လွမ်းတယ်ဆိုရင် ဒီကပိုသပေါ့…။
နိဒါဏ်း
၂၀၀ဝ ပြည့်နှစ် ဖေဖေါ်ဝါရီလ ၃ ရက်မှာ
ကိုခင်ဝမ်းတစ်ယောက်
ဘယ်တော့မှ ပြန်ရောက်မလာနိုင်တော့တဲ့
လမ်းရဲ့သယ်ဆောင်ရာနောက်
ကောက်ကောက်ပါအောင်လိုက်ပါသွားခဲ့…။
ပန်းချီဆရာ ခင်ဝမ်းအတွက် ပန်းချီ အနုပညာလောကသားတွေက ယူကြုံးမရ ဝမ်းနည်းပူဆွေးကြ…။
ကဗျာဆရာ ခင်ဝမ်းအတွက် ကဗျာ ချစ်သူတွေက ဝမ်းနည်းကြေကွဲကြ…။
တေးရေးတေးဆို ခင်ဝမ်းအတွက် ဂီတလောကသားတွေ ဂီတ ချစ်ပရိသတ်တွေက တသသ…။
သေချာတာကတော့ ခင်ဝမ်းသည် အနုပညာရှင် စစ်စစ်ဖြစ်ခဲ့တာပါပဲ…။
ဒီထက်သေချာတာတောင် ဒီလောက်သေချာမှာမဟုတ်ပါဘူး…။
ဒါ ကျွန်တော်တို့ သတ်မှတ်တာမဟုတ်ပါ…။
သမိုင်းက သတ်မှတ်ခဲ့တာပါ…။
အဲဒီသမိုင်းကိုလည်း ကိုခင်ဝမ်းကိုယ်တိုင်က အလှဆုံးစုတ်ချက်တွေနဲ့ ပန်းချီကားတစ်ချပ်လို ရေးဖွဲ့ခဲ့တာပါ…။
ကိုခင်ဝမ်း ကွယ်လွန်ခြင်းအတွက် ၂၂-၂-၂၀၀ဝ နေ့ထုတ် ယနေ့ခေတ်ဂျာနယ်က ခင်ဝမ်းအမှတ်တရ အဖြစ် ထုတ်ဝေခဲ့ပါသည်။
ထိုစဉ်က ယနေ့ခေတ်ဂျာနယ် အယ်ဒီတာချုပ်မှာ ကိုမင်းထက်မောင် ဖြစ်ပြီး တာဝန်ခံအယ်ဒီတာ မှာ ကိုအောင်စိုးမိုး ဖြစ်ပါသည်။ ကိုခင်ဝမ်း အမှတ်တရထုတ် ဂျာနယ်လေးအတွက် ကျေးဇူးပါ ဆရာတို့ရေ…။
ထို ခင်ဝမ်းအမှတ်တရ ထုတ်ဝေခဲ့သော ယနေ့ခေတ် ဂျာနယ်လေးကို ကျွန်တော်က မြတ်မြတ်နိုးနိုး သိမ်းထားဖြစ်ခဲ့ပါသည်။
တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ ၃-၂-၂၀၁၃ မှာ ကိုခင်ဝမ်းကွယ်လွန်တာ ၁၃ နှစ်ပြည့်ပါသည်။
ကျွန်တော်ရေးသားခွင့်ရနေသည့် မန္တလေး ဂဇက် စာမျက်နှာများထက်မှာ အမှတ်တရ တစ်ခုခု ရေးချင်တဲ့စိတ်လည်း ဖြစ်မိပါသည်။
ကိုခင်ဝမ်း ကို ထူးအိမ်သင် နှင့် တန်းတူလေးစားစိတ်ရှိနေမိတာပါ…။
ဒီပို့စ် က ကိုခင်ဝမ်း ကွယ်လွန်ခြင်း ၁၃ နှစ်ပြည့် အမှတ်တရ ပို့စ်ပါခင်ဗျာ…။
ဒီရွာထဲမှာ ခင်ဝမ်း သီချင်းတွေအကြောင်း ကိုပေါက် ကရေးခဲ့ဘူးပါသည်။
ဒီရွာထဲမှာ ခင်ဝမ်း ပန်းချီတွေအကြောင်း မအိက ရေးခဲ့ဘူးပါသည်။
အခု ကျွန်တော်က ခင်ဝမ်း ဆုံးလို့ ဝမ်းနည်းကြေကွဲကြသူ ကဗျာဆရာ တချို့၏ ကဗျာလေးတွေနှင့်
ခင်ဝမ်းရေးခဲ့သော စိတ္တဇပန်းချီ စာအုပ်ထဲမှ စာပိုဒ်အချို့ကို ကျွန်တော်က တင်ပြချင်ပါသည်။
ကျွန်တော်သည် ပန်းချီကို နည်းနည်းလေးမှ နားမလည်ကြောင်း ဝန်ခံပါသည်။
နားမလည်တာမှ အခြေခံတောင် မရှိတာပါ…။
ဒါပေမယ့် ကိုခင်ဝမ်း ၏ စိတ္တဇပန်းချီ ကိုဖတ်မိတော့ ပန်းချီ အကြောင်း အနည်းငယ်သဘောပေါက်သလို ခံစားရပါသည်။
တကယ်လို့များ ပန်းချီ အခံရှိခဲ့သူဆိုလျှင် ဒီထက်ပို ခရီးရောက်မှာသေချာပါသည်။
ခင်ဝမ်း ၏ စိတ္တဇပန်းချီ စာအုပ်ကို အင်တာနက်တွင် အလွယ်တကူ ဒေါင်းပြီးဖတ်နိုင်ပါလိမ့်မည်။
သို့သော် ကျွန်တော်ကတော့ ကိုခင်ဝမ်းကို ဂုဏ်ပြုချင်တဲ့စိတ်ဖြင့် အနည်းငယ် ကောက်နှုတ်တင်ပြခွင့်ပြုစေချင်ပါသည်။
ရိုးရိုးသားသားပြောတာပါဗျာ…။
ယုံချင်မှလည်း ယုံကြပါလိမ့်မယ်…။
ကျွန်တော် ကိုခင်ဝမ်းကို လွမ်းနေပါတယ်…။
စာကိုယ် (၁)
ရွဲ့နေတဲ့ ဖန်ခွက်တစ်လုံး
လူတွေဟာ ပန်းချီကားချပ်တွေကို ကြည့်ချင်တယ်။
ကြည့်ရှု မှုမှာလည်း အရသာခံတယ်။
ဘာလို့ လူတွေဟာ ပန်းချီကားချပ်တွေ ကြည့်ကြသလဲ။ ပန်းချီကားချပ်ဆိုတာ ဘာလဲ။
ပန်းချီကားချပ်ဆိုတာဘာလဲလို့ မတွေးမီ ပန်းချီဆိုတာ ဘာလဲလို့ အရင်တွေးဖို့လိုတယ်။
ပန်းချီဆိုတာ ပစ္စည်းတစ်ခုခုကို တူအောင်ဆွဲတာ ပန်းချီပေါ့လို့ ပြောချင်ပြောကြမယ်။ ဒါဟာလူပြိန်းတွေးသက်သက်ပဲ။
ပစ္စည်းတစ်ခုကို မတူတူအောင် ဆွဲတာ ပန်းချီမဟုတ်ဘူး။ လက်မှုပညာ Craft သဘောပဲ။
