပ်)
ဆိုတော့..
ခပ်ဖွယ်ဖွယ်ထမင်းထဲမှာ အဲဒီ ဟင်းရွက်ကန်စွန်းပေါင်း သောင်းပြောင်း ဟင်းချိုဟင်းရေ ဆမ်းချလိုက်တဲ့အခါ ဟင်းရေတွေက ဘေးဘက် ဘယ်ညာ ထမင်းပုံတွေဆီကို စီးသွားတတ်တယ်။ အဲဒါကို လက်ရေတပြင်စီးတယ် လို့ ခေါ်ပါတယ်။ မိသားစုတစုမှာ သားသမီး ဘုစုခရုတွေများနေရင် လူတိုင်းကိုယ်စီ ဒေါင်းလန်းကြီးကို ဝိုင်းပြီး ဝင်မထိုင်သာတဲ့အခါ လက်ချည်းပဲ လှမ်းလို့ဝင်နှိုက်စားရတတ်တယ်။ ဒါကလည်း ပျော်စရာပါပဲ။
http://moemaka.blogspot.com/2010/06/nyi-nyut-yay-neh-thet-shay-shay-yan-win.html
နွေဦး
January 3, 2013 at 5:04 pm
ကျေးဇူးတင်လိုက်တာ သူကြီးရယ် ။ ဒီလိုမျိုးလေးဖြည့်လိုက်တော့ ကျွန်တော်တို့ရဲ့ ရှေးကတည်းက ရှိခဲ့တဲ့ ဓလေ့ကို အများသိအောင် ကြွားပြလို့ရတာပေါ့နော် ။
pazflor
January 3, 2013 at 5:16 pm
ဒါကျနော်တို့တွေ ဆယ်တန်းတုန်းက သင်ခဲ့ရတဲ့ နွေဦးကာလမြူထသောအခါထဲကလိုပေါ့
“နှီးဒေါင်းလန်းကြီး ခူးပြီးသောခါ၊
သမီးနှင့်သား များလို့မဝင်သာ၊
ဒူးတစ်ဖက်ဟာ တွန်းကာဖယ်လျက်၊
သူ့ထက်ငါလေ စားတော့မည်စေ၊
စပေသာလှအုန်းခွက်ကယ်နှင့်လေး။
ငုံ့လျက်ကိုယ်စီသာ ဆုပ်ကာလွေးတော့သည်။
ပြီးလျှင်ရေမရှာ ခွေးသာကျွေးတော့သည်။”
နောက်ဆုံးပိတ်က ဆပ်ပြာတောင်လိုဘူး။ :hee:
လုံမလေးမွန်မွန်
January 4, 2013 at 12:30 pm
အရင်ခေတ်က အလေ့လေးက ချစ်စရာလေးပါ..ဒါမယ့် အခု အဲ့လို စားမလားဆိုရင်… ဟီး…
မောင်ပေ
January 3, 2013 at 9:24 pm
ကိုနွေဦးရေ
ဖတ်ရှုအားပေးသွားပါတယ်
ကျုပ်က နှီးဒေါင်းလန်း ဆိုတာနဲ ့စားဖူးချင်တာ
မန်းတလေးမြို ့မှာ ဗမာထမင်းဟင်းလက်ရာစစ်စစ်ကို
အရံဟင်း ၊ အတို ့အမြုပ် ငပိရည်ကျို(အစစ်) နဲ ့ ထမင်းလက်ဆုံစားချင်သပ ဆိုရင်တော့
မန်းတလေးမြို ့ ၈၄လမ်းx၈၃လမ်းကြား ၊ ၂၃လမ်းx၂၄လမ်းကြား က / ၈၄လမ်းပေါ်မှ ဝင်ရပါတယ် ၊ အရှေ ့အနောက် လမ်းသွယ်လေးထဲမှာမို ့။
အဲဒီမှာ မိတ္ထီလာနယ်ဘက်က လူတွေဖွင့်ထားတဲ့ ထမင်းဆိုင်ရှိတယ်ဗျို ့
သူ ့လက်ရာ ဘယ်လောက်ကောင်းလဲ ၊ စားလို ့မြိန်လဲ ဆိုရင်
မန်းတလေးတိုင်းက လူကြီးတွေ အစည်းအဝေးလုပ်ကြရင် ၊ ကြက်ဆီထမင်း ဒန်ပေါက် မတောင်းဆိုဘူး ။ အဲဒီဆိုင်ကမှ…
အဲဒါ အဲဒါ
နွေဦး
January 4, 2013 at 8:47 am
မန ္တလေးရောက်တုန်းက အနောက်ဖက်ကျုံးမှာ ဓါ့ပုံရိုက်ပြီး ထမင်းစားဖို့ အဲဆိုင်လိုက်ရှာသေးတယ် ။နယ်ခံမပါတော့ရှာမတွေ့ဘဲ အေးမေတ္တာ မှာဘဲစားခဲ့ရပါတယ်။ သူ့ဆိုင်လဲဟင်းချက်ကောင်းပါတယ်။ နောက်တခေါက်တော့ ၂၄လမ်း ၈၄လမ်းကဆိုင်ကိုထပ်ရှာပါအုံးမယ်။
ကျေးဇူးပါ။
padonmar
January 3, 2013 at 9:47 pm
ယဉ်ကျေးလိမ္မာဆုံးမစာသံပေါက်မှ
မိဦးဖဦးဆရာဦးကို ခူး၍နော်ကွဲ့မစားနဲ့။
ပရမ်းပတာသူ့ထက်ငါ လုယက်ကာကွယ့် မစားနဲ့။
ငြိမ်သက်သားနားသတိထား၊ကောင်းကောင်းစားကွဲ့ဖိတ်စေနဲ့။
လက်ကို လျက်ကာ မစားရာ၊ရှောင်ရှားပါကွယ့်ကောင်းကောင်းတဲ့။
နှုတ်ခမ်းပါးနား၊လျက်ကာစား၊၊ရှောင်ရှားပါကွယ့်ကောင်းကောင်းတဲ့။
လျှာကိုထုတ်ကာ မစားရာ၊၊ရှောင်ရှားပါကွယ့်ကောင်းကောင်းတဲ့။
ဟင်းရည်သောက်ပြန်ရှူးရှူးသံ ၊ဧကန်မပြုနဲ့။
ထမင်းဟင်းပေလျက် သောက်ရေခွက် ၊လက်နဲ့ မကိုင်နဲ့။
ထမင်းဟင်းပေလျက် ၊ညာလက်နှင့်၊ဇွန်းကိုမကိုင်နဲ့။
ထမင်းစားရာ၊အစားစာ ၊များစွာစကားမပြောနဲ့။
စားပြီးသောခါစင်ကြယ်စွာ၊ဆေးကြောပါကွဲ့၊ကောင်းကောင်းတဲ့။
ယဉ်ကျေးအောင်စား၊ယဉ်အောင်သွား၊ စကားပြောလည်းယဉ်စေကွဲ့။
နွေဦး
January 4, 2013 at 8:54 am
ဒီသံပေါက်ကဗျာလေးကို တင်ပေးလို့ အရမ်းကျေးဇူးတင်ပါတယ်။
ဒီလို ဆုံးမသံပေါက်တွေ ရှေးလူကြီးတွေအများကြီးထားခဲ့ပေးပေမဲ့ နှောင်းလူတွေ ပစ်ပယ်ခဲ့ကြတာ နှမြောဖို့ အလွန်ကောင်းပါတယ်။
ဖြစ်နိုင်ရင် ယဉ်ကျေးလိမ္မာ သင်တန်းတွေမှာသာမက မူလတန်းကျောင်းတွေမှာပါ သင်ရိုးတခုအနေနဲ့ ထည့်သွင်းသင်ပေးနိုင်ရင် သားစဉ်မြေးဆက် အကျိုးများပါမယ်။
ကျေးဇူးပါ။
kai
January 4, 2013 at 7:23 am
အသိမမှားရင်..
