ဆြာအုပ် နှင့် ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၃)
–
–
–
–
–
–
–
–
–
–
–
ဆဒ္ဒန်ဂူ
လတ်လောင် (16.742116,97.716542) မှာတည်ရှိပါတယ် (လတ်/လောင် ဘယ်လိုကြည့်မလဲ မသိရင် ဂျီင်္အိုတက် မှာကြည့်ပါ)
ကျွန်တော်ရဲ့ ဘားအံခရီးစဉ်ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၀) မှာဘားအံကိုရောက်ပြီး ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၁) မှာ ကျောက်ကလပ်တောင် ၊ ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၂) မှာ ဇွဲကပင်တောင်ကို ရောက်အပြီးမှာ ကရင်ပြည်နည်ရဲ့ ကျော်ကြားလှတဲ့ နောက်နေရာတစ်ခု ဖြစ်တဲ့ ဆဒ္ဒန်ဂူ ကို ဆက်လက် ခရီးဆက်ခဲ့ ကြပါတယ်. လမ်းကလဲ မကောင်း တာ ကြောင့် ဇွဲကပင်တောင်က နေ ထွက်လာပြီး ၁ နာရီ ခွဲ ကျော်ကျော် လောက် ကားစီးရပြီး နေ့လည် ၂ နာရီ မှာ လောက်မှာ မှာ ဆဒ္ဒန်ဂူ ကိုရောက်ပါတယ်..
စားသောက်ဆိုင်လေး ၃ ဆိုင်လောက်ရှိပြီး ထမင်း၊ ယိုးဒယားကင်၊၊ ကြက်ကြော်၊ ထမင်း စတာတွေရပါတယ်.. ဘားအံမှာ စားကောင်းတာ ကတော့ ကွေ့သယို ဖြစ်ပါတယ်.. မနက် ဘားအံရောက်ကတည်းက ကွေ့သယို တစ်ပွဲ စားပြီး ကျောက်လလပ်၊ ဇွဲကပင် တို ရောက်ပြီး ဘာမှ စားစရာ လဲစားမလာ ခဲ့ ရတော့ ဗိုက်ကလဲ ဆာနေတာနဲ့ ကွေ့သယို ပဲ ထပ်စားလိုက်တယ်..
ဆြာအုပ်ဂူဝင်ခန်း
ဆဒ္ဒန်ဂူ အဝင်အဝမှာတေ ာ့ ဆင်ကြီး ၂ ကောင် ရှိပါတယ်.. အဲဒီ မုဒ်ဝ ကနေ တက်ပြီး မှ ဂူအဝ ကိုရောက်ပါတယ်။ ဂူ အဝင်မှာတွေ့လိုက်ရတာ က တော်တော်ကြီးတဲ့ ဂူကြီးပါပဲ .. နောက်ရောက်ခဲ့တဲ့ ကော့ဂွန်း၊ ရသေ့ပျံ၊ ဘုရင့်ညီဂူ စတာတွေထက် ပိုကြီးပါတယ်.
ဂူထဲဝင်လိုက်တာနဲ့ အေးအေး စိမ့်စိမ့်ကလေး ခံစားရပါတယ်.. ဂူအဝကနေ အထဲဝင်လိုက်တဲ့ အခါမှာ တော့ အလိုအပ်ဆုံးအရာ ကို သိလိုက်ရပါတယ်.. အဲဒါကတော့ ဓာတ်မီးပါ.. ရောက်ဖူးတဲ့ ပိတ်ချင်းမြောင် တို့၊ ပင်းတယတို့၊ ထမ့်စမ်းဂူ စတာတွေလို မဟုတ်ပဲ အကြမ်းထည် ကြီးပါ.. မှောင်မည်းနေပြီး မီးချောင်းလေးတွေ ထွန်းထားပေမယ့် ကွက်ကြား ကွက်ကြားဆိုတော့ အဆင် မပြေတဲ့ အပြင် ရေလမ်းကြောင်း သျှိခေါ်မလား ခြောက်လိုလို တွင်းကြီးတွေလဲရှိပါတယ်.. လှေခါးထစ်တွေ လုပ်ထားပေးပေမယ့် တော်တော် ရေစိုစိစိ နဲ့ အတော် သတိထား ရပါတယ်.. ့
ဓာတ်မီးတော့ ပါလာပြီး ယူလာဖို့ မေ့လာလို့ ကိုယ့် ဘာသာကိုယ် ကျိန်ဆဲမိပါသေးတယ်.. တစ်ယောက်ထဲ မီးမပါပဲ သွားလို့ကတော့ ကျင်စွတ် ကြီးပါပဲ.. ဂူထဲမှာ တွေ့ရတဲ့ တခြား ဘုရားဖူးတွေလဲရှိပါတယ်.. သူတို့လဲ ဓာတ်မီးလေးတွေကိုယ်စီ နဲ့ပါပဲ။
အထဲမှာ မှောင်မဲနေလို့ ရိုက်လို့တောင်မရတဲ့ ဂူအထွက် ကို နာရီဝက်လောက် အကြာမှာ ရောက်ပါတယ်။ ဂူအထွက်မှာ နံရံတွေမှာ လှုပ်စိ လှုပ်စိ နဲ့ တွေ့ရတာကတော့ လင်းနို့တွေ ဖြစ်ပါတယ်.. ရိုက်ဖို့ကြိုးစားပေမယ့် ဖိုးကပ်ဖြတ်ဖို့ မရလောက်အောင်ကို မှောင် နေတာကြောင့် မကြိုးစားတော့ပါဘူး။
အောင်မြင်စွာနဲ့ ဖြတ်သန်း အပြီးမှာ တော့ ဂူအထွက်မရောက်ခင် ဘယ်လိုပြောမလဲ လော်ဘီ လိုနေရာမျိုးမှာ ကျောက်တိုင်းကြီးတစ်တိုင်က အလည်တည့်တည့်မှာ နေရာယူ ထားပြီး ဂူခေါင်မိုးပေါက်က ကျလာတဲ့ အလင်းရောင် အောက်မှာ ဓာတ်သေရိုက်ကြပါသေးတယ်။
ဆြာအုပ်ဂူထွက်ခန်း
အဲ.. အားလုံးပြီးစီးပြီး လွတ်လွတ်ကျွတ်ကျွတ် ထွက်လိုက်တဲ့ အခါမှာ တော့ ဆေဒ္ဒန်ဆင်မင်း ရေချိုးတဲ့ နေရာလို့ပြောကြတဲ့ ရေကန်ကြီးကို တွေ့လိုက် ရပါတယ်.. နောက်ခံ တောင်တန်းကြီးနဲ့ ရေကန်ကြီးဟာ ပန်းချီကား တစ်ချပ်လို တော်တော်လေးလှတာတွေ့ရပါတယ်..ကန်ကြီးထဲမှာ ငါးဖန်းနေကြတဲ့ လှေကလေးတွေကိုလဲ တွေ့ရပါတယ်..
