Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရွှေရောင်မွေးနေ့ရှင် – အရှင်ဉာဏိက

kaiFebruary 14, 20131min43213

ဖေဖော်ဝါရီမွေးနေ့ရှင်တွေကို တွေ့တိုင်း ကိုယ် စနေကျ စကားရှိတယ်။ဒီလမှာ မွေးတဲ့သူတွေက သိပ်တော်တယ် သိလား။ ဥပမာ ကြည့်ပါလား။ အမေရိကန် သမတတွေထဲမှာဆိုရင်ကိုပဲ ပထမဆုံး အမေရိကန်သမတဖြစ်တဲ့ အမေရိကန်တို့ရဲ့ ဖခင်ကြီး ဂျော့ဝါရှင်တန်၊ နောက်ပြီး သမတကြီးလင်ကွန်း။ ဟင်နရီ ဟဲရစ်ဆင်နဲ့ သမတ ရော် နယ် ရေဂင်။ တို့နိုင်ငံမှာဆိုရင်လည်း တို့ရဲ့အမျိုးသားခေါင်းဆောင် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း။ ကဲ-နောက်ပြီး မင်းရောပေါ့-လို့။ အဲ၊ ဒါတင် ဘယ်ကမလဲ၊ နောက်တစ်ဦးလည်းရှိသေးတယ်။ အဲဒါ သိတယ် မဟုတ်လား။ ကိုယ်လေ။ ကိုယ်လည်း ဖေဖော်ဝါရီလမွေးပေါ့လို့ စလေ့ရှိပါတယ်။
ကိုယ်နဲ့ရင်းနှီးသူတွေထဲမှာလည်း ဖေဖော်ဝါရီလမွေးနေ့ရှင်တွေ တော်တော်များတယ်။ သူတို့တွေကလည်း မွေး နေ့ပွဲတွေ ကျင်းပတတ်လို့ ခုနောက်ပိုင်း သုံးလေးနှစ်အတွင်းမှာ အခြားလတွေထက် ဒီဖေဖော်ဝါရီလမှာ မွေးနေ့ အကြောင်း သတိရမိတတ်ပါတယ်။ ဒါကြောင့် ခုဆို ဖေဖော်ဝါရီလ မွေးနေ့နဲ့စပ်ပြီး အမှတ်တရ ဆောင်းပါးလေး တွေ ရေးဖြစ်ခဲ့တာ ၂-နှစ်ရှိခဲ့ပြီ။ သူတို့မွေးနေ့တွေအတွက် သူတို့တွေက မှတ်မှတ်ရရ ကုသိုလ်ပြုလုပ်ကြ။ သူတို့ က အာမိသဒါနဆိုတဲ့ ပစ္စည်းဝတ္ထုနဲ့ ကုသိုလ်ပြုကြသလို ကိုယ်ကလည်း ကိုယ်စွမ်းနိုင်တဲ့ ဓမ္မဒါနကုသိုလ် ပြုလုပ် ခြင်းပေါ့။ ဓမ္မနဲ့စပ်တဲ့ အသိဉာဏ်ကို မျှဝေခြင်းဟာ မြတ်သောတရား အလှူကိုပေးခြင်းပဲလေ။
နောက်ပြီး ကုသိုလ်လုပ်ကြတဲ့ မွေးနေ့ရှင်အတွက် လက်ဆောင်ပေးစရာ အခြားအထူးအထွေရယ်လို့ မရှိလေ တော့ ကိုယ်သိထားတာလေးတွေကို မျှဝေပြီး ပေးဖို့စိတ်ကူးနဲ့ ခုလိုရေးဖြစ်ခဲ့တာ။ တရားလက်ဆောင်ပေါ့။ (သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ- The gift of Dhamma excels all gifts- အလှူအားလုံး၊ လက်ဆောင်အားလုံးထဲ မှာ တရားအလှူ၊ တရားလက်ဆောင်က အမြတ်ဆုံးတဲ့။ ဒီတော့ ကိုယ်ပေးတဲ့ လက်ဆောင်က (မင်း) ရသမျှ လက်ဆောင်ထဲမှာ အကောင်းဆုံးလို့ မှတ်ယူပေါ့နော)။
