“လက်ရှိဘဝထက် မြင့်မြတ်တာ ဘာဆိုဘာမှ မဖြစ်နိုင်ပါ – လက်ရှိဘဝထက် ကြီးကျယ်တာ ဘယ်အရာမှ မရှိနိုင်ပါ”
ညိုဇင်
ညိုဇင်ဟာ တရုတ်စပ်လေးလည်းဖြစ်တော့ အသားလေးကလည်း ဝင်းမွတ်နေအောင်လှပါသည်။ ချမ်းသာလိုက်တာကလည်း ညိုဇင်တို့တစ်သက်မပြောပါနဲ့ (၁၀) သက် တောင် စားမကုန်နိုင်ပါဘူး။ ညိုဇင်အဖေပိုင်သော လုပ်ငန်းများ၊ ကျောက်တွင်းများ၊ Export/Import လုပ်ငန်းများ စသဖြင့် ညိုဇင်တောင် သိပ်မသိတော့တဲ့ လုပ်ငန်းများကလည်း အများအပြားပါ။ ကျောင်းမှာဆိုလည်း စာတော်သော၊ ပြည့်စုံသော၊ ချောမောလှပသော ညိုဇင့်ဘဝကို အားကျသူ၊ ညိုဇင်လိုဖြစ်ချင်သူများ ဒုနဲ့ဒေးပါပဲ။
ညိုဇင့်မှာတော့ –
ညိုဇင်ဘဝမှာ ပစ္စည်းဥစ္စာသာ ပြည့်စုံတာပါ။ လွပ်လပ်မှုဆိုတာ ဘာလဲလို့ မေးရမှာပါပဲ။ သင်တန်းတွေ တက်ချင်တော့လည်း စိတ်မချဘူးဆိုတာနဲ့ပဲ အိမ်ထဲပိတ်လှောင်ခံခဲ့ရပါတယ်။
အဖေနဲ့ ညစာအတူစားဖို့ ဆိုတာ ကိုရီးယားကားတွေထဲက အချို့ သူဌေးကြီးတွေနဲ့ ညိုဇင့်အဖေ တစ်ပုံစံတည်းပါပဲ။ ဒါပေမယ့် အဖေ့မှာ သူ့ရဲ့ စမောလေးတွေအတွက်တော့ အံ့ဩလောက်အောင် အချိန်ရှိရှာ၊ အချိန်တွေ ပိုနေရှာပါတယ်။ ဘွဲ့ယူတဲ့နေ့မှာ အဖေနဲ့အတူသွားနိုင်ဖို့ ညိုဇင် တစ်လလောက် ဆန္ဒပြလိုက်ရပါတယ်။ မဖြစ်မနေလိုက်လာပေးရတဲ့ မိသားစု ခရီးစဉ်တွေမှာလည်း အဖေကတော့ ဝဋ္ဋ်ကျေ၊ တမ်းကျေ တာဝန်တခုကို ထမ်းဆောင်နေယုံကလွဲလို့ စိတ်မပါလှတာကို ကြည့်လိုက်တိုင်း အတော်လေးကို စိတ်မသက်သာလှပါဘူး။ အဖေ့ရဲ့ လစ်လျူရှုမှုတွေများလာတဲ့ အမေကလည်း သူ့ဘဝကို ပျော်သလိုသာ နေလာပါတော့တယ်။
အဲဒီလိုအချိန်ကစလို့ လူတွေကြားထဲမှာ အားကျစရာကောင်းလှတဲ့ ညိုဇင်တို့ရဲ့ မိသားစုလေးဟာ အိမ်တွင်းမုန်တိုင်းအမြဲထန်နေခဲ့ပါတော့တယ်။
ငွေမရှိပေမယ့် ပျော်စရာကောင်းလှတဲ့ ပတ်ဝန်းကျင်က မိသားစုတွေမြင်တိုင်း ငေးကြည့်နေမိတတ်လာတာ၊ အမြဲအားကျနေမိတာတွေ များလာသလောက် လက်ရှိကိုယ့်ဘဝကိုတော့ အင်မတန် စိတ်ကုန်မိပါတယ်။
