ကြောက်တတ်သူများ မဖတ်ပါနှင့်

စဆရ ႀကီးFebruary 4, 20131min31911

(ဖြစ်ရပ်မှန်ဖြစ်သဖြင့် နာမည်နေရပ်အတိအကျ မဖေါ်ပြတော့ပါ။ ကြောက်တတ်သူများ မဖတ်ပါနှင့်)

၁၉၉၆ လောက်က ခလရ(xx)က ဗိုလ်ကြီးတစ်ယောက်ဟာ သူရဲ့ငယ်ချစ်ဦးနဲ့ လက်ထပ်ဖို့အတွက် မိတ္တီလာကို ခွင့်ပြန်လာပါတယ်။ ဗိုလ်ကြီးက အသားဖြူဖြူအရပ်မြင့်မြင့် သူ့ချစ်သူဟာလည်း ရုပ်ချောလှပသူဖြစ်ရုံသာမက မြို့မျက်နှာဖုံး ချမ်းသာသူဖြစ်လေတော့ နှစ်ယောက်စလုံးဟာ နေနဲ့လ ရွှေနဲ့မြ လိုက်ဖက်တဲ့ချစ်သူတွေ ဖြစ်ပြီး အားလုံးကအားကျရတဲ့စုံတွဲပါ။ ချစ်သူနှစ်ယောက်ကလည်း မင်္ဂလာဆောင်အတွက်ပျော်မဆုံး မော်မဆုံးနဲ့ ပြင်ဆင်နေကြတာပေါ့လေ။ ဒီလိုနဲ့ မင်္ဂလာဆောင်တဲ့နေ့ရက်ကို ရောက်ရှိလို့လာပါတယ်။ တပ်မတော်က အရာရှိဖြစ်လေတော့ ဗိုလ်ကြီးက ဆဖာရီကုတ် ခေါ်တဲ့ အခမ်းအနားဝတ်စုံနဲ့ပါ။ သတို့သမီးကလည်း မြန်မာထိုင်မသိမ်းဝတ်စုံဖြူလေးနဲ့ သိပ်လှနေတာပေါ့ဗျာ။ အားလုံးက ကံကောင်းတယ် လိုက်ဖက်ပါတယ်ပြောနေကြတဲ့ ဒီစုံတွဲဟာ အားလုံးကထင်မှတ်မထားတဲ့ ကံကြမ္မာဆိုးကြီးနဲ့ဆုံခဲ့ရပါတယ်။

ဒါကတော့ တချိန်က သတို့သမီးရဲ့ချစ်သူဟောင်းဟာ မင်္ဂလာပွဲကို ဓါးတလက်နဲ့ဝင်ရောက်လာပြီး အားလုံးဝိုင်းဆွဲနေတဲ့ကြားထဲက ဆွဲတဲ့သူတွေရော သတို့သမီး သတို့သားရော ကိုပါ ဓါးနဲ့ခုတ်ခဲ့လို့ သတို့သမီးဟာနေရာတွင်ပဲ ပွဲချင်းပြီးသေဆုံးရရှာပါတယ်။ သတို့သမီးရဲ့ အဖြူရောင်ဝတ်စုံဟာ သွေးချင်းချင်းနီရဲသွားပေမယ့် သတို့သမီးရဲ့မျက်လုံးတွေကတော့ သူမချစ်မြတ်နိုးတဲ့ သတို့သားကိုဝမ်းနည်းတဲ့မျက်လုံးအစုံနဲ့ ကြည့်နေရင်းအသက်ပျောက်သွားရရှာပါတယ်။ သတို့သားဟာလည်း သွေးချင်းချင်းနီနေတဲ့ သူရဲ့သတို့သမီးအလောင်းကို ကျစ်ကျစ်ပါအောင် ဖက်ပြီးငိုကြွေးနေလေတော့ သူ့ရဲ့ဝတ်စုံကလည်း သတို့သမီးရဲ့သွေးတွေနဲ့ရဲရဲနီနေပါတော့တယ်။ ဒီလိုနဲ့သူတို့ဇာတ်လမ်းကလေးဟာ ကြေကွဲစရာတွေနဲ့အဆုံးသတ်သွားပါတယ်။

