Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“အဲဒါ တို့မြန်မာ”

nicolus agralMarch 4, 20131min3674

အဋ္ဌကထာကျမ်းဂန်တွေမှာပါတဲ့ လေးကျွန်းတစ်မြင့်မိုရ် မေယု ဗဟိုရ် ယုဂန္ဓိုလ်တောင်ကြီးတွေ ဘယ်ဆီနေမှန်းမသိပေမယ့် ကမာ္ဘမြေပုံကြီးပေါ်က အကျယ်ပြန့်ဆုံး တစ်ဆက်တစ်စပ်တည်းရှိတဲ့ မြေပြင်ကြီးကတော့ အာရှ၊ ဥရောပ နဲ့ အာဖရိက ကုန်းမြေကြီးပါပဲ။ ကမာ္ဘကြီးရဲ့ ဗဟိုရ်ချက်မကို မြန်မာပညာရှိကြီး ဦးပေါ်ဦးက အမရပူရရွှေနန်းတော်တစ်နေရာကို လက်ညှိုးနဲ့ထောက်ပြပြီး “မယုံရင် တိုင်းကြည့်တော်မူပါဖျာ့။” လို့ သက်သေထူခဲ့ပေမယ့် သည်ကနေ့ခေတ်အခါမှာတော့ လုံးရာက ပြန်ပြားသွားရတဲ့ ကျုပ်တို့ကမာ္ဘကြီးဟာ မျောက်အမေကြီးကားတိုက်တဲ့ဆီမှာ ဗဟိုရ်ပြုနေသလိုလို ခံစားမိပါတယ်။ လွန်ခဲ့တဲ့ ထောင်စုနှစ်အတွင်းမှာဆိုရင်တော့ ဘက်ကင်ဟမ်နန်းတော်ကြီးမှာ ရှိသလိုလို ပြောကြမှာပေါ့။ ဘယ်သူဘာပြောပြော ကိုယ်ထင် ကုတင်ရွှေနန်းလို့ ဆိုကြသော်လည်းပဲ သူတို့ပြောစကားဆိုစကားတွေက မှတ်တမ်းမှတ်ရာအဖြစ်နဲ့ ကျန်ခဲ့လေတော့ လေထဲပြောပြီး လေတင်ပျောက်သွားတဲ့ ကိုယ်တွေပြောတဲ့စကားထက်စာရင် ပိုပြီး မှီငြမ်းကိုးကားစရာ ခိုင်လုံတဲ့ အထောက်အထားဖြစ်နေသယောင်ရှိတာပေါ့နော်။ အရင်တုန်းကလို တသီးတခြား တထီးတနန်းနေတာမျိုး မဟုတ်တော့ပဲ အရှေ့ရောအနောက်ပါ ဥဒဟို ကူးလူးဆက်ဆံလာတဲ့အခါကျတော့ တစ်ယောက်နဲ့တစ်ယောက် မှတ်မှတ်သားသား တလေးတစားရှိဖို့လည်း လိုလာပြန်တာပေါ့။ ဒါကြောင့်မို့ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့အခါမှာ မြန်မာဆိုတာ ဘယ်လိုလူစားမျိုးလဲဆိုတဲ့ National Identity တစ်ခု ပြတ်ပြတ်သားသား တည်ဆောက်ဖို့ အရေးကြီးလာပါတယ်။ နို့မို့ဆို တိုင်းမသိ ဗာရာဏသီ၊ မင်းမသိ ဗြဟ္မဒတ်နဲ့ ရမ်းတုပ်သွားတဲ့အခါ ကိုယ်တွေကို အာဖရိကအလယ်ခေါင်က နံငယ်ပိုင်းကလေးဝတ်ပြီး လှံတစ်ချောင်းနဲ့ ပြေးလွှားအမဲလိုက်နေသူတွေလို့ ထင်နေဦးမယ်။ သူတို့ဆီက ဟိုပေတံသည်ပေတံကြီးတွေနဲ့ ထုတ်ထုတ်တိုင်းကြတဲ့အခါလည်း ကိုယ့်တိုင်းပြည်နံမယ်က အဲသည်ဟာတွေကြားမှာ သိုးကာသီကာ ရောရောနှောနှော နဲ့ ဘိုးတော်ဘုရားရဲ့ ပိန်းကောလှေကြီးလို ကျွဲနိုင်နွားနိုင် နိုင်နေတာ မဟုတ်လား။ တိုင်းတပါးသားတွေက မြန်မာဆိုတာ ဘယ်လိုဟာမျိုးလဲ လို့ မေးလာခဲ့ရင် ဟိုပေါ့နော်။ ဘယ်လိုပြောရမလဲ။ အင်းပေါ့။ အဲလို ခွေးအလှည်းနင်း ဖြစ်မနေရအောင် လောလောဆယ်တော့ ကိုယ့်ဘာသာကိုယ်ပဲ ငါတို့မြန်မာတွေဟာ ဘယ်လိုလူစားမျိုးတွေလဲ လို့ သိနှင့်အောင် ပုံဖော်လိုက်ရပါတယ်။

အသားအရောင်ခွဲခြားတဲ့ အယူဝါဒမရှိတော့ပေမယ့် လူသားမျိုးနွယ်တွေကို သူတို့ရဲ့ အရေပြားပေါ်က အရောင်နဲ့ ရုပ်ဆင်းသွင်ပြင်အရ မတူကွဲပြားတာတွေကို သတိထားမိမယ်ဆိုရင် အဖြူရောင်လည်းမဟုတ်၊ အညိုရောင်လည်း မဟုတ်၊ မဖြူမညို ဝါကျန့်ကျန့်အသားအရေ ရှိတဲ့သူတွေဟာ အာရှတိုက်က လာပါတယ်။ အဲသည်အာရှတိုက်ကြီးထဲမှာ အရောင်သုံးမျိုးရှိတဲ့လူတွေက ပီဇာအကြီးကြီးတစ်ခုကို သုံးပိုင်းပိုင်းထားသလို အရှေ့ဘက်မှာ လူဝါတွေ၊ အနောက်ဘက်မှာ လူညိုတွေ၊ မြောက်ဘက်အရပ်မှာ လူဖြူတွေ နေကြတာပေါ့။ ကိုယ်တို့မြန်မာတွေဟာ အဲသည် လူဝါတွေထဲက မျိုးနွယ်တစ်ခုအနေနဲ့ ပါဝင်တယ်လေ။ ဒါဖြင့် အသားညိုတဲ့ အညာကလူတွေက မြန်မာမဟုတ်သလို

