မရိုးနိုင်တဲ့ ကျိုက်ထီးရိုးခရီး
ငယ်ငယ်တုန်းက ကျိုက်ထီးရိုးသွားရမယ်ဆိုရင် အရမ်းပျော်ခဲ့တယ်။ သူငယ်ချင်းတွေ မိသားစုတွေနဲ့ အတူတူ တောင်တက် တောင်ဆင်းလုပ်ရတဲ့ အရသာက ကျိုက်ထီးရိုးဘုရားဖူးရဲ့ ထူးခြားတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ခက်ခက်ခဲခဲ ဖူးမျှော်ရတာကိုက တန်ဖိုးရှိပြီး ထူးခြားလှပါတယ်။
တောင်တက်ကားလမ်းဖောက်ပြီးနောက်ပိုင်း အလွယ်တကူ ကားနဲ့သာ အတက်အဆင်းလုပ်ခဲ့တာကြောင့် အရင်က အရသာတွေ မေ့တေ့တေ့တောင်ဖြစ်နေခဲ့ပါပြီ။ ဒီတစ်ခေါက်တော့ အတက်ပဲဖြစ်ဖြစ် အဆင်းပဲဖြစ်ဖြစ် ခြေလျှင်တက် ဆင်းချင်တဲ့ဆန္ဒပြင်းပြနေမိတယ်။ လူကြီးတွေနဲ့သွားရင် ဘယ်တော့မှ အဖော်စပ်လို့မရတဲ့ တောင်တက်တောင်ဆင်းကို အခုတစ်ခါတော့ အလုပ်ထဲကလူငယ်တွေကို အဖော်စပ်ပြီး ၈ ယောက်တစ်ဖွဲ့ သွားကြပါတယ်။ နေ့ခြင်းပြန်သာ အချိန်ရတာမို့လို့ အချိန်ကိုငဲ့ညှာပြီး တောင်တက်ကို ကားနဲ့တက်ပြီး တောင်ဆင်းကိုမှ ခြေထောက်နဲ့ဆင်းကြမယ်လို့ ဆုံးဖြတ်ပြီး ခရီးစဉ်တစ်ခု ဆွဲခဲ့လိုက်တယ်။
ည ၂ နာရီခွဲ ရန်ကုန်ကနေထွက်လိုက်တာ မနက် ၆ နာရီ ကင်ပွန်းစခန်းကိုရောက်ပါတယ်။ ခဏလောက် ခြေလက်သန့်စင်ကြပြီး မနက် ၆ နာရီခွဲ တောင်တက်ကားနဲ့ တောင်ပေါ်တက်ကြတယ်။ ဘုရားဖူးများတဲ့ ၃ ရက်ဆက်တိုက်ပိတ်တဲ့ ရုံးပိတ်ရက်ဖြစ်ပေမယ့် ဘုရားဖူးတွေ အဆင်းများပြီး အတက်နဲတဲ့ နောက်ဆုံးပိတ်ရက်ကို ရွေးချယ်ခဲ့တာမို့လို့ တောင်တက်ကားစီးရတာ အဆင်ပြေခဲ့ပါတယ်။ ဒါပေမယ့် အဆင်းကားတွေများတာကြောင့် လမ်းမှာရပ်စောင့်ရတာ အချိန်ကြာလွန်းလို့ တောင်ပေါ်ရောက်ချိန်မှာ မနက် ၈ နာရီ ဖြစ်နေပါပြီ။
ရင်ပြင်တော်ပေါ်မှာ ဘုရားဖူးတွေ အများကြီးရှိနေကြပြီး ပြန်ဆင်းဖို့ ပြင်ဆင်နေတဲ့သူတွေပိုများပါတယ်။ ကျွန်မတို့လဲ ဘုရားအရင်ဖူးကြတယ်။ ပါလာတဲ့ မုန့်တွေနဲ့ ဆွမ်းတော်ကပ်ပြီး ဘုရားရှိခိုးကြပါတယ်။ အဲဒီနောက် လက်ဖက်ရည်ဆိုင်သွားပြီး မနက်စာစားရင် ခဏနားကြတယ်။ ပြီးတော့ ဘုရားရင်ပြင်တော်ပေါ်ပြန်တက်ကြပြီး ဘုရားနဲ့အနီးဆုံးနေရာကနေ ဘုရားပြန်ဖူးရင်း ဘုရားတွေကိုကြည့်ရင်း ရှုခင်းတွေကို ခံစားရင်း နေ့လည် ၁၁ နာရီအထိ ဘုရားရင်ပြင်ပေါ်မှာ နေကြပြီး ထမင်းဆိုင်မှာ ထမင်းသွားစားကြတယ်။ အဆင်းကို ခြေလျှင်ဆင်းမှာမလို့လို့ အားရှိအောင် ထမင်းများများစား အအေးပါသောက်ပြီး နေ့လည် ၁၂ နာရီမှာ ခြေလျှင်အဆင်းလမ်း ရ မိုင် ၃ ဖာလုံ ခရီးကို စတင်ခဲ့ပါတယ်။
စဆင်းဆင်းခြင်းမှာတော့ ကားလမ်းနဲ့ လမ်းတူနေပါတယ်။ တောင်ဆင်းကားတွေတွေ့တော့ စိတ်က နဲနဲယိုင်ချင်ပေမယ့် အားတင်းပြီး လမ်းဆက်လျှောက်ခဲ့တယ်။ ခဏလောက်လျှောက်ပြီးတာနဲ့ လမ်းခွဲကနေ လမ်းလျှောက်ဆင်းရတဲ့ တောင်ဆင်းလမ်းကို စတွေ့တယ်။ အစပိုင်းဆိုတော့ တက်တက်ကြွကြွနဲ့ ခုန်ပေါက် ပြေးလွှားပြီး ဆင်းလာခဲ့တာပေါ့ …
