ရေဆန်လမ်းမှ ပန်းတစ်ပွင့် ( ၁ )
ဝါဆိုဝါခေါင်ကာလ။
စာဆိုရှိသည့်အတိုင်း၊ ရေတွေဖောင်နေသည်။
ဧရာဝတီ၏ ဒေါမာန်များ အထွတ်အထိပ် ရောက်နေချိန်။
မြစ်ညာမှ တွန်းတွန်းတိုက်တိုက်နှင့် ဆွဲချခံခဲ့ရသော ဒိုက်သရောတို့သည် ဖြစ်ချင်ရာဖြစ်ဟူသော အားပျက်မှုဖြင့်၊ ရေစီးထဲဝယ် ငုတ်ချီပေါ်ချီ။
ဧရာဝတီမြစ်ပြင်က ကျယ်လွန်းသည်။ ဆောင်းတုန်းက မြေပဲခင်းများ၊ ဟသာင်္သောင်များ အားလုံးမြစ်ပြင်အောက် ငုံ့လျှိုးနေကြပြီ။ ဧရာဝတီသည် ကြီးစိုးနိူင်လွန်းစွ။
လှိုင်းတို့သည် ကမ်းပါးစွန်းကို ရန်စနေကြ၏
တစ်နေ့လုံး ကိုယ့်ဟာကိုယ်သီးခြားနေထိုင်ခဲ့သော မြစ်ကမ်းပါးစောင်းကြီးသည် ရေလှိုင်း၏ စော်ကားခြင်းကို ခံနေရ၏။ မြစ်ကမ်းပါးထိပ်သည် အမှိုက်စများ၊ ရေမြုပ်များဖြင့် ပစ်ပေါက်ခြင်းကို၊ အပြစ်မဲ့စွာ ငုံ့ခံနေရသည်။ သည်အချိန်မှာ ကိုယ်က ဘာများတတ်နိူင်ပါမည်နည်း။
သူမ၏ ထဘီအောက်နားစသည် လေထဲတဖျပ်ဖျပ် လွင့်နေသည်။ တစ်ချက်တစ်ချက်မှာ လေထဲ၌ ရေမှုန်စများဖြင့် စိုစွတ်လာလေသည်။ သို့သော် ဒါကို သူမ မသိ။
မြစ်လေကြမ်းက သူမ နပူးပြင်မှ ဆံယဉ်နွယ်များကို ဝှေ့ရမ်းသွားကြသည်။ လွင့်ချင်သလို လွင့်နေသော ဆံပင်စတို့သည် နဖူးမှနေ၍ မျက်လုံးကိုပါ ရိုက်ပုတ်မိကြသည်။ သို့သော် ဒါကို မသိ။
မှောင်မည်းနေသော ကောင်းကင်သည် မြစ်ပြင်ကို အနက်ရောင် ဆိုးထား၏။ လမရှိလျှင် ထွက်နေကျ ကြယ်လေးများပင် ဘယ်မှာပုန်းနေကြပြိမသိ။ ကြယ်ရောင်သော်မှ မလင်း။ ပကတိ အမှောင်။ သို့သော် … ဒါကို မသိ။
သူမ သိနေတာ တစ်ခုပဲရှိသည်။
သူ… ရက်စက်လိုက်တာ။
ဒါပဲ သူမသိသည်။
ဟုတ်တယ်။ သူ… သိပ်ရက်စက်တယ်။ သူ… ငါ့ကို မချစ်ဘူး။
သည်အသိက၊ မျက်ရည်တွေကို ဖန်ဆင်း၏။ မျက်လုံးဒေါင့်မှ စီးကျလာသော မျက်ရည်ပူတို့သည် ပါးပြင်နှစ်ဘက်မှသည် နှုတ်ခမ်းစပ်အထိ ရောက်လာ၏။ သို့သော် မျက်ရည်မသုတ်။
ရက်စက်လိုက်တာနော်…။
ရင်ထဲမှာ စူးကနဲ ကျဉ်နေသည်။ ဘယ်ဘက်ရင်အုံသည် နိမ့်တုန်မြင့်တုန်ပြုလျက် ရုန်းကန်နေလေသည်။
အခံရခက်လိုက်တာ။
ဧရာဝတီ…။
သူမရင်ထဲမှာ စကားတွေပြောနေမိသည် ၊
( ကျွန်မရင်ထဲမှာ မီးတောက်နေတာကို ရှင်မကူညီနိူင်ပါဘူး။ ရှင်ကလဲ… ဆောင်းတွင်းတုန်းကနဲ့ မတူဘူး။ ဒေါသချည်းပဲ။ ဆောင်းတွင်းတုန်းကများ…
ရှင့်ရင်ခွင့်မှာ သောင်ပြင်ကြီးနဲ့လေ။ ကိုင်းပင်တွေကြားမှာ ဇီးပင်ရိုင်းတွေက မြေကြီးထိလု အသီးတွေ ညွတ်လို့။
သူက … အသီးတွေကို ဝါးလုံးနဲ့ ရိုက်ချလိုက်။ ကိုယ်က သောင်ပြင်ပေါ်ကျလာတဲ့ ဇီးသီးရွမ်းပြင်း မမှည့် မစိမ်းတာတွေကို ပြေးကောက်လိုက်။ ရေမဆေးနိူ်ငဘူး။ ပါလာတဲ့ အပေါ်ဝတ် အကျႌစနဲ့ သုတ်တာ။ ပြီးတော့ အသင့်ယူလာတဲ့ ဂျင်းများများ၊ ငြုပ်သီးများများ၊ ငါးပိနည်းနည်းနဲ့ ထောင်းထားတဲ့ ငါးပိထောင်းနဲ့ တို့တို့ ပြီးစားတာလေ။
တစ်ခါတစ်ခါသူက Excellent… Excellent လို့ အော်သေးတယ်။