မွေးနေ့နဲ့ပတ်သက်ပြီး သတိရတဲ့စကားလေးတွေကိုလည်း အမှတ်တရ ပြန်ပြောပြချင်ပါတယ်။ ဒီအထဲမှာ ဘတ် ဖရော့တ်ဆိုသူကတော့ ပြောဖူးတယ်။ အမျိုးသားတစ်ယောက်အဖို့ အကောင်းဆုံးသော ဆက်ဆံရေးကောင်း သမားတစ်ဦးဖြစ်ချင်တယ်ဆိုလျင်တော့ အမျိုးသမီးများရဲ့ မွေးနေ့ကို အမြဲတမ်း အမှတ်ရပါ။ ဒါပေမယ့် သူတို့ရဲ့ အသက်ကိုတော့ လုံးဝ သတိမရမိပါစေနဲ့တဲ့။ ကိုယ့်ဇနီးမယား မိတ်ဆွေမတွေရဲ့ မွေးနေ့ကို မေ့မေ့ရရ မေ့ဖြစ် အောင် မေ့တတ်ကြတဲ့ အမျိုးသားတွေအတွက် ပြောထားတဲ့စကားများလားတော့ မသိဘူးပေါ့။ ဒါပေမယ့် နည်း
နည်းလေး ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားကြည့်ရင်တော့ အဓိပ္ပါယ်လည်း နည်းနည်းပိုကျယ်လာပါတယ်။ ကိုယ့်ရဲ့ ထူးခြားတဲ့နေ့တစ်နေ့ကို အမှတ်နေခြင်းဆိုတာကို အများစုက နှစ်သက်သဘောကျကြမှာပါ။ ဒါပေမယ့်လည်း တပြိုင်တည်းမှာပဲ မေ့ထားရမယ့်အရာတွေကိုလည်း မေ့ပစ်နိုင်ဖို့တော့ လိုတယ်လို့လည်း ဆိုလိုချင်ဟန်ပါပဲ။ မမေ့သင့်တဲ့အရာကို မမေ့ဖို့လိုသလို မေ့သင့်တဲ့အရာတွေကို မေ့ပစ်မှသာလျင် ဘဝက အနေတော်လို့ နေပျော် ဖွယ်ဖြစ်လေမှာပါ။ မုန်းစရာဆိုတာက မေ့ရမယ့် အရာပဲလေ။
ငါ့အတွက်တော့ အသက်ကြီးသူဆိုတာ ငါ့ထက် အမြဲတမ်း နှစ်လေးဆယ်ကြီးတဲ့သူကို ခေါ်တာဆိုတဲ့စကားလေး ကလည်း နှစ်သက်စရာပဲ မဟုတ်လား။ တရားရှာရာမှာ စက္ကန့်ပိုင်း၊ မျက်စိတစ်မှိတ်၊ လက်တကွေးအတွင်းမှာ ဘဝဆုံးသွားနိုင်တယ်ဆိုတဲ့ စိတ်ထားမျိုးမွေးဖို့လိုပေမယ့် အခြားသော ပညာရှာ၊ စီးပွားရှာရာ နေရာမျိုးမှာတော့ ဘယ်သောအခါမှ မသေနိုင်ဖူးဆိုတဲ့ စိတ်ထားမျိုးထားရမယ်လို့ ဆိုကြတယ် မဟုတ်လား။ သတိထားဖို့လိုတာ ကတော့ စီးပွားရှာ၊ ပညာရှာတယ်ဆိုတာလည်း