ကျွန်တော်တင်ပြခဲ့တဲ့ အနုပညာရဲ့ အဓိကလက္ခဏာ ချုပ်ကိုင်နိုင်အားနဲ့ တိုင်းရင် တူအောင်ဆွဲတာ ပန်းချီမဟုတ်တော့ဘူး။
တူအောင်ဆွဲတယ် ဆိုတာ သာမညပဲ။
ပါဝင်တဲ့ ကုန်ကြမ်းတွေကို အနုပဋိလောမ ကျစွာ ပေါင်းစပ်မှုဟာ ထပ်တူကျအောင်ဆွဲမှု ပန်းချီမှာ သိပ်နည်းနေလို့ပဲ။
တူအောင်ဆွဲတာ ပန်းချီဆိုရင် ချွတ်စွတ်တူအောင် ဆွဲဖို့ပဲ လိုတော့တယ်။
တူမှု မတူမှုဆိုတဲ့ ဘောင်တစ်ခုပဲ ရှိတော့မယ်။
တူမှု မတူမှုဟာ ပန်းချီရဲ့ အဓိကလက္ခဏာနေရာကို ရောက်သွားမယ်။
ကျွန်တော်တင်ပြသလို အနုပဋိလောမ ကျအောင် ပေါင်းစည်းနိုင်မှုစွမ်းရည်နဲ့ အနုပညာဖန်တီးမှုဟာ ထပ်တူကျအောင်ဆွဲမှု
ပန်းချီမှာ သိပ်နေရာနည်းသွားတယ်။
ကျွန်တော်တို့တစ်တွေဟာ အထူးသဖြင့် ပန်းချီနဲ့ အထိအတွေ့နည်းပါးတဲ့အတွက် (ပန်းချီနယ် ကျဉ်းမြောင်းမှုနဲ့ တိုးတက်မှု
အရှိန်နည်းပါးလို့) ပန်းချီရဲ့ အဓိပ္ပါယ်ကို တူအောင်ဆွဲတာလို့ပဲ သိတယ်။ တူရင်တော်တယ်။ မတူရင်မတော်ဘူး။
ဒီလို အမြင်ကျဉ်းမှုတွေဟာ တိုးတက်မှု၊ ကျယ်ပြန့်မှုတွေရဲ့ အတားအဆီးတွေ ဖြစ်နေတယ်။
ကျွန်တော်တို့ဟာ မူလအရင်းအမြစ်ကို မဆုပ်ကိုင်မိသရွေ့ ဒီလို လမ်းချော်မှုတွေ ဖြစ်နေမှာပဲ။
ဒါကြောင့် ပန်းချီရဲ့ အဓိပ္ပါယ်ကို တိတိကျကျ သိဖို့လိုတယ်။
ပန်းချီဆိုတာဘာလဲ။
ပန်းချီဆိုတာ မျက်နှာပြင်တစ်ခုကို ဘောင်ခတ်ပြီး လူရဲ့ စက္ခုအာရုံကတစ်ဆင့် စိတ္တဇကို ချုပ်ကိုင် လှုပ်ရှားဖန်တီးတဲ့
ဝိဇ္ဇာ ပညာရပ်ပဲ။
ပန်းချီဆိုတာ ဒါပဲ။
ပန်းချီကို ဒီမူလကနေလွဲပြီး ကြည့်လို့ မရဘူး။
ခပ်ရှင်းရှင်းပြောရရင် ဘောင်ခတ်ထားတဲ့ ကြည့်စရာကို ပန်းချီလို့ ခေါ်မယ်။
ဘောင်မခတ်တဲ့ ကြည့်စရာကတော့ ပန်းပုပဲ။
နောက်တစ်ချက်က ဘာတွေကိုဆွဲမှ ပန်းချီလို့ ခေါ်သလဲ။
လူပုံတွေနဲ့ ရှုခင်းတွေ၊ စောင်းကောက်တီးတဲ့ ကောင်မလေး ပုံမျိုးတွေကို ဆွဲမှ ပန်းချီလို့ ခေါ်မလား။
ဒီလိုပြောရင်တော့ မှားပြီ။
ပန်းချီဆိုတာ လောကတစ်ခုလုံး ကြိုက်ရာကိုသာ ဆွဲ။ စိတ္တဇကို ချုပ်ကိုင်လှုပ်ရှားနိုင်စွမ်းရှိဖို့သာ အရေးကြီးတယ်။
သူက ဖန်ခွက်ကလေးတစ်လုံးကို ရေးဆွဲပြီး လူရဲ့ စိတ္တဇကို လှုပ်ရှားချုပ်ကိုင်နိုင်စွမ်း ရှိမယ်ဆိုရင် ဆွဲရမှာပဲ။
ဖန်ခွက်ကလေးကို ဆွဲတဲ့ အခါမှာလည်း အချိုးအစားတူအောင် ဆွဲရမယ်လို့ သတ်မှတ်လို့ မရဘူး။
အချိုးအစား ပြုပြင်ပြီးဆွဲမှ ချုပ်ကိုင်အား ကောင်းလာမယ်ဆိုရင် အနုပညာသမားဟာ ပြုပြင်ပြီးဆွဲဖို့ တာဝန်ရှိတယ်။
ဘယ်လို ပြုပြင်တယ်ဆိုတာကတော့ ခေတ်ရဲ့ ရိုက်ခတ်ချက်အပေါ် တည်တယ်။
ဖန်ခွက်ရွဲ့စောင်းပြီးဆွဲမှ ချုပ်ကိုင်စွမ်းအား ကြီးလာမယ်ဆို သူဟာ ရွဲ့စောင်းပြီးဆွဲဖို့ တာဝန်ရှိတယ်။
ဒါကို မတူဘူး။ ရွဲ့နေတယ်လို့ ဝေဖန်ရင် ဝေဖန်သူဟာ အကြောင်းမှန်ကို မသိသေးတဲ့ အညာခံရသူ ဒါမှမဟုတ်
အယူသည်းနေတဲ့ တဇောက်ကန်းသမား ဖြစ်မှာပဲ။ အနုပညာသမားရဲ့ တာဝန်ဟာ ကြည့်သူရဲ့ စက္ခုကနေပြီး
စိတ္တဇကို ရိုက်ခတ်ရာမှာ တတ်နိုင်သမျှ အားကောင်းကောင်းနဲ့ ရိုက်ခတ်နိုင်အောင် ဖန်တီးဖို့ပဲ ဆိုတာ ကျွန်တော်တို့
အလေးအနက်သိထားရမယ်။
ဒီလို အားကောင်းကောင်းနဲ့ ရိုက်ခတ်ဖို့ အနုပညာ သမားတိုင်းဟာ နည်းအမျိုးမျိုးနဲ့ ဖန်တီးတယ်။
သင့်လျော်တယ်လို့ ဆုံးဖြတ်တာမျိုးကို လုပ်တယ်။
သူဟာ အနုပညာရဲ့ အားကောင်းလာမှုကို ဖန်တီးတိုင်း သူ့ရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ဖို့ တာဝန်ရှိတယ်။
လူပုံ၊ သစ်ပင် စတဲ့ ဒြပ်ထုတွေ မထည့်ဘဲဆွဲမှ အားကောင်းမယ်ထင်ရင် မထည့်ဘဲ ဆွဲရမှာပဲ။
ဒီလို ရောင်ပြင်နဲ့ပဲ ဖြစ်ဖြစ်၊ အစက်အပြောက်တွေနဲ့ပဲ ဖြစ်ဖြစ် လူရဲ့ စိတ္တဇကို ချုပ်ကိုင်လှုပ်ရှားစေနိုင်မယ်ဆိုရင် ဒီလိုပဲ