ဖြစ်နေဦးမယ်။ မြန်မာတွေဆီက ဂိတ်ဆုံးတဲ့ အညိုရောင်အသားအရေဟာ ကိုယ့်အနောက်ဘက်မှာရှိတဲ့ ညိုပြာညက်ကြီးတွေရဲ့ ဂိတ်စလောက်မှာရှိတယ်။ သူတို့ဆီက ဝင်းစက်စက်ကလေးတွေဟာလည်း ကိုယ့်လူမျိုးတွေ အသားလတ်လတ်နဲ့လို့ ပြောလို့ရရုံရှိတာ။ ဒါကြောင့် အသားအရောင်အပြင် အဆင်းသွင်ပြင်နဲ့ ထပ်ခွဲလို့ ရပြန်သေးတယ်။ သူတို့အနောက်နိုင်ငံကလူတွေကတော့ အာရီးယန်းနွယ်၊ မွန်ဂိုလွိုက်နွယ်၊ ကော့ကေးရှပ်အနွယ်ဆိုပြီး ခွဲခြားလိုက်တဲ့အခါ ကိုယ်တွေက မွန်ဂိုလွိုက်အနွယ်ထဲမှာပါတယ်။ မွန်ဂိုလွိုက်အနွယ်မှန်ရင် မွန်ဂိုနဲ့တူတဲ့ မျက်နှာပေါက်ရှိကြတာပေါ့ကွယ်။

ဒီလိုဆိုပြန်တော့ မြန်မာဆိုတာ တရုတ်ကဆင်းသက်သလား၊ တရုတ်လူမျိုးကွဲတစ်ခုလားလို့ ဆိုစရာရှိလာဦးမယ်။ ဒီလိုတော့ မဟုတ်ပါဘူး။ အစကတည်းက သူ့နေရာမှာ သူ့ဘာသူရှိခဲ့ပြီးသားပါ။ မြန်မာရှင်ဘုရင်တွေ အစဉ်အဆက် ကြုံးဝါးခဲ့သလို တို့ဗမာ သာကီမျိုး၊ တကောင်းအဘိရာဇာက လာပါတယ်ဆိုတာကလည်း မင်းဆက်နဲ့သာအကျုံးဝင်ပါတယ်။

မြန်မာပြည်သူတွေကတော့ အဲဒီမတိုင်ခင်ကတည်းက ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်မြစ်ဝှမ်းဒေသတွေကို အခြေချနှင့်ခဲ့ပြီးပြီတဲ့။ ဒီဟာတွေကို ခိုင်ခိုင်လုံလုံ ပြောနိုင်ဖို့အတွက် မြန်မာလူမျိုးတွေဆီမှာ ရာဇဝင်သမိုင်းကြောင်းဆိုတာလည်း ခိုင်ခိုင်မာမာရှိတဲ့အကြောင်း ကမာ္ဘကသိစေသင့်ပြီပေါ့။ ဒီကိစ္စ ပေါ့သေးသေးမှတ်လို့တော့ မရပါဘူး။ ဘာဖြစ်လို့ဆိုတော့ ငါ့စကားနွားရပြောနေသူတွေက များမှများပဲ မဟုတ်လား။ တရုတ်တွေက ရေးသားထားတာတွေ ဖတ်လိုက်ရတဲ့အခါ ဂျပန်ဆိုတာတောင် ပထမဧကရာဇ်ကြီးလက်ထက်က မသေဆေးရှာရင်း ပင်လယ်ထဲကိုရွက်လွှင့်သွားတဲ့ တရုတ်လူမျိုးတွေက ဆင်းသက်လာတယ်လို့ ဆိုတယ်။ အရှေ့ပင်လယ်နဂါးကြီးဆီက ရလာတဲ့ မသေဆေးဖိတ်ကျသွားတဲ့အတွက် ဘယ်တော့မှ မသေနိုင်တဲ့ ဖူဂျီယာမမီးတောင်ကြီး ပေါ်လာတယ် လို့ ပုံပြင်ကလေးတွေမှာ ပြောကြတယ်။ ကိုယ်တို့ မြန်မာတွေကိုတော့ ဘယ်တုန်းကမှ အဲသလို ပြောလို့ မရခဲ့ဘူး။ ပုဂံမင်းဆက်ပျက်ပြီးတဲ့နောက်ပိုင်းမှာ တရုတ်စစ်တပ်ကြီး မြန်မာပြည်ထဲကို ဝင်လာတယ်ဆိုပေမယ့် မြို့တည်နန်းတည် အခြေချနေထိုင်တာမျိုး မဟုတ်ပဲ လုယက်ဖျက်ဆီး အိမ်ပြန်သွားတဲ့သဘောပဲရှိတယ်။ သူတို့တရုတ်အချင်းချင်း မန်ချုးမင်းဆက်တွေ အုပ်ချုပ်သလို မအုပ်ချုပ်ခဲ့ဘူး။ ရှမ်းညီနောင်သုံးဦးလက်ထက်မှာ မြန်မာပြည်မှာ တရုတ်ဩဇာ မကျန်တော့သလောက်ဖြစ်နေပြီ။ ဘုရင့်နောင်လက်ထက်မှာ မြန်မာတွေက စစ်ဆောင်ပါးနားအရပ်ထိရောက်ခဲ့ပြီး ဆင်ဖြူရှင်လက်ထက်မှာတော့ မြန်မာတွေဘက်က တရုတ်စစ်တပ်ကြီးရဲ့ ကျူးကြော်မှုကို လက်ရုံးရည်နဲ့ရော နှလုံးရည်နဲ့ရော ကြံ့ကြံ့ခံတွန်းလှန်ခဲ့တယ်။ ဒီအဖြစ်အပျက်တွေအားလုံးဟာ မြန်မာတွေဘက်မှာရော တရုတ်တွေဘက်မှာပါ အထောက်အထား သမိုင်းမှတ်တမ်းတွေ ခိုင်ခိုင်မာမာကျန်ရစ်တယ်။ ဒါကြောင့် မြန်မာတွေရဲ့ National Identity ကို ညွှန်းတဲ့အခါမှာ မနေ့တနေ့ကမှ သူများလက်အောက်ကနေ နိုင်ငံသစ်ထူထောင်လိုက်တဲ့ မြေပုံအသစ်၊ အလံအသစ်၊ အစိုးရအသစ်ကလေး မဟုတ်ဘူး။ သမိုင်းတင်စကတည်းက ခေတ်အဆက်ဆက်ကို အများနည်းတူ ကျော်ဖြတ်လာခဲ့တဲ့ တစ်သီးတစ်ခြား နိုင်ငံငယ်တစ်ခုဖြစ်တယ်ဆိုတာ ပြောနိုင်ရမှာပေါ့။ ရာဇဝင် အထုပ္ပတ္တိလည်း ရှိရမယ် ဆိုတာ အဲဒါပြောတာ။ ဒီကနေ့အခါမှာ သူများတကာတွေ နိုင်ငံအသစ် အတင်းအဓမ္မထူထောင်ခွဲထွက်ချင်လို့ ဘယ်တုန်းကမှ မရှိခဲ့တဲ့ သမိုင်းကြောင်း အလိမ်အတုတွေကို ပြန့်နိုင်သမျှပြန့်အောင် ဝါဒဖြန့်ဖို့ ကြိုးစားနေတာကိုကြည့်ရင် ကိုယ်တို့ မြန်မာတွေ အနေနဲ့ ကိုယ်ပိုင်သမိုင်းအထောက်အထား အချက်အလက်တွေကို ဘယ်လောက် အမြတ်တနိုးကာကွယ် ထိန်းသိမ်းသင့်သလဲဆိုတာ သဘောပေါက်သင့်ပါပြီ။ သမိုင်းဆိုတာ ကုန်လွန်ခဲ့တဲ့ အဖြစ်အပျက်တွေကို မှတ်တမ်းတင်ထားတာဆိုပေမယ့် ပြီးဆုံးရပ်တန့်သွားတဲ့ ဖြစ်စဉ်တစ်ခုလည်း မဟုတ်ပါဘူး။ ဒီကနေ့ဖြစ်ရပ်တွေကလည်း နောင်တစ်ချိန်မှာ သမိုင်းဝင်သွားဦးမှာ မဟုတ်လား။ ဒါတွေဟာ မှတ်တမ်းမှတ်ရာအဖြစ်နဲ့ ကျန်ရစ်ဖို့ အရေးကြီးတာပေါ့။ သိမှီသူတွေ ဘယ်သူမှ မရှိတော့တဲ့အခါ အဲဒီမှတ်တမ်းတွေက ပြန်ခြေရာကောက်ရတယ်လေ။ မှတ်တမ်းမရှိရင် နိုင်နေလျက်နဲ့လည်း ရှုံးတတ်တယ်။ ဥပမာတစ်ခုပေးရရင် အင်းဝနဲ့ဟံသာဝတီ နှစ်လေးဆယ်စစ်ဖြစ်တဲ့အခါ တကယ်စစ်တိုက်နေတဲ့အချိန်တုန်းက အင်းဝဘက်က အလေးသာကောင်း သာမယ်ဖြစ်သော်လည်းပဲ သည်ကနေ့ခေတ်အခါမှာတော့ ဗညားဒလကြီးရဲ့ ရာဇာဓိရာဇ်အရေးတော်ပုံက အသက်ဝင်လွန်းလို့ မွန်သူရဲကောင်းဇာတ်လိုက်တွေသာ မြန်မာတို့ရဲ့ နှလုံးအိမ်ထဲမှာ ကျန်ရစ်လေတယ်။ ခုလို ခဏခဏ ငြိမ်းချမ်းရေး ညှိနှိုင်းနေကြတဲ့အချိန်မျိုးဆိုရင် လဂွန်းအိမ်ပြောခဲ့တဲ့ “ဟယ် သတိုးအရူး။ စစ်အတွင်း၌ ပြူသောသစ္စာ မှန်သည်ဟု ရှိဖူးသလော။” ဆိုတဲ့စကား နားထဲကကို မထွက်ဘူး။ ပြောချင်တာက မြန်မာရယ်လို့ ထည်ထည်ဝါဝါ ရပ်တည်နိုင်ဖို့ရာ ကုန်လွန်ခဲ့တဲ့ သမိုင်းဖြစ်ရပ်တွေကိုလည်း မေ့ မပစ်လိုက်နဲ့ဦး။ နောင်မှတ်တမ်းဝင်သွားမယ့် မော်ကွန်းတင်စရာ

