စကားတစ်ခွန်းနှင့် သာယာငြိမ်းချမ်းတဲ့ ကမ္ဘာတစ်ခု တည်ဆောက်ခြင်း…
ဘယ်လိုပဲ ဖြစ်ဖြစ် လူ့ဘဝဆိုတာ သံသရာကြီးနဲ့ ယှဉ်လိုက်တော့ တိုတိုလေးလို့ပြောရမှာပါပဲ။အဲ့ဒီ တိုတိုလေးအတွင်းမှာပဲ လူတွေက အမြဲတစ်ယောက်နဲ့တစ်ယောက် ထိတွေ့ပေါင်းသင်းပြောဆို ဆက်ဆံကြရပါတယ်။ဒီလို ဆက်ဆံတဲ့နေရာမှာ အဓိက အသုံးပြုကြတာကတော့ ပါးစပ်နဲ့နားနဲ့ပါ။ပါးစပ်ကပြောတဲ့စကား နားထဲ ချောချောမောမော ရောက်သွားခြင်းဟာ မိတ်ဆွေများခြင်း၊ချစ်ခင်နှစ်လိုဖွယ်ရှိခြင်း၊စီးပွားရေး၊လူမှုရေးအောင်မြင်ခြင်းရဲ့ အဓိက အခြေခံအချက်တွေပဲ ဖြစ်မယ်လို့ထင်ပါတယ်။
လူတစ်ယောက်ရဲ့အထင်ကြီးခြင်း၊အထင်သေးခြင်း၊ချစ်ခြင်း၊မုန်းခြင်း၊ချမ်းသာခြင်း၊ဆင်းရဲခြင်း ဆိုတာတွေ အားလုံးဟာ ဒီ ပါးစပ်နဲ့ပဲ တိုက်ရိုက် အချိုးကြနေတယ်ထင်ပါတယ်။စကားပုံတွေလဲ အများကြီးရှိပါတယ်။နှုတ်ချို သျိုတပါး။ပိသာလေးနဲ့ဘေးပစ်၊နှုတ်ကြောင့်သေ လက်ကြောင့်ကြေ၊ကြမ်းကျွံနှုတ်လို့ရ စကားကျွံ နှုတ်မရ စသဖြင့်ပေါ့ အများကြီးပါပဲ ဒီပါးစပ်နဲ့ပတ်သက်လို့။နောက်ပြီး ကျွန်တော် သတိထားမိတာ လူတွေဟာ သူတို့စိတ်ဝင်စားတဲ့အကြောင်းအရာပဲ ပြောတတ်ကြတယ် ဆိုတာပဲ။သူတပါး စိတ်ဝင်စားသည်ဖြစ်စေ စိတ်မဝင်စားသည်ဖြစ်စေ သူတို့စိတ်ဝင်စားရာ၊ဝါသနာပါရာကို အဓိက ဇောင်းပေးပြောလေ့ရှိကြပါတယ်။သူတပါးပြောကြားချက်ကို လိုက်လျောညီထွေ လိုက်လံပြောဆို နားထောင်ပေးခြင်းကလဲ ပေါင်းသင်းဆက်ဆံရေးအောင်မြင်ခြင်းရဲ့အဓိကအချက်လို့ပဲ မြင်မိပါတယ်။
ကျွန်တော် အသက် ၂ဝ ကျော်လောက်က စပြီး ကိုယ်မှန်တယ်ထင်လို့ကတော့ ရေအဆုံး မြေအဆုံးပဲ၊ဘယ်လောက်ငြင်းရ ငြင်းရ၊ဘယ်လောက်ပြိုင်ပြောရပြောရ ပြောတာပဲ။ဘာပဲရှုံးရှုံး လေမရှုံးဖို့လိုတယ်ဆိုပြီး ခံယူပြီး မနိုင်နိုင်အောင်ပြောလေ့ ရှိပါတယ်။ဘာဖြစ်လာလဲ။လူမုန်းများလာတာပဲ အဖတ်တင်တယ်။အခု နောက်ပိုင်းတော့ ကိုယ့်ဘာသာကို လေ့ကျင့်ကြည့်တယ်။လိုက်လျောညီထွေ ဆက်ဆံဖို့ကို။ဆိုးတော့မဆိုးဘူးဗျ။ကိုယ့်စကားလုံးတစ်လုံး၊ကိုယ်ပြောလိုက်တဲ့ စကားတခွန်းက သူတပါးစိတ်ချမ်းသာစေတယ် ဆိုတာ လက်တွေ့သိရတော့ ကိုယ်လဲ စိတ်ထဲ နေလို့ကောင်းသွားသလိုပဲ။