ဒါပေမယ့် ဇာတ်လမ်းက မပြီးခဲ့ပါဘူး။
ဗိုလ်ကြီးဟာ သူ့ချစ်သူကို မမေ့နိုင်လေတော့ သူ့ချစ်သူသွေးတွေပေနေတဲ့ အခမ်းအနားဝတ်စုံကို မလျှော်ပစ်ပဲ ဒီအတိုင်း မိုက်ရူးရဲဆန်စွာ သိမ်းဆည်းထားပါတယ်။ အားလုံးကဝိုင်းပြောကြပေမယ့် ဗိုလ်ကြီးကို ဘယ်လိုမှပြောလို့မရခဲ့ပါဘူး။ ဒီအတိုင်းထားတာဟာ သူမအနားမှာရှိနေသလိုပဲလို့ တတွတ်တွတ်ပြောနေပါတော့တယ်။ ဒါကြောင့် အဲ့သည်အရာရှိဟာ စစ်မှုထမ်းဆောင်ရန်ဆက်လက်မသင့်တော်တဲ့ မှတ်ချက်နဲ့ တပ်မတော်ကနေ အနားယူခဲ့ရပါတယ်။ သူဟာ တကိုယ်တည်းဘဝနဲ့ပဲ ၂၀၀၉ ခုနှစ်မှာ မိတ္တီလာမြို့ နာမည်ကျော် ရေကျော်ခုနှစ်ပေါက် ရေတံခါးမှာ ရေနစ်သေဆုံးခဲ့ပါတယ်။ မသေဆုံးခင်အထိ ညစဉ်ညတိုင်း သူရဲ့ သွေးပေနေတဲ့ သတို့သား ဝတ်စုံကို ရှေ့မှာချပြီး တယောက်တည်းစကားတွေပြောနေတာကို ချောင်းတွေ့တယ်လို့ ဆွေမျိုးနီးစပ်သူတွေက ပြောပါတယ်။ သူမသေခင် နေ့စဉ်နေ့တိုင်း သူ့အခန်းထဲမှာ ညဘက်ဆို မြန်မာသတို့သမီး ဝတ်စုံဖြူနဲ့ မိန်းကလေးတစ်ယောက်ကို ခဏ ခဏ တွေ့ကြောင်းလဲပြောကြပါတယ်။

ဒီလိုနဲ့

၂၀၁ဝခုနှစ်
(သတို့သမီးသေဆုံးပြီး ၁၄ နှစ် သတို့သားသေဆုံးပြီး တစ်နှစ်မှာပါ)

ကျွန်တော့်သူငယ်ချင်း သေသူရဲ့တူတော်တဲ့သူက မိတ္တီလာစစ်ဆေးရုံမှာ ဆေးမှူးဗိုလ်ကြီးအဖြစ်တာဝန်ကျပါတယ်။ ကျွန်တော်တို့နှစ်ယောက်ဟာ အဆောင်မှာ တခန်းထဲနေသူတွေပါ။ အရမ်းခင်တဲ့ ငယ်သူငယ်ချင်းတွေဖြစ်ပါတယ်။ သူက အဲ့သည့်အိမ်ကို အမြဲဝင်ထွက်နေသူဖြစ်တာကြောင့် ဒီဇာတ်လမ်းကိုလည်း ကျွန်တော်ရော သူပါ သိရှိထားပြီးဖြစ်ပါတယ်။ အဲ့သည့်နေ့က မှတ်မှတ်ရရ ၂၀၁ဝ ခုနှစ် မတ်လ ၂၆ ရက်ကပါ။ နောက်နေ့ တပ်မတော်နေ့ညစာစားပွဲအတွက် ကျွန်တော့်သူငယ်ချင်းဟာ ဆာဖာရီကုတ်မရှိပါဘူး။ ပြန်ချုပ်ဖို့ကလည်း အချိန်မမှီ၊ ရှိတဲ့သူတွေ အကုန်လုံးက စားပွဲတက်မှာဆိုတော့ ငှားလို့လဲမရဘူးလေ။
ဒါနဲ့ဆက်စပ်တွေးလိုက်တော့ မနှစ်ကဆုံးသွားတဲ့ သူ့ဦးလေး ဗိုလ်ကြီးဟောင်းကို အမှတ်ရပါတယ်။ ဒါနဲ့ သူ့အိမ်မှာရှိမှာပဲဆိုပီးသွားငှားပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ နာရီစင်နားက သူတို့အိမ်ရောက်တော့ အိမ်သားတွေက