ဖြစ်ရပ်တွေကိုလည်း ကျော်မကောင်းကြားမကောင်း မဖြစ်စေနဲ့ဦး လို့ ဆိုချင်တာပါ။ ရာဇဝင်မရိုင်းစေနဲ့ လို့ ပြောတာပေါ့။ လူတစ်ဦးတစ်ယောက်အနေနဲ့ သည်လူ ဘယ်တုန်းက ဘာဆိုတာ သတ်သတ်မှတ်မှတ်ရှိသလိုပဲ ကိုယ်တို့ မြန်မာဆိုတာလည်း ရှေးပဝေသဏီကတည်းက ရှိနှင့်တယ်ဆိုတာကလေးကို မြန်မာတွေကိုယ်တိုင်က ခိုင်ခိုင်မာမာ သိထားဖို့လိုတယ်။ ခွေးတိုးဝက်ဝင် အုတ်ကြားမြက်ပေါက် မဟုတ်ဘူး လို့ ကိုယ့်ဘာသာသိထားတော့ တိုင်းတပါးသားနဲ့ ဆက်ဆံတဲ့အခါ အငုံ့စိတ်နဲ့ အောက်ကျသိမ်ငယ်တာတွေ ရှိမနေတော့ဘူး။

ကမာ္ဘ့အလယ်မှာ လူမျိုးတစ်မျိုးအနေနဲ့ တသီးတသန့်ရပ်တည်နိုင်ဖို့ရာ မရှိမဖြစ်လိုအပ်တဲ့