လောကကောင်းကျိုးဆောင် အလုပ်မျိုးကိုသာ ရည်ညွှန်းလို တယ် ဆိုတာကိုပါ။ မကောင်းစိတ်နဲ့ မတရားရှာဖွေတာမျိုးဆိုလျင်တော့ ဘယ်တော့မှာ မသေတော့ဘူးရယ်လို့ စိတ်ထားမျိုးထားဖို့ ဘယ်ပညာရှိ ကဝိကမှ ရည်ညွှန်းပေမယ် မဟုတ်ပါဘူး။ နောက်ပြီး လောကီကောင်းကျိုး၊ လောကုတ္တရာကောင်းကျိုး နှစ်မျိုးမှာ အချို့နေရာတွေအတွက် စိတ်ထားကို ခွဲခြားထားရမယ်လို့လည်း ပြောလို တာ ဖြစ်မှာပါ။ နေရာတကာ သံဝေဂသံတွေ ဆူညံမနေဖို့လည်း လိုအပ်တာပဲပေါ့။
အများစုသောသူတွေက လောကရေးရာတွေအတွက်ပဲ ရှာဖွေနေကြဆဲဖြစ်တာမို့ အသက်ကြီးသူဆိုတာ ကိုယ့် ထက် အနှစ်လေးဆယ်လောက်ကြီးတဲ့သူကိုပြောတာဆိုတဲ့ စကားလေးကလည်း လက်ခံရမယ့် စကားလေးပဲ မဟုတ်လား။ တကယ်လို့ သင်မွေးနေ့က ရွှေရတု၊ ဒါမှ မဟုတ်လို့ စိန်ရတုတွေ၊ ပတ္တမြားရတုတွေ၊ နဝရတ်ရတု တွေဖြစ်နေခဲ့လျင်တောင် အသက်ကြီးသူစာရင်းထဲမှာ သင် မပါနိုင်သေးဖူးဆိုတာ သေချာလိုက်စမ်းပါ။ သင့်မှာ လုပ်နိုင်တဲ့စွမ်းအားတွေ အများကြီး ရှိနေသေးတာ။ မေ့မထားပါနဲ့လေ။ အသက်ကြီးပြီလို့ ပြောတတ်ကြတဲ့ ကိုယ့်အောက်ငယ်ရွယ်သူတွေကို တွေ့ရတဲ့အခါတိုင်း ကိုယ်ပြောချင်ခဲ့တဲ့ ဒီစကားလေးကို ဒီနေရာမှာ ပြော လိုက်တာ။ အသက်ကြီးသူဆိုတာ သင့်ထက် အသက်လေးဆယ် ပိုကြီးသူကိုသာခေါ်တာ။ မှတ်ထားလိုက်ပါ။
ကုန်လွန်သွားတဲ့ နှစ်ဟောင်းကို ပြန်ပြောင်းစဉ်းစား တသလို့ မွေးနေ့ဆိုတာကို ကျင်းပတာထက် ရောက်လာ မယ့် နေ့သစ်တိုင်းဟာ မျှော်လင့်ဖွယ်ရာဆိုတဲ့ အတွေးနဲ့ မွေးနေ့ပွဲကို ကျင်းပတာမျိုးက ပိုတန်ဖိုးရှိမှာပါ။ တခါ ခါမှာ တစ်ခုခုအပေါ်မှာ ရှုမြင်ပုံလေးပြောင်းသွားရုံမျှနဲ့ အဓိပ္ပါယ်က အများကြီးပြောင်းလဲသွားနိုင်တယ်လေ။ ယောနိသော မနသိကာရ-သင့်တင့်စွာ နှစ်လုံးသွင်းခြင်းဆိုတာ ကောင်းမှုကောင်းရာတွေကို လုပ်ဖြစ်ဖို့အတွက် ရှေ့ပြေးစိတ်ထားပဲ မဟုတ်လား။ ဒါပေမယ့် ယောနိသော မနသိကာရ-သင့်တင့်စွာ နှလုံးသွင်းခြင်းဆိုတာ အရာ ရာတိုင်းအပေါ်မှာ အကောင်းချည်းသာ မြင်တတ်ရမယ်လို့ ဆိုလိုတာမဟုတ်ကြောင်းကိုလည်း နားလည်ဖို့ လိုပါ တယ်။ ဆိုးတဲ့အရာကို အဆိုးလို့ပဲ မှန်မှန်ကန်ကန်မြင်ပြီး အဲဒီအဆိုးအပေါ်မှာ သင့်တင့်တဲ့စိတ်ထား ထားတတ် အောင် ကိုယ့်ကိုယ်ကို ပြုပြင်ခြင်းနဲ့၊ အရာရာအပေါ်မှာ အကောင်းချည်းပဲလို့ မြင်တတ်တဲ့ အစွန်းရောက် အကောင်းမြင်ဝါဒ၊ ဒီသဘောနှစ်ခု အလွန်ကွာခြားကြောင်းကို ကောင်းကောင်းနားလည်ဖို့လည်း လိုအပ်ပါတယ်။ အစွန်းရောက် အဆိုးမြင်ဝါဒမှသာလျှင် ဒုက္ခဖြစ်စေနိုင်တာ မဟုတ်ပဲ၊ အစွန်းရောက် အကောင်းမြင်လွန်းခြင်း ဟာလဲ ပြဿနာကို တိုးပွားစေနိုင်ကြောင်း သိထားဖို့လိုမှာပါ။
အနောက်တိုင်း ပညာရှင်များကလည်း လူတစ်ယောက်ရဲ့ Attitude ဆိုတဲ့ သဘောထားကို ပြောင်းပေးနိုင်ရင် Behavior ဆိုတဲ့ အပြုအမူ၊ အပြောအဆိုတွေလည်း ပြောင်းလဲလာနိုင်ပါတယ်တဲ့။ ကိုယ့်မှာ မကောင်းတဲ့ အမူ အကျင့်တွေရှိနေရင် ကိုယ့်သဘောထားကို အလျင်ပြောင်းခြင်းဖြင့် မကောင်းတဲ့ အမူအကျင့်တွေလည်း တဖြေး ဖြေး ပြောင်းလဲလာနိုင်ပါလိမ့်မယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့်လည်း ကိုယ်စွဲလမ်းလက်ခံထားတဲ့ သဘောထား တစ်ခုကို လွယ်လွယ်နဲ့ ပြောင်းဖို့ဆိုတာကလည်း လွယ်ကူတဲ့အရာမျိုးတော့လည်း မဟုတ်ဘူးပေါ့။ သို့ပေမယ့် မပြောင်းလဲလို့ မဖြစ်နိုင်တဲ့ အရာမျိုးဆိုတာတော့လည်း မရှိနိုင်ပါဘူး။
ဘယ်ပညာရှိမှ ပြန်လည်ငယ်ရွယ်ပါရစေလို့ ဆုတောင်းနေမှာ မဟုတ်ဘူး-လို့ တစ်ယောက်ကတော့ ဆိုပါတယ်။ ကုန်လွန်သွားခဲ့တဲ့အချိန်တွေကို တွေးပြီး နှမြောနေတာထက် လက်ရှိအချိန်နဲ့ အနာဂတ်ကို တန်ဖိုးရှိရှိအသုံးချ သူကိုသာလျင် ပညာရှိရယ်လို့ ဆိုလိုချင်ဟန်ပါပဲ။ တစ်ယောက်ကတော့ ပြောတယ်။ လူဆိုတာ ဝိုင်လိုပါပဲတဲ့။ နှစ်ကြာလေ တန်ဖိုးတက်လေပါတဲ့။ အင်း လူဆိုတာဝိုင်တစ်ပုလင်း မဟုတ်လို့ ဝိုင်တစ်ပုလင်းလို ဂိုထောင်ထဲ လှောင်ထားရုံ သက်သက်နဲ့တော့ သူ့အလိုလို တန်ဖိုးတက်လာမယ် မဟုတ်ပေဘူးပေါ့။ အသက်တွေကြီးလာ တာနဲ့အမျှ တန်ဖိုးတက်တဲ့သူတွေဖြစ်အောင် နေဖို့တော့ လိုမှာပေါ့။ ဒါမှသာ သူပြောသလို လူဆိုတာ ဝိုင်လိုပဲ ဆိုတာ ဖြစ်နိုင်မယ်လေ။
