မန္တလာစခန်း ………… အလွမ်းက ၁၂ နာရီ
ဘဝမှာ မထင်မှတ်တာတွေ အများကြီး ဖြစ်တတ်တယ်လို့ ဆိုကြတာ အမှန်ပါပဲ။ အလွဲတွေ များလွန်းလှတဲ့ ဘဝမှာ သေချာ တယ် ဆိုတာကလည်း ခပ်ရှားရှားကိုး အဲဒီလိုပဲ မမျှော်လင့်တာတွေ ကလည်း ဖြစ်လာ တွေ့လာ ကြုံလာရတာ အများကြီး ပေါ့။
ဘာလို့ ဒီစကား ဆိုရတာလည်း ဆိုတော့ …. အခုရေးမယ့် အကြောင်းအရာဟာ တကယ့်ကို မမျှော်လင့်ခဲ့ပဲ ဖြစ်ခဲ့တာမို့ပါ မန္တလာကို …….. သွားရမယ့် ခရီးပေါ့ ….
ဖြစ်ပုံက ဒီလို ………
ပြီးခဲ့တဲ့ ၆ ရက်နေ့ နေ့ခင်းမှာ ကျွန်တော်တို့ ကုမ္ပဏီရဲ့ မားကက်တင်း တစ်ယောက်ဖြစ်တဲ့ ခင်စုလှိုင်ဖြိုးက “ဦးမျိုး မြန်မာဂိုးလ် အယ်ဒီတာ မန္တလေး လိုက်နိူင် မလားလို့ မေးနေတယ်တဲ့ … ဖုန်းဆက်သူက ကိုဇော်ထက် ….. ဆောက်သမ်း မြန်မာအသင်းက ၈ ရက်နေ့မှာ ရတနာပုံနဲ့ ဗထူးကွင်းမှာ ကန်မှာဖြစ်သလို မီဒီယာတွေ ကိုလည်း လိုက်စေချင်လို့ ဖိတ်ခေါ် တာပါ။
အဲဒီအချိန်မှာ ပထမဆုံး တွေးမိတာက … ရေငတ်တုန်း ….. ရေတွင်းထဲကျ …. ဆိုတဲ့ စကားပုံပါပဲ ….. ကျွန်တော့မှာ လည်း …. ဒီကုမ္ပဏီ ရင်ခွင်ထဲ ရောက်ခဲ့တဲ့ ၅ နှစ်ကျော် ကာလထဲမှာ ဘယ်ကိုမှ (တစ်ယောက်တည်း) ခရီးမထွက် ဖြစ်ခဲ့ဘူးလေ …. ပြီးတော့ သွားရမှာက မန္တလေးကို …. တဲ့။
ကုမ္ပဏီ ဝန်ထမ်းတွေနဲ့ ကျိုက်ထီးရိုး၊ ပဲခူး၊ ဇလွန်၊ ပုဂံညောင်ဦး စတာတွေ ရောက်ခဲ့ပေမယ့် ကချင် ပြည်နယ်သား ကျွန်တော် မန္တလေး လောက်တောင် မရောက်တာ ၅ နှစ်ကျော်ခဲ့ပြီကိုး ….
အဲဒါနဲ့ပဲ ကျွန်တော်ဟာ မီဒီယာသမား တစ်ယောက် အနေနဲ့ လိုက်ဖြစ်ခဲ့တယ် ဆိုပါတော့ ….
ခရီးထွက်မှာက အောက်တိုဘာ ရ ရက်နေ့ ည ရ နာရီ ကျွန်းတောလမ်းမှာ ဆုံပြီး သွားကြရမှာပါ။
အဲဒီ ရ ရက်နေ့ ညနေ ၅ နာရီမှာ ရုံးကပြန် ပြည်ရိပ်မွန်မှာရှိတဲ့ အိမ်ကိုဝင် …. မှာချင်တာလေးတွေ မှာပြီး …. ရှုမငြီးတဲ့ သားကို နှုတ်ဆက် …. တကယ့်ကို ကသုက်ကယက်ပါပဲ ….
ကျွန်းတောလမ်း ၄၂/၄၄ ကိုရောက်တော့ … အချိန်က တော်တော်စော … ကျွန်တော် ကိုယ်တိုင်ကလည်း အရာရာမှာ စိတ်စောတတ်သူပါ …. နောက်ကျကျန်ရစ်သူ မဖြစ်ချင်တာလည်း ပါသပေါ့လေ ….
ဒီလိုနဲ့ …. ရ နာရီထိုးတော့ အဲဒီ ကျွန်းတောလမ်းကနေ ၆ခ/၉၇၈၅ နဲ့ သုဝဏ္ဏကွင်းဘက် ဦးလှည့် လို့ စထွက်ခဲ့ကြပါတယ် …. ဇေယျာ ရွှေမြေနဲ့ ရန်ကုန် ပွဲအပြီးမှာ မန္တလေးကို လိုက်ဦးမယ့်သူတွေက သုဝဏ္ဏက စောင့်နေကြမှာကိုး ….
