ယုံကြည်မှု ပျက်ပြားခြင်း ကို ကျော်လွှားခန်း
သားက ဝယ်ပေးမယ်ဆိုတာကို မဝယ်ပေးမိတဲ့ အဖေ့အပေါ် တန်ပြန်မှုက ကလေးမဆန်ပဲ အတော်လေးပြင်းထန်ခဲ့ပါတယ် ၊
ကျနော်နဲ့ အတူ ထမင်းမစားပါဘူး ၊ မအိပ်ပါဘူး ၊ ကျောင်းပိတ်ရက်လည်း အတူမလည်ပါဘူး ၊
တစ်ခုဖြေသာတာက နယူးပရောဂျက်ကိစ္စတွေရှိလာတော့ တချို့ရက်တွေမှာ အိမ်မပြန်ဖြစ်တာပါ ၊
ကိုယ့်ဇောနဲ့ကိုယ်မို့ သားကိုသတိရပေမယ့်သိပ်မတွေးအားတဲ့ အချိန်တွေပေါ့ ၊
အမေ့ဆီကိုတော့ မပြန်ဖြစ်ရင် ဖုန်းအမြဲဆက်ပါတယ် ၊ ကိုယ်တော်ချောက ကျနော့်နံပါတ်မြင်ရင် သူ့အဖွားကိုပဲပေးလိုက်ပါသတဲ့ ( အမေပြန်ပြောပြတာပါ )
တစ်ရက်မှာတော့ အမေ ဟောပြောပွဲသွားဖို့ဖြစ်လာပါရော ၊ သွားရမှာက ၃ ရက်လောက်ကြာမယ့်ခရီး ၊ အမေက နင်တို့သားအဖ ဖြစ်ပါ့မလား တဲ့ ၊
အမေရယ် သားအဖပါ ၊ ရန်သူလည်းမဟုတ် ရန်ဖြစ်ထားတာလည်းမဟုတ် ၊ ဒီသားကိုမှ မချော့နိူင်ရင် အဖေဟုတ်ပါ့ဦးမလားလို့ ပြောရပါတယ် ၊
အမေက မနက်ကားနဲ့ ဧရာဝတီတိုင်းဘက် ထွက်သွားချိန်မှာ ကျနော်က ရုံးသွားရချိန်ပါ ၊
ညနေရုံးအပြန် လှည်းတန်းဈေးဝင်တော့ သားအတွက် တစ်ခုခုဝယ်ဖို့ စိတ်ကူးပေါက်လာပါတယ် ၊
ဒါနဲ့ အရုပ်ဆိုင်တွေဘက် လှည့်မိတဲ့အခါ တိုက်တိုက်ဆိုင်ဆိုင် သားသိပ်သဘောကျမယ့်အရာကိုတွေ့လိုက်ပါတယ် ၊
ဘိလပ်မြေကွန်ကရစ်သယ်တဲ့ ကားပါ ၊ တချို့က အုန်းမွှေးလုံးလို့ခေါ်ပါတယ် ၊
သား ငယ်ငယ်က အိမ်နားမှာ တိုက်တွေဆောက် ကွန်ဒိုတွေဆောက်နေတဲ့အချိန် အဲဒီ ကွန်ကရစ်သယ်တဲ့ကားကြီးတွေလာရင် ထမင်းစားနေရင်းတောင်အပြေးအလွှားထကြည့်သူပါ ၊
အဲဒီတုန်းက တစ်ခါဝယ်ပေးဖူးပေမယ့် ရိုးရိုးကော်နဲ့ ပလပ်စတစ်ကား ၊ အခုဟာက ဓါတ်ခဲရီမုဒ်ကား ၊ အနောက်က ကွန်ကရစ်ထည့်ထားတဲ့လုံးလုံးကြီးက လည်နေသေး ၊
ကဲ မျက်စိစုံမှိတ် ဈေးဆစ်ပြီးသကာလ ဝယ်ချခဲ့ပါရော ၊
အိမ်ရောက်တော့ သူကမရှိ ၊ တိုက်အောက်မှာ ဆော့နေတယ်ထင်ပါ့ ၊
ကျနော်လည်း ထမင်းဟင်းချက် တီဗီလေးကြည့်ပေါ့ ၊ နောက်တော့ သူရောက်လာပါတယ် ၊