နောက်ထပ်အရည်အသွေးတစ်ခုကတော့ ကိုယ်ပိုင်ဘာသာစကား၊ စာပေ နဲ့ ယဉ်ကျေးမှုပဲ ဖြစ်ပါတယ်။ တရုတ်တွေဟာ ဂျပန်တွေကို ပထမဧကရာဇ်ကြီးရဲ့ ကျေးမျိုးကျွန်နွယ်တွေပါလို့ သေးသေးတင်လိုက်သလို ဗီယက်နမ်တွေကိုကျပြန်တော့လည်း ဧကရာဇ်ကြီးက သူ့နိုင်ငံထဲမှာ မမြင်ချင်မကြည့်ချင်တော့လို့ မောင်းထုတ်လိုက်တဲ့ အခြေအနေမဲ့ သူဆင်းရဲတွေက ဆင်းသက်လာပါတယ် လို့ လုံးကြီးတင်ကြပြန်တယ်။ သက်သေအဖြစ်ကတော့ ဗီယက်နမ်တွေရဲ့ စာပေ ဘာသာစကား အားလုံးဟာ တရုတ်ဘာသာစာပေကို အခြေခံတယ်။ ဗီယက်နမ်လို့ စာလုံးပေါင်းတဲ့ ဗီယက်ဆိုတဲ့စာလုံးနဲ့ နမ်ဆိုတဲ့စာလုံးကအစ တရုတ်စာလုံးတွေဖြစ်တယ်။ တရုတ်စာတတ်တဲ့သူတစ်ယောက်အဖို့ ဗီယက်နမ်စကားတတ်ဖို့ အင်မတန်လွယ်တယ်လို့ ရေးထားတာ ဖတ်လိုက်ရပါတယ်။ တကယ်တော့ နိုင်ငံရှိတိုင်း၊ လူမျိုးရှိတိုင်းတောင်မှ ကိုယ်ပိုင်အက္ခရာ ဘာသာစကားမရှိတာတွေ ပေါလွန်းလို့။ အမေရိကန်ကြီးတောင် ထိပ်ဆုံးက ပါတယ် မဟုတ်ဘူးလား။ သူလည်းပဲ အေဘီစီဒီနဲ့ပဲ ရေးရတယ်လေ။ ကိုယ်တို့မြန်မာတွေမှာရှိတဲ့ ကကြီးခကွေး အက္ခရာတွေဟာ တခြား ဘယ်လူမျိုးမှာမှ ဆင်တူရိုးမှား မရှိဘူး။ တရုတ်စာတွေနဲ့ ဆက်စပ်လို့မရသလို ဟင်ဒီ၊ အူရဒူ၊ အာရဗီဘာသာတွေနဲ့လည်း မပတ်သက်ဘူး။ အဲဒါ ဘာကိုပြသလဲဆိုတော့ မြန်မာလူမျိုးတွေဟာ ကမာ္ဘပေါ်မှာ ဘာသာစကား စာပေအရေးအသားတွေ စတင်ပေါ်ပေါက်လာကတည်းက ဘယ်သူ့လက်အောက်ခံမှ မဟုတ်ခဲ့ပဲ တသီးတခြား ဖွံ့ဖြိုးလာခဲ့ကြတဲ့ လူမျိုးတွေ ဖြစ်တယ် လို့ ပြောတာ။ မာယာတွေမှာမှ ပြက္ခဒိန်ရှိတာ မဟုတ်ဘူး။ ကိုယ်တို့ မြန်မာတွေမှာလည်း ကိုယ်ပိုင် ပြက္ခဒိန်ရှိတယ်။ သူတို့လိုမျိုး ကမာ္ဘကြီးမဆုံးခင် ပြက္ခဒိန်ကြီး ကုန်သွားတာမျိုးတောင် မဟုတ်ဘူး။ ဒါကြောင့် ကိုယ့်မြန်မာလူမျိုးတွေဟာ ကိုယ့်တိုင်းကိုယ့်ပြည်က မြန်မာဘာသာစကားကို ပေါ့ပေါ့တန်တန် သဘောထားလို့ မရဘူး။ သူများနဲ့ ဆက်သွယ်ဖို့ တိုင်းတပါးဘာသာစကား လေ့လာတာကတပိုင်း၊ ကိုယ်ပိုင်စာပေ ဘာသာစကားကို တလေးတစား ထိန်းသိမ်းဆက်ခံတာက တစ်ပိုင်းပဲ။ အင်္ဂလိပ်လိုမွှတ်နေပေမယ့် ကိုယ့်မြန်မာဘာသာစကားကျတော့ အမြီးအမောက်တည့်အောင် မပြောနိုင်ဘူးဆိုရင် ရှက်စရာကောင်းပါတယ်။ အထူးသဖြင့်တော့ တိုင်းတပါးမှာ လှုပ်ရှားရုန်းကန်နေကြရတဲ့ မြန်မာလူမျိုးမိဘနှစ်ပါးရဲ့ ရင်သွေးကလေးတွေ မြန်မာစာကို အရေးအဖတ်အပြော လေ့ကျင့်သင်ကြားပေးဖို့ အရေးမကြီးဘူးလို့ထင်ရင် မှားပါလိမ့်မယ်။ တရုတ်နယ်စပ်ကဂိတ်တွေမှာ မှတ်ပုံတင်မစစ်ပဲ တရုတ်လား မြန်မာလားခွဲခြားတဲ့ အလွယ်ဆုံးနည်းကတော့ စကားပြောကြည့်တာပါပဲ။ အဲသလိုပဲ ဘယ်ကရလာမှန်းမသိတဲ့ ထောက်ခံစာကြီးကိုင်ဆောင်ထားသော်ငြား မြန်မာစကား နားကန်းတစ်လုံးမှ နားမလည် ပြန်မပြောတတ်တဲ့ ရာကွတ် မာမွတ် အီစွတ်တို့ကို ပြည်တွင်းနေမွတ်စလင်များ အဖြစ် လက်ခံပေးဖို့ဆိုတာ ခက်တယ် မဟုတ်ဘူးလား။ တကယ်သာ ပြည်တွင်းမှာ အဲဒီအရွယ်ရောက်အောင် နေလာခဲ့ရင် ဟင့်အင်း နဲ့ အေးပါ လောက်တော့ နားလည်သင့်တာပေါ့။ ချော်တောငေါ့ကုန်ပြန်ပါပြီ။ တခြားဘာသာစကား ဘယ်နှစ်မျိုးပဲ ပြောတတ်ပြောတတ်၊ မိခင်ဘာသာစကား Mother tongue မရှိရင် လူမျိုးပျောက်နေသလို ဖြစ်တယ်လို့ ဆိုချင်တာပါ။ My son ရေ။ Daddy ့ ကို A glass of water ယူခဲ့ပါ။ လို့ ပြောတဲ့စကားမျိုးကို အကျင့်မလုပ်စေချင်ပါဘူး။

ယဉ်ကျေးမှုအနေနဲ့ ပြောရမယ်ဆိုရင်တော့ သည့်ထက်အများကြီး ကျယ်ပြန့်ပါတယ်။ လူဦးရေ သန်းပေါင်းထောင်ချီတဲ့ အင်အားကြီးနိုင်ငံနှစ်ခုအလယ်မှာ ရောနှောပျောက်ကွယ်မသွားပဲ ခိုင်ခိုင်မာမာရပ်တည်နိုင်ဖို့ မြန်မာတို့ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုအင်အားဟာ ဘယ်လောက်ခုခံအားနဲ့ နေရမလဲဆိုတာ တွေးကြည့်ရင်တော်တော်အံ့ဩဖို

့ကောင်းပါလိမ့်မယ်။ ဒီအရာတွေဟာ တစ်နှစ်နှစ်နှစ်နဲ့လည်း တည်ဆောက်ယူလို့မရဘူး။ နှစ်ပေါင်းတစ်ရာနှစ်ရာနဲ့လည်း ဖန်တီးယူလို့မရဘူး။ ဘိုးစဉ်ဘောင်ဆက် အစဉ်တစိုက် လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့တာတွေဖြစ်တယ်။

