အစွမ်းကုန်ချရမှာဘဲဆိုတာ တိတိလင်းလင်းသတိပေးလိုက်ပါတယ်။ (အောင်ဆန်း)

kaiFebruary 16, 20101min2333
8888peoplepower ရဟူးမေးလ်ဂရုမှာ (ဖေဖေါ်ဝါရီ ၁၃ရက် )နေ့က “ ဗိုလ်ချုပ်အောင်ဆန်းဟာကွန်မြူနစ်လား ”ဆိုပြီး မေးခွန်းထုတ်လာတာကို အဲဒီထဲက ဆွေးနွေးသူ တယောက်က ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတခုကို ကိုးကားဖြေရှင်းပေးလိုက်တာပါ။
အဲဒီဆွေးနွေးမှုတွေက  ဗိုလ်ချုပ်အောင်ဆန်းကဗျာတပုဒ်ဖြစ်တဲ့ “အောင်ဆန်းဇာနည် ”မှာ အဆုံးသတ်အပိုဒ်က “  ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ၊ ဗိုလ်ချုပ်ချမှတ်သွား။” ဖြစ်နေတာကစတာဖြစ်ပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီ တည်ထောင်သူထဲမယ် ပါတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ၆၂ အာဏာသိမ်းလူကြီးမင်းများ ဝါဒဖြန့်ခဲ့သလို “ဆိုရှယ်လစ်”ဝါဒယုံသလား။ မယုံဘူးလား။
ကွန်မြူနစ်ဖြစ်ခဲ့သလား။ အဲဒီဝါဒယုံ
ကြည်သလား။ သိသာနိုင်မယ်ထင်ပါတယ်။
http://humanresourceprogram.blogspot.com ကကူးယူဖေါ်ပြတဲ့ အောက်ကမိန့်ခွန်းဖြစ်ပါတယ်။ ကျုပ်လည်း (တုံးချက်က)မခါမှ မဖတ်ဖူးသမို ့သိချင်သူတွေသိရအောင်တင်ပေးလိုက်တာပါပဲ။
သိန်း- သန်း ကွန်မြူနစ်တွေလို့ သူမိန့်ခွန်းမှာသုံးရာမှာ “သိန်း”ဆိုတာ သခင်သိန်းဖေမြင့်ကို ဆိုလိုတာလားလည်း မသေချာပါ။
“သန်း”ကတော့ သူနဲ့မယားညီအကိုတော်တဲ့ သခင်သန်းထွန်း ဖြစ်ပါတယ်။
လမ်းနှစ်ခွ

တိုင်းပြုပြည်ပြု လွှတ်တော်အတွက် ပြည်သူ့ ကိုယ်စားလှယ်များ ရွေးချယ်ရမည့် ရွေးကောက်ပွဲကြီးသည် အထူး အရေးကြီး၏။ အဆိုပါ ရွေးကောက်ပွဲကြီး မပျက်စီး ပျက်စီးအောင် ဖျက်ဆီးရန် ကြံရွယ်ထားသော (ဖဆပလ) ကို အတိုက်အခံ လုပ်နေသော နိုင်ငံရေး အဖွဲ့များလည်း ရှိနေသေး၏။ နိုင်ငံရေး လက်ဟောင်းသမားကြီးများ ဖြစ်သည့် ဂဠုန်ဦးစော၊ သခင်ဗစိန်၊ (ဖဆပလ)မှ ထုတ်ပယ်ခြင်းခံရသော သခင်သန်းထွန်း၏ ကွန်မြူနစ် ပါတီ (အလံဖြူ)၊ သခင်စိုး ခေါင်းဆောင်သည့် အလံနီ ကွန်မြူနစ်တို့သည် “ မစားရတဲ့အသည်း သဲနှင့် ပက်” ဆိုသကဲ့သို့ မိမိတို့ အာဏမရမည့် အတူတူ ရွေးကောက်ပွဲ ပျက်စေရန် ခြေပုံးခုတ် ဆောင်ရွက်လာကြပြန်သည်။ ထိုဆန့်ကျင်ရေးသမားတို့ကို ပြတ်ပြတ်သားသား အရေးယူရန် လိုလားကြောင်းကို ဗိုလ်ချုပ်အောင်ဆန်းက (ဖဆပလ) ခေါင်းဆောင်ပိုင်းအား အသိပေးသော အနေဖြင့် တိုင်းပြည်သို့ တင်ပြလိုက်၏။

လာမည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ကျွန်တော်ထုတ်လိုက်တဲ့ မေတ္တာရပ်ခံလွှည အစမှာ “ဗမာတွေ လမ်း နှစ်ခွသို့ ရောက်နေပြီ” လို့ ကျွန်တော်ပြောခဲ့တယ်။ ယနေ့ညတော့ ဖ၊ဆ၊ပ၊လ ရဲ့ ရှေးဆုံးတန်းက ခေါင်းဆောင် တွေဟာ လမ်းနှစ်ခွကို ရောက်နေပြီဆိုတာကို ပြောချင်တယ်။ တလမ်းက တအိမ်လုံး အထိ လောင်စ၍နေတဲ့ မီးကို နိုင်နိုင်နင်းနင်း ငြိမ်းရမည့် လမ်းဖြစ်တယ်။ တခြား တလမ်းကတော့ အိမ်ကြီးလဲ လောင်ချင်သလို လောင် ပေစေတော့ဆိုပြီး အိမ်ပေါ်က ဆင်းပေးတဲ့ လမ်းဖြစ်တယ်။