ရှိပါတယ် ဦးလေးပစ္စည်းတွေအကုန်သိမ်းထားပါတယ်“တဲ့

ထူးဆန်းတာတခုက ဒီလောက်နှစ်တွေကြာပြီ သူတို့လည်းသေသေချာချာ လျှော်ဖွပ်ပါတယ်။ ပင်မင်းတွေပေါင်းစုံအပ်ပေမယ့် အကျီ ရင်ဘတ်ကသွေးကွက်ဟာ ဘယ်လိုမှချွတ်လို့မရဘူးတဲ့။ သူတို့ပုံစံ ကြည့်ရတာ ကြောက်ရွံနေတာအရမ်းသိသာပါတယ်။ ဒါပေမယ့် သူငယ်ချင်းက ဆရာဝန်ဆိုတော့ အယုံအကြည်မရှိဘူးလေ။ သူက ထုတ်ပြဖို့ပြောတော့ အိမ်သားတွေက အပေါ်ထပ်က အသေပိတ်ထားတဲ့အခန်းကို ကျွန်တော်တို့နှစ်ယောက်စလုံးကို ခေါ်လာတယ်။ အဲ့မှာပဲခြောက်ခြားစရာ ဆာဖာရီကုတ်ကို နံရံမှာချိတ်ထားတာတွေ့လိုက်ရပါတယ်။ ဖုန်အလိမ်းလိမ်းတက်နေပေမယ့် ဘယ်ဘက်ရင်အုံမှာ ငါးလက်မပတ်လည်လောက်ရှိတဲ့ သွေးကွက်ကြီးကို ထင်ထင်ရှားရှားကြီးတွေ့နေရပါတယ်။ ကျွန်တော်က ကြောက်တတ်လို့ပြန်ဖို့ပြောပေမယ့် သူငယ်ချင်းကမရပါဘူး ချက်ခြင်းဆိုသလိုပဲ
အကျီ င်္ကို အစမ်းကောက်ဝတ်ပစ်လိုက်ပါတယ်။ အဲ့မှာ တော်တယ်ဆိုပီး ငှားပါတယ်။ အဲ့သည့်အိမ်ကလည်း အပိုင်သာယူသွားပါဆိုပီး သေသေချာချာထုတ်ပေးလိုက်ပါတော့တယ်။ ဖြစ်တာက အဲ့သည့်ညမှာပါ။ ဆာဖာရီကုတ်ဆိုတာ အထူကြီးပါ။ ရေလျှော်ပီးရင် တော်တော်နဲ့ မခြောက်လို့ သူငယ်ချင်းဟာ ရောက်ရောက်ချင်းညနေခင်းမှာပဲ လျှော်ပါတော့တယ်။ အဲ့သည်လိုလျှော်နေတုန်းခဏတော့ ပျောက်သွားသလိုဖြစ်ပေမယ့်
ခဏနေ နေပူပြန်လှန်းရင် ဒီသွေးကွက်ဟာ နီကျင်ကျင်နဲ့ပြန်ပေါ်လာပါတော့တယ်။ ယိုးဒယားက အစွန်းချွတ်ဆေးသုံးပေမယ့်မရပါဘူး။

ဒီကောင်တော်တော်စိတ်အိုက်သွားပုံရပါတယ်။

ဒီလိုနဲ့အခန်းထဲမှာ စိတ်ပျက်လက်ပျက်နဲ့ ဒီဝတ်စုံကြီးကို ကျွန်တော်တို့နှစ်ယောက် အခန်းထဲက စင်မှာ ချိတ်ထားပါတယ်။ သူက မကြောက်တတ်ပေမယ့် ကျွန်တော်က အလွန်ကြောက်တာမို့ အပေါ့သွားရင်တောင် လှည့်မကြည့်ရဲပါဘူး။ ဒီလိုနဲ့ ည ၁ဝ နာရီ ရောက်လာပါတယ်။ ကျွန်တော်တို့နှစ်ယောက် စာဖတ်နေရင်း ဒီကောင်က ဘာစိတ်ကူးပေါက်လဲမသိပါဘူး။ ရုတ်တရက် ဝတ်စုံကြီးကို စိုက်ကြည့်ပြီး

“ဘာဖြစ်လို့ ဒီအစွန်းက မကျွတ်ရသလဲကွာ”
ဆိုပီး တယောက်တည်းရေရွတ်လိုက်ပါတယ်

အဲ့သည့်အချိန်မှာပဲ..

