အဌမနေ့ (အပိုင်း – ၂)

အပိုုင်း(၁)
မြိုင်ဂေဟာ
၁၈၈၅ – ၁၉ဝ၅

ကျောက်မီးသွေးမြို့ကလေးတွင် ‘မြိုင်ဂေဟာ’ ဟူသည် ဒုတိယအသားနားဆုံး အိမ်ကြီးရခိုင်တစ်လုံး ဖြစ်သည်။ ထိုအိမ်ကြီးကို ဆောက်ခဲ့သူကား ‘မက်ဂရေဂေါ’။ ထိုစဉ်က ကျောက်မီးသွေးတွင်းများ အနေဖြင့် ပစ္စဘာ့ဂ်မှ စီမံခန့်ခွဲရေး ဘုတ်အဖွဲ့အပေါ် အလွန်အမင်း မှီခိုအားထားနေစရာ မလိုခဲ့သလို ဒေသခံကြီးကြပ်သူများ ငွေရွှင်နေကြချိန်လည်း ဖြစ်ရာ မြိုင်ဂေဟာပိုင်ရှင် မက်ဂရေဂေါသည် ‘ခေါင်းလောင်းပြာ’ နှင့် ‘ဟန်ရီတာ ဘီ မက်ဂရေဂေါ’ တွင်းများကို တူး၍ ကြွယ်ဝချမ်းသာလာခဲ့သည်။
ဂျွန်အက်ရှ်လေတစ်ယောက် ထိုမြိုင်ဂေဟာကို ဝယ်နိုင်ရန် ဘယ်တုန်းကမှ မတတ်နိုင်ခဲ့ချေ။ ကျောက်မီးသွေးတွင်းများ အခြေမလှတော့သည့် အချိန်မှ ပြုပြင်ထိန်းသိမ်းရေး အင်ဂျင်နီယာအဖြစ် ဤမြို့ကလေးသို့ ဂျွန်အက်ရှ်လေ ရောက်လာခဲ့သည်။

သူ၏တာဝန်ကား မစို့မပို့ငွေကလေးဖြင့် တစ်စစီယိုယွင်းနေသော အစိတ်အပိုင်းများကို ပြုပြင်ရခြင်းသာ။ မဖြစ်စလောက် လစာ ကလေးဖြင့် ကိုယ့်အလုပ်ကိုယ် ပျော်တပြုံးပြုံးရှိနေသူမှာ ဂျွန်အက်ရှ်လေ။ ဂျွန်အက်ရှ်လေ၏လစာသည် ဒါရိုက်တာအဖွဲ့ဝင် ဘရက်ကင်ရချ်လင်စင်း၏ လစာ သုံးပုံတစ်ပုံမျှသာရှိသည်။
ဆင်းရဲသားအက်ရှ်လေသည် မိမိကိုယ်ကို ဆင်းရဲသားအဖြစ် ပြုံးပြုံးကလေး ခံယူထားခြင်းမှာ တကယ်တော့ သူအလိုရှိ သည်ထက် ပိုမိုစွာ ပိုင်ဆိုင်ထား၍ဖြစ်သည်။ ဇနီးသည်က အိမ်ထောင်ထိန်းသိမ်းမှု တော်သည်။ ထို့ကြောင့် သူသည် အရစ်ကျ ငွေချေရင်း ဤမြိုင်ဂေဟာအိမ်ကြီးကို ပိုင်ဆိုင်လာခဲ့ရသည်။

အိမ်ကြီးတစ်လုံးလုံး လူသူကင်းမဲ့နေသည်မှာ ကြာခဲ့ပြီ။ အီလီနွိုက်စ်အောက်ဘက်မှ လူများသည် အယူသီးကြသူများ မဟုတ်။ ၎င်းတို့က ဤအိမ်ကြီး တစ္ဆေခြောက်သည်ဟု မဆိုခဲ့ကြ။ သို့ရာတွင် ဤအိမ်ကြီးသည် ရန်ငြိုးဖြင့် ဆောက်ထားသော အိမ်၊ အမုန်းတရားတို့ဖြင့် တည်ရှိနေသောအိမ်၊ ကြေကွဲစရာများဖြင့် စွန့်ပစ်ခံထားရသောအိမ် – ထိုအတိုင်း သိထားကြရသည်။ ဤမြို့ကလေးနှင့် အရွယ်အစား မတိမ်းမယိမ်းရှိသော မြို့တိုင်းတွင် ထိုကဲ့သို့သောအိမ်မျိုး တစ်လုံးစနှစ်လုံးစ ရှိကြစမြဲသာ။ ဂျွန်အက်ရှ်လေကတော့ ကံဆိုးမိုးမှောင်မှုများ သူ့အပေါ် ဘယ်တော့မျှ မကျရောက်နိုင်ဟု ယုံကြည်ထားသူ။ သူနှင့်ချစ်ဇနီး ဘီ တာတို့ ဤအိမ်ကြီးတွင် နေခဲ့ကြသည်ကပဲ တစ်ဆယ့်ခုနစ်နှစ် တိုင်ခဲ့ပြီ။