လမ်းခရီးမှာ အတက်အဆင်း ဘုရားဖူး တော်တော်နဲတာ တွေ့ရပါတယ်။ ဘုရားဖူးဦးရေနဲ့ယှဉ်လိုက်ရင် အလွန်နဲတဲ့ပမာဏလောက်ပဲ ခြေလျှင်အဆင်းအတက်လုပ်တာ တွေ့ခဲ့ရပါတယ်။ လမ်းမှာ သိပ်မစည်ကားလို့ ဆိုင်တွေလဲ နဲနဲကျဲကျဲနဲ့ ခြောက်ကပ်ကပ်ပါပဲ။ ကျွန်မတို့ကတော့ မောရင် ရေဝယ်သောက်တယ်။ ဖရဲသီးဝယ်စားပါတယ်။ လူ ၈ ယောက် ခြေကွာလာတာမို့လို့ ရှေ့ကသွားနေတဲ့သူက တစ်တောင်ဆင်းတစ်ခါနား အချင်းချင်း ပြန်စောင့်နဲ့ ဆင်းလာကြတယ်။ လမ်းမှာတွေ့သမျှ မှတ်တမ်းတင်မယ်လို့ အားခဲ့ထားခဲ့ပေမယ့် တကယ်တမ်းမှာတော့ ထူးထူးခြားခြား မှတ်တမ်းတင်စရာ သိပ်မတွေ့ခဲ့ပါဘူး။
လမ်းခရီးက လူသွားလူလာနဲနေတော့ တိတ်ဆိတ်ငြိမ်သက်နေတယ်။ ကျွန်မတို့ ၈ ယောက်ကလဲ လူကွဲကုန်တာကြောင့် ၂ ယောက်စီလောက်ပဲ ခပ်မှန်မှန် ဆင်းလာခဲ့ကြတယ်။ အချင်းချင်း အပြန်အလှန် ဓါတ်ပုံရိုက် စနောက်ပြီး ဆင်းလာကြပေမယ့် ခရီးတစ်ဝက်လောက် ရောက်ချိန်မှာ အသံသိပ်မထွက်နိုင်တော့ပါဘူး။ ဖိနပ်ဒါဏ်ကို မခံနိုင်သူတွေက လမ်းမှာရောင်းတဲ့ ဖော့ဖိနပ်၊ ကတ္တီပါဖိနပ်စတဲ့ ပေါ့ပါးတဲ့ဖိနပ်ဝယ်စီးကြရတယ်။
ရေမြောင်ကြီးရောက်ရင် အကြော်စားပြီး ခဏလောက်နားကြမယ်လို့ စဉ်းစားထားခဲ့ပေမယ့် တကယ်တမ်းရေမြောင်ကြီးရောက်တော့ ဟုတ်မှဟုတ်ရဲ့လားလို့တောင် သံသယဖြစ်မိတယ်။ ရေကန်တစ်ကန်နဲ့ ဆိုင်တစ်ဆိုင်သာရှိတဲ့ ရေမြောင်ကြီးစခန်းက အရင်ကနဲ့ တခြားစီဖြစ်နေပါပြီ။ ရှေ့နားမှာ ဆိုင်တွေ့နိုးတွေ့နိုးနဲ့ဆက်လျှောက်လာပေမယ့် သေချာနားရလောက်အောင် အဆင်ပြေတဲ့ဆိုင်မတွေ့ခဲ့ပါဘူး။
တော်တော်မောနေကြတဲ့အချိန်မှာ တစ်ဖာလုံဆိုတဲ့ခရီးကလဲ မရောက်နိုင်အောင် ရှည်လျှားလွန်းတယ်လို့ ထင်မိပါတယ်။ ရောက်ခါနီးလေ ပိုဝေးလေ ပိုကြာလေလို့ ထင်ရပြီး အမြန်ရောက်ချင်စိတ်သာ ကြီးစိုးလို့နေပါတယ်။ အားတင်းပြီး ဆက်ဆင်းလာခဲ့တာ ရ မိုင်ခရီးရောက်ချိန်မှာတော့ တောင်ဆင်းလမ်းကုန်ပြီး ကုန်းမြေခပ်ပြေပြေလောက်ပဲ ကျန်ပါတော့တယ်။ အဲဒီအချိန်မှာ ဆိုင်ကယ်ကယ်ရီတွေက အဆင်သင့်ရှိနေတယ်။ တစ်စီးကိုတစ်ထောင်နဲ့ ၂ ယောက်စီးလို့ရပြီး တောင်ခြေကားဂိတ်အထိ ပို့ပေးမှာတဲ့။ စီးသွားချင်စိတ်ပေါက်လောက်အောင် ခြေထောက်ညောင်းနေပေမယ့် ရ မိုင်တောင်ဆင်းလာပြီးမှ ၃ ဖာလုံလောက်ကို ဘာလို့ ဆက်မလျှောက်နိုင်ရမှာလဲလို့ အားတင်းပြီး ကင်ပွန်းစခန်းရောက်အောင် ဆက်ဆင်းလာခဲ့တာ ညနေ ၅ နာရီမှာ ပြန်ရောက်ပါတယ်။
အောင်မြင်ပြီ .. အောင်မြင်ပြီဆိုပြီး ဝမ်းသာအားရဖြစ်ခဲ့ရပါတယ်။ လက်ဆောင်အတွက် ယိုစုံဝယ်ပြီး ခြေလက်ဆေး မျက်နှာသစ်ပြီး အလာကားနဲ့ ညနေ ၆ နာရီမှာ ကင်ပွန်းစခန်းကနေ ပြန်ထွက်ခဲ့တယ်။ ကျိုက်ထိုမြို့ပြင်က ဘဲလေး စားသောက်ဆိုင်မှာ ညနေစာ အဝစားကြပြီး ည ရ နာရီ ကျိုက်ထိုကနေထွက်ခဲ့တာ ရန်ကုန်ကို ည ၁ဝ နာရီမှာ ပြန်ရာက်ပါတယ်။
နောက်တစ်နေ့ မနက်မှာတော့ ငါ .. ကွ … ငါ .. ကွ လို့ အော်နေရလောက်အောင် ခြေထောက်တွေ ကွနေလို့ လှေကားကို လက်တန်းကိုင်ပြီး တစ်လှမ်းခြင်း လှမ်းနေရပါတော့တယ် ….