အကောင်းဆုံး အသီးပေါ့နော်။ ဒီ Excellent ဆိုတဲ့ စကားလုံးကို ကျောင်းမှာ မသင်ခဲ့ရပါဘူး။ ဒီလိုပဲ၊ သူက အင်္ဂလိပ် စာတော်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဖေဖေက အင်္ဂလိပ်စာ ဝန်ထောက်ကြီးကိုး။ အဲဒီကျောင်းသားဘဝမှာကတည်းက သူက Reader’s Digest ကိုဖတ်တာတဲ့။ ကိုယ်ဖြင့် အလီဘာဘာပုံပြင်တောင် အစအဆုံး မဖတ်ဖူးပါဘူး။ ကောျင်းမှာ သင်ရတဲ့ အိုင်ဗင်ဟိုတို့၊ ဂိုးလ်ဒင်းဂိတ်တို့နဲ့တင် ဖတ်ဖတ်မောလို့။
သူက အင်္ဂလိပ် စာတော်တယ်။ မြန်မာစာလဲ တော်တယ်။ ဆယ်တန်းမှာ ကဗျာဖွဲ့နည်းသင်ရတာ။ သူက ချက်ချင်း ကဗျာစပ်နိူင်တယ်။ လက်ရေးကလည်း လှမှလှ
ဒါတွေကြောင့် သူ့ကို ချစ်မိတာများလား။
မဟုတ်သေးပၝဘူး။
ကပွဲကြောင့်ပဲ ဖြစ်မှာပၝ။ ကျောင်းကပွဲမှာ သူက အတွင်းရေးမှူး၊ ကိုယ်က မင်းသမီး။ ဘာဖြစ်လို့လဲ မသိဘူး။ စာမေးပွဲတွေပြီးတော့ သူက အိမ်ကို နေ့တိုင်း လာလာနေတယ်။ မယ်ဒလင်လေးပိုက်လို့။ ကြုံတဲ့လူရဲ့ စက်ဘီးရှေ့ဘားတန်းမှာ ထိုင်လို့။
သူက အမြဲပြုံးနေတာ။ သူမျက်နှာက မလှပါဘူး။ ဒၝပေမယ့် ချစ်ဖို့ ကောင်းတယ်။ သူ့ကို လူတိုင်းချစ်တာ။ လူချစ် လူခင်ပေါတယ်ဆိုတာ သူပဲ။
ဆံပင်တွေ့ လှိုင်းတွန့်။ မဟာနဖူးကြီးပေါ်က ဝဲကျနေတဲ့ လှိုင်းတွန့် ဆံပင်တွေကို ချစ်မိတာလား။ အို… မဖြစ်နိူင်ပါဘူး။ ပေါင်မုန့်ဖုတ်တဲ့ ကာကာကြီးဆံပင်လည်း တွန့်လိုက်တာမှ အခွေလိုက် အခွေလိုက်။ ဘယ်မှာ ချစ်မိလို့လဲ။ ကြံကြီးစည်ရာ ကြောက်တောင် ကြောက်သေး။
သူ့မျက်လုံးတွေက … ရီဝေကြစမြဲ။ အထဲမှာ တစ်ခုခုရှိနေတယ်။ ဘာလဲတော့ မသိဘူး။ ကိုယ့်ကို လှမ်းကြည့်လိုက်တိုင်း၊ ကိုယ်ပြန်မကြည့်ရဲဘူး။ မျက်လွှာချပစ်ရတယ်။ အဲဒါ ချစ်လို့လား။
အို… မသိပါဘူး။ ဒါတွေ နားမလည်ပါဘူး။ ဒါပေမယ့် သူကတော့ နားလည်တယ်။ သူကပြောတယ်လေ။ နင်ငြင်းချင် ငြင်းလိုက်စမ်း။ ငါ… အဖြေရပြီးပြီတဲ့။ တန်ဆောင်တိုင်ည အပြန်မှာ၊ လှေခါးပေါ်တက်ခါနီး အတင်းချုပ်ပြီးတော့ ဖက်ပြီးတော့၊ သူ… တအားဆိုးတာ။
အေးလေ…
သူကတော့ သိတာပေါ့။ သူက ကိုယ့်အရင် ရည်စားနှစ်ယောက်တောင် ရှိခဲ့တာ။ သူ့ရည်းစားတွေက အချောတွေချည်း။ ပထမရည်းစားက ဂျိုးစဖင်းတဲ့။ ကပြားမလေး။ သူ့ကိုလည်း သိပ်ချစ်တာ။ သူတို့အတွဲကို တစ်မြို့လုံးသိတယ်။
“ဂျိုးက ကိုယ့်ကို ဆရာဝန် ဖြစ်စေချင်တာ၊ ဒါကြောင့် စာကြိုးစားခဲ့တာ”
ဪ… သူစာတော်တာ အခုမှ အဖြေပေါ်တယ်။ အင်္ဂလိပ်စာ တော်နေတာလည်း ပေါ်ပြီ။ ဂျိုးအကြိုက် သူကြိုးစားခဲ့တာတွေကိုး။
ဒါပေမယ့် … သူ… ကံဆိုးရှာတယ်။ ဂျိုးဟာ မမျှော်လင့်ပဲ သေဆုံးသွားရှာတယ်။ အဲဒီတုန်းက … ဆေးဝါးတွေလည်း မစုံသေးလို့ ထင်ပါရဲ့။ ရ ရက်လောက် ဖျားတာတဲ့၊
ဂျိုးဆုံးပြီဆိုတော့… တစ်မြို့လုံး ယူကြုံးမရ။ တသသ။ အထူးသဖြင့် သူ့ကို စိုးရိမ်ကြတယ်။ သူဟာ … ဂျိုးရဲ့ အုတ်ဂူဘေးမှာပဲ ထိုင်နေတာတဲ့။ သူ… ကျောင်းလည်း မတက်တော့ဘူး။ သူ့အိမ်ကလည်း သူ့ကိုသနားပြီး အလိုလိုက်တယ်။ မဆူဘူး။ သူ့…. စာမေးပွဲတွေ တဘုံးဘုံးကျခဲ့တယ်။
သူဒုတိယချစ်သူကလည်း အချောအလှပါ။