ကိုမျိုးနဲ့ နေရီ
နေရီကျောင်းပြီးတော့ အတန်းဖော်ကိုမျိုးနဲ့ လက်ထပ်ဖြစ်ကြပါတယ်။ နှစ်ဘက်မိဘများကလည်း အင်မတန်ပြည့်စုံတော့ ကိုမျိုးနဲ့ နေရီ နှစ်ဦးစလုံးဟာ မိဘများခင်းပေးထားတဲ့ စီးပွားလေးလမ်းကြောင်းပေါ်မှာ အပူအပင်မရှိ ဘဝကို ကျော်ဖြတ်ခဲ့ကြပါတယ်။ သားနဲ့ သမီးဟာလည်း ၁ဝ တန်းမှာ 1 to 10 ဝင်အောင် စာတော်တဲ့အတွက် သားသမီးကိုထိမ်းကျောင်းတာလည်း အလွန်တော်သော စုံတွဲအဖြစ် အများက အထင်ကြီး လေးစားကြပါတယ်။
သားနဲ့ သမီးကို ကိုယ်တိုင်ကြို၊ ပို့ လုပ်ပေးနိုင်သူ၊ အလွန်ဂရုစိုက်သူအဖြစ် ကိုမျိုးကတော့ သူငယ်ချင်းမိသားစုများအကြားမှာ ရေပန်းစားလှပါတယ်။ မင်္ဂလာပွဲအတော်များများမှာ ideal couple ဖြစ်တဲ့ နေရီနဲ့ ကိုမျိုးတို့ကတော့ ပန်းကုန်းစွပ်လိုက်၊ လက်စွပ်ဆန်မြန်းပေးလိုက်ပေါ့။
တကယ့်တကယ်တော့ –
နေရီ သားအိမ် ကင်ဆာရောဂါခံစားနေရကတည်းက လောကကြီးကို အတော်လေး စိတ်ကုန်မိလာပါတယ်။
ကိုမျိုးကတော့ နေရီ့ကို အကောင်းဆုံးဆေးတွေနဲ့ ကုပေးရှာပါတယ်။ ဒါပေမယ့် တာဝန်တစ်ခုကို ကျေပွန်အောင် ထမ်းဆောင်နေတာ သိသာလွန်းလှပါတယ်။ နေရီ့မှာ ဒီရောဂါမရှိနေခင်ကတည်းက နေရီနဲ့ ကိုမျိုးတို့ဟာ စကားပြောလိုက်တိုင်း အဆင်မပြေတာများလွန်းလို့ တနေ့ကို ၅-မိနစ်ထက်ပိုပြောလို့ မရတော့ပါဘူး။ အေးအေးနေချင်တဲ့ ကိုမျိုးနဲ့၊ လူကြားထဲ သွားချင်တဲ့ နေရီတို့ဟာ အတော်လေးကို မတူညီတာတွေများလှပါတယ်။ မိုးလင်းကတည်းက သားနဲ့ သမီးကို ပို့ရင်းကနေ ထွက်သွားတတ်တဲ့ ကိုမျိုးဟာ ညနေပြန်လာတော့လည်း သူ့ထမင်းသူစားပြီး တစ်ယောက်တစ်ခန်းအိပ်ဖြစ်တာ ကြာပြီဖြစ်တဲ့ သူ့အခန်းထဲကို သူဝင်လို့ သူဝါသနာပါတဲ့ စာရေးရင်ရေး၊ မရေးရင်လည်း on-line မှာ chatting လုပ် ရင်းနဲ့သာ နေ့စဉ် ကျော်ဖြတ်နေပါတော့တယ်။
နေရီကရောတဲ့ – သူ့လိုပါပဲ။
အဓိပါယ်မရှိတဲ့ ဘဝမှာ ဘယ်လိုကုန်ဆုံးရမလဲလို့ ကြိုးစားရင်းနဲ့ပေါ့။