နိူင်ပွဲဆက်တဲ့ ဇေယျာရွှေမြေကို ချီးကျူးမိသလို နားကိုမလည်နိူင်တော့ တာကတော့ ရန်ကုန်ကိုပါ။
MNL ရဲ့ ဒုတိယအကျော့တွေကျရင်တော့ ပိုလို့ ကြည့်ကောင်းကြဦးမယ် ထင်ပါတယ်။
သုဝဏ္ဏကွင်း ထောင့်ကနေ တက်လိုက်လာသူတွေနဲ့အတူ ၂၉ ဦးပါ ကျွန်တော်တို့အဖွဲ့ ထောက်ကြန့်ရောက်တဲ့ အချိန်မှာ ၉ နာရီကျော် နေခဲ့ပါပြီ။
ဦးတည်ရာကတော့ …. ၈ လမ်းသွား လမ်းမကြီးဆီပေါ့ ….
၁ဝ နာရီလောက်မှာတော့ အားလုံးက ဗိုက်တွေဆာ ဒရိုင်ဘာက ပိုင်အိုးနီးယား အထိ သွားချင်ပေမယ့် သိပ်နောက်ကျ နေမှာ စိုးလို့ …. မီးကလေးလင်းနေတဲ့ ဆိုင်တစ်ခုမှာ ညစာ ဝင်စားဖြစ်ခဲ့ကြပါတယ်။
ဧည့်ဝတ်ကျေလှသူ ကိုဇော်ထက်တု့ိကို ကျေးဇူး တင်မိသလို လူကို နွမ်းစေလွန်းတဲ့ ဗညားဟန်ရဲ့ သီချင်းကလည်း ကားပေါ်မှာ ပျံ့လွင့် …. လွမ်းချင်စရာ ပဲခူးရိုးမလမ်းပေါ်မှာ….
တစ်နာရီထိုး သာသာ …. ကားကပျက် ညနက်နက် အချိန်ဆိုပေမယ့် သီတင်းကျွတ် လပြည့်ကျော် ၄ ရက်နေ့ လရောင်ဟာ ၈ လမ်းသွားပေါ် ဖြာကျနေဆဲပါ။
မိုင်တိုင်အရတော့ …. ရေတာရှည်နားမှာပေါ့ ….
ဂရုမပေါ့လှတဲ့ ဒရိုင်ဘာနဲ့ စပယ်ယာကျေးဇူးကြောင့် ကားက ပြန်ကောင်း …. ဆက်မောင်းလာတုန်းမှာ …. လွမ်းသူက လွမ်း … အိပ် သူကအိပ် ….. တိတ်ဆိတ် ….
ဟိုတွေး … ဒီတွေး … ငေးလာတဲ့ ကျွန်တော့်မှာလည်း …. အေးခဲမတတ် ကောင်းလှတဲ့ အဲယားကွန်း ဒဏ်ကို ကြံ့ကြံ့ခံရင်း …. မိုးလင်းပါစေတော့ လို့သာ ဆုတောင်း ခဲ့ရပါတယ် …..
၅ နာရီကျော် ပျော်ဘွယ် …. ပြီးတော့ တစ်ခါ …. မိတ္ထီလာ … ဘယ်ဆီမှာမှ မရပ်ဘဲ မောင်းသကို …. အသက်ကလေးရယ် ရှည်စေလို …. မန်းတောင်ရိပ် ကိုခို …. ဆိုတဲ့ စာသားလေး ရှိရာ … မန္တလေး တောင်ခြေ ရောက်တဲ့ အထိပါပဲ။
တည်းခိုရမှာက Mandalay Hill Resort တဲ့ အဲဒီရောက်တဲ့အချိန်မှာ ၉ နာရီခွဲပေ့ါ ….
၂၁၅ ဆိုတဲ့ အခန်းကိုရောက် …. ကဗျာကယာရေချိုး …. သဝေထိုး ရမှာတွေက ရှိသေးတာကိုး …..
၁ဝ နာရီထိုးတော့ ကိုဇော်ထက်ကို အကြောင်းကြား မြို့ထဲ ခဏသွားမယ်ပေါ့လေ ….