မွေးနေ့ကုသိုလ်ပြုလုပ်ကြသူတွေထဲမှာ အများအားဖြင့် ကိုယ့်အောက်ငယ်ရွယ်သူတွေသာများတာမို့ သူတို့တွေ ကို သူတို့ကိုယ်သူတို့ ရင့်ရော်သူ၊ အသက်အရွယ်ကြီးသူတွေရယ်လို့ တွေးထင်မိစေမှာမျိုးကို ကိုယ်ကတော့ မလို လားဘူး။ မွေးနေ့ကို အကြောင်းပြုလို့ ကုသိုလ်ဖြစ်ဖွယ်အလုပ်တွေကို ပိုလုပ်စေချင်အောင်။ ကိုယ့်အကျိုး၊ အများအကျိုးကို ပိုမိုဆောင်ရွက်စေနိုင်အောင်ပဲ အားပေးချင်တယ်။ သူတို့တွေအနေနဲ့ အသက်တစ်နှစ် ကြီး တိုင်း ကြီးတိုင်း၊ ငါတစ်နှစ် ပိုအိုစာလာပြီလို့ ကိုယ့်ကိုယ်ကို ထင်မိတာထက် တစ်နှစ်ကြီးလာတာဟာ အသိတွေ တစ်နှစ်စာ ပိုကြွယ်လာတာ။ စိတ်ထားတွေလည်း တစ်နှစ်စာ ပိုရင့်ကျက်လာတာလို့ပဲ တွေးမိစေချင်ပါတယ်။ အသိတွေ ပိုကြွယ်လာ၊ စိတ်ထားတွေ ပိုရင့်ကျက်လာတာကြောင့် ကြွယ်ဝရင့်ကျက်လာသူတွေမှသာ လုပ်နိုင် တဲ့ အလုပ်မျိုးကိုလည်း ပိုလုပ်နိုင်လာတယ်၊ လုပ်လည်း လုပ်ရမယ်ဆိုတဲ့ အသိမျိုးသာ ဝင်လာစေချင်ပါတယ်။
အချိန်နဲ့လူဆိုတာက ကျားတစ်ပွဲ ကစားသလိုပဲလေ။ နိုင်သူ စားစတမ်းပေါ့။ အချိန်ကို ကိုယ်က အကျိုးရှိရှိ အသုံးချနိုင်ရင် ကိုယ်က အချိန်ကို စားနိုင်ခြင်းပေါ့။ ဒါမှမဟုတ်လို့ ကိုယ်က အချိန်ကို တန်ဖိုးရှိစွာ အသုံးမချနိုင် လျင်တော့ အချိန်က ကိုယ့်ကိုစားခြင်းပဲလေ။ ဒီတော့ စားမလား၊ အစားခံမလားဆိုတာကတော့ ကိုယ့်ဘဝရဲ့ တန်ဖိုးကို ကိုယ်ဘယ်လို သတ်မှတ်မလဲဆိုတဲ့ ကိုယ့်ရဲ့လက်ခံ ယုံကြည်မှုအပေါ်မှာသာ မူတည်မှာပါ။ ကိုယ်က တော့ အားလုံးကို ရွှေရောင်မွေးနေ့ပိုင်ရှင်များချည်းသာ ဖြစ်စေချင်တာပါ။ တကယ်ပါ။ မင်းက တကယ့်ကိုမှ တန်ဖိုးထိုက်တဲ့ မွေးနေ့ရှင် တစ်ယောက်ဖြစ်မယ်ဆိုတာကိုလည်း ကိုယ်က ယုံကြည်လျက်သာပါ။ ။