သူနဲ့… အတော်လေး အဆင်ပြေကြပုံရပါတယ်။
ဒါပေမယ့် သူ့ချစ်သူရဲ့ မိဘတွေက သူနဲ့ သဘောမတူဘူးတဲ့။ သူတို့ရဲ့ သမီးချောလေးကို အဝေးကို ပို့ပစ်တယ်။ အေးလေ ပေတေနေတဲ့ လူနဲ့ သဘောမတူနိူင်တာဟာ မိန်းကလေးရဲ့ မိဘတွေ အပြစ်မဟုတ်ပါဘူး။
အဲဒီအချိန်ကစပြီး … သူ… ကိုယ့်ဆီလာလည်တာလေ။
တကယ်တော့ ကိုယ်က သူ့ကို နွေးထွေးနှစ်သိမ့်အကြင်နာပေးရသူ။ သူက …. အသည်းကွဲပြီး၊ အပန်းဖြေဆေးရုံတက်သူကိုး )
ဒါတွေ… သူမ မခွဲခြားတတ်ခဲ့ချေ။
သူ…. ကိုယ့်ကို ချစ်သည်။ ကိုယ်သူ့ကို ချစ်သည်။ ပြီးပြီ…. ဟု ထင်ခဲ့၏။ ဘဝမှာ အချစ်ရှိလျှင်၊ ပြည့်စုံသည်ဟု ယူဆခဲ့၏။
သူမဘွဲ့ရပြီး မြို့သို့ ပြန်လာသော နှစ်မှာပင်၊ ဆယ်တန်း တဘုံးဘုံးကျရင်း တေပေနေသော သူ့ကို ကြည်ကြည်ဖြူဖြူ လက်ထပ်ခဲ့သည်။
သူမ လက်ထပ်တော့… အမေက ငိုသည်တဲ့။ သမီးလေးကို မခွဲရက်၍ အသက်အောင့်ပြီး ပေးစားခဲ့သည်တဲ့။
တခြားမြို့မှာနေသော အစ်ကိုက၊ အမေကိုဆူသည်တဲ့။
“ညီမလေး ဒုက္ခရောက်တော့မယ်။ အမေကျွန်တော့်ကို မတိုင်ပင်ဘူး။ ကျွန်တော်သိရင် ကျွန်တော် ညီမလေးကို ရိုက်ပြီး ခွဲတယ်။ ခုတော့… အမေတို့က ဖိတ်စာပြပြီးမှ အသိပေးတာကိုး”။
ပြောရင်း၊ အစ်ကိုက အိမ်တိုင်ကို ခေါင်းနှင့်ခွေ့ကြောင်း နောက်မှ သိရသည်။ သူမကတော့ သူ့လက်မောင်းကို အားပြုချိတ်ရင်း… တပြုံးပြုံးနှင့် ဧည့်ခံနေခဲ့လေသည်။
နောင်တဆိုတာကို သူမ မသိ။
သူ့ကို လက်ထပ်ခဲ့ခြင်းအတွက်၊ တစ်ခါမျှ နောင်တမရ။
ကိုယ့်ချစ်သူကို၊ ပို်င်ဆိုင်ခွင့်ရှိခြင်းသည် မဟာအခွင့်အရေးကြီးဟု ထင်သည်။ သူများတွေ ချစ်လျက်နဲ့ ကွဲကြရတာ တစ်ပုံကြီး။ ကိုယ်က ချစ်သူနှင့် လက်ထပ်သူ တစ်ယောက်တည်း။ ကဲ…. ဘယ်လောက်ပျော်စရာကောင်းသလဲ။
သူ့ခေါင်းက ဆံပင်လိပ်လေးတွေကို ကိုင်ကြည့်ရင်း ပျော်ခဲ့၏။
သူ့နဖူးကျယ်ကျယ်ကြီးကို မွွှှေးပြရင်း ပျော်ခဲ့၏။
ကာတီကူရာ ကိုယ်လိမ်းပေါင်ဒါနံ့ကို ယခုမှ ကောင်းမှန်းသိနေသည်။ သူအမြဲသုံးသော ကာတီကူရာ ပေါင်ဒါဘူးများကို ပစ္စည်းပျက်သွားမှာစိုး၍…
ဆိုပြီး ဒါဇင်လို်ကတောင် ဝယ်ခဲ့သေးသည်။ ပျော်လိုက်တာလေ။
ကိုယ်ဝန်ရှိပြီဆိုတော့၊ သူဝမ်းသာရှာသည်။
အမေတို့ကလည်း ဝမ်းသာသည်။
သူ့အမေရော၊ ကိုယ့်အမေရော၊ သူဟာ သားတစ်ယောက်အဖေ ဖြစ်လာရင် လိမ္မာလာမှာ သေချာသတဲ့။
ကိုယ်က … ကျောင်းဆရာမလုပ်ရင်း၊ သူ့ကို လုပ်ကျွေးရင်း၊ခြင်ထောင်ထဲမှာ အရက်နံ့ မွှန်လွန်း၍ ခေါင်းကို အပြင်ဘက်ထုတ်တော့၊ ခြင်ကိုက်တာခံရင်း နည်းနည်းတော့ ငိုချင်လာသည်။
ညဥ့်ဦးယံက အိမ်ထောင်ရေးသုခတွေက တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် မစွမ်းဆောင်နိူင်ကြချေ။
ခြေပစ်လက်ပစ် အိပ်မောကျနေသော၊တခူးခူးနှင့် အရက်ခိုးတွေ မှုတ်ထုတ်နေသော၊ သည်နံစော်လှသည့် ခန္ဓာကိုယ်ကြီးကို ဖက်ပြီး မအိပ်နိူင်တာကတော့ အမှန်။ ခုတော့ ကာတီကူရာ တစ်ဒါဇင်ကလည်း မကယ်နိူင်တော့။
“ကျွန်မကိုချစ်ရင်… အရက်ဖြတ်ပါ”
“မိန်းမရမှ… အရက်ဖြတ်မှာဆို”