32 comments
ခင်ခ
January 8, 2013 at 10:17 pm
မဝေရေ အမှန်ပါဘဲဗျာ မရိုးနိုင်တဲ့ ကျိုက်ထီးရိုးခရီးဘဲဗျာ။
ခင်ခ တို့တောင် ဖေဖော်ဝါရီလဆန်းလောက် သွားမလို့အစီအစဉ်ဆွဲထားတယ်လေ။
နှစ်တိုင်းရောက်ဖြစ်တာ ဒီနှစ်သွားရင် ဆက်တိုက် ၄ နှစ်ပေါ့ဗျာ။
ပုံလေးတွေမျှဝေတင်ပေးလို့ကျေးဇူးနော်။
weiwei
January 8, 2013 at 10:49 pm
၁၉၈၂ မှာ ကျိုက်ထီးရိုးကို ပထမဆုံးအကြိမ် ရောက်ဖူးခဲ့တာ။ ကလေးဆိုတော့ အရမ်းပျော်ပြီး ပင်ပန်းရကောင်းမှန်းတောင် မသိခဲ့ဘူး။ တက္ကသိုလ်ကျောင်းသူဘဝမှာ သူငယ်ချင်းတွေနဲ့အတူတူ ခြေလျှင်တက်ဆင်းတုန်းကလဲ ပျော်စရာကောင်းခဲ့တယ်။
အခုတစ်ခေါက်လဲ အချိန်သိပ်မရလို့ ကမန်းကတန်းဖြစ်ခဲ့ပေမယ့် ပျော်စရာကောင်းတယ် …
လမ်းလျှောက်ချင်တာကို အဖော်လိုက်ပြီး ဒုက္ခခံပေးကြတဲ့ လုပ်ဖော်ကိုင်ဖက် ညီမတွေကို ကျေးဇူးအရမ်းတင်ပါတယ် …
မဟာရာဇာ အံစာတုံး
January 8, 2013 at 10:58 pm
နံပါတ်ခြောက်ပုံထဲက တိမ်ထုကြီးက မိုက်သဗျာ …
ချယ်ဘဲ ….
ဒါနဲ့ …
မျောက်ကလေးက ဘယ်နားမှာ တွေ့ခဲ့တာတုံး သိဘူးးး
အနော် သွားတဲ့အချိန်တွေတုန်းကတော့ တစ်ခါမှ တွေ့ခဲ့ဖူးရယ် …
အားပေးသွားပါတယ် ခင်ဗျာ ……..
weiwei
January 8, 2013 at 11:07 pm
တောထဲက မျောက်မဟုတ်ပါဘူး .. တဲတစ်တဲမှာ မွေးထားတဲ့ မျောက်ကလေးပါ …
ဘာရယ်မဟုတ် ရိုက်စရာရှားလို့ မျောက်လဲမနေရ ကလေးလဲမနေရ ခွေးလဲမနေရပဲ …
နောက်တစ်ခါ လမ်းလျှောက်ဆင်းဖို့ ဖြစ်နိုင်ချေနဲတဲ့ အရွယ်ရောက်နေပြီမို့လို့ အခုခရီးစဉ်ကို မှတ်တမ်းတင်ထားလိုက်ပါတယ် …
မဟာရာဇာ အံစာတုံး
January 8, 2013 at 11:17 pm
အန်တီဝေကြီး တစ်ယောက်
ဝိသာခါ ကျောင်းအမကြီးလို ….
နုပျိုပြီး သက်ရှည် ကျန်းမာလို့
ကျိုက်ထီးရိုး လမ်းလျှောက်ခရီးကို အကြိမ် တစ်ရာမက …
ဆင်းချင်ရင် ဆင်းနိုင်သောကိုယ် ဖြစ်ပါစေ ခညာ …..။
အောက်က စာဖတ်ပြီး စိတ်ထဲ တစ်ညိုးဂျီးဖစ်တွားလို့ ဘာရယ် မဟုတ် ဆုတောင်းပေးလိုက်ဒါဘာ …
အဟီးးးးးး
ဦးဦးပါလေရာ
January 8, 2013 at 11:41 pm
ကျောင်းသားဘဝတုန်းက
ဆီမီးကိုးထောင်ပူဇော်ပွဲရက်မှာ ခြေလျှင်တက်ခဲ့ပြီး
တောင်ပေါ်မှာ နှစ်ညအိပ်ခဲ့ပြီး
မီးတုတ်တွေနဲ့ မနက်အစောကြီး ပြန်ဆင်းခဲ့တာ သတိရသွားတယ်…။
တကယ်တော့ ခြေလျှင်တက်ဆင်းရတဲ့လမ်းကို သေသေချာချာ ကောင်းအောင် အဆင်ပြေအောင် ပြုပြင်ပေးထားရင် လူအများကြီး ခြေလျှင်တက်ဆင်းလိမ့်မယ်…
ကားနဲ့တက်ဆင်းတာထက် မနှိုင်းယှဉ်သာအောင်ပျော်စရာကောင်းတယ်….
tour attraction လဲ ဖြစ်လိမ့်မယ်….
