မေတ္တာစက်ဝန်းလေးဖြန့်ကြရအောင်
မေတ္တာစက်ဝန်းလေးဖြန့်ကြရအောင်
နိုင်ငံကျော် ရုပ်ရှင်မင်းသား အဆိုတော် ဒါရိုက်တာ စာရေးဆရာ လို့သုံးနှုန်းရင် ခုခေတ်လူငယ်တွေက စိုင်းစို်င်းခမ်းလှိုင်ပဲ မြင်ကြမှာပါ။
အခြားဒီလို စွယ်စုံရတွေလည်း ကျွန်မ မသိတဲ့ အနုပညာရှင်တွေ ရှိကြအုံးမှာပါ။
ကျွန်မတို့ ငယ်စဉ်ကတော့ ဒီလိုသုံးနှုန်းရင် ကွယ်လွန်သူ ကိုဝင်းဦးကြီးကိုဘဲ မျက်စိထဲ ပြေးမြင်ကြပါတယ်။
သူ့ရဲ့စွယ်စုံ အရည်အချင်းတွေထဲမှာ ကျွန်မအကြိုက်ဆုံးကတော့ သူရေးတဲ့ ဝတ္ထုတွေပါဘဲ။
အခုပြောချင်တာကတော့ သူ့ဝတ္ထုတွေထဲက ရုပ်ရှင်လည်း ရိုက်ဖြစ်တဲ့ ကြင်နာသူ့အသဲ ဆိုတဲ့ဝတ္ထုလေးပါ။
ဇာတ်လမ်း ကျောရိုးကတော့ နိုင်ငံခြားရုပ်ရှင်တစ်ခုကို မှီငြမ်းထားတယ်လို့ ဆိုကြပါတယ်။
ရုပ်ရှင်ရိုက်တော့ ဝင်းဦး၊ မြင့်မြင့်ခင်၊ မြင့်မြင့်ခိုင် ဖိုးပါကြီး၊ ဦးသိုက်စိုး၊ ကျော်စွာဝင်း တို့ပါပါတယ်။
ဝတ္ထုလေးက ကောင်းသလောက် ရုပ်ရှင်မှာ ကိုဝင်းဦးကို အလှအပ အသားပေးတဲ့ အပြင် ဟာသတွေ ဇွတ်လုပ်ထားတော့ ရုပ်ရှင်ဟာ ဝတ္ထုလောက် မကောင်းပါဘူး။
ဒါပေမယ့် အဲဒီရုပ်ရှင်ထဲမှာဘဲ ဇာတ်ရံဖြစ်တဲ့ ဖိုးပါကြီးက ဇာတ်လိုက်ဖြစ်တဲ့ ကိုဝင်းဦးကို ပြောတဲ့စကားလေးတစ်ခွန်းကို မှတ်မှတ်သားသား အလွန်နှစ်ခြိုက်မိခဲ့ပါတယ်။
ဇာတ်လမ်းက ကျိကျိတက်ချမ်းသာတဲ့ မြိတ်မြို့က သူဌေးမကြီးဒေါ်ထူးမေရဲ့မြေး ဇော်မော်ဦးဆိုတဲ့ ခပ်ပွေပွေ ဆေးကျောင်း သားလေးဟာ
ငပလီမှာ အကဲလွန်ပြီး ရေနစ်တော့ အဲဒီမှာ အပန်းဖြေလာနေတဲ့ ခွဲစိတ်ဆရာဝန်ကြီး ဦးသိုက်စိုးက သူရင်ကြပ်ရင် ရှုဖို့ဆောင်ထားတဲ့ အောက်ဆီဂျင်ဘူးနဲ့ အသက်ကယ်ပေးခဲ့ပါတယ်။
အဲဒီညမှာ ဆရာဝန်ကြီး အရေးပေါ်ရင်ကြပ်တော့ ရှုစရာ အောက်ဆီဂျင်မရှိတော့လို့ အသက်ဆုံးခဲ့ရပါတယ်။
အဲဒီမှာ ပတ်ဝန်းကျင်က လူပေလူတေလေးတစ်ယောက်အတွက် အဖိုးတန်တဲ့ ဆရာဝန်ကြီး အသက်တစ်ချောင်း ဆုံးရှုံးရလေခြင်းဆိုပြီး ဝိုင်းအပြစ်တင်ကြတော့
ဇော်မော်ဦး(ကိုဝင်းဦး)ခမျာ စိတ်ထိခိုက်ပြီး ပိုလေလွင့် အရက်နဲ့ သာ မေ့အောင်လုပ်နေပါသတဲ့။
တစ်ညမှာ နိုက်ကလပ်ကနေ မူးပြီးအပြန်ကားပျက်တော့ နီးစပ်ရာအိမ်တစ်အိမ်မှာ ဖုန်းဝင်ဆက်ရင်း အမူးလွန်ပြီး အိပ်ပျော် သွားပါတယ်။
နိုးလာတော့ သူ့ရှေ့မှာကွယ်လွန်သူ ဆရာဝန်ကြီးရဲ့ ပုံတူပန်းချီကားတွေ့ရပါတယ်။
အဲဒီအိမ်ဟာ ဆရာဝန်ကြီးရဲ့ အနီးကပ် သူငယ်ချင်း ပန်းချီဆရာကြီး ဖိုးပါကြီးရဲ့အိမ်ပါ။
ငပလီမှာဖြစ်ခဲ့တဲ့ ဇာတ်လမ်းကိုလည်း အနီးကပ်ကြုံခဲ့ရသူပေါ့။
ဒီတော့ ဇော်မော်ဦးက `ကျနော့်ကို ဘာကြောင့် ဆရာဝန်ကြီးက ကယ်ခဲ့လဲ၊ ပန်းချီဆရာကြီးကရော ဘယ်လိုသဘောထား သလဲ´ မေးပါတယ်။
ဖိုးပါကြီးရဲ့အဖြေကတော့ `ရေထဲကို ခဲလေးပစ်ချလိုက်ရင် လှိုင်းလေးတွေဟာ စက်ဝန်းလို တဖြည်းဖြည်းပြန့် သွားတာ မြင်ဖူးတယ်မလား။
အဲဒီလိုဘဲ ဆရာဝန်ကြီးကလည်း သူ့ရဲ့မေတ္တာစေတနာ ခဲတစ်လုံးကို ရေထဲပစ်ချပေးလိုက်တာပါဘဲ။
မောင်ရင့်အနေနဲ့ ဆရာဝန်ကြီးရဲ့ ကျေးဇူးကို ပြန်ဆပ်ပေးချင်တယ်ဆိုရင် ဆရာဝန်ကြီး စခဲ့တဲ့ မေတ္တာစက်ဝန်း၊ စေတနာစက်ဝန်း လေးကို ကျယ်သထက်ကျယ်အောင် ဖြန့်ပေးလိုက်စေချင်ပါတယ်´ တဲ့။
ဇာတ်လမ်းက အတိုချုပ်လိုက်ရရင် ဇော်မော်ဦးဟာ ကိုယ့်ကိုကိုယ် တည့်မတ်ပြီး ဆေးကျောင်းပြန်တက်၊
နိုင်ငံခြားသွား ခွဲစိတ်ပါရဂူဘဝနဲ့ သူ့ကြောင့်မျက်စိကွယ်ခဲ့ရတဲ့ ဆရာဝန်ကြီးရဲ့ မုဆိုးမငယ်လေးကို မျက်စိပြန်မြင်အောင် ကုစားပေးရင်း ချစ်သူချင်း နားလည်မှုရသွားပါလေသတည်းပေါ့။
