ပွက်ပွက်ထနေတဲ့ သွေးတွေနဲ့ ငါတို့ဟာ လူငယ်
လူတစ်ယောက်ရဲ့တန်ဖိုးဟာ
သူဖြတ်သန်းကျော်လွှားနေတဲ့ခေတ်ကြီးက
သူ့ပုခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို
သူဘယ်လောက်သယ်ပိုးထမ်းဆောင်ခဲ့တဲ့အချက်နဲ့တိုင်းတာရမှာ
( ဗန်းမော်တင်အောင် )
—- — —–
ကဗျာခေါင်းစဉ်ကို ထပ်ခါထပ်ခါ ဆို
ငါတို့ဟာ ပွက်ပွက်ထနေတဲ့သွေးတွေနဲ့ လူငယ်
အိပ်မက်ဖူးတွေ ပွင့်လာဖို့
မှော်ဆရာလို ပါးတွေဖောင်းလုမန်းမှုတ်နေစရာမလို
ကိုယ့်အစွမ်းကိုယ့်ဇနဲ့အနာဂတ်သစ်ကမာ္ဘဖန်တီးပစ်နိုင်စွမ်းရှိတာ
လောကလေဆန်ကို ခပ်ကြမ်းကြမ်းထိုးခွဲမယ့် ငါတို့ အရွယ်…လူငယ်
ဟေ့…..
ကိုယ်ပိုင်ဆိုင်ရာ ရင်ဘတ်တစ်စုံစီပေါ်မှာ
ယုံကြည်ချက်တွေ ကိုယ်စီခိုင်မြဲစွာထိုးစိုက်
ဟေး………….ကောင်းကင်
ငါတို့လာတယ်
ငါတို့လာခဲ့တယ်
ပွက်ပွက်ထနေတဲ့ သွေးတွေကို တဂျုံးဂျုံးမောင်းနှင်ရင်း
ဟေး………မည်းညစ်ညိုပုပ်နေတဲ့ကောင်းကင်
သင့်ကို ခပ်မိုက်မိုက် တိုက်ချပစ်ဖို့ ငါတို့လာတယ်
ငါတို့ လာခဲ့တယ် ၊၊
လူငယ်ဘဝဆိုတာ
အသည်းကွဲလွမ်းဆွေးဖို့ သက်သက်မဟုတ်ကြောင်း
အလွမ်းသီချင်းတွေချည်း သီကြွေးဟစ်အော်ဖို့မဟုတ်ကြောင်း
ငါတို့ဟာ ကိုယ့်သမိုင်းကိုယ် အခမ်းနားဆုံးထွင်းထုလို့ သက်သေပြကြမှာ
ဘယ်သူမပေးဘဲ ကိုယ့်တာဝန်ကိုယ်ကျေပွန်စွာယူ
အနာဂတ်သစ်ကို နှလုံးသားပုခုံးနဲ့ထမ်းလို့
ငါတို့တွေ ညီစေနော် ညီစေ
တစ်စိတ်တစ်ဝမ်းတည်း တစ်စုတစ်စည်းတည်း ညီစေကွဲ့
ကိုယ့်အခွင့်အရေးကိုယ် အသက်ထက်ပိုမချစ်မြတ်တတ်လည်း
ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလိုတော့ တွယ်တာကြစို့ကွယ်
ဘယ်တော့မှ မမေ့ကောင်းတဲ့အတိတ်သမိုင်းကြောင်းတွေ
ခါးသက်ပြတ်ရှလို့
ဟိုး………..မှာ ကြယ်တွေကြွေခဲ့ဖူးပြီ
ကွယ်လွန်သူတို့ရဲ့ ဝိညာဉ်တွေကိုတိုးဖွဖွမေးကြည့်
အော်မြည်နေလိမ့်မယ် …..( ဒီ …မို….က….ရေ…..စီ )
ဟိုး….မှာ တိမ်ညိုတိမ်ပုပ်တွေ ပြယ်လွင့်စပြုပြီ
ဘာပဲဖြစ်ဖြစ်ပါ . ၊ ဘာပဲဖြစ်ဖြစ်ပေါ့
လွန်ခဲ့လေသော ၊ လွန်ခဲ့ပြီးတော့ဆိုတာတွေဟာ
ပိန်းကြာရွက်ပေါ်မှာ တင်ခဲ့တဲ့ရေစက်တွေမဟုတ်
ငါတို့ဟာ ငါတို့နှလုံးသားတွေ ပုတ်နှိုးလို့သတိရကြမယ်
အခုချိန်မှာ..
ငြိမ်းချမ်းရေးအလံကို ဗြောင်းဆန်အောင်လွှင့်ထူရင်း
လွတ်လပ်သံစဉ်တွေ သီဖွဲ့ကြမယ်
( ငါတို့ဟာ လူငယ် )
အမှန်တရားများထံ အိပ်မက်တွေအပ်နှံလို့
တို့မြေမှာ အမွှေးဆုံးပန်းတွေ ဝေစေမယ်
( ငါတို့ဟာ လူငယ် )
ဟေ့…..