ဒီလမ်း နှစ်ခုအတွက် ဘယ်လမ်းကို ကျွန်တော်တို့ ခေါင်ဆောင်တွေ လိုက်ကြမယ်ဆိုတာ အနှေးနှင့် အမြန် ကျွန်တော်တို့ သန္နိဌာန်ချကြရလိမ့်မယ်။ယခု တပြည်လုံး အထိ ကူးစက်ပြီး မီးဟုန်ဟုန်းတောက်ဖို့ အချိန်ယူနေတဲ့ အခါမျိုးမှာ တွေဝေမိန်းမောခြင်း၊ချီတုံချတုံဖြစ်ခြင်း။ မှန်တယ်ထင်ရာကို မလုပ်ရဲခြင်းထက် ပိုပြီးမှားတဲ့ အမှားမျိုး ဟာ ရှိနိုင်တော့မယ် မဟုတ်ဘူး။
ခပ်ရှင်းရှင်း ပြောရယင် ယနေ့အထိ ကျွနတော်တို့တတွေရဲ့ လုပ်ပုံ ကိုင်ပုံတွေဟာ ဘာမှ ကျေနပ်စရာ မရှိသေး ဘူး။ အတိအကျ ဆုံးဖြတ်ဖို့ အရေးကြီးး နေတဲ့အခါ ကျွန်တော်တို့ တတွေ တွေဝေနေကြတယ်။ ပြတ်ပြတ် သားသား လုပ်စရာရှိတဲ့အခါ ချီတုံချတုံ ဖြစ်နေကြတယ်။ ဒါတွေထက် ဆိုးဝါးတာက မှန်တယ်ထင်ရာကို မလုပ်ရဲကြတာဘဲ။ ကိုယ့်စိတ်ထဲက အလုပ်တခုဟာ ဘယ်လောက်မှန်တယ်လို့၊ ထင်နေပေစေ၊ ဘယ်သူက ဘယ်လိုထင်မလဲ၊ ဘာပြောမလဲ ဆိုတာတွေတွေးပြီး ၊ယုံတာက တမျိုး၊ လုပ်တာက တမျိုး ဖြစ်ဖြစ်နေကြတယ်။ အဲဒါတွေဟာ ခေါင်းဆောင်လုပ်ရမယ့် လူတွေနဲ့တော့ ပြဒါးတလမ်း သံတလမ်းဘဲ။
ယခုခေတ် ခေါင်းဆောင်မှုးဟာ အရင်တုန်းက ခေါင်းဆောင်မှုနဲ့ မတူတော့ဘူးဆိုတာ ကောင်းကောင်းသတိထားကြပါ။ ရှေးတုန်းက ခေါင်းဆောင်မှုဟာ အစည်းအဝေးတက်တာမှာ စပြီး ဆုံးဖြတ်ချက်တွေချတာမှာ အဆုံးသတ်တာဘဲ။ ယခုခေတ် ခေါင်းဆောင်မှုဟာ ဒါလောက်နဲ့ မဖြစ်တော့ဘူး။ ယခုခေတ် ခေါင်းဆောင်မှုဟာ ပြာပုံနှင့် လောင်စာသာ ကျန်တော့တဲ့ ဘဝဆိုးကြီးမှ ဗမာပြည်ကြီးကို အသစ်ပြန်လည် ထူထောင်နိုင်တဲ့ ခေါင်းဆောင်မှု ဖြစ်ရမယ်။ ဒီလောက်ကြီးလေးတဲ့ ခေါင်းဆောင်မှုကြီးကို ကျွန်တော်တို့ တတွေ နိုင်နိုင်နင်းနင်းနဲ့ တာဝန်ယူချင်တယ်ဆိုယင်၊ ခုလို တွေဝေနေလို့ မဖြစ်တော့ဘူး။ ချီတုံချတုံ ဖြစ်နေလို့ မဖြစ်တော့ဘူး။ ကိုယ်ယုံကြည်တာကို မလုပ်ရဲလို့ မဖြစ်တော့ဘူး။
ဒီစကားတွေကို ပဏာမအဖြစ်နဲ့ ပြောရတာကတော့ တခြားကြောင့် မဟုတ်ဘူး။ လက်ငင်း အခြေအနေအရ မပြောမဖြစ်လို့ဘဲ။ အဲဒီတော့ လက်ငင်း အခြေအနေဆိုတာ ဘာလဲလို့ ကျွန်တော်တို့ အထူးသုံးသပ်ဖို့လိုတယ်။
ယခု မြန်မာပြည်မှာ ဖ၊ဆ၊ပ၊လ ရှိတယ်။ ဖ၊ဆ၊ပ၊လ ရဲ့ ဆန့်ကျင်ဖက်ဂိုဏ်းတွေရှိတယ်။ ဖ၊ဆ၊ပ၊လ ဟာ ဗမာ့ လွတ်လပ်ရေးကို တနှစ်အတွင်း ရအောင်လုပ်နေတယ်။ ဖ၊ဆ၊ပ၊လ ရဲ့ ဆန့်ကျင်ဖက်ဂိုဏ်းတွေက ဖ၊ဆ၊ပ၊လ ကို ဝိုင်းပြီး ခြေထိုးနေကြတယ်။ လက်ရှိ အခြေအနေရဲ့ အတိုချုပ်ကတော့ ဒါဘဲ။

အဲဒီအတိုချုပ်ကို ကျွန်တော် နည်းနည်းထပ်ပြီး ရှင်းပြဦးမယ်။ လွတ်လပ်ရေးဆိုတာ လေသံမကြားရတဲ့ဘဝက အ ကောင်အထည်ပေါ်လာတဲ့အထိ ဖ၊ ဆ၊ ပ၊ လ က လုပ်ပေးခဲ့တယ်။ အဲဒီအတိုင်းသာမှန်မှန် လှမ်းသွားနိုင်ယင်၊ လွတ်လပ်ရေး ကြေညာပြီးတဲ့နောက် ဖ၊ ဆ၊ ပ၊ လ ရဲ့လက်ထဲကို နိုင်ငံရေးအာဏာ ရောက်လာလိမ့်မယ်။

အဲဒါကို ဖ၊ ဆ၊ ပ၊ လ ရဲ့ ဆန့်ကျင်ဖက်ဂိုဏ်းသားတွေ ကောင်းကောင်းသိတယ်။ ဒီဟာကိုသိဖို့ကလဲ သိပ်ပြီးခက် တာမဟုတ်ပါဘူး။ နိုင်ငံရေးလိုက်စားသူတိုင်း ရှင်းရှင်းကြီးသိနေတဲ့ အချက်ဘဲ။

အဲဒီတော့ ဆန့်ကျင်ဖက်ဂိုဏ်းသားတွေဟာ ဖ၊ ဆ၊ ပ၊ လ နဲ့ ရိုးရိုးတန်းတန်း ယှဉ်ပြိုင်ပြီး နိုင်ငံရေးအာဏာကို လုရ အောင်ကလဲ တိုင်းပြည်လူထုကိုယ်တိုင်က ထောက်ခံခြင်းမရှိတော့ ထိထိရောက်ရောက် မလုနိုင်ကြဘူး။ အဲဒီလို ရိုးရိုးတန်းတန်း မလုနိုင်တော့ သူတို့တတွေ ဖ၊ ဆ၊ ပ၊ လ ကို ဝိုင်းပြီးခြေထိုးကြတာဘဲ။ နိုင်ငံရေးမှာ မစားရတဲ့အမဲ သဲနဲ့ပက်တယ်ဆိုတာ ဒါဘဲ။ ကောင်းကောင်းသာမှတ်ထားလိုက်ကြပေတော့။

သူတို့ရဲ့ ခြေထိုးပုံတွေကို တိုင်းပြည်လူထု သိရအောင် ကျွန်တော်နည်းနည်းရှင်းပြပါဦးမယ်။ အဲဒီလိုရှင်းပြနိုင် အောင် ဆန့်ကျင်ဖက်ဂိုဏ်းသားတွေကို ရှေးဦးစွာသုံးစုခွဲပြရမယ်။ ပဌမအစုထဲမှာ “စော၊ စိန်၊ မော်” တို့ လူစု တွေ ပါတယ်။ ဒုတိယအစုမှာ သိန်း ၊ သန်း ကွန်မြူနစ်တွေပါတယ်။ တတိယအစုမှာ အလံနီကွန်မြူနစ်တွေပါတယ်။ သူ တို့ရဲ့ ခြေထိုးမှုတွေကို တခုုစီ ရှင်းပြချင်တယ်။

လွတ်လပ်ရေးနဲ့ ပက်သက်ပြီး ကျွန်တော်တို့ရဲ့ တောင်းဆိုချက်တွေကို ၁၉၄ရ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး မရလျှင် ဖ၊ ဆ၊ ပ၊ လ ဝန်ကြီးတွေ ရာထူးက နုတ်ထွက်ပြီး လူထုတိုက်ပွဲ ဆင်နွှဲမယ်ဆိုတဲ့ ဖ၊ ဆ ၊ ပ၊ လ ရဲ့ ဆုံးဖြတ်ချက်ကို တိုင်းပြည်လူထု သိတယ်မဟုတ်လား။