ဟိုတနေ့က အိမ်က စထွက်တော့ အိမ်ဘေးအိမ်က အဖွားကြီး ဈေးပြန်တာနဲ့တွေ့ရော။ မောနင်း အန်တီ…ဈေးပြန်လာပြီပေါ့…လို့နှုတ်ဆက်လိုက်တော့ အေး…သား..ပြန်လာပြီ..ဆိုပြီး စကားသုံးလေးခွန်းလောက် ဆက်ပြောဖြစ်တယ်။အဲ့ဒီနောက် အဲ့ အန်တီကြီးက ဗြုန်းကနဲ ဘာကောင်းလဲ သားတဲ့။ကျွန်တော် စိတ်ထဲ တော်တော်ကြောင်သွားတယ်။ဘာကိုပြောတာလဲ ဆိုပြီး။ပြီးမှ ပြန်စဉ်းစားလိုက်မှ ဒီ အန်တီကြီး နှစ်လုံး တအားထိုးတာပဲ ..ဒါမေးတာနေမှာဆိုပြီး (၂) ကောင်းတာပေါ့ အန်တီရဲ့…ဒီနေ့ သေချာပေါက်ပဲ ဘာညာနဲ့ ပြောလိုက်ရော သူ့ တွက်ချက်ပုံ တွေကော ချိုင်းတွေကော စုံနေအောင် ပြောတော့တာပဲ။ကိုယ်ပြောတိုင်းလဲ ထိုးတာမှတ်လို့။ဘာပဲပြောပြော ရေလိုက် ငါးလိုက်လေး ပြောပေးလိုက်တော့ သူ စိတ်ချမ်းသာ သွားတာပေါ့။အဲ့ အချိန်မှာ ကျွန်တော်က ဒါတွေ ဝါသနာ မပါဘူး။ဒါတွေ လုပ်ရင် ဘဝပျက်သွားလိမ့်မယ် ဆိုပြီး ပြောကြည့်ပါလား နောက်လမ်းတွေ့တောင် စကားပြောတော့မှာတောင် မဟုတ်ဘူး။လူတွေ ဘယ်လောက်ပဲ အမှားလုပ်လုပ် ဘေးလူပြောလို့ ပြင်တဲ့ သူတအားရှားပါတယ်။ကိုယ်ကိုတိုင် သိပြီးမှ ပြင်ကြတာများပါတယ်။
တွေ့ပြန်ပြီဗျာ..နောက်တစ်ယောက်…ကျောင်းဆရာပဲ အသက် ၅ဝလောက်ရှိပြီ။အသက်ကြီးမှ အိမ်ထောင်ကျပြီး ဘာမှ မကြာဘူး။အိမ်ထောင်က ဆုံးသွားတော့ အထီးကျန်ပြီး နောက်အိမ်ထောင်ပြုချင်နေတဲ့သူ။စာတော့ သူနဲ့ မသင်ဖူးပါဘူး။ဒါပေမယ့် ခင်နေတော့ သူ့အကြောင်းသိနေတာပေါ့။သူ့ခဗျာ သနားပါတယ်။အသက်ကလဲ ကြီးနေတော့ ငယ်တဲ့သူတွေလိုလဲ ပေါ်တင်ကမပိုးရဲ၊မုဆိုးဖိုကလဲ ဖြစ်နေတော့ မိန်းမကလဲ လိုချင် တကယ့်ကန့်လန့်ကြီးဖြစ်နေတာ။စိန်လက်စွပ်ကြီး ဝတ်၊ရွှေဆွဲကြိုးကြီး အကြီးကြီးဆွဲ၊ ဆရာမ အပျိုလေးတွေကို မုန့်လိုက်ကျွေးနဲ့ ရီတော့ ရီစရာကြီး။သူနဲ့ တွေ့ရော…ဆောင်းတွင်းကြီး တစ်ယောက်ထဲ ချမ်းတယ်နော..