ဟေ့………
ကြွေးကြော်သံတွေ တဝုန်းဝုန်းထ
ယုံကြည်ရာတွေ လက်သီးလက်မောင်းတန်း
ရင်ကိုဖွင့်လို့ အလင်းလက်ဆုံးတောက်လဲ့ကြမှာ
ငါတို့ဟာ ပွက်ပွက်ထတဲ့သွေးတွေနဲ့လူငယ်
ကဲ…နောက်ကို လည်ပြန်ကာလှည့် ကြည့်စမ်း
ချဉ်စုပ်စုပ်အတ္တနဲ့ ပုပ်ပွပွလူတွေ
ကောက်ကျစ်စဉ်းလဲသူမြေခွေးအိုတွေရဲ့ညိုညစ်ညစ်ခြေရာတွေ
မမေ့ထားပစ်နဲ့…….မမေ့ထားပစ်နဲ့
( လုံးဝမမေ့ထားပစ်နဲ့ )
ငါတို့ဟာ အိပ်မက်သေတွေကို အသက်သွင်းကြမယ့်ခြင်္သေ့ပျိုတွေလည်းဖြစ်ရဲ့
နီမြန်းတဲ့ဝတ်စုံတွေဝတ်ပြီး ငါတို့လာကြတယ်
ငါတို့ရဲ့လာခြင်းဟာ
မြေပြင်ကို ငုံ့နမ်းဖို့မဟုတ်ဘူး
ကောင်းကင်ကို ခူးဆွတ်ဖို့ဖြစ်တယ်
လဲရင်ပြန်ထမယ့် ခြေထောက်တွေနဲ့
မနားစတမ်း ပျံခတ်နေမယ့် အတောင်တွေနဲ့
ရဲရင့်ခြင်းလက်နက်တွေ အပြည့်နဲ့
ငါတို့ လာတယ်
ငါတို့ လာခဲ့တယ် ၊၊
ပွက်ပွက်ထနေတဲ့ သွေးတွေကို တဂျုံးဂျုံးမောင်းနှင်ရင်း
ငါတို့ဟာ ကိုယ့်သမိုင်းကိုယ် သန့်ရှင်းစွာထုထွင်းကြမှာ
အမှောင်ကျုတ်ကျုတ်တွေကို မျိုဝါးရင်း
အလင်းသစ်တွေ ဖွေရှာဖို့အတွက် လင်းပွင့်ရှင်သန်ကြမှာ
ကမာ္ဘမြေကြီးကို တုန်ဟည်းလု ဖြတ်နင်းလျှောက်လို့
ကဲ….ကဗျာခေါင်းစဉ်ကိုပဲ ထပ်ခါထပ်ခါဆို
ပွက်ပွက်ထနေတဲ့သွေးတွေနဲ့ ငါတို့ဟာ လူငယ် ၊၊
မောင်ရေချမ်း
ဖူးငုံ teen မဂဇင်း ၊ ဇန်နဝါရီလ ၂၀၁၃
6 comments
မဟာရာဇာ အံစာတုံး
January 19, 2013 at 9:32 pm
ပွတ်ပွတ် ထနေတဲ့ သွေး
ဆက်ဆက် ကနေတဲ့ ခလေး
မတ်မတ် ရပ်နေတဲ့ အရွယ်လေး
ဘယ်သို့လေးးး ဘယ်သို့လေးး
သူ မသိနိုင်ပါတဲ့လေးးးး
padonmar
January 19, 2013 at 10:57 pm
ကြိုဆိုပါတယ်။
ဒေါက်တာဆိတ်ဖွားတော့ မဟုတ်ပါဘူးနော်။(jk)
cobra
January 20, 2013 at 5:24 pm
လက်စွမ်းတော့ပြလိုက်ပြီ။
အားပေးနေပါတယ်။
မောင်ပေ
January 20, 2013 at 9:46 pm
ပွက်ပွက်ထ
ရှက်ရှက်က
တက်တက်ကြွ
ဖက်ဖက်ည
ဆက်ဆက်ပြ
လက်လက်ထ
aung moethu
January 21, 2013 at 2:58 pm
သိပ်ကိုအားကျရတဲ့ စာရေးသူတစ်ယောက် မောင်ရေချမ်း
kai
January 21, 2013 at 3:23 pm
တပွက်ပွက်ထနေတဲ့သွေးတွေကြားက..
ရဲရဲနီနှလုံးသားက ဆတ်ကနဲ့ထခုန်
ဗြုံးကနဲ့ အော်ဟစ်..
အိုး..
ဒီကဗျာကို..
သီချင်းအဖြစ်အသက်သွင်း
ချန်ရစ်ခဲ့ဖို့ကောင်းတယ်..။ ။