အဲဒီတုန်းက စော၊ စိန်၊ မော်တို့ရဲ့ ခြေလှမ်းဟာ တခြားဟာ မဟုတ်ဘူး။ ကျွန်တော်တို့ ရာထူးက နုတ်ထွက်သွား ယင် သူတို့ တက်ယူမယ်ဆိုတဲ့ ခြေလှမ်းဘဲ။ အဲဒီတော့ တိုတိုပြောရမယ်ဆိုယင် ဘိလပ်အစိုးရက ဆွေးနွေးပွဲ တရပ် ကျင်းပရအောင် ဖိတ်လိုက်တယ်။ အဲဒီအထဲမှာ စောနဲ့စိန်တို့လဲ ပါလာကြတယ်။ သူတို့ရဲ့ အကြံကတော့ နှစ် ခုရှိတယ်။ ကျွန်တော်တို့လိုတာတွေ မရလို့လဲ ဆွေးနွေးပွဲပျက်နိုင်တယ်။ ကျွန်တော်တို့လိုတာတွေ ရပေမဲ့စောနဲ့ စိန်က သဘောမတူဘူးဆိုယင်လဲ ဆွေးနွေးပွဲပျက်နိုင်တယ်။ ပဌမနည်းနဲ့ ဆွေးနွေးပွဲမပျက်ယင် ဘယ်နည်းနဲ့မဆို ဒုတိယနည်းနဲ့ ဆွေးနွေးပွဲကိုပျက်အောင်ဖျက်ဖို့စီစဉ်ထားကြတယ်။ အဲဒီတော့ သဘောတူညီချက်ရကြလို့လက် မှန်ထိုးဆိုတော့ သူတို့မထိုးကြတော့ဘူး။ သူတို့ရဲ့အကြံက သူတို့လက်မှတ်မထိုးယင် ဆွေးနွေးပွဲပျက်မယ်။ ဆွေး နွေးပွဲပျက်ယင် ဇန်နဝါရီလ ၃၁ရက်နေ့မှာ ကျွန်တော်တို့ ရာထူးက နုတ်ထွက်ကြရမယ်။ ကျွန်တော်တို့ နုတ်ထွက် မှ သူတို့က တက်ယူမယ်ဆိုတဲ့အကြံဘဲ။

ဒါပေမဲ့ သူတို့တတွေဟာ မူဆလင်ခေါင်းဆောင် ဂျင်းနားတို့လောက်အားမကောင်ဘူးဆိုတာကို သူတို့တွက်အထဲ မှာ ထည့် မတွက်မိကြဘူး။ အဲဒီလို မတွက်မိတဲ့အတွက် သူတို့ဂွလုပ်ပေမဲ့လဲ ဆွေးနွေးပွဲပျက်ပြီး ကျွန်တော်ရာထူး မှ ထွက်ရတာ မဖြစ်ဘဲ၊ သူတို့သာ ထွက်သွားခဲ့ရတာဘဲ။

ယခုလဲ လျှော့မပေးဘဲ လာမည့်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးဆိုတာ ဖြစ်အောင် အသိုင်းအဝိုင်းတွေနဲ့ လုပ်နေကြပြန်ပြီ။ ဒါပေမဲ့ တိုင်းပြည်လူထုကလဲ ဒီစားဖားကြီးတွေရဲ့အကြောင်း ကို ကောင်းကောင်းသိပြီး ဖြစ်ကြလို့ ကြောက်စရာတော့ မရှိပါဘူး။ သူတို့လုပ်နေကြတာ အစွမ်းတကာ့အစွမ်းဆုံး အကြံကုန် ဂဠုန်ဆားချက်ဆိုတဲ့ အလုပ်မျိုးသာ ဖြစ်မှာဘဲ။

ဒုတိယ ဆန့်ကျင်ရေးအစု ဖြစ်တဲ့ သိန်း- သန်း ကွန်မြူနစ်တွေကို တော့ ခုတင်က စားဖားကြီးတွေထက် ပိုပြီးဂရု စိုက်ရမယ်။

ဒီ သိန်း-သန်း ကွန်မြူနစ်တွေဟာ ဖ၊ ဆ၊ ပ၊ လ ထဲမှာ ရှိတုန်းက ဖ၊ ဆ၊ ပ၊ လ တဖွဲ့လုံးကို သူတို့ကသာ ကြိုးကိုင် ချင်တယ်။ ဒီလိုကိုင်လို့ မရတော့ ဖ၊ ဆ၊ ပ၊ လ ဟာ ဒူးထောက်ရေးလမ်းစဉ်လိုုက်သလေး၊ စေ့စပ်ရေးလမ်းစဉ် လိုက်သလေးနဲ့၊ တောင်စဉ်ရေမရ စွပ်စွဲချက်တွေကို အသုံးပြုခဲ့တယ်။ ဒီတောင်စဉ် ရေမရ စွပ်စွဲချက်တွေကြောင့် လဲ သူတို့တတွေကို ဖ၊ ဆ၊ ပ၊ လ ထဲက ထုတ်ပစ်လိုက်ရတာဘဲ။

ထုတ်ပစ်လို့ အပြင်ရောက်တာနဲ့ တပြိုင်နက်ထဲ ဖ၊ ဆ၊ ပ၊ လ ကို ပြုတ်ကရောဆိုပြီး အလုပ်သမားတွေနဲ့ ဖ၊ ဆ၊ ပ၊ လ ကို ကိုင်ပေါက်တာဘဲ။ ၁၉၄၆ ခုနှစ်၊ အောက်တိုဘာလအတွင်း သိန်း-သန်း ကွန်မြူနစ်တွေ မြှောက်ပေးတဲ့ အ လုပ်သမား သပိတ်ကို လူထုကောင်းကောင်းသတိရမှာပေါ့။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ ရာထူးယူတာ လ ပိုင်းလောက်တောင် မရသေးဘူး။ ရက်ပိုင်းလောက်ဘဲရှိသေးတယ်။ ပြီးတော့လဲ ပုလိပ်သပိတ်၊ အမှုထမ်းပေါင်းစုံ သပိတ်တို့ရဲ့ အရေးတွေနဲ့ ကျွန်တော်တို့ ဗျာများနေတုန်း ရှိသေးတယ်။ ဒီ သိန်း-သန်း ကွန်မြူနစ်တွေရဲ့တွက်ကိန်း ကတော့ ကျွန်တော်တို့ကို ဒီလို အရှိုက်ထိုးလိုက်ရယင် ကျွန်တော်တို့ လဲမှာဘဲလို့တွက်တာဘဲ။ ဒါပေမဲ့ လူထုဟာ ကျွန်တော်တို့ရဲ့နောက်မှာဘဲ ကြံ့ကြံ့ခိုင်ခိုင် ရပ်နေတာကြောင့်အဲဒီသပိတ်မှာ ကျွန်တော်တို့မလဲဘဲ၊ ကျွန်တော်တို့ ကို အရှိုက်ထိုးရန်ကြံတဲ့ သိန်း-သန်း ကွန်မြူနစ်တွေလဲ လိမ့်သွားခဲ့တာဘဲ။ အမှန်အတိုင်းပြောရမယ်ဆိုယင် အဲဒီ သပိတ်မမှောက်ခင်က ဆိုယင်၊ သိန်း-သန်း ကွန်မြူနစ်တွေရဲ့အလုပ်သမားအင်အားဟာ ရန်ကုန်မှာ အတောင့်ဆုံး ဘဲ။ ဒါပေမဲ့ ကိုယ့်စေတနာနဲ့ ကိုယ့်ပြန်အကျိုးပေးတယ်ဆိုတာလို ဒီသပိတ်ကို အတင်းအမှောက်ခိုင်းတဲ့အချိန်ကစ ပြီး ရန်ကုန်မှာဆိုယင် သူတို့ရဲ့အလုပ်သမား အင်အားဟာ အတော်ကြီးကို ကျသွားတယ်။