ရုတ်တရက်မီးပျက်သွားပါတယ်။

ကျွန်တော်တို့နှစ်ယောက်လုံးကြောင်သွားတဲ့ မျက်စိတစ်မှိတ်မှာပဲ မီးပြန်လာပါတယ်။ ဒါပေမယ့် အခန်းကတော့အရင်လိုမဟုတ်တော့ပါဘူး။ ဆာဖာရီ ဝတ်စုံကြီးရဲ့နားမှာ အဖြူရောင်ဝတ်စုံနဲ့ သွေးဆုတ်ဖြူလျော်နေတဲ့ မျက်နှာပိုင်ရှင်သတို့သမီးတစ်ယောက်ကို ထိတ်လန့်ဖွယ်တွေ့လိုက်ရပါတယ်။

သူငယ်ချင်းက အားခနဲ အော်လိုက်သလို ကျွန်တော့်ရဲ့ဦးခေါင်းဟာလည်း အဆမတန်ကြီးထွားသွားသလို ခံစားလိုက်ရပါတယ်။

ဒါပေမယ့်…
သတို့သမီးက တချက်ပြုံးကြည့်ပြီး

“အစွန်းကဘယ်ကျွတ်မလဲ အမှတ်တစ် စက်မှုဝန်ကြီးဌာနက ထုတ်တဲ့ ရွှေဝါဆပ်ပြာနဲ့မှ မလျှော်တာ” လို့ပြောလဲပြော

သူ့ရဲ့ လက်ထဲက ရွှေဝါဆပ်ပြာ နှစ်ပိုင်းကို ကျွန်တော်တို့ကို ပေးလိုက်ပါတယ်။

သူငယ်ချင်းလဲ ဝမ်းသာအားရနဲ့ ညတွင်းချင်း လျှော်ပစ်တာ အစွန်းအထင်းမှန်သမျှအကုန်ပျောက်ပီး နောက်တနေ့ dinner ကို ဝတ်စုံအသစ်နဲ့ရင်ကော့ခေါင်းမော့ကာ တက်နိုင်ခဲ့ပါတယ်။

ကျေးဇူးပါပဲ ရွှေဝါရယ်
(ဟီဟိ)


(ဒါကမူရင်းရေးသားသူပါ၊ ကြည့်ကောင်းအောင် စာစီပုံနည်းနည်းပဲ ပြင်လိုက်ပါတယ်) http://www.facebook.com/drkokooodsma/posts/525660774122180

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အပေါ်က သူများရေးထားတာလေးဖတ်ပြီးတော့ ဇာတ်လမ်းကျောရိုးလေးယူပြီးရေးရင် ကိုယ်ပိုင်ရေးတယ်လို့ဆိုပြီး လူကြိုက်တော်တော်များမယ်လို့ တွေးမိပေမယ့် မူရင်းရေးသားသူရဲ့ အိုင်ဒီယာကောင်းမွန်မှုနဲ့ အရေးအသားကို သဘောကျလွန်းတာကြောင့် စု၊တု၊ပြုလဲ မလုပ်၊ မျက်နှာပြောင်တိုက်ပြီး ကိုယ်တိုင်ရေးလို့လဲ မလုပ်ပဲ မဖတ်ရသေးသူများ ဖတ်မိကြစေရန်နှင့် တစ်စိမ့်စိမ့်တွေးပြီး ရယ်မောနိုင်ကြစေရန် ရည်သန်လျက် ထပ်ဆင့်မျှဝေလိုက်ရပါကြောင်း။

ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

11 comments

  • P chogyi

    February 4, 2013 at 8:41 am

    လူဆိုး…. ဆပ်ပြာ ကြော်ငြာတာ လူကိုလန့်အောင်လုပ်ရလား။
    စိတ်ဝင်စားမှုရှိအောင် အရမ်းစွဲဆောင်နိုင်ပါတယ်။ ချီးကျူးပါတယ်။

  • Mon Kit

    February 4, 2013 at 10:12 am

    တော်တော်နောက်တဲ့ လူကြီးးးးးးးးးးးး….
    :hee:

  • Wow

    February 4, 2013 at 11:14 am

    ရွေဝါကြော်ငြာတာကတော့ထားပါ…
    အပေါ်မှာ ဒါးနဲ့ခုတ်ထားတဲ့ သတို့သမီးအလောင်းကို သတို့သားကဖက်ငိုတယ်ဆိုလို့ပါ..
    ဒါမျိုးက ဓာတ်ရှင်တွေမှာ ကြည့်ကောင်းအောင်ရိုက်ပြထားတာမျိုးရယ်.. အပြင်မှာ တဂယ်ဒါးခုတ်ခံရတဲ့ အလောင်းတွေက အပိုင်းပိုင်းပြတ်၊ ဒဏ်ရာက ဟက်တက်ကြီးကွဲနဲ့ ဘယ်လိုမှ ကြည့်မကောင်းပါဝူး.. သွေးနံ့ကညှီ…
    ဟီး.. မချစ်လို့တော့ ဟုတ်ဝူးရယ် အိုက်လိုဓားခုတ်ခံရရင် ချစ်ရည်ရွမ်းလဲ့တဲ့ မျောက်လုံးဒွေနဲ့ ကြည့်မနေအားဝူး … ခြေကုန်သုတ်မှာ .. :mrgreen: :mrgreen: :mrgreen:

  • တောက်စ် !!!!!
    :mrgreen: :mrgreen: :mrgreen:

    မီးပြတ်ပြီး ဖြူဖတ် ဖြူရော် အညိုးသမီး တွေ့လိုက်ရော …
    လန့်တွားလိုက်ရဒါ …
    ပီးမှ ဆပ်ပြာ ကြော်ငြာ ဖစ်နေဒယ် ..
    တကယ် .. တကယ် ..
    လူဇိုးဂျီးဘဲ …. :mrgreen:

  • Shwe Ei

    February 4, 2013 at 11:49 am

    ရွှေဝါဆပ်ပြာက အရင်ကလောက် ကွာလတီမကောင်းဝူးဗျို့။
    ဆိုင်ပေါ်မှာ တင်ရောင်းတာတောင် အရေပျော်ချင်နေတဲ့ ရုပ်နဲ့။
    ရေလဲ ထိရော ပျော်ကျပြီး ဆပ်ပြာခွက်မှာ ကပ်နေလေရော။
    စိတ်ညစ်စရာရီးပါဗျာ :kwi:

  • kai

    February 4, 2013 at 12:23 pm

    ကျုပ်သိတဲ့ဇတ်လမ်းအတိုင်းဆို.. အဲဒီအကျီ ်ဝတ်သွားပြီး.. ဒင်နာတက်တဲ့(မယုံတဲ့သူ) နောက်တနေ့မှာ.. ကားမှောက်ပြီး.. သေသွားတယ်ဗျ..။
    အဲဒီကားထဲအတူတူပါပြီး မသေပဲကျန်ခဲ့သူရဲ့ စကားအတိုင်းမှတ်ထားသလောက် အတိအကျပြန်ရေးပြမယ်..။

