ဝါးခယ်မမြို့၊အ.ထ.က(၁) ဆရာကန်တော့ပွဲ (၁)
ကျွန်တော့်ဘဝမှာမျှော်လင့်တောင့်တနေခဲ့ရတဲ့နေ့တစ်နေ့ကိုရောက်ရှိလို့လာခဲ့ပါပြီ။့ အဲဒီနေ့ကတော့(၃၀.၁၂.၂၀၁၂ တနင်္ဂနွေနေ့)။
ဇာတိမြေဖြစ်တဲ့ဧရာဝတီတိုင်းဝါးခယ်မမြို့ရဲ့အ.ထ.က(၁)မှာကျင်းပခဲ့တဲ့ကျေးဇူးရှင်ဆရာကြီး၊ဆရာမကြီးတွေကို ပူဇော်ကန်တော့ပွဲကျင်းပခဲ့တဲ့ နေ့ကလေးပါပဲ။ ပူဇော်ပွဲမကျင်းပခင် တစ်လ၊နှစ်လ အလို လောက်မှာကျင်းပရေး ကော်မတီဝင်သူငယ်ချင်း မခင်ချိုလွင်(မချို)က ဖုန်းလှမ်းဆက်တယ်။ ဆရာ ကန်တော့ပွဲ ကျင်းပဖို့အလှုငွေ ဘယ်လောက်ထည့်မလဲတဲ့။ကျွှန်တော်အတိုင်းမသိဝမ်းသာသွားတယ်။အဲဒါနဲ့အေးငါတစ်သိန်း ထည့်မယ်ဆိုပြီး ကတိပေးလိုက်တယ်။လူကြုံနဲ့အလှုငွေတစ်သိန်းကိုဆရာကန်တော့ပွဲကျင်းပဖို့ တစ်လအလို လောက်မှာ လှမ်းပို့ လိုက်တယ်။ ရင်ထဲမှာလည်းကျေးဇူးရှင်ဆရာ၊ဆရာမကြီးတွေကို ကန်တော့ရတော့မယ်ဆိုပြီး ပီတိတွေဖြာဝေ လာတယ်။
ဒေါက်တာအေးအေးမြင့်နဲ့ ကျင်းပရေးကော်မတီဝင်တွေရဲ့ ကြေညာချက် သတင်းစာမှာပါလာတယ်။ Mandalay Gazette မှာလည်း မပဒုမ္မာရဲ့ Post ပါလာတယ်။ ၂၉.၁၂.၂၀၁၂(စနေနေ့) နံက်၉နာရီ ရန်ကုန်က ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ကျောင်းသူဟောင်းတွေစုပြီး ဆရာကန်တော့ပွဲကိုသွားကြမယ်။ လိုက်ပါလိုသူ တွေ စာရင်းပေးဖို့အကြောင်း။ ကော်မတီဝင်တစ်ဦးရဲ့အမဖြစ်တဲ့သူငယ်ချင်းမကြူကြူခိုင်ကလည်း ဖုန်းနဲ့လှမ်းပြီး ဆရာကန်တော့ပွဲလိုက်မှာလား။လိုက်မယ်ဆိုရင်ဘယ်နှစ်ယောက်လိုက်မှာလည်းဆိုပြီးဖုန်ုးလှမ်းဆက်တယ်။ ကျွန်တော်၊ ကျွန်တော့်အမျိုးသမီး(ကျွန်တော်နဲ့တစ်တန်းတည်းတက်ခဲ့တဲ့သူငယ်ချင်း)နဲ့ ့ ကျွန်တော့်သား (ဖအေ၊မအေတွေနဲ့ခွဲလို့မရတဲ့ ရတန်းကျောင်းသား) (၃)ယောက်စာရင်းလှမ်းပေးလိုက်တယ်။