ဘယ်လိုပြောပြော၊ သူပြုံးရုံသာ ပြုံးနေသည်။
အချိန်တန်တော့… သူ့ခြေလှမ်းများက အရက်ဆိုင်သို့၊
ညဥ့်ဦးယံတို့သည် ပျော်စရာမကောင်းတော့။
ဗိုက်ထဲမှ လှုပ်စပြုလာသော ကလေးကို အပေါ်မှာ လက်ဖြင့် အုပ်ရင်း အိပ်ယာပေါ်မှာ သူမ တစ်ယောက်တည်း။
“မျက်ရည် မကျကောင်းဘူး။ ကလေးမျက်စိပြူးတတ်တယ်”
သူမငိုလျှင် သူက ရယ်ရယ်မောမော ချော့တတ်သည်။
“အလုပ်မလုပ်တာ ကိစ္စမရှိပါဘူး။ ကျွန်မလခနဲ့ လောက်နေတာပဲ။ အရက်တော့ ဖြတ်ပါ။ ကလေးမွေးလာရင် အရက်သမားသားသမီးလို့ ခေါ်ကြလိမ့်မယ်။”
သူက … ခေါင်းညိတ်သည်။
သို့သော်… ညနေပိုင်းမှာ… တအေ့အေ့… လေတက်ပြီး ဖျက်ဆို နောက်ဖေးလှေခါးမှ ဆင်းသွားလိုက်တာ။ သူမ အိပ်ယာဝင်ထဲပြီး ငိုနေသည်ကို လာချော့ဖို့ပင် မေ့နေသလားမသိ။
“ရှင် … ကျွန်မကို မချစ်ပါဘူး။ ဒါကြောင့် … ကျွန်မ မကြိုက်တာကို လုပ်နေတာ”
သူ့ကိုစွပ်စွဲကြည့်သည်။
သူ… ဘာမျှမငြင်းပေ။ လည်ပင်းကို လာဖက်ပြီး…။
အိပ်ကြစို့ကွာ… ဟု ပြောသည်။ ခုတော့… သူငါ့ကို ယူတာ… အိပ်ဖို့ အဖေါ် သက်သက်ပဲ… ဟု သူမ တွေးစပြုလာပြီ။
လစာစားဆိုသည်မှာ တစ်လစာ စားဖို့သာ ရှိ၏။
သူမသည် … မိမိလစာကို အားလုံးမစားရက်၊ စားပစ်၍မဖြစ်။ ကလေးအဖေ လုပ်မည့်သူက တာဝန်မထမ်းဆောင်လေတော့၊ ကိုယ့်ဟာကို်ယ်ပဲ ပြင်ဆင်ရတော့မည်။
လစာထုတ်လျှင် တစ်ဝက်ဖယ်ပြီး စာအိတ်လေးနှင့်ထည့်သည်။ ပြီးတော့ သေတ္တာတဲက ထဘီခေါက်များကြားမှာ ညှပ်ထားရသည်။ သူတွေ့သွား၍မဖြစ်။ သူက…ဝင်ငွေမရှိဘဲ အရက်သောက်နေသူ။ လူချစ်လူခင်ပေါ၍ တိုက်မည့်သူပေါပေမယ့် သည်ဝင်ငွေကို အမြင်ခံ၍မဖြစ်။
“အကျႌကြိုပြီး မချုပ်ကောင်းဘူး”
“အနှီးကြိုပြီး မဖြတ်ကောင်းဘူး”
ကြီးဒေါ်ကြီးများ ကန့်ကွက်သည့်ကြားက၊ သူမ ကလေးအကျႌချုပ်သည်။ အနှီးပိတ်တွေဖြတ်သည်။ ဦးထုပ်အတွက် ဘယ်လိုတိုင်းတာရမှန်း မသိသဖြင့် ကိုယ့်ဒူးခေါင်းနှင့်ပဲ အတိုင်းယူပြီး သိုးမွှေးဦးထုပ်ထိုးရသည်။
ခုတော့ သူမရှိသော ညဥ့်ဦးယံတွင် ထိုင်ငိုမနေတော့ချေ။ သိုးမွှေးဦးထုပ်ထိုးရ၊ ခြေအိတ်လေးတွေ ထိုးရ၊ ခေါင်းအုံးသေးသေးလေးချုပ်ရနှင့် ပီတိဝေနေသည်။
သားလေးလား သမီးလေးလား၊ ဘာပဲရရပေါ့၊ ချစ်ရမှာပဲ။ သူ့အဖေလူဆိုးကြီးလည်း လိမ္မာလာမှာ သေချာတယ်။ နေနှင့်ဦးပေါ့။
ညနေကျောင်းကပြန်၊ ဈေးဝင်၊ ချက်ပြုတ်၊ ထုံးစံအတိုင်း ကိုယ်တစ်ယောက်တည်း ထမင်းစား။ သိမ်းဆည်းပြီးမှ … ဪ ကိုယ်ဝန်က ရ လကျော်ပြီ။ ၉ လထဲမှာ မွေးချင်မွေးသတဲ့၊ ပိုက်ဆံဘယ်လောက်ရနေပြီလဲ။ ရေကြည့်ဦးမှ လိုရင်တော့ အမေတို့ဆီ တောင်းရမှာပေါ့လေ။
သေတ္တာကို ကြည့်တော့ သော့ပွင့်နေသည်။
ဟိုက်ခနဲ ထိတ်သွားရ၏။ ပြေးပြီး ရှာကြည့်သည်။
ထင်တဲ့အတိုင်းပါပဲ။ ထဘီအခေါက်ထဲမှာ စာအိတ် မရှိတော့။
ငယ်ထိပ်ကို မြွေပေါက်ခံရသည်ဆိုသော စကားပုံအတိုင်းပါပဲ။ မျက်လုံးတွေ ပြာဝေသွားသည်။ ခြေတွေ လက်တွေ ပျော့ကျသွားသည်။ ခြေမသယ်နိူင်၊ လက်မသယ်နိူင်။
အမယ်လေး… ဒုက္ခရောက်ပြီ… အမေရေ…..