ရန်ကုန်မြေလို မဟုတ်တဲ့ မန်းမြေမှာ ဘတ်စ်ကား ဆိုတာက ရှားလှပေမယ့် ပါးစပ်ပါ ရွာရောက်ဆိုသလိုပဲ …. ဟိုမေး …. ဒီမြန်းနဲ့ …. ဟိုင်းလက်စ် တစ်စီးရဲ့ အပေါ်ရောက် … ဘယ်အထိ ရောက်မလဲ … လို့မေး …. သုံးရာပေး ရပါတယ်။
၈၁ လမ်းနဲ့ ၂၄ လမ်းထောင့် …. ဆက်သွယ်ရေး မှတ်တိုင်အရောက်မှာ ဆင်းပြီးသကာလ …. ကိုယ်ခြေထောက်ကို ကိုယ်အားကိုးပြီး လျှောက်လာ …. ဘူတာကြီး ကိုကျော် ၃၂ လမ်းပေါ်က မန္တလေး ရုံးခွဲဆီကိုပေါ့ ….
အဲဒီရောက်တော့ ၁၁ နာရီ ….
မင်းသီဟမှာ ခဏထိုင် … ပြီးတော့ ရှမ်းထမင်းဆိုင်ကိုသွား ……….. ၉၀ဝ ဘိုးဆိုတာ တော်တော်တော့ များသားပါပဲ။
တစ်နာရီ မခွဲခင်မှာ ဟိုတယ်ကို ပြန် ….. အိပ်ယာပေါ်တောင် ပက်လက်မလှန်နိူင် …. ထမင်းဆိုင်ကို ပြန်သွား …. ဆောက်သမ်းရဲ့ စေတနာများ …. ၂၆ ဘီလမ်းပေါ်မှာပါ ….
၃ နာရီထိုးတော့ …. ဗထူးကွင်းထဲရောက် တဖျောက်ဖျောက်နဲ့ ဝင်လာနေတဲ့ ပရိသတ်တွေများ ခဏလေးနဲ့ ကွင်းပြည့် သွားပါရောလား …. များပြားလှတဲ့ ပရိသတ်တွေဟာ ရတနာပုံ …. ရတနာပုံနဲ့ အသံကုန်အောင် အားပေး … မန္တလေး ပီသလှပါတယ်။
ပွဲအစ ၅ မိနစ်မှာ ဆောက်သမ်းမြန်မာ ဂိုးစရခဲ့ပေမယ့် အိမ်ရှင်ပရိသတ်နဲ့ ရတနာပုံရဲ့ ကစားအား၊ ကစားပုံ အစုံစုံသော အကြောင်းတရားတွေနဲ့ ၅း၁ အဖြေသာ ထွက်ခဲ့ရပါတော့တယ် …
ရန်ကုန်နဲ့ ပွဲက ပြဿနာတွေကြောင့် အခုပွဲမှာတော့ ထောင့်စေ့လှတဲ့ လုံခြုံရေးပုံစံကို တွေ့ခဲ့ရသလို ဟိုတယ်ကို ပြန်ရောက်တော့ ရ နာရီ ….
ကဗျာကသီ ရေချိုး …. ၈ နာရီထိုးခါနီးတော့ အောက်ပြန်ဆင်း …. တောင်တော်ရင်းကိုသွားလို့ မြွေကြီး နှစ်ကောင်ဆီကို ဦးခိုက် … မှောင်မိုက်မိုက်တွေ ကြားကနေပါ။
ဒီလိုနဲ့ …. ဟိုတယ်ဘက် ပြန်ရောက် ….
ဆင်ဝင်အောက်မှာ တွေ့ရတဲ့ ဖရန့်စစ် (ဆောက်သမ်း ၃၄) နဲ့ စကားစမြည်ပြော … သူ့သဘောလေးလည်း သိရတာပေါ့ လေ …
၉ နာရီထိုးတော့ …. ပြန်ရဦးမယ်ပေါ့ …. လို့ Mandalay Hill ကို နှုတ်ဆက် …. မျက်ရည်ထွက်တဲ့ အထိ မဟုတ်ပေမယ့် …. မြန်လှတဲ့ အချိန်တွေကို ဒေါသထွက် ….
ဘူတာကြီး ဘက်မှာ ထိုးမုန့်ဝယ် … ကျွဲဆည်ကန် ဘက်မှာ ညစာစား …. မြစ်ငယ် တံတားပေါ်ကနေ ရှမ်းရိုးမကြီးကို မျှော် ….
မန္တလာမြေပေါ်မှာ ကျွန်တော်နေခဲ့ရတာ ၁၂ နာရီတည်းပါ။
ပြည်နယ်သား ပီပီ … ဝေသီမြင့်မား တောင်တန်းများတွေ့တိုင်း … အလွမ်းတွေ သိုင်းဖွဲ့တတ်သလို …. မငိုတတ်တော့ မိပေမယ့် …. ဘယ်ကာလများမှ ခြေဦးပြန်လှည့်မိ ပြန်ဦးမှာလဲ …..?
တောင်တန်းကြီးတွေရယ် ….. မင်းလည်း သိမှာ မဟုတ်ပါ ဘူးကွယ် ….