အဲဒီလိုနဲ့ ၂၉ရက်နေ့(စနေနေ့)ကိုရောက်လာခဲ့တယ်။ ၉နာရီ ကားထွက်မယ်ဆိုလို့ မိသားစု(၃)ယောက် ၈နာရီလောက်ကားငှားပြီးစုရပ်ဖြစ်တဲ့၁၉လမ်းနဲ့ကမ်းနားလမ်းထောင့်ကဒေါက်တာအေးအေးမြင့်ရဲ့ဆေးဆိုင်ရှေ့ကို ရောက်လာခဲ့တယ်။ ဆရာကန်တော့ပွဲသွားဖို့ Aircon ကား(၄)စီးအဆင်သင့်ရောက်နေတာကိုတွေ့လိုက် ရတယ်။ရန်ကုန်မှာနေတဲ့ဆရာကြီး၊ဆရာမကြီးတွေနဲ့ သူငယ်ချင်းတချို့၊ကျောင်းသားဟောင်းကြီးတချို့ကိုလည်း တွေ့လိုက်ရတယ်။ ရန်ကုန်တမြို့ထဲမှာရောက်နေပေမယ့် ကိုယ့်အလုပ်နဲ့ကိုယ်မတွေ့ဖြစ်ခဲ့ကြတဲ့သူတွေမို့ဝမ်းသာ အားရတစ်ဦးနဲ့တစ်ဦးနှုတ်ဆက်စကားတွေစတင်ခဲ့ကြပြီပေါ့။ကားထွက်ချိန်နီးပြီမို့ ကားပေါ်တက်ခဲ့ကြပေမယ့် စကားတွေဖောင်ဖွဲ့ပြောလို့မကုန်ကြပါဘူး။
ကားစထွက်တယ်ဆိုရင်ပဲကော်မတီဝင်တွေကအစီအစဉ်စာရွက်နဲ့ရေသန်ဘူး၊စနိုးတာဝါတွေစဝေတယ်။အိမ်ကစထွက်လာတုန်းက မိသားစု(၃)ယောက် ကားခဘယ်ကောက်မှာလည်းမသိဘူးလို့ပြောခဲ့ကြပေမယ့် ကားပေါ်ရောက်တော့ ကားခပေးစရာမလိုဘူးဆိုတာသိခဲ့ရတယ်။ ကား(၄)စီးတန်းစီပြီး စထွက်လာခဲ့ကြတယ်။ ကားပေါ်မှာသူငယ်ချင်းဟောင်းတွေ စကားတွေဖောင်ဖွဲ့ပြောရင်း ၁၂ နာရီခွဲလောက်မှာ ညောင်တုန်းက ကားတွေရပ်နားတဲ့ ပန်းဧရာစားသောက်ဆိုင်ကိုရောက်ခဲ့ကြတယ်။ အစီအစဉ်အတိုင်း ဆရာ၊ဆရာမတွေနဲ့ ကျောင်းသားဟောင်းတွေ(ပါလာတဲ့မိသားစုဝင်တွေ)အားလုံးကိုထမင်းအလကားကျွေးခဲ့ပါတယ်။(Sponsor ရှိ၊မရှိတော့ ကော်မတီဝင်မဟုတ်လို့မသိပါ)
ထမင်းစားပြီးကျွန်တော်တို့ကားတန်းဆက်လက်ထွက်ခွာခဲ့ပါတယ်။ ရွှေလောင်းတံတား ကိုဖြတ်ကျော် လာတာနဲ့ မကြူကြူခိုင်တို့ဆီ ဝါးခယ်မကဖုန်းဝင်လာပါတယ်။ ကားတွေဘယ်နားရောက်နေပြီလဲ၊ကြိုဆိုရေးအဖွဲ့ ဝင်တွေအဆင်သင့်ဖြစ်နေကြကြောင်းပေါ့။အမှန်ပါပဲမရမ်းချောင်ကျေးရွာထိပ်ရောက်တာနဲ့လာရောက်ကြိုဆိုနေတဲ့ ဆိုင်ကယ်အစီး၂ဝလောက်နဲ့ သူငယ်ချင်းဟောင်းတွေကိုတွေ့လိုက်ရပါတယ်။ လက်တွေဝှေ့ရမ်းနှုတ်ဆက်လို့ ဝမ်းသာစရာပါ။အဲဒီကတစ်ဆင့်ဝါးခယ်မတံတားကြီးကိုဖြတ်ကျော်လိုက်တာနဲ့ကရင်ဒုံးယိမ်းအကတွေနဲ့ကြိုဆိုနေ ကြတဲ့လူအုပ်ကြီးကိုထပ်မံတွေ့လိုက်ရပြန်ပါတယ်။ ကျွန်တော်တို့ကားတန်းကြီးဟာမြို့ထဲကိုပတ်ရင်းအ.