အမေ့ကို တ ပြီးငိုသည်။
ဘာလုပ်ရပါ့မလဲ။
ရ လလုံးလုံး… သူမသိအောင် စုလာခဲ့တာလေ။
ကလေးမွေးဖို့လေ၊ မီးနေစရိတ်ပါရှင်ရယ်….၊
ဘယ်လောက်ကြာအောင် ငိုနေမိသည်မသိ။
မဖြစ်သေးပါဘူး။ လိုက်မှပဲ။ မကုန်လောက်သေးပါဘူးထင်ရဲ့။
တကယ်ပဲ ရှက်ပါသည်။ အလုပ်က ကျောင်းဆရာမ။ ဒါပေမယ့်… လင်က အရက်သမားမို့ ညနက်အထိ ပြန်မလာသောလင်ကို တွေ့ချင်တော့ အရက်ဆိုင်ကိုပဲ လိုက်ရတော့တာပါပဲ။
သူ… သွားနေကြ တရုတ်မကြီးဆိုင်သို့ ယိုင်တီးယိုင်တိုင် လျှောက်ခဲ့၏။
“အစောကြီးလာသောက်ပြီးသွားပြီလေ”
တရုတ်မကြီးက ဖြေ၏။
“လမ်းမတန်းက… အသုဘအိမ်မှာ”
ဘယ်သူမှန်းမသိ၊ တစ်စုံတစ်ယောက်က ပြောသည်။
မျက်နှာကို လက်နှင့်အုပ်ပြီး လမ်းမတန်းသို့ လိုက်ခဲ့၏။ အသုဘအိမ်တဲ့…။
ကြက်သီးတွေ တဖျန်းဖျန်းထ၏။ အားခဲပြီး လျှောက်ခဲ့သည်။ ကျွန်မကလေးမွေးဖို့ မီးနေစရိတ်ပါရှင်ရယ်။
လကွယ်ညထင်ရဲ့။
လမင်းက မသာပေ။
ကောင်းကင်မှာ မည်းမှောင်နေ၏။ လမ်းမီး ဝါကျင်ကျင်ကို အားပြု ပြီးလျှောက်ရသည်။
ဪ… အရင်တုန်းကလေ… လသာတဲ့ ညတွေမှာ ချစ်သူရင်ခွင်ကို မှီရင်း၊ လမင်းကို မော့ကြည့်ပြီး ပြုံးနေမယ်လို့…. တွေးခဲ့တာ။ လက်တွေ့နဲ့ ကွာပါဘိ။ အမေရေ…. အခုတော့ ဗိုက်ကြီးတမမနဲ့၊ လင်အရက်သမား ဖဲရိုက်နေမယ့် အိမ်ကို အချိန်မတော် လိုက်နေရပြီလေ။
ဘယ်သူမပြုမိမိမှုပါပဲ။ လမ်းမှာ ချော်လဲမသွားဖို့ အားတင်းရင်း လျှောက်သည်။ အသုဘအိမ်တော့ ရောက်ပြီ။ အပေါ်ကို ဘယ်လိုတက်ရဲပါ့မလဲ။ အိမ်ရှေ့ သစ်ပင်ရိပ်က စောင့်ရ၏။ အော်ခေါ်ရမလား၊ သူ… ရှက်သွားလိမ့်မယ်။ ကံအားလျှော်စွာ အိမ်ပေါ်မှ လူတစ်ယောက် ဆင်းလာသည်။ သူ့သူငယ်ချင်းတစ်ဦး
“ဟင်… လိုက်လာတယ်”
သူကစပြီး တိုးတိုးပြောသည်။
ဘာမျှမပြောနိူင်။ မျက်ရည်ဖြိုင်ဖြိုင်ကျ၏။
“နေနေ ကျွန်တော် ခေါ်ပေးမယ်”
သူပြန်တက်သွားသည်။ မကြာပါ၊ ပြန်ဆင်းလာသည်။
အနားရောက်တော့ သူမလက်ထဲ… တစ်စုံတစ်ခု လှမ်းပေးသည်။ အမှောင်ထဲမှာပေမယ့် အိမ်ထဲက မီးရောင်ဖြင့် မြင်ရ၏။
စာအိတ်ကလေး။ မီးနေစရိတ်စုထားသည့် စာအိတ်ကလေး။
အထဲကို နှိုက်ကြည့်သောအခါ..