ကြည့်ရင်းနဲ့ ပိုပြီးလှပဆန်းကျယ်တဲ့ သဘာဝတရားကြီးရဲ့ ဖန်းတီးမှုကို တွေ့လိုက်ချိန်မှာ တော့ ခုနတွေ့နေရတဲ့ ပန်းချီကားချပ်ကြီးဟာ မယုံနိုင်လောက်အောင်ပဲ အံ့ဩစရာ နဲ့ ပြည့်နှက်သွားပါတော့တယ်.. ဘာလို့လဲဆိုတော့ တွေ့နေရတဲ့ လှေကလေးတွေဟာ ကျုပ်တို့ မြင်နေရတဲ့ တောင်တန်းကြီး အောက်ကအလျှိလျှိ ထွက်လာတာပါပဲ..
ကျုပ်လဲ ဓာတ်ပုံရိုက်ချင်စိတ်ကို ဘယ်လိုမှ တားမရတော့တာကြောင့် အနားမှာ ရှိတဲ့ မုန့်ဆိုင်လေးကို မေးကြည့်ပါတယ်.. အဲ .. ဂူအထွက် ရေကန်ကြီးနားမှ မုန့်ဆိုင်လေးရှိပါတယ်.. အအေးလောက် သောက်လို့ရပါတယ်။ အဲဒီဆိုင်လေးက လှေကလေးတွေကို ခေါ်ပြီးသွားနိုင်ကြောင်း ဆဒ္ဒန်ဂူဝင်ပေါက်နား အထိရောက်ကြောင်း ပြောပြပါတယ်.. ဒါနဲ့ ကျုပ်လဲလှေနဲ့သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်.. ဓာတ်ပုံရိုက်ချင်တာရယ်.. နာရီဝက်လောက် မှောင်မှောင် မဲမဲ လမ်းလျှောက်ခဲ့တဲ့ ဂူကြီးထဲကို ပြန်မဝင်ချင်တော့ လို့ပါ. မဝင်ရဲ တာဆို ပိုမှန်ပါလိမ့်မယ်.. အဲလောက် သတ္တိကောင်းချက်..
ဆြာအုပ်သတ္တိပြခန်း
သဟာ နဲ့ပဲ လှေနဲ့သွားမယ်ဆိုပြီး လှေကို ခေါ်..ခေါ်လိုက်တဲ့ လှေကမ်းကပ်လာချိန်မှာ တော့ နဲနဲ စတွန့် သွားပါတယ်.. ကူးတို့ ပို့ပေးမယ်ဆိုတဲ့ လှေက ၂ ယောက်ပဲ စီးလို့ရမတဲ့.. လှော်တဲ့သူရယ် ၃ ယောက်ပေါ့.. တက်ပြီး လှေကမ်းက ခွာလိုက်တာနဲ့ စီးမိတာ မှားပြီဆိုတာ သိလိုက်ရပါတယ်.. လှေက သစ်လုံးကို ထွင်းထားတာ ဖြစ်ပြီး စောက်က တစ်ထွာ လောက်ပဲ နက်ပါတယ်.. အသက်ရှုလိုက်ရင်တောင် လူးနေတာကြောင့် အသက်တောင် ကောင်းကောင်းမရှူရဲ တဲ့ ဘဝရောက်သွားပါတယ်..
လှေဆိုလို့ အင်းလေးသွားတုန်းကလဲ အင်းလှေလေးတွေစီးဖူးပါတယ် အင်းလှေလဲ ပက်ပက် ကလေးပါပဲ .. တက်စကတော့ လူးပြီး နောက် အထာသိသွားရင် စီးနိုင် သွားပါတယ်.. ဒါပေမယ့် အင်းလှေထက်ကို သေးပြီး သစ်လုံး တစ်ဝက်စာ လောက်လေးပဲ ရှိတာကြောင့် ဆင်းတဲ့ အချိန်ထိ ဘုရားတနေခဲ့ရပါတယ်.. ရေကတော့ ခါးတစ်ဝက် လောက်(ကျုပ်ဆိုရင်တော့ ရင်ဆို့လောက်ရှိမှာပေါ့) ပဲရှိပါတယ်လို့ ပြောပါတယ်.. ဒါပေမယ့် ကျုပ်ကြောက်တာက လူရေနစ်မျှမှာ မကြောက်ပါ.. ရှိစုမဲ့စု ကင်မလာလေး နစ်ရင်ဖြစ် ဆိုပြီး အသက်တောင်မရှုူနိုင်ဖြစ်ရတာ ပါ..(ကြောက်ဘူးကွ.. ဟိ ကင်မလာကိုလွှဲချလိုက်ပီ) အဲဒါနဲ့ပဲ ခုနက ရိုက်ချင်လှချည်ရဲ့ ဆိုတဲ့ သဘာဝတရားကြီးကို အဖြစ်လောက်ပဲ ရိုက်နိုင်လိုက်ပါတယ်။
မရိုက်ရဲပေမယ့် ရိုနိုင်သလောက်လေးတော့ ရိုက်ခဲ့ပါသေးတယ်.. ခုနက အပြင်ကနေတွေ့ရတဲ့ ကျောက်တောင်ကြီး အောက်ကို ဝင်သွားချိန်မှာတော့ ..ကတောက်.. လှေဒါ့ထက်ကြီးရင်ကောင်းမယ်ကွာ ဆိုပြီးတော့ တက်ခေါက် လိုက်ပါတယ်.. ကျောက်တောင် အောက်မှာ ဂလိုင်ကြီးဖြစ်နေတာ ဖြစ်ပြီး လူတစ်ထိုင် စာလောက်ပဲ လွတ်ပါတယ်..
