သူတို့နဲ့ဆုံတိုင်းရယ်
“ဆင်းနေတုန်း.. ဆင်းနေတုန်း..”.. “အစ်ကိုရေ .. အထဲဝင်လေ.. ဒီမှာ တက်ဖို့စောင့်နေတယ်.. မိန်းကလေးတွေတွယ်နေရတယ်.. အစ်ကိုရေ.. ကဲဘယ်လိုလဲ.. ”
“လိုက်ရင်လာ.. လိုက်ရင်လာ.. ဗိုလ်တထောင် ဘုရားထိရောက်တယ်.. လှည်းတန်း စိုက်ပျိုးရေး မဟာမြိုင် မြေနီကုန်း . .ဆူးလေ.. ကြယ်ငါးပွင့်.. ဗိုလ်တထောင်.. ဘုရားထိရောက်မယ်နော်. .” ..
၄၈ အထူး ကားစပယ်ယာ ကတော့ ဆင်းတဲ့သူတွေတွန်းချ.. တက်တဲ့သူတွေ တွန်းတင် နဲ့သာ အလုပ်ကရှုပ်နေတာ .. ပါးစပ်ကတော့ အနားကို မပေးဘူး .. ကွမ်းကလည်း စားသေး.. အဲဒီ ပလုတ်ပလောင်း နီရဲနေတဲ့ပါးစပ်ထဲမှာ ကွမ်းတွေ မြုံ့ရင်းကနေ အော်နေတာ….. ပြောနေရင်းကနေ ပြွတ်ကနဲ ထွက်ကျ .. ဘယ်နှယ့် လုပ်ပါ့.. ဟင်.. . အဲဒီအရည်တွေကို မြိုလည်း မချ.. ထွေးလည်းမထုတ်နဲ့..
လူခေါ်နေတာလည်း မပြီးတော့ဘူး.. တက်မယ့်သူတွေက စောင့်နေတယ်.. အထဲမှာလဲ.. ပြွတ်သိပ်နေတာပဲ.. ဒါတောင် ထပ်ခေါ်ချင်သေးတယ်.. စောင့်နေတဲ့သူတွေပဲ. အရင်ကုန်အောင် တင်ပါဦး..
အလုပ်ချိန်မီအောင် သွားကြရမယ့်သူတွေကတော့ .. ကြပ်တယ်.. ချောင်တယ်.. စပယ်ယာအပေါက်ဆိုးတယ်.. ဆိုတာတွေ ရွေးမနေနိုင်ဘူး. .ခြေတဖက်ရပ်စရာ နေရာလေးပဲရရ.. တွယ်စရာလေးပဲ ရရ လိုက်သွားရပြီးတာပဲ. ဆိုတဲ့ လူတွေ များတယ်.. တော်ပြီ ဒီတစ်စီးတော့ စီး မဖြစ်ပါဘူး.. ဒီလောက်ကြပ်ပိတ်သိပ်နေတာ..
“မောင်း . .. ဆရာ. ရေ .. မောင်း.. ” စပယ်ယာ အော်တာတောင် မဆုံးသေးဘူး .. ကားကဖြင့် ထွက်သွားပေါ့.. တံခါးပေါက်ကျဉ်းကျဉ်းလေးမှာ တော့ တွယ်တဲ့သူတွေက ခြေတစ်ဖက်လက်တစ်ဖက်ကိုသုံးလို့ လိုက်သွားကြ လေရဲ့.. ထွက်သွားတဲ့ကားကို ငေးကြည့်မိတော့ ကားကြီးက တစ်ခြမ်းစောင်း…
ဒီလို နဲ့ပဲ ဘယ်ကားလေးကများ ငါနဲ့အဆင်ပြေမလဲ .. စောင့်ရင်းစောင့်ရင်းနဲ့.. ဆယ့်ငါးမိနစ်လောက် ကုန်သွားကာမှ.. “အင်း ငါလည်း မဖြစ်ချေဘူး .. ဒီတစ်ခါတော့ ရောက်တဲ့ကားနဲ့ပဲ လိုက်တော့မယ် ဘာဖြစ်ဖြစ်” ဆိုပြီး ဆုံးဖြတ်ထားပြီးပေါ့.. ပြေးကိုတက်ပစ်မယ်.. ကြည့်နေ.. ဒီတစ်ခါတော့ ..
“အင်း .. လာပြီ.. ၁၂၄ တဲ့ .. အိုကေ.. လိုက်မယ်.. ဒီတစ်စီးတော့ .. ပါကိုပါစေရမယ်..” လို့ကို စိန်ခေါ်လိုက်တာပေါ့.. ကိုယ့်နားကားရောက်လာတော့ ကြည့်မိတာ. . သိပ်မကြပ်ဘူး .. မဆိုးဘူး.. ကားက ကိုယ့်ကျော်ရပ်လိုက်လို့ အမီလိုက်လိုက်ရသေး.. ဆင်းတဲ့သူက သိပ်မရှိတော့ တန်းတက်လို့ရတာပါပဲ..
ကားပေါ်ရောက်တာနဲ့ ဇာတ်လမ်းက စလာပါပြီ.. ဒုတိယ ခြေနင်းကနေပဲ ရှေ့ဆက်တက်လို့မရတော့တာပါပဲ.. ဒါက ချောင်တယ်ဆိုတာ ဒီအနေအထားကိုပြောပါတယ်.. .. အဲဒိတော့ .. ဟိုလူကလည်းပြောပြီပေါ့. ကိုယ့်ပြောတာမဟုတ်ပါဘူး.. အဝမှာ တစ်နေတဲ့သူတွေကို ပြောတာ.
“ဒီမှာ အကိုလေး.. ဗိုလ်တထောင် အကို လေးရယ် . .နောက်မှာ အချောင်ကြီး .. ဟုတ်ပလား.. ဘေးစောင်းလေး တိုးလိုက်ပါလို့.. ဒီနားမှာတွေ့လား.. မိန်းကလေးတွေ ခြေနင်းမှာ အကိုလေးရေ.. ရှေ့ကအမေကြီး.. ရှေ့ကိုတိုးစီး .. နေရာမရတောင် အမေကြီး ကောင်းကောင်း မတ်တပ်ရပ်လို့ရတယ်.. ကဲကဲ… ဟုတ်ပြီနော်.. အများကြီးမဟုတ်ဘူး .. တစ်ယောက်နည်းနည်း နည်းနည်းစီ တိုးသွားလိုက်…. ဒီနားက လူတွေအကုန်တက်လို့ရမှ တံခါးပိတ်လို့ရမှာ .. ”
သူနေရာချပေးတာကောင်းလို့.. အပေါ်က ထိုင်နေတဲ့လူတစ်ယောက်နားသွားရပ်လို့ရတယ်.. နို့မို့ ဘယ်ထိ ခြေနင်းမှာ နေရမလဲမသိ..
အော်.. အရေးဆို ပိုက်ဆံကဘယ်ရောက်နေပါလိမ့်.. လွယ်အောင် ခြင်းထဲထည့်ထားကာမှ ဘယ်နားသွားညပ်နေလဲမသိဘူး .. စပယ်ယာအမြင်ကပ်တော့ခံရတော့မှာပဲ..
“ခုန.. ဘာတာတက်တာလေးတွေ. .ကားခလေးတွေ လှမ်းထားမယ်နော်.. ဟုတ်ကဲ့.. ဒီမှာ ၈၀ဝ ပါအန်ကယ်.. ၃ယောက်ရပြီ.. ၄ယောက်.. ကျန်သေးတယ်နော်.. လက်မတို့ချင်ဘူးနော်.. အမကြီး.. ဒါက ၂၀ဝ ကားခင်ဗျ..”
အယ်.. ဘယ်ရောက်နေပါ လိမ့်.. “ခဏ.. ခဏ.. ဒီမှာရှာနေလို့.. ” သူမတောင်းခင် ကိုယ့်မှာ ကြိုပြောထားလိုက်ရတယ်.. “အော်.. ဟုတ်ကဲ့ ပါ .. ရပါတယ်.. ရှာပါ . အမ.. ရှာပါ.. ရှာလို့တွေ့ရင်သာ ကျွန်တော့ကို မမေ့ပါနဲ့.. ဟဲဟဲ.. ” ဟင်း.. . ဒင်းကတော့ ခွဲရော့မယ်.အရှက်.. . .
အမယ်လေး တွေ့ပါပြီ .. ထမင်းချိုင့်အောက်တောင် ဝင်နေလိုက်သေး.. “ရော့.. ရော့.. ဒီမှာ တစ်ယောက်..”
“ဟုတ်ပါပြီအမ.. ဒီမှာ ၃၀ဝ ပါ.. ” ပိုက်ဆံပြန်အမ်းရင်းနဲ့.. ဒင်းက အော်ပြောလိုက်သေး..