တနေ့မှာတော့ အမှတ်မထင် ကိုမျိုးရဲ့ တိတ်တိတ်ပုန်းချစ်သူလေးဆီ ပို့ထားတဲ့ message လေးကိုဖတ်လိုက်ရတယ်။ “ဘဝကိုသာ အစကပြန်စလို့ရရင် အရမ်းကောင်းမှာပဲတဲ့- သူ့ရဲ့ လက်ရှိဘဝကို စိတ်ကုန်လွန်းလို့တဲ့။” နေရီလည်း ထပ်ပြီး ဝမ်းမနည်းတော့ပါဘူး။ သူမကိုယ်တိုင်လည်း ထပ်တူခံစားနေရလို့ပါ။
ကိုညီ
ကိုညီရဲ့ဘဝကိုလည်း အားကျကြတာတစ်မျိုးပါပဲ။ ကိုညီ့ကိုတော့ အားလုံးက ပျော်ရွှင်တတ်သူ၊ လှူဒါန်းပေးကမ်းတတ်သူ၊ အားလုံးကို ကူညီတတ်သူအဖြစ် လူသိများကျပါတယ်။ ဗဟုသုတလည်း အင်မတန်ရှိသလောက် စကားပြောလည်း အလွန်ကောင်းလှပါတယ်။ အလုပ်ကလည်းကောင်းပြီး နားငြီးမယ့် အိမ်သူသက်ထားလည်းမရှိ၊ ဒုက္ခပေးမယ့် အပူတွေလည်း မရှိတာကြောင့် ကိုညီလိုဖြစ်ချင်လိုက်တာလို့ သူငယ်ချင်းယောကျင်္ားလေးများက အားကျကြပါတယ်။
ကိုညီကရောတဲ့ –
တချိန်ကမှားခဲ့တဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှု အမှားတစ်ခုကြောင့် သား၊ သမီးနဲ့ ဇနီးက ပြန်လက်မခံတော့တဲ့အတွက် တနေ့တနေ့ အထီးကျန်လှတဲ့ ဘဝကို ကျော်ဖြတ်နေရသူ၊ ဘယ်လိုမှ ပြန်မရနိုင်တော့တဲ့ ဘဝကို တောင်းတနေမိသူ၊ အထီးကျန်တာကို မခံစားနိုင်လို့ မကြာခဏ ယောကျင်္ားကြီးတန်မဲ့ အော်ဟစ်ငိုကြွေးနေမိသူပါ။
နွယ်နွယ်
နွယ်နွယ်ကတော့ ကုမ္ပဏီကြီးတခုရဲ့ Director တစ်ယောက်ပါ။ လှပသလောက် ထက်မြက်လှသော၊ အလုပ်လုပ်ရာတွင် ပြတ်သားသော နွယ်နွယ်ကို မိန်းမတိုင်း အားကျကြတာ ဇာတ်လမ်းတွေထဲကလိုပါပဲ။ မွေးထားတဲ့ သမီးလေးကလည်း လိမ်မာရေးခြားရှိလှပြီး သားအမိနှစ်ယောက်ဟာ စိတ်တူ၊ ကိုယ်တူပါပဲ။
အောက်လက်ငယ်သားတွေကလည်း “မနွယ်ကိုအားကျလိုက်တာ” လို့ဆိုတတ်သလို၊ သူငယ်ချင်းတွေကလည်း “တို့တွေဆုံရင် နွယ်နွယ့်ကို မခေါ်ချင်ဘူးဟေ့ – တို့ ယောကျင်္ားတွေက နွယ်နွယ် ဒီအရွယ်အထိ အရမ်းလှကြောင်း၊ အရမ်းတော်ကြောင်းပဲ ပြောနေကျတာပဲ” လို့ အမြဲပြောခံရသူပါ။
တကယ်တော့ နွယ်နွယ်ဟာ –