အလုပ်သမားနဲ့ကိုင်ပေါက်လို့မရတော့ ဖ၊ ဆ၊ ပ၊ လ ကို ကျောင်းသားတွေနဲ့ ကိုင်ပေါက်ဖို့ ဒီ သိန်း-သန်း ကွန်မြူ နစ်တွေဘဲထပ်ပြီး ကြံကြပြန်တယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသမားများသမဂ္ဂရဲ့ အလုပ်အမှုဆောင် အဖွဲ့ထဲ မှာ သိန်း-သန်း ကွန်မြူနစ်ရဲ့ဩဇာ တွေပါတယ်။ သိန်း-သန်း ကွန်မြူနစ်တွေဟာ အဲဒီဩဇာခံတွေက တဆင့် ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂကို ကြိုးကိုင်ကြတယ်။ သူတို့ရဲ့ပယောဂနှင့်ဘဲ ဇန်နဝါရီလ ၂ဝ ရက်နေ့မှာ တနိုင်ငံလုံးကျောင်းသားတွေသပိတ်မှောက်အောင် ဆုံးဖြတ်ချက်ချကြတယ်။ အဲဒီအချိန်မှာလဲ ကျွန်တော်တို့တ တွေဟာ ဘိလပ် ဆွေးနွေးပွဲနှင့်ပက်သက်ပြီး အတော်ဘဲ အလုပ်ရှုပ်နေတုန်း ဖြစ်တယ်။

ဒါပေမဲ့ သူတို့စေတနာနဲ့ သူတို့ကို အကျိုးပေးတယ်ဆိုတဲ့အတိုင်း သူတို့ရဲ့ မသမာတဲ့ခြေလှမ်းတွေကို ကျောင်းသား လူများစုကမြင်ပြီး ထဆူကြရော။ အဲဒါနဲ့ သူတို့ရဲ့ ဩဇာခံဖြစ်တဲ့ ကျောင်းသားအလုပ်အမှုဆောင်အဖွဲ့လဲ အယုံအ ကြည်မရှိ အဆိုအသွင်းခံရပြီး ပြုတ်ကျသွားတာပါဘဲ။

သိန်း-သန်း ကွန်မြူနစ်တွေရဲ့ အကြံအစည်ကတော့ ဖ၊ ဆ၊ ပ၊ လ အစိုးရအဖွဲ့ဖြစ်တုန်း၊ ဗိုလ်အောင်ကျော်တွေ များ များ ပေါ်အောင်လုပ်ပေးဖို့ဘဲ။ ဒီလိုပေါ်တော့မှ ဖ၊ ဆ၊ ပ၊ လ ကို လက်ညှိုးထိုးပြပြီး လူထုနဲ့ရန်တိုက်ပေးမှာဘဲ။ တော်တော့ကို ပက်စက်တဲ့အကြံပေါ့။ ဒါပေမဲ့ ကျောင်းသားလူများစုကလည်း အကင်းပါးပြီးသားဖြစ်နေလို့ ဒီသိန်း – သန်း တွေရဲ့ ပက်စက်တဲ့အကြံအစည်တွေဟာ အထမမြောက်ခဲ့ကြဘူး။

ကျောင်းသားတွေနဲ့ကိုင်ပေါက်လို့ မရပြန်တော့ ၊ ဒီသိန်း – သန်း ကွန်မြူနစ်တွေဟာ ဖ၊ ဆ၊ ပ၊ လ ကို လယ်သမား တွေနဲ့ ကိုင်ပေါက်နေပြန်ပြီ။ အခု နယ်တွေမှာ ဆန်တွေကို လုနေကြတာ သူတို့ရဲ့ ဖြူးညီလာခံ ဆုံးဖြတ်ချက်တွေ အတိုင်း လုနေကြတာဘဲ။ ဒီလိုဆန်ဆေတွကို လုတာဟာ တကယ်ဘဲငတ်လို့လား၊ ဖ၊ ဆ၊ ပ၊ လ ကို ဂျောက်ချရ အောင်လားဆိုတာ ကျွန်တော်အထူးရှင်းပြဖို့မလိုဘူး။ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းရဲ့ ှုရှင်းတမ်းတွေထဲမှာ အစုံ အလင်ပါပြီးပြီ။

ကဲအခု ကျွန်တော်ပြောခဲ့တာတွေကို နားထောင်ပြီး၊ ဒီသိန်း – သန်းကွန်မြူနစ်တွေဟာ သူတို့အာဏာရမှုအတွက် အလုပ်သမားတွေ၊ ကျောင်းသားတွေ၊ လယ်သမားတွေကို ဘယ်လို အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတာ တိုင်းပြည်လူ ထုက ကောင်းကောင်း ချင့်ချိန်နိုင်ပြီလို့ ကျွန်တော်ယုံကြည်တယ်။ ဒီ သိန်းသန်း ကွန်မြူနစ်တွေဟာ တော်လဲ တော်တဲ့လူတွေပါဘဲ။ တရားအတိုင်းမဟုတ်ဘဲ၊ ညစ်ညစ်ပတ်ပတ်နည်းတွေနဲ့ နိုင်ငံရေးအာဏာလုတဲ့နေရာမှာ တတိုင်းပြည်လုံးက သူတို့ကို ဆရာတင်ရမှာဘဲ။

အခုလဲ သူတို့ရဲ့ ကုလားဆရာကြီးဂျိုရှီက ဘာတွေ ဘယ့်နှယ်ညွှန်ကြားလိုက်တယ် မဆိုနိုင်ဘူး၊ ဖ၊ ဆ၊ ပ၊ လ နှင့် ညီညွတ်ရေးဆိုပြီး တွင်တွင်ကြီး အော်နေကြပြန်ပြီ။ မဟုတ်မှလွဲရော ဖ၊ ဆ၊ ပ၊ လ နှင့်ညီညွတ်ရေးဆိုတဲ့ကြွေး ကြော်သံဟာ ကျုပ်တို့ ဖ၊ ဆ၊ ပ၊ လ အဖွဲ့ဝင်တွေရဲ့ မျက်လုံးထဲကိုသဲနဲ့ပက်ဖို့အတွက် အသုံးပြုတာဘဲလို့ ကျွန် တော်တော့ တထစ်ချ စွဲထားလိုက်တာဘဲ။ ဘာဖြစ်လို့လဲဆိုယင် ဒီလိုညီညွတ်ရေး ကြွေးကြော်သံတွေကို အော်ပြီး တဲ့နောက်မှ သူတို့ဖက်တော်သားတွေဟာ ကျွန်တော်တို့ဖက်ကလူတွေကို ပို့ပြီး သတ်သေးတယ်လို့ နယ်က တိုင် ကြားချက်တွေကို ကျွန်တော်တို့ကြားရတယ်။ သူတို့ရဲ့ ညီညွတ်ရေးကြွေးကြော်သံကို ကြားရပြီး၊ ကျွန်တော်တို့ လူ တွေ ထင်ယောင်ထင်မှား ဖြစ်နေတုန်း၊ သူတို့က အငိုက်မှာ ဝင်ဝင်ပြီး ချတာဘဲ။