“ဘာဇယားမှ မရှိတော့ဘူးနော်.. အားလုံးကိုရှင်းထားပြီးပြီ.. တစ်ရာလည်းမရှိဘူး .. နှစ်ရာလည်း မရှိဘူး နော်.. လာတောင်းလို့ကတော့ ကွမ်းတောင် မပေးဘူးဗျာ.. ” လို့ပြောတော့ .. ရှေ့က ထိုင်ခုံရနေတဲ့လူတစ်ချို့က ပြုံးကြတယ်.. အတွယ် လိုက်တဲ့ စပယ်ယာပဲ ပြောလှပြီထင်နေတာ.. ဒီပိုက်ဆံကောက်တဲ့လူလဲ တယ်စကားများတာပဲ..
“သုခ.. နော် .. သုခ.. ဘူတာရုံလမ်းတွေ ထွက်မလာပါနဲ့ဦး . .ဒီမှာ တက်ကြဦးမှာ .. ထွက်ဆိုမှ ထွက်ကြပါဗျာ.. ဒီအချိန်လေးပဲ. .လုပ်စားလို့ရတာ.. ရုံးချိန်မီအောင်မောင်းပေးပါ့မယ်.. စိတ်ဆိုးအောင်တော့ မလုပ်ကြပါနဲ့.. ကဲကဲ.. အမ ရတယ်. .အပေါ်တက်လိုက် တက်လိုက်..” ခရီးသည်တွေကို နေရာချလို့မပြီးပေမယ့် ကားကတော့ ထွက်သွားပါပြီ.. ကားပေါ်ခြေထောက်ရောက်တာနဲကို ဒင်းတို့က မောင်း ဆိုတာပါပဲ..
ကားစီးရင်းကနေပဲ ..ကပေါက်တိ ကပေါက်ချာအတွေးစုံက ခေါင်းထဲမှာ ရှုပ်ရှက်ခက်လို့. .. ဒီနေ့ meeting က လုပ်မှာ လား .. မလုပ်ဘူးလား.. ဦးသက်က ငါ့ကို ဘာမှလဲ ကြိုပြောမထားဘူး. . ပြီးရင်တော့ ငါ့မှာ လုပ်လိုက်ရတာအသည်းအသန်.. အာ.. မေ့နေတာ.. ဂုဏ်တော်ကွန်ချာ ရွတ်ရဦးမှာပဲ.. “သောဘဂဝါ က္ကုတိပိ အရဟံ .. အရဟံ ဝတ္တသောဘဂဝါ.. အရဟံတံသရဏံဂစာ္ဆမိ အရဟံတံသိရ သန္နမာမိ ပဌမော ဝဇီရပါကာရော.. သောဘဂဝါ က္ကုတိပိ အရဟံ..” ပါးစပ်ကနေ ပွစိပွစိနဲ့ အပြင်က လှုပ်ရှားသွားလာနေ တာတွေကိုငေးလို့ ဂုဏ်တော်ကွန်ချာကို ရွတ်ဖတ်နေမိပါတယ်.. ကားစီးတဲ့အခါတိုင်း အနည်းဆုံးတစ်ခေါက်တော့ ဆိုဖြစ်အောင်ဆိုမယ် ရည်ရွယ်ထားလို့ မရွတ်ဖြစ်တဲ့အခါတိုင်း အလုပ်တစ်ခုမပြီးသလိုခံစားရပါတယ်. .
“နေဦး.. နေဦးဟေ့.. ကျန်သေးတယ်.. ဟ .. ” ဆင်ရေတွင်းမှတ်တိုင်ရောက်တော့ ဆင်းဖို့ကျန်ခဲ့မှာ ဆိုးလို့ ခရီးသည်တစ်ယောက်က လှမ်းအော်လိုက်ကာမှ .. စိတ်က ကားထဲပြန်ရောက်လာပါတယ်. . “ကဲ … ရတယ်. .ရတယ်. .အဲလိုသာပြော .. လုံးဝပါမသွားစေရဘူး.. ဆင်းရမယ်.. ဆရာရေ.. ကျန်သေးတယ်. .ထွက်နေလို့ပါ.. ဆရာ … ”
“ လာ. လာ.. ရပြီလား.. ” စပယ်ယာ က တပြောပြော နဲ့လက်ပါဝိုင်းဆွဲပေးရတယ်. . ကားနှယ် သိပ်မကြပ်ရယ်ဘူး . “အေး.. ရပြီ.. ရပြီ..မကုန်သေးဘူး နောက်မှာ အများကြီးကျန်သေးတယ်ကွ..” ဆိုပြီး နောက်က သူ့လူတွေ ပါသွားမှာကို စိုးရိမ်တကြီးနဲ့ ပြောလေရဲ့..