ကျနော်က ကားကိုထုတ် ရီမုဒ်နဲ့ ဟိုလုပ်ဒီလုပ်ပေါ့ ၊ သကောင့်သားက လူလည်ဗျ ၊ ခိုးကြည့်တာကလွဲပြီး ခပ်တည်တည်ပဲ ၊ ထမင်းကို သူ့ဟာသူစားတယ် ၊
ကျနော်က ထမင်းစားပြီး ခဏလှဲနေချိန်မှာ သူက တီဗီကို လိုင်းအမျိုးမျိုးပြောင်းနေတုန်း ၊ နောက်တော့ သရဲကားလား ထိတ်လန့်သည်းဖိုကားလား မသိပါဘူး အဲဒီကား သူကြည့်နေတာမြင်လိုက်တယ် ၊
နောက် ကျနော်အိပ်ပျော်သွားတယ် ၊
ဘယ်လောက်ကြာသွားမှန်းမသိဘူး ငိုသံ ရှိူက်သံ တစ်ခုကြောင့် ကျနော်လန့်နိူးလာတော့ တစ်အိမ်လုံးက မှောင်မည်း လို့ ၊
ကဗျာကယာ ဖုန်းဓါတ်မီးနဲ့ထိုးကြည့်တော့ သားက ခြေရင်းနားမှာ ငိုရှိုက်တစ်ဝက် အိပ်တစ်ဝက် ၊
သား သားလေး ထ ထ အဖေ့ဆီလာ ဆိုပြီး ကျနော်ဆွဲခေါ်လိုက်တော့ မျက်ရည်စတွေနဲ့ ကျနော့်ရင်ခွင်ထဲရောက်လာတယ် ၊ ဖက်ထားလိုက်တာလည်းတအားပါပဲ ၊
ခဏနေတော့ မီးပြန်လာပါတယ် ၊ ကျနော် တီဗီပိတ်မလို့အထမှာ အဖေကြီး ဘယ်လဲတဲ့ ၊ တီဗီပိတ်မလို့ပါသားရယ်ဆိုတော့ သူပါ ထ လာတယ် ၊
ပြီးတော့ သားကိုအိမ်သာပို့ပေးဦး တဲ့ ၊
သား နောက် အဲလိုရုပ်ရှင်တွေ မကြည့်နဲ့တော့နော် ဆိုတော့ ဟုတ်ကဲ့ တဲ့ ၊
နောက်တော့ သူသိပ်သိချင်တဲ့ဘက် လှည့်လာပါတယ် ၊
( အဖေ ကားဝဃ်လာတာ အဲဒါ ဘယ်လောက်ပေးရလဲ သားအတွက်လား တဲ့ )
သားအတွက်မဟုတ်လို့ ဘယ်သူ့အတွက်ဝယ်ရမှာလဲ ၊ အဖေ့မှာ ဒီ သားပဲရှိတဲ့ဟာကိုဆိုတော့ မျက်နှာလေး ကြည် လာခဲ့တယ် ၊
သား ဆော့ချင်တယ် အဖေသင်ပေးနော် ဆိုလို့ အိပ်ချင်မူးတူးနဲ့ သင်ပေးရပြန်ရော ၊ နောက်တော့
အဖေ အလုပ်ရှိတယ် အိပ်တော့ သား အဖေ့နားမှာဆော့နေမယ်နော် တဲ့ ၊
( အဲဒီ နောက်ပိုင်းမှာ မီး မကြာ မကြာပျက်ပေမယ့် သား မငိုတော့သလို ကျနော်တို့သားအဖလည်း နားလည်မှု အပြည့်ရှိလာခဲ့တာ ယနေ့ထိပါပဲလေ )
ဘာကိုကျေးဇူးတင်ရမလဲဗျာ
13 comments
garuda
February 25, 2013 at 6:45 pm
ဘာကိုကျေးဇူးတင်ရမလဲ??….ရှင်းရှင်းလေးဗျာ…နိုင်ငံတော် အစိုးရကိုကျေးဇူးတင်ရမှာပေါ့….အထူးသဖြင့် သမ္မတကြီးနဲ့ လျှပ်စစ်ဝန်ကြီးပေါ့ဗျာ… :kwi:
မောင် ပေ
February 25, 2013 at 7:59 pm
Mirror Follow Air Ginger !