ပျောက်ပျက်ချင်လာရင်တော့ နှစ်အနည်းငယ်အတွင်းမှာတင် မှိန်ဖျော့ပျောက်ကွယ် သွားတတ်တဲ့အရာမျိုးပါ။ ဥပမာပြရရင်တော့ ရုပ်သေးအတတ်တို့၊ စောင်းအတတ်တို့လို မြန်မာ့သုခုမ အနုပညာအမွေအနှစ်တွေဟာ မကြာခင်မှာကို ပျောက်ကွယ်ကုန်တော့မှာ မြင်ယောင်နေပါပြီ။ တန်ဖိုးထား အဖတ်ဆည်ရကောင်းမှန်းကို မသိတော့တဲ့အခါ ခေတ်ရေစီးကြောင်းထဲမှာ ဒိုက်သရောတွေမျောသလို မျောပါကုန်တော့မှာပဲ။ သူများက ဝကဝကလုပ်ရင် ကိုယ်လည်းချက်ချင်းထ ဝကဝက လုပ်နိုင်တဲ့အချိန်၊ သူများ ဂဏန်းစတိုင်ကရင် ကိုယ်လည်း မိနစ်မဆိုင်း ဂဏန်းကကပြလို့ရတဲ့ခေတ်ကြီးမှာ ကိုယ့်အိမ်ကရွှေခွက်ကြီးကို သူများဆီက ရွဲလုံးတွေနဲ့ လဲတဲ့ မြေးအဖွားဘဝကို ရောက်ကုန်တာပေါ့။ အရေးရယ်အကြောင်းရယ်မို့ မင်းတို့ မြန်မာယဉ်ကျေးမှုအနုပညာဆိုတာ ဘယ်လိုဟာမျိုးလဲလို့ အပြခိုင်းလို့ရှိရင် အဲဒါကြီးတွေထလုပ်ပြလို့ကတော့ အဟားခံရမှာပဲ။ ခေတ်ကိုအမီလိုက်တာကတစ်ပိုင်း၊ ရိုးရာကို မပျောက်မပျက်အောင် ထိန်းသိမ်းတာကတစ်ပိုင်း၊ ဘယ်ဟာမှ လစ်ဟင်းလို့ မဖြစ်ပါဘူး။

ဘာသာစာပေ ယဉ်ကျေးမှုကို အမျိုးသားရေးလက္ခဏာအဖြစ် ခွဲခွဲခြားခြား ထိန်းသိမ်းသင့်ပေမယ့် ကိုးကွယ်ရာဘာသာယုံကြည်မှုတစ်ခုကိုတော့ အဲသလိုခွဲခြားစရာ အရာတစ်ခုအဖြစ် သတ်မှတ်လို့ မရပါဘူး။ ပြဿနာအကြီးကြီးတွေက အဲသည်ကနေ အခြေခံလာတာကိုး။ မြန်မာမှန်ရင် ဗုဒ္ဓဘာသာကိုသာ ကိုးကွယ်ရမည် ဆိုတဲ့အာဏာစက်ကိုသုံးပြီး သာသနာပြန့်ပွားအောင်လုပ်ခဲ့တဲ့ ဖြစ်ရပ်မျိုး ရာဇဝင်သမိုင်းထဲမှာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ယုံမှကိုးကွယ်။ မယုံရင် မကိုးကွယ်နဲ့။ သို့သော်လည်းပဲ ဘာသာခြားမင်းများလက်ထက်မှာ ဗုဒ္ဓဘာသာရဟန်းတော်တွေကို အစုလိုက်အပြုံလိုက်၊ သတ်ဖြတ်သုတ်သင်တဲ့ လုပ်ရပ်မျိုးကတော့ မြန်မာ့မြေပေါ်မှာ ဘယ်တုန်းကမှ လက်မခံခဲ့ပါဘူး။ (သိုဟန်ဘွား နဲ့ မင်းကြီးရန်နောင် ကိစ္စကို ပြောချင်တာပါ)။ အိနိ္ဒယမှာတော့ မထူးဆန်းခဲ့လို့ သူတို့ဆီမှာ သာသနာကွယ်သွားတာပေါ့။ ဒါပေမယ့် သူတို့အိန္ဒိယမှာတောင်မှပဲ အိန္ဒိယတိုင်းရင်းသားတွေကို ကိုးကွယ်ယုံကြည်မှုအရ ဟိန္ဒူတစ်ပိုင်း မူဆလင်တစ်ပိုင်း ခွဲခြားပလိုက်လို့ လုံးဝမဖြစ်နိုင်ပါဘူး ဆိုတာ နေရူးကြီးတို့ ဂန္ဒီကြီးတို့ တဖွဖွ ပြောခဲ့သလို သည်ကနေ့အထိလည်း သောက်သောက်လဲ သွေးထွက်အောင် မှန်နေတုန်းပဲ။ ဒါကြောင့် ဦးနုခေတ်တုန်းက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်ထားမယ်ဆိုတဲ့ကိစ္စက ပြဿနာတွေ အများကြီးပေါ်လာခဲ့ပါသတဲ့။ ဆိုလိုချင်တာက မြန်မာလူမျိုးတစ်ယောက်ဆိုတာ ဘယ်ဘာသာ ကိုးကွယ်ရမယ်လို့ သတ်မှတ်မထားပါဘူး။ သူယုံကြည်ရာ ကိုးကွယ်နိုင်ပါတယ်။ သို့သော် သူမယုံကြည်ရာကိုလည်း ဘာအကြောင်းပြချက်နဲ့မှ အတင်းအကြပ် ကူးပြောင်း ကိုးကွယ်ခိုင်းလို့မရပါဘူး။ မြန်မာရာဇဝင်မှာ ပြင်သစ်က ကက်သရင်း ဒမယ်ဒီဆီရဲ့ စိန့်ဘာသိုလိုမျူး ညချမ်းလို သာသနာပြုပွဲမျိုး ဘယ်တုန်းကမှ မရှိခဲ့သလို ဘယ်တော့မှလည်း ရှိမလာအောင် ဘာသာရေးကို အမျိုးသားရေးလက္ခဏာနဲ့ မရောထွေးပဲ သီးသန့်ထားပါတယ်။