“ဆင်းရမှာ ဆင်းရမှာ အားလုံးဆင်းရမှာ .. ရပ်ပေးထားမယ်နော်.. ကိုယ့်လူကိုယ်စစ် .. စိတ်ချရမှ ထွက်မယ်ဗျာ ဟုတ်ပလား.. ” စသလိုနောက်သလိုနဲ့ စပယ်ယာရဲ့အပြောကို ခရီးသည်တွေက ပြုံးကြလေရဲ့..
“ကဲ .. အမရေ. ဘယ်လဲ.. ကားလဲချောင်သွားပြီ.. အထဲလေးကို ဝင်ပေးပါလား.. ရောက်မယ့်နေရာကျ ကျွန်တော် ရပ်ပေးပါ့မယ်လေ.. . ကဲကဲ.. နောက်လေးထဲ ဝင်ကြပါလို့.. ကောင်းကောင်းပြောတယ်နော်.. စပယ်ယာကိုလည်း ပြန်ကူညီကြပါဦး.. ပြီးရင် တော့ ဒီလူတွေ မကောင်းကြောင်းပဲ.. လူရွှင်တော်ကပြောလိုက် ဆရာတော်က ပြောလိုက်နဲ့.. ကျွန်တော်တို့နှယ် အပြောအဆိုကို သတိထားနေရတယ်.. အဲဒိတော့ မကြမ်းခင်လေး နည်းနည်းစီတိုးလိုက်ကြပါဦး ထမင်းရှင်တို့ရယ်လို့.. ” ဒင်းပြောပုံက စိတ်မဆိုးစေတဲ့အပြင် တစ်ကားလုံးရဲ့ ရယ်သံလေးတွေ ထွက်လာပါလေရဲ့…. ရွတ်လက်စ ဂုဏ်တော်ကွန်ချာတောင် ထင်တဲ့နေရာလေးကနေ ပြန်ရွတ်ရတယ်. .
“လှည်းတန်း .. လှည်းတန်း.. .ဆင်းလျှောက်သွားရင်ပိုမြန်မယ်နော်.. ဒီမှာ မိနစ်၂ဝ လောက်ထိုင်ရဦးမှာ .. ” ဟုတ်ပါရဲ့သူပြောမှ သတိထားမိတယ်.. မီးပွိုင့်မိတဲ့နေရကလည်း စံရိပ်ငြိမ် မှတ်တိုင်အကျော်ပဲရှိပါသေးလား.. စောင့်ရပြန်ဦးမယ် ဒီတစ်ပွိုင့်ကတော့.
လှည်းတန်းဆင်းမယ့် သူတွေလည်း ဒီမှာ ပဲဆင်းပြီး လမ်းလျှောက်ကြလေရဲ့.. ကားကို တော်တော်ချောင်သွားတယ်. . ဒါပေမယ့် ခုထိတော့ နေရာမရသေးဘူး ..
တွေးနေတုန်း ခရီးသည်တစ်ယောက်က … “ဒီမှာ ဒီမှာ.. ဒါလေးပြန်လဲပေးပါလား . အရမ်းစုတ်နေလို့. .” ပိုက်ဆံပြန်လဲတဲ့ပုံပါပဲ.. အသံပဲကြားတယ်.. . လှည့်တော့မကြည့်ဖြစ်ပါဘူး.. ဒီစပယ်ယာအပြောကောင်းလို့တော့ နားထောင်နေမိသား ဘာများပြောမလဲဆိုပြီး..
“ရပါတယ် .. ခင်ဗျ.. ရပါတယ်.. မကြိုက်တာလေးများရှိရင်ပြောပါ.. အားလုံးကိုပြန်လဲပေးမယ်.. အသစ်တော့ မရှိဘူးရယ်.. ကောင်းတာလေးနဲ့တော့လဲပေးပါ့မယ်.. အဲအစုတ်တွေ ကျွန်တော်တို့ဆီရောက်တာ ကိစ္စမရှိဘူး .. ကျွန်တော်တို့က ဂတ်စ်ဆိုင်ပြန်ပေးလိုက်ရင် အဆုံးသတ်သွားရော.. ခရီးသည်ဆီ အစုတ်ရောက်ရင် . .စပယ်ယာတွေဆီပဲ ..ပြန်ရောက်မှာ .. အဆုံးရယ် မသတ်.. တကယ့် သံသရာ.. ရပါတယ် .. လဲပေးပါမယ့် .. ဒီမှာပါခင်ဗျ. ” ပြောရင်းနဲ့ ပိုက်ဆံအကောင်းရှာရင်း လဲပေးလိုက်တဲ့ အသံပါပဲ.. သူပြောတာလဲ ဟုတ်တုတ်တုတ်ပဲ.. အင်.. ဂုဏ်တော်ကွန်ချာကတော့ ပြီးဦးမယ် . . ဆက်ရွတ်လိုက်ဦးမှ.. ပဲ..