အထဲမှာ အလင်းရောင် နဲနဲပဲရှိတာကြောင့် အီး.. ကျောက်ချာဂျီး.. အဲဒီ နေရာက ဝင်ပြီး ကျောက်တောင်ကြီးကို နောက်ဘက် ထိအာင်ခြေကဖောက်ထွက် သွားပါတယ်..
တဘက်ပေါက်ရောက်သွားတဲ့ အခါမှာတော့ စပါးစိုက်ခင်းနဲ့ ဘေးမှာ တောင်မကြီးတွေနဲ့ သာယာလှတာကို တွေ့ရပါတယ်.. ကြောက်ပါတယ် ဆိုမှ လှေထိုးသား ကိုကိုက ပုဆိုုးပြင်ဝတ်လိုက် မတ်တပ်ထလိုက် ထိုင်လိုက်နဲ့ ..
ဆြာအုပ် နှပ်ပစ်ခံရခန်း
နာက်ဆုံးကမ်းစပ်ရောက်တဲ့ အခါမှာတော့.. ၁၅ မိနစ်လောက်ကြာတဲ့ ကူးတို့ခကို၂၀၀ဝ ကျတယ်ဆိုတာကြောင့် ပေးခဲ့ရပြီး ကျန်သူတွေ ၃ ယောက်စီးတဲ့ လှေကျတော့ ၁၅၀ဝ ပဲပေးရကြောင်းသိရချိန်မှာေ တာ့ နှပ်ပစ်ခံရမှန်း သိလိုက်ရပါတယ်..ဂူအဝင်ကနေ နာရီဝက်လောက် လမ်းလျှောက် တာကို ဝေးတယ်ထင်ပြီး ကူးတို့သမား တို့ရဲ့ လှေက ဂူဝထိရောက်တယ် ဆိုတဲ့ စကားကိုယုံပြီး လိုက်လာ လှေဆိုက်ပြီး ကုန်းကြောင်း ၁ဝ မိနစ်လောက် လမ်း လျှောက်လိုက်ရတဲ့ အခါမှာတော့ ဒုတိယံပိ နှပ်ပစ် ခံလိုက်ရမှန်းသိလိုက်ရပါတယ်..
နောက်ဆုံးတော့ အဝင်ကိုပြန်ရောက်တယ်ပေါ့ဗျာ.. ဂူကို အပြင်က လှေစီးပြီးပတ်လိုက်တာပေါ့.. အမှတ်တရလေးတော့ ဖြစ်ကျန်ခဲ့သလို ကင်မလာနဲ့မို့လို့ ကြောက်မဲ့ သာကြောက်တာ အမှန်တော့ ကြောက်စရာမကောင်းပါဘူး.. ပျော်စရာကောင်းတဲ့ ရေလမ်းခရီးလေးမို့လို့ ရောက်ခဲ့ကြရင်ဖြင့် အပြန်ကို ဂူထဲကနေပြန်မလာပဲ လှေကလေးတွေစီးပြီး ပြန်ခဲ့ကြဖို့ တိုက်တွန်းလိုက်ရပါတယ်ဗျို့.
ဆြာအုပ် နှင့် ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၄) မှာတော့ နာမည်ကြီး ရှေးဟောင်းသမိုင်းဝင်ဖြစ်တဲ့ ကော့ဂွန်းဂူ ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်..
သဗ္ဗေသတ္တာ ကမ္မသကာ
ဆြာအုပ်
——————- ဒီအောက်မှာ ဖော်ပြပေးထားတာကတော့ ဆဒ္ဒန်ဂူနဲ့ ပါတ်သတ်တဲ့ အကြောင်းအရာလေးတွေကို ရှာဖွေဖော်ပြပေးထားပါတယ်———————
ဆဒ္ဒန်ဂူနဲ့ပါတ်သတ်ပြီး ဖော်ပြထားတဲ့ အကြောင်းအရာတွေဖြစ်ပြီး အောက်မှာ credit ပေးထားပါတယ်.. ကျွန်တော် ရေးထားတာမဟုတ်တာကြောင့် အကြောင်းအရာ မှန်ကန်မှု/ မှားယွင်းမှု၊ အယူအဆ စတာတွေ ဟာ ကျွန်တော်နဲ့မသက်ဆိုင်ကြောင်း အသိပေးအပ်ပါတယ်…
ကရင်ပြည်နယ် ဘားအံမြို ့နယ် အတွင်း တည်ရှိပြီး ဂူ အတွင်း မိနစ် နှစ်ဆယ်ခန် ့ လမ်းလျောက်သွား နိုင်ပြီး .နှစ်ဖက်ပေါက် သော ဂူ အမျိုးအစားဖြစ်ကာ ဂူ၏အခြား တစ်ဖက်တွင် ဆဒ္ဒန်ဆင်မင်း ရေချိုးသည် တောင်တန်းတွေကြားမှာ ရေကန်တည်ရှိသည်။ ဂူအတွင်း တွင် ကျောက်မှာ ဖြစ်သော ကျောက်သွေး များ ထွက်သော နေရာ များလည်း ရှိပါသည်..။ တလက်လက်တောက်ပနေသော ဂူမိုးအစွယ်များ ရွှေတောင် ငွေတောင်များနှင့် ဂူအတွင်း တံတားထိုး ဖြတ်သန်းရသော ချောက်များ၊ ဂလိုင်များ၊ ဂူခွဲ များနှင့် စိတ်ဝင်စားဖွယ်ကောင်းပြီး ရှေဟောင်း အုတ်ခွက်ဘုရားများ ကိုလည်း ဖူးမျှော်နိုင်ပါသည်..