ဟာသလေးတွေ
အပျိုလေးမို့ပါရှင်…
တိုက်နယ်ဆေးရုံကလေးသို့လှည်း တစ်စီးနှင့် တင်လာသော လူနာတစ်ဦး ရောက်လာသည်။ လူနာမှာ အမျိုးသမီး လူနာဖြစ်သည်။ အသက်အရွယ် ငယ်ငယ်ဖြစ်သည်။ နုနယ်ပျိုမြစ်သော အနှီ မိန်းကလေး လူနာမှာ တော၏ သမီးပီပီ နွားစာစဉ်းရင် ဝဲဘက်လက်မှာ ဓားစက် ထိသွား၏။ သွေးများအထွက်ကာ သတိ ပင် မရတစ်ချက်၊ ရတစ်ချက် ဖြစ်နေခဲ့သည်။အတော်ခေါင်သော ရွာမှ ဤတိုက်နယ်ဆေးရုံထိ လာပို့ခြင်း ဖြစ်သည်။ လှည်းမောင်းသူ၊ အကူအညီ အမျိုးသားအပြင် လူနာ၏ မိခင် အဘွားကြီး ငိုကြီး ချက်မနှင့် လိုက်ပါလာ၏။တာဝန်ရှိ ဆရာဝန်၊ သူနာပြုများ လုပ်ငန်း စဉ်အရ စမ်းသပ်ပြီးနောက် ဆရာဝန်က လူနာ၏ သွေးအမျိုး အစားကို စစ်ပြီး လူနာကို “အိုသွေး” သွင်းရမယ်ဟု ပြောသော အခါ၊ ရိုးသားလှသော လူနာရှင် မိခင်ကြီးက “ကျွန်မသမီး နုနုထွတ်ထွတ်လေးကို အိုသွေးတော့ မသွင်းပေးပါနဲ့ ဆရာဝန်ကြီးရယ်။ အပျိုလေးမို့ အပျိုသွေးပဲ သွေးပါနော်”တဲ့။
အညာဆီရော့
ကိုရီးယား ဇာတ်လမ်းတွဲတွေကဖြင့် ပြုံးပြုံးတို့မြေ၊ အထက်အညာ၊ အောက်အကြေ၊ အလယ်မြေလတ် သူ့ ဩဇာ မသက်ရောက်တဲ့ နေရာ ရှားတယ်။ အဲဒီ ရှားရှားပါးပါးTV မရှိ ကိုရီးယားကား မကြည့်ဖြစ်နိုင်တဲ့ ရွာလေး တစ်ရွာကို၊ ပြုံးပြုံးတို့ မိသားစု အလည် ရောက်ခဲ့ကြတယ်။
ဖေဖေ့ အသိဦးကြီးပေ၊ ဒေါ်ကြီးဖူးတို့ အိမ်မှာ ဝင်တည်းကြတယ်။ တောသူတောင်သား မြန်မာ မိသားစု ဖြစ်တဲ့ ဦးကြီးပေတို့ မိသားစုကဖြင့် ဧည့်ဝတ်တွေ ကျေလိုက်သမှ။ သူတို့အိမ်မှာ ခဏလေး တစ်ညလေး တည်းရတာ စိတ်ကို ချမ်းသာလို့။ ပျော်လိုက်တာ။ တစ်ခုပဲ ပြောစရာ ရှိတယ်။ ည (၇) နာရီနဲ့ (၈) နာရီ သတင်းတွေ အပြီး ကိုရီးယား ကားလေး မကြည့် ရတာပဲ။ ပြန်ရောက်မှ အိမ်စောင့် ကျန်ခဲ့တဲ့ အိုပါးကို စမြုံ့ ပြန်ခိုင်းရတော့မှာပဲ။ ညစာကျွေးတော့ ဟင်းတွေက စုံနေတာပဲ။ ဒေါ်ကြီးဖူးက ဟင်းချက်လည်းကောင်း၊ အစပ်အဟပ်လည်း တည့်။ ဦးကြီးပေက “ဇွန်းပဲ ရှိတယ်ဗျ။ ခက်ရင်းကတော့ ကောက်ဆွတာပဲ ရှိတယ်။ လက်နဲ့ပဲ ကြိတ်ကြပေတော့ ဆရာတို့” ဆိုပြီး လက်ဆေးခွက် လာပေးတယ်။ ဒေါ်ကြီးဖူးနဲ့ သူ့သမီးလေး “ချစ်ဖူးလွှာ”က ဟင်းခွက်တွေ ချနေတုန်း စားပွဲဝိုင်းနဲ့ကို မဆံ့လောက်အောင် များနေပြီ။ ပြုံးတို့ မိသားစု စားပွဲမှာ ဝိုင်းထိုင်မိကြပြီ။ လက်ဆေးရင်း ဟင်းခွက် တချို့ကို မျက်စေ့ကရောက်၊ ပါးစပ်က ပြင်မိနေပြီ။ သွားရည် မယိုအောင် ထိန်းနေရတယ် ခွေးတောက်ရွက်နဲ့ ကြက်ရိုးဟင်းချို၊ မရမ်းသီးထောင်း ဆီဆမ်း၊ ကြက်သဲ ကြက်မြစ်ကို အရွက်စိမ်းနဲ့ အစိမ်းကြော်၊ လယ်ကြား ငါးပိရယ်၊ အတို့ အမြှုပ်စုံနဲ့ ကြက်ဆီပြန်၊ ဝက်ဆီပြန်၊ ငါးဆီပြန်ဟင်းတွေ . . . ပြုံးပြုံးလည်း ခုလို မစားရတာ ကြာတော့ စားချင် ဇောနဲ့ အဖေ အမေတို့ကို ဦးဦးဖျားဖျား ဇွန်းလေးနဲ့ ဟင်းတွေကော် ဦးချ ထည့်ပေးရင်းက “ဟင်းတွေက စုံနေတာပဲ။ မြိန်စရာ။ ဒေါ်ကြီး ဖူးရယ် မင်္ဂလာ ရှိလိုက်တာ။ အညာဆီရော” လို့ ကိုရီးယား လေသံလေး လွှတ်ခနဲ ထွက်သွားတော့ ဒေါ်ကြီး ဖူးက “သမီးရယ် ဒေါ်ကြီးတို့ ဟင်းက အညာကဆီလည်း မရောဘူး။ အကြေက စားအုန်းဆီလည်း မစပ်ဘူး။ ဒေါ်ကြီးတို့ မြေလတ်ဒေသထွက် ပဲဆီသန့်သန့်၊ နှမ်းဆီ သန့်သန့်လေးတွေနဲ့ ချက်ထားတာ။ စားစား” တဲ့။ ပြုံးပြုံးတို့ သားအမိ သားအဖလည်း ထမင်း စားရင် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး ပြုံးလိုက်မိကြတယ်။ တကယ့်ကို အညာဆီရောပါပဲ။
One comment
cobra
July 21, 2010 at 10:18 am
ကောင်းပါတယ်…ဆက်လုပ်ပါ..။