အခုခေတ်.. အနောက်တိုင်းအစားအစာတွေမှာ.. ပီဇာ၊ ဟင်ဘာဂါ၊ ပေါင်မုန့်တွေ လက်နဲ့ကိုင်စားရပါတယ်..။
ဖရင့်ချ်ဖလိုင်း(အာလူးချောင်းကြော်)ကို.. လက်နဲ့ကိုင်စားရပါတယ်.။
ဒါပေမယ့်..
လူသားဆိုတာ.. မယဉ်ကျေးခင်ခေတ်က.. လက်နဲ့ကိုင်ဖဲ့.. သွားနဲ့ကိုက်ဖဲ့.. စားသောက်ကြရမယ်လို့.. သေချာပါတယ်..
ဒီခေတ်မှာ.. လက်ရေတပြင်စီးစားကြလို့ကတော့.. တယောက်စီက.. တီဘီ၊ဝမ်းရောဂါ၊ အဖျားရောဂါ.. တမိသားစုလုံး..ပါတ်လည်ကူးပြီပဲ..။
ဆိုတော့..
ကျုပ်အနေနဲ့ကတော့.. ဆီရွဲတဲ့မြန်မာဟင်းတွေကိုထမင်းနဲ့စားရင်.. (လက်နဲ့အားရပါးရစားချင်ပေမယ့်.. ) မစားသင့်တော့ဘူးလို့.. မြင်မိပါကြောင်း..ရယ်..။ :kwi:
အရီးခင်လတ်
January 4, 2013 at 7:32 am
မြန်မာပြည်က ပီဇာ ဆိုင်တွေမှာ ခရင်းနဲ့ ဓား ချပေးတယ်။
တစ်ချို့ ပီဇာကို လက်နဲ့ မစားဘဲ ခရင်းနဲ့ ဓား သုံးပြီး စတိုင် နဲ့ စားနေတာမြင်ဖူးတယ်။ 😆
မောင်ပေ
January 4, 2013 at 9:23 pm
သိမှ မသိတာကိုး အရီးရယ်
သဂျီးအခုလို ပြောမှ
နောက်တစ်ခါ ပီဇာစားရင် လက်နဲ ့ကရိုင်းတော့မယ်
နို ့
ပီဇာကို ဓါးနဲ ့စားရင် သိပ်စိတ်မရှည်ချင်ဘူး
အရီးခင်လတ်
January 4, 2013 at 7:28 am
ကိုနွေဦးရေ
အဖိုးတန် Post လေး ပါ။
လက်နဲ့ စားတာ ကတော့ ကိုယ့်လက် ကို ကိုယ့်ပါးစပ်ထဲ ထည့်တာမို့ အကြောင်းမဟုတ်ပါဘူး။
အကြောင်းက .. အရင် မြန်မာပြည် ရဲ့ တစ်ချို့ အလှူ (အခုတော့မသိ) တွေ မှာ ဟင်းရည်သောက်ချပေး ရင် တစ်ခွက်ထဲ။
အားလုံးက သောက်လိုက် ဇွန်းကို ပြန်ထည့်လိုက် လုပ်နေတာ ကတော့ ကျန်းမာရေး နဲ့ မညီဘူးထင်ပါတယ်။
ကိုယ့်အိမ်မှာတောင် ကိုယ့်ပုဂံလုံး နဲ့ ကိုယ် ဟင်းရည် သောက်သင့်ပါတယ်။
ဒီက အိန္ဒိယ စားသောက်ဆိုင်တွေမှာ (ချာပါတီ တွေကို)၊ ကြက်ကြော်ဆိုင်တွေမှာ၊ ဟမ်ဘာဂါဆိုင်တွေမှာ လူတိုင်း လက်နဲ့ ကိုင် စားနေကြတာပါဘဲ။
လက်စင်စင်ဆေးစားပေါ့။ သာမာန်ဆိုင်တွေမှာ ပြောတာပါ။
တကဲ့ ဂရမ်းစတန်း ကြက်ကြော်ဆိုင်၊ ဟမ်ဘာဂါဆိုင်တွေ ရှိရင်တော့လဲ အဲဒီမှာ ဘယ်လိုစားလဲ မပြောတတ်ဘူး။ 😉
ပြောသာပြောတာ။
ကျွန်မတို့ လဲ မြန်မာထမင်းဟင်းကို လက်နဲ့ စားလေ့မရှိတော့ဘူး။
ဇွန်းခရင်း နဲ့ စားရတာ ပိုပြီး အဆင်ပြေတယ် ထင်တယ်။
ကြက်ကြော် စားရင်တော့ လက်နဲ့ ဘဲ ကိုင်တီးပါတယ်။ :harr:
နွေဦး
January 4, 2013 at 9:01 am
ကျွန်တော်လည်း ဒီစာသာရေးပါတယ် ကိုယ်တိုင် လက်နဲ့ နယ်ဖတ် မစားဖြစ်တာကြာပါပြီ။
ဒါပေမဲ့ပေါ့နော်.. ကျွန်တော်တို့ မြန်မာတွေဟာ ဒီလို ယဉ်ကျေးမှုတွေ ရှိခဲ့တယ်ဆိုတာ နောင်လာနောက်သား သားစဉ်မြေးဆက် ပြပေးခဲ့ဖို့ကတော့ ကျွန်တော်တို့ တာဝန်မဟုတ်ပါလားခင်ဗျာ ။
ကျေးဇူးတင်လျှက်…
နွေဦး ။
kai
January 4, 2013 at 1:10 pm
ချဉ်ရည်.. ငပိရည်တွေကို.. ခွက်တလုံးထဲထည့်ထားပြီး.. အားလုံးက တို့စားနေတာလည်း.. ပါယ်သင့်တဲ့ဓလေ့လို့ထင်မိတယ်..
တို့စရာကို တကိုက်ကိုက်လိုက်ပြီဆိုရင်.. သွားရည်က..အဲဒီကိုက်ဖြတ်စမှကျန်နေတာမို့.. အဲဒီဘက်တီးရီးယား..ဒါမှမဟုတ်ဗိုင်းရပ်စ်က.. ခွက်ထဲရောက်.. အဲဒီကနေ..နောက်တယောက်ကူးနိုင်တာမို့ပါ..။
ဥရောပသားတွေလို.. အရွက်တွေပေါ်.. ဒရက်ဆင်ဖြန်းချပြီး.. ညှပ်တဲ့ညှပ်နဲ့ယူထဲ့.. စားတာမျိုးပုံစံယူ.. ဖြစ်သင့်တယ်..။
ဆိုတော့..