အိမ်ထောင်လေး ဘာလေး မပြုတော့ဘူးလား…၃ဝ အောက်လောက်ပဲ စဉ်းစား ဘာညာ နဲ့ ပြောလိုက်တာ တော်တော် လေပေးဖြောင့်သွားတယ်။သူ့လိုလူကျတော့ ကျွန်တော့် မိန်းမ နိုင်နည်းတွေ။ မိန်းမ မကောင်းကြောင်းတွေ သွားပြောလို့ ဘယ်ရမှာလဲနော့။မိန်းမဆိုတာ ဘယ်လို ချစ်ဖို့ ကောင်းကြောင်း၊ မိန်းမ ရှိမှ ဘယ်လို အဆင်ပြေကြောင်း ဒါတွေ ပြောပေးရတာပေါ့။
နေ့လည် ကျတော့ အမေခိုင်းတဲ့ ကိစ္စတစ်ခုနဲ့ အမေ့ သူငယ်ချင်းတစ်ယောက်ဆီ သွားရရော။သူကကျတော့ ဘာဖြစ်နေလဲ ဆိုတော့ စီ ပိုး ဖြစ်နေတာ။နုတော့ နုပါသေးတယ်။ဒါပေမယ့် စီပိုးရှိတာ သိတဲ့ အချိန်ကစပြီး စိတ်ထောင်း ကိုယ်ကြေဖြစ်ပြီး စိတ်ဓာတ်ကျနေတာ။ဘယ်သူလာလာ သူကလဲ ဒီအကြောင်းပဲ ပြောနေတာ။သူ့သွားပြီး စီ ပိုး ကဘယ်လိုဆိုးတာ အသိထဲ ဘယ်သူကတော့ ဘယ်လိုဆုံးသွားတာ သွားပြောကြည့်ပါလား…ထ သတ်မလား မသိဘူး…အန်ကယ်..ဘာမှ စိတ်ဓာတ်ကျမနေနဲ့ စီပိုးက အရင်ကပဲ ကုမရတာ..အခုဆို ဘယ်လို အနေအထိုင် အစားအသောက် ဆင်ခြင် ဘယ်လို ဆရာဝန်နဲ့ ဘယ်လို ကုလိုက်တာ ကျွန်တော့်သူငယ်ချင်း ဘယ်သူဆို ဘယ်လိုကောင်းသွားတာဆိုပြီး ပြောပေးရတာပေါ့..အဲ့နောက် သူစိတ်ဝင်စားနေတဲ့ ၊သူ့ စိတ်ထဲ ရှိတဲ့ သူ့ရောဂါအကြောင်း နာရီဝက်လောက် ထိုင်နားထောင်ပေးခဲ့ရတယ်။ဘာပဲပြောပြော စိတ်ချမ်းသာသွားတာပေါ့။ကုသိုလ်ရမယ်ထင်တာပဲ။
အပျိုကြီးတွေတွေ့ …အပျိုကြီး ဘယ်တော့လဲ…ခန်းမအားတယ်နော…ပေါ့…ဘောသမားတွေ့တော့လဲ မန်ယူကဘယ်လို၊ အာကြီးက ဘာဖြစ်၊ မက်ဆီကတော့ လွန်နေပြီ တပွဲ နှစ်လုံး ပုံမှန်ပဲ၊ ဒိုလေးကတော့ သနားပါတယ် မက်ဆီခံနေလို့..နိုမို့ဆို ရွှေဘော့လုံးဆု သူရမှာ၊ချလ်ဆီး ပိုင်ရှင်ကတော့ ဒီမက်တီယိုလေးကို မထုတ်သင့်ပါဘူးကွာ..မောင်းက ဘယ်နှစ်မောင်းအောင်တာ နောက်ဆုံး ဘာနဲ့မှ ကျိုးသွားတာ ဘာညာသာရကာပေါ့…လေပေးဖြောင့်ပေးရတာပေါ့။ဒါတောင် ဒီလူက မန်ယူ ပရိတ်သတ်လား ချလ်ဆီးလား။အာကြီးလား။ခွဲပြီးပြောရသေးတယ်။မန်ယူသမားကိုချယ်လ်ဆီးကောင်းကြောင်း။အာကြီးသမားကို မန်ယူကဘယ်လို မိုက်ကြောင်းပြီးတော့လောင်းကစားဆိုတာ ဘယ်လိုမကောင်းကြောင်း၊ဘာမှအကျိုးမရှိကြောင်းဆိုပြီး သွားပြောကြည့်ပါလား။ထကန်မလားမသိဘူး။