မီးပွိုင်မှာကားရပ်ထားတုန်း စပယ်ယာ ကိုအပြောကောင်းကတော့ ဆင်းပြီး ရှေ့က သူ့ဆရာနဲ့လေဖုတ်နေလေရဲ့.. ကောင်းတယ်.. အဲဒါမှ ငါလည်း ရွတ်လို့ပြီးမှာ နို့မို့ သူ့လေထဲမျောနေပြီး.. ဆိုပြီးသားတွေ ပြန်ဆိုနဲ့ ..တကယ်ပဲ ကွန်ချာ လှည့်ပတ်နေတော့မှာဟေ့.. “သောဘဂဝါ. .. က္ကုတိပိ.. … … .. … . . ”
“ဒီမှာ သားလေး.. ဒီကားက မြေနီကုန်းရောက်ရင် ကွေ့သွားမှာလား.. ” လမ်းပေါ်ကနေ အဒေါ်ကြီးတစ်ယောက် က လှမ်းမေးနေတဲ့ပုံပဲ.. အတွယ် စပယ်ယာလေးက ပြန်ဖြေတယ်.. “ မဟုတ်ဘူး .. အဒေါ်ရေ.. ဒီကားကြီးကလေ.. ဟိုးတည့်တည့်ကြီးကို သွားမှာ ဗျ.. မြေနီကုန်းကျ ကွေ့ဘူး .. ” ဆိုပြီး သူက ဖြေ. .. အဒေါ်ကြီး ကတော့ အေး .. အေး . .ဆိုပြီး ထွက်သွားတယ်ထင်ပ.. သူတို့ကျောပေးထားလို့ အသံကြားရတာပြောပါတယ်..
မိနစ်နှစ်ဆယ်လောက် စောင့်ပြီးတော့. .ဟော ထွက်ပါပြီ.. သူတို့လည်း နောက်တစ်ခါထပ်မိမှာဆိုးလို့ မီးပွိုင့်ကို ဒုန်းဖြတ်တော့တာပဲ..“ စိုက်ပျိုးရေး ပါလား. .. မေးတယ်နော်.. ဒါရိုက်မောင်းမှာ.. ဘယ်သူမှ ရုံးနောက်မကျစေဘူး .. မှတ်တိုင်လေးတွေသာ မှန်မှန်ဖြေသွားပေး .. ဟုတ်ပြီ နော် .. ” အင်း ဆရာသမားရဲ့ဇာတ်လမ်းကတော့ ကားထွက်ပြီဆိုတာနဲ့စ တော့တာပါပဲ..
“ပါတယ်.. စိုက်ပျိုးရေးပါတယ်.. ”
အမယ်လေး ဝမ်းသာလိုက်တာ.. ဂုဏ်တော်ကွန်ချာ ကျေးဇူးထင်ပ.. နေရာရတော့မယ်.. ဒီထိုင်ခုံက ဒေါ်ကြီး က စိုက်ပျိုးရေး ဆင်းမှာတဲ့.. သူနေရာကနေထလိုက်တယ်ဆိုရင်ပဲ.. သူ့ကိုရှောင်ပေးပြီး .. အဲဒီနေရာကို ဝင်ထိုင်လိုက်ပါတော့တယ်.. အင်း .. နေရာရပြီကွ.. ဆိုပြီး…. ကို်ယ့်ကို်ယ်ကို လည်း ကျေနပ်သွားတယ်..
ဒီဘက်ကျတော့ ကားကပိုလို့တောင်မြန်လာသေး.. .. . ဆင်းတဲ့သူ တက်တဲ့သူက လည်း နည်း .. အဲဒီတော့ ပိုမြန်နဲ့.. လှည်းတန်းကျော်ရင် အားလုံး အိုကေ တယ်ဆိုပြီးတောင် တွေးနေမိသေး.. စပယ်ယာရဲ့ခွန်းတုန့်အသံလေးတွေလည်း သိပ်မကြားရတော့ဘူး ..
“မိုး.. အို.. အချိန်မှန်ရွာသွန်းပေးပါကွယ် .. ဒီလိုမိုးထဲ.. ငါလေရူးတော့မယ်.. မင်းကြောင့်ပဲရူး .. ဘာမှ မသိဘူး.”. … .. .. . နောက်ခုံက တစ်ယောက်ယောက်ရဲ့ ဖုန်း ring tone ထင်ပ.. သီချင်းတော့ မဟုတ်လောက်ဘူး . . အသံကြီးက အကျယ်ကြီးပဲ… တစ်ချိုုဆို သူ့ကိုတောင်လှည့်ကြည့်ကြသေး. .. ကိုယ်တို့တော့ မကြည့်ပေါင်.. ဒါပေမယ့်လည်း ကပ်ရပ်ခုံကဆိုတော့ အသံတော့ ကြားရတာပေါ့..