။ ကရင်ပြည်နယ် ဘားအံမြို့တောင်ဖက် မို်င်-၂ဝ အကွာရှိ ဇွဲကပင်တောင်တန်း၏ တောင်ဖက်အစွန်ဆုံးတွင် ထန့်ကမာ့ခမိုက် – ဆဒ္ဒန်လိုက်ဂူတော်ရှိသည်။ ကော့မူးတာကျေးရွာအုပ်စု၊ ကော့ဝါးဆူးရွာနှင့်နီးသည်။ ဇွဲကပင်တောင် အရှေ့ဖက်ကားလမ်း အိန္ဒုရွာမှတစ်ဆင့်လည်းကောင်း ဇွဲကပင်အနောက်ဖက် ဘားအံ ဒုံရင်းကားလမ်းမှလည်းကောင်း မွန်ပြည်နယ်မှလာမည်ဆိုလျင် ဂျိုင်း (ဇာသပြင်) တံတားကိုဖြတ်ကာ ၊ ရွှေပြည်တောင် အပါယ်ပိတ်ဘုရားလမ်းခွဲမှလည်းကောင်း သွားရောက်နိုင်သည်။ တန့်ကမာ့ခမိုက်ဟုခေါ်ခြင်းအကြောင်း လိုဏ်ဂူအနီးတွင် ရေကန်နှင့် ကန့်အိတ်ပင်ရှိသောကြောင့် ထိုနေရာအရပ်ဒေသကို အစွဲပြု၍ ခေါ်ဝေါ်ခြင်း ၊ဖြစ်သည်။ ဆဒ္ဒန်လိုဏ်ဂူဟုခေါ်ခြင်းအကြောင်း လိုဏ်ဂူ၏ပတ်ဝန်းကျင်တွင် ဧက ၂၀-ခန့်ကျယ်သော အင်းအိုင်ကြီးရှိသည်။ ထိုအင်းအိုင်ကြီး၏ တောင် ဘက်တွင် ထန့်ဘိုင်းနာ့ခေါ် ဆင်ဟိုင်းတောင်နှင့် အင်းကြီးရှိသည်။ ဆဒ္ဒန်ဆင်မင်းပျော်မွေ့ခဲ့သည့် ဆဒ္ဒန် အိုင်ဟု တင်စားကြသည်။ ထူးဆန်းသော သဘာဝကျောက်တုံး၊ ကျောက်ဆောင်၊ ကျောက်ပန်းခက်တို့ရှိ သည်။ ထိုသဘာဝတရားတို့သည် ဆဒ္ဒန်ဆင်မင်းဇာတ်ဝတ္ထုနှင့် များစွာတူညီသည်ကို အစွဲပြု၍ ဆဒ္ဒန်ဂူ ဟု ခေါ်တွင်ကြသည်။
ဆဒ္ဒန်ဂူ၏ အံ့ဖွယ်နေရာများ
- ကျောက်သွေးတွင်း = စီးပွားဖြစ်လုပ်စဉ်က မထွက်ပဲ ကုသိုလ်ဖြစ်ဝေငှသောအခါ ပုံမှန်ပြန်ထွက်သော ၊ ကျောက်သွေးတွင်းဖြစ်သည်။ ကိုယ်တွင်းရောဂါများပျောက်သည်။
- ကြယ်ရောင်တောက်သော စိန်တောင်ကြီး = ဂူတွင်းတွင် ထိုသို့အရောင်တောက်သော်လည်း ဖဲ့ယူ၍ အပြင်ရောက်သောအခါ အရောင်တောက်မှုမရှိတော့ပေ။ မန်အဖြူရောင်သာထွက်တော့သည်။
- လွှသဏ္ဍာန်နှင့်တူသော သဘာဝကျောက်တောင်ကြီး = ဆဒ္ဒန်ဆင်မင်းအစွယ်ကို မုဆိုးကြီးဖြတ်စဉ်က လွှသဏ္ဍာန်ဖြစ်နေသည်။
- မုဆိုးမြားပေါက် = ထိုတောင်၏ အပေါက်မှာ ဝိုင်းနေ၍ လွန်နှင့်ဖေါက်ထားသကဲ့သို့ဖြစ်နေသည်။
- သမီးတော်စံမြန်းသောဂူ = အမှောင်တွင် အရောင်တစ်မျိုး အလင်းတွင် အရောင်တစ်မျိုးဖြစ်နေသည်။ လုံလုံခြုံခြုံရှိ၍ ဝင်ရခက်သည်။ ဆဒ္ဒန်ဆင်မင်းက သူ၏သမီးကို အပြင်သွားလျင် ဖွက်ထားခဲ့သည့်နေရာ ဟုဆိုသည်။
- ကျာက်အူခွေ = ကျောက်ကြောရှည်ရှည်မျှောမျှောများက ဆဒ္ဒန်ဆင်မင်း၏အူခွေအလား ထင်မှတ် ရသည်။
- စပါးကျီတောင် = စပါးစေ့နှင့်တူသော ဂဝံကျောက်ဖြုန်းများရှိသည်။
- ကျာက်ကမ်းပါးယံ = လင်းနို့များစွာတို့ ရှိနေကြသည်။
- ကျောက်ရိုးပုံတိုင်ကြီး = ဆင်ကြီးတစ်ကောင် နှာမောင်းထောင်နေပုံသဏ္ဍာန်ရှိသည်။
- မုဆိုးခမောက် = ကျောက်ချောတုံးကြီးသည် ခမောက်တစ်ချပ်နှင့် ပုံသဏ္ဍာန်ရှိနေသည်။
- အံသွားကြွေကျရာ = ကျောက်ဆိုင်ခဲများ မြေတွင်စိုက်ဝင်နေသည်မှာ ဆဒ္ဒန်ဆင်မင်းကို အစွယ်ဖြတ်စဉ် အံသွားတို့ ကြွေနေဟန်ဖြစ်သည်။
- ဆင်တိုင် = အလွန်ကြီးမားသော ကျောက်မိုးမျှော်တိုင်ကြီးဖြစ်သည်။
- ဂူဝလွမ်းစေတီ = ကိုးတောင်ပြည့်စေတီဖြစ်သည်။
- ဘေးမဲ့ရေအိုင် = ဧက ၂၀-ခန့်ကျယ်သော အိုင်ကြီးဖြစ်သည်။
- ဆင်ဟိုင်းဂူ = ပေအမြင့် ၃၀-ခန့်ရှိ၍ ရှေးအခါက ဆဒ္ဒန်ဂူတွင် ဆင်ဖြူများနေ၍ ဤဂူတွင် ဆင်မည်းများနေသည်ဟုဆိုသည်။