ငွေစက္ကူတွေ တစ်ချပ်မျှ မရှိတော့။ ငွေစက္ကူ အစား လက်ထပ်တုန်းက လုပ်ဖြစ်သည့် လက်စွပ်ကလေးတစ်ကွင်းကို စမ်းမိသည်။ ဪ သူပြန်ပေးလိုက်တာတဲ့လား။
ဘယ်လိုခြေလှမ်းများဖြင့်၊ ဧရာဝတီကမ်းပါးထိ်ပ်သို့ ရောက်ခဲ့မှန်း ကိုယ့်ဟာကိုယ် မသိတော့။
တဝေါဝေါ စီးနေသော ရေအလျင်ကို မမှိတ်မသုန် ငုံ့ကြည့်နေခဲ့၏။ ဖက်ရွက်ကလေးတစ်ရွက်ပဲဖြစ်ဖြစ် သစ်တုံးကြီး တစ်တုုံးပဲဖြစ်ဖြစ်။ ယခုနေ သည်ကမ်းထိပ်က လွင့်ကျသွားရင်… ဧရာဝတီက ဝမ်းသားအားရ ဝါးမျိုချပစ်လိုက်မှာ သိပ်ကို သေချာလှပါတယ်။
( ဧရာဝတီ…ကျွန်မ… မနေချင်တော့ဘူး။ ကျွန်မကို ခေါ်သွားစမ်းပါ။ ဟိုး… ရေအောက်ကြမ်းပြင်ကိုလေ။ ကျွန်မရင်တွေ ပူလိုက်တာ။ ကျွန်မမခံနိူင်တော့ဘူး။ ကျွန်မ ဘာမှ မသိချင်တော့ဘူး။
ကျွန်မကို … ရေမျောတုံး၊ ဒိုက်သရောတွေနဲ့အတူ… မွှေနှောက်ချေဖျက်ပစ်လိုက်ပါတော့….။
လွယ်လွယ်လေးပါ။ ဖြုတ်ခနဲ… ခြေအစုံကို မြှောက်ပြီး ရှေ့ကို တစ်ပေလောက် ခုန်လိုက်ရုံနဲ့ လူဟာ… ကမ်းပါးစောက်ထိပ်ကနေ ဝှီးဆို လေဟုန်စီးပြီး ရေပွက်ငယ် တစ်ခုအဖြစ် အားလုံး ပြီးသွားမှာပဲ။ ဘာမှ ခြေရာလက်ရာ ကျန်ရစ်စရာ မရှိ ပကတိ အေးငြိမ်းသွားမှာ သေချာတယ်။ ဧရာဝတီ ရင်ခွင်ဟာ၊ သူ့ရင်ခွင့်ထက် အေးချမ်းမှာပါ။
“အို… မြတ်စွာဘုရား” ဗိုက်ထဲက …လှုပ်… လှုပ်…..လာပါကလား။
အမယ်လေး၊ ကလေးလေးရယ်….။ မင်းက မေမေ့ကို စကားပြောတာလား။ မင်းက မသေချင်ဘူးတဲ့လား။ ဟုတ်တာပေါ့။ မေမေမို်က်လိုက်တာ။ မေမေက ဝုန်းဆို ရေထဲရောက်ပြီး ချက်ချင်းသေမှာ မဟုတ်ဘူး။ ရုန်းကန်နေဦးမှာ။ အဲဒီအခါ … ကလေးလေးကလည်း… ဝမ်းဗိုက်ထဲကနေ… ရုန်းရှာမှာပေါ့နော်။ ကလေးက… ဘာတတ်နိူင်မှာလဲ၊ အမေ သေရင် လိုက်သေရရှာမှာပေါ့။
ကလေးလေးရယ်… မေမေ့ကို ခွင့်လွှတ်ပါ။
ကလေးကို မေမေ ဘယ်သတ်ရက်ပါ့မလဲ။
မဟုတ်တာ။ မေမေ ခုန်မချတော့ဘူး။
အိမ်ပြန်ကြမယ်နော်။
ဟောဒီ မှောင်မှောင်မည်းမည်းကြီးမှာလေ…
မင်းအဖေလူမိုက်ကြီး ပြန်မလာလည်း၊ မေမေ မကြောက်ပါဘူး။ သားလေးနဲ့အတူ မေမေ အိပ်မှာပေါ့။….