တို့စရာတွေကို.. ငပိရည်ဖြန်းချ..ထားပေါ့..။ ငပိရည်ကိုလည်း..အရသာ ပုံသေမထားတော့ပဲ.. အမျိုးအစားအများကြီးခွဲလုပ်သင့်နေပြီထင်ပါကြောင်း…
ငပိဆရာ.. မြန်မာတွေ..လုပ်ကြပါဗျို့.. :kwi:
မိုက်ကယ်ဂျော်နီအောင်ပု
January 4, 2013 at 9:51 am
ဟနိုင်တဲဟနိုင်တဲ = သူ့နေရာနှင့်သူ
ပေါ့ကွယ်
( ရိုးရာယဉ်ကျေးမှု့ဆိုပေမယ့် အချို့အကြောင်းတွေကိုတော့ လုံးဝစွန့်လွှတ်ပြစ်သင့်တယ် )
နွေဦး
January 4, 2013 at 10:34 am
ရိုးရာယဉ်ကျေးမှုတချို့ နဲ့အတူ မကောင်းတဲ့ ဓလေ့ စရိုက်တွေကိုလဲ စွန့်ပစ်သင့်ကြောင်း ထောက်ခံပါတယ်ခင်ဗျား ။
uncle gyi
January 4, 2013 at 10:19 am
မြန်မာ့ဓလေ့ထမင်းစားပုံကိုတင်ပြသွားတာအတော်ကိုစုံအောင်တင်ပြသွားတာကိုးကိုနွေဦးရဲ့
ကျွန်တော့်အမြင်တော့ထိမ်းသိ်မ်းသင့်တဲ့ယဉ်ကျေးမှုရှိသလို
ပိုမိုကောင်းမွန်တိုးတက်လာမှုကိုကြိုဆိုပြီးကိုယ့်ရဲ့ယဉ်ကျေးမှုအဆင့်ကိုမြှင့်သင့်ရင်လည်း
မြင့်အောင်လုပ်ရမယ်လို့မြင်ပါတယ်
အခုလည်းမြန်မာ့ဓလေ့ထမင်းစားပွဲစံနစ်ကိုပုံစံလေးနဲနဲပြောင်းပြီးအဆင့်မြှင့်ကြည့်ပါမယ်
ထမင်းတဝိုင်းတည်းအတူစားတာမိသားစုစည်းလုံးရေးမှာအရေးပါတဲ့အတွက်ပုံစံမပြောင်းပါနဲ့
လူကြီးမိဘတွေကိုဦးချပြီးမှစားတကလည်းလောကနီတိနဲ့ညီပြီး
ချစ်စရာဓလေ့ဖြစ်တဲ့အတွက်မပျောက်စေချင်ပါဖူး
ထမင်းစားရင်ပါးစပ်နဲ့နေတော်ထမင်းလုပ်ကိုစားတာကျန်းမာရေးရှုထောင့်ကကြည့်ရင်
အလွန်ကောင်းတဲ့ပြီးအမြင်လည်းကောင်းတဲ့အတွက်မပျောက်စေချင်ပါ
ထမင်းစားရင်အသံမမည်အောင်စားတာလည်းကောင်းတဲ့ဓလေ့လေးမို့ထိမ်းစေချင်ပါတယ်
လက်နဲ့စားတာကိုတော့ဇွန်းခရင်းနဲ့ပြောင်းပြီးအဆင့်မြှင့်သင့်တယ်လို့မြင်ပါတယ်
ခရင်းမပါရင်တောင်ဇွန်းနဲ့စားစေချင်တာပါ
ကျန်းမာရေးရှုထောင့်ကကြည့်ရင်ဘယ်လိုဖြစ်ဖြစ်လက်နဲ့စားတာထက်ပိုသာနေလို့ပါ
ပိုမိုကောင်းမွန်တဲ့ရွေးချယ်ခွင့်ရှိရင်ပိုကောင်းတာကိုရွေးမှသဘာဝကျမှာပါ
ယဉ်ကျေးမှုဆိုုပြီးဖက်တွယ်ထားရင်သဘာဝကျမယ်မထင်ပါကြောင်း
နွေဦး
January 4, 2013 at 10:30 am
ဟုတ်ကဲ့ပါ ခင်ဗျာ ။ကျွန်တော်တို့ဟာ ယဉ်ကျေးမှုထိမ်းသိမ်းဖို့ဆိုပြီးအရာရာကို တရားသေ ဆုပ်ကိုင်ထားလို့မရဘူးဆိုတာကို ကျွန်တော် အပြည့်အဝ ထောက်ခံပါတယ် ။ထမင်းကိုဇွန်းနဲ့ စားသင့်တာဟာလည်းကျန်းမာရေးရှုထောင့်ကကော ခေတ်နဲ့အညီကော ပြောင်းကြရမှာပါ။
ဒါပေမဲ့လေ… ထမင်းကို လက်နဲ့နယ် ငပိရည်တို့စရာလေးမြှုပ်ပြီး ထမင်းလုပ်လေး ပါးစပ်ထဲ ခွံ့စားရတဲ့ အရသာလေးတော့ မေ့မရနိုင်ပါဘူးဗျာ..။
မဟာရာဇာ အံစာတုံး
January 4, 2013 at 10:48 am
ကျနော် … ငယ်ငယ်ကတော့ …
ရွာမှာပေါ့ဗျာ …
အပေါ်က ရေကပြင် နည်းနည်းတော့ တွေ့ဖူးခဲ့ပါတယ် ….။
နောက်ပိုင်းတော့ ….။
ရေကပြင်ရယ်လို့ မဟုတ်တော့ဘူး …..။
တံစက်မြိတ် (မှန်လားတော့ မသိ) အောက်မှာ စဉ့်အိုးကြီး ထားခဲ့ကြတယ် …။
အခုတော့ အုတ်ကန်တို့ … ကွန်ကရစ်စည်ပိုင်းလို့ ပြောမလား …
အဲ့ဒါတွေပဲ သုံးလာကြတာကို တွေ့ရပါတယ် ….။
ရေမှုတ်နဲ့ သောက်တဲ့ အလေ့အထကတော့ …
မတွေ့ရသလောက်ကို နည်းပါးသွားပါပြီ ….။
အရင်ကဆို သစ်ပင်လေးတွေမှာ .. ရေအိုးနဲ့ ရေမှုတ်နဲ့ ထားတတ်ကြပါသေးတယ် ….။
ဒီလိုပဲ .. ဟိုပြောဒီပြော ပြောရင်းနဲ့
ဖတ်ရှု အားပေးသွားပါတယ် ကိုနွေဦးရေ ….။
လုံမလေးမွန်မွန်
January 4, 2013 at 12:37 pm
ကျေးဇူးအကြီးကြီးပါဗျို့..သိသလိုလို မသိသလိုလိုလေးဖြစ်နေတာတွေက အခုဖတ်လိုက်တော့မှပဲ ဟုတ်ပါလားဆိုပြီး ဖြစ်သွားတယ်..
ရေကပြင်အကြောင်းက ခုမှ သေသေချာချာသိတာရယ်…
လုံမကတော့ ငါးပိချက်အရမ်းကြိုက်လို့ အမြဲတမ်းချက်စားဖြစ်တယ်… ရုံးမှာကလည်း အိမ်လိုပဲ မီးဖိုချောင်နဲ့ဆိုတော့ ချိုင့်ထဲက ထမင်းကို ပန်းကန်ပြားထဲထည့်ပြီး လက်နဲ့ပဲ တွယ်လိုက်တာပဲ… ဇွန်းနဲ့စားရင်း စားမကောင်းလို့….