သူဟာ ဖန်တီးမှာပဲ။
အနုပညာဆိုတာ ဖန်တီးချက်ပဲလို့ ကျွန်တော်တို့ မှတ်ယူထားရမယ်။
အနုပညာဟာ သိတ်လွတ်လပ်တယ်။ လွတ်လပ်မှုဘောင်ကိုလည်း အနုပညာရှင်ကပဲ သတ်မှတ်မှာပဲ။
အနုပညာရှင်တစ်ယောက်ရဲ့ သတ်မှတ်ချက်တိုင်းဟာလဲ တစ်ခေတ်တစ်ခါအတွက် အမြဲမှန်ကန်တယ်။
ဒါကို တားဆီးလို့ ကန့်ကွက်လို့ မရဘူး။
အနုပညာတစ်ရပ်အတွက် ဘေးလူက ဘောင်သတ်မှတ်လို့ ဘယ်တော့မှ မရဘူး။
လူပုံကိုဆွဲမှ၊ အချိုးအစားတူမှ စတဲ့ သမားရိုးကျ ဘောင်ကြီးကတော့ ၂ဝ ရာစုအတွက် သိပ်ကျဉ်းတယ်။
ဒီလို ဘောင်သတ်သူတွေဟာလဲ ၂ဝ ရာစုအတွက် အိုမင်းနေသူတွေပဲ။
ဒါက ပန်းချီကို ဘောင်မသတ်ပါနဲ့လို့ ကျွန်တော် ပြောနေတာမဟုတ်ဘူး။
ဘောင်သတ်ချင်သတ်၊ မသတ်ချင်နေ။
အနုပညာတစ်ရပ်ကို ဘယ်တော့မှ ဘောင်သတ်လို့မရဘူး။
အနုပညာဆိုတာ ခေတ်ရဲ့ သရုပ်ပဲ။ ခေတ်ရေစီးဟာ အနုပညာရဲ့ ရေစီးပဲ။
ကနေ့ ဒြပ်မဲ့ပန်းချီတွေဟာ ပေါ်စက အနှိပ်အကွပ်ခံရတယ်။ ဒါပေမယ့် ကနေ့ ကမ္ဘာပေါ်မှာ ခေါင်းထောင်နေပြီ။
ဒီလို ဆွဲစံနစ်ဟောင်းတစ်ခုက စံနစ်သစ်တစ်ခု ပေါ်ထွက်လာတိုင်း တော်လှန်ရေးတစ်ရပ်ဖြစ်မှာပဲ။
ပန်းချီဟာ စက္ခုအာရုံကတဆင့် စိတ္တဇကို နှိုးဆွဖို့ ဘောင်သတ်ထားတဲ့ မျက်နှာပြင်တစ်ခုပေါ်မှာ ဖန်တီးတာပဲဆိုတဲ့
အဆိုကနေ ပြန်ကောက်ရအောင်။
ဒီအဆိုကို ကျွန်တော်တို့ ဆုပ်ကိုင်မိတာနဲ့ ကျွန်တော်တို့ မြန်မာပြည်ရဲ့ ပန်းချီဟာ ကျယ်ပြန့်လာမှာပါ။
ဒီသဘောကို မိမှလည်း စိတ္တဇပန်းချီရဲ့ ပြသနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မှာ ဖြစ်တယ်။
ဒါကို ဆုပ်ကိုင်ပြီး ပန်းချီကားချပ်ဆိုတာ ဘာလဲလို့ အဖြေထုတ်ရမှာ ဖြစ်တယ်။
ပန်းချီကားချပ်ဆိုတာ ဘာလဲ။
ဆီဆေးရယ်၊ စုတ်တံရယ်သုံးပြီး ကင်းဘတ်ပေါ်မှာ ရေးထားတာကို ပန်းချီကားချပ်လို့ ခေါ်တယ်လို့ ပြောမလား။
ဒါမှမဟုတ် ဖိုင်ဘာပေါ်မှာ ဆေးတွေထစ်နေအောင် ဆွဲတာကို ပန်းချီကားချပ်လို့ ခေါ်တယ်ပြောမလား။
ဒါတွေဟာ သာမည အကိုင်းအခက်တွေပဲ ဖြစ်တယ်။
ကျွန်တော်တို့က ပင်စည်ကို ရှာရမှာဖြစ်တယ်။
ကျွန်တော်တင်ပြခဲ့တဲ့ ပန်းချီရဲ့ အဓိပ္ပါယ်ဟာလည်း မခဲယဉ်းပါဘူး။
စက္ခုအာရုံကတစ်ဆင့် စိတ္တဇကို နှိုးဆွဖို့ ဖန်တီးထားတဲ့ ဘောင်အနားသတ်ထားသော မျက်နှာပြင်ကို ကျွန်တော်က
ပန်းချီလို့ခေါ်မယ်။
ပန်းချီကားချပ်ဆိုတဲ့ အဓိပ္ပါယ်ရဲ့ဘောင်ဟာ ဒါပဲ။
ဒါဟာ ပန်းချီတစ်ချပ် ရဲ့ မူလပဲ။
ဒီသဘောကို ဆုပ်ကိုင်မိတဲ့အခါ ပန်းချီကားချပ်ရဲ့ နယ်နိမိတ်ဟာ ပိုမိုကျယ်ဝန်းသွားတယ်။
ကျွန်တော်တို့က သုံးထပ်သားကို ဆေးသုတ်၊ သတင်းစာစက္ကူကပ်၊ ခဲတံနဲ့ခြစ်ပြီး ရုံးသုံးမင်နဲ့ အရောင်ဖြည့်ထားတာမျိုးကို
ပန်းချီမဟုတ်ဘူးလို့ ရယ်မိချင် ရယ်မိကြမယ်။ ဒီလိုဆိုရင် ဒါဟာ ကျွန်တော်တို့ရဲ့ အမြင်မကျယ်မှုပဲ ဖြစ်မှာပဲ။
ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ကြည့်သူရဲ့အာရုံကို ချုပ်ကိုင်လှုပ်ရှားနိုင်စွမ်းရှိရင် ဖန်တီးချက်ဟာ တန်ဖိုးရှိမှာပဲ။
ကျွန်တော်တို့ဟာ ပန်းချီရဲ့… ပန်းချီကားရဲ့ အဓိပ္ပါယ်ကို မေ့လျော့ထားလို့ မဖြစ်ဘူး။
ပန်းချီသမားရဲ့ စိတ္တဇမှာ ထင်ဟပ်နေတဲ့ စံနစ်တစ်ခုရှိမယ်။
ဒါကို ပန်းချီသမားက တင်ပြပြီး ပရိသတ်ကို ချုပ်ကိုင်ဖို့ ကြိုးစားမယ်။
ဒီလို တင်ပြဖို့ ဖန်တီးတဲ့အခါမှာ စုတ်နဲ့ဆွဲရမယ်လို့ သတ်မှတ်ထားလို့ မဖြစ်ဘူး။
ချုပ်ကိုင်အားကောင်းမယ်ဆိုရင် လက် ၅ ချောင်းနဲ့ ဆွဲလည်း ဖြစ်တာပဲ။
ဓါး (Plette Knife) သုံးလည်း ဖြစ်တာပဲ။
မီးခြစ်ဆံလေးတွေသုံးလည်း ဖြစ်တာပဲ။
သစ်သားပြားတွေကို တွယ်ကပ်ပြီး တင်ပြလည်း ရတယ်။