မြေသမားကို မြေအကြောင်း၊ဆောက်လုပ်ရေးသမားကို တိုက်တွေအိမ်တွေအကြောင်း၊နိုင်ငံရေးသမားကျပြန်တော့ နိုင်ငံရေး၊ကဗျာသမားကျတော့ သူရေးထားတာလေးတွေ လိုက်ဖတ် ထောက်ခံပေါ့။ပြောရင်းထောက်ခံရင်းနဲ့ပဲ မုသာဝါဒတွေတောင် နည်းနည်းကျုးလွန်မိသွားပြီလားမသိဘူး။တအားရွိုင်းလာတဲ့သူကို တအားနုပျိုနေတာပါလား..လူတောင်မှားတယ်…ဆိုပြီးပြောတာလောက်ကတော့ မုသာဝါဒ ကျုးလွန်တာ မဟုတ်လောက်ဖူး ထင်ပါတယ်နော။ဘာပဲဖြစ်ဖြစ် ကိုယ့်နှုတ်ကထွက်သွားတဲ့ စကားတခွန်းက လူတွေ အနည်းနဲ့အများ စိတ်ချမ်းသာ သွားစေတယ်ဆိုရင်ပဲ ဘာပဲဖြစ်ဖြစ် ကုသိုလ်ရမယ်ထင်တာပါပဲ။ကဲ..ကဲ…အားလုံးလဲ ဘာပဲဖြစ်ဖြစ် ကိုယ့်ပါးစပ်ကထွက်လာတဲ့စကားလေးတခွန်းနဲ့ သာယာငြိမ်းချမ်းတဲ့ ကမ္ဘာလေးတစ်ခု တည်ဆောက်ကြရအောင်လားဗျာ။
10 comments
မိုချို
February 4, 2013 at 10:14 am
တခြား ဟာတွေ တော်တော် များ များ ကို အလိုက်ထိုက် လိုက်ပြောလို့ရပေမယ့် ၂လုံး၊၃လုံး သမား ရဲ့ ဘာ ကောင်း သလဲ ဆိုတဲ့ စကား ကတော့ ဘယ်လို မှ လိုက် ပြော ပေး လို့ မရ တာ အမှန်ပဲ။ နောက်ပြီး အတင်း ပြောတတ် တဲ့ မိန်း မကြီးတွေ နဲ့လည်း ဘယ်လိုမှ လေပေးဖြောင့် လို့ မရဘူး။ အဲဒါကြောင့် အဲလို လူ မျိုး တွေ အတွက် ကျမ က လူ့ ကန့် လန့် ဂွစာ ဖြစ်နေတတ်တယ်။
အဲ ….ကိုယ် က အတင်း တုတ် ချင်ရင်တော့ ဂဇတ်ထဲ ကောက်တင်လိုက် တာပဲ။
kyeemite
February 4, 2013 at 1:10 pm
ဦးကျောက်လုံးသား ကိုဝေဠုရေ…
“စကားလေးတခွန်းနဲ့ သာယာငြိမ်းချမ်းတဲ့ ကမ္ဘာလေးတစ်ခု တည်ဆောက်ကြရအောင်”
ဆိုတာ လက်ခံပါဂျောင်းးးး
kai
February 4, 2013 at 3:01 pm
“စကား (၆) ခွန်း ၊ လူ၌ထွန်း ၊ (၄) ခွန်းကိုရှောင် ၊ (၂) ခွန်းဆောင်”