အခုတော့ ဒီထဲက တစ်ချို့အချက်တွေနဲ့ညီအောင် သတိထားပြီး စားရမယ်.. :kwi:
နွေဦး
January 5, 2013 at 12:15 pm
မြန်မာတွေ ငပိရည် တို့စရာကြိုက်တာ ခေတ်အဆက်ဆက်က ကနေ့ထိပါဘဲ ။
ဘယ်လိုကဘယ်လို ငပိရည်က ကျန်းမာရေးနဲ့ မညီညွတ်ဘူးဖြစ်ရလဲတော့ မပြောတတ်ပါဘူး
ဟို လောဘသားတွေ ဓါတ်မြေဩဇာတွေနဲ့ ငပိလုပ်ကြတော့ တကယ်ကောင်းတဲ့ငပိတောင် မစားရဲတော့ဘူးလေ ။
ဟိုအရင်ပြောကြတာကြားဖူးတာကတော့ ငပိရည်ထဲမှာ ဗိုက်တာမင်တွေ ပရိုတင်းတွေ မင်နရယ်တွေက လူတွေအတွက် အပြည့်အစုံပါတယ်ဆို..။
ရှေးမြန်မာတွေ ငပိရည်စားလို့ ကျန်းမာသန်စွမ်းတယ်လို့လည်းပြောကြတယ် ။
ငပိရည်နဲ့အတူစားတဲ့ တို့စရာ ဆိုတာတွေက ဟင်းသီးဟင်းရွက် အပြုပ် အစိမ်းတွေ မဟုတ်လား ။ဒါတွေကလဲ ကျန်းမာရေးနဲ့ အင်မတန် ပြည့်စုံတဲ့ အစားအစာပါ ။
ဒီတော့ ငပိရည်တို့စရာတွေ့ရင် မစားမဖြစ် စားပါ ။မသေချာရင် ငပိရည်မပါဘဲ ဟင်းသီးဟင်းရွက်တွေကို စားပါ ။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာဘဲ ဒီလို တို့စရာ အသီးအရွက်တွေကို ထမင်းဆိုင်မှာ အလကားစားရတာပါ ။
ဦးကြောင်ကြီး
January 5, 2013 at 10:50 am
မြန်မာတွေက အစားစားတာကို အိန္ဒိယက ယူတာမို့နဲ့တူတယ် လက်နဲ့စားတယ်။ တရုတ် ဂျပန် တူနဲ့စားတယ်၊ အနောက်တိုင်း ဇွန်းခက်ရင်းနဲ့စားတယ်။ နယ်တွေမှာ အခုထိ လက်နဲ့စားကျင့် ရှိနေတုံးပဲ။ ဟင်းတွေကလည်း ငံပြာရည် ငပိ လှိုင်လှိုင်သုံးတော့ လက်နဲ့စားတာ ဘယ်လိုမှ မအပ်စပ်ဘူး၊ ပြင်ဖို့သင့်တယ်။ ကြက်မဂျီးနဲ့လည်း မညီညွတ်၊ အနံ့အသက်လည်း မစင်လို လူမှုရေးမှာလည်း မတင့်တယ်ဘူး။ နိုင်ငံဂျားရောက်နေသူများထဲမှာလည်း လက်နဲ့စားသူများစွာ ရှိပါတယ်။ မြန်မာပြည်မှာနေစဉ် ငယ်စဉ်ထဲက အကျင့်လုပ်မလာတော့ ကြီးမှပြင်ရန် အတော်ခက်သွားပြီ။ နိုင်ငံတကာနဲ့ ကူးလူးဆက်ဆံတဲ့အခါ နေထိုင်စားသောက်ပုံသည် လူမှုအဆင့်အတန်းကို အကဲဖြတ်တဲ့နေရာ အခရာကျလို့ အစားအစာသာမက စားသောက်ပုံကိုပါ ပြင်ရန်လိုနေပါပြီ။ ဒီတော့ ကိုယ်တိုင် အကျင့်ဖျောက်မရ အရိုးစွဲနေလို့ မပြင်နိုင်ရင် နောင်လာနောက်သားများကို ဇွန်းခက်ရင်းစားကျင့် သင်ပေးကြပါ။ ကျုပ်ကတော့ ပွင့်ပွင့်လင်းလင်းပဲပြောမယ်၊ လက်နဲ့စားတတ်တဲ့ သဂျီးဦးခိုင်ကို ယောက္ခမ မခေါ်ဘူး၊ သူ့သမီးကို ခိုးပြေးမယ်။ :harr:
နွေဦး
January 5, 2013 at 12:42 pm
ဦကြောင်ကြီးပြောသလို မြန်မာတွေ ထမင်းစားတဲ့ အကျင့်က အိန္ဒိယက ယူတယ်ဆိုတာလည်း ဖြစ်မှာပါ။ဟိုးရှေးပဝေနသီထဲက အိန္ဒိယနဲ့က ကုန်ကူး သန်းအဆက်အသွယ်ရှိခဲ့တာကိုး ။
ဗမာတွေ ဒေါင်းလန်းနဲ့ မိသားစုစားတဲ့ ဓလေ့ကနေပန်းကန်နဲ့စားတဲ့ အလေ့ကို ပြောင်းတာကတော့ ကိုလိုနီခေတ်မှာ အိန္ဒိယက လယ်ကူလီတွေ အလုပ်သမားတွေ ဝင်လာတဲ့ အချိန်မှာ ဖြစ်မယ်ထင်ရပါတယ် ။ အိုးတလုံး ပန်းကန်တစ်ချပ် ရေမှုတ်ကရားတစ်ခုနဲ့ ရောက်လာတဲ့ သူတွေဆီကနေ ပန်ကန်နဲ့ စားတဲ့ဓလေ့ ပြောင်းလာတယ်လို့ယူဆရပါတယ် ။
သဂျီးသမီးခိုးပြေးမယ်ဆို ဘယ်သူတွေနဲ့တိုင်ပင်မှာလဲ။..ပြန်အပ်ပြီးရင် ရွာထဲ မင်္ဂလာဆောင် ကြီးကြီးလုပ်နော်..။
ခပ်မိုက်မိုက် ကောင်မလေး
January 6, 2013 at 11:10 pm
မိုက်လေး..တို့ဖေဖေမေမေတွေဆိုရင်လဲအမြဲ ဆုံးမ လေ့ရှိပါတယ်……။
ထမင်းစားရင် အသံမည်အောင်မစားရဘူး.။
စကားမပြောရဘူး.။ ဇွန်းသံခရင်သံမထွက်ရဘူး.။
ထမင်းပန်းကန် ကို လက်ဖဝါးပေါ်တင်မစားရဘူး.။
လက်ကိုရှေ့ထောက်ပြီး ထမင်းမစားရဘူး.။
အမြဲလိုလိုဆုံးမလေ့ရှိပါတယ်………။
ဒီပို့ဒ်လေးဖတ်ရတာအရမ်းအကြိုးရှိပါတယ်……။
kai
January 7, 2013 at 3:18 pm
ဂျပန်ဆိုရင်တော့..
ခေါက်ဆွဲ(လမန်င်)ကို.. ရှုးကနဲ့မြည်အောင်စုပ်ဆွဲပြီး..အသံမြည်အောင်စားရတယ်..။
မစားခင်နဲ့စားပြီးမှာ.. ကြွေးသူကိုအသိအမှတ်ပြုစကားပြောရတယ်..။ စားနေရင်းလည်း.. အစားအသောက်အကြောင်းစကားလုပ်ပြောရတယ်..။
ဟင်းချို.. ထမင်းဇလုံလေးကို.. လက်နဲ့ကိုင်မပြီး.. စားရတယ်..။
ဟင်းချိုကို ဇွန်းနဲ့မခပ်ရဘူး..
တမင်းကို.. (ဖြစ်နိုင်ရင်) တစေ့မကျန်အောင်စားရတယ်..