ကတ်ထူပြားတွေ၊ စက္ကူတွေ၊ အဝတ်စုတ်တွေသုံးလည်း ဖြစ်တယ်။
အရေးကြီးတာက လူရဲ့ စိတ္တဇကို ချုပ်ကိုင်နိုင်ဖို့ပဲ မဟုတ်လား။
ဒီလို ချုပ်ကိုင်ဖို့အတွက် ဘယ်နည်းလမ်းဟာပဲ ဖြစ်ဖြစ် မှန်ကန်တယ်။
ကျွန်တော်တို့က ခေတ်ရေလျင်ကို မျက်ခြေမပြတ်ဖို့ အရေးကြီးတယ်။
ပန်းချီကားတစ်ချပ်ဟာ ကြည့်သူတွေရဲ့ စိတ္တဇကို ချုပ်ကိုင်နိုင်စွမ်းရှိမယ်ဆိုရင် ဘယ်နည်းနာနဲ့ ဆွဲထားတာပဲဖြစ်ဖြစ်
ကျွန်တော်တို့က ပန်းချီကားကောင်းလို့ သတ်မှတ်ရမယ်။
ချုပ်ကိုင်မှုဆိုတာက ကြည့်ရှုသူတွေကို တစ်ဒင်္ဂအားဖြင့် တခြားတွေးတောမှု၊ ပူပန်မှုနှင့် တောင်တောင်အီအီ
စဉ်းစားမှုတွေကို မေ့လျော့စေပြီး ပန်းချီကားမှာပဲ အာရုံစူးစိုက်စေနိုင်စွမ်း လူရဲ့စိတ်ကို အံ့ဩမှုဖြစ်စေနိုင်စွမ်း
ရှိတာပဲ ဖြစ်တယ်။
ဒီလို ကြည့်သူရဲ့ စိတ္တဇကို ချုပ်ကိုင်နိုင်မှုဟာ ပန်းချီကားတစ်ချပ်ရဲ့ လက်နက်ပဲ။
ပန်းချီကားတစ်ချပ်ရဲ့ ဂုဏ်ဒြပ်ပဲ။
ကြည့်သူကို အံ့ဩမှုဖြစ်စေတာ ပန်းချီတစ်ချပ်ရဲ့ စွမ်းရည်ပဲ။
အံ့ဩမှုဆိုတာက နတ်သမီးလေးတွေကို မြင်လိုက်ရတဲ့ အံ့ဩမှုမျိုး၊ ဒါမှမဟုတ် ခြေထောက်ကိုးချောင်းနဲ့
ခေါင်းအုံးခုနှစ်လုံးရှိတဲ့ ကလေးတစ်ယောက်ရဲ့ မျက်လှည့်ပွဲမှာ အံ့ဩမှုမျိုးလည်း မဟုတ်ဘူး။
ကြာဖြူလေးတစ်ပွင့် ပွင့်လာတာကို မနက်ခင်း မြူမှုန့်တွေကြားထဲမှာ တွေ့လိုက်ရတဲ့ အံ့ဩမှုမျိုး။
ဒီအချိန်မှာ စေတနာ၊ ဝေဒနာ စတဲ့ ခံစားမှုတွေနဲ့ တောင်တောင်အီအီ တွေးတောမှုမျိုးတွေ ပျောက်ကွယ်သွားပြီး
လူရဲ့စိတ္တဇကို ကြာပွင့်လေးရဲ့ တဖြည်းဖြည်း ပွင့်အာလာမှုက ချုပ်နှောင်လိုက်ပြီး တစ်ဒင်္ဂအားဖြင့် အတ္တကို
ဖယ်ခွာလိုက်တဲ့သဘောပဲ။
အနုပညာရဲ့စွမ်းရည်ဟာ တစ်ဒင်္ဂအားဖြင့် အတ္တကို အနိုင်ယူလိုက်တာပဲ။
ဒါဟာ အနုပညာရဲ့ ချုပ်ကိုင်မှု စွမ်းရည်ဖြစ်တယ်။
(၁၉၇၁ ခုနှစ်တွင် ထုတ်ဝေခဲ့သော ခင်ဝမ်း ၏ စိတ္တဇပန်းချီ စာအုပ်မှ ကောက်နှုတ်ဖေါ်ပြပါသည်)
စာကိုယ် ၂
ခင်ဝမ်း (၁၉၄၇-၂၀၀၀)
၁၉၄ရ နိုဝင်္ဘာ ၂၄ ရက် တနင်္လာနေ့၊ ပြည်မြို့တွင် ဦးအောင်ခ+ဒေါ်သိန်းတင် တို့မှ မွေးဖွားခဲ့။
ငယ်စဉ်ကတည်းက ပန်းချီ၊ ဂီတတို့ကို စိတ်ဝင်စားခဲ့။
၁၉၆၅-၆၆ တွင် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ပညာသင်ကြားခဲ့။
၁၉၆၉ တွင် ဒေါ်ခင်လေးမြင့်နှင့် လက်ထပ်ခဲ့။
၁၉၇၁ ဇန်နဝါရီလတွင် စိတ္တဇပန်းချီ စာအုပ်ကို ရေးသားထုတ်ဝေခဲ့။
၁၉၇၂ ဩဂုတ် ၆ ရက်တွင် မျက်နှာစိမ်း တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်မြို့ သိမ်ဖြူလမ်း
ဆရာဝန်များအသင်းတိုက်တွင် ပြသခဲ့။
၁၉၇၃ တွင် မြားဘုရင် တစ်ကိုယ်တော် ပန်းချီပြပွဲ။
၁၉၇၃-၇၄ တွင် ပဉ္စဇင်္ဂမီ (စုပေါင်းပြပွဲ)
၁၉၇၉ တွင် ဒြပ်မဲ့ တစ်ကိုယ်တော် ပန်းချီပြပွဲ။
၁၉၉ရ တွင် IVY ဂယ်လာရီ၌ METALLURGY တစ်ကိုယ်တော် မော်ဒန် ပန်းချီပြပွဲ ပြသခဲ့။
စံကြည်ကျော့ အမည်ဖြင့် ဘာသာပြန်ဝတ္ထုတိုများရေးခဲ့။
ကဗျာများ၊ ပန်းချီဆောင်းပါးများနှင့် မဂ္ဂဇင်းသရုပ်ဖေါ်ပုံများရေးဆွဲခဲ့။
၂၀၀ဝ ပြည့်နှစ် ဖေဖေါ်ဝါရီလ ၃ ရက် နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့။
ဇနီး ဒေါ်ခင်လေးမြင့်နှင့် သမီး မပွင့်ဖြူသီ၊ မပွင့်မှုံသီ၊ မဇူလိုင်သီ၊ ကိုရန်နိုင်ထွန်း၊
မမြင့်နိုင်သီ နှင့် မြေး မောင်အောင်မြင့်ထွန်းတို့ ကျန်ရစ်ခဲ့။
သူအနှစ်သက်ဆုံး သီချင်းများမှာ နှင်း၊ ပြည်မှာဆောင်း၊ သက်ထား၊ မြစ်။
ကိုယ်တိုင်ရေးသား သီဆိုခဲ့သော သီချင်းခွေများ
၁။ နှင်းဆီဖြူရဲ့ အဝေးက လူတစ်ယောက်
၂။ ပြည်မှာဆောင်း
၃။ အိပ်မက်