ထ.က (၁) ရှေ့ကိုရောက်တော့ကရင်ဒုံးယိမ်းအဖွဲ့ကိုထပ်မံတွေ့လိုက်ရပြန်ပါတယ်။ကျောင်းနဲ့အသင်းတိုက်ကသိပ်မဝေး တာမို့ ကြိုဆိုနေကြတဲ့အဖွဲ့တွေကိုပါ တွေ့လိုက်ရပါတယ်။တစ်ဦးနဲ့တစ်ဦးဖေါ်မပြနိုင်လောက်တဲ့ဝမ်းသာကြည်နူး မှုတွေနဲ့ပေါ့။ အပြန်အလှန်နှုတ်ဆက်ရင်း မိမိတို့တည်းခိုမယ့် နေရာအသီးသီးကိုထွက်ခွာခဲ့ကြပါတယ်။ဆရာကြီး၊ ဆရာမကြီးတွေကိုတော့ အသင်းရုံးခန်းမမှာ နေရာချတည်းခိုစေခဲ့ပါတယ်။
၃ဝရက်နေ့ မနက်၅နာရီခွဲမှာ အ.ထ.က(၁) ဒေါ်ပိုက်မိခန်းမ (ယခင်ကျောင်းအုပ်ဆရာမကြီးဟောင်း တစ်ဦးလှုသွားတဲ့ခန်းမဆောင်)မှာကွယ်လွန်ပြီးသွားကြတဲ့ဆရာကြီး၊ဆရာမကြီးတွေကိုရည်စူးပြီးဘုန်းကြီးဆွမ်း (ဝါးခယ်မမုန့်ဟင်းခါး)ကပ်ခဲ့ကြပြန်ပါတယ်။ မနက်ရနာရီခွဲရောက်တော့ အဲဒီခန်းမမှာပဲဆရာကန်တော့ပွဲအတွက် နေရာယူကြပြန်ပါတယ်။ကျေးဇူးရှင်ဆရာ၊ဆရာမကြီးတွေအားလုံးကိုတစုတစည်းတည်းပြန်လည်တွေ့ဆုံပြီးကန်တော့ရတာရင်ထဲမှာ ဝမ်းနည်း၊ ဝမ်းသာပီတိဖြာလို့နေရပါတယ်။ဆရာကန်တော့ပွဲပြီးတော့ နေ့လည်စာ ထမင်း ကျွေးပြန်ပါတယ်။ သူငယ်ချင်းဟောင်းတွေနဲ့လည်း ပြန်လည် ဆုံဆည်းရလို့ဝမ်းသာကြည်နူးမှုတွေနဲ့အတူ ဒီအစီ အစဉ်ကြီးကိုဖြစ်မြောက်အောင်စတင်တာဝန်ယူလုပ်ဆောင်ခဲ့ကြတဲ့ကော်မတီဝင်တွေနဲ့အလှုငွေတွေထည့်ဝင ်ခဲ့ ကြတဲ့ကျောင်းသားဟောင်းတွေအားလုံးကိုအရမ်းကျေးဇူးတင်မိပါတယ်။နေ့လည်၃နာရီမှာဆရာကြီး၊ဆရာမကြီးတွေရဲ့ကျန်းမားရေးစောင့်ရှောက်မှုအတွက်ပဒေသာပင်ထူထောင်ဖို့အစည်းအဝေးလေးတစ်ခုကိုထပ်မံကျင်းပခဲ့ ပါတယ်။ ကျွန်တော်ကတော့ ဆရာကန်တော့ပွဲမှာပင်စင်မယူရသေးလို့မပါတဲ့ဆရာ၊ဆရာမတွေကို သူငယ်ချင်း တွေစုပြီးလိုက်ကန်တော့နေရလို့မတက်ရောက်ဖြစ်ခဲ့ပါဘူး။(ဒါပေမယ့်အပြန်ကားပေါ်မှာ ပဒေသာပင်၂ပင်စာငွေ ၂သောင်းဒေါက်တာအေးအေးမြင့်ဆီလှုခဲ့ပါတယ်)ညနေ၆နာရီရောက်တော့ အ.