စသဖြင့်… ရှိပါကြောင်း… :kwi:
နွေဦး
January 7, 2013 at 3:50 pm
ကျွန်တော့်အသိ ဂျပန်ဘုရားကျောင်းက လူကြီးတွေက တော့ ထမင်းစားရင် ထမင်းဇလုံလေးထဲ သောက်ရေလေးကျင်းပြီးသောက်တာကို သတိထားမိပါတယ် ။ သူတို့
နွေဦး
January 7, 2013 at 4:28 pm
ဟုတ်ပါတယ် ။ကျွန်တော်တို့ မြန်မာ ဟင်းလျှာများဟာ ကျွန်တော်တို့ဓလေ့ လက်နဲ့စားဖို့အဆင်အပြေဆုံးပါ ။
ခုတော့ ထမင်းဆိုင်တွေမှာ ဇွန်းခက်ရင်းနဲ့ စားလို့လွယ်အောင် ဟင်းတွေကို တုံးတစ် ပြင်ဆင် လာတော့ လက်နဲ့ဖဲ့မစားလဲ အဆင်ပြေလာတာတွေ့ရပါတယ် ။ဒါ့အပြင် နိုင်ငံခြားသားတွေပါ စားနိုင်အောင်ဆိုပြီး အရသာပါပြင်(အစပ်လျှော့) လာတာမို့ ကျွန်တော်တို့ ဗမာပါးစပ်နဲ့ ပေါ့ရွှတ်ရွှတ် ကြီးတွေ ဖြစ်နေပါပေါ့လား..။
နွေဦး
January 8, 2013 at 6:58 am
ကျွန်တော်တို့ ဗမာပါးစပ်နဲ့ ပေါ့ရွှတ်ရွှတ် ဖြစ်တဲ့နိုင်ငံခြားသားကြိုက်အောင် ချက်တဲ့ဆိုင်တွေရှိသလို governor’s residence ဟိုတယ်က စကော့တလန်က စဖိုမှူးက ဗမာထမင်းဟင်းတွေကို ချက်ရောင်းနေတယ်ဆိုဘဲ။ သွားမစားကြည့်နိုင်သေးလို့ ဘယ်လိုနေမယ်မပြောတတ်ပါဘူး။
မစားနိုင်ဆို ဘူဖေးက တယောက် ဒေါ်လှ ၅ဝဆိုတော့ …..
http://www.myanmar.mmtimes.com/index.php/timeout/tea-break/2995-2013-01-03-09-50-36.html
တတ်နိုင်သူတွေသွားစားကြည့်ပြီး အရသာလေး ပြန်မျှ ပြောပြကြပါခင်ဗျား..
Foreign Resident
January 7, 2013 at 4:54 pm
” ဟင်းချိုကို ဇွန်းနဲ့မခပ်ရဘူး ”
သူကြီး ဆိုလိုတာက ဟင်းချိုကို ဟင်းချိုခွက်နှင့်ပဲ မေါ့သောက်ရတာကို ပြောတာပါ ။
သူကြီးရေ ကျနော် ဂျပန်တွေမြှောက်ပေးလို့ ၊
ဂျပန်က ဆိုင်မှာ ငါး အရှင် စားဖူးတယ် သိလား ။
နွေဦး
January 7, 2013 at 5:00 pm
ဟင်းချိုကို ပန်းကန်နဲ့မော့သောက်ရတဲ့အရသာက အတော်ကောင်းတယ်ဗျ ။မြန်မာပြည်မှာတော့ အသုတ်ဆိုင်က ဟင်းခါးပန်းကန်ကို မော့မော့သောက်မိလို့ ခဏခဏ လူတွေ ကြည့်တာခံရဘူးပါတယ်။
ဒါပေမဲ့ အဲလိုသောက်လိုက်ရမှ အာသာပြေသလို အကျင့်ဖြစ်သွားသဗျ ..။
မောင့်ကျက်သရေ ဂီ့
January 7, 2013 at 5:39 pm
အင်း. မီဆို သောက်ချင်လာပြန်ပီ ဖတ်နေရင်းကနေ
ထဖျော်ဦးမှပါလေ
:kwi:
kai
January 8, 2013 at 12:51 am
မိဆိုက.. ပဲနဲ့ဆန်ပေါင်းအနှစ်မို့.. အဲဒါနဲ့..မုန့်ဟင်းခါးဟင်းရည်လုပ်စားမလို့ကြံနေတာ..အကြိမ်၁ထောင်လောက်ရှိပြီ..
အခုထိမဖြစ်သေး..။ လုပ်စားဖူးသူများရှိသလားမသိ.. :harr:
Miso – Wikipedia, the free encyclopedia
en.wikipedia.org/wiki/Miso
Miso (みそ or 味噌) is a traditional Japanese seasoning produced by fermenting rice, barley, and/or soybeans with salt and the fungus kōjikin (麹菌), the most …
Foreign Resident
January 8, 2013 at 2:02 am
” အဲဒါနဲ့..မုန့်ဟင်းခါးဟင်းရည်လုပ်စားမလို့ကြံနေတာ..
အကြိမ် ၁ထောင်လောက်ရှိပြီ ”
သူကြီးတို့ဆီမှာ အသင့်လုပ်ပြီးသား
မုန့်ဟင်းခါးထုတ်တွေ မပေါဘူးလား ။
ကျနော်တို့ဆီမှာ ပေါတယ် ရ ဒေါ်လာ လောက်ပဲကျတယ် ။
တစ်ထုတ်ကို ငါးသေတ္တာ တစ်ဘူး နှင့် ရောလိုက်ရင် ၊
၁၅ ပွဲစာ လောက် ထွက်တယ် ။
ကျနော်တော့ နန်းသပြေ မုန့်ဟင်းခါးထုတ် ကြိုက်တယ် ။
mamanoyar
January 7, 2013 at 12:04 pm
ထမင်းကို လက်နဲ့အားရပါးရ စားရတာ
ပိုပြီး ထမင်းမြိန်သလိုပဲ
Mr. MarGa
January 7, 2013 at 1:33 pm
အင်းးးးးးးးးးး
တင်တာက ကြာပကိုး
အရင်ပို့စ်မှတ်လို့ မဝင်ဖြစ်တာ
အခုမှ မန့်ရမယ်
လူကြီးသူမတွေဟာ ထမင်းစားယဉ်ကျေးမှုကို တသီးတသန့် မသတ်မှတ်ပေမယ့်
အတူတကွ စားရင်း သင်ပေးသွားတတ်တယ်။
ဦးမာဃ အထင်တော့
အဲဒီလိုပဲ လက်ဆင့်ကမ်းသွားကြတယ် ထင်တာပဲ
နောက်ပိုင်းရောက်တော့
အမှတ်အသား မထားမိလို့ မှေးမှိန်သွားတယ်
ဆိုတော့ကာ
အခုပို့စ်ကိုတော့ တလေးတစား ကူးယူသွားပါတယ်။
မှတ်တမ်းမှတ်ရာ အနေနဲ့ ပြန့်ပွားအောင် လုပ်ဦးမှထင်တယ်
ဖွဘုတ်မှာ တင်ရင် ကောင်းမလား
ပြောပြပါဦး
နွေဦး
January 7, 2013 at 3:37 pm
ကျွန်တော်တို့ရဲ့ ရိုးရာဓလေ့တွေ ပြန့်ပွါးမယ်ဆို ဖွဘုတ်မှာ တင်လို့လည်းရပါတယ်
ဒါပေမဲ့ ပိုပြည့်စုံအောင် ကွန်မန့်တွေထဲက ဖြည့်စွက်ရမဲ့စာတွေကိုပါ ဖြည့်စွက်ပြီးထည့်နိုင်ရင်တော့ အကောင်းဆုံးပါဘဲ ။
ကျွန်တော့်ရဲ့ မပြည့်စုံတဲ့စာကို ရွာထဲက ပညာရှင်တွေက ဝိုင်းဝန်းဖြည့်စွက်ပြီး ပိုမိုပြည့်စုံသွားလို့ ကျွန်တော်တို့အတွက် ပြည့်စုံတဲ့ စာတစ်စောင် ဖြစ်သွားလို့ အဲဒါတွေကို ချန်ခဲ့ဖို့မဖြစ်ပါဘူး ။
အားလုံးကို ကျေးဇူးတင်လျှက်..