ဒီတစ်ကားလုံးမှာ မမေ့နိုင်ဆုံးကတော့ ဖိုးပါကြီးရဲ့ စကားလေးပါဘဲ။
ဒီစကားလေးလိုဘဲ ကျွန်မတို့လည်း သူတစ်ပါးဆီက ကိုယ်ရလိုက်တဲ့ မေတ္တာ၊ အကြင်နာ၊ စေတနာလေးတွေကို စက်ဝန်းကြီး ကျယ်သထက်ကျယ်အောင် ဖြန့်ကြည့်ကြရအောင်။
ဘယ်လိုဖြန့်ကြမလဲလို့ နည်းလမ်းစဉ်းစားကြည့်ကြပါစို့။
(၁) သင် ဘတ်စ်ကားပေါ်၊ ရထားပေါ်တွေမှာ လက်ထဲ ထမင်းဘူးတွေ အထုပ်အပိုးတွေနဲ့ နေရာမရဖြစ်နေချိန် အထုပ်တွေ ထမင်းဘူးတွေ ကူကိုင်ပေးတဲ့သူ တွေ့ဘူးပါသလား။
နောင် ကိုယ်နေရာရပြီး သူတပါး မနိုင်မနင်း အထုပ်တွေနဲ့ရပ်နေရတာကို အနည်းဆုံး ၁ဝ ယောက်ပြန်ကူမယ်လို့ စိတ်ပိုင်း ဖြတ်လိုက်ပါ။
(၂) သင် ဘတ်စ်ကားပေါ်၊ ရထားပေါ်ကို အလုပ်အပြန် ပင်ပန်းစွာနဲ့တက်ပြီး ထိုင်စရာမရတုံးက တစ်စုံတစ်ဦးက သူ့နေရာ ပေးပြီး ထိုင်စေတာ ခံယူခဲ့ဘူးပါသလား။
သင်ကလည်း ကိုယ့်ထက်ပိုပြီး ထိုင်ဖို့လိုအပ်မယ်လို့ထင်ရတဲ့ အင်အားနည်းသူတွေကို အနည်းဆုံး ၁ဝ ယောက်နေရာ ပြန်ပေးမယ်လို့ စိတ်ကူးလိုက်ပါ။
(၃) သင် လမ်းသွားရင်း လမ်းမသိလို့ မေးတဲ့အခါ စိတ်ရှည်လက်ရှည် ညွှန်ပြပေးကြတာ ခံယူဖူးပါသလား။
(၄)သင် စာမရတဲ့ အခါ စာပြပေးတဲ့ သူငယ်ချင်းကို တွေ့ဖူးပါသလား။
(၅)သင် နေရာသစ်တစ်ခုကိုအရောက် အူလည်လည် ဖြစ်နေခိုက် နှုတ်ဆက်ဖေးမစကားပြောသူ တွေ့ဖူးပါသလား။
(၆)သင် ဆာလောင်နေချိန် ရေတစ်ခွက်/မုန့်တစ်ခု ပေးကမ်းဖူးသူ ကြုံဖူးပါသလား။
(၇) သင်ချမ်းအေးနေချိန် အနွေးထည်၊စောင်စသည် မျှဝေပြီး အနွေးဓာတ်ပေးသူ တွေ့ဖူးပါသလား။
(၈)သင်နာမကျန်းဖြစ်နေချိန် ပါရာစီတမောလေး၊ဘာမီတွန်လေးကစ ဆရာမောင်ဆေးနီမှုန့်နဲ့ ကွမ်းရွက်ပြုတ်အဆုံး ဖေးကူပေးသူတွေ့ဖူးပါသလား။ယုတ်စွအဆုံး ချောင်းဆိုးအော့အန်နေချိန် ကျောလေးဖိပေးသူ တွေ့ဖူးပါသလား။
(၉)သင်အရင်စလိုသွားနေရချိန် လမ်းကလေးတိမ်းပြီး ဦးစားပေးခံရဖူးပါသလား။
(၁၀)သင်လမ်းဖြတ်ကူးဖို့ စောင့်နေချိန် ရပ်ပေးတဲ့ကားကို တွေ့ဖူးပါသလား။
(၁၁)သင်အားငယ်နေချိန် ရင်ဖွင့်ငိုကြွေးတာကို အမှီခံတဲ့ ပခုံးလေးများကော တွေ့ဖူးပါသလား။
(၁၂)သင်…………………ချိန်………………………………………………….တွေ့ဖူးပါသလား။
40 comments
သကြားလုုံးကြော်
February 18, 2013 at 1:14 am
ဒီဟာကိုု ၁ဝခေါက်ပြန်ဖြန့်ပေးပါ ဆိုုတာဖတ်ရတော့ ဖေ့ဘုုတ်က လိုုက်ခ်တွေ ခေတ်မစားခင်က chain email တွေက ဖတ်ပြီးရင် ၁ဝခေါက် ဖြန့်ခိုုင်းတာကိုုသွား သတိရတယ်။ ဒါကကောင်းသောဖြန့်ချင်းဆိုုတော့ ဆိုုင်တော့မဆိုုင်ဘူး။
အခုုဒီမှာ အဲဒီ မေတ္တာ ဖြန့်ဝေတဲ့ သဘောတရားခေတ်စားနေတယ်။ အဖြူတွေကိုုယ်တိုုင် ပါးစပ်ဖျားမှာ Karma Karma (ဗမာလို ကံကံ၏အကျိုးပေါ့) ဆိုုတာမချဘူး။ Pay Forward လိုု့လည်း ခေါ်ကြတယ်။ ကောင်းမှုကုုသိုုလ် ကြိုလုုပ်ထားရင် နောင်တချိန်ကောင်းကျိုးပြန်ရမယ်ဆိုုတဲ့ သဘောပေါ့။
padonmar
February 18, 2013 at 1:23 am
chain email မပေါ်မီခေတ်က ရွှေပေလွှာပေါ့။
မှတ်မှတ်ရရ အမအကြီးဆုံး စေ့စပ်တာ သတင်းစာထဲပါတော့ ရွှေပေလွှာတွေ စာတိုက်ကလာတာ၊သူကလည်း အဲဒီကျိန်စာတွေကြောက်တော့ ကိုယ်ပါကူကူးပေးရတယ်။ကာဗွန်လည်း မသုံးရဘူးဆိုပဲ၊ ၉-၁ဝ စောင်မဟုတ် ၂ရစောင်ဆိုတော့ စိတ်ညစ်လိုက်တာ။ပြီးတော့ သတင်းစာထဲပါတဲ့ ကြော်ငြာလိပ်စာတွေ ပြန်ထည့်လိုက်တယ်။ :Kwi:
………
အဖြူတွေတောင် ကံ-ကံ၏အကျိုး ရွတ်လာပြီဆိုရင် ဒို့ သဂျီးကော….