ထ.က(၁)ရှေ့မြက်ခင်းပြင်မှာ ညစာစားပွဲ(ကြက်ဆီထမင်း)ကိုထပ်မံကျင်းပပြန်ပါတယ်။ကာရာအိုကေကိုတော့ ကျွန်တော်တို့ထက်ဝါရင့်တဲ့ ကျောင်းသားဟောင်းဖိုးဆိုချင်ကြီးတွေကနေရာယူထားလို့ဝင်ရောက်ဆင်နွှဲခွင့်မရရှိခဲ့ပါဘူး။
နောက်တစ်နေ့မနက်၉နာရီမှာတော့ လိုက်ပါပို့ဆောင်နှုတ်ဆက်ကြတဲ့ ငယ်သူငယ်ချင်းဟောင်းတွေ၊ နယ်မှာကျန်နေတဲ့ဆရာ၊ဆရာမတွေကို ဝမ်းနည်း၊ဝမ်းသာနှုတ်ဆက်ရင်း ကျွန်တော်တို့ကားတန်းကြီးဟာ ရန်ကုန်မြို့တော်ဆီကိုပြန်လည်ထွက်ခွာခဲ့ပါတယ်။ အဲဒီနေ့နေ့လည်စာထမင်းကိုလည်း ကားထဲမှာပါလာတဲ့ ဆရာ၊ဆရာမကြီးတွေအပြင် ကျောင်းသားဟောင်းမိသားစုဝင်တွေအားလုံးကို ပန်းဧရာထမင်းဆိုင်မှာ ကျွေးမွေး ဧည့်ခံခဲ့ပြန်ပါတယ်။ အပြန်ခရီးကားပေါ်မှာတစ်ဦးနဲ့တစ်ဦးနေရပ်လိပ်စာတွေပေး၊ ဖုန်းနံပါတ် တွေပေးရင်းနဲ့ စုရပ် ဖြစ်တဲ့ ၁၉လမ်းထိပ်ဒေါက်တာအေးအေးမြင့်တို့ဆေးဆိုင်ရှေ့ကိုပြန်လည် ရောက်ရှိ လို့လာပါတော့တယ်။
အနန္တောအနန္တ(၅)ပါးမှာတစ်ပါးအပါအဝင်ဖြစ်တဲ့ဆရာကြီး၊ဆရာမကြီးတွေကိုပူဇော်ကန်တော့ပြီးပြန်လာတဲ့ ကျွန်တော့်ရဲ့ခရီးစဉ်ဟာ ဘယ်ခရီးစဉ်နဲ့မှမတူတဲ့ကြည်နူးနှစ်သက်မှုတွေနဲ့ပြည့်နှက်နေပါတော့တယ်။
(သူကြီးနဲ့တကွရွာသားအားလုံးကိုလည်းဒီPostလေးကိုရေးခွင့်ရလို့အထူးကျေးဇူးတင်မိပါကြောင်း။)
7 comments
အရီးခင်လတ်
January 5, 2013 at 8:41 pm
ကိုကောင်းမြတ်သူ ရဲ့ Post လေးကြောင့် ကျွန်မလဲ ဆရာကန်တော့ပွဲ ကို ဝင်နွဲခဲ့နိုင်ပါတယ်။
ကိုယ့်ဆရာ၊ကိုယ့်ကျောင်း မဟုတ်လဲ ကလေးတွေကို စေတနာအပြည့် နဲ့ ဆုံးမသင်ကြားပေးခဲ့တဲ့ ဆရာတွေ ဆရာသမား တွေကို ကန်တော့ခဲ့ပါတယ်။
မြို့ကျောင်းနာမည်ကြီးမဟုတ်ပေမဲ့ ပညာတတ်ကြီးတွေ မွေးထုတ်ပေးခဲ့တဲ့ ကျောင်းကြီး ဆိုတာ သိခဲ့ရပါတယ်။