၄။ ပန်းနုရောင်ခံစားချက်များ (ကိုမောင်မောင်၊ ကိုနေဝင်း ပါဝင်)
၅။ ည
၆။ လိပ်ပြာလွင်ပြင်
၇။ ကစားမလား နားမလား
၈။ ပန်းခရမ်းပြာ (ကိုနေဝင်း၊ ကိုရဲလွင်နှင့် ကိုသစ်မင်းတို့ သီချင်းများ)
၉။ အမှောင်ကို ထွန်းညှိမယ့် မီးအိမ် (ကိုနေဝင်းတစ်ကိုယ်တော်ရေးသား)
၁၀။ လိုတရအကြည့်
၁၁။ မင်းလျှောက်ခဲ့တဲ့လမ်းနှင့် အခြား လက်ရွေးစင် သီချင်းခွေများ
စာကိုယ် ၃
ခင်ဝမ်း
ရေးသူ-မောင်ချောနွယ်
နှစ်သစ်ကူးပွဲတော်ကို မင်းသွားနှင့်ပြီပေါ့
နှစ်တိုင်းနှစ်တိုင်း
ဆောင်းတိုင်းဆောင်းတိုင်းမှာ
မင်းဘယ်လောက်ဝေးဝေး ရောက်နေနေ
မြို့နဲ့ဆောင်းဆီ ငါတို့တွေ
ပြန်လာနေကျ၊
ရန်ကုန်မှာမိုး
မန္တလေးမှာနွေ
ပြည်မှာဆောင်းပါ သူငယ်ချင်း
ရန်ကုန်မှာမိုးဟာ
ရွာပြီးရင်သူမရွာသလို
မာယာများတယ်လေ
မန္တလေးမှာနွေဟာ
ဇဗ္ဗူရာဇ် ရွှေစင်လို
တို့ပြည်မှာဆောင်းကတော့
ဆောင်းက ဆောင်းကို ခူးဆွတ်
အေးဆွတ်ဆွတ်ဆောင်းလေနဲ့ ဆောင်းကို
မြို့ကခူးဆွတ်
ဒီနှစ်ဆောင်းမှာ
မြို့ကိုမင်းပြန်မရောက်ခဲ့ဘူးလေ
မြို့နဲ့ဆောင်းကို မင်း ဆွတ်ယူသွားခဲ့ပြီပေါ့
ဆောင်းမရှိတဲ့မြို့ကလေးမှာ
ငါတစ်ယောက်တည်း ခြောက်ခြောက်သွေ့သွေ့ဖြစ်ပေါ့
တောကျီးကန်းလေးရဲ့ အိပ်မက်ကိုမင်းတွေ့ခဲ့
ငါသိတွေ့ခဲ့ရတယ်
မင်းနဲ့ငါဟာ
မြို့မှာမျက်နှာစိမ်းပါ
ဒါပေမယ့်
မင်းရဲ့နှလုံးသားဆေးသားတေးချင်းတွေနဲ့
ခြယ်သစီနိုင်ခဲ့တယ်
ဒီနှစ်ဆောင်းမှာ
ဆောင်းနဲ့မြို့ကို
မင်းပြန်မလာခဲ့ဘူး
အနေဝေးရေဝေးကို ဆွတ်ယူသွားခဲ့
အနေဝေး ရေဝေးမှာ
ဆုံးရှုံးသွားရတဲ့ ပြည်မှာဆောင်းဟာ
ငါပါလားသူငယ်ချင်းရယ်။
နှင်းမရှိတဲ့ဆောင်းမှာ
ငါတစ်ယောက်တည်း ခြောက်ခြောက်သွေ့သွေ့
တိမ်တိုက်တွေရဲ့ အနောက်ဘက်ဟိုအဝေး
မျှော်လင့်ချက် အနာဂတ်တစ်နေရာ
နှစ်သစ်ကူးပွဲတော်ဆီ
မင်းသွားနှင့်ပြီပေါ့။
သာယာတဲ့လေညင်း လေဟုတ်စီးကာ
အေးချမ်းမျှတတဲ့ ဘဝကံကြမ္မာနဲ့
တည်ငြိမ်တဲ့ အသိတရားတည်ဆောက်ကာ
မျှော်လင့်ချက်အနာဂတ်တစ်နေရာ
နှစ်သစ်ကူးပွဲတော်ဆီ မင်းသွားနှင့်ပြီပေါ့
ငါကြေကွဲမှု အရောင်ကို မြင်လိုက်ရပြီ
တိမ်တိုက်တွေရဲ့ အနောက်ဘက်ဟိုအဝေးမှာ
ကြေကွဲမှု အရောင်ကို ငါမြင်နေခဲ့ရပြီ
လက်တံတစ်ခုထဲ နာရီဟာ
ငါဖြစ်ကျန်ရစ်ပါပေါ့လား
မင့်တေးသီချင်းနဲ့
မြစ်မင်းဧရာ စီးဆင်းနေမြဲပါ။
မောင်ချောနွယ်
နိဂုဏ်း
ရန်ကုန်မှာမိုး
မန္တလေးမှာနွေ
ပြန်မှာဆောင်းရယ်လို့ ဆရာမောင်ချောနွယ်က ကဗျာရေးပြီး ကိုခင်ဝမ်းကိုလွမ်းပါတယ်…။
ဆရာမောင်ကိုကို(အမရပူရ) ကလည်း မြန်မာပြည်ရဲ့ နှင်းဟာ ခင်ဝမ်းပါလို့ တမ်းတတတ ဖြစ်ပါတယ်…။
ဆရာမောင်ဒီက ခင်ဝမ်းကြီး ငါ့ကို ဘယ်တော့မှ မမုန်းပါဘူးကွာ…
သူ ဒီဒဏ်ကို မခံနိုင်ပါဘူး ရယ်လို့ သေချာနေတတ်ပါတယ်…။
ကျွန်တော်ကတော့ ဘာရယ်ကြောင့်တော့ မပြောတတ်ပါ…။
လွမ်းတာတော့ လွမ်းတာပဲပေါ့ ဗျာ…။
လွမ်းတယ်ဆိုရင် ဒီကပိုသပေါ့…
ဘလက်ချော…။
20 comments
surmi
February 4, 2013 at 12:50 am
ဟုတ်ကဲ ့ .. ကျနော်လည်း လွမ်းပါရစေ … …
ဆယ်(လ်)မွန်ငါးတို့အပြန်နဲ့စပြီး …
မုန်တိုင်းစင်ယော် အလယ် …
နှုတ်ဆက်ခဲ့ပါတယ် နဲ့ အဆုံးသပ်စမြဲ ကျနော်တို့ဂီတာဝိုင်းလေးဟာ
ကိုခင်ဝမ်းရဲ ့သီချင်းတွေနဲ ့ စီးမျောခဲ့ပါတယ် …
ခုလည်း အပျင်းပြေသီချင်းညည်း ရင် သူ့သီချင်းစာသားလေးတွေက နေရာယူစမြဲပါ ။
ကိုခင်ဝမ်းကို နှမျောမိပါရဲ ့ ….မသေခင် တစ်နှစ်အလိုလောက်က နောက်ဆုံး သူနဲ့ဆုံခဲ့တဲ့
လမ်း(၅၀) က အရက်ဘားလေးလည်း ခုတော့ ………
padonmar
February 4, 2013 at 3:08 am
လွမ်းတာတော့ မသိဘူး။
သိတာတော့ ဝရမ်းပြေးတစ်ယောက် ဘီယာဆိုင်မှာ မိတယ်တဲ့။
…………….