13 comments

  • MaMa

    February 14, 2013 at 5:07 pm

    ကြည့်ရတာ ဖေဖော်ဝါရီမွေးက သဂျီးဖြစ်ဖို့ထက် လေဒီခိုင်ဖြစ်ဖို့များတယ်။ :kwi:
    ဖေဖော်ဝါရီမွေးတွေ သိပ်တော်တယ်ဆိုရင် အမွှာညီအမလည်း ဖေဖော်ဝါရီမွေးပဲ။ :hee:

    • kai

      February 14, 2013 at 5:51 pm

      ပို့လာလို့တင်ပေးထားတာ အမတော်ရဲ့..
      ကြည့်ရတာ.. ဖေဖော်ဝါရီ ၁၃ ဦးအောင်ဆန်းကို ပြောချင်တာကို.. ခြုံပြောသွားတာထင်ပါရဲ့.. :harr:

  • Mr. MarGa

    February 14, 2013 at 8:45 pm

    ဖေဖော်ဝါရီက တော်တယ်ဆိုရင်
    ကျန်တဲ့ ဆယ့်တစ်လ မွေးတဲ့သူတွေက ညံ့ကုန်မှာပေါ့
    သဂျီးကို မကျေနပ်ဘူးးးးးး
    ဆယ့်နှစ်လလုံးအတွက် တင်ပေးပါ ဒါဗျဲ :harr:

  • kthwinzayarmyo

    February 14, 2013 at 8:49 pm

    ကျွန်တော့်သားလေး သွင်ဉာဏ်ထက်လဲ ဖေဖော်ဝါရီဖွားပါ။
    တစ်နှစ်ပြည့်ပါပြီ။ သူ ကြီးလာတဲ့ အခါ သူကြီးပိုစ့်ကို
    ဖတ်ခိုင်းလိုက်ပါ့မယ်။ ကိုယ့်ထက် နှစ် 40 ပိုကြီးတဲ့သူကိုပဲ
    အသက်ကြီးသူလို့ မှတ် သွားပါတယ်။ 34 နှစ်တောင်ရှိပြီကိုး။
    အသစ် အသစ်တွေ မသင်ချင်တော့ဘူးဆိုရင် အိုပြီလို့ အရင်က
    မှတ်ဖူးတယ်။

  • padonmar

    February 14, 2013 at 8:50 pm

    အသက်ကြီးသူဆိုတာ ကိုယ့် ထက် အနှစ်လေးဆယ်လောက်ကြီးတဲ့သူကိုပြောတာ/
    မှန်လိုက်လေ၊
    ဒါကြောင့် ကျမလည်း ကိုယ့်ကိုကိုယ် အသက်ကြီးတယ် မပြောတော့ဘူး။
    အို ရွာထဲမလည်း ကိုယ့်ထက် အသက်ကြီးသူတွေ တပုံကြီး။
    မန်းလေးမှာဆို တစ်ယောက်၊နောက်တစ်ယောက်၊နောက်တစ်ယောက်
    ရန်ကုန်မှာလည်း ………..အများဂျီး……

  • Mobile

    February 14, 2013 at 9:09 pm

    ဟိုက် ဖေဖော်ဝါရီလ မွေးတဲ့လူတွေက တော်တယ်ဆိုပါလား။
    ဖုန်းတွေမှာဆိုရင် အရင်ထုတ်ထားတဲ့ ဖုန်းထက် နောက်မှထွက်တဲ့ ဗားရှင်းက ပိုလန်းတယ်ဆိုဒေါ့
    ဖေဖော်ဝါရီရဲ့ နောက်လဖြစ်တဲ့ တစ်နည်းနောက်ဗားရှင်းဖြစ်တဲ့ မက်ချ်လမှာမွေးတဲ့လူဆိုရင်
    ဖေဖော်ဝါရီလမှာ မွေးတဲ့လူတွေထက် ပိုတော်စရာအကြောင်းရှိသပေါ့။
    တစ်နည်းပြန်စဉ်းစားကြည့်မယ်ဆိုရင်လည်း ၂ လပိုင်းမွေးတဲ့လူတော်တာမှန်ရင်
    ကိုယ့်သားသမီးကိုတော်တဲ့လမှာမွေးစေဖို့ ၅ လပိုင်းလောက်မှာ အိန်ထောင်ပြုသင့်တယ်ပေါ့။
    My Birthday is, March 19th…………………………………………………………………