ခရီး အတွေ့အကြုံလေးကို အချိန်ပေးရေးပြီး ဗဟုသုတ မျှထားလို့ ကျေးဇူးပါရှင်။
Kaung Myat Thu
January 5, 2013 at 10:20 pm
အခုလို Post လေးဝင်ရေးတဲ့အတွက်ရော ဆရာကန်တော့ပွဲမှာဝင်ရောက်ဆင်နွှဲတဲ့အတွက်ရော ကျေးဇူးတင်ပါတယ် အရီးခင်လတ်။
ခရီးစဉ်မှာ မပဒုမ္မာနဲ့တွေ့ခဲ့ရလို့ဝမ်းသာပေမယ့် ကြောင်လေးကော အရီးခင်လတ်ကော ဘယ်သူဆိုတာမသိခဲ့ရတဲ့အတွက်စိတ်မကောင်းဖြစ်မိပါတယ်။
အရီးခင်လတ်
January 5, 2013 at 10:27 pm
ကိုကောင်းမြတ်သူ အရေးကောင်းတာမို့ ကျွန်မလဲ ခရီးမှာ တကယ်ပါတယ်လို့ ခံစားမိကြောင်း ပြောခဲ့တာပါ။
ကျွန်မ အရေးမရှင်းတာကြောင့် တကယ်လိုက်ခဲ့သလိုဖြစ်သွားတာ။
အမှန်က ကျွန်မ ခရီးမှာ မပါပါဘူး။ :hee:
ဒါမျိုး ခရီးသွား လေးတွေ အချိန်ရရင်ရေးပါ။ အားပေးပါတယ်။
ကြောင်လေး လဲ ပျောက်နေတာကြာပေါ့။
ဦးကြောင်ကြီး
January 6, 2013 at 1:23 am
အရီး အရွှီး အဟီးဟီး၊ ဂဒီး ဂဒီး တခွီးခွီး…… :kwi:
အရီးခင်လတ်
January 6, 2013 at 3:02 am
ဒီကြောင် တော့ ပထမအဆင့် အမြီးနင်းခံချင်ပြီထင်ရဲ့။
😆
မဟာရာဇာ အံစာတုံး
January 6, 2013 at 12:50 am
*** မြတ်ဆရာ ***
_________________
အားငယ်စိတ်ထား ပျောက်ပျက်သွားအောင်
တရားနဲ့ယှဉ် အသိမြင်ဖြင့်
သွန်သင်ဆုံးမ ပညာရအောင်
လမ်းပြညွှန်ကြား သမီးသားနှယ်
ချစ်အားပိုတာ မြတ်ဆရာ။
လိုသည့်ပညာ ဝါသနာကို
သေချာသိမြင် ကြိုးစားချင်အောင်
စီစဉ်ညွှန်ပြ အောင်မြင်ကြအောင်
ထုတ်ပြသင်ပေး ဘဝရေးတွက်
အားပေးခဲ့တာ မြတ်ဆရာ။
ဖောက်ပြန်လှည့်ဖြား လူတွေကြားမှာ
နေသားကျကာ အရာရာကို
သ်ိသာနားလည် မေတ္တာသွယ်၍
မဖွယ်မရာ ရှောင်ကြဉ်ကာဖြင့်
ပညာနှင့်ယှဉ် အသိဝင်အောင်
ပြုပြင်ပေးတာ မြတ်ဆရာ။
ဘုရားနှင့်ပင် နှိုင်းတုယှဉ်၍
အစဉ်လေးစား စိတ်ထဲထားကာ
ရှားပါးမတူ ပြိုင်မဲ့သူကင်း
ဇဗ္ဗူတွင်းဝယ် ရွှေဆင်းနှယ်တင့်
စင်ကြယ်ကျင့်ဖြင့် ရဲရင့်စိတ်မွေး
သန့်စင်ဖွေးလျှက် ရင်အေးစေကာ