မိမိဟာ Single mother အဖြစ်ရပ်တည်နေရတာကို လောကကြီးက သိမှာ အင်မတန်ကြောက်သူ၊ အားလုံးအမြင်မှာ ရဲရင့်ပြတ်သားချင်ယောင် ဆောင်နေတတ်သလောက် နောက်ကွယ်မှာတော့ အင်မတန်အားငယ်တတ်သူ၊ မိမိအောင်မြင်အောင် မတည်ဆောက်နိုင်သော အိမ်ထောင်တစ်ခုအတွက် အလုပ်နဲ့ သမီးလေးနဲ့သာ အစားထိုး ဖြေသိမ့်နေရသူ။
ရှိ၊ မရှိအသာထားလို့ သူများ အိမ်ထောင်လေးတွေ ပျော်ရွှင်နေတာတွေ့တိုင်း ငေးမောအားကျနေတတ်သူပါ။
* ကျွန်မတို့ငေးမောအားကျခဲ့ရတဲ့ ဘဝလေးတွေမှာလည်း မမြင်နိုင်တဲ့ နောက်ကွယ်က အတိတ်တွေ၊ အခက်အခဲတွေ ရှိနေခဲ့၊ ရှိနေဆဲပါ။
* ကျွန်မကတော့ –
အဖေအမေ မိဘတွေ အဆင်မပြေကျပေမယ့် ကိုယ့်ဘဝလေးကို မှန်ကန်အောင်ထိမ်းကျောင်းနေတဲ့ ညိုဇင်ကိုလည်းလေးစားမိပါတယ်။
အိမ်ထောင်ရေးဟာ ခြောက်ကပ်လာပေမယ့်၊ စိတ်မပါကြတော့ပေမယ့် အိမ်ထောင်ကို မပြိုကွဲအောင် ထိမ်းသိမ်းစောင့်ရှောက်ထားကြတဲ့ နေရီနဲ့ ကိုမျိုးကိုလည်း လေးစားပါတယ်။
မှားခဲ့မိတဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုတစ်ခုကြောင့် စိတ်လေနေမိပေမယ့် ပတ်ဝန်းကျင်ကို အဖော်ပြုရင်း လှူဒါန်းပေးကမ်းမှုနဲ့ ကျေနပ်နေတဲ့ ကိုညီကိုလည်း လေးစားမိသလို အိမ်ထောင်ရေးအဆင်မပြေပေမယ့် မိသားစုနဲ့ အလုပ်ကို ဇောက်ချလုပ်နေတဲ့ နွယ်နွယ်ကိုလည်း လေးစားမိပါတယ်။
* တကယ့်တကယ်တော့ လူတိုင်းကိုယ်စီမှာ အဆင်ပြေခြင်း၊ မပြေခြင်းဆိုတာတွေနှင့်အတူ ကျွန်မတို့ရဲ့ လက်ရှိဘဝတွေကနေ ခဏတာ ပြေးထွက်သွားချင်မိတဲ့အချိန်တွေ ရှိတတ်ကြပါတယ်။
ထိုနည်းတူ ဖြစ်ချင်ခဲ့တဲ့ အားကျမိတဲ့ ဘဝလေးတွေ၊ ငေးကြည့်ခဲ့တဲ့ ပတ်ဝန်းကျင်က ဘဝတွေလည်း အများကြီးပါပဲ။
*** သို့သော်လည်း – လင်းလင်းဆိုတဲ့ သီချင်းလေးလို –
“လက်ရှိဘဝထက် မြင့်မြတ်တာ ဘာဆိုဘာမှ မဖြစ်နိုင်ပါ” ၊ “လက်ရှိဘဝထက် ကြီးကျယ်တာ ဘယ်အရာမှ မရှိနိုင်ပါ” — လို့။
20 comments
မောင်ပေ
February 10, 2013 at 8:04 pm
ဘဝမှာ
ဖြစ်သမျှအကြောင်း အကောင်းချည်းပဲတဲ့
မီးစင်ကြည့်ကရမယ်တဲ့
လုပ်သမျှမဖြစ်ရင် စိတ်မညစ်ပါနဲ ့တဲ့