+ 1
kai
February 26, 2013 at 6:40 am
ဒီသားနဲ့..ဒီအဖေ.. လိုက်ပါ့…
အဲလိုပဲ ပြောချင်မိတော့တယ်…
ကိုယ့်ကိုယ်ကိုယ်သာကျေးဇူးတင်ပါလေ… :harr:
mamanoyar
February 26, 2013 at 2:20 pm
ကလေးလေးကချစ်ချာလေးးးးး
ဇာတ်ကားကြည့်နေတုန်း မီးပျက်သွားတော့ လန့်တာရော အားငယ်တာရော
ဖြစ်ပြီး ငိုတာဖြစ်မယ်
Myo Thant
February 26, 2013 at 2:31 pm
ဪ ကလေးကချစ်စရာဆို အဖေကလည်းလူချောလေ
🙂 🙂 🙂
ဗုံဗုံ
February 26, 2013 at 3:44 pm
အော် ငါ့ယောက်ခမဂျီး ခမျာလည်း ကြော်ငြာက ဝင်လိုက်ရတာ အမောဘဲ ကောင်းကောင်းကို မျက်ရည်ကျအောင်လုပ်တာ ခွင့်မလွှတ်ဘူးနော် 👿 နောက်တစ်ခါ ဘာဘဲလိုချင်ချင် ချက်ချင်းဝယ်ပေးလိုက်ပါ ဒါဘဲ
Myo Thant
February 26, 2013 at 3:54 pm
Yes Sir
🙂
awra-cho
February 27, 2013 at 1:34 pm
အော် အုန်းမွှေးလုံး ၊အုန်းမွှေးလုံး ၊မဝယ်နိုင်တဲ့သူဆို ဘယ်လိုချော့ရပါ့ အင်းသူ့အထွာနဲ့သူပေါ့နော။
etone
February 27, 2013 at 4:47 pm
ဒီအရွယ်လေးက စိတ်ကောက် တတ်တယ်တော့ …
နားလည်မှုရပြီး happy ending လေးဖြစ်သွားတော့လည်း ဖတ်ရတာ ပျော်စရာပါပဲ ။
padonmar
February 27, 2013 at 8:48 pm
သားအဖ ပြေလည်သွားတာလေးဖတ်ရတာ ဝမ်းသာပါတယ်။
ဒါပေမယ့် ကောင်းကောင်းလေးကို သနားနေမိတယ်။
ကလေးက စိတ်ကောက်နေတယ်ဆိုပေမယ့် ဘယ်လောက်တောင် အဖေရဲ့ ချော့တာကို ခံချင်နေခဲ့မလဲ။
အဖွားကလည်းခရီးသွား၊အဖေကလည်း အရုပ်ပြပြီး သားအတွက်ဝယ်လာတာလို့ မချော့၊
သရဲကားကြည့်လို့ ကြောက်တာနဲ့ ရောပြီး သူကလေးရဲ့ မာနတွေ ချလိုက်ရတာကို သနားမိတာပါ။
တကယ့် အဖြစ်ဆိုတာ့လည်း စိတ်ကူးယဉ်နဲ့တော့ မတူနိုင်ဘူးပေါ့လေ။
ကျမသာအဖေနေရာမှာ နေမယ့် ဗားရှင်းဆိုရင်တော့
သားရေ ၊မင်းလိုချင်တဲ့ သေနတ်ကို ဒီလ အဖေ ပိုက်ဆံ မလောက်တော့လို့ မဝယ်ပေးနိုင်တော့တာပါကွာ။
ဒီ ၈၀၀ဝ ပြည့်အောင် အဖေ (ကွမ်း၊ဆေးလိပ်၊အရက် တစ်ခုခုပေါ့) မစား မသောက်ပဲ စုထားမယ်၊
ဥပမာ အဖေသိပ်ကြိုက်တဲ့ လက်ဖက်ရည်ထားပါတော့၊
မသောက်ပဲ တစ်နေ့ ၃၀ဝ စုမယ်၊ပြည့်တဲ့နေ့ကျ အဖေ့ကတိအတိုင်းဝယ်ပေးမယ်။
သားကတော့ ခဏစောင့်ကွာ လို့ပြောမှာပဲ။
အဖေ သိပ်ကြိုက်တဲ့ လက်ဖက်ရည် မသောက်တော့တာကို သိတဲ့ သားကလည်း သူ့မုန့်ဖိုးလေးနဲ့ အဖေ့ဖို့ လက်ဖက်ရည်ပါဆယ်လေး ဝယ်တိုက်တယ်လို့ ဇာတ်လမ်းလေး ဆင်လိုက်ချင်တယ်။
ဒါဆို ယုံကြည်မှု ပြန်လည် တည်ဆောက်တာပေါ့နော်။
( ကဲ သားအဖကြား ငထွားခါးနာနေတာ ခွင့်လွှတ်ပါ)
padonmar
February 27, 2013 at 8:49 pm
ဘာကိုကျေးဇူးတင်ရမလဲ ဆိုရင် သားကိုပဲ ကျေးဇူးတင်ရမှာပေါ့။
Ayee Latt
February 28, 2013 at 4:19 am
ကျေးဇူးတင်သင့်တာ သရဲကား ပါ။ 😉
ပျော်စရာဇာတ်သိမ်းလေးအတွက်လဲ စာဖတ်ပိတ်သတ်ကြီးမှ အဲဒီ သားအဖ ကို ကျေးဇူးတင်ပါတယ်။
:hee:
kyeemite
March 1, 2013 at 12:04 pm
သားအဖ ပြေလည်သွားတာလေးဖတ်ရတာ ဝမ်းသာပါတယ်။
တစ်ဦးတည်းသောသားဆိုတော့လည်း ခက်တာပေါ့..
ဖအေက သားနဲ့ သူငယ်ချင်းပေါင်း ပေါင်းဗျာ…နောက် ကျောင်းမှာလည်း
သူငယ်ချင်းအပေါင်းအသင်းများပါစေ…