(၁) ဟုတ်မှန်ခြင်းမရှိ ၊ အကျိုးလည်းမရှိ ၊ အပြောခံရသူလည်း မကြိုက်တာက တစ်ခု။
(၂) ဟုတ်မှန်ခြင်းမရှိ ၊ အကျိုးလည်းမရှိ ၊ အပြောခံသူကတော့ ကြိုက်တာက တစ်ခု။
(၃) ဟုတ်မှန်တယ် ၊ ဒါပေမယ့် အကျိုးမရှိ ၊ အပြောခံရသူလည်း မကြိုက်တာက တစ်ခု။
(၄) ဟုတ်မှန်တယ် ၊ ဒါပေမယ့် အကျိုးမရှိ ၊ အပြောခံရသူကတော့ ကြိုက်တယ်က တစ်ခု။
(၅) ဟုတ်မှန်တယ် ၊ အကျိုးလည်း ရှိတယ် ၊ အပြောခံရသူကလည်း ကြိုက်တယ်က တစ်ခု။
(၆) ဟုတ်မှန်တယ် ၊ အကျိုးလည်း ရှိတယ် ၊ အပြောခံရသူကတော့ မကြိုက်ပြန်ဘူး က တစ်ခု။
မဟာရာဇာ အံစာတုံး
February 5, 2013 at 12:11 am
ဒါဆိုလည်း ဘဂျီးရယ် …
“မုသား မပါ လင်္ကာ မချော”
… ဆိုဒါ .. ဘာရို့ ထွင်ရဒါဒုံးဂျာ ….။
++++++++++
ပို့စ်ရေးဒဲ့ လူဂျီးးး
ကျုပ်ကတော့ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီး ဖြစ်စေချင်ဘာဒယ် ..
ဒါပေသိ .. အဲ့လိုဒေါ့ ပေါဒတ်ဘူးးး
တကယ် … တကယ် …
ဘာရို့လဲဆိုဒေါ့ ….
(((( ကွမ်း ဝါးနေရို့ဘာ ))))
kai
February 5, 2013 at 12:29 am
လော့ဂျစ်နဲ့…သိပ္ပံမသိခင်ခေတ်က.. ရှေးရိုးစွဲတွေ.. သူတို့စကား…သူတို့ထိန်းညှိရင်း.. ထွင်ထားတာတွေပါ.. လို့..။ :kwi:
မဟာရာဇာ အံစာတုံး
February 5, 2013 at 1:08 am
ဟာဟ …
ဒို့ဘဂျီး ကတော့လေ ….
ကြုံတိုင်း ဖဲ့ တတ်တဲ့ ….
“ကြုံဖဲ့” … ဂျီးဘာလားနော် …
လူကလေး
February 4, 2013 at 3:17 pm
တစ်ကမ္ဘာလုံးကို မငြိမ်းချမ်းစေနိုင်ပေမယ့် .. ကိုယ်ပါဝင်ပတ်သက်နေတဲ့ ကမ္ဘာလေးကိုတော့ သာယာငြိမ်းချမ်းအောင် ကြိုးစားမယ်ဗျို့…. . .. … … …
johnnydeer
February 4, 2013 at 3:27 pm
နာမည်ပေးတဲ့ အဖေတော့ ကျီးမိုက်ကြီးလုပ်လိုက်မှ ဦးကျောက်လုံးဖြစ်သွားပါလား။ဒီဝေဠုက ရုပ်ရှင်ထဲကလို အဖေကို ပြုပြင်ဖို့ထား…အဖေထက် ဆယ်ဆမက ဆိုးနေတာက ခက်နေတယ်ဗျို့…
Mobile
February 4, 2013 at 9:48 pm
ပို့လေးကိုဖတ်ရတာ အင်မတန်မှ အကျိုးများပါတယ်။
ကျုပ်လို လူဂွစာ လူတိုင်းကို ပြောချင်ရာလျှောက်ပြော ရန်ဖြစ်နေရ