နွေဦး..။
weiwei
January 7, 2013 at 4:01 pm
ထမင်းစားတဲ့အခါ ဟင်းအမျိုးအစားပေါ်မူတည်ပြီး ဇွန်းခရင်းနဲ့စားတဲ့အခါစားပြီး လက်နဲ့စားတဲ့အခါ စားရပါတယ် … ငါးဇင်းရိုင်းလိုငါးသေးသေးအိုးကပ်ဟင်း၊ အရိုးများတဲ့တောကြက်ဆီပြန်ဟင်း၊ အခွံမခွာပဲ ချက်တဲ့ ပုဇွန်ထုပ်ဟင်း၊ ဂဏန်းချဉ်စပ် စတဲ့ ဟင်းအမျိုးအစားတွေနဲ့ ထမင်းစားတဲ့အခါ လက်နဲ့ အားရပါးရ စားမှသာ အဆင်ပြေပါတယ်။ ဖဲ့စားစရာမလိုတဲ့ ဟင်းတွေကိုတော့ ဇွန်းခရင်းနဲ့စားတာပေါ့။ အမျှင်တန်းလေ့ရှိတဲ့ ခေါက်ဆွဲ ကြာဇံလိုမျိုးကတော့ တူနဲ့စားမှသာ အဆင်ပြေတယ် ..
အဲဒီတော့လဲ အစားစားတဲ့အခါ တသမတ်ထဲမဟုတ်ပဲ အဆင်ပြေသလို စားတာအကောင်းဆုံးပါပဲ …
kai
January 8, 2013 at 6:15 am
ဝေမမက.. ကံ..ကံရဲ့အကျိုးကိုယုံကြည်သူပေါ့…
ကံအတိုအရှည်အလိုက်..သုံးသပ်ပြီး.. တုံ့ပြန်လုပ်ဆောင်တာကို.. ပြောတာပါနော.. :harr:
ဆိုတော့..
ကျုပ်ကတော့..ငါးကလေးအိုးကပ်ဆိုရင်..ငယ်ငယ်သင်ခဲ့ရတဲ့..”ငါးကလေးဟင်းစားလျှင် အရိုးပါဝါးစားပါ”ကို သတိရနေဆဲဖြစ်ပြီး.. အရိုးအပါအဝင်တကောင်လုံး ခရင်းနဲ့ထိုးပြီး.. ဝါးစားတယ်..။
ပုဇွန်ထုပ်ဟင်းလဲဒီလိုပဲ..။ အခွံရော.. ခြေထောက်ရော.. ဝါးစားပါ့..
ကိုလက်စတောတက်တာ..အဲဒါတွေကြောင့်ထင်တယ်.. :kwi:
=
@အဘဖော
အယ်လ်အေမှာ မုန့်ဟင်းခါးထုတ်ပေါပါတယ်..။
အခုဆို.. Made in USA တွေတောင်တော်တော်များနေပြီ..။
မြန်မာ့ရိုးရာစားစရာတခုကို.. တိတိကျကျ..သတ်သတ်မှတ်မှတ်..စံနှုန်းနဲ့ဖြစ်စေချင်တဲ့.. စိတ်ကိုတွန်းတင်နေတာပါနော..
အဲလို.. :harr:
kai
January 8, 2013 at 7:06 am
ထမင်းစားပြီး ရှောင်ကြဉ်ရမည့် အလေ့အထများ
ထမင်းစားစားပြီးချင်း၊ မနက်စာ၊ နေ့လည်စာ၊ ညစာ စားစားပြီးချင်း ရှောင်ကြဉ်ရမယ့် လုပ်ဆောင်ချက်များ ဖြစ်ပါတယ်။
၁။ ဆေးလိပ်မသောက်ရ
ထမင်းစားစားပြီးချင်း ဆီးကရက် ၁ လိပ် သောက်ခြင်းဟာ ၁ဝ လိပ်သောက်တာနဲ့ ညီမျှတယ်လို့ သက်သေပြထားပါတယ်။ ဒါကြောင့် ဆေးလိပ် အရမ်းသောက်ချင်တယ်ဆိုရင်တောင်မှ အစာစားပြီးချင်း မသောက်သုံးသင့်သေးပါဘူး။
၂။ အသီးချက်ခြင်း မစားရ
အချို ့က ထမင်းစားပြီးရင် အချိုတည်းအနေနဲ့ သစ်သီးဝလံတို့ကို ချက်ချင်းစားကြ ပါတယ်။ အမှန်တော့ ယင်းဟာ ကောင်းတဲ့ အထတော့ မဟုတ်ပါဘူး။ ဝမ်းမှာ လေခံတတ်ပါတယ်။ ဒါကြောင့် ဝမ်း လေထိုးလေအောင် ဖြစ်ဖို့ ပိုလွယ်ကူပါတယ်။ ထမင်းမစားမှီနဲ့ ထမင်းစားပြီး အနည်းဆုံး တစ်နာရီလောက် ခြားပြီးမှ သစ်သီးဝလံ စားသုံးဖို့ တိုက်တွန်း ထားပါတယ်။
၃။ လက်ဘက်ရည် မသောက်ရ
လက်ဘက်မှာ အက်ဆစ်ဓာတ် ကြွယ်ဝပါတယ်။ ဒါကြောင့် အစားစားပြီး လက်ဘက်ရည် သောက်ရင် စားထားတဲ အစာများကို ပရိုတိန်းဓာတ် တိုးပွားစေပြီး အစာချေဖျက်ရန် ခက်ခဲသွားပါတယ်။ အစာမကြေ၊ ရင်ပြည့် ဖြစ်စေတဲ့ အကြောင်းအရင်း တစ်ခုပဲ ဖြစ်ပါတယ်။
၄။ ခါးပတ်မလျော့ရ
အချို ့က အစားစားနေတုန်းတော့ ဘာမှ မလုပ်ပဲနဲ့ အစားစားပြီးမှ ခါးပတ်လျော့တတ်ပါတယ်။ ဒါဟာလည်း ကောင်းတဲ့ အလေ့အထ မဟုတ်ပါဘူး။ အစာအိမ်နဲ့ အူကို လိမ်စေပြီး အူလမ်းကြောင်း ပိတ်တာတွေ ဖြစ်တတ်ပါတယ်။
၅။ ရေမချိုးရ
ထမင်းစားပြီး တကယ် ရေမချိုးသင့်ပါဘူး။ ရေချိုးတဲ့အခါ ခန္ဓာကိုယ်တွင်းက သွေးကို ခြေဖျား၊ လက်ဖျားအပြင် အခြား ခန္ဓာကိုယ်အစိတ်အပိုင်းများဆီ သွေးစီးဆင်းမှုအား ကောင်းစေပါတယ်။ ဒါကြောင့် ဗိုက်ထဲမှာ သွေးနည်းနည်းပဲ ရှိပါတယ်။ အစာချေဖျက်ဖို့ မလုံလောက်တဲ့အတွက် အစာမကြေခြင်းကို ဖြစ်စေမှာ ဖြစ်ပါတယ်။
၆။ လမ်းမလျှောက်ရ
အစားစားပြီးချင်း လမ်း တစ်ရာ လျှောက်ရင် အသက်၁၀ဝ နေရမယ် ဆိုတဲ့ ဆိုရိုးတောင် ရှိခဲ့ပါတယ်။ အမှန်တော့ ဒါဟာလည်း မှားယွင်းတဲံ အလေ့အထ တစ်ခုပဲ ဖြစ်ပါတယ်။ လမ်းလျှောက်တဲ့အတွက် စားသုံးလိုက်တဲ့ အစားစာမှ အာဟာရဓာတ်များကို အစာချေဖျက် စနစ်က လုံလောက်စွာ မဆုပ်ယူနိုင်ပါတယ်။ အခြားသော အကျိုးဆက်များလည်း ရှိနေပါသေးတယ်။
၇။ ချက်ချင်းမအိပ်ရ
အစား စားပြီးချင်းလည်း ချက်ချင်း မအိပ်သင့်ပါဘူး။ ချက်ချင်း အိပ်လိုက်ရင် အစာချေဖျက်မှု စနစ်က ကောင်းကောင်းအလုပ်မလုပ်တော့ပါဘူး။ အူလမ်းကြောင်းကိုလည်း သက်ရောက်မှု ရှိပါတယ်။ ဝမ်းထဲကို Gastric acid တိုးစေပါတယ်။
အထက်ပါ ရ ချက်ကတော့ ခန္ဓာကိုယ် အာဟာရဓာတ်အတွက် စားသုံးတဲ့ အနှပ်တိုင်းမှာ ရှောင်ကြဉ်ရမယ့် လုပ်ဆောင်ချက်များ ဖြစ်တယ်လို့ သိရပါတ်။
—
Ref: medic-facts
International news for myanmar
=
7 Don’ts After a Meal
Asked Apr 22, 2009, 06:47 PM — 7 Answers
7 Don’ts After a Meal
1. Don’t smoke – Experiment from experts proves that smoking a cigarette after meal is comparable to smoking 10 cigarettes (chances of cancer is higher).