တဆက်တည်းမှာပဲ မြန်မာလို့ ပြောလိုက်ရင် မြန်မာတွေကိုပဲဆိုလိုတာလား။ တိုင်းရင်းသားတွေ မပါဘူးလား။ တိုင်းရင်းသား လို့ ဆိုလိုက်ရင်ကော မြန်မာတွေ မပါကြတော့ဘူးလား။ လို့ ဝေါဟာရပိုင်းအရ အငြင်းပွားစဖွယ် ဖြစ်လာပါတယ်။ အမှန်ကတော့ မြန်မာ လို့ဆိုလိုက်ရင် ပြည်ထောင်စုတိုင်းရင်းသား အားလုံးမှီတင်းနေထိုင်ရာ မြန်မာနိုင်ငံသားလို့ ဆိုလိုတာဖြစ်ပြီး အဲဒီတိုင်းရင်းသားတွေထဲက အဓိကလူများစုဖြစ်တဲ့ တိုင်းရင်းသားမျိုးနွယ်စုကြီးကို ဗမာ လို့ခေါ်တယ်လို့ ဦးနေဝင်းခေတ်တုန်းက ပညာရေးမှာ သင်ရကြားရခဲ့ဖူးပါတယ်။ သို့သော်လည်း လူမျိုးခြားတွေက ကိုယ့်ကို ခေါ်တွင်တဲ့အခါမှာတော့ သူတို့ဘာသာနဲ့ ဘားမား လို့ ခေါ်ကြတာကိုအစွဲပြုပြီး ဗမာတွေက လူမျိုးကြီးဝါဒနဲ့ တိုင်းရင်းသားတွေအပေါ် နေရာမပေးပဲ လက်ဝါးကြီးအုပ် ဂုတ်သွေးစုပ်နေသယောင် စိတ်ဝမ်းကွဲပြားကုန်ပါတယ်။ ကိုယ်စီကိုယ်စီ ခံစားခဲ့ရတဲ့ အကျိတ်အခဲတွေ ရှိခဲ့တဲ့အခါမှာလည်း အဲဒီကိစ္စက ဖွင့်ဟငြင်းခုန်မနေတာတောင် စိတ်ထဲမှာ လိပ်ခဲတည်းလည်း အမျှင်မပြတ်ရှိနေပါလိမ့်မယ်။ အမှန်မှာတော့ မြန်မာတွေဘက်မှာ တိုင်းရင်းသားတွေအပေါ် တန်းတူမဟုတ်ပဲ တဆင့်နှိမ့်ချဆက်ဆံတဲ့ စိတ်ဓါတ်အခြေခံမျိုး ရှိနေတယ်လို့ စွပ်စွဲလာရင် ပြတ်ပြတ်သားသား ငြင်းပါတယ်။ လူပေါ်လူညွန့်ခူးစားသွားတဲ့ အတ္တဝါဒီ မြန်မာခေါင်းဆောင်တွေ ရှိခဲ့တာ မငြင်းပါဘူး။ ဒါပေမယ့် အဲဒီလူတွေက တိုင်းရင်းသားတွေကိုမှ ဂုတ်သွေးစုတ်ပြီး ရက်ရက်စက်စက် နှိပ်ကွပ်သွားတာ မဟုတ်ပါဘူး။ သူတို့ စည်းစိမ်အာဏာ တည်မြဲဖို့အတွက်ဆိုရင် မြန်မာသော တိုင်းရင်းသားသော မပြောပါနဲ့ ညီရင်းအကို အမိအဘကိုတောင် ချမ်းသာမပေးပဲ ကွပ်မျက်ခဲ့ကြတာမို့ လူနဲ့သာဆိုင်ပါလိမ့်မယ်။ လူမျိုးရေးနဲ့တော့ ဆိုင်မယ် မထင်ပါဘူး။ ဒါကြောင့် ဘယ်သူက ငါတို့ကိုနှိပ်စက်တယ်လို့ပဲ မြင်ပြီး မြန်မာက တိုင်းရင်းသားတွေအပေါ် နှိပ်ကွပ်တာ လို့ သဘောမထားရင် ကိုယ်ချင်းကိုယ်ချင်း ပိုအစေးကပ်လာမှာ အမှန်ပါပဲ။

အရင်ရေးခဲ့တဲ့စာတွေတုန်းကတော့ ပဏ္ဍိတ်ကြီး နေရူးပြောခဲ့တဲ့ အမျိုးသားရေးလက္ခဏာဆိုတဲ့ စကားလုံးကို သူပေးခဲ့တဲ့ ဥပမာအတိုင်း ရှင်းပြခဲ့ဖူးပါတယ်။ မြောက်ဘက်အဖျား ပန်ဂျပ်ပြည်နယ်မှာရှိတဲ့ ထောင်ထောင်မောင်းမောင်း ဆစ်ခ်အမျိုးသားကြီးပဲဖြစ်ဖြစ်၊ တောင်ဘက်အစွန်း သီရိလင်္ကာအနားက အရပ်ပုပု ဆံပင်လိန်ကောက်ကောက်နဲ့ တမီလ်အမျိုးသားကလေးပဲဖြစ်ဖြစ် ဘယ်လိုပင် ဆန့်ကျင်ကွဲပြားသော်ငြားလည်း အိန္ဒိယတိုင်းသားတို့ရဲ့ ယေဘုယျလက္ခဏာကတော့ နှစ်ဦးစလုံးဆီမှာ အထင်းသားတွေ့မြင်နိုင်သလို ကမာ္ဘအနှံ့အပြား ဘယ်အရပ်ဒေသမှာပဲဖြစ်ဖြစ် အိန္ဒိယအနွယ်မှန်ရင် အဲဒီဘုံစရိုက်လက္ခဏာက ပျောက်ပျက်သွားရိုးထုံးစံ မရှိပါဘူးတဲ့။ သူပြောတာ ဗူးလုံးနားမထွင်းနဲ့မို့ အလွယ်တကူ သဘောမပေါက်ဘူးဆိုရင် အနည်းငယ်ရင့်သီးမယ့်စကား (အမှန်မှာတော့ နှိမ့်ချပြောဆိုတဲ့ သဘောမပါပါဘူး) နဲ့ ထပ်ရှင်းပြလိုက်ရင် ကွက်ကွက်ကွင်းကွင်း မြင်သာလာပါလိမ့်မယ်။ ကျွန်တော်တို့မျက်စိထဲမှာ ကုလားကြီးတွေ ကုလားမကြီးတွေလို့ တစ်မျိုးတည်းမြင်နေရတဲ့ အိန္ဒိယတိုင်းရင်းသားတွေမှာ မတူကွဲပြားခြားနားတဲ့ အမျိုးအနွယ် ရာနဲ့ချီပြီးတော့ ရှိပါတယ်။ သူတို့အချင်းချင်း ဘာသာစကား၊ ဓလေ့ထုံးစံ ယဉ်ကျေးမှုချင်း ဘာမှ မဆိုင်ပါဘူး။ ကြက်သားခါးပတ်ကင်တာတောင်မှ မီနူးစာအုပ်ကြီးတစ်အုပ် သတ်သတ်ထွက်လာတဲ့အထိ တစ်မျိုးတစ်ဘာသာစီ ခြားနားပါတယ်။ အရောင်ချင်း အနံ့ချင်း အရသာချင်း မတူပါဘူး။ ကြက်သားကို မီးနဲ့ကင်တာတစ်ခုပဲ တူပါတယ်။ ဆိုလိုချင်တာက တိုင်းရင်းသားလို့ ဆိုလိုက်ရင် မတူကွဲပြားခြားနားတာတွေ ရှိကောင်းရှိမယ်။ ဒါပေမယ့် ဘုံစရိုက်လက္ခဏာတစ်ခုကတော့ အားလုံးကိုယ်စီမှာ တွေ့နိုင်တယ် ဆိုတာမျိုးပါ။ ဘာဖြစ်လို့ အဲဒီဘုံစရိုက်လက္ခဏာတစ်ခု ပေါ်လာရသလဲဆိုတော့ ကာလရှည်ကြာစွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြတဲ့အတွက် ဖြစ်ပါတယ်။ နေ့ချင်းညချင်း ခေါင်းမြီးခြုံလိုက်ရုံနဲ့ ဂဠုန်ဖြစ်သွားတဲ့ အမျိုး မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ မြန်မာတွေရဲ့ National Identity လို့ ဆိုလိုက်ရင်လည်း တိုင်းရင်းသားတွေက ဘာဖြစ်လို့ မပါရမှာလဲ။ အတူတူပဲလေ။ သူတို့မှာလည်း မြန်မာလူမျိုးတွေမှာရှိတဲ့ စရိုက်လက္ခဏာတွေ မရှိဘူးလို့ ဘယ်သူမှ မငြင်းနိုင်ဘူး။ ဘယ်လောက်ဝေးလံခေါင်ဖျားတဲ့ အရပ်ဒေသက တိုင်းရင်းသားပဲဖြစ်ဖြစ် မြန်မာလိုပြောဖို့ သင်ယူရတယ်ဆိုတာ မရှိဘူး။ လေယူလေသိမ်းကလေး ကျက်မိအောင် စောင့်လိုက်ရင် နားလည်သွားတယ်။ ထမင်း နဲ့ ဟင်းနဲ့စားတယ်။ အဝတ်နှစ်ပိုင်းဆင်တယ်။ နေပုံထိုင်ပုံ စိတ်ကူးစိတ်သန်း အကုန်အတူတူပဲ။ သူတို့ကိုကြည့်လိုက်ရင် ဖြူဝါဝါရှိတိုင်း တရုတ်တွေနဲ့မတူသလို ညိုညက်ညက်ကလေးတွေမို့လည်း ကုလားတွေနဲ့ မတူပါဘူး။ မြန်မာတွေနဲ့ပဲ တူတယ်။