( ၂၀၀၉ အောက်တိုဘာ တုန်းကမှတ်တမ်းလေးပါ ) ၊
ငယ်ငယ်က နွေကျောင်းပိတ်တိုင်း ၇၄ လမ်း မောရဂီဝါရပ် ဆေးကျောင်းနားက အဒေါ်အိမ်မှာ လာလာနေကျမို့
မန္တလေးဟာ ကျွန်တော်နဲ့ မစိမ်းလှပါဘူး ၊ ပြည်နယ် / တိုင်းဘောလုံးပွဲဆို ကချင် နဲ့ မန္တလေးကိုပဲ အားပေးတဲ့သူပါ ၊
8 comments
Mobile
January 26, 2013 at 2:48 pm
ဇေယျာရွှေမြေကို ချီးကျူးမိသလို ဆိုတဲ့စာသားလေးအတွက်
ဇေယျာရွှေမြေ တိုင်းသားတစ်ယောက်အနေဖြင့် အထူး ဝမ်းမြောက်ဂုံယူမိပါကြောင်းးးးးးးး
မန်းလေး ကိုကျုပ်လဲ မကြာခဏဆိုသလို ရောက်ဖြစ်ပါတယ်
မြန်မာနိုင်ငံထဲက မြို့တွေအနက် မန်းလေးမြို့ကို အနှစ်သက်ဆုံးပါပဲ။
Myo Thant
January 26, 2013 at 3:21 pm
ဆရာ့ ဇေယျာရွှေမြေ ရန်ကုန်ကို ဒီနေ့ 26 – 1 – 2013 နိူင်ပါစေဗျာ ။
ခင်ခ
January 26, 2013 at 3:40 pm
နေ့တစ်ဝက်လို့ တင်စားခေါ်
မန္တလာမှာ ၁၂ နာရီနော်၊
ရောက်ဖူးခဲ့တဲ့ အလွမ်း
စာစီမှန်းတော့ ပိုစ့်တစ်ပုဒ်ပေါ့။
ဗုံဗုံ
January 26, 2013 at 4:35 pm
အန်ကယ်ဂျီးက လူပိုကြီးဆို ဘယ်ကနေဘယ်လို ရှုမငြီးတဲ့သားက ပါလာရတာလဲ နောက်တစ်ခါ မန်းလေးလာလို့ အခက်အခဲရှိရင် နာရီစင်ပေါ်တက်ပြီး မိဗုံရေ လို့ အော်ခေါ်လိုက်ပါ ကြားရာအရပ်က ပုန်းနေမယ် :harr:
Myo Thant
January 26, 2013 at 4:49 pm
ဗုံဗုံ ကွန်းမန့် လာမှပေးပါ့မလားလို့ ၊ 🙂
သား ရှိတာမှန်ပေမယ့် မယား မရှိတော့ သူပါကွယ် ၊
စကားမစပ် မတ်လထဲမှာ မန္တလေးရုံးခွဲကို လာစရာရှိတာမို့
ဓါတ်ပုံအရိုက်ကောင်းလှတဲ့ လမ်းသလားသူ ကိုပေါက်ကိုခေါ်ပြီး
တောင်သမန်မှာ ပို့စ်ပေးခွင့်ရရင် ကောင်းမယ်ဗျာ ၊
🙂
ကိုပေါက်(မန္တလေး)
January 26, 2013 at 9:56 pm
ကိုမျိုးသန့်ရေ
ရောက်လာရင် ဖုန်းဆက်လိုက်ပါ။.
တောင်သမန်းအင်းက မတ်လမှာဆိုရင် မနက်စောစော အရုဏ်တက်နေထွက်ချိန်အရမ်းလှပါတယ်။
လိုက်ပို့ပေးပါမယ်။
Myo Thant
January 28, 2013 at 9:14 am
ဟုတ်ကဲ့ပါကိုပေါက်ရေ
ကျွန်တော့်ဖုန်းက ဝ၉ – ၅၁၅၁၀၂ဝ ပါ ၊
ကိုပေကြီးနဲ့လည်း တောင်သမန်အင်းစောင်းမှာ
ဘောလုံးအသင်းအကြောင်း ပြောချင်ပါသေးတယ်ဗျာ ၊ 🙂
မောင်ပေ
January 26, 2013 at 9:19 pm
ကျုပ်ကတော့ မန်းတလေးသားသာ ဖြစ်တယ်
တစ်ခါမှ ရတနာပုံပွဲမကြည့်ဖူးပါဘူးဗျာ
မကြည့်ဆို
အချိန်လဲ မရ
ကန်တဲ့အချိန်တွေကလဲ ကိုယ်တစ်ကယ့်အလုပ်ချိန်တွေကလား
ကိုမျိုးသန် ့ကြီး မန်းလေးထိ လာကြည့်ဖူးတယ်ဆိုတော့ ကျုပ်ထက်သာပါတယ်