“ဟလိုး.. ဟလိုး .. အန်.. ပြော.. ငလား.. ငကာပေါရယ်လိုး..” အော် ဒီလူက ရခိုင်ပဲ ဆိုတာ သူ့လေယူလေသိန်းကို မှန်း ကြည့်သိလိုက်ပါတယ်.. ငယ်ငယ်တုန်းက အိမ်နားမှာ ရခိုင်မိသားစု တစ်စု လာငှားနေဖူးလို့ သူတို့အသံကို ရင်းနှီးနေတာ… ဒီ့ထက် ပိုသေချာတာရှိသေးတယ်. သူပြောတာ ဘာတဲ့.. “ခရောက်တိုက်တိုက် ငန်းလေးတိုက်… အန် .. ခရောက်တိုက်တိုက် ငန်းလေးတိုက် .. မကရားရ လား.. ဆစ် ဝမ်း ဝမ်း.. (611).. အေး အေး.. ” အဲသလို အဲသလို တစ်ဖက်ကဖုန်းပြောတဲ့လူကို ဖုန်းနံပါတ်ပေးတဲ့အသံကြားရတော့ ရခိုင်လူမျိုးဆိုတာ ပိုသေချာတာပေါ့. . ကိုယ့်ဖာသာကို အတွေးတွေပေါက် ပြီး ကားပေါ်မယ် ပြုံးတုံ့တုံ့နဲ့ လိုက်လာတာ.. ပဲခူးကလပ်တောင် ရောက်တော့မယ်..
ဒီတော့မှ ဇာတ်လိုက်ကြီး ကိုသတိရသွားတော့တယ်.. မှတ်တိုင်ပါလားမမေးခင်ကတည်း က ဆင်းမယ်ဆိုတာ သိအောင် ကြိုမတ်တပ်ရပ်လိုက်တယ်.. အဲဒီတော့လည်း.. သူက “လာ . လာ အစ်မလေး.. ဒီနားလာရပ် ဒီမှာ”.. “ကဲနော် .. ပဲခူးကလပ် .. တော်ဝင်စင်တာ.. စိန်ဂေဟာ ဆိုတဲ့သူတွေ ရောက်ပါပြီခင်ဗျ.. တခါတည်း ပြင်ထားပေးနော် .. မြန်မြန်သွက်သွက်ကလေး.. လုပ်ပေးကြပါ.. အားလုံးနောက်မကျစေရဘူး.. နော် .. ” ဆိုပြီး အော်လိုက်တာ .. နားနား ကပ်အော်တဲ့အတိုင်းပဲ.. အူသွားတာပဲ.. ကိုယ့်ပဲ့ ရွဲ့သလားမသိ..
“ဆင်းနေတုန်း .. ဆင်းနေတုန်း .. ဆရာ ကျန်သေးတယ်.. .. ဟုတ်ပြီ ..ဆူးလေ.. ဗိုလ်တထောင် .. ဆူးလေ .. ဗိုလ်တထောင် နော် .. ဘုရားထိ ရောက် တယ်.. ရောက်တယ်.. တက်ပါ ဦးလေး.. တက် နေတုန်း .. တက်နေတုန် း.. မောင် း .. ဆရာရေ.. ” ရုံးလမ်းထဲကို ရောက်နေတာတောင်မှပဲ .. သူတို့ကားဆီက အသံတွေကို ကြားနေရတုန်းပါပဲ.. .. သူတို့လည်း သူတို့အလုပ် ဆက်လုပ် လို့ .. ကိုယ်လည်း ဆက်စရာရှိတဲ့အလုပ်တွေ ဆက်လုပ်ဖို့.. သွားကြရဦးမပေါ့..
ဘာပဲပြောပြော သာယာတဲ့မနက်ခင်းလေးတွေကို မသာယာမှုတွေ နဲ့ ပဲ ကျော်ဖြတ်နေရတဲ့အချိန်မှာ.. စပယ်ယာ အပေါက်ဆိုးဆိုးတွေနဲ့တွေ့ရင် ပိုလို့ဆိုးသွားတဲ့ နေ့တွေက များ နေတာ.. ဒီနေ့တော့ သိပ်မဆိုးလှဘူးပဲ.. လို့ ဒီနေ့မနက်ခင်း အခြေအနေလေးကို ဖြင့်ရင် ကောက်ချက်ချမိပါတော့တယ်. .