    “ကျွန်တော်ဒီအဖြစ်မှန်ကို ဘယ်သူမှပြန်မပြောပြပါဘူး။ ကြော်ငြာဖန်တီးပြီး ရိုက်စားလုပ်သွားသူတွေများလွန်းလို့ပါ။ ”
    “ကျွန်တော်နဲ့ကျွန်တော့်သူငယ်ချင်းဆေးမှုး ဒင်နာပြီးတော့ ကားမောင်းပြန်လာတာ.. မိတ္ထီလာမြို့မလမ်းထိပ်ရောက်တော့ မိန်းကလေးတယောက်ကားလမ်းတားတယ်ဗျ..။ ဖြူဖြူချောချောလေး၊ အဲဒါ လေတပ်ထဲက လေယဉ်ပိုင်းလော့ဗိုလ်ကြီးသီဟမျိုးရဲ့ခယ်မပါတဲ့။ တပ်ထဲကားကြုံလိုက်ပါရစေတဲ့..ဆိုလို့ ညလည်းမှောင်နေပြီမို့ ခေါ်တင်လာတာ..။ ၅၀၃လေတပ်ထဲမရောက်ခင် ဂိတ်လှမ်းမြင်နေရတဲ့နေရာတင် အဲဒီကောင်မလေး.. ဟီးဟီးဟားဆိုအသံနက်ကြီးနဲ့ရီရင်း မီးခိုးငွေ့တွေလိုဖြစ်ပြီး ပျောက်သွားတာ.. ကားမောင်းနေတဲ့ကျွန်တော့်သူငယ်ချင်းဆေးမှုးဗိုလ်ကြီးလည်း ကြောက်ပြီးကားကိုဆွဲချလိုက်တော့..လမ်းဘေးက ညောင်ပင်ကြီးတိုက်ပြီး ကားမှောက်သေပါရောလား၊ မနက်ရောက်တော့ ကျွန်တော်ကို အဲဒီအကျီ်သွားငှားတဲ့ နာရီစင်ဘေးနားအိမ်ရှေ့မှာ သွေးတွေနဲ့ မှောက်ရက်ကြီးမျောနေတာတွေ့တယ်ပြောကြတာပဲ..။”
    “ကျွန်တော်ဒီသတင်းကို.. ဘယ်သူမှမပြောပါဘူး၊ အခုတော့ သတင်းမှန်တွေတက်တဲ့ အင်တာနက်ထဲနာမယ်ကြီးတဲ့ မန်းဂဇက်ဆိုတာကိုပဲ ပြန်ပြောပြတာ။
    အဲဒီမှာက သတင်းတွေလိမ်တင်လို့မရဘူးလေ။ ဆိုင်ရာနယ်ခံယောက်မဟုတ်တယောက်ရှိတတ်တာမို့ ပေါ်တာပဲ ”

    အဲဒီလို ပြောသွားတာ..
    ကွိ… ကွိ.. :kwi:

  • ပန်းစံပါယ်

    February 4, 2013 at 4:21 pm

    သူကလည်း MWD လိုပဲ ဘာဆက်ဖြစ်မလဲလို့ စိတ်ဝင်စားစရာကောင်းတဲ့အခန်းမှာ ကြော်ငြာဝင်သွားတာ တော်တော်ဆိုးတယ်ကွာ။

    သူတို့အဖြစ်အပျက်က တော်တော်စိတ်မကောင်းစရာပဲ။

  • Mobile

    February 4, 2013 at 10:00 pm

    ဟီး အသဲတွေထိတ် ရင်တွေလှိုက်ဖိုခုန်မင် လာမှ
    ဆပ်ပြာကျော်ညာနဲ့ တွေ့လိုက်ရဒယ် ဒီလိုစာသားတွေကို
    အရင်က ရွာသားအသစ်စက်စက်လေး ဆိုတဲ့လူရေးလေ့ရှိတယ်။
    အခုတော့ မိန်းမရပီး မိန်းမကြောက်နေရလို့ ရွာထဲမလာနိုင်တော့တာဖြစ်မယ်။

  • padonmar

    February 4, 2013 at 10:03 pm

    အဲတော့ ရွှေဝါ= မန်းဂဇက် ပေါ့။
    အော် မားကက်တင်း မာယာ။

  • Mr. MarGa

    February 5, 2013 at 8:07 pm

    ဖတ်ရင်းနဲ့တောင် ကြောက်လာသလို
    ဒါပေါ့ မားကတ်တင်းနှင့် အနုပညာ ပေါင်းစပ်ခြင်းဆိုတာ အဟိ

  • may flowers

    February 5, 2013 at 9:11 pm

    ရင်တထိတ်ထိတ်နဲ့ဖတ်လာလိုက်တာ လက်စသတ်တော့ ရွှေဝါဆပ်ပြာကြော်ငြာတာကိုး….။

Leave a Reply