(–) မြင်ကတ်အမြဲးခံနေရတဲ့ လူအတွက် အကျိုးရှိလှပါတယ်။
သူကြီးပြောတဲ့ နိုင်ငံရေးဦးတည်ချက် ခြောက်ရပ်ကိုလည်း ကူးယူထားလိုက်ပါတယ်။
kthwinzayarmyo
February 6, 2013 at 7:24 pm
ကို johnnydeer က သူများ လေစီးကြောင်းထဲ မျှောလိုက်ဖို့ပြောတာလား၊
တစ်ဖက်သူ စိတ်ဝင်စားမှုရဖို့ ဒီလို(Intro ဝင်တာကို) နိဒါန်းချီသင့်တာကို
အပြည့်အဝ ထောက်ခံပါတယ်။ ဒါပေမယ့် လူဆိုတာ ကိုယ်ပိုင် ရပ်တည်
ခံယူချက် ရှိမှပေါ့။ ကိုယ်သိထားတဲ့ ပိုကောင်းမယ်ထင်တဲ့ လမ်းကြောင်းဆီကို
ဆွဲခေါ်လာနိုင်မှ ကိုယ့်ရပ်တည်မှု မှန်မှာပေါ့။ သာယာ ငြိမ်းချမ်းတဲ့ ကမ္ဘာ တစ်ခု
တည်ဆောက်ဖို့ နည်းလမ်းသိဖို့လိုတာပေါ့။သိပြီးရင် သိပြီးတဲ့အတိုင်း ကိုယ်
ကိုယ်တိုင် လိုက်နာကျင့်ကြံ၊ ချဲသမားတွေ့ရင် အထက်ကလို နိဒါန်းချီပြီး
ချဲသမားနဲ့ဆိုင်တဲ့ ငြိမ်းချမ်းမဲ့နည်းတွေ မငြင်းခုံဘဲသိအောင်ပြော။
လူပျို ကြီးတွေ့ရင်လည်း နိဒါန်းချီ ပြီးရင်း လူပျိုကြီးတွေနဲ့ဆိုင်တဲ့ ငြိမ်းချမ်း
မဲ့နည်းတွေပြော။ ဒီလိုနဲ့ မှ နည်းနည်းပိုပြီး သာယာငြိမ်းချမ်းတဲ့ ကမ္ဘာတစ်ခု
ဖြစ်လာမှာပေါ့။ ကိုယ် ပါတ်ဝန်းကျင်ကလည်း သူတိုချင်းဆုံမိရင် ကိုယ် ဘာ
လုပ်နေတယ်ဆိုတာ သိကြမှာ။ ပိုစ့်ထဲမှာလိုသာ ပြောဆိုနေမယ်ဆိုရင်တော့
သူတို့ချင်းဆုံမိတဲ့ အခါ ဒီကောင်က ဖေါ်လို(Follow)သမားပါကွာ လို့ပဲပြော
ကြလိမ့်မယ်။သူတို့ ကိုယ့်ကို တကယ်ခင်ကြမှာ မဟုတ်ဘူး။ ကိုယ်ကလည်း
သူတို့ကို ခပ်ပေါ့ပေါ့ပဲသဘောထား တာလေ။ မေးထူး ခေါ်ပြောရုံ။ငယ်ငယ်
တုန်းက သူငယ်ချင်းတွေ စကားနိုင်လုပြောကြတဲ့ သူကို အလိုက်သင့် ပြန်
ပြောတဲ့ စကားသတိရမိတယ်။ အရူးစိတ်ချမ်းသာရင် ကမ္ဘာကြီးတစ်ဝက်
ငြိမ်းချမ်းတယ်ကွ။ဘာပဲ ပြောပြောပါ။ ကျွန်တော်တို့ အားလုံးကလည်း
ယဉ်ယဉ်လေး (-) နေကြတာဆိုတော့ ကိုJohnnydeer ပြောသလို
စကားတစ်ခွန်းနှင့် သာယာငြိမ်းချမ်းတဲ့ ကမ္ဘာတစ်ခု တည်ဆောက်နိုင် မှာပါ။