အခုလဲကြည့်ပါလား၊ တဖက်က ညီညွတ်ရေး အသံကောင်းကို လွှင့်ပြီးသူတို့ရဲ့ ဩဇာခံ သတင်းစာ ဂျာနယ်တွေမှာ တော့ ဖ၊ ဆ၊ ပ၊ လ ကိုဘဲ အပြင်းအထန် သွားပုပ်လေလွင့် ရေးသားတုန်း ရှိသေးတယ်။ လူထုက ဖ၊ ဆ၊ ပ၊ လ အ ပေါ်မှာ ထင်ယောင်ထင်မှား ဖြစ်လာအောင် ကိုယ်လိုရာကိုယ်ဆွဲပြီး ရေးသားထားတဲ့ အရေးအသားမျိုးတွေနဲ့ လှုံ ့ ဆော်ပေးနေတုန်းရှိသေးတယ်။ ဖ၊ ဆ၊ ပ၊ လ ရဲ့လုပ်ငန်းစဉ်တွေ ပျက်ပြားအောင်၊ ဆန်လုပွဲတွေကို ဒီ သိန်း- သန်း ကွန်မြူနစ်တွေကဘဲ လှုံ့ဆော်ပေးနေတုန်းရှိသေးတယ်။ အဲဒါတွေကို ကြည့်ပြီးတော့ သူတို့ရဲ့ ညီညွတ်ရေး အသံ ကောင်းဟစ်တာဟာ ဘာရည်ရွယ်ချက်နဲ့ ဟစ်နေတယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားပြီးနေပါပြီ။

ဖ၊ ဆ၊ ပ၊ လ ရဲ့တတိယ ဆန့်ကျင်ဖက်ဂိုဏ်းသားဖြစ်တဲ့ အလံနီတွေအကြောင်းကို ကျွန်တော်နည်းနည်းပြောချင် တယ်။ အလံနီ နောက်လိုက် တွေကတော့ သနားစရာတွေဘဲ။ တောင်ပို့ကြီးကို ဘုရားမှတ်ပြီး ကိုးကွယ်နေကြ တယ်။ သူတို့ရဲ့ ဆရာကြီး သခင်စိုးဆိုတာကတော့ အစက လူကောင်းတယောက် ဖြစ်ပေမဲ့၊ စိတ်၏ဖောက်ပြန်မှု ဒဏ်ကို မခံနိုင်တာနဲ့ အခုတော့ဂျပိုးတော်လှန်ရေးသမားဖြစ်နေပြီ။ ဗမာ့လွတ်လပ်ရေးတွေဘာတွေကိုတောင် မျက်နှာထောက်မနေနိုင်တော့ဘူး။ ဒီလူဟာ ပိုုက်ဆံသာခပ်များများရမယ်ဆိုယင်၊ အကုန်လုံးလိုက်ဖျက်ပေးမှာ ဘဲ။ ကျွန်တော်ပြောယင် ယုံပါ။ သူ့အကြောင်းကို ဒီလောက်ဘဲ ပြောပါရစေ။

ကျွန်တော်တို့ဘိလပ်မှာ ဆွေးနွေးပွဲ ကျင်းပနေစဉ်က ကျွန်တော်တို့ဖက်က မဲတင်းပေးတဲ့ အနေနဲ့ နယ်ချဲ ့စနစ် ဆန့်ကျင်ရေးသမား မှန်သမျှ လွတ်လပ်ရေးဆန္ဒပြပွဲကြီးကို ဗမာတပြည်လုံးမှာ ကျင်းပပေးကြတယ်။ သိန်းသန်း ကွန်မြူနစ်တွေကတောင် ဒီဆန္ဒပြပွဲမှာ ဝင်ပြီး ဆန္ဒပြကြသေးတယ်။ နယ်ချဲ ့သမားတွေကို ဖ၊ ဆ၊ ပ၊ လ က အဲဒီလို အင်အားပြနေရတဲ့အချိန်အခါမှာ သခင်စိုးတို့လူစုဟာ ဖ၊ ဆ၊ ပ၊ လ ကို မီးကုန်ယမ်းကုန်ပစ်ပြီး တိုက်တာဘဲ။

အခုလဲ ရွေးကောက်ပွဲ မကျင်းပဖြစ်အောင်ဆိုပြီး၊ သခင်စိုးတို့လူစုဟာ မီးကုန်ယမ်းကုန် လုပ်နေကြပြန်ပြီ။ အ သက်ငင်နေတဲ့ ဗြိတိသျှနယ်ချဲ ့သမားတွေဟာ ဖ၊ ဆ၊ ပ၊ လ ရဲ့အင်အားကို ဖြိုဖျက်ဖို့နဲ့ ဖ၊ ဆ၊ ပ၊ လ က အပြင်းအ ထန် ကြိုးပမ်းနေတဲ့ ဗမာ့လွတ်လပ်ရေးကြီးကို ဇတ်မျောအောင် လုပ်ဖို့အတွက် သုံးစရာ တခြာနည်းတွေမရှိ တော့ဘူး။ ဒီလူတွေကိုဘဲ အသုံးပြုကြရမှာဘဲ။

အဲဒီ ရှင်းပြခဲ့တာတွေဟာ လက်ရှိ အခြေအနေ အတိုချုပ်ဘဲ။ အဲဒီလက်ရှိအခြေအနေကိုကြည့်ပြီး လမ်းနှစ်ခွသို့ ရောက်နေတဲ့ကျွန်တော်တို့တတွေဟာ ဘယ်လမ်းကိုလိုက်မယ်ဆိုတာ ခပ်မြန်မြန်သန္နိဋ္ဌာန်ချကြရလိမ့်မယ်။ ဖ၊ ဆ၊ ပ၊ လ နဲ့ ဆန့်ကျင်ဖက်ဂိုဏ်းသားတွေ ရှို ့ထားတဲ့မီးကို နိုင်နိုင်နင်းနင်းငြိမ်းမလား၊ လောင်ချင်သလို လောင်ပ စေကွဆိုပြီး၊ လက်ပိုက်ကြည့်နေကြမလား။ မီးကိုငြိမ်းမယ်ဆိုယင်လဲ နိုင်နိုင်နင်းနင်း ငြိမ်းရမယ်။ လက်ပိုက်ကြည့် နေရမယ်ဆိုယင်လဲ ကျွန်တော်တို့တတွေ အခုနေရာက ဖယ်ပေးကြရမယ်။ အဲဒါ ခပ်ရှင်းရှင်းဘဲ။ ဒီကိစ္စမှာတော့ ကျွန်တော်တို့ ချီတုံချတုံဖြစ်နေကြလို့ မဖြစ်တော့ဘူး။ ချီတုံချတုံ ဖြစ်နေကြယင်၊ တွေဝေနေကြယင်၊ မှန်တယ် ထင်တာကို မလုပ်ရဲကြယင်၊ ကျုပ်တို့ကို ယုံကြည်ကိုးစားပြီး ထောက်ခံအားပေးနေတဲ့ လူထုအပေါ်မှာသာ မတ ရားရာ ရောက်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ ကိုယ်ကိုလဲ ကျွန်တော်တို့ မတရားရာရောက်လိမ့်မယ်။