(Pay forward ကြီးကတော့ အန်တီပြောချင်သလို မဟုတ်သေးဘူးသမီးရဲ့။)
ပြန်ရဖို့ မမျှော်လင့်တဲ့ ပေးဆပ်မှု ကို ဖြန့်ဝေပေးစေချင်တာပါ။
Mလုလင်
February 18, 2013 at 1:57 am
အဲ့လို စိတ်ထားတဲ့ အခါလဲ ထား .. တစ်ခါတလေ လဲ . . (ဒေါင်းချား လေးတွေ၊ မွေနိုးလေးတွေ) ဆို ပြီး ဖြစ်တဲ့ အခါဖြစ် ပေါ့ . . ဖြည်းဖြည်း ချင်း နဲ့ အေးချမ်း ရမှာ မို့ . . ဖြည်းဖြည်းး ချင်း လုပ်ကြည့်ပါမယ်ဗျ . . အဲ့ဒါ အဲ့ဒါ
padonmar
February 18, 2013 at 8:45 pm
ဖြည်းဖြည်းချင်း လုပ်ကြည့်ပါ လုလင်ရယ်.
ကိုယ်က ဒီခဲကို ပထမဆုံးစချတဲ့သူဆိုရင်တော့ ပီတိ ရေလှိုင်းတွေ ရိုက်ခတ်တာ မသိလိုက်မိဘူး၊
ဘေးမှာ ကိုယ့်လို လူတွေ များလာရင် (ဒေါင်းချား လေးတွေ၊ မွေနိုးလေးတွေ) လို့ ပြောစရာမလိုအောင်ဖြစ်လာမှာပါ။
Mobile
February 18, 2013 at 3:02 am
နံပါတ် ၃ ကိုတော့ ကျုပ်လည်းအကူအညီ ရဖူးသလို..
ကျုပ်လည်း သူများကို စိတ်ရှည်လက်ရှည်ကူညီဖူးပါတယ်….
နံပါတ် ၅ ကတော့တွေ့ဖူးတယ် ဆန့်ကျင်ဖက်အနေနဲ့တွေ့ဖူးတယ်ဗျ
နေရာသစ်တစ်ကို ရောက်ခိုက်အူလည်လည် ဖြစ်နေတုန်းမှာ တစ်ပတ်ရိုက်ချင်သလို
အပြုံးလေးတွေ တွေ့ဖူးတယ်……
ကျန်တာတွေကတော့ တွင်တွင်ကျယ်ကျယ် မတွေ့ဖူးဘူးဗျ။
ကျိုးစားကြည့်ပါအုံးမည်…………………………………
padonmar
February 18, 2013 at 10:29 pm
ကိုမိုဘိုင်းရေ
အန်တီကတော့ ၁ ကနေ ၁၁ ထိက ကိုယ်တွေ့တွေချည်းပဲ။
ရလည်းရဖူးတယ်။
ပေးလည်းပေးဖူးတယ်။
weiwei
February 18, 2013 at 8:15 am
ဝင်းဦးရုပ်ရှင်ကို မျက်စိထဲ ပြန်မြင်ယောင်မိတယ် …
ွှအန်တီပြောချင်တာက ကိုယ်ချင်းစာတရားပေါ့နော် …
ဒါပေမယ့် တစ်ချို့တွေက ကိုယ်ချင်းစာတရားကို ပြောင်းပြန်အသုံးပြုကြတယ် … ငါ့တုန်းက ကုူမယ့်သူမရှိခဲ့တာ သူ့အလှည့်လဲ ကူစရာမလိုဘုူးဆိုတဲ့ စိတ်ဓါတ်မျိုးပေါ့ …
အန်တီပြောတဲ့အတိုင်း လှိုင်းကလေးတွေလို တဖြည်းဖြည်းကျယ်ပြန့်သွားပြီး ကမ္ဘာတစ်ခုလုံး လွှမ်းခြုံသွားပါစေလို့ ဆန္ဒပြုလိုက်ပါတယ် ..