2. Don’t eat fruits immediately – Immediately eating fruits after meals will cause stomach to be bloated with air. Therefore take fruit 1-2 hr after meal or 1 hr before meal.
3. Don’t drink tea – Because tea leaves contain a high content of acid. This substance will cause the Protein content in the food we consume to be hardened thus difficult to digest.
4. Don’t loosen your belt – Loosening the belt after a meal will easily cause the intestine to be twisted and blocked.
5. Don’t bathe – Bathing will cause the increase of blood flow to the hands, legs & body thus the amount of blood around the stomach will therefore decrease. This will weaken the digestive system in our stomach.
6. Don’t walk about – People always say that after a meal walk a hundred steps and you will live till 99. In actuality this is not true. Walking will cause the digestive system to be unable to absorb the nutrition from the food we intake.
7. Don’t sleep immediately – The food we intake will not be able to digest properly. Thus will lead to gastric & infection in our intestine.
မဟာရာဇာ အံစာတုံး
January 8, 2013 at 7:31 am
အထက်က ကျုပ်ဘဂျီး ပြောဒဲ့ အချက်တွေ အတုန်လုံးဂို
ငြင်းဒယ်ဂျာ … ငြင်းဒယ် …
ဘာဖစ်လို့ ငြင်းဒုံးဆိုဒေါ့ …
အိုက်အချက်တွေ အတုန်လုံး ကျုပ် မိန်မိန်လွေးပီးတိုင်း လုပ်တတ်လို့ဘဲ …
မနက်စာ စားပီးရင် ကော်ဖီလေး သောက်၊ ဆေးလိပ်လေး တစ်ဖွာနှစ်ဖွာလောက် ခဲပြီး
နည်းနည်းလေး စည်းစိမ် ရစ်လိုက်မှ ….
ပြီးရင် ရေချိုး …. ကားဂိတ်ကို လမ်းလျောက်သွား … ရုံးတက် …
ရုံးမတက်နဲ့ နေ့ဆို …
ပုဆိုးလေး နည်းနည်းလျော့ပြီး ဝါးဒီးကို အပီအပြင်ဖွင့် …
ဝါးးးး အိပ်ရေး မဝသေးဘူးဆိုပြီး ပြန်ကျိုး ….
အိုက်ဒါ … အိုက်ဒါ … ငြင်းဒယ်ဆိုဒါ … အဟီးးး
လဂါးနောက်ဒါနော် ….
နွေဦး
January 8, 2013 at 7:47 am
အဲဒါပေါ့ဗျာ….
ကျုပ်တို့သကြီးက လူတိုင်းအကျင့်ပါပြီးလုပ်နေကြ ဟာတွေဆို မကောင်းဘူး..ကျန်းမာရေးနဲ့ မညီဘူးဆိုပြီ ဟိုပြေဒီပြောနဲ့ ..စည်းလွတ် ဝါးလွတ်တွေကို နှိပ်ကွတ်နေကျ ဗျ..
Ref: medic-facts
International news for myanmar ဆိုပြီး ညွှန်သေးတယ်..
ဒါနဲ့မှမရရင် ဝီကီ ကြီးနဲ့ သမ အုံးမယ်..
ဘာပြောပြောကျုပ်တို့ကတော့ အမြတ်ကြီးဘဲ..သူအပင်ပန်းခံပြီးရှာလိုက် ကျုပ်တို့က အခန့်သားဖတ်လိုက်နဲ့…
ဒါလေးတွေကြောင့် ကျုပ်တို့သကြီးက ချစ်ဖို့ကောင်းတာဗျ..
နွေဦး
January 8, 2013 at 7:33 am
ဟုတ်ကဲ့ပါသူကြီး
ဒါကအလွန်အရေးကြီးပါတယ်နော် ။ကျွန်တော်တို့က အဟာရဖြစ်အောင် ဆိုပြီး မစားခင်နဲ့ စားနေတဲ့အခါမှာ သာ ဆောင်ရန်ရှောင်ရန်တွေကို ဂရုစိုက်ရုံမက စားပြီးချိန်မှာလည်း ဆင်ခြင်ရမဲ့ အကြောင်းတွေက ပိုအရေးကြီးပါတယ်နော.။
နို့မို့ဆို စားထားတာတွေက ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေနိုင်တာကိုး။
၁ — ဆေးလိပ်မသောက်တော့ ဒီအချက်က အဆင်ပြေပါတယ် ။
၂….. စားပြီးတဲ့အချိန်မှာ အချိုပွဲဆိုပြီးအသီးအနှံတခုခုစားလေ့ရှိတာ.. ဒါကိုဂရုစိုက် ပြင်ရပါမယ်။
၃…..လဘက်ရည်တော့မသောက်ဖြစ်ဘူး ဒါပေမဲ့ ကော်ဖီကိုတော့ အစာပိတ်ဆိုပြီး သောက်လေ့ရှိတာ…
၄…..ဘောင်းဘီမဝတ်လို့ ခါးပတ်လျှော့စရာမရှိပါဘူး..ဗိုက်တင်းတယ်ဆိုပြီး ပုဆိုးတော့လျှော့တတ်ပါတယ် ။
၅…..ရေချိုးပြီးမှ ထမင်းစားရတော့ ဒါက ရှောင်ပြီးသား..( ရေမချိုးဘဲထမင်းမစားရဘူးလို့ မိန်မက ဆိုထားလို့..ဟဲဟဲ)
၆….. တောမှာတော့ ညနေထမင်းစားပြီးတဲ့အခါမှ ရွာရိုးကိုးပေါက်လျှောက်တတ်တာ…
၇….. နေ့လည်နေ့ခင်းတော့ ထမင်းစားပြီးရင် ထမင်းလုံးစီတယ်ဆိုပြီးနှပ်နေကြ..(ဒါကို မိန်းမ မတွေ့စေရ..။နေ့ခင်းနှပ်ရတဲ့အခွင့်အရေး ဆုံးရှုံးနိုင်လို့ပါ )
ကျန်းမာရေးအတွက် အလွန်ကောင်းလို့ လိုက်နာနိုင်အောင်ကြိုးစားပါ့မယ်…(နံပါတ် ရ မပါ..)