ခင်ဝမ်းရဲ့ ပန်းချီတွေတော့ မအိပြလို့ ကြည့်ဖူးတာကလွဲလို့ နားမလည်ပါဘူး။
သီချင်းတွေထဲမှာတော့ အကြိုက်ဆုံးတွေထဲပါသပေါ့။
နဒီမင်္ဂလာ လည်းကြိုက်တယ်။
ဆယ်လမွန်ကတော့ ယူတောင်သုံးမိသေး။
blackchaw
February 4, 2013 at 7:42 am
@ surmi ;
အရင်ဆုံးပေးခဲ့တဲ့ ကွန်းမန့်လေးအတွက် ကျေးဇူးပါ ကိုဆာမိရေ…။
ဘဆွေ ပြောသလို ပြောရရင်တော့…
ကျွန်တော် ပျက်ကွက်တာတွေ များနေပါပြီဗျာ…။
သူများပို့စ်တွေမှာ ကွန်းမန့်ပေးဖို့ ပျက်ကွက်တာတွေအတွက်လည်း
တစ်ခါတစ်လေ မျက်နှာပူမိပါတယ်…။
ကိုဆာမိပို့စ်တွေမှာ ကွန်းမန့် ဝင်မပေးမိပေမယ့်…
အမြဲတမ်းဖတ်ဖြစ်နေတယ်ဆိုတာရယ်…
အပြင်မှာ ရွာသူားတွေ ဆုံကြတဲ့အခါမျိုးတွေမှာ
အမြဲတမ်းပြောဖြစ်နေတယ်ဆိုတာရယ်…
ကိုဆာမိ သိစေချင်ပါတယ်ဗျာ…။
ခင်ဝမ်းနဲ့ ဆုံခဲ့ဘူးတယ် ဆိုတဲ့ အတွေ့အကြုံကြီးကိုတော့ အားကျမိပါရဲ့…။
စကားမစပ်…
ခင်ဝမ်းကြီးနဲ့ တစ်ဝိုင်းတည်းများ ထိုင်ပြီးတော့ သောက်ခဲ့ဘူးသေးလားဗျာ…။
သောက်ခဲ့ဘူးတယ်ဆိုရင် အဲဒီ အတွေ့အကြုံ လေး ဖတ်ချင်မိပါတယ်…။
ညဘက်တွေ မှာ ခင်ဝမ်းသီချင်းတွေ ဂစ်တာနဲ့ညည်းခဲ့ဘူးတယ်ဆိုရင်
ဆိုတဲ့ သီချင်းလေးတော့ ညည်းခဲ့ဘူးမယ် ထင်ပါတယ်…။
ကွန်းမန့်လေး ဝင်ရေးပေးသွားတာ ကျေးဇူးအထူးပါ ဗျာ…။
ချစ်တယ်ဆိုရင် ဒီက ပိုသပေါ့…
ဘလက်ချော…။
blackchaw
February 4, 2013 at 7:50 am
@ Padonmar ;
အစ်မပေးခဲ့တဲ့ ကွန်းမန့်လေးအတွက် ကျွန်တော် အားတက် ကျေနပ်ရပါတယ် အစ်မရေ…။
အဲဒီ ဝရမ်းပြေး ကိစ္စလေး နည်းနည်း ရှင်းပြချင်ပါတယ်…။
ဘလက်ချော နာမည်ပျက်ရသော အကြောင်းများဆိုပြီး
ပို့စ်တွေတောင် ရေးလို့ရပါတယ်…။
အဲဒီနေ့က ဘီယာဆိုင်ရောက်နေရတာကလည်း…
သောက်ချင်ကြလို့မဟုတ်ပါဘူး ခင်ဗျာ…။
မအားလပ်ကြတဲ့ ကြားက ကျွန်တော် ချီတက်သွားခဲ့ရတာပါ…။
အများအကျိုး သယ်ပိုးမယ့် ကိစ္စတစ်ခုအတွက်
ရောက်နေခဲ့ရတာပါ…။
မယုံရင် ကိုကြီးမိုက်ကိုသာ မေးကြည့်ပါတော့ အစ်မရေ…။
ဝရမ်းမပြေးရပါဘူးအစ်မရေ…။
ကျွန်တော့် အခြေအနေက အွန်လိုင်းပေါ်မှာ
အချိန်ပြည့်ပျော်လို့မရတဲ့ အခြေအနေမျိုး ဖြစ်နေတာကို
အစ်မမသိလို့ပါခင်ဗျာ…။
ဘာပဲ ဖြစ်ဖြစ်…
ကျွန်တော် တာဝန်လည်းမကျေပါဘူး…။
ဝတ္တရားလည်း မကျေပါဘူး…။
ဆိုတာကိုတော့
ဝန်ခံပါရစေ…။
ကွန်းမန့်လေးအတွက်ကျေးဇူးပါ အစ်မရေ…။
ခင်မင်တယ် ဆိုရင် ဒီက ပိုသပေါ့…
ဘလက်ချော…။
kyeemite
February 4, 2013 at 9:25 am
ရဲဘော်ဘလက်ရေ..ကျုပ်လည်းပန်းချီပညာအကြောင်းနဲ့တော့
တော်တော်အလှမ်းဝေးပါသဗျာ..ဒါပေသိ..ခင်ဝမ်း သီချင်းတွေကိုတော့
တော်တော်နှစ်သက်ခဲ့လို့ ရဲဘော်ဘလက်နဲ့အတူရောယောင်ပီး
ဝင်လွမ်းသွားပါဂျောင်းးး
htet way
February 4, 2013 at 11:42 am
ပထမ ဆုံးပြောချင်တာက ခင် ဝမ်း အကြောင်းကို အမှတ်တရ ၊ သတိတရ
အလွမ်းတွေနဲ့ ရေးပြ တဲ့ ကို ဘလက်ချောကိုလေးစား မိပါတယ်။
တခါက ခြေ တစ်ဖက် ဆာနေတဲ့ လူ တစ်ယောက်ရဲ့ အေးဆေး တည်ငြိမ် စွာ ဆိုတဲ့
ပြည် မှာဆောင်း သီ ချင်းကို စွဲ လမ်းခဲ့ ဖူးတယ် နောက်တော့ .. ဧရာဝတီ..နုတ်ဆက်ခဲ့ပါတယ်။
ကျွန်တာ် တို့ ချစ်တဲ့ အနုပညာ ၊ ချစ် တဲ့ အနုပညာရှင် အမှတ်တရနဲ့လွမ်းတဲ့ သူတွေ
အနုပညာဂျာနယ်မှာ “ ခင် ဝမ်းကို လွမ်းတယ် ”ဆိုပြီး ကျွန်တာ် ဆောင်းပါး လေး
တခုရေးဖူးပါတယ် ကို ဘလက် ။အခု ခင် ဗျားရဲ့ အလွမ်းက .. အလွမ်း နဲ့ ထု ဆစ်တဲ့ခင် ဝမ်း
ပုံရိပ်တွေ။ ကဗျာဆရာ အောင် ဝေးက“ ခင် ဝမ်း လမ်း ”ဆိုတဲ့ကဗျာ….