- တွန်ထွန့်ဖန်ခေါ် ရေကျော်ကန် = ထိုကန်နံဘေးတွင် ရေကန်တစ်ကန်ရှိသည်။ ထိုကန်မှတစ်ဆင့် ဇွဲကပင်တောင်စွယ်၊ လွန်းညတောင်၊ လက္ခဏာတောင်၊ နတ်ထိပ်တောင်တို့ကို မြင်နိုင်သည်။
- လက်ရေးစင်းအုတ်ချပ်များ = ဤဂူတွင်တွေ့ရသော အုပ်ချပ်များသည် ကော့ဂွန်း၊ရသေ့ပျံ၊ ဖားကပ်၊ ဘုရင်ညီနောင်၊ဓာတ်ကျိုက်၊ ရဲသာနောင်ခရိုင် ဂူများရှိ လက်ရေးစင်းအုတ်ချပ်များနှင့်တူညီသည်။ လက်ရေး စင်း အမျိုးအစား ၂၂-မျိုးတွင် ပါဝင်သည်။
- ကျာက်ကမ်းပါးံမှ ကျောက်ကပ်အုပ်ခွက်ဘုရားများ = ရှေးအခါက မှောင်ခိုသမား၊သူခိုးတို့က တားဆီး မည့်သူ မရှိသဖြင့် အေးအေးဆေးဆေး ခွာယူကြသည်။ အချို့က လက်နက်အစောင့်ထား၍ပင် ခွာယူကြ သည်ဟုဆိုသည်။ ကျည်မထွက်သည်အထိ စွမ်းသည်ဟူသောစကားကြောင့် ခွာယူရောင်းချကြသည်။ ယခုကား အုတ်ခွက်နေရာပေါင်း ထောင်ပေါင်းများစွာကိုသာတွေ့ရပြီး ကျောက်ကမ်းပါးအမြင့်ဆုံးနေရာ ရှိ လေး၊ငါးဆူမှအပ မရှိတော့ချေ။
- ရှးဟောင်းစေတီတော် = ဂူအတွင်း ပေ-၁၀ဝခန့်တွင် ကိုးတောင်ပြည့်စေတီတစ်ဆူရှိသည်။ ရှမ်းတို့က တည်သည်ဟုလည်းကောင်း မွန်တို့က တည်သည်ဟုလည်းကောင်း ဆိုကြသည်။ အထောက်ထားကား မတွေ့ရသေးချေ။ ထူးခြားမှုမှာ ရသေ့ပျံဂူရှိစေတီနှင့် ဉာဏ်တော်အနိမ့်အမြင့်မှတပါး ပုံစံတူညီသည်။
- ဆဒ္ဒန်ဂူကျောင်းရှိ ရှေးဟောင်းရုပ်ပွားတော် = ရှေးက မသမာသူတို့ ယူဆောင်ရာမှ လက်ကျန်ဖြစ် ဟန်တူသည်။ အကျိုးအပဲ့များသာ ရှိတော့သည်။ ကိုးဆူရှိသည်။
- တိုက်ကျောင်းကြီးအပေါ်ထပ်ရှိ ဘီရိုနှစ်လုံး = ၁၂၉၀-တွင် ပြာသိုလကွယ် ကော့မူးတာရွာ ဦးဖော်လဲတို့ မှ ဆင်းတုခန်းလှူသည်ဟူသော စာကိုတွေ့ရှိရသည်။ ဤစာအရ ယခင်က ဆင်းတုတစ်ဆူရှိရမည်။
- ရှေးဟောင်းလျောင်းတော်မူဘုရား = ရှမ်းတို့က တည်သည်ဟုဆိုသည်။ သို့သော် ရှမ်းတို့၏လက်ရာ မတွေ့ရ၊ အခြားအဆိုတစ်ရပ်မှာ မုတ္တမ မွန်မင်းဆက် (ဝါရီရုမင်းဆက်) လက်ထက်တွင် တည်သည်ဟု ဆိုသည်။ ရှေးကမွန်တို့သည် နှစ်စဉ် ဝါခေါင်လပြည့်ကျော် ၁-ရက်တွင် လာရောက်လေ့ရှိကြသော်လဲ ယနေ့ခေတ်တွင် အဝေးမှမလာနိုင်ကြတော့ပဲ ရပ်နီးမှမွန်တို့သာ လာကြသည်။ ဆဒ္ဒန်ဂူတွင် အကြီးဆုံးနှင့် အထင်ရှားဆုံး ရှေးဟောင်းပစ္စည်းဖြစ်သည်။
- ထူးသောကျောက်တုံးကြီး = ၁၃၂၀-ခု၊ ဆရာတော်ဦးဝါရိန္ဒလက်ထက် လိုဏ်အတွင်း စေတီနှင့် ၊ လျောင်းတော်မူအကြား ကျောက်တုံးတစ်တုံးကျလာသည်။ ဆရာတော်ရွှေ့ခိုင်းသဖြင့် ရွှေ့ကြသော်လည်း မရွေ့ချေ။ ဤအတိုင်းဆိုလျင် ခက်ချေပြီ။ သို့သော် သင်္ကြန်ကျရန် ၂-ရက်အလို ညသန်းခေါင်တွင် ဂူအနီးမှ လူသံကဲ့သို့အသံများကြားရပြီး ကျောက်တုံးကြီးအနီးတွင် မီးအလင်းရောင်မြင်ရ၍ ပေါ်လိုက်ပျောက် လိုက်ဖြစ်နေကာ မိုးသောက်သောအခါ ကျောက်တုံးသည် ကျောက်ကမ်းပါးဂူခြေ၌ တစ်ဖက်တွင် မှီကပ်နေ သည်။ ယနေ့တိုင် ၄၅-ဒီဂရီစောင်းလျက် တည်ရှိနေသည်။
ဆဒ္ဒန်လိုဏ်ဂူ၏ နှစ်စဉ်ပွဲတော်များ
- ဆဒ္ဒန်လှိုဏ်ဂူပွဲတော် = နှစ်စဉ်သင်္ကြန်အတက်နေ့တွင် ပုံမှန်ကျင်းပသည်။
- တန်ခူးလဘုရားပွဲတော် ရဟန်းခံရှင်ပြုပွဲ။
- ကဆုန်လညောင်ရေသွန်းပွဲ။
- ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ။ = ဝါခေါင်လဆန်း ၁-ရက်မှ ၁၅-ရက်ထိ သင့်သောရက်တွင် ကျင်းပသည်။
- ဝါခေါင်လဆုတ် ၁-ရက်နေ့ မွန်အမျိုးသားပွဲ။
- တော်သလင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ။
- သီတင်းကျွတ် တန်ဆောင်တိုင်မီးထွန်းပွဲတော်။
နန်းရွှေကျင်နှင့်ဆဒ္ဒန်ဂူ
ရှေးအခါက ဒုံရင်းနေပြည်တော် သုဓမ္မရာဇာမင်းကြီးနှင့် အဂ္ဂဒေဝီမိဖုရားတွင် ဒေဝဇာဏီဟူသော သားတော်တစ်ယောက်ရှိသည်။ အရွယ်ရောက်သောအခါ မုလအိ၊မုလအရှိမည်သော ရသေ့ကြီးနှစ်ပါးထံ ပညာသင်ရာ ၁၈-ရပ်သောအတတ်ကို သင်ယူပြီးမြောက်ခဲ့သည်။ ရသေ့ကြီးတို့၏ ဒါယကာဖြစ်သူ ဘိုးတာပေါ၏ သမီး နန်းရွှေကျင်နှင့်လက်ထပ်ပြီးနောက် မိဘကန့်တော့ရန် ဦးရီးတော်ဘိုးလုံးတော်နှင့် အတူ နေပြည်တော်သို့ ခရီးဆက်ခဲ့သည်။ နန်းရွှေကျင်၏ အကိုဖြစ်သူ တန်ပိပျော်သည် ညီမဖြစ်သူ ဒုက္ခရောက်လျင် သိရန်အလို့ငှာ ကတိသစ္စာပန်းစိုက်ပျိုးထားကာ နေ့စဉ်ရေလောင်းတော့သည်။ ထိုသို့ခရီး ဆက်ခဲ့ရာ ကျုံတိုးတောင်သို့ရောက်ခဲ့သည်။ ကျုံတိုးတောင်သည် နတ်၊ဝိဇ္ဇာများက စောင့်ရှောက်ရသော နတ်ဂမုန်း ဆေးပင်ဆေးဥတို့ဖြင့် ပြည့်နေသည်။ ကျုံတိုးတောင်ကို ဖြတ်ကျော်လျင် ပူဇော် ပသပြီးမှ သွားရ သည်။ နန်းရေကျင်တို့သုံးဦးသည် မပသပဲသွားမိသဖြင့် ဂမုန်းပင်၊ဆေးပင်များ တန်ဖိုးပျက်ကုန်ရာ နတ်ဝိဇ္ဇာ တို့ အမျက်ထွက်သဖြင့် အမျိုးမျိုးနှောက်ယှက်ကာ မင်းသားကို ကျိုင်းချောင်းတွင် သေအောင်သတ်၍ မိကျောင်းအဖြစ်ထားတော့သည်။
တူဝရီးနှစ်ယောက်ကိုလည်း ဂူအတွင်းထည့်ထားကာ ဂူဝကို ပိတ်ထား ခဲ့သည်။ ဂူတွင် ကိုယ်ဝန်ရသဖြင့် နန်းရွှေကျင်မှ ကယ်တင်ပါရန် နတ်တို့အား တိုင်တည်သဖြင့် သိကြားမင်း ဆင်းကယ်လေသည်။ သားငယ်ကိုကား ခေါ်ယူမွေးမြူထားသည်။ သားတော်အရွယ်ရောက်သော အခါ မယ်တော်နှင့် ဦးရီးတော်တို့ကို ကယ်တင်ပြီး ဒုံရင်းနေပြည်တော်သို့ သွားရန် သိကြားမင်းထံခွင့်ပန်သည်။ သိကြားမင်းမှ အကယ်၍သွားမည်ဆိုလျင် လမ်းခရီးတွင် ရွှေယောင်ယဘုရားကို တွေ့ပါက ရှိမခိုးပါနှင့် အကြောင်းမှာ သင့်ဘိုးတော် ဒုံရင်းဘုရင်သည် စေတီတည်ရာ ထီးမတင်မီ ငါတည်သောဘုရားကို ထီးတော် မတင်ရသေးပဲလျက် ရှိခိုးပါက ယောက်ျားဖြစ်က ကျားကိုက်စေ၊ မိန်းမဖြစ်က မြွေနဂါးပတ် ၍ သေစေ-ဟု အဓိဋ္ဌာန်ပြုခဲ့သည်။ ထီးတင်၍မပြီးမီ နတ်ရွာစံခဲ့သည်။ ထို့ကြောင့် ရှိမခိုးပါနှင့်-ဟုပြောကာ သွားခွင့်ပြုသည်။
သိကြားမင်းသည် အခြားသူမဟုတ် တစ်ချိန်က ဒုံရင်းနေပြည်တော်၏ဘုရင် သုဓမ္မရာဇာ ၊ ဖြစ်သည်။ မင်းသားသည် မယ်တော်ကိုကယ်တင်၍သွားရာ လွန်းညတောင်ခြေအရောက်တွင် မိခင်ကို သင့်တော်ရာထား၍ ဦးရီးတော်နှင့်အတူ ရေရှာထွက်ခဲ့သည်။ အပြန်တွင် စေတီတော်ကိုမြင်၍ ကြည်ညို လွန်းသဖြင့် ရှိခိုးရာ ကျားတို့က အလိုလိုထွက်ကာ ကိုက်ကြသည်။ ဦးရီးတော်သည် နန်းရွှေကျင်ကို အကြောင်းချင်းရာအစုံ ပြောပြရာ နန်းရွှေကျင်သည် ရူးမတတ်ခံစားလျက် ဆက်လက်ထွက်ခွာလာရာ ဆဒ္ဒန်ဂူကိုတွေ့ရသဖြင့် ထိုဂူတွင် ရသေ့မ,ဝတ်ကာ ဦးရီးတော်ကား ကပ္ပိယအဖြစ်ဖြင့် နေထိုင်လေသည်။ မုလအိမုလအ,တောင်ရှိ အစ်ကိုဖြစ်သူ