18 comments
original ywa thar
March 4, 2013 at 11:00 am
မြင်သာထင်သာ ရှိအောင် ရေးသွားနိုင်ပါတယ်။ လူကလေး များများရေး ပါဦး ။
လူကလေး
March 4, 2013 at 11:08 am
ရွာသား ရေ ကျေးဇူးပါ. .
ကြိုးစားပါ့မယ်ဗျာ..ဒီရွာထဲမှာ အများကြီးရေးချင်သေးတာ..
ခိုင်ဇာ
March 4, 2013 at 12:53 pm
ရန်ကုန်မနေဘူးတော့ ဒီ ဒုက္ခတွေ မကြုံဖူးဘူးလို့ပဲ ပြောရမယ်။
နေ့တိုင်း သာယာပါစေ လူကလေးရေ။
:hee:
လူကလေး
March 4, 2013 at 5:27 pm
သာယာချင်ပါသည်.. သာယာပါစေသတည်း..
ကျေးဇူး .. ဇာဇာ..
kyeemite
March 4, 2013 at 4:18 pm
သရုပ်ဖေါ်ပီပြင်တယ်ဗျာ…မျက်လုံးထဲမြင်အောင်ရေးဖွဲ့နိုင်ပါပေရဲ့…
လူကလေး
March 4, 2013 at 5:30 pm
ဒါပဲ နေ့တိုင်းကြုံနေရတာလေ မိုက်မိုက် ရဲ့. ..
kai
March 4, 2013 at 4:50 pm
ကျောင်းသားဘဝက.. ဘတ်စ်စကားစီးခဲ့တဲ့နှစ်တွေသတိရမိတယ်..
နှစ်သာ ၁ဝစုနှစ်၃ခုလောက်ပြုတ်သွားတယ်..
တူတူပဲ..
အော်..
တိုးတက်နေပုံ.. :buu:
လူကလေး
March 4, 2013 at 5:51 pm
တိုးတက်ပုံများတော့ မပြောချင်ဘူး . သဂျီးရေ..
တိုးတက်ရတာ ပင်ပန်းလွန်းလို့ … တိုးကို မတက်ချင်တော့ဘူး .. ဘက်စ်ကားပေါ်ပြောတယ်ဗျ..
ညလေး
March 4, 2013 at 6:14 pm
အဟိ…..ကြုံတုန်းလေး…ကြွားလိုက်အုံးမယ်..အူးအူးလူလေးရယ်…..
တောသူမလေး တစ်ယောက် ရန်ကုန်ရောက်တဲ့ အဖြစ်လေးပါ..
ဗိုလ်ချုပ်ဈေးက အပြန် တော်ဝင်စင်တာ ကို လိုင်းကားမစီး တတ်လို.. ကားမှတ်တိုင်က လူတွေကို တစ်ယောက်ပီး တစ်ယောက်မေးရင်း… မှန်လောက်ပီ လို.ထင်မှ တက်မယ်ဆိုပီး လိုက်မေးတယ်…
ကားမှတ်တိုင်က လူတွေက ပြောပြရှာ ပါတယ်…တစ်ယောက်တစ်မျိုးပေါ့ အဖြေက တစ်ယောက်တစ်မျိုး…
စပယာ အားကိုးနဲ. တစ်ဖက် ကားမှတ်တိုင်က လူတွေရဲ့ အဖြေနဲ.တစ်ဖက်…တစ်ယောက်က အဓိပတိ စီးရင်တော်ဝင်စင်တာ ရောက်တယ် တဲ. ကျန်တဲ. နှစ်ယောက်ကတော့ မသိဝူး ညမရဲ.တဲ့….
အဲ့တာနဲ. လာပါပြီ အဓိပတိ အရောင်ရှိသေးတာ မသိဝူးးအဟိ….
စပရာက သူ.အလုပ်သူလုပ်နေတယ် အဲ့တာကို သွားမေးတယ် အကို ဒီကားကတော်ဝင်စင်တာကို ရောက်လားလို.. သူကဘာမှမဖြေခင် အပေါ်က နောက်စပယာ တစ်ယောက်က ဒီကိုလှမ်းအော် လိုက်တယ်…အိမ်ရောက်မှ အမျိုးစပ်ကြပါ ညမတိုရယ် တဲ့…
တစ်ခါမှ မကြားဖူးတော ့ စိတ်ဆိုးရမယ့် အဖြစ်ကို တခစ်ခစ်ရီရင်း တက်စီး လိုက်တယ် ဘုမသိ ဘမသိ…
တော်ဝင် စင်တာမရောက်ပဲ ယုဇန ပလာဇာရောက်သွားတယ်….ဆိုးလိုက်တဲ့ အဖြစ်….