pooch
January 9, 2013 at 12:16 am
ကျမလည်း တခေါက်တုန်းက ဆီမီးကိုးထောင်အဖွဲ့နဲ့ ရောက်ဖူးတယ် ညဘက်မီးတုတ် ကိုင်ဆင်းရတာလေ
မောပေမဲ့ ငယ်သေးတော့ အပေါင်းသင်းကောင်းတော့ ပျော်တယ်။ အဲ့တုန်းက ခြေလျင်တက်တဲ့သူတွေ အများကြီးပဲ လမ်းတလျှောက် ဆင်းတဲ့သူတွေရော။ လှလည်း အရမ်းလှတယ်။
မရောက်ဖြစ်တာ အတော်ကြာနေပြီ။ မဝေလည်း အတွေ့အကြုံသစ်ပေါ့။ ကျမအခု ဟိုက်ကင်အတွက် ထရိန်နင် ဆင်းရတော့မယ် ။ လိုက်အုန်းမလား ။ နောက်တာမဟုတ် အတည်။ 😀
လောလောဆယ်တော့ ခရီးပန်းနေလို့ မလှုပ်နိုင်သေးဘူး။ နောက်တပတ် စမယ်။
weiwei
January 9, 2013 at 8:37 am
ကျောက်ဆည်က စွယ်တော်မြတ်စေတီရှိတဲ့တောင်ကို သွားတက်ဖို့ အစီအစဉ်ရှိတယ် … အသက်ကြီးပြီး ကျန်းမာရေးညံ့လာရင် လုပ်လို့မရတဲ့အရာတွေကို လုပ်နိုင်တဲ့အချိန်မှာ အကုန်လုပ်ပစ်လိုက်မယ်လို့ ကြိမ်းဝါးထားတာ …
ခက်တာက အဖော်စပ်ရတာပဲ … တောင်ဆိုတာနဲ့ ကြောက်ပါပြီ အော်နေကြလို့ …
padonmar
January 9, 2013 at 12:07 am
ငါကွ ဆိုတော့ အာဂ မပါဘူးပေါ့။
ငယ်ငယ်လေးတုံးက ကျိုက်ထီးရိုးကို လမ်းလျှောက်တက်ရတယ်။ကားလမ်းလည်းမပေါက်သေးဘူးလေ။
ဖိုးပြန်တောင်တို့ စိုင်တမော့ တို့ နဂါးပတ်တို့ ရောက်တော့ ဗိုက်ကလည်းဆာ၊မောကလည်းမော ၊လိုက်ပို့တဲ့ အဒေါ်ကို အပေါ်ရောက်ရင် ထမင်းဝယ်ကျွေးပါနော်လို့ ငတ်ငတ်နဲ့ ပြောခဲ့ရတယ်။
အဆင်းကျတော့ ပြေးဆင်းရတာ ပျော်လိုက်တာ၊သဘာဝတောလမ်းလေးတွေကို တောင်ဝှေးထောက်သွားရတဲ့ အရသာလေး မမေ့ပါဘူး။
1997 -98 လောက်မှာ တစ်ခေါက်ထပ်ရောက်တော့ ကားနဲ့ တက်လို့ရသွားပြီ။ဒါပေမယ့် ဘုရားတစ်ဆူရောက် ဇွတ်အတင်း အလှူခံ၊ရေအိုးပြထပ်ခါထပ်ခါအလှူခံ၊ရွှေဆိုင်းပြ ခြောက်အလှူခံတွေကြောင့် စိတ်ပျက်ပြီး ထပ်ကို မသွားဖြစ်တော့ပါဘူး။
ဝေဝေရေးပြတော့လည်း သွားချင်လာသလိုလို၊
aye.kk
January 9, 2013 at 8:24 am
မရိုးနိုင်တဲ့ကျိုက်ထီးရိုးဘုရားဖူးခရီးကို
ပြန်လည်ဝေမျှတဲ့မဝေဝေကိုကျေးဇူးအထူးတင်မိပါတယ်။
ခုတော့မွေးရပ်မြေနဲ ့ဝေးလို ့နှစ်ဆယ်ချီကြာခဲ့ပြီ ။ သတိပြန်ရလွမ်းမိပါတယ်။။
ဆူး
January 9, 2013 at 9:06 am
မဝေ ဆီ က အထွက် ၂ခွဲ ဆိုပေမဲ့ အိမ်မှာ ည ၁၂နာရီမှာ ထ ပြီး ပြင်ဆင်ရင်းနဲ့ ဟိုပတ်သွားခေါ် ဒီပတ်သွားခေါ်နဲ့မို့ ၁နာရီ ကတည်းက ထွက်ရတယ်.. အပြန်ကျတော့ အဲ့ဒီနေ့ ၁၁ခွဲမှ အိမ်ပြန်ရောက်တယ်.. ကားမောင်းတဲ့ လူ ငိုက်ပြီး ပျင်းမှာ စိုးလို့ ရှေ့တနေ့ည မှာကတည်းက တရေးမှ ကို အိပ်လိုက်ရဘူး.. ပြောရင်းနဲ့ ငိုက်တောင် ငိုက်လာပြီ.. ဟိဟိ..
နေ့ချင်းပြန် အရသာ တော့ သိပ်မကြိုက်တော့ဘူး.. ညကတည်းက မအိပ်ပဲ ထွက်သွားတာ.. လမ်းမှာလည်း မငိုက်ရ.. နောက်ပြီး.. ဘုရားဖူးပြီး ဟိုနား ဒီနား ကျီးပါးစပ်လေး သွားပြီး ပြန်လာတဲ့ အခါ ညောင်းတော့ နားချင်လာတယ်.. ညအိပ်တာ မဟုတ်တော့ နားစရာ နေရာကလည်း မရှိ.. အဲ့လိုနဲ့ပဲ မန်မန်ဝါးပြီး တောင်ခြေ ပြန်ဆင်းပြီး ကားပေါ်မှာ ငုတ်တုတ် ထိုင်ငိုက်ရတယ်.. အပြန်လမ်းမှာလည်း ကားမောင်းတဲ့ သူ မငိုက်ရအောင် စကားတွေ ပြောပေးရတာ မော နေတာပဲ.. ၂၄နာရီ မနားပဲ လှုပ်ရှားရသလို ဖြစ်သွားတာပေါ့နော်..