အဲဒါ အဲဒါ
TheWinner
February 10, 2013 at 9:50 pm
ပထမဆုံး ဝင်ရောက်ဖတ်ရှုအားပေးတဲ့အတွက်ရော၊ အမြဲမပျက် ဝင်အားပေးတဲ့အတွက်ပါ လေးပေရေ ကျေးဇူးပါရှင့်။
surmi
February 11, 2013 at 1:05 am
ဟုတ်ပါတယ် ။
အများအားဖြင် ့လူတွေဟာ ကိုယ့်ဘဝထက် အခြားသူများကို အားကျနေရင်း
တစ်ချို့ ့က အားမလိုအားမရ ဖြစ်တတ်ပါတယ် ။ ပြင်ပ ဘဝကိုစိတ်မှန်းနဲ့ မျှော်ကြည် ့ပြီး
အထင်ကြီးတတ်ပေမဲ့ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် ဖြစ်နေတတ်တာ သတိမထား
မိကြပါဘူး ..။ ဒီပို ့စ်လေးက တစ်ကယ် သတိပြုမိစရာတွေကို ထောက်ပြလိုက်တာပါ ။
တစ်ကယ်တော့ ….. ကိုယ် နဲ့ အဆင်ပြေတဲ့ ဘဝဟာ အကောင်းဆုံပါ ။
(တစ်ချို ့ကတော့ ဒီလို ရောင် ့ရဲတတ်လို့ မတိုးတက်တာလို့ ပြောကြပါတယ် )
TheWinner
February 11, 2013 at 9:07 am
အစ်ကိုဆာမိပြောတဲ့ ဒီပို့စ်လေးက ထောက်ပြလိုက်တယ်ဆိုတာလေးနဲ့ပဲ ရေးရကျိုးနပ်သွားပြီ။
ကိုယ့်ဘဝရဲ့ ပျော်စရာလေးတွေကို မေ့ထားတတ်ကြပြီး သူတပါးကို အားကျတတ်တာ ကျွန်မအပါအဝင် လူအတော်များများရဲ့ သဘာဝပဲနဲ့တူပါတယ်နော်။
လက်ရှိဘဝလေးကို ပျော်စေချင်ပါသည်။
ဗုံဗုံ
February 11, 2013 at 10:08 am
လက်ရှိဘဝထက် မြင့်မြတ်တာ ဘာဆိုဘာမှမရှိ သိပ်ကောင်းတဲ့ စကားလုံးလေးပါလား မမရယ် ဖတ်ရှုခံစားသွားပါတယ်နော်
TheWinner
February 11, 2013 at 11:00 am
ကျေးဇူးပါ ညီမလေး ဗုံဗုံရယ်။
kyeemite
February 11, 2013 at 11:16 am
အမှန်ပါပဲ..လူတွေဟာ ကိုယ့်ဘဝကိုယ် မကျေနပ်ဖြစ်နေကြတာများတယ်…
အကျိုးပြုပို့စ်လေးအတွက် ချီးကျူးပါတယ်ဗျို့…
TheWinner
February 11, 2013 at 11:53 am
ဦးကြီးမိုက်ချီးကျူးတာနဲ့ နည်းနည်းမြောက်သွားပြီ။
အကျိုးပြုတယ်ဆိုလို့ ဝမ်းသာမိပါသည်ရှင့်။
ခိုင်ဇာ
February 11, 2013 at 12:03 pm
အင်း။
“Everyone is a moon, and has a dark side which he never shows to anybody.”