ကူညီပါသော ဆရာများအား
လေးစားအစဉ် ရှိလျှက်ပင်။
Credit to လရိပ်လေးးး
http://layeiklay.blogspot.com/2012/12/blog-post_25.html
padonmar
January 6, 2013 at 1:18 pm
ကောင်းမြတ်သူရေ
ဆရာကန်တော့ပွဲ ခရီးစဉ်လေး မှတ်တမ်းတင်ပေးတဲ့အတွက် ကျေးဇူးပါ။
ကျမတို့ရဲ့ ဆရာဆရာမကြီးတွေကို တစ်ဦးလျှင် ငွေသား ၅ သိန်းနဲ့ ကန်တော့ပစ္စည်းများ ပေးလှူနိုင်ခဲ့ပါတယ်။
ဒီငွေပမာဏဟာ များလှတယ်လို့ မဆိုနိုင်ပေမယ့် မြို့သေးလေးမှာ ခရိုနီကြီးတွေမရှိပဲ မြို့သူမြို့သားတွေရဲ့ အားနဲ့ လှူခဲ့နိုင်တာမို့ ကျမတို့ ဂုဏ်ယူလို့မဆုံးပါ။
နောက်ပြီး အစက မှန်းသလောက်မရလည်း ရသလောက်ပဲ ကန်တော့ကြမယ်လို့မှန်းကြပေမယ့် ကန်တော့ပွဲရက်နီးမှ အလှူငွေတွေလှိမ့်ဝင်လာတာတော့ ဒီဆရာဆရာမတွေ ပြုခဲ့တဲ့ နာလေးနာကြောင့်ပဲ ဖြစ်ပါတယ်။
ကန်တော့ပွဲလာ ပရိသတ်ကို လောက်လောက်ငင အပိုအလို သိပ်မရှိ ဧည့်ခံနိုင်တဲ့အပြင် ပိုတဲ့ အလှူငွေတွေကို မူလက ရည်စူးထားတဲ့ ဆရာဆရာမ ကျန်းမာရေး ရံပုံငွေထူထောင်တဲ့ထဲလည်း ထည့်နိုင်ခဲ့ပါတယ်။
……………….
ဒီခရီးမှာ လူချင်းမမြင်ဖူးတဲ့ ကောင်းမြတ်သူနဲ့ ပဒုမ္မာ ရွာ့မောင်နှစ်မ ၂ယောက် ချစ်ချစ်ခင်ခင် ဆုံစည်းနိုင်ခဲ့တာလည်း အမြတ်တစ်ခုပါ။ကြောင်လေးကိုတော့ မတွေ့ခဲ့ရတာ စိတ်မကောင်းပါဘူး။
FB မှာ စာအရေးကောင်းတဲ ့ ဇော်မင်းလွင် ဆိုတဲ့ ရွာသားလေးကိုလည်း (သူက password မေ့နေရှာတော့ ဖတ်ရုံပဲဖတ်နိုင်ရှာတယ်) ရွာထဲမှာ အခြေလာချဖို့ ဖိတ်ခဲ့ပါတယ်။
…………………………..
နားလည်ခံစားပေးတဲ့ မလတ်၊
ကဗျာလေးချီးမြှင့်ပေးတဲ့ မောင်အံ၊
ဖတ်ရှုအားပေးတဲ့ မောင်ကြောင်၊ တို့ကိုကျေးဇူးပါ။
………..
ကောင်းမြတ်သူကို အမပီပီ ဆရာလုပ်ခွင့်လေးပေးပါအုံး။
အမှတ်(၂) ဆက်တင်ရင် စာတွေကြား ဆီလျော်ရာမှာ ဓာတ်ပုံတွေထည့်ပြီး အောက်မှာ Caption လေးတွေထည့်ပေးရင် ပို စိတ်ဝင်စားဖွယ်ဖြစ်မယ်လို့ အကြံပေးပါရစေ။