နောက်ဆို ည အိပ်ပဲ သွားတော့မယ်..
mamanoyar
January 9, 2013 at 9:17 am
ဟားးးးးးးးးးးးးးး မနက်လက်တန်းလေးကိုင်ပြီး တစ်လှမ်းချင်းသွားနေတဲ့ပုံလေးကို
မျက်လုံးထဲမြင်ပြီး ရယ်လိုက်တာ
ကျိုက်ထီးရိုးဘုရားအလွန်ကိုသပ္ပာယ်ပြီးကြည်ညိုစရာကောင်းပါတယ်
နိုရာလဲမနှစ်ကတစ်ခေါက်ရောက်ဖူးတယ်
WEI WEIရိုက်လာတဲ့ရှုခင်းတွေကလဲအရမ်းမိုက်တယ်
မိုချို
January 9, 2013 at 10:03 am
ကျမ တို့ ၂၀၀၂ ကျောင်း က သူငယ်ချင်းတွေ နဲ့ သွားတုန်း က ခြေလျင် လမ်း တလျောက် ဆိုင်တွေ တော်တော် များတယ် ၊ အကြော်စားလိုက် ၊ တချို့ ကွပ်ပျစ် တွေ မှာ ဝင်လှဲပြီး နား လိုက် နဲ့ တော်တော် ပျော် စရာကောင်း တယ်။ ခု မဝေ ရေးတဲ့ အတိုင်း ဆို ခြေလျင် လမ်း က တော်တော် ခြောက်ကပ် သွား ပြီ ပေါ့ နော်။
ဘယ်လိုပဲ ဖြစ်ဖြစ် စိတ်သွားတိုင်း ကိုယ်ပါ တဲ့ မဝေ တို့ ဘဝ ကို တခါတရံမှာ အားကျမိပါကြောင်း ။
nozomi
January 9, 2013 at 10:13 am
ကျိုက်ထီးရိုးဘုရားအကြောင်းကြားလိုက်မိရင် သူငယ်ချင်းတွေနဲ့ ခြေလျှင် အတက်/အဆင်း လုပ်ဖြစ်တာလေးကိုတော့ တစ်သက်မမေ့နို်င်အောင်ပဲ
ဦးပါ ပြောသလို လမ်းလေး ကောင်းအောင် လုပ်ပေးထားရင် ပိုအဆင်ပြေ လူငယ်တွေ ပိုသွားကြမယ် ထင်တယ်
ဒီ အချိန်ကတော့ တော်တော် အေးမယ် ထင်တယ်
ဘုရားမှာ ဘာ ဆုတောင်းခဲ့သေးလဲ
(မြန်မြန် ပြည့်ပါစေ လို့ ဝိုင်း ဆုတောင်းပေး မလို့ပါ 😀 )
ဆူး
January 9, 2013 at 10:25 am
ဘုရားမှာ မနှစ်က ဆုတောင်းခဲ့တာ ပြည့်သွားလို့ ဒီတခေါက် ဆုတောင်းစရာ မရှိလို့ မတောင်းခဲ့ဘူး။ ဟိဟိ
ညက ကားသွားနေတဲ့ အချိန်ပဲ အေးတယ်.. မနက် လင်းခါနီး ခဏပဲ အေးတယ်.. တနေကုန် အကျီလက်ရှည်နဲ့ အဆင်ပြေတယ်.. အနွေးထည်တောင် မလိုချင်ဘူး.. အပြန်ဆင်းတဲ့ အခါကျတော့ ဝတ်ထားတဲ့ အကျီ လက်ရှည်တောင် ပူတယ်လို့ ခံစားရတယ်။
ည မအိပ်တော့ ည ဘက် အေးမအေး မပြောတတ်ဘူး။
မိုက်ကယ်ဂျော်နီအောင်ပု
January 9, 2013 at 10:25 am
တောင်ဆင်းကတော့ သိပ်မမောပေမယ့် တောင်တက်တာကတော့ တော်တော်မောပါတယ်
ပုံဆယ့်ရှစ်မှာ ကလေးမလေးက
ကွမ်းရာရောင်းတယ် ဆေးလိပ်ရောင်းတယ်
ဒရန်တန်တန် 😕
ဆူး
January 9, 2013 at 10:50 am
မနှစ်က သွားတုန်းက ရိုးရိုးလေး တည်းခိုခန်းမှာ မျောက် ၃ကောင်တောင်တွေ့တယ်..
ဒီနှစ်တော့ မတွေ့တော့ဘူး.. လူတွေ လျှောက်ကိုင်လို့ မျောက်လည်း လုံးပါးပါးပြီး သေ သွားပြီလား မသိဘူး.. အရင်ကဆို ဈေးတန်းတွေက ဆိုင်ခန်းတွေမှာ မျောက်ကလေးတွေ ကြိုးချည်ထားတာ တွေ့မိတယ်.. အခု တကောင်မှ မတွေ့မိဘူး..
