နေကွယ်လျှင်သာ. . .
နေကွယ်လျှင်သာ…
နေကွယ်လျှင်သာ…
တွယ်ငင်ရာ တိမ်း ရင်ညှာယိမ်းနွဲ့
ပြာစိမ်းလဲ့ညို ယိမ်းသွဲ့လိုလား
ဖွဲ့ဆိုထားလျက် ငိုအားထက်သန်
မြားချက်မှန်နိုး သက်ပန်စိုးထိတ်
ပြန်နိုးစိတ်ပျက် ညှိုးပိတ်ခက်ချည်
မှိတ်လျက်ရီဝေ ပျက်မည်ခွေယိုင်
သည်နွေဆိုင်ကြုံတွေမှိုင်ရုံငေး
မြိုင်ဂုံဝေးချင် ထုံမွှေးလျှင်သာ
တွေးမြင်လာမှား ရင်မှာခါးဆို
နာဖျားလိုဆဲ ထားသိုစွဲမက်
ညိုမဲနက်မှောင် ရဲလျက်ကြောင်သွေး
ခက်ပေါင်တွေးဆ ယောင်ငေးမှသည်
ဝေးရမည်မှန်း တချည်လွမ်းသော
သည်နွမ်းတောခြောက် ကျွမ်းမောဖျောက်ဆိတ်
တောမျောက်ဆိတ်ငြိမ်…။ ။
တောမျောက်ဆိတ်ငြိမ်..
ကြောက်ထိတ်မှိန်ပျ ပိတ်ချိန်ညလယ်
ထိန်ကြတယ်လား ညကြယ်များနှင့်
ခြယ်သားတင့်ဆန်းငွားစွင့်ပန်းကို
ဝင့်လန်းလိုထင် လှမ်းကြိုမြင်လည်း
ငြိုငြင်ဆဲမှာ ရင်ထဲသာနိုး
ခွဲခွာစိုးရိမ် ခါဆိုးချိန်တန်
ငြိုးဂိမ္မာန်မှောင် လိမ်ဟန်ဆောင်ထား
ကန်ဘောင်နားဆီ ယောင်ကြားပြီလို့
မှားမည်သို့လေ သည်ချို့နေရောင်
ညို့စေအောင်ယွန်း ငွေတောင်စွန်းဝယ်
မောင်လွမ်းမယ်မေ…။ ။
မောင်လွမ်းမယ်မေ…
ကျွမ်းဆယ်နေဖြင့် ကွယ်စေလင့်ငြား
မေခင့်အားမောင် ဆင့်ကြားယောင်လို့
နားထောင်ဖို့မှာမှောင်ပျို့လာမှ
ညို့ကာကျဆင်း သာစွလင်းမှိန်
ညခင်းတိမ်ဖုံး ပြင်းရှိန်နုံးလျ
တိမ်ဖုံးလနှယ် ပြုံးစကွယ်ဝှက်
ညလယ်နက်ရှိုင်း တွယ်ယှက်လှိုင်းဆင့်
အက်ပြိုင်းနင့်မော မှိုင်းရင့်တောမြိုင်
လွင့်မျောယိုင်ငေး မောနိုင်တွေးခက်
မှိုင်ဆွေးလျက်သာထွေးဖက်ပါဆို
မျက်နှာညိုနေ ညှာအိုကြွေရွက်
ပြိုစေသက်ဆင်း နေထက်ပြင်းပူ
မျက်တွင်းဆူဝေ နှင်းမြူကြွေရွယ်
ပူစေရယ်ထင် နေကွယ်လျှင်သာ…။ ။ ။ ။
တောက ကိုရင်
၀၃.၀၁.၂၀၁၃
(နှစ်သစ်တွင် ပထမဆုံးရေးဖွဲ့သော
အမှတ်တရ ကဗျာ…။)
ကာရန်ကို ၄ ၃ ၂ ၁ အပြည့်ယူပြီး
ပတ်ချာလည်ဖြစ်အောင် ရေးထားပါသီ။ ။
3 comments
မောင်ပေ
January 5, 2013 at 8:53 pm
နေကွယ်လျှင်သာ
လေလည်ချဉ်မှာ
ရေသည်ဂွင်ရှာ
မေကယ်တင်ကွာ
မဟာရာဇာ အံစာတုံး
January 6, 2013 at 12:31 am
၄ ၃ ၂ ၁ မလုပ်နဲ့ဗျ ..
၄ ၄ ၂ ပဲ လုပ်လိုက်ပါ …..
နောက်တာပါ …
အားပေး ဖတ်ရှု သွားပါကြောင်း သံချောင်း ခေါက်ခဲ့ပါတီ ….။
ခပ်မိုက်မိုက် ကောင်မလေး
January 6, 2013 at 12:56 am
အားပေးသွားတယ်နော်……ကဗျာလေးအရမ်း နှစ်သက်မိပါတယ်…။။