အဲဒီလို Mark Twain ပြောခဲ့ဖူးတယ်။
ရှိတာပေါ့။
ကိုယ်စီ ကိုယ်စီ မှာ လူတိုင်းကို မဖော်ပြနိုင်တဲ့ အမှောင်ခြမ်းတွေ…….။
ဘယ်ဘဝကို ဘယ်လောက် အားကျကျ၊
ခု ဘဝကနေ ပြေးဖို့ ဘယ်နှစ်ခါပဲ စဉ်းစားမိမိ၊
ဒီ ဘဝ ဒီ အခြေအနေလေးကို စွန့်ဖို့က အတော်ခက်တယ်ကွယ်။
:byae:
TheWinner
February 11, 2013 at 12:22 pm
မခိုင်ဇာရေ၊
အဲဒီ Mark Twain ရဲ့ စကားလေးက အရမ်းမှတ်သားဖို့ ကောင်းတာပဲနော်။
အမတို့တွေလည်း အမှောင်ဘက်ခြမ်းကနေ မဖယ်ဝေးနိုင်မဲ့အတူတူ အဲဒီအမှောင်ခြမ်းလေးကို အကောင်းဆုံးဖြစ်အောင် ကျော်လွှားရင်းနဲ့ပဲ လက်ရှိဘဝလေး ပျော်ကြရမှာပေါ့။
ခင်ခ
February 11, 2013 at 12:09 pm
လူတစ်ယောက်ဟာ နောက်ဆုံးဘယ်လိုနေပြီး သေသွားရလည်းဆိုတာ
အဲဒီလူအတွက် ကျန်ခဲ့သူများက ဆုံဖြတ်ချက်ပေး ပြောကြပါလိမ့်မယ်။
လူတစ်ယောက်ရဲ့ ဘဝအောင်စာရင်းဟာ အဲဒီလူ ကိုယ်တိုင်ကြည့်ခွင့်ရတဲ့ အရာမဟုတ်ပါသကား။
TheWinner
February 11, 2013 at 12:26 pm
အစ်ကိုခင်ခရေ၊
လောကကြီးထဲက ကျွန်မတို့အတွက် ရရှိခဲ့တဲ့ နေရာလေးတစ်နေရာမှာ အောင်မှတ်ရဖို့တော့ ကြိုးစားနေရဦးမှာပါနော်။
ကိုပေါက်(မန္တလေး)
February 11, 2013 at 1:07 pm
ဆီပူလို့ခုန်ချတော့
ပြာပူထဲပြန်ကျ
ဘဝဆိုတာ အပူထဲက အပူ
အဲတော့ လက်ရှိအပူကိုသာ ပူတယ်မထင်အောင်ကြိုးစားလို့နေတာကအကောင်းဆုံးပေါ့နော်။
TheWinner
February 11, 2013 at 1:29 pm
ဟုတ်တယ်အစ်ကို၊
လက်ရှိအပူကို အပူလို့ မမှတ်ပဲ စိတ်ပျော်အောင်နေနိုင်ရင် တကယ့်ကို အကောင်းဆုံးပါပဲ။
လူကလေး
February 11, 2013 at 3:35 pm
ဖတ်ပြီးစိတ်ထဲ တစ်မျိုးလေးကိုဖြစ်သွားတာပဲ..
မိမိလက်ရှိဘဝကို ဆုတ်ကိုင်ထားနိုင်ဖို့လည်း လိုသလို လက်ရှိဘဝကို ပိုကောင်းအောင် လို့လည်း ကြိုးစားသင့်တယ်ထင်ပ..
သူများကို အားကျနေတာ. (ငမ်းနေတာ) ကိုဖျောက်သင့်တာပေါ့နှော့..