ဒီအခါမှာ ကိုယ်ချင်းကိုယ်ချင်း အစေးကပ်ဖို့ ပြည်ထောင်စုစိတ်ဓါတ်ဆိုတာကလေးကို နည်းနည်းရှင်းပြရပါဦးမယ်။ ဥပမာဆိုကြပါစို့ဗျာ။ ကျွန်တော်တို့ခန္ဒာကိုယ်တွင်းမှာ ပြင်ပကရောဂါပိုးမွှားများ ဝင်ရောက်လာရင် ကာကွယ်ဖို့ ခုခံအားစံနစ် (Immune System) ဆိုတာကြီး ရှိတယ်။ သူ့ရဲ့တာဝန်က မိမိခန္ဒာကိုယ်ကြီးကို ကာကွယ်ဖို့။ သူ့ဆီမှာတပ်ဆင်ထားတာက ဝင်လာတဲ့ ရောဂါပိုးမွှားတွေကို သုတ်သင်ဖို့ ထိရောက်ထက်မြက်တဲ့ လက်နက်မျိုးစုံရှိတယ်။ အရေးကြီးတာ ဘယ်ဟာက ရန်သူ၊ ကိုယ့်ကို အန္တရာယ်ပြုမယ့်သူလို့ သိရမှာဖြစ်ပြီး ဘယ်အရာတွေကတော့ ကိုယ့်ခန္ဒာကိုယ်ထဲက အတူတူ ဖြစ်တည်လာခဲ့တဲ့ တစ်သျှူးတွေ၊ သူတို့ကို ခွင့်လွှတ်လက်ခံပေးရမယ်ဆိုတာကို ပြတ်ပြတ်သားသား သိရတယ်ဗျ။ ရန်သူကို မဖယ်ရှားနိုင်ခဲ့ရင် ရောဂါရသလိုပဲ ကိုယ့်ခန္ဒာကိုယ်က တစ်သျှူးတွေကို ဖျက်ဆီးမိပြန်ရင်လည်း ဒုက္ခဖြစ်တယ်။ တိုင်းရင်းသားအရေးတွေမှာလည်း ဒီသဘောကို နားလည်ထားဖို့လိုပါတယ်။ ဘယ်သူက ကိုယ်နဲ့ သမိုင်းစဉ်တလျှောက်လုံးအတူတကွ ဖြစ်တည်လာခဲ့ကြတဲ့ တိုင်းရင်းသား အစစ်ဖြစ်တယ် ဆိုတာကသာ အရေးကြီးပါတယ်။ ဒါကြောင့်မို့ ပြည်တွင်းပြည်ပ အမှောင့်ပယောဂတွေက မူဆလင်ညီနောင်အချင်းချင်း သွေးစည်းကြပါစို့ လို့ပြောပြီး ကိုယ့်တိုင်းရင်းသားအချင်းချင်း အိုးမည်းသုတ်ပြီးခွပ်ခိုင်းတဲ့အခါ ဘယ်ဟာက ကိုယ့်သွေးသားအစစ်လဲဆိုတာ ပြန်စဉ်းစားဖို့ ကောင်းပါတယ်။ နှစ်ဘက်စလုံးက စဉ်းစားရမယ် လို့ ပြောတာနော်။ ကိုယ့်ဘက်ကလည်း ဒီဘာသာခြားတွေကို ခြေမှုန်းရမယ်ဆိုပြီး ကိုယ့်တိုင်းရင်းသားချင်း အရမ်းကာရော နှိမ်နှင်းနေလို့လည်း မဖြစ်ဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ သေသေချာချာ ပြန်မေးကြည့်ပါ။ ကိုယ်ကမြန်မာတိုင်းရင်းသားလား။ မြန်မာတွေနဲ့ နှစ်ပေါင်းများစွာ ဘိုးစဉ်ဘောင်ဆက် အတူတူ နေထိုင်လာခဲ့ကြပြီ မဟုတ်လား။ အခု ဘင်္ဂါလီအရေးမှာ ဘာသာတူ ညီနောင်သားချင်းတွေမို့ သူတို့ဘက်ကလိုက်ပြီး တိုက်ပွဲဝင်မယ်လို့ စဉ်းစားထားရင် ကိုယ့်ဘိုးဘွားတွေ နေထိုင်ခေါင်းချရာ ပိုင်နက်နိုင်ငံကြီးကနေ ဖဲ့ပေးလိုက်ဖို့ တကယ် စေတနာရှိနေသလား။ ခဏတဖြုတ် တည်းခိုခွင့်ပေးတဲ့ ကိစ္စ မဟုတ်ဘူးနော်။ တကယ်တော့ အကြောင်းကြောင်းကြောင့် ဝိနည်းလွတ်ခေါင်းစဉ်တပ်ပြီး ပြည်တွင်းနေ ပြည်တွင်းနေ လို့ ဘာသာကိုအစွဲပြု အခေါ်ခံနေရတာတောင် လွန်လှပြီ။ ဘယ်ဘာသာကိုးကွယ်တာပဲ ဖြစ်ဖြစ် မြန်မာဆိုရင် မြန်မာပဲ မဟုတ်ဘူးလား။ တိုင်းရင်းသားပဲ မဟုတ်ဘူးလား။ ဒီလိုဆိုရင်လည်း တိုင်းတပါးသားဘက်က စစ်တိုက်ပေးဦးမလို့လား။ ဒီပြဿနာရဲ့အဖြေအတွက် National Identity ဆိုတာကို ခိုင်ခိုင်မာမာ တည်ဆောက်ဖို့ အရေးကြီးတယ် လို့ ပြောချင်တာပါ။ အဲဒီ Identityကြီးထဲမှာ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားပေါင်းစုံ ပါပါတယ်။