သည်လိုနဲ့ ရက်ခါးခါး များစွာကြားမှာ သူမ အံကြိတ်တောင့်ခံခဲ့တယ် ၊ ဝုန်းဒိုင်းကြဲ ရွာတတ်တဲ့ မိုးတွေ တဖြည်းဖြည်း လျော့ပါးသွားခဲ့ပြီး နှင်းမှုန်လေးတွေ ဝေတဲ့ ဆောင်းရာသီရောက်လာခဲ့ပြီ ၊
မွေးဖို့နီးလာချိန်မှာ သူမ ကိုယ့်ကိုယ်ကိုသာ ဂရုစိုက်နေရတယ်လေ ၊
အောက်တိုဘာ ၂၁
မနက်ဝေလီဝေလင်းကတည်းက ဗိုက်နာနေတဲ့ သူမ ၊ မိုးလင်းခါစမှာ ဆေးရုံရောက်နေပြီ ၊ ဒီနေ့ ဒီနေ့မွေးတော့မယ်ထင်ပါ့
မလေး မလေး
သူမ ခေါ်သံကြောင့် အစ်မဖြစ်သူက လှည့်ကြည့် ၊
မလေး ဒီနေ့ ဘာနေ့လဲ
တနင်္ဂနွေလေ ၊
ဪ
ဒီလိုနဲ့ နေ့လည် ၁၂ နာရီခွဲမှာ သူမ သားဦးလေးမွေးဖွားလာခဲ့တယ် ၊
တနင်္ဂနွေသားလေးမို့ နေ့နံလည်းကိုက်အောင် အေးငြိမ်း လို့ နာမည်ပေးခဲ့တယ် ၊
သားလေးဘဝ အေးဆေးငြိမ်းပါစေတော့ရယ်လို့
( ဒါပေမယ့် အဲဒီသကောင့်သားက ကျောင်းတက်ရချိန်မှာ အဲဒီနာမည် မကြိုက်ပါဘူး ဆိုပြီး သူ့ဟာသူ မျိုးသန့် ရယ်လို့ နာမည်ပြောင်းခဲ့ပါသတဲ့ )
20 comments
nozomi
February 8, 2013 at 12:17 pm
တဝက်လောက်ရောက်တော့ ကိုမျိုးသန့် အကြောင်းဖြစ်မယ်လို့ ထင်တော့ ထင်သား
ကိုမျိုးသန့် အမေတော့ ချီးကျူးရမှာပဲ
မိခင်မေတ္တာ မိခင်သတ္တိကြောင့်သာ ဒီနေ့ ဒီအချိန်ထိရောက်လာတာ
အိမ်ထောင်ပြု မမှားဘို့ ဆိုတာ မလွယ်ဘူးရယ်
ဘယ်သူမှတော့ ဒုက္ခရောက်မယ်မှန်း သိသိကြီးနဲ့ မပြုကြပါဘူး
ဒါပေမဲ့ မိန်းကလေး တွေရဲ့ အားနည်းချက်က မိခင်စိတ်နဲ့ သနားတတ်တာ ငါ့လက်ထဲ ရောက်ရင် ကောင်းသွားမှာပါ ဆိုတာတွေကြောင့်ပဲ
kyeemite
February 8, 2013 at 1:26 pm
ကိုမျိုးသန့် တို့များရေးလိုက်ရင်
ရင်ဘတ်ကိုလာလာမှန်တယ်ဗျာ…
အပိုင်း၂ စောင့်ဖတ်မယ်ဗျို့..
MaMa
February 8, 2013 at 3:54 pm
ပရိုတန်းလက်ရာတွေ ရွာထဲမှာ ဖတ်ရတာ အားကျစရာ အားရစရာ ကောင်းလိုက်တာ။
ရွာထဲမှာ မလွတ်တမ်းဖတ်ရမယ့် ဆရာတစ်ပါး တိုးလာပြီ။ :hee:
MaMa
March 11, 2013 at 8:09 pm
ဒီစာကို စဖတ်မိကတည်းက ရေးလက်ကောင်းတစ်လက်ဆိုတာကို သတိထားမိခဲ့တယ်။ :hee:
ဗုံဗုံ
February 8, 2013 at 4:40 pm
ဟူးးးးးးးးးးးးး မောသွားတာပါဘဲ ယောက်ဂမဂျီးရယ် စာရေးတော်ပါပေ့ ဒါနဲ့ ဇန်နဝါရီ (22) လားလို့လေ
Myo Thant
February 8, 2013 at 4:45 pm
ဗုံဗုံ့ ကောင်းကောင်းက ဇွန်လ ၁ ရက်
ဗုံဗုံ့ ယောက္ခမဂျီးက အောက်တိုဘာ ၂၁
မှတ်ထားဦးဗျ လက်ဆောင်ပို့လို့ရအောင်
🙂 🙂 🙂
Shwe Ei
February 8, 2013 at 4:50 pm
ကောင်းလိုက်တဲ့ အရေးအသားဗျာ။
နောက်ဆုံးပိတ် နံမယ်ကို မြင်တော့ ပိုပြူးသွားတယ် (မျက်စိ)။
ဘာသာပြန်ဝတ္တုတပုဒ်ဖတ်နေရတယ်လို့ထင်တာ။
ဆက်ပါအုံးဗျို့။
padonmar
February 9, 2013 at 12:38 am
ဖတ်ရင်းနဲ့ ဒါ ဒီခေတ်တော့ မဟုတ်ပေဘူးလို့။
တကယ့်ကို အမေ့ခေတ်ကို ခံစားရေးနိုင်တာပဲ။
အော်ဒါကြောင့်လည်း အယ်ဒီတာဖြစ်တာပေါ့နော်။
ကျမတို့ရွာထဲ ဒီလိုလက်ရာတွေ များလာတာ ဝမ်းသာလိုက်တာ။
……..