ကျွန်တာ် ခင် ဝမ်းကို လွမ်းပါတယ် ။ စိတ္တဇ ပန်းချီရော..သူ့ ကဗျာတွေရော
နောက် ..အခု သတိတရ နဲ့ ရေးတဲ့ ဆရာ ဘလက်ချောကို လည်း
တွေ့ ချင် စိတ်နဲ့ လွမ်းမိပါတယ်
blackchaw
February 4, 2013 at 10:50 pm
@ htet way ;
ကျွန်တော့်ကိုပါ ထည့်လွမ်းသွားတာ ကျေးဇူးပါ ဆရာထက်ရေ…။
ဒီပို့စ်ကို ခင်ဗျားတိုက်တွန်းလွန်းလို့ တင်လိုက်တာဗျ…။
ရေးထား ရိုက်ထားတာလေးတွေကို နှမြောတာလည်း ပါတာပေါ့လေ…။
ခင်ဗျားက ဆရာအောင်ဝေး ရဲ့ “ခင်ဝမ်းလမ်း” ဆိုလို့ ပြောချင်ပါသေးတယ်…။
ခင်ဝမ်းဆုံးတော့ ဆရာအောင်ဝေးက “နောက်ဆုံးသီချင်း” ဆိုတဲ့ ကဗျာလေးနဲ့
လွမ်းခဲ့ဘူးပါတယ်…။
ဆရာအောင်ဝေးကိုလည်း အလွမ်းပြေ အနေနဲ့…
ဒီကဗျာလေးကို ခင်ဗျားဖတ်ဖို့ တင်ပေးလိုက်ပါတယ်…။
သိပ္ပံဝတ္ထုထဲမှာ
စိမ်းဖန့်ဖန့် ဂြိုဟ်သားပုလေးတွေ
ကွန်ကရိနံရံကြီးထဲက
တိုးထွက်လာတယ်။
သေသေချာချာ ကြည့်မိတော့မှ
ကိုယ်မေ့လျော့နေခဲ့တဲ့
အိမ်ရှေ့က ကန်စွန်းမြောင်းလေးထဲ
ရေအတော်နည်းနေပါလား။
ဆောင်းတွင်းကြီးပါ
ဥဩငှက်တွေ တေးမသီခင်ပါ
အချိန်အခါမဟုတ်
နှုတ်ဆက်ထွက်ခွာသွားတဲ့အခါ
ခရမ်းနုရောင်လေးတွေ
နုန်းတိုးငါးကလေးတွေ
အစိမ်းတောထဲ
စွဲစွဲလမ်းလမ်း သေဆုံးနေတာ
တွေ့လိုက်ရတယ်။
အစအဆုံး
မီးခိုးခေါင်းတိုင်ကိုပဲ
မော့ကြည့်နေရတဲ့ အဖြစ်ပါ
နှင်းရေ…။
(ခင်ဝမ်းသို့…)
၅-၂-၂၀၀၀
ခင်ဝမ်းဆုံးပြီး ၂ ရက်အကြာမှာ ကိုအောင်ဝေးရေးခဲ့တဲ့ ကဗျာပါ…။
ကျေးဇူးပါ ဆရာထက်ရေ…။
လွမ်းတယ်ဆိုတာ သတိရခြင်း တစ်မျိုးပါဗျာ…။
သတိရတယ်ဆို ဒီကပိုမှာပါ…
ဘလက်ချော…။
kai
February 4, 2013 at 12:39 pm
ပြီးခဲ့တဲ့ဇန်နဝါရီလကုန်က…ဂျာနယ်ကျော်မမလေးရဲ့ ဝတ္ထုပြန်ရိုက်တဲ့.. သွေးရုပ်ရှင် နေပြည်တော်မှာ ပြသွားတယ်လေ..
အဲဒီထဲက.. မောင်မောင်က.. (ကို)ခင်ဝမ်းဘဝနဲ့တော်တော်တူမယ်လို့ထင်မိပါရဲ့..။
ထူးထူးဆန်းဆန်း.. သွေးဇတ်ကားထဲက.. သရုပ်ဆောင်တဦးဖြစ်တဲ့.. ကျော်သူရဲ့..ပြက္ခဒိန်ဒီနေ့လက်ဆောင်ရတယ်.။ (ပြက္ခဒိန်အဖုံးမှာ.. အလင်းဆက်(IR) ဆိုပြီး ခရက်ဒစ်နာမယ်ပါတယ်..) လှန်ကြည့်တော့.. ဖေဖေါ်ဝါရီ ၃ရက်မှာ ကွယ်လွန်သွားသူ..နာမယ်နဲ့.. တယောက်ထဲ..
ခင်ဝမ်း(ဂီတ) တဲ့..။
ကိုရင်ဘလက်နဲ့အတူတူ..”တွေးလွမ်း”ကြည့်တာပါ..။
blackchaw
February 4, 2013 at 10:58 pm
@ kai ;
လွမ်းသင့်တဲ့လူတစ်ယောက်ကို
လွမ်းသင့်တဲ့ အချိန်မှာ
ဝင်လွမ်းသွားတဲ့ သဘောပါ သူကြီးရေ…။
နားလည်ပေးတဲ့အတွက် ကျေးဇူးပါဗျာ…။
blackchaw
February 4, 2013 at 10:33 pm
@ kyeemite ;
ရောယောင်ပြီး ဝင်လွမ်း သွားတာ ကျေးဇူးပါ ကိုမိုက်ရေ…။
လွမ်းစရာရှိမှလည်း လွမ်းလို့ရတာ မဟုတ်ဘူးလားဗျာ…။
လွမ်းစရာရှိရင် နာစရာနဲ့ ဖြေရတယ်လို့တော့ ကြားဘူးပါတယ်…။
ဒါပေမယ့် …
ခင်ဝမ်းနဲ့ ပတ်သက်ရင်…
ကျွန်တော့်မှာ နာစရာ မရှိလေတော့
ဆက်လွမ်းကြတာပေါ့ ကိုကို…။
အဲ…အဲ…
လွမ်းတယ်ဆို ဒီကပိုသပေါ့…
ဘလက်ချော…။
ဘဆွေ
February 4, 2013 at 11:43 pm
ကိချောရေ..