း)))))
လူကလေး
March 5, 2013 at 10:41 am
ဆိုတော့ ယုဇနပလာဇာ မှာပဲ ဈေး ဝယ်ခဲ့ရတော့တာပေါ့..
ညလေး
March 5, 2013 at 6:01 pm
တော်ဝင်တော့ ရောက်ခဲ့ရပါတယ်…
200 ကုန်မယ့် အရေး 2200 ကုန်လိုက်ရတယ်…
း))))
လူကလေး
March 5, 2013 at 11:42 pm
အော် .. ဒါဆိုရင် …
တက်ဂဆီ ငှားလိုက်ရဒေးဒါကို ဆိုလိုဒါပေါ့နော် …
မသိလို့ မေးဒါဘာ ညလေးနော် … ဟီးဟီး ..
อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile
March 5, 2013 at 1:42 am
ကျုပ်တော့ဖြင့် ဟိုတစ်ခါရန်ကုန် ရောက်တုန်းဂမှ ရန်ကုန်မြို့ရဲ့တိုးတက်မှုလေးတွေကို
လိုက်လံလေ့လာလိုက်တာ…. တိုတက်ရင်း တိုးတက်ရင်းနဲ့ပဲ ဘယ်ရောက်လို့ ရောက်တွားမှန်းမတိဒေါ့ဘူး…
ဒါနဲ့ တက်ကက်စီ သမားကို ဘုန်းကြီးကျောင်း ပြန်လိုက်ပို့ခိုင်းရဒယ်……………..
လူကလေး
March 5, 2013 at 6:11 pm
ဘုန်းကြီးကျောင်းပြန်ရောက်တယ် ကြားရတာ ဝမ်းသာစရာ..
ဘယ်မှ ပြန်မရောက်မှ ခက်သားလား.. bile bile ရ..
MaMa
March 6, 2013 at 6:15 am
လူကလေးရဲ့ သရုပ်ဖော်ပန်းချီကားကို ကြည့်ပြီး စပယ်ယာတွေ တိုးတက်လာတယ်လို့ ပြောရမယ်။
သူတို့မှာလည်း သူတို့အလုပ်တွင်ကျယ်အောင် မဖြစ်မနေပြောရဆိုရတာကနေ အပြောဆိုးတယ်လို့ ဖြစ်လာရတယ်။
ခုတော့လည်း ဆရာတော်တွေ လူရွှင်တော်တွေရဲ့ ထိန်းကျောင်းပြုပြင်ရေးလမ်းကြောင်းမှာ ….
(ကောင်းကောင်းပြောတယ်နော်.. စပယ်ယာကိုလည်း ပြန်ကူညီကြပါဦး..)
ဆိုတဲ့ အသံလေးက ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြစ်စေတာမို့ တိုးတက်တယ်လို့ ပြောရမယ်။ :hee:
လူကလေး
March 6, 2013 at 11:49 am
အနည်းအကျဉ်းပါ..
တစ်ချို့ကတော့ ပြောနေဆိုနေကြတုန်းပါပဲ..သူတို့မထင်ရင် မထင်သလိုပေါ့..
ဒါနဲ့ star ၅ လုံးနဲ့လူကလေးက ဘူရေးရဲတိဘူး.. နာတော့ဟုတ်ဘူး .. ရွာထဲမှာ ဘာတွေဖြစ်နေပြီလဲ မတိ..
မဟာရာဇာ အံစာတုံး
March 6, 2013 at 12:47 pm
စတားက လေးလုံးထဲ ချိဒါဘာ ..
ဘယ့်နှယ်ဂျာ သူ့ဂျမှ ၅ လုံးဒဲ့ …
လူကလေး
March 6, 2013 at 1:47 pm
အော်.. ဒါဖြင့် လက်သည်က အံစာအတုံးပေါ့လေ.. ..
သများ ရဲ့ နာမည်ကို.. အဲလို ခွင့်ပြုချက်မရဘဲ သုံးတယ်ပေါ့လေ.. .. ဒီတစ်ခါတော့ ရှေ့ကကျေးဂျူး တွေကို ပြန်အောင်းမေ့လို့ .. ခွင့်လွှတ်တယ်.. ဟုတ်ပလား..
မျက်စိရှမ်းသွားလို့ ကြယ်၅လုံးဖြစ်သွားတယ်. ဒါပဲ. .