padonmar
February 18, 2013 at 10:55 pm
ဝေဝေရေ
ကိုယ်ချင်းစာမှု Sympathy လေးရှိရင် အရာရာ လှပသွားမယ်လို့ မျှော်လင့်ပါတယ်။
kyeemite
February 18, 2013 at 8:44 am
အဲ ဒီဝင်းဦးကားကြည့်ဖူးပြီးမှတ်မိနေပါသေးဗျာ….ဒေါ်ပဒုမ္မာပြောတဲ့…
လက်ခံ ကျင့်သုံးနေခဲ့တာကြာပါပြီ..တတ်နိုင်သလောက်ပေါ့လေ…
သူတို့ဆီကလည်းဘာမှအတုန့်အပြန်မျှော်လင့်ချက်မထားပဲနဲ့ပါ…
အကျိုးကျေးဇူးကတော့ ကိုယ်ကူညီလိုက်လို့ အဆင်ပြေချောသွားတာမြင်ရရင်
ပီတိဖြစ်ရတာပေါ့..အဲတာနဲ့တင်တန်ပါတယ်ဗျာ…
ဦး ကျောက်ခဲ
February 18, 2013 at 8:49 am
အန်တီပဒုမ္မာရေ
မှတ်မိသလောက်ပြောရရင် အန်တီပြောတဲ့ရုပ်ရှင်က အေကိုက်ပြီးသေသွားတဲ့ Rock Hudson ရဲ့…
Magnificent Obsession (1954 film) ကိုပြန်ကော်ပီကူးထားတာပါ…
မေတ္တာစက်ဝန်းကတော့ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေဖို့ အမြဲလက်ကိုင်ထားပါတယ်…
မေတ္တာခြုံတော့ လုံသတဲ့လေ…
ဦးကြောင်ကြီး
February 19, 2013 at 11:17 am
မောင်ကျောက်ခဲ မှားပါတယ်။ အဲဒီရုပ်ရှင်က အန်တီပဒုမ္မာ့ ခြစ်ခြစ် စာယေးဆြာဂျီး ဝင်းဦးရဲ့ ကိုယ်တိုင်ရေး ဝတ္တုကို ခိုးရိုက်တာ ဖစ်ပါလိမ့်မယ်ကွယ်။
kai
February 20, 2013 at 5:05 am
ဦးကျောက်ကြောင်ကြီးတို့.. အားလုံးမှန်ပါတယ်..
အဲဒီရုပ်ရှင်က.. ခိုးကူးပြီးခရက်ဒစ်မပေးတဲ့.. အကျင့်စရိုက်ကို.. ဆက်ဖြန့်ပေးလိုက်တာဖစ်ပါတယ်ကွယ်..
ဒေါ်ပဒုမ္မာရေ.. နောက်တာနော…
ဆိုတော့..
ဘိုတွေရဲ့.. ကံ-ကံအကျိုးက.. ဗမာတွေလို..ရှေ့- နောက်ဘဝ.. လွှဲချမကူးကြဘူးဗျ..
“ခုတင်ပြတ်… ခုတင်ဖြတ်…”
=
ကဲ.. ပို့စ်နဲ့ဆိုင်တာပြောမယ်..
မေတ္တာက.. အိမ်မှာနေပြီး ရွတ်ဖတ်ပို့လွတ်နေရင်.. အော်တိုဆက်ဂျရှင်သဘောမျိုးပဲဖြစ်ပါတယ်….
ပို့လွှတ်ဖြန့်ဝေချိန်မှာ.. လက်ခံနို်င်တဲ့.. ရုပ်နာမ်တခုခုကို .. ဒွရပေါက်တခုခုကနေ. ထိတွေ့နိုင်မှ.. ဘုရားဟောနဲ့ညီတဲ့.. မေတ္တာပို့နည်းလို့.. ယူဆမိတာပါ…
အဲဒါကြောင့်.. အခုလိုလက်တွေ့ကျကျ.. တုန့်ပြန်လုပ်ကိုင်တာကို နှစ်သက်သဘောကျမိပါတယ်..
“လက်တွေ့.. လက်များနဲ့.. လုပ်ကြပါစို့… “
ဦးကြောင်ကြီး
February 20, 2013 at 9:12 am
ဒွါရခြောက်ပေါက်ထဲမှာ စိတ်လည်းပါသဗျ။ အာရုံငါးပါး ဒွါရခြောက်ပေါက်ပေါ့ဗျာ။ သဂျီးက ရုပ်ဝါဒီဆိုတော့ နာမ်ပိုင်းသက်ရောက်မှုကို မျက်ကွယ်ပြုထားတာကိုး။ ပရမတ်သစ္စာနဲ့ သမုတိသစ္စာ မကွဲလို့လည်း ဖြစ်ပါလိမ့်မယ်။ လက်တွေ့ပြောဂျေးဆို မိဘမေတ္တာရှိတာ မယုံဘူးလား။ ပရမတ်ဓမ္မသဘောမှာတော့ ရှိဘူးဗျို့.. ဇီးရိုး နတ္ထိ သုညပဲ သို့သော် သမုတိနယ်မှာတော့ မေတ္တာ အချစ် သံယောဇဉ် တဂယ်ရှိသဗျို့…။ ဘာလို့ရှိလည်း ပို့သူရော အပို့ခံရသူပါ တကယ်အရှိ ယူထားလို့၊ သမထတန်ခိုး မှာလည်း ဒီလိုပဲ စိတ်စွမ်းအားနဲ့ တခုခု အတည်ယူ ဖန်ဆင်းလိုက်တာကို တဖက်သားက အဟုတ်ထင် လက်ခံလိုက်တဲ့အခါ အရှိဖြစ်သွားတယ် လွှမ်းမိုးခံရတယ်။ ကိလေသာ အာသဝေါ ကုန်စင်တဲ့ ရဟနာ္တကြတော့ အဲလိုခြောက်လို့ ချော့လို မရဘူး။ အစစ်နဲ့ အတု အမှန်နဲ့ အမှား သိနေ သုညတဆိုက်နေပြီလေ။ ပညတ်ရှုဒေါင့်ကနေ ဓမ္မသဘောကို မစဉ်းစားတာ အကောင်းဆုံးပဲ။ သဂျီးအဆင့်နဲ့ နားလည်အောင် အရိုးဆုံးပြောရရင် ဘီယာနဲ့ အရက် ရောသောက်လို့ ကောင်းဘူး…. :harr:
padonmar
February 21, 2013 at 11:28 pm
ဒါက ကာယကံမေတ္တာပေါ့။
surmi
February 18, 2013 at 8:59 am
အခုချိန်မှာအဲဒီ မေတ္တာ တရားပိုပြီးကျယ်ပြန် ့ဖို့ ့လိုမယ်ထင်ပါတယ် ။
တော်တော်လေးခေါင်းပါးတာတွေ ့နေရသလို ကိုယ်ချင်းစာတရားဆိုတာကလည်း
မှန်ဘီလူးနဲ ့ရှာရမယ်ထင်တယ် ။ ရာဇဝတ်မှုတွေလည်းပိုပြီးထူ လာသလို
ဘာမဟုတ်တဲ ့အကြောင်းကိုအခြေခံပြီး လိမ်လည်ကြ ခေါင်းပုံဖြတ်ကြနဲ ့
စိတ်ပျက်စရာပါပဲ အစ်မရေ ။ ဒါလေးဖတ်ပြီး ဆင်ခြင်နိုင်ကောင်းပါရဲ ့
ကျနော်လည်း ခုတလော ဇောက်တိဇောက်ထိုးတွေ ပြောမိရေးမိနေတာ
ဆိုတော ့ ……သတိလေးထား မေတ္တာလေးပွားပြီး နေဦးမှနော ။
ခဏနေရင် ဦးဇင်းဇောက်ထိုးတရား သွားနာလိုက်ဦးမယ်
ဒါမှပြန်တည် ့သွားမလား ….. အပြီးပဲ ခေါင်းစိုက်သွားမလားတော ့မသိဘူး
:hee:
padonmar
February 18, 2013 at 11:20 pm
ဦးမိုက်၊ဦးကျောက်၊ဦးဆာမိ
အားဖြည့်ပေးတာ ကျေးဇူးပါ။
koaung
February 18, 2013 at 11:29 am
စိတ်ဗျာစိတ် စိတ်ထားတတ်ရင်မြတ်ပါတယ် သတိလေးအမြဲထားပြီး ဆရာမကြီ:ရေးထားတာတွေ
အလေ့အကျင့်ဖြစ်ရင် အကောင်းဆုံးလို့ယူဆမိသလို မှတ်သားသွားပါကြောင်း
Wow
February 18, 2013 at 2:44 pm
နံက်စောစောအိပ်ရာထ ဘုရားရှိခိုး၊ မေတ္တာသုတ်ရွတ်၊ သတ္တဝါအားလုံးကို မေတ္တာပို့စဉ်… မီးပျက်သွား…
ဟင်.. ထမင်းအိုးတယ်ထားတာ ကျက်သေးရဲ့လား.. ကော်ဖီဖျော်ဖို့ ရေနွေးမတည်ရသေးဘူး… သွားပီ ဒီနေ့တော့ ရုံးကို ဟင်းမပါတော့ဘူးထင်တယ်…
မေတ္တာနှင့် ညင်သာစွာထပြီး… ထမင်းအိုးကျက်သေးရဲ့လား ကြည့်လိုက်သည်…
ဂက်စ် မီးဖိုထုတ် .. ရေခဲသေတ္တာထဲက ဟင်းနွေးဖို့ထုတ်… ဟင်… ဂက်စ်က ကုန်နေဘီ… မေတ္တာနှင့် သက်ပြင်းချလိုက်သည်…
ဟင်းမပါသော ထမင်းဘူးလေးဆွဲပြီး ကားဂိတ်ကို မေတ္တာနှလုံးသွင်းပြီး လျှောက်လာခဲ့သည်…
ကားဂိတ်မှာ လူတွေအပြည့်…..
မှတ်တိုင် မရောက်ခင်ရပ်တဲ့ကားတွေရယ်.. မှတ်တိုင်ကျော်ပြီးရပ်တဲ့ကားတွေရယ်ကို ကြည့်ပြီး… အနီးဆုံးကားကို မေတ္တာနှလုံးသွင်း တိုးတက်လိုက်သည်…
ကိုယ့်ကို ဆောင့်တိုးပြီး ကျော်တက်သွားတဲ့ သူတစ်ယောက်ကြောင့် ယိုင်ပြီး ကျွတ်သွားတဲ့ ဖိနပ်ကို မေတ္တာရှေ့ထား ပြန်စီးဖို့ အပြင်… ဆွဲဆရာရေ ဆိုတဲ့ စပါယ်ရာ အသံနဲ့အတူ လူက ရှေ့ကို မှောက်ယက်လဲမတတ်ယိုင်ထိုးသွားသည်… ဟဲ့.. ဖိနပ်… ဘယ်ရောက်သွားဘီလဲ… အောင်မလေး ခုံးစောင်းနဲ့တိုက်မိတာ နာလိုက်တာ…
ဖိနပ်ကို မရအရ ပြန်စီးပြီး.. မေတ္တာ အပြည့်နဲ့ တန်းကို ကိုင်ပြီးပြန်ရပ်လိုက်သည်…..
……….
ဟီး… ဟီး ပို့စ် ပိုင်ရှင်ကို စော်ကားသလိုဖစ်ရင် ခွင့်လွှတ်ပါရှင့်…
ဘယ်လိုမှ ဆုံးမမရတဲ့ အမိုက်အမဲမို့ပါ…. :buu:
padonmar
February 18, 2013 at 11:04 pm
Wow လေးရေ
အဲဒီ အဆင်မပြေတာတွေကြားထဲမှာ စိတ်ကြည်နူးစရာ ကောင်းကွက်ကလေး တစ်ခုတစ်လေမှ မတွေ့မိဘူးလားဟင်၊
ကိုယ့်ပေါ် သူများကောင်းတာလေးတွေကို သတိထားခံစားကြည့်လိုက်ရင် သေးသေးလေး ဖြစ်ဖြစ်တွေ့မှာပါ။
တစ်နေ့လောက် ကြိုးစားပြီး ကြည့်ကြည့်ပါအုံး။
Wow
February 19, 2013 at 10:02 am
အဆင်မပြေသူတွေကိုယ်စားခံဇားပြီး နဲနဲပိုပြောလိုက်တာပါ အန်တီပဒုမ္မာရယ်…
ဂယ်တော့ သာမီး တစ်နေ့တာက အဆင်ပြေပါတယ်..