တန်ပိပျော်၏ သစ္စာပန်းသည် နေ့စဉ်ရေလောင်းသော်လည်း ညှိုး သထက်ညှိုးလာရာ ညီမတော်ဒုက္ခရောက်နေသည်ကို သိလိုက်ရသည်။ ထို့ကြောင့် လိုက်လာရာ လမ်းခရီး
တွင် ရသေ့ကြီးတို့ ပေးလိုက်သော ဆေးလုံးတန်ခိုးကြောင့် အန္တရာယ်ကင်းခဲ့သည်။ ဝိဇ္ဇာနတ်များကို မေးမြန်းရာ သိကြားမင်းသယ်ဆောင်သည်မှစကာ အကြောင်းစုံရှင်းပြသည်။ တန်ပိပျော် သည် ဆေး လုံးဖြင့် မိကျောင်းကို ပစ်ပေါက်ရာ မိကျောင်းသည် ဒေဝဇာဏီမင်းသား အသွင်ကိုရရှိသည်။ ဆဒ္ဒန်ဂူ သို့ရောက်သောအခါ ရသေ့တို့ကလည်း ဈာန်ဖြင့်ရောက်လာသဖြင့် နန်းရွှေကျင်ကို လူဝတ်လဲစေ လျက် ပြန်လည် လက်ဆက်ပေးခဲ့သည်။ ဤကား နန်းရွှေကျင်နှင့် ဆဒ္ဒန်ဂူတို့ဇာတ်လမ်းတည်း။
လေးသည်ကျော်,လစွဲနှင့် ဆဒ္ဒန်ဂူ
ထန့်ကမာ့ခမိုက်-ဆဒ္ဒန်ဂူသည် နေရာကျယ်၍ တိုးလျိုးပေါက်ရှိသည်။ မြေပြင်အထက် ပေ-၂ဝခန့်တွင် တည်ရှိသည်။ အခါတစ်ပါး ကရက္ကကတိုင်းဘုရင် တိဿသက္ကသည်
ယွန်းသူပုန်တို့ကို နှိမ်နှင်းရာ နိုင်ငံ အစွန် အဖျား ဒိုဟန(ဒေါန)တောင်တန်းဒေသသို့ ရောက်ခဲ့ရာ ဤနေရာသည် ရန်ပေါင်းအောင်ရာ အရပ်ဖြစ်၏-ဟု ဆိုကာ ဇေယျမြို့ကို တည်ထောင်ကာ ခုနစ်လတိုင်တိုင်နေထိုင်သည်။ ထိုသို့နေစဉ်အတွင်း ဇွဲကပင်တောင်ခြေ ဆဒ္ဒန်ဂူတွင် စခန်းချလျက် ရပ်ရွာကိုစောင့်လျှောက်သော လေးသည်ကျော်,လစွဲသည် လက်ဆောင်ပဏ္ဏာနှင့်အတူ ဘုရင့်အားလာရောက် ဂါရဝပြုသည်။ ဘုရင်သည် လစွဲအား လုဒ္ဓယောဓဘွဲ့ အပ်နှင်း၍ ကရင်၊လဝ၊ပအိုဝ့်၊ရှမ်း၊မွန်တို့ နေထိုင်သော ပအာဝနဒေသကို ဘုရင့်ကိုယ်စား လွှဲအပ်အုပ် ချုပ်စေသည်။
လုဒ္ဓယုဓ်မင်းသည် ပအာဝနတောအုပ်ကို မြို့ပြတည်ထောင်သည်။ ပအာဝနတောကြီးနှင့် ဇွဲကပင်တောင်ခြေ ပတ်ဝန်းကျင်တို့ကို ပအာဝနနေပြည်တော်အဖြစ် ပေးသနားတော်မူသည်။ တိဿသက္က မင်းလက်အောက်တွင် ၂၁-နှစ်တိုင်အောင် ထီးရံနန်းရံမင်းအဖြစ် နေခဲ့ပြီး ကောဇာ ၁၁၀-တွင် တိဿသက္က မင်းနတ်ရွာစံသဖြင့် သီးခြားမင်းပြုသည်။ ဘိုးတော်မင်းလက်ထက် ၁၁၄၉-ခု၊ မွန်ရာဇဝင်မှ မြန်မာဘာသာ သို့ ပြန်ဆိုသော ကျမ်းတွင် ဂေါတမဘုရားရှင်မပွင့်မီ ၁၄-နှစ်မှစ၍ ပရိနိဗ္ဗာန်စံပြီး သာသနာသက္ကရာဇ် ၁၆၀၁-တွင် သုဝဏ္ဏဘူမိတိုင်း သုဓမ္မဝတီ သထုံပြည်တွင် မနုဟာမင်းလက်ထက်တိုင် ပအာဝနမြို့ ရှိခဲ့ကြောင်း ဆိုထားသည်။
အထက်ပါစာတို့ကို ကွယ်လွန်ပြီဖြစ်သော ဆရာမန်းသင့်နောင် ရေးသည့် ဆဒ္ဒန်လိုဏ်ဂူတော်-ဟူသော စာအုပ်မှ ထုတ်နှုတ်ရေးသားပါသည်။
Credit : http://devamanussa09.multiply.com
https://www.facebook.com/permalink.php?id=182039631890567&story_fbid=325577297553020
13 comments
P chogyi
February 4, 2013 at 9:11 am
လှေခပေးရပေမဲ့ ဓာတ်ပုံတွေကကောင်းတော့တန်ပါတယ်။
ကျောင်းအုပ်ရယ်။
ပုံတွေအရမ်းကြိုက်တယ်ဗျာ။
kyeemite
February 4, 2013 at 2:04 pm
မရောက်ဖူးသေးဘူးဗျာ..ပုံတွေစုံစုံလင်လင်နဲ့
ရှင်းပြထားတာလေးတော်တော်ကောင်းပါတယ်..