တိုင်းပြည်လူထုဟာ နေ့အသတ်ခံရမလား၊ ညအသတ်ခံရမလား၊ ကျီးလန့်စာစား တထိတ်ထိတ် တလန့်လန့် နေရ တဲ့အဖြစ်ကို မလိုချင်ဘူး။ အေးအေးချမ်းချမ်း၊ စိတ်ချလက်ချနေရတံ အဖြစ်ကိုလိုချင်တယ်။ လူထုဟာ နေ့အတိုက် ခံရမလား၊ ညအတိုက်ခံရမလားဆိုပြီး မသေမချာ မရေမရာတဲ့ အဖြစ်ကို မလိုချင်ဘူး။ လွတ်လွတ်လပ်လပ် သွား လာနေထိုင်ရတဲ့အဖြစ်ကိုသာ လိုချင်တယ်။

ကျွန်တော်တို့ရဲ့ လက်ထဲကို အာဏာလုံးဝ မရောက်သေးတဲ့အတွက် လူထုရဲ့ နေရေး၊ ထိုင်ရေးကို ကျွန်တော်တို့ စိတ်ရှိတိုင်း မြှင့်တင်မပေးနိုင်သေးသည့်တိုင်အောင်၊ လူထုရဲ့ပြဿနာအရပ်ရပ်ကို ကျွန်တော်တို့ စိတ်ရှိတိုင်း ဖြေ ရှင်းမပေးနိုင်သည့်တိုင်အောင် ကျီးလန့်စာစား တထိတ်ထိတ် တလန့်လန့် နေရတဲ့ဘဝက လွတ်မြောက်ချမ်းသာ ပြီး၊ လူထုဟာ စိတ်ချလက်ချနေရတဲ့ဘဝကို ရောက်အောင် လုပ်ပေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ လူထုရဲ့ ခေါင်းဆောင်အဖြစ်ကို ကျွန်တော်တို့ခံယူထားကြယင် ဒီတာဝန်ကိုလဲ ကျေပြွန်အောင် ထမ်းဖို့ရန် မမေ့သင့်ပေ ဘူး။

အမှန်အတိုင်းပြောရယင် ကျွန်တော်တို့ဟာ ဟိုအကြောင်း၊ သည်အကြောင်းကို ထောက်ထားပြီး ကျွန်တော်တို့ရဲ့ ဆန့်ကျင်ဖက် ဂိုဏ်းသားတွေ အပေါ်မှာ အင်မတန် ညှာခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဆန့်ကျင်ဖက် ဂိုဏ်းသား တွေနဲ့ ပက်သက်လာယင် ကြီးတဲ့အမှု ငယ်အောင်၊ ငယ်တဲ့အမှု ပလပ်အောင်လုပ်ခဲ့တယ်။ ပုဆိန်နဲ့ ခုတ်ရမည့် နေ ရာမှာ အပ်နဲ့သာ ထွင်ခဲ့တယ်။ အပ်နဲ့ထွင်ရမဲ့နေရာမှာ လက်ပိုက်ကြည့်နေခဲ့တယ်။ အဲတာတွေကို တိုင်းပြည်လူ ထုကိုယ်တိုင် ကောင်းကောင်းသိသားဘဲ။

ဒါပေမဲ့ အဲဒီလိုညှာတာကို ဒီဆန့်ကျင်ဖက် ဂိုဏ်သားတွေက ကျွန်တော်တို့မှာ အားနည်းလို့ မလုပ်နိုင်ဘူးလို့များ အထင်လွဲနေသလား မသိဘူးး။ သူတို့ဟာ တနေ့တခြား အတင့်ပိုရဲလာတယ်။ သူတို့ လုပ်ချင်တာတွေ ရှောက် လုပ်နေတာကိုသာ ယခုအတိုင်း ကျွန်တော်တို့ ကြည့်နေရမယ်ဆိုယင် အကွပ်မရှိတဲ့ကြမ်းလို တတိုင်းပြည်လုံးမှာ ပရမ်းပတာဖြစ်ချင်တာတွေဖြစ်နေတဲ့ဘဝမျိုးကို ဆိုက်သွားမယ်။ ဒီလိုသာဆိုယင် ကုလားပြည်လိုဖြစ်ပြီး၊ ဗမာ့ လွတ်လပ်ရေးကြီးဟာ၊ ဗမာ့လက်ထဲကို ရောက်လာပြန်ယင်လဲ၊ ဒီအတိုင်းသာ အကွပ်မရှိတဲ့ကြမ်းလို ပရမ်းပတာ ဖြစ်နေကြယင် လွတ်လပ်ရေးဆိုတာ ဘာမှ အဓိပ္ပာယ် ရှိမှာမဟုတ်ဘူး။

လွတ်လပ်ရေးကိုရအောင် ကျွန်တော်တို့ ကြိုးပမ်းနေကြတာဟာ ဗမာတွေလွတ်လပ်ပြီဟေ့လို့ ပြောကောင်းရုံက လေးအတွက် ကြိုးပမ်းနေကြတာမဟုတ်ပါဘူး။ ခပ်တိုတို ပြောရယင်၊ ဗမာတွေ လူတန်းစေ့စေ့ နေနိုင်အောင်လုပ် ပေးဖို့ လွတ်လပ်ရေးအတွက် ကြိုးပမ်းနေကြတာ။ အဲဒီတော့ ဗမာတွေလွတ်လပ်ပြီးတဲ့နောက် လူတန်းစေ့စေ့ နေ နိုင်ဖို့အလုပ်တွေကို မလုပ်ရဘဲ၊ ကဖျက်ယဖျက်သမားတွေရဲ့ နှောင့်ရှက်မှုတွေကို တုံ့ပြန်နေရတာနဲ့သာ အချိန် ကုန်နေကြရမယ်ဆိုယင် လွတ်လပ်ရေးရတာဟာ အဓိပ္ပါယ်ကို ရှိမှာမဟုတ်တော့ဘူး။

အဲဒီတော့ ကျုပ်တို့ဟာ လူထုရဲ့ ခေါင်းဆောင် လုပ်မယ်ဆိုယင် လူထုရဲ့အကျိုးကို တကယ်တမ်းဆောင်ရွက်နိုင် အောင် ကြိုးပမ်းကြရပေလိမ့်မယ်။ ပြတ်ပြတ်သားသား လုပ်ရဲကြရပေလိမ့်မယ်။ ချီတုံချတုံအဖြစ်မျိုးကို စွန့်ပစ်ကြ ရလိမ့်မယ်။ နိုင်ငံရေး ဆောင်ရွက်တယ်ဆိုတာ ကြောက်လွဲ ရဲမင်းဖြစ်ဆိုတဲ့အတိုင်း ရဲနိုင်မှ ဖြစ်မယ်။

ကျွန်တော်တို့တော့ ရှေ ့အဖို့ကို ရဲရဲကြီးလုပ်တော့မယ်။ ပြတ်ပြတ်သားသား လုပ်တော့မယ်။ ကျွန်တော်တို့တတွေ ဟိုအကြောင်းထောက်၊ ဒီအကြောင်းထောက်ပြီ ချီတုံချတုံ ဖြစ်နေမှုကြောင့် လူထုမနစ်နာစေချင်တော့ဘူး။