ဒါပေမဲ့ အန်တီရယ် ချို့တဲ့ရှားပါးသူတွေမှာ အူမတောင့်မှ သီလ စောင့်နိုင်ကြမှာပါ….
nozomi
February 18, 2013 at 3:48 pm
ဦးဝင်းဦး နဲ့ ပတ်သက်လို့ သတိရတာလေး
ကျွန်တော်တို့က အလွယ် ဝင်းဦး က ဘယ်ကားမှာ ဘာဆိုတာမျိုး ပြောမိတော့
( ဦးလေး အရွယ် တစ်ယောက် နဲ့ ပြောတာ )
ဝင်းဦးလို့ မခေါ်ပါနဲ့ ဦးဝင်းဦး လို့ ခေါ်ပါ တဲ့ တကယ့် ပရိတ်သတ်နဲ့ တွေ့ဘူးတယ်
အန်တီလေး စာတွေ ဖတ်ရတာ ဖေမြင့် ရဲ့ နှလုံးသား အဟာရ ဖတ်ရသလိုပဲ ကောင်းလိုက်တာ
လောက မှ တတ်နိုင်သလောက် ပေးဘို့ ကြိုးစား ဘာပြန်ရမှ ဆိုတာမျိုး ဆို ပင်ပန်းတယ် စိတ်ရှုတ်ရတယ် စိတ်ရှင်းရလေ ကောင်းလေပဲ
koaung
February 18, 2013 at 3:54 pm
ဗဟုသုတ ကြားခဲ့သမျှပါ နားနဲ့မနာဖဝါးနဲ့နာပါဗျာ ဦးဝင်းဦး ဆုံးတော့ နောက်ဆုံးနှုက်ဆက်ချိန်မှာ
ပရိပ်သတ်ထဲက အကြိုဂျီး မမတွေ အလောင်းကိုဖက်ကြနန်းကြနဲ့ ဪစုက်ခ စုက်ခ ကလေး
ဘဝကြားခဲ့တာလေး
padonmar
February 18, 2013 at 10:58 pm
မညိုမီနဲ့ ကိုအောင်
ကျမကတော့ မင်းသားဝင်းဦး အချစ်တော် မဟုတ်ဘူးနော်။
စာရေးဆရာ ဝင်းဦးကိုပဲ ကြိုက်တာ။
ကြည်ဆောင်း
February 18, 2013 at 4:37 pm
မေတ္တာရေလှိုင်းဖြန့်ကျက်လိုက်ရင်း…
ပါတ်ဝန်းကျင်ကအရောင်ဆိုးလိုက်ရင်း….
နေပါတော့လေလို့တွေးလိုက်ရင်း..
စိတ်ကောင်းလေးတစ်ပါတ်ပြန်လည်လိုက်ရင်း….
အဲဒါနဲ့ပဲ…….
မိုချို
February 18, 2013 at 4:53 pm
အန်တီရေ လူတိုင်း လက်ကိုင် ထား သင့် တဲ့ အဖိုးတန် စာစု လေး ပါပဲ။
ကိုယ်ကိုယ် လည်း ကြိုးစား ရပါအုံး မယ်။ ငယ်ကတည်း က ကိုယ် လုပ်မှ ကိုယ်ရ မယ် ဆိုတဲ့ အစွဲ ရှိနေတော့ သူ တပါး ရဲ့ လို အပ် ချက် တွေ ကို လည်း သတိ မမူ မိတတ်ဘူး။ ဘာသိ ဘာသာ နေ တတ်တဲ့ အကျင့် ရှိတယ်။ ကိုယ့် ကြောင့် သူတပါး စိတ် အနှောက် ယှက် မဖြစ် အောင် သတိထား တတ် သလို သူများ ကြောင့် စိတ် အနှောက် ဖြစ်ရ ရင်လည်း သိပ် သည်း ညည်း မခံတတ်ဘူး။
မကောင်း မှန်း သိပေမယ့် ပြင် မရဘူး။
အရင်တုန်းး ကဆို ဈေး ဝယ်လို့ အလေး မပြည့် တာတို့၊ စပယ်ယာ အပေါက်ဆိုး တာတို့ ၊ အကြွှေ မအမ်း တာတို့ ဆို ဝုန်း ဒိုင်းကြဲ ပစ်လိုက် တာ။ ခုတော့ မြန်မာပြည် ပြန်ရင် သတိထား ရတော့ မယ်။ မြန်မာ ပြည်မှာ အခြေခံ လူတန်း စား အများ စု က အရမ်း ကြပ်တည်း နေကြ ပြီး ပညာ အခြေခံ နည်း ပါး တော့ စိတ်တွေ ကလည်း အရိုင်း စိတ်တွေ ဖြစ်နေကြတယ်၊ ထစ်ခနဲ ရှိ ပေါက်ကွဲ လွယ် နေကြတယ် ။ အဲတော့ သူတို့ နဲ့ ပြိုင် မိုက် လို့ မဖြစ်ဘူး။ မေတ္တာစစ်တော့ မဟုတ်ဘူးပေါ့ ၊ ကြောက် ကြောက်နဲ့ ထား တဲ့ မေတ္တာ ဆိုပါတော့ ။
မောင်ပေ
February 18, 2013 at 7:34 pm
စီးပွားလေးအဆင်ပြေလို ့စိတ်ကြည်နေချိန်ဆိုရင်တော့ အန်တီမာ ရေးပြထားသလို စိတ်ထားနိုင်ပါတယ်
သို ့ပေသည့်
လောကီသားတစ်ယောက်အနေနဲ ့ ၊ ဘယ်လောက်အကောင်းမြင်စိတ်ထားထား ၊ ရံဖန်ရံခါ အခန် ့မသင့် တဲ့အခါမျိုးဆိုရင်တော့ ၊ အပေါ်မှာ လုလင်ရေးသလိုပါပဲကလား
Mr. MarGa
February 18, 2013 at 9:07 pm
သူလည်းလေ လောကီသားပေမို့
အဲဒီစက်ဝန်းကို ဖြစ်အောင်တော့ လုပ်ပါတယ်ဗျာ
ဒါပေမယ့် သိတဲ့အတိုင်းပေါ့
ပုထုဇဉ် ဆိုတော့လဲ
တစ်ခါတစ်လေ ဒေါသ ဖြစ်မိပေါ့
တတ်နိုင်သလောက်တော့ ဖြန့်နေပါတယ် လို့
အဲဒါလေးးးးးးး
padonmar
February 18, 2013 at 11:11 pm
ကြည်ဆောင်း၊မိုချို၊မောင်ပေ၊သိကြားမင်း
ကြိုးစားနေပါတယ် ဆိုကတည်းက လုံးဝ မေတ္တာ မထားတတ်တဲ့ သူတွေထက် တော်တာပေါ့။
ကူညီတယ်ဆိုတာ အချည်းနှီးမဖြစ်ပါဘူးကွယ်။
သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှုရှိသည်တဲ့။
တစ်ချိန်မှာ အဲဒီအကျိုးကို ပြန်ရတတ်ပါတယ်။
သတိထားရင် တွေ့လာပါလိမ့်မယ်။
အနည်းဆုံးတော့ ကိုယ် စိတ်ချမ်းသာရပါတယ်။
padonmar
February 18, 2013 at 11:09 pm
ကြည်ဆောင်း၊မိုချို၊မောင်ပေ၊သိကြားမင်း
ကြိုးစားနေပါတယ် ဆိုကတည်းက လုံးဝ မေတ္တာ မထားတတ်တဲ့ သူတွေထက် တော်တာပေါ့။
ကူညီတယ်ဆိုတာ အချည်းနှီးမဖြစ်ပါဘူးကွယ်။
သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှုရှိသည်တဲ့။
တစ်ချိန်မှာ အဲဒီအကျိုးကို ပြန်ရတတ်ပါတယ်။
သတိထားရင် တွေ့လာပါလိမ့်မယ်။
အနည်းဆုံးတော့ ကိုယ် စိတ်ချမ်းသာရပါတယ်။
မဟာရာဇာ အံစာတုံး
February 18, 2013 at 11:11 pm
တီတီရေ …
ကိုယ့်အဖြစ်ကို ဝန်ခံရရင် …
အရင်တုန်းကတော့ …
လိုင်းကားစီးရင်းနဲ့ ပစ္စည်းလေးတွေ ကူကိုင်ထားပေးတာ …
အသက်ကြီးတဲ့လူတွေဆို နေရာဖယ်ပေးတာမျိုးတွေ …
လုပ်ခဲ့ပါတယ် ….