MaMa
January 8, 2013 at 9:43 am
တခါက ဆရာသမားတစ်ယောက်ပြောဖူးတယ်။
နင်တို့လက်နဲ့ စားတာကို အထင်မသေးနဲ့။
လက်နဲ့စားတဲ့ပညာကလည်း မသေးဘူးတဲ့။
အဲဒီဆရာက ပျော်ပျော်ပါးပါး နေတတ်တယ်။
လူမျိုးခြားဧည့်သည်တစ်ယောက်ကို မြန်မာထမင်းဟင်းလိုက်ကျွေးပြီး လက်နဲ့စားပြတော့ ဧည့်သည်ကလည်း လက်နဲ့လိုက်စားကြည့်ပြီး တော်တော်ခက်တာပဲလို့ ပြောသွားတယ်တဲ့။ :harr:
ဦးကြောင်ကြီး
January 8, 2013 at 11:06 am
မှန်ပါဒယ်.. လက်နဲ့စားတဲ့အခါ လက်ချောင်းတွေမှာ လက်မ အရေးအပါဆုံးပါ။ အကျင့်မရှိရင် လက်မအသေကြီးဖြစ်ပြီး ကျန်လက်ချောင်းလေးတွေနဲ့ စားသလိုဖြစ်လို့ အထိန်းအကွပ်မဲ့သလို ဖြစ်တတ် ထမင်းဟင်းများ ဆုပ်ဆုပ်ပိုင်ပိုင် ဖြစ်မနေဘူး။
နွေဦး
January 8, 2013 at 11:41 am
တချို့ကတော့ ထမင်းကို လက်နဲ့စားတာ အနုပညာပါတဲ့ ။
weiwei
January 8, 2013 at 11:31 am
တရုတ်စာသင်တုန်းက အစားအသောက်အကြောင်းတွေပါလာရင်း ထမင်းကို လက်နဲ့စားတာကို မမြင်ဖူးဘူးလို့ တရုတ်မဆရာမက စပြောတယ် … နောက်ပြီး သူဘယ်လိုမှ တွေးကြည့်လို့မရဘူးတဲ့ .. ညစ်ပတ်တယ်လို့ ပြောလာရော … အဲဒီမှာ ကင်ညာနိုင်ငံသားတစ်ယောက်က ထပြောတယ် … သူတို့တွေ ထမင်းကို လက်နဲ့ပဲ စားတယ်တဲ့ .. လက်ဆိုတာ အသန့်ဆုံးဖြစ်ပါတယ်တဲ့ … လက်ကထွက်တဲ့ အင်ဇိုင်းတစ်မျိုးနဲ့ အစားအစာကို တိုက်ရိုက်ထိတွေ့တာဟာ ကျန်းမာရေးအတွက် ကောင်းတယ်လို့ ပြောတယ် … တရုတ်မကတော့ တူနဲ့သုံးတာ ကျန်းမာရေးအတွက် ပိုကောင်းတယ်တဲ့ … တူကိုကိုင်တဲ့အခါ လက်ချောင်းအားလုံးလှုပ်ရှားရပြီး အဲဒီလှုပ်ရှားမှုက ဦးနှောက်ကို အလုပ်ကောင်းကောင်းလုပ်နိုင်အောင် အားဖြည့်ပေးလို့ တူနဲ့စားတာသာ အကောင်းဆုံးလို့ ပြန်ပြောပါတယ် ..
ကျွန်မကတော့ ဆရာမကိုကြည့်ပြီး ငါလဲလက်နဲ့ပဲစားတာလို့ ပြောပစ်လိုက်တယ် … ဆရာမက တအံ့တဩနဲ့ သူ့အိမ်ကို ထမင်းစားဖိတ်ချင်တယ် .. လက်နဲ့ထမင်းစားပြပါတဲ့ .. သူကြည့်ချင်လို့တဲ့ …
ဒါပေမယ့် ကပ်စေးနဲတဲ့ တရုတ်မက တစ်ခါမှ ထမင်းစားမဖိတ်ခဲ့လို့ လက်နဲ့မစားပြခဲ့ရပါကြောင်း ……
နွေဦး
January 8, 2013 at 12:10 pm
” ကင်ညာနိုင်ငံသားတစ်ယောက်က ထပြောတယ် … သူတို့တွေ ထမင်းကို လက်နဲ့ပဲ စားတယ်တဲ့ .. လက်ဆိုတာ အသန့်ဆုံးဖြစ်ပါတယ်တဲ့ … ”
စကားအဖြစ်ပြောရရင် စင်အောင်ဆေးထားတဲ့ လက်နဲ့ တူနဲ့ ဒါမှမဟုတ် ဇွန်းခက်ရင်းနဲ့ ဘယ်ဟာက ပိုသန့်တယ်လို့ ထင်ပါသလဲ..။
အညစ်ပတ်တွေ ကိုင်ထားတဲ့ လက် ဒါမှမဟုတ် ညစ်ပတ်တာတွေခပ်ထားတဲ့ဇွန်းတချောင်း ဒါမှမဟုတ် ဟိုဒင်းဒီဒင်း ထိုးထားတဲ့ တူတချောင်းကို စင်အောင် ဆေးပြီး အဲဒါနဲ့ ထမင်းစားရမယ်ဆို ဘယ်ဟာကို သုံးမှာလဲဟင်.။
ဘယ်လောက် စင်အောင်ဆေးထား ဆေးထား ဇွန်းတို့ တူတို့ ကိုတော့ သန့်တယ်လို့ထင်မှာမဟုတ်လို့ သုံးမှာမဟုတ်ဘူးနော် ။
ကိုယ့်လက်ကိုယ် ကတော့ ရေလေးဆေးလိုက်တာနဲ့ စင်သွားပြီဆိုပြီး စိတ်ချလက်ချ သုံးတတ်တယ်မလား……။:harr:
“… တူကိုကိုင်တဲ့အခါ လက်ချောင်းအားလုံးလှုပ်ရှားရပြီး အဲဒီလှုပ်ရှားမှုက ဦးနှောက်ကို အလုပ်ကောင်းကောင်းလုပ်နိုင်အောင် အားဖြည့်ပေးလို့” တကယ်က ထမင်းစားတဲ့အချိန်မှာ လှုပ်ရှားရတဲ့ လက်ချောင်းလေးတွေက တူကို အသုံးပြုရတဲ့ လှုပ်ရှားမှုထက် ပိုပါတယ် ။ လက်ချောင်းမှာ ကပ်နေတဲ့ ထမင်းလုံးလေးတွေကို လက်မနဲ့ လက်ချောင်းလေးတွေ အချင်းချင်း ပွတ်ပြီး သပ်ချရတာက အခန့်မသင့်ရင် အကြောတောင် ကပ်သွားနိုင်ပါတယ်…။