•*¨နန်းတော်ရာသူ •*¨
January 9, 2013 at 11:50 am
ကျိုက်ထီးရိုးကို ငယ်ငယ်ကလူကြီးတွေနဲ့ ကျောင်းတက်တော့ သူငယ်ချင်းတွေနဲ့၊နောက်ဘဲဘဲနဲ့။အခုတော့ ကလေးတွေနဲ့မရောက်ဖြစ်သေးဘူး။
ဘယ်နှစ်ခေါက်သွားရမလဲ ပိုက်ပိုက်သာထုတ်ပေး တစ်နှစ်၉ခေါက်လောက်လဲသွားချင်စိတ်ရှိတယ်။
ရင်ပြင်တော်ပေါ်ရောက်တာနဲ့အလိုလိုစိတ်ချမ်းသာတယ်။
မီးလောင်ပြီးစ တစ်နှစ်ကရောက်တုန်းကပေါ့ ည၁၂နာရီလောက်ကြီးစတက်တာ။လမ်းမှာ တစ်စုလုံးကို သရဲခြောက်ခံရသလိုကြီး ခံစားခဲ့ရတယ်။(တဂျီးတို့မကြားစေနဲ့ဦး)
မျက်စိအာဟာရပုံလေးတွေအတွက် ကျေးဇူးပါ။
MaMa
January 9, 2013 at 4:13 pm
ကျိုက်ထီးရိုးကို တစ်နှစ်တစ်ခေါက်လောက်တော့ ရောက်ဖြစ်တယ်။
ဒီနှစ်တော့ မသွားရသေးဘူး။
ခြေလျှင်သွားဖို့ဆိုတာကို လက်လျှော့ထားလိုက်တာ ကြာပြီ။
ကားနဲ့သွားလို့ ရတာကိုပဲ ကျေးဇူးတင်ရသေးတယ်။
ကိုယ်ကလည်း ပိတ်ရက်မှ သွားနိုင်။
ပိတ်ရက်ဆို လူအရမ်းများလို့ တောင်တက်တောင်ဆင်း ကားကို တိုးဝှေ့တက်ရတာ စိတ်ကုန်လွန်းလို့။
ဒါပေမယ့် နောက်တစ်နှစ်ကျတော့လည်း ထပ်သွားဖြစ်တာပဲ။ :harr:
ဝေဝေ့လက်ရာ ဓာတ်ပုံလေးတွေကလည်း အိုင်ဒီယာတစ်မျိုးနဲ့ လှပနေတယ်။
San Hla Gyi
January 9, 2013 at 6:56 pm
မ wei wei ရေ
အဲဒီကျိုက်ထီးရိုး ခရီးနဲ့ ပက်သက်ပြီး အဓိက ပြောချင်တာက ဘုရားရင်ပြင်တော်ပေါ်က အလှူခံတွေဗျ။ အထူးသဖြင့် ကျနော် မှတ်မိသလောက် ကျီးကန်းပါးစပ်နားမှာ။ ကျီးကန်းပါးစပ်ဖက်ကို သွားရင် လမ်းမှာရှိတဲ့ စေတီတွေက ဂေါပကတွေက မဝင်ရင်ပဲ ဗုဒ္ဓဘာသာ မဟုတ်တော့သလိုလို လှမ်းခေါ်ကြတယ်။ ဘုရားကို ဦးချပြန်တော့လည်း အားလုံးလိုလိုက အလှူခံတယ်။ အလှူခံတာလည်း အားနာလောက်အောင် ပြောလို့ လှူပြန်ရင်လည်း ၅၀ဝ ဆိုရင် ၁၀၀ဝလောက်ထပ်ပြီး အလှူခံတယ်။ ကိုယ့်ဝန်ကိုယ့်အားနဲ့ လာတဲ့လူတွေက သူတို့ လုပ်တာနဲ့ ဘုရားရှင်တောင် ဦးမချရဲသလို ဖြစ်နေရော။ အမှန်တော့ စေတနာ အလျောက် လှူချင်ရင် လှူသွားလိမ့်မယ်။ အလှူခံတာကို နားလည်ပေမယ့် အားနာလောက်အောင် အနေရခက်လောက်အောင် အလှူခံတာ မကောင်းဘူး။ တကယ်တော့ သူတို့ အများစုက အလှူခံရတဲ့ ငွေအပေါ်မှာ ရာခိုင်နှုန်းနဲ့ ယူပြီးလုပ်တဲ့လူတွေ ဖြစ်ပါလိမ့်မယ်။
အဲဒီကိစ္စ ပြင်သင့်တာတော့ ဂေါပကအဖွဲ့ပဲ။ ဒါပေမယ့် ပြင်မယ်လည်း မထင်ပါဘူး။ ဒီလိုလုပ်တာလည်း တော်တော်ကြာနေပါပြီ။
အခုကိစ္စကတော့ ဂေါပကနဲ့ပဲ ဆိုင်ပါတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာနဲ့လည်း မဆိုင်ပါဘူး။ မြတ်စွာဘုရားနဲ့လည်း မဆိုင်ပါဘူး။ ငါးပါးသီလနဲ့လည်း မဆိုင်ပါဘူး။ ဒါကတော့ ကြိုပြောထားတာ။ မိုးပြာဆရာတော်တွေ အတွက်ပါ။
အဲဒီနေရာမှာတော့ ရွှေတိဂုံ စေတီတော်ကြီးက ဂေါပကအဖွဲ့က ကျန်တဲ့လူတွေထက် သာတယ်လို့ ထင်ပါတယ်။
နောက်တခုကတော့ သောက်ရေအိုးစင်လေးတွေပါ။ မြန်မာတွေရဲ့ ချစ်စရာဖြစ်တဲ့ ရေအိုးစင် ယာဉ်ကျေးမှုလေးဟာ ခေတ်ပေါ် ရောဂါဆန်းတွေ များလာတာနဲ့ အမျှ ပျောက်ကွယ်ချိန် နီးလာတာ တွေ့ပါတယ်။ ကျနော် သတိထားမိသလောက် အခုနောက်ပိုင်း သောက်ရေအိုးစင်လေးတွေကို ဆိုက်ကားသမားလို အခြေခံပညာ အားနည်းတယ်လို့ ဆိုနိုင်တဲ့ လူမျိုးတောင် မသောက်တော့ပါဘူး။ သောက်တဲ့လူ မရှိတော့ လူတွေလည်း သိပ်ပြီး ဂရုစိုက် မလှူကြတော့ဘူး။ ရေအိုးစင်ရှိလည်း ရေမရှိတော့ဘူး။