နောက်ပိုင်း … လူပါးဝလွန်းတဲ့ လူတွေကို တွေ့ကြုံလာရတော့ …
အဲ့ဒီ လုပ်ရပ်တွေကို ပြောင်းလဲ ပစ်ခဲ့မိပါတယ် …
ပြောင်ပြောင်တင်းတင်းနဲ့ မသိချင်ယောင်ဘဲ ဆောင်နေခဲ့တယ် ….
ခုချိန်ထိပေါ့ဗျာ ….
အခု တီတီ ပို့စ်မှာမှ ပြန်စဉ်းစားကြည့်မိတော့ ….
“တန်ပြန်မှု” …. ဆိုတာကို သွားတွေ့မိတယ်ခင်ဗျ …
အရင်က သူများဟာတွေကို ကူကိုင်ပေးတုန်းကဆိုရင် …
ကျနော် နေရာ မရ ဖြစ်နေချိန် …၊ လက်ထဲကလည်း ပစ္စည်းတစ်ခုခု ကိုင်ထားချိန်မှာဆိုရင် …
စိတ်လိုလက်ရ ထိုင်ခုံပေါ် ထိုင်နေတဲ့လူက သူကိုင်ပေးဖို့ ကမ်းလှမ်းတာမျိုးတွေ …
ခဏခဏ ကြုံရတယ်ဗျ …
ခုနောက်ပိုင်း အချိုးတွေ ပြောင်းလိုက်ချင်မှာတော့ …
ကိုင်ပေးမယ့်လူ မရှိသလောက် ဖြစ်သွားတယ် …
ဟုတ်တယ်ဗျ …. ခုမှ တွေးလိုက်မိတယ် ….
ဘာပဲဖြစ်ဖြစ် ….
ခုချိန်ကစပြီး မေတ္တာစက်ဝန်းကို ပြန်ဖြန့်တော့မယ်ဗျို့ ….
ကျေးဇူး အထူးပါ တီတီရေ ….
ဦးကြောင်ကြီး
February 22, 2013 at 10:33 am
ဆန်ပေးရင် ဆီရတယ်ဆိုတဲ့ အမြင်စွဲ မထားသင့်ဘူး၊ ဖြစ်လာရင်တော်ရဲ့ မဖြစ်တဲ့အခါ ကောင်းနေတဲ့ အကောင်းလို့ သတ်မှတ်ထားချက်တွေပါ ပျောက်ဆုံးသွားတတ်တယ်။ ဒါနဲ့ပဲ အတော်များများ ဘာသာရေး အားပြုရင်း စိတ်ကောင်းမွေးရင်း ထင်သလို တုံ့ပြန်မှု မရတဲ့အခါ ရုပ်ဝါဒီဖြစ်သွားတတ်တယ်။ ဓမ္မသဘော သုညတသာ တကယ်ရှိတယ်၊ ကျန်တာတွေက ဖြစ်ချင်လည်း ဖြစ်မယ် မဖြစ်ချင်လည်း မဖြစ်ဘူး။ လူဆိုးသိပ်များတဲ့အခါ ဝါ လောကဂျီးပျက်နေရင် ဘယ်လောက် ကောင်းကောင်း တန်ဖိုးထားခြင်း မခံရဘူး၊ အဲလိုအချိန်မျိုးမှာ ပါရမီဖြည့်နေသူ အလောင်းအလျာတွေလောက်သာ ခံနိုင်ရည်ရှိတယ်၊ သူတို့က ပေးဆပ်ဖို့သက်သက် ခံယူထားတာကိုး။ ခေတ်ကာလ မကောင်းချိန်မှာလဲ ဒီလိုပဲ တော်ရုံ ပေးဆပ်မှုနဲ့ တုံ့ပြန်မှုအကောင်း ရချင်မှရတယ်၊ မပေးဆပ်ဘဲနဲ့လည်း ရချိန်ရတတ်တယ်။ ဘုန်းကံကြီးမားသူနဲ့ ဘုန်းကံနည်းသူ ရပုံခြင်းမတူနိုင်ဘူး။ ဖြစ်မလာလို့ ကိုယ်က ဆိုးမိတဲ့အခါ ဘယ်တော့မှ ဖြစ်မလာတော့ ဒါမှမဟုတ် ဆိုးတော့မှ လိုချင်တာ ဖြစ်လာရင် လူကြီးသူမတွေပြောတာ အလဂါးပါကွာ ပြစ်မှားမိတတ်တယ်။ ဒီလိုနဲ့ပဲ လောကဓမ္မတာ ပျက်ယွင်းတာ…။
padonmar
February 18, 2013 at 11:15 pm
ဒါကြောင့် တူတွေထဲ မောင်အံ အတော်ဆုံး။
ရွှေရောင် မွေးနေ့ရှင် မို့လို့ ဖြစ်မယ်။
ဦးကြောင်ကြီး
February 19, 2013 at 11:14 am
အနော် မေတ္တာဖြန့်ဒါကြတော့ နှာဗူးတဲ့….. စေတနှာနဲ့ ဒင်းတို့တန်ဝူး…
padonmar
February 19, 2013 at 11:26 pm
ကြယ်လေးလုံး ဦးကြောင်ကြီးကို ဘယ်သူက နှာဘူးလို့ ပြောရဲတာလဲ။
မသကာ ဝင်းဦးလို့ ပြောရင် ဟုတ်တုတ်တုတ်။ 😛
P chogyi
February 19, 2013 at 3:00 pm
အစ်မရေ
ကျွန်တော်ပုလဲကျွန်းမှာ နေတုန်းက
ကျွန်တော့်အထက်အရာရှိပြောဖူးတာလေးသွားသတိရတယ်။