တော်တော်လေးကို ဖွရာဆွရာရောက်တဲ့ ဒီခေါင်းစဉ်အကြောင်းအရာတစ်ရပ်ကို တစုံတယောက်က အစဆွဲထုတ်သွားတဲ့အခါ ကိုယ်လည်းပဲ တတ်သမျှ မှတ်သမျှ တွေးတောဆင်ခြင်ကြည့်မိပါတယ်။ ကိုယ့်ရဲ့အမြင်ကတော့ နိုင်ငံရေးကျွမ်းကျင်သူ၊ သမိုင်းပညာရပ်ကျွမ်းကျင်သူ၊ အကုန်သိ ဘုမ္မိ၊ အကုန်ပါ မုန်လာတစ်ယောက်ရဲ့ အမြင် မဟုတ်ပါဘူး။ ရာစုနှစ်တစ်ဝက်နီးနီး မြန်မာ့မြေပေါ်မှာ နေထိုင်ကြီးပြင်းခဲ့ပြီး၊ မြန်မာ့မြေမှတပါး တခြားဘယ်အရပ်ကိုမှ ကျင်လည်ကျက်စားခြင်းမရှိခဲ့တဲ့ (ဘူတန်နှစ်နှစ်ကို နှုတ်လိုက်တယ်ဗျာ) မြန်မာလူမျိုးစစ်စစ် တစ်ယောက်ရဲ့ အမြင်ပါလို့ ပြောရင် မမှားပါဘူး။ ရေးထားခဲ့တဲ့အတိုင်းမြင်ပြီး အဲဒီအတိုင်းလည်း ခံစားမိပါတယ်။ နိုင်ငံရပ်ခြားတိုင်းတပါးက မြန်မာ့အရေးကျွမ်းကျင်သူဆိုတာတွေထက်တော့ နီးစပ်မလား မသိပါဘူး။ ပြောသမျှ အမှန်လို့ မဆိုလိုပါဘူး။ စာဖတ်တဲ့သူတွေအနေနဲ့လည်း ကိုယ်ကျင်လည်ရာ အသိုင်းအဝိုင်းနောက်ခံကိုလိုက်ပြီး တွေးမြင်ဆွေးနွေးလို့ ရပါတယ်။ မြန်မာဆန်ဆန် ဒေါ်မာမာအေး သီချင်းလေးနဲ့ နှုတ်ဆက်လိုက်ပါရဲ့လေ။

“အချစ်ရဲ့ အဓိပ္ပါယ် ရှာဖွေတွေးကြည့်ရာဝယ် မောင့်အဖြေ ဘယ်လိုနေမယ်။ ခင့်စိတ်သဘော ဖွင့်ပြောမယ် မောင်နားလည်အောင် …. ကွယ်။” တဲ့။

credit to Dr Soe Min

4 comments

  • Ghi Ghi ThE KiD

    March 4, 2013 at 9:14 pm

    သခင်မျိုးဟေ့ ဒို့ဘာမန်.

    :harr:

    အာဟိ ဒက်ဂလောက်

  • Good™

    March 4, 2013 at 10:42 pm

    ( သူများနဲ့ ဆက်သွယ်ဖို့ တိုင်းတပါးဘာသာစကား လေ့လာတာကတပိုင်း၊ ကိုယ်ပိုင်စာပေ ဘာသာစကားကို တလေးတစား ထိန်းသိမ်းဆက်ခံတာက တစ်ပိုင်းပဲ။ အင်္ဂလိပ်လိုမွှတ်နေပေမယ့် ကိုယ့်မြန်မာဘာသာစကားကျတော့ အမြီးအမောက်တည့်အောင် မပြောနိုင်ဘူးဆိုရင် ရှက်စရာကောင်းပါတယ်။ )

    ကိုယ်က တိုင်းရင်းသားတယောက် ပါ။ ဒါပေမဲ့ တချို့ မြန်မာတွေ ပို့ရေးသူ ရဲ့ အထက်စာပါ အဓိပ္ပါယ်မျိုး ဖြစ်နေ ကြတာ ရင်နာ တယ်။

  • อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile

    March 5, 2013 at 1:54 am

    အပေါ်ပိုင်းက တစ်ဝက်လောက်ကို ဖတ်သွားပါတယ် …
    အချိန်မရတော့လို့ အောက်ပိုင်းလေးကိုတော့ ကူးယူထားလိုပါတယ်….
    ဖတ်ပီးသလောက်ပြောရရင် ဗဟုသုတ ဖြစ်စေပါ၏…..

  • ဦးကြောင်ကြီး

    March 6, 2013 at 9:35 am

    မြန်မာဆိုတာ ကြောင်မျိုးကြောင်နွယ်ကနေ ဖြစ်လာတာပါ။ မယုံရင် ရှေးမြန်မာဂျီးတွေ ကြည့်လိုက်… နှုတ်ခမ်းမွှေးကြီး တဂါးဂါးနဲ့။ သူတို့ ပုဆိုးခါးထောင်း မြှောင်အောင်ကျိုက်တာ အခြားမဟုတ်ဘူး.. နဂိုမူလ ပါလာတဲ့ အမြီးကို ဖျောက်ထှာ…. ခေတ်ကာလ ကြာတော့ အီဗော်လူးရှင်း ဖြစ်စဉ်အတိုင်း အမြီးပျောက်သွားတယ်။ :kwi:

Leave a Reply