  • မောင်ပေ

    February 14, 2013 at 9:25 pm

    အဟမ်း
    ကံ ကံ၏အကျိုး အတိုင်းပေသာ
    ကိုယ်စိုက်ပျိုးသော အပင်ရဲ ့အသီးအပွင့်ကို ကိုယ်တိုင် ရိတ်သိမ်းရလတ္တံ ့
    ဂဏာဟိ

  • Moe Z

    February 15, 2013 at 9:32 am

    ဖတ်ဖူးတာက ဖေဖော်ဝါရီထဲမှာတောင် ၄ ဂဏန်းသမားတွေက ပိုတော်တယ်တဲ့
    ၄၊ ၁၃၊ ၂၂ လိုမျိုး… ဘာပဲဖြစ်ဖြစ်ဒီပို့စ်ကို ထောက်ခံပါတယ် :mrgreen:

    • Ghi Ghi ThE KiD

      February 15, 2013 at 9:46 am

      ဟလား..
      ကျုပ်ကြားဖူးတာကတော့ ဖေဖျော်ရီဖွား လေးဂဏန်းသမား တွေက
      အရပ်ပုကြတာပါပဲ….

      အာဟိ..
      ဒက်ဂလောက် ဒက်ဂလောက်…

      • Moe Z

        February 15, 2013 at 10:25 am

        ဘာာာာာာာ… Robbie Williams ကပုသလား 👿

  • ရဲစည်

    February 15, 2013 at 10:21 am

    စာကို ဖတ်လိုက် ..
    ခေါင်းစဉ်ကို ပြန်ကြည့်လိုက် ..
    အပြန်ပြန် အလှန်လှန်ဘဲ ..
    ……………………………
    ဒီအကြောင်းအရာကို ဖတ်ရတာတော့ အများကြီး မှတ်သားစရာ ရပါတယ် …. ဘယ်နေ့မှာ မွေးမွေးပါ
    အားလုံးဟာ လောကသဘာဝ အောက်မှာ သင့်တင့်စွာ ဆင်ခြင်နေတတ်ဖို့ လိုမယ်ထင်ပါတယ်……..။
    ……………………………
    ဖေဖော်ဝါရီ မွေးနေ့သမား အတွက်ချည်း ဆိုရင်တော့ ရှေးယိုးများ နည်းနည်းစွဲနေမလားလို့ :harr:

  • kyeemite

    February 15, 2013 at 10:56 am

    အချိန်နဲ့လူဆိုတာက ကျားတစ်ပွဲ ကစားသလိုပဲလေ။ နိုင်သူ စားစတမ်းပေါ့။ အချိန်ကို ကိုယ်က အကျိုးရှိရှိ အသုံးချနိုင်ရင် ကိုယ်က အချိန်ကို စားနိုင်ခြင်းပေါ့။ ဒါမှမဟုတ်လို့ ကိုယ်က အချိန်ကို တန်ဖိုးရှိစွာ အသုံးမချနိုင် လျင်တော့ အချိန်က ကိုယ့်ကိုစားခြင်းပဲလေ။ ဒီတော့ စားမလား၊ အစားခံမလားဆိုတာကတော့ ကိုယ့်ဘဝရဲ့ တန်ဖိုးကို ကိုယ်ဘယ်လို သတ်မှတ်မလဲဆိုတဲ့ ကိုယ့်ရဲ့လက်ခံ ယုံကြည်မှုအပေါ်မှာသာ မူတည်မှာပါ။
    ကြိုက်တယ်ဗျို့….

  • ဇောက် ထိုး

    February 17, 2013 at 9:09 pm

    လောကသစ္စံ နသစ္စံ။ မှန်သော်လဲ ရှိ။ မမှန်သော်လဲရှိ။
    အတ္တာ ဟိ အတ္တနော နာထော.. လွမ်းလို့ပါသူကြီးရယ်…ဟဲ… အားလုံးကျန်းမာကြပါတယ်နော်….

Leave a Reply