ကျနော်လည်း ဖြစ်နိုင်မယ်ဆိုရင် သောက်ရေချမ်းစင်ကို ခေတ်မီ water cooler တပ်ပြီး တခါသုံးစက္ကူခွက်လေးတွေနဲ့ လှူချင်တဲ့စိတ် ရှိတယ်။ လုပ်တော့ မလုပ်နိုင်သေးဘူး။
တောင်တတ်တောင်ဆင်းကတော့ အမှန်မှာ သဘာဝရှုခင်း ခံစားနိုင်အောင် ခြေကျင်တတ်တာ ပိုကောင်းပါတယ်။ လူငယ်တွေအတွက် အထူးသဖြင့်ပေါ့။ ဒါကလည်း ဒီလို တောင်မတတ်ခင် အိမ်မှာကတည်းက အားကစားလုပ်တဲ့လူမှ ပိုလွယ်မယ်ထင်တယ်။
weiwei
January 9, 2013 at 9:28 pm
ကျွန်မကတော့ စိတ်ခိုင်တဲ့သူထဲမှာပါတယ် … လမ်းကအလှူတွေကို တစ်ခုမှ မလှူခဲ့ဘူး … မကြားချင်ယောင်ဆောင်နေတာပဲ …
တောင်တက် တောင်ဆင်း လမ်းလျှောက်လမ်းမှာ အလှူခံတာ တော်တော်နဲသွားတာ သတိထားမိတယ်။ ဘုရားဖူးနဲသွားတော့ အလှူခံနေလို့လဲ အကျိုးမရှိလို့နဲ့တူပါတယ် …
ရ မိုင်ကျော်လမ်းတစ်လျှောက်မှာ ရေအိုးစင် ၃ ခု ပဲ တွေ့ခဲ့ပါတယ်။ သောက်ချင်စရာ သန့်ရှင်းနေပေမယ့် မသောက်ရဲပါဘူး။ ကိုယ့်ခွက်နဲ့ကိုယ်ပါပေမယ့်လဲ ရေသန့်ကိုသာသောက်တဲ့ အလေ့အကျင့်ကြောင့် သဘာဝရေကို သောက်ရမှာ မရဲခဲ့ဘူး။
မောင်ပေ
January 9, 2013 at 8:39 pm
ကျိုက်ထီးရိုး သုံးခါရောက်ရင် ချမ်းသာတယ်တဲ့
ကျုပ်ကတော့ အန်တီဝေတို ့လို ချမ်းသာဖို ့ တစ်ခေါက်ထပ်သွားရဦးပါမည်
weiwei
January 9, 2013 at 9:32 pm
၃ ခေါက်ရောက်ဖူးရင် ချမ်းသာတာတော့ မဖြစ်နိုင်ပါဘူး …
ကျွန်မလဲ ၁ဝ ခေါက်လောက် ရောက်ဖူးပေမယ့် မချမ်းသာဘူးလေ … 🙂
aye.kk
January 9, 2013 at 11:06 pm
မောင်ပေရေ။
ကျိုက်ထီးရိုးဆံတော်ရှင်ဘုရားအား။
တရက်တည်းတွင်။ခြေလျှင်ခရီးဖြင့်။အသွားအပြန်(၃)ခေါက်။ဖူးမျှော်နိုင်ပါက။
လိုရာတောင်းဆုပြည့်နိုင်ပါသည်။အမ၏အဖေကိုယ်တိုင်စမ်းသပ်ကြည့်ဘူးခဲ့ပါသည် ။
ထို ့အတူအတော်များများကိုယ်တိုင်စမ်းသပ်ကြည့်ဘူးသူများပြာပြချက်များအရလည်း မှန်ကန်မှုရှိခဲ့တာ
သက်သေအထောက်ထားများနှင့်တကွသိမြင်ခဲ့ဘူးပါသည်။။
(မယုံမရှိနှင့်လက်တွေ ့စမ်းသပ်ကြည့်ဘူးသူများရှိခဲ့ကြပါသည်)
aye.kk
January 9, 2013 at 11:06 pm
မောင်ပေရေ။
ကျိုက်ထီးရိုးဆံတော်ရှင်ဘုရားအား။
တရက်တည်းတွင်။ခြေလျှင်ခရီးဖြင့်။အသွားအပြန်(၃)ခေါက်။ဖူးမျှော်နိုင်ပါက။
လိုရာတောင်းဆုပြည့်နိုင်ပါသည်။အမ၏အဖေကိုယ်တိုင်စမ်းသပ်ကြည့်ဘူးခဲ့ပါသည် ။
ထို ့အတူအတော်များများကိုယ်တိုင်စမ်းသပ်ကြည့်ဘူးသူများပြောပြချက်များအရလည်း မှန်ကန်မှုရှိခဲ့တာ
သက်သေအထောက်ထားများနှင့်တကွသိမြင်ခဲ့ဘူးပါသည်။။
(မယုံမရှိနှင့်လက်တွေ ့စမ်းသပ်ကြည့်ဘူးသူများရှိခဲ့ကြပါသည်)
weiwei
January 10, 2013 at 10:05 am
တစ်ရက်ထဲ အသွားအပြန် ခြေလျင် ဆိုတော့ အသွားအပြန် တစ်ခေါက်ကို ၈ နာရီဆိုရင် မနားတမ်း ၃ ခေါက် ဆက်တိုက် တက်ဆင်းရမှာ … မလွယ်ဘူး .. တကယ်မလွယ်ဘူး …
အသက် ၂ဝ လောက်တုန်းက သူငယ်ချင်းတွေနဲ့ တောင်တက်လမ်းကို ပြိုင်တက်ခဲ့ဖူးတယ် … မရပ်တမ်း မနားတမ်း အမြန်တက်တာတောင်မှ ၃ နာရီ ခွဲ ကြာတယ် ..