ကိုမျိုးသန့်အမေကိုလည်း လေးစားပါတယ်။
(မိုးမိုးအင်းလျားရဲ့ ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လားလည်း ဒီလို ဇာတ်လမ်းမျိုးပဲ)
aye.kk
February 9, 2013 at 6:43 am
ကိုမျိုးသန် ့ရေ
ဖတ်လို ့ကောင်းလိုက်တာ။
အစအဆုံးဖတ်ရင်းခံစားသွားရပါတယ်။
postလေးကိုနှစ်သက်မိပါတယ်။
စာတွေဆက်ဆက်ရေးပါဦး။
အရေးအသားလေးတွေနှစ်သက်လို ့စာင့်မျှော်ဖတ်ရှုအားပေးနေပါ့မယ်။။
mamanoyar
February 9, 2013 at 10:52 am
လာဖတ်သွားပါတယ်ရှင့်
ဖတ်လို့လည်းအရမ်းကောင်းပါတယ်
pooch
February 9, 2013 at 7:08 pm
ဖတ်ပြီးတော ့ ပတ္တမြားမိုမိုရဲ့ အထ္ထုပတ္တိအခန်းဆက်ကိုတောင် သတိရတယ်။
ဆရာမတုန်းကလည်း ကိုယ်ဝန်ကြီးနဲ့ လူးလှိမ့်ပြီး ဒုက္ခတွေ ခံခဲ့ရတာ။
တကယ်တမ်း တချို့ ဘဝတွေ က လက်တွေ့မှာ သိပ်ကြမ်းတယ်။ လောကဓံဆိုတာကလည်း နည်းအမျိုးမျိုး အကြောင်းရာစုံတွေနဲ့ လာကြတာ။
လက်ရာကတော့ တကယ့်ပရိုတန်းပါပဲ။ ဖတ်ရတဲ့သူကို နင့်သွားတာပဲ ။
Ma Ei
March 11, 2013 at 1:41 pm
…တနင်္ဂနွေသားလေးမို့ နေ့နံလည်းကိုက်အောင် အေးငြိမ်း လို့ နာမည်ပေးခဲ့တယ် ၊
သားလေးဘဝ အေးဆေးငြိမ်းပါစေတော့ရယ်လို့…
မိခင်မေတ္တာကြောင့် အသက်ရှင်ခဲ့ရပြီးမှများ ဘာလို့နံမည်ပြောင်းခဲ့ရတာလဲ…
ခုမှပြန်ဖတ်ရတာ ပိုကောင်းသွားတယ် လို့ ခံစားရပါတယ်…
အရီးခင်လတ်
March 11, 2013 at 9:21 pm
ပထမဆုနဲ့ ထိုက်တန်ပါတယ် ကိုမျိုးသန့်ရေ။
ရေစုန် နဲ့ ရေဆန်ကြားမှာ တာဝန်ကျေ နေသူမို့ ပိုပြီး လေးစားဂုဏ်ယူပါတယ်။
BIG Congratulations ပါနော်။
kai
March 12, 2013 at 3:39 am
ဧရာဝတီကိုတိုင်တည်ထားပုံလေးက.. လှတယ်..။
အဲဒီအပိတ်ကကလေးက.. ပိုလှတယ်..။
ဦးကြောင်ကြီး
March 12, 2013 at 10:04 am
ဗရာဗို
ကညာပျို
အာယို
လာကြို
ဒါကို
မနာလို
ရွာအို
ဝါဆို…။
kyeemite
March 12, 2013 at 2:08 pm
အဲ ဒါပြောတာပေါ့ဗျာ..တကယ်အရွေးခံရသင့်တဲ့
အရေးအသားအဖွဲ့အနွဲ့ပါ…အချိတ်အဆက်လည်းမိပါ့…
အဆုံးသတ်လေးလည်းလှပါ့…
ပြောရအုံးမယ်သဂျီးရေ..သူနောက်တင်တဲ့ပို့စ်မှာ လူလုံးထွက်ပြနေပြီ..
ရာထူးလေးဘာလေးတိုးပေးလိုက်ပေတော့.. :hee:
johnnydeer
March 13, 2013 at 8:31 pm
တိုက်ဆိုင်လိုက်တာဗျာ…ကိုမျိုးသန့်သားလေးက ဇွန် ၁ ရက်…ကျွန်တော့်သမီးလေးကလဲ ဇွန် ၁ ရက် မွေးတာပဲဗျို့…ပို့စ်ကလေးကလဲ ဖတ်လို့ကောင်းလိုက်တာ…ကျွန်တော်လဲ အမေ့အကြောင်း ရေးချင်သေးတယ်ဗျို့…
မဟာရာဇာ အံစာတုံး
March 15, 2013 at 11:21 am
မသိခြင်ထောင် ထောင်လို့ လာရောက် ဖိတ်ကြားဘာဒယ် …
ဦးဦးမျိုးသန့်ဂျီး ခီညား …
ဘာမှ မပေါခင် ဖေဖော်ဝါရီ မန်းဂဇက်ချစ်သူများ စာပေဆု အတွက်
အကြီးကြီး ကွန်ဂရက်ကျူလေးရှင်း ပါရို့ …
ဂလို ပေါရဒဲ့ အတွက် တစ်ဝိုင်းလောက် ဒဂါခံရဘာမယ်ရို့ …
” မန်းဂဇက်ချစ်သူများစာပေဆု နှင့် ရွာ့ဘုရားပွဲ “ အတွက် …
ဖိတ်စာ လာပို့ဒါဘာလို့ ….
ဖိတ်စာပို့ နောက်ကျဒဲ့တွက်လည်း ခွင့်လွှတ်ပါလို့ …
အကယ်၍များ ခွင့်မလွှတ်နိုင်ရင်လည်း တူမလေး သာ ပေးဘာဒေါ့လို့ …
ဘာမှလည်း မီဆိုင်ဝူးးးနော့ …
ဒု – အတွင်းရေးမှူး
မဟာအံ
Myo Thant
March 15, 2013 at 12:02 pm
တစ်ဝိုင်းလား
ရပါတယ် ၊ နယူးဝင်းလား စူပါဝင်းလား လိုင်းယင့်စ်ဟောက်စ် မှာလား ပြောလေ
တူမကတော့ မရှိတာမို့ တတ်နိူင်ဘူးရယ် ၊
သျှားသက်မာန်
April 10, 2013 at 5:56 pm
အရမ်းကောင်းပါတယ်…အဲဒါကြောင့်လဲဆုရတာပေါ့…ရသင့်ပါတယ်..အဲလိုရသစာလေးရေးပါဦး…