ကျွန်တော်တို့ လုပ်သလိုဘဲ အစိုးရအရာထမ်း အမှုထမ်းတွေဟာ မိမိတို့ အပေါ်ကို တရားသဖြင့် ကျရောက်လာ တဲ့ တာဝန်ဝတ်တရားတွေကို လူထုနဲ့ တိုင်းပြည်ရဲ့မျက်နှာကို ထောက်ထားပြီး၊ ပြတ်ပြတ်သားသား ဆောင်ရွက် ကြစေချင်တယ်။ ဒီလိုမှ ပြတ်ပြတ်သားသား မဆောင်ရွက်ဝံ့ကြယင်လဲ၊ ဆောင်ရွက်ဝံ့တဲ့လူတွေကို နေရာဖယ်ပေး ကြစေချင်တယ်။ အစိုးရအမှုထမ်းအရာထမ်းဆိုတာ အမှန်စင်စစ်တော့ ကိုယ့်ဝတ်တရားကိုယ်ကျေပြွန်အောင် ထမ်းဖို့ဘဲ။ ဟိုလူကိုကြောက်သလိုလို၊ ဒီလူကို ကြောက်သလိုလို ဟိုလူ့ကိုမျက်နှာချိုသွေးချင်သလိုလို၊ ဒီလူ့ကို မျက်နှာချို သွေးချင်သလိုလို၊ ဒီလိုလုပ်လို့မရဘူး။ ကိုယ့်ဝတ်တရားကိုယ်ကျေပြွန်ယင် ဘယ်သူ့မှလဲ ကြောက်ဖို့မ လိုဘူး။ ဘယ်သူကမှလဲ လက်ဖျားနဲ့မှ မတို့နိုင်ဘူးဆိုတာ မှတ်ထားကြပါ။

အဲဒီတော့ ကျွန်တော် နိဂုံးမချုပ်ခင် ဆန့်ကျင်ဖက် ဂိုဏ်းသားတွေကို တိတိလင်းလင်း သတိပေးလိုတယ်။ နိုင်ငံ ရေးအာဏာကို တရားသော နည်းများထဲက မည်သည့်နည်းနှင့်မဆို တရားအတိုင်းလုပ်ကြပါ။ ဒီလိုလုပ်တဲ့လူတွေ ကို တရားဥပဒေနှင့် လျော်ညီစွာ ကျွန်တော်တို့က အစွမ်းကာကွယ်ပေးမည်။ ဒီလမှမဟုတ်ဘဲ မစားရသည့်အမဲသဲ နှင့်ပက်သည့်အနေမျိုးဖြင့် တိုင်းပြည်ကြီးကို မှောက်အောင်လုပ်ပေးမယ်ဆိုယင်၊ လူထုရဲ့အကျိုးကို မြှော်ကိုးသော အားဖြင့် အဲဒီလို တိုင်းပြည်မှောက်သွားအောင် ကြိုးပမ်းနေတဲ့ လူတွေကို ကျွန်တော်တို့က အစွမ်းကုန်ချရမှာဘဲဆို တာ တိတိလင်းလင်း သတိပေးလိုက်ပါတယ်။ ။

3 comments

  • မင်းနိုင်

    February 21, 2010 at 8:25 pm

    အခုလိုရေးသားဖော်ပြပေးတဲ့ ဆရာတွေကိုကျေးဇူးတင်ပါတယ်။ ဖတ်ရတာ အရမ်းကောင်းပါတယ်။ ဗဟုသုတ အများကြီးတိုးပွားပါတယ်။

  • sonny wynn

    February 21, 2010 at 9:04 pm

    ဗိုလ်ချုပ်ဆောင်ဆန်းဟာကွန်မြုနစ်ဝါဒကိုမြန်မာပြည်မှာမျိုးစေ့ချပေးခဲ့သူပါ။ ကွန်မြူနစ်ဆိုတိုင်း သူ့မယားညီအကိုတော်တဲ့ ဝါးရင်းတုတ်နဲ့ရိုက်ခံရလို့သေသွားတဲ့သခင်သန်းထွန်း ခေတ်က ‘ဖြုတ်ထုတ်သတ်’ကွန်မြူနစ်ဝါ ဒီနဲ့လုံးဝကွာခြားပါတယ်။ ကြားဘူးသလောက်ကွန်မြူနစ်တကယ်စစ်ရင်သိပ်သိမ်မွေ့တယ်လို့ဆိုပါတယ်။ ၁၉၇ဝ ဝန်းကျင်ကအလင်းဝင်သူအချို့ထဲက သခင်သက်တင်တို့။သခင်စောလှတို့ဆိုရင် ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ပေါလစ်ဗျူရိုဆိုပေမဲ့တွေးခေါ်ပြောဆိုတာကအစယဉ်ကျေးသိမ်မွေ့တာတွေကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရလို့ မယုံနိုင်အောင်အံ့ဩရပါတယ်။ ဟုတ်ပါတယ် သိန်းသန်းကွန်မြူနစ်ထဲက’သိန်း’ ဆိုသူဟာ ‘တက်ဘုန်းကြီး’အမည်ခံ ဆရာသိန်းဖေမြင့်ပါဘဲ။ ရဲဘော်သုံးကျိပ်စာရင်းမဝင်ခဲ့ပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ ဂျပန်လျှိုဝှက်ခရီးစဉ်မှာ ဦးသိန်းဖေမြင့်ဟာအဓိကဝန်ဆောင်သူတစ်ဦးပါ။ ဗိုလ်ချုပ်ရဲ့ကွန်မြူနစ်/ဆိုရှယ်လစ်ဝါဒဟာအဲ့ဒီအချိန်ကအတော်ခေတ်စားခဲ့တဲ့အပြင်အရင်းးရှင်ဝါဒဟာလဲဒီနေ့ခေတ် (ခုစစ်ဗိုလ်ချုပ်တွေပြောတဲ့) ‘နယ်ချဲ့လက်သစ်’ဆိုတဲ့ ဖြီးလုံးတွေနဲ့မတူပါဘူး။ လွတ်လပ်ရေးအတွက်ကြိုးပမ်းကြတဲ့နိုင်ငံငယ်လေးတွေရဲ့အနာဂါတ်အတွက်အကောင်းဆုံး နိုင်ငံရေးဝါဒပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာ ‘နိုင်ငံရေးသတ္တဝါ’ (political genius)ဖြစ်ကြောင်း သူနဲ့တက္ကသိုလ်အိုင်အေတန်းမှာကြုံခဲ့ဘူးတဲ့ကျတော့်အဖေကပြောပြလို့သိရပါတယ်။ ဘုကျကျမှက်နှာနဲ့အမြဲအလိုမကျဖြစ်နေတတ်တဲ့ သူ့ရဲ့ထူးခြားတဲ့အမူအရာကို အဲ့ဒီခေတ်ကတက္ကသိုလ်ကျောင်းသားလောကမှာ သတိထားခဲ့မိကြမှာပါ။ အချိန်ရှိသရွေ့ ဗမာပြည်ရှေ့ရေးကိစ္စကိုအမြဲတွေးနေတတ်သူလို့ဆိုကြပါတယ်။ သူ့ရဲ့ထက်မြက်တဲ့အတွေးအခေါ်နဲ့ အင်္ဂလိပ်ဘာသာကိုဘိလပ်ကနိုင်ငံရေးခေါင်းဆောင်တွေနဲ့ ရင်ဘောင်တန်းပြီးဒိုးဒိုးဒေါက်ဒေါက်နဲ့ ပြောနိုင်သူမို့ နိုင်ငံကြီးသားတွေကတောင်အထင်ကြီးလေးစားရသူပါ။ (ခုခေတ်ဗမာပြည်ကစစ်ဗိုလ်ချုပ်ကြီးများနဲ့တော့ကွာပ) မြန်မာပြည်သူတွေရင်ထဲခံစားနေရတာတွေကို ထင်ဟပ်အောင်ပြောနိုင်သလို၊ ကိုယ်ယုံကြည်ရာကိုအားမနာတန်းကွင်းကွင်းကွက်ကွက်ဟောဟောဒိုင်းဒိုင်းပြောနိုင်လို့ ခုထိသူ့မိန့်ခွန်းတွေကျွန်တော်တို့ရင်ထဲအသဲထဲမှာစွဲလျက်မဟုတ်ပါလား။ ဗိုလ်ချုပ်သေတော့ တနိုင်ငံလုံးကြိမ်မီးအုံလိုခံစားခဲ့ကြရပါတယ်။ အသက်ကြီးရင့်သူတချို့သေကြတယ်လို့တောင်ဆိုပါတယ်။ လွတ်လပ်ရေးသည် (ပထမ) လွတ်လပ်ရေးသည် (ဒုတိယ) လွတ်လပ်ရေးသည် (တတိယ)ခေတ်မဟုတ်လား။ အဲ့ဒီကြွေးကြော်ချက်ကိုကျွန်တော်တို့ခုထိကြွေးကြော်နေကြရတုံးပါဘဲဆိုရင်ယုံနိုင်ကြပါ့မလား။ ကွာတာကတော့ကို့ဇာတ်တူသားကကို့ယ့်ကိုပြန်တွန်းလှန်နေရတဲ့လွတ်လပ်ရေး၇ရှိရေးကြိုးပမါ်းနေရဆဲ့ကိစ္စပါ။
    ဟော…ခုသမိးကျတော့ နိုင်ံတကာမှာနှစ်ပေါင်းများစွာနေခဲ့ပေမဲ့ ကျေးရွာဇနပုဒ်ကတောသူတောင်သားတွေရဲ့ရင်ထဲကမကျေနပ်ချက်။ဘဝလိုအပ်ချက်တွေကို ဗမာပြည်မှာရိုးမြေကျနေခဲ့တဲ့သူတွေထက်တောင် ခံစားနိုင်ပြောပြနိုင်နေပါလား။ သု့ဖခင်ရဲ့နိုင်ငံနဲ့အမျိုးကိုချစ်စိတ်အပြင်၊ နိုင်ငံတကာကလေးစားတန်ဘိုးထားရတဲ့ပညာအရည်အချင်းဂုဏ်ဒြပ်တွေပါထပ်ဆင့်တို့လို့တောင်ရှိနေပါပေါ့လား။