အရီးခင်လတ်
January 9, 2013 at 9:48 pm
ဝေဝေ ရေ
လွန်ခဲ့တဲ့ နှစ်၂ဝ နီးပါးက တစ်ခေါက် (သူငယ်ချင်း တွေနဲ့)
နှစ်၄ဝ နီးပါးကတစ်ခေါက် (မိဘ နဲ့)
နှစ်ခေါက်ရောက်ဖူးတယ်။
နှစ်ခေါက် လုံး ခြေလျင်တက်မှရောက်တာ။
ခြေလျင် တက်ရတာ ပင်ပန်းပေမဲ့ အရမ်းပျော်ဖို့ကောင်းတယ်။
ဒါမျိုး တောင်တက်အရသာ ကို ကားနဲ့ အတက်/အဆင်း လုပ်လို့ ကတော့ မရဘူး။
ဘုရားဖူး ဖို့ သက်သက် ဆိုရင်တော့ တစ်မျိုးပေါ့။
တိုးရစ် တွေကတော့ နှစ်မျိုးလုံး ကို စိတ်ဝင်စားမှာ အသေအချာဘဲ။
လမ်းမှာ နားစရာ နေရာကောင်းကောင်း လေးတွေ ရှိခဲ့ရင် သူတို့ကတော့ ခြေလျင် တက်ကြမှာ သေချာတယ်။
ဓာတ်ပုံလေးတွေ အရမ်းလှတယ်။
ကျေးဇူးနော်။
ဒီခရီးမှာ ဆူး နဲ့ တူတူ သွားကြတာပေါ့လေ။
ဆူး
January 11, 2013 at 11:23 am
ဆူး နဲ့ တူတူ သွားတာတော့ ဟုတ်တယ်.. ဒါပေမဲ့ ဆူး တို့ လင်မယားက မဝေ တို့ လောက် အပင်ပန်း မခံနိုင်လို့ ကားနဲ့ တက်ပြီး ကားနဲ့ဆင်းတယ်..
ကိုပေါက်(မန္တလေး)
January 9, 2013 at 9:58 pm
သွားမယ် သွားမယ်နဲ့ ကျနော်မရောက်ဘူးသေးတဲ့ ခရီးစဉ်တစ်ခုပါဘဲ။
လာမယ် သင်္ကြန်ရက် သွားမယ်လို့ စိတ်ကူးထားပါ၏
သို့သော်…………………………..
ပုံတွေက အားကျစရာ
ဦးကြောင်ကြီး
January 10, 2013 at 8:33 am
ကျိုက်ထီးရိုး တောင်တက်တောင်ဆင်း ခြေလျင်ခရီးကို အပိုင်းအမျိုးမျိုးကန့်ပြီး စီစဉ်ပေးနိုင်ရင် ဒေသခံများအတွက် ဝင်ငွေရပေါက် ဖြစ်လာမယ်၊ ဘုရားအတွက်လည်း ဝင်ကြေးသဘောမျိုး အခွန်ကောက်လို့ရပါမယ်။ တခုတော့ရှိတယ် ကမာ္ဘလှည့် ခရီးသည်တွေ ပါလာရင်တော့ လုံခြုံရေးယူပေးနိုင်ရမယ်၊ ကျန်းမာရေး ဆေးကုသမှုလိုကတော့ အရေးပေါ် စခန်းလေးတွေ ထားပေးပြီး လက်မှတ်မရောင်းခင် ကထဲက ဆေးကုသမှု အာမခံ မရှိကြောင်း ပွင့်ပွင့်လင်းလင်း ပြောထားရင် ဖြစ်နိုင်တယ်။ နိုင်ငံခြားမှာ တောက်တက်ခရီးထွက်လဲ ဒီလိုပဲ သွားကြတာပဲဟာ..။ ကြေးမုံဂျီးနဲ့ ဦးကြောင် တယောက်တလှည့် ဂုံးပိုးတန်း ကစားရင် ခြေလျင်ခရီး ဘုရားဖူးမယ်။ ကဲ.. ကြေးမုံဂျီး စပိုးဇမ်း…. ဟဲ့မြင်း ဒက်ကလောက် ဒက်ကလောက် ဒက်ကလောက်… :harr:
ဆူး
January 11, 2013 at 11:33 am
မိုးတွင်းဆို မိုးပေါက်ကြီးတွေက ဂဲကျသလို အလုံးလိုက်ကျပြီး အမိုးတွေ ပေါက်ပြဲကုန်တယ်တဲ့.. ဒေသခံဈေးသည်တွေ ပြောတာကတော့ အချိန်တန်ရင် လာပြီး လေလံလာဆွဲကြ.. အရင်လူကို ဦးစားပေးပြီး ဆွဲခိုင်းတယ်.. မိုးတွင်း ဘယ်သူမှလည်း နေလို့ မရသလို နေနိုင်တဲ့ လူလည်း မရှိဘူး ပြောတယ်.. လူတွေ လာခါနီးမှ အမိုးအကာတွေ ဆောက်ပြီး ရောင်းကြ ဝယ်ကြနဲ့ တနှစ်ပတ်လုံး တချို့ကျတော့ မိုးတွင်းဆို မုဆိုးလုပ်ပြီး စုဆောင်းထားကြတယ် တောဝက်ဖမ်းနည်းတို့ ဝက်ဝံဖမ်းနည်းတို့ ကျားဖမ်းနည်း ဆင်ဖမ်းနည်း အင်ဒါဗျူးခဲ့သေးတယ်။ သေချာ ကောင်းကောင်းဆောက်ထားတဲ့ ဈေးဆိုင်ခန်းတွေလည်း နောက်နှစ် မိုးကုန်လို့ ပြန်လာရင် အမိုးတွေ အကုန် လန်ပြန်ထွက်ကုန်လို့ အကုန်အသစ် ပြန်လုပ်ရတယ်ပြောတယ်။
ညလေး
January 10, 2013 at 10:12 am
အွန်းးးး ခုထက်ထိ ပုံထဲက ဖူးမျှော် ရုံ ကလွဲ …..
မရောက်ဖူးသေးဝူးး တခေါက်မှ …..
မမဝေ ကျေးဇူးနဲ. မနက် စောစော ဖူးမျှော် သွားပါတယ်ရှင်…။