သူလိုလူ ဆိုတာလည်း ဒီကမာ္ဘမှာတစ်ယောက်တည်း ပဲ.. ကိုယ်လိုလူဟာလည်း ဒီကမာ္ဘမှာ တစ်ယောက်တည်း ရှိတာကိုး..
လျှောက်ရေးလိုက်ပြီ.. ပြစ်ပြောနဲ့.. …
TheWinner
February 11, 2013 at 4:33 pm
ရေးသာရေးပါ ကိုလူကလေးရယ်။
လူကလေးပြောသလို လက်ရှိဘဝကိုလည်း ဆုပ်ကိုင်ထားနိုင်ပြီး ဒီထက်ပိုကောင်းအောင်လည်း ကြိုးစားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် အကယ်လို့များ ကြိုစားပေမယ့် ဖြစ်မလာရင်တောင် ကျေနပ်နိုင်ဖို့လည်း စိတ်ထားတတ်ဖို့လိုပါတယ်။
ဦး ကျောက်ခဲ
February 11, 2013 at 4:45 pm
လက်ရှိဘဝထက် မြင့်မြတ်တာ ကြီးကျယ်တာ မဖြစ်နိုင် မရှိနိုင်ပါဆိုပေမယ့်…
ရောက်နေတဲ့ဘဝထက် မလျော့အောင်…
ပို တိုးတက် အောင်မြင်ဖို့ ကြိုးစားရတာလည်း အမောသား…
TheWinner
February 11, 2013 at 5:11 pm
ဦးကျောက်က အမှန်တွေ ပြောနေပြန်ပါပြီ။
ဦးကျောက်ပြောခဲ့ဖူးတဲ့ ကလောဘက်ပြန်ပြီး ခြံစိုက်စားရရင် အကောင်းသားနော်။
ဒါပေမယ့်လည်း အဲဒီဘဝလေးကိုရော ကျေနပ်၊ အားရ နိုင်ပါ့မလားမသိဘူး။
လုံမလေးမွန်မွန်
February 11, 2013 at 10:26 pm
အစ်မရေ…
ဘယ်သူမှတော့ ပြီးပြည့်စုံတဲ့ ဘဝကို မပိုင်ဆိုင်နိုင်ကြပါဘူး.. ဒါပေမယ့် ကိုယ်တိုင်လုပ်ယူပြောင်းလဲလို့ မရနိုင်တဲ့ဘဝကို ပိုင်ဆိုင်ထားရပြီဆိုရင်တော့ ဘယ်လို လိုအပ်ချက်တွေပဲရှိရှိ ကျေနပ်အောင် နေတတ်ရမှာပါပဲ… လိုအပ်ချက်တွေကြားထဲက အများအားကျတဲ့ဘဝတစ်ခုစီကို ပိုင်ဆိုင်ထားကြတဲ့ အစ်မရဲ့ဇာတ်ကောင်တွေကိုလည်း သူတို့ဘဝကို မြင်တတ်ပြီး ကျေနပ်တတ်ကြပါစေလို့…
မဟာရာဇာ အံစာတုံး
March 15, 2013 at 3:53 pm
ဟုတ်ဒယ် …
လက်ရှိဘွထက် ကြီးကျယ်တာ ဘာမှ မချိဘူး …
လက်ရှိ အချိန်ထက် ကြီးကျယ်ဒါလည်း ဘာမှ မချိဘူး … ဟူး .. ဟူး ..
သချင်း ဆိုကျိဒါဘာ …
ဟိုထဲမှာလည်း ဖိတ်ပီးခဲ့ဘာဘီ …
ဒီမှာလည်း လာဖိတ်ဒါဘဲ .. ရဘူး ….
” မန်းဂဇက်ချစ်သူများစာပေဆု နှင့် ရွာ့ဘုရားပွဲ “ အတွက်ပါရို့ …
ဒု – အတွင်းရေးမှူး
မဟာအံ