(ရေလွာလည်းခင်းပျံ့ကြည်လင်စေ … မိုးဦးလည်းလှပသာယာစေ..ဘဝစေရာ တာဝန်..ကြေပွန်ဆောင်ရွက်ခဲ့သူတို့…)
ဝင်ရောက်လွမ်းသွားပါတယ်…သူနဲ့အတူ အမြဲတမ်းတွဲပြီးလွမ်းမိတာ ကတော့ (မွန်းအောင်) (သျှိုင်းအောင်)နဲ့(ဖိုးချို) တို့လည်း ပါတယ်… ဂီတာစတီးတတ်တော့.. သုတို့သီချင်းတွေနဲ့ စခဲ့တာပေါ့…
သူတို့ အသံတွေကြားတိုင်း အတိတ်ဟာ ကိုယ့်ဘေးနားပြန်ရောက်လာတယ်…မနေ့ကလိုပဲ…
ခင်တဲ့
ဘဆွေ။
pooch
February 5, 2013 at 1:19 am
ဟိုတလောက ကိုဘလက် facebook မှာ ခင်ဝမ်းရဲ့ ပန်းချီ page လေး like လုပ်လိုက်တာ မြင်မိသလားလို့
ကျမလည်း သွားကြည့်ကြည့်အုန်းမယ် ဆိုပြီ း ကော်မကောင်းတာနဲ့ ဝင်မရလိုက်ဖူး
အဲ့ဒီ ဆိုဒ်မှာ သူ့ပန်းချီကားတွေ အကုန်တင်ပြီလား
မအိပြတာလောက်ပဲ မြင်ဖူးတာမို့ သွားရှာကြည့်အုန်းမယ်
စကားမစပ် XL တော်လား
ဝရမ်းပြေးမို့ မိတုန်း ဖမ်းမေးတာ 😀
nozomi
February 6, 2013 at 3:33 am
ကိုချောကြီး လက်က အနုပညာနဲ့ အသက်မွေးဝမ်းကြောင်း လုပ်လို့ ရတဲ့ လက်ဗျ
လုပ်စမ်းပါ ဗျာ အားပေးနေပါတယ်
လွမ်းတဲ့ အကြောင်းကတော့ မပြောနဲ့
ငယ်ရည်းစားလဲလွမ်းတယ်
ငယ်သူငယ်ချင်းတွေလဲ လွမ်းတယ်
ငယ် ကျောင်းသားဘဝလဲ လွမ်းတယ်
ငယ်ငယ်က လွမ်းခဲ့ဘူးတာတွေလဲ ပြန်လွမ်းမိတယ်ဗျာ
ကိုချောကလဲ အားလုံးလဲ သိနေကြတဲ့ ကိစ္စပဲ လှည်းတန်းက ကောင်မလေးကို လွမ်းတဲ့ အကြောင်းလဲ တစ်ပုဒ်လောက် လုပ်ပါဦး ဗျ
blackchaw
February 6, 2013 at 1:12 pm
@ ဘဆွေ ;
ရှားရှားပါးပါး ရုံးပိတ်ရက်ကာလလေးမှာ
ရွာကို အချိန်ပေးနေတာ တွေ့ရလို့ ဝမ်းသာပါတယ် ဘဆွေရေ…။
ဒီပို့စ်မှာ ရေးသွားတဲ့ ကွန်းမန့်လေးအတွက်လည်း ကျေးဇူးပါ ခင်ဗျာ…။
ချစ်တယ်ဆိုရင် ဒီက ပိုမှာပါဗျာ…
ဘလက်ချော…။
blackchaw
February 6, 2013 at 1:26 pm
@ pooch ;
အမှန်ကတော့ ကျွန်တော်က ပန်းချီနဲ့ တော်တော်ကြီးကို ဝေးပါတယ် ပုချ်ရေ…။
ဒါပေမယ့် ရေးသူက ခင်ဝမ်းဆိုတော့လည်း ဖတ်ဖူးတယ်ရှိအောင် ဖတ်ကြည့်လိုက်တဲ့အခါ…
အခု ကျွန်တော် ကောက်နှုတ်တင်ပြထားတာလေးတွေက နားလည်သဘောပေါက်လွယ်တယ်လို့…
ခံစားရပါတယ်…။
အဲဒါကြောင့် ပြန်ကောက်နှုတ်တင်ပြဖြစ်တာပါ…။
XL ကိစ္စကတော့ ဗိုက်ကလေး နည်းနည်း ခံနေပါတယ်…။
တိုက်တိုက်ဆိုင်ဆိုင်ဗျာ…။
ကိုနိုဇိုးမိကြီးကလည်း XL ကြီး ဝယ်ချလာပါရောလား…။
ဒါလည်း ဗိုက် ခံနေလေတော့…
အရက်သောက်တာလျှော့ပြီး…
ဗိုက်ကျဖို့ ကြိုးစားနေပါတယ်ဆိုတာလေး…။
သာဓုခေါ်ပါ ကျောင်းအစ်မရေ…။
ခင်မင်တယ်ဆို ဒီကပိုမှာပါ ဗျာ…
ဘလက်ချော…။
kai
February 6, 2013 at 3:43 pm
XLကိုဗိုက်ခံနေတယ်ဆိုတော့ကာ…
နောက်ဆို.. ကျုပ်လည်းကိုရင်ဘလက်အတွက်ဆို.. သတိထားမှပဲ..
မြန်မာပြည်ထဲ.. ယောက်ျားဗိုက်ဖုံးအကျီ ်တွေများ ရောင်းနေပလား..
နောက်တာနော..
အလွမ်းတွေထဲ.. ပျော်သွားအောင်…။ :kwi:
blackchaw
February 7, 2013 at 4:07 am
@ kai ;
ဟုတ်တယ် သူကြီးရေ…။
ဒီ ၂လ ၃လ အတွင်းမှာ ကျွန်တော် ဝိတ်အတော်လေးတက်လာပါတယ်…။
အရင် ပေါင် ၁၈ဝ ပတ်ချာလည်လောက်ကနေ ၂၀ဝ ကျော်ကျော်လောက်အထိကို
ရောက်လာတာဗျ…။
အဲဒါကြောင့်ပါဗျာ…။
ဗိုက်ရှိတော့လည်း ဂိုက်ရှိသွားတာပေါ့…။
အခု လက်ရှိကတော့ တီရှပ်ဝယ်ရင် XXL နဲ့ နှစ်ပါးသွားနေရကြောင်းပါ…။
လေးစားခင်မင်တဲ့…
ဘလက်ချော…။
blackchaw
February 6, 2013 at 1:29 pm
@ nozomi ;
အသာလုပ်ပါ ကိုကိုရယ်…။
အချွန်နဲ့ မခြင်း သည်းခံပါဗျာ…။
ဘယ်လိုပဲ ဖြစ်ဖြစ်…
ဒီပို့စ်မှာ ခင်ဗျားဝင်ပေးသွားတဲ့ ကွန်းမန့်လေးအတွက်…
ကျွန်တော် ဂုဏ်ယူပါတယ် ဆိုတဲ့အကြောင်း…။
ချစ်တယ်ဆိုရင် ဒီကပိုမှာပါ ဗျာ…
ဘလက်ချော…။
ခိုင်ဇာ
February 7, 2013 at 8:08 am
… လွမ်း ရ မယ် ဆိုရင် လည်း ဒီ က ပို တော့ မ ပေါ့ …
blackchaw
February 7, 2013 at 9:11 pm
@ ခိုင်ဇာ ;
ကွန်းမန့်လေး ဝင်ချီးမြှင့်ပေးတာ ကျေးဇူးပါ…။
လွမ်းရမယ်ဆိုရင်တော့…
ခိုင်ဇာ့ ကို မယှဉ်ရဲပါဘူးဗျာ…။
အလွမ်းချင်းတူရင် ဘလက်ချောကြီးက အရှုံးပေးပါတယ် ဗျာ…။