  • notsynthetics

    March 2, 2010 at 1:01 pm

    (လွတ်လပ်ရေးကိုရအောင် ကျွန်တော်တို့ ကြိုးပမ်းနေကြတာဟာ ဗမာတွေလွတ်လပ်ပြီဟေ့လို့ ပြောကောင်းရုံက လေးအတွက် ကြိုးပမ်းနေကြတာမဟုတ်ပါဘူး။ ခပ်တိုတို ပြောရယင်၊ ဗမာတွေ လူတန်းစေ့စေ့ နေနိုင်အောင်လုပ် ပေးဖို့ လွတ်လပ်ရေးအတွက် ကြိုးပမ်းနေကြတာ။ အဲဒီတော့ ဗမာတွေလွတ်လပ်ပြီးတဲ့နောက် လူတန်းစေ့စေ့ နေ နိုင်ဖို့အလုပ်တွေကို မလုပ်ရဘဲ၊ ကဖျက်ယဖျက်သမားတွေရဲ့ နှောင့်ရှက်မှုတွေကို တုံ့ပြန်နေရတာနဲ့သာ အချိန် ကုန်နေကြရမယ်ဆိုယင် လွတ်လပ်ရေးရတာဟာ အဓိပ္ပါယ်ကို ရှိမှာမဟုတ်တော့ဘူး။

    အဲဒီတော့ ကျုပ်တို့ဟာ လူထုရဲ့ ခေါင်းဆောင် လုပ်မယ်ဆိုယင် လူထုရဲ့အကျိုးကို တကယ်တမ်းဆောင်ရွက်နိုင် အောင် ကြိုးပမ်းကြရပေလိမ့်မယ်။ ပြတ်ပြတ်သားသား လုပ်ရဲကြရပေလိမ့်မယ်။ ချီတုံချတုံအဖြစ်မျိုးကို စွန့်ပစ်ကြ ရလိမ့်မယ်။ နိုင်ငံရေး ဆောင်ရွက်တယ်ဆိုတာ ကြောက်လွဲ ရဲမင်းဖြစ်ဆိုတဲ့အတိုင်း ရဲနိုင်မှ ဖြစ်မယ်။)

    အထပ်ပါစကားကို အရမ်းသဘောကျပါတယ်..။ ဟုတ်ပါတယ် လွတ်လပ်ရေးရရုံနဲ့တင်မပြီးသေးပါဘူး..။
    လူတန်းစေ့မနေနိုင်ရင်တောင် ထမင်းတော့နတ်မှန်ဘို့လိုပါတယ်..။ ဒီတော့လူတွေကိုခေါင်းဆောင်မှုပေးနေတဲ့
    လူ့ခေါင်းဆောင်များလည်း ဗိုလ်ချုပ်ပြောသလို လူထုအကြိုးကိုကြိုးပမ်းဘို့လိုပါတယ်..။ထို့အတူ ယ္ခုထက်တိုင်
    သူတလူငါတမင်း သောင်းကျန်းသူများရန်ကိုလည်း လိုက်နှိမ်နင်း နေရပြန်တော့လည်း ေ့ရှကိုမတိုးတာဘဲဖြစ်နေ
    ပြန်လေတယ်ဗျာ…။ ဒီတော့က အားလုံးဘဲတတ်ညီလက်ညီနဲ့ သူလုပ်မှငါလုပ်မယ် ဆိုတာကပ်သပ်မနေဘဲ အား
    လုံးဘဲဝိုင်းဝန်းကြိုးပမ်းရမှာဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာနိုင်ငံတစ်နိုင်ငံမှာမှီတင်းနေထိုင်တဲ့နိုင်ငံသားတိုင်းနဲ့သတ်
    ဆိုင်ပါတယ်။မြန်မာနိုင်ငံသားအများစုက နိုင်ငံရေးဆိုရင် ကြောက်သလိုလို ရွံ့သလိုလိုနဲ့ မဟုတ်ပါဘူးအဲ့ဒီလို…။
    ဒီတော့ကအားလုံးဘဲ သီတဂူဆရာတော်ပြောသလို တူညီတဲ့လမ်း common platform ကိုလျှောက်ဘို့လိုအပ်နေ
    ပါဘီလို့ထင်မြင်ချက်ပေးလိုက်ပါတယ်။

Leave a Reply