သင့်ခရုပါ။
နွယ်ပင်
February 4, 2013 at 4:30 pm
ပတ်0န်းကျင်ရှုခင်းလေးတွေက လှလိုက်တာနော်
အဲဒီနေရာကို အချိန်အခက်ခဲကြောင့် မရောက်ဖြစ်လိုက်ဘူး ….
Ma Ei
February 4, 2013 at 4:53 pm
ဓာတ်ပုံလေးတွေလှလို့ သွားချင်လိုက်တာ
စာဖတ်မိတော့ မသွားရဲဘူး ဆြာအုပ်ရေ…
ဂူတွင်းလဲ မဝင်ရဲ၊ လှေလဲ မစီးရဲ ဘူး…
ဆြာအုပ်ဓာတ်ပုံတွေ ကူးထားမယ်နော်…
surmi
February 4, 2013 at 8:05 pm
ဆရာအုပ်ရေ
ဓတ်ပုံလေးတွေကလည်း မိုက်တယ်
ဆရာအုပမရေးထားတာလည်း သွက်တယ်
ပြန်သွားချင်စိတ်တောင်ပေါက်သွားပြီဗျို ့…
မောင်ပေ
February 4, 2013 at 9:04 pm
ဆဒ္ဒန်ဆင်မင်း က စူဋ္ဌသုဘဒ္ဒါ ကို ပေးတဲ့ ပန်းတွေ ကော မတွေ ့ခဲ့ဘူးလား ဆြာအုပ်
ဂန္ဓာရီ ဆြာအုပ်
February 5, 2013 at 3:21 pm
စူဋ္ဌသုဘဒ္ဒါ ပေးတဲ့ပန်းတွေတော့ မတွေ့ခဲ့ဖူးဗျ.. ခါချဉ်တွေတော့ တွေ့ခဲ့တယ်..
မဟာရာဇာ အံစာတုံး
February 4, 2013 at 9:11 pm
အဝင်က ဆင်ကြီး နှစ်ကောင်က
ညစ်ပေနေဒယ်နော် …
ပြန် ဆေးသုတ်လိုက်ရင် အတော်လေး ကောင်းမှာ …
ပုံဒွေဂို အားပေးတွားဘာဒယ် ချာအုပ် ခညာ …
ပုံတွေဂ ချာအုပ် ရိုက်ကတည်းက ကောင်းပီးတားဆိုဒေါ့ ..
ဘာမှ ကြောဒေါ့ဝူးးးး
Mobile
February 4, 2013 at 9:52 pm
ဂံဒါရီစာအုပ်ရေ
ပို့အတွင်းရေးထားတဲ့ စာတွေက စာအုပ်တစ်အုပ်စာလောက်ရှိတာမို့
အေးဆေးဖတ်ရအောင် Save Page ဆိုပြီးလုပ်ထားလိုက်ပါတယ်။
padonmar
February 4, 2013 at 9:57 pm
ကောျင်းအုပ်ဆရာ
အဲဒီ ဂလိုင်ကြီးထဲ လှေစီးကြည့်ချင်လိုက်တာ။
ရေတက်ရေကျ မရှိဘူးလား။
ရေမျက်နှာပြင်မြင့်လာရင် အဲဒီ ဂလိုင်ထဲ လှေစီးလို့ ဘယ်ရတော့ မလဲနော်။
ဂန္ဓာရီ ဆြာအုပ်
February 5, 2013 at 3:24 pm
ရေကန်ကြီး ဆိုတော့ ရေကအတက်အကျမရှိဘူးထင်တယ်ဗျ..
nozomi
February 4, 2013 at 10:28 pm
မမြင်ဘူးတဲ့နေရာတွေပဲ
အဲ ကြားတောင် မကြား ဘူး ဆို ပို မှန်မယ်
ပုံလေးတွေကလဲ လှတယ်
ပို ့စ် လေးအတွက် ကျေးဇူးပါဗျာ
ဆူး
February 5, 2013 at 3:51 pm
ပုံတွေ တော်တော် လှတယ်.. စာတွေလည်း ဖတ်လို့ ကောင်းတယ်။
သွားချင်တယ်။ မရောက်ဖူးတဲ့ ဒေသက အကြောင်းတွေ ဖတ်ရ မြင်ရတာ ဗဟုသုတ ရပါတယ် ကျေးဇူးတင်ပါတယ်။