ကိုယ်ကူညီနိုင်သလောက် ကူညီလိုက်ပါ၊
သူမကူညီနိုင်တာကို စိတ်မဆိုးပါနဲ့တဲ့။
သူက သူ့စကားအတိုင်း တစ်ကယ်လက်တွေ့လုပ်ဆောင်သူပါ။
ကျွန်တော်က တစ်ခါတစ်လေ စိတ်တိုင်းမကျရင် သူက အဲဒီလို နှစ်သိမ့်နေကျပါ။
padonmar
February 19, 2013 at 11:28 pm
ကိုချိူ
မိတ်ဆွေကောင်းနဲ့ တွေ့ရရင် စိတ်အေးချမ်းတာပေါ့။
ခိုင်ဇာ
February 19, 2013 at 5:14 pm
အာတီဒုံ ရဲ့ ဒီ ပို့(စ) ကိုဖတ်ပြီး တစ်ခုတွေးမိတယ်။
ဘာမှ လက်ဆင့်မကမ်း မဖြန့်ကျက်နိုင်ရင်တောင် အနည်းဆုံး လူ ၁ဝ ယောက်ကို စိတ်ပါလက်ပါ ပြုံးပြ၊ စကားကောင်းလေးပြောနိုင်မယ်ဆိုရင်ကို မဆိုးဘူးလို့။
ကိုယ်နဲ့ပြောမိလို့ စိတ်လက်ကြည်သာသွားတဲ့သူ က တစ်ခြားနေရမှာလည်း ဆက်လက် ကြည်သာသွားနိုင်မယ်လို့ မျှော်လင့်ပြီးတော့ပေါ့လေ။
ခုကစ အကောင်အထည်ဖော်မလို့။
ဒီမှာက အရယ်အပြုံးအတော်နည်းတဲ့ နိုင်ငံလည်းဖြစ်နေတော့လေ။ ပို့(စ) လေးအတွက် ကျေးဇူးတင်ပါတယ်။
(သူငယ်ချင်းတွေက စိတ်ဖောက်ပြန်သွားပြီထင်နေကြရော့မယ်)
padonmar
February 19, 2013 at 11:34 pm
မယ်ဆွိရေ
ဒို့ အရှေ့တိုင်းသားတွေက အပြုံးလေးပေးဖို့ ကပ်စေးနည်းကြတယ်။
တွေ့ဖူးသမျှ အဖြူတွေကတော့ ကိုယ့်ကို မသိတာတောင်မှ မျက်လုံးချင်းဆုံမိရင် ပြုံးပြနှုတ်ဆက်တတ်ကြတယ်။
ကလေးလေးတွေကလည်း လမ်းမှာ တွေ့တဲ့သူကို ဟိုင်းလို့ နှုတ်ဆက်သွားဖို့ ဝန်မလေးကြဘူး။
ပြုံးပြတာဟာ မဲ့ပြသွားတာ၊ မသိချင်ယောင်ဆောင်သွားတာထက် ပိုကောင်းပါတယ်။
မယ်ဆွိ တစ်ပတ်လောက် စမ်းကြည့်ပြီးရင်လည်း ရလာဒ်ကို ပြန်ပြောပြပါအုံး။
MaMa
February 20, 2013 at 7:50 am
ဖတ်ဖူးတဲ့ (တိုင်းရင်းသား စကားပုံထင်ပါရဲ့) စာထဲမှာ ….
သူပြုပေးခဲ့ဖူးတဲ့ ကျေးဇူးကို မှတ်ထားပါ၊
ကိုယ်ပြုပေးခဲ့တဲ့ ကျေးဇူးကို မေ့လိုက်ပါ တဲ့။
အဲလို လိုက်နာကြည့်ရင်လည်း အတော်လေး စိတ်ချမ်းသားစရာတွေ ကြုံရတယ်။
နောက်ပြီး မှတ်သားထားဖူးသလောက်ဆိုရင်…..
လူကောင်းဆိုတာ သူတပါး ကျေးဇူးကို သိတတ်သူဖြစ်တယ်။
သူတပါးကျေးဇူးကို ပြန်ဆပ်ဖို့ ကြိုးစားသူ၊ ပြန်ဆပ်နိုင်သူဆိုရင်တော့ လူတော်ပေ့ါ။
padonmar
February 21, 2013 at 11:41 pm
အခုထိ ကျမရဲ့ ဒီပို့စ်ကို မန့်တဲ့သူတွေရဲ့ feedback ကိုကြည့်လိုက်တော့
ကိုယ်ချင်းစာ မေတ္တာထားပေးတာကို လက်ခံကျင့်သုံးနေပါတယ်ဆိုတဲ့လူတွေက ကျမစိတ်ထင် အသက် over 40 (၄ဝ နှင့်အထက်) တွေဖြစ်ပြီး
`ကြိုးစားရအုံးမယ်၊ဒါပေမယ့် ´ ဆိုတဲ့လူတွေက under 40 ( ၄ဝ အောက် /၃ဝ အောက်တွေ) ဖြစ်နေတာ တွေ့ရပါတယ်။
ဆိုတော့ ကိုယ့်ဖာသာ ကောက်ချက်ချကြည့်လိုက်တော့
လူငယ်လူလတ်ပိုင်းတွေရဲ့ ရင်ထဲမှာ သူတို့အရွယ်ရောက်ချိန် တရားမျှတမှုကင်းခဲ့တဲ့ ပတ်ဝန်းကျင်ရဲ ့ ရိုက်ခတ်မှုကြောင့် အမုန်းဆူးတွေ စိုက်နေတယ်လို့ မြင်မိပါတယ်။