၁၈၈၅ခုတွင် မြိုင်ဂေဟာကို ဂျွန်အက်ရှ်လေ စတင်မြင်ဖူးခဲ့သည်။ ဤအိမ်ကို မြင်မြင်ချင်း သူ့မျက်လုံးအစုံ ပြူးကျယ် သွားခဲ့ရသည်။ အိမ်လှေကားထစ်များကို တက်၍ ခန်းမထဲ ဝင်လာစဉ် သူ့နှုတ်ခမ်းများ ပွင့်ဟသွားခဲ့သည်။ သူ့မှာ အသက်ပင် မရှူနိုင်တော့။ ဟိုးအဝေးမှ ဂီတသံကိုပဲ နားစွင့်နေရသလို။ အိမ်ကြီးကို ယခင်က မြင်ပဲမြင်ဖူးခဲ့သလို။ အိပ်မက်ထဲပဲ ထည့်မက်ဖူးခဲ့ သလို။
အိမ်၏သုံးဘက်သုံးတန်ကို ဝန်းရံထားသော ဧရာမဝရံတာ.၊ အိမ်ရှေ့အဝင်တွင် မိုးနေသော နောက်ထပ်ဝရံတာ၊ ထိုဝရံတာပေါ်မှ ခုံးမိုးကလေးဆင်ထားသော အဝေးကြည့်မှန်ပြောင်း၊ အိမ်ရှေ့ခန်းမကြီးထဲ ခန့်ခန့်ကြီးနေရာယူထားသော လှေကား၊ လှေကားလက်ရုံးတိုင်ပေါ်မှ ပြိုးပြက်တောက်ပသော ဖန်လုံး။ ညာဘက်အခြမ်းတွင်မူ နားနေခန်းက အိမ်၏ အနံတစ်ခုလုံးကို ယူထားသည်။ သက်တမ်းဆယ်နှစ်ကြာပြီဖြစ်သော သတင်းစာများက စားပွဲ၊ ကုလားထိုင်၊ အကောင်းစားဆိုဖာနှင့် ရှေးဟောင်း စန္ဒရားပေါ်တွင် ပြန့်ကျဲလျက်။ အိမ်နောက်ဘက်တွင် အလျားဆန့်ထွက်နေသည်က ပြုပြင်ထိန်းသိမ်းမှု ကင်းကွာနေသော မြက် ခင်း။ ပေါင်းပင်များကြားထဲဝယ် တစ်ဝက်မြုပ်ဘောလုံးများ။ မိုးဒဏ် ဆီးနှင်းဒဏ်တို့ကြောင့် ဘောလုံးလေးများ အရောင်မပြယ့် တပြယ်။ မြက်ခင်းအဆုံးတွင်မူ ရေကန်လေးတစ်ကန်။ ရေကန်ဘေးတွင် နွေရာသီအိမ်ကလေး။ ညာဘက်အခြမ်း သစ်ရိပ်အုပ် အုပ်အောက်တွင် ကလေးတို့အခေါ် ‘မိုးတွင်းတဲကြီး’ တစ်လုံးရှိသည်။ ကလေးတို့အဖေ တီထွင်မှုများ၊ စမ်းသပ်မှုများ ပြုလုပ် နိုင်မည့် တဲကြီးပင်ဖြစ်၏။

မြိုင်ဂေဟာကို သူလာမကြည့်ခင်ကတည်းက ကြက်ခြံများရှိကြောင်း သိခဲ့ရသည်။ ယခုတော့ ထိုကြက်ခြံများ ပြိုလဲကာ မိုးမလုံတော့။ သစ်သီးခြံလေးတစ်ခြံ၊ ဆီးခြုံများနှင့် သစ်အယ်ပင်များလည်း ရှိကြောင်း သူသိထားသည်။ သည့်ထက်ပိုပြည့်စုံ နိုင်သူ ရှိနိုင်ပါဦးတော့မလားဟု သူ့မှာ အံ့အားကြီးသင့်နေရသည်။
တကယ်တော့ မက်ဂရေဂေါ၏ အိပ်မက်တွေထဲ စမ်းနင်းလာခဲ့သူမှာ သူပင်ဖြစ်တော့၏။ မက်ဂရေဂေါက မိသားစု ကြီးကြီးအတွက်များ ရည်ရွယ်ပြီး ဤအိမ်ကို ဆောက်ခဲ့သလောမသိ။ မြိုင်ဂေဟာ မြက်ခင်းကျယ်ပေါ်တွင် ပါတီပွဲကျင်းပနိုင် သည်။ နေဝင်ချိန်ဆိုလျှင် နွေရာသီစံအိမ်ထဲ သီချင်းဆိုနိုင်မည်။ ဘင်ဂျိုတီးနိုင်ကြမည်။ ပိုးစုန်းကြူးလေးများလည်း ထွက်လာ ကြတော့မည်။ ဥတုရာသီဆိုးရွာချိန်ဆိုလျှင် မီးဖိုထဲ၊ နားနေခန်းထဲ ဆူဆူညံညံ ဆော့နိုင်ကြဦးမည်။ ကော်ဇောများကို လိပ်၍ နံရံနားကပ်ထားလိုက်ပြီး ကကြမည်။ မြူတိမ်ကင်းသည့်ညမျိုးဆိုလျှင် ကလေးများကို အဝေးကြည့်မှန်ပြောင်းဆီ ခေါ်သွားကြ
မည်။ တစ်ယောက်ပြီးတစ်ယောက် ချီ၍ မှန်ပြောင်းကြည့်ခိုင်းဦးမည်။ စနေဂြိုလ်၏ ဂြိုလ်ပတ်ကွင်းများ၊ လမျက်နှာပြင်ပေါ်မှ ချိုင့်တွင်းကြီးများနှင့် နီနီရဲရဲ အင်္ဂါဂြိုလ်တို့က အဝေးကြည့်မှန်ပြောင်း၏ မှန်သားပေါ် ထင်ဟပ်နေကြတော့မည်။
ထိုအရာများအားလုံး ဖြစ်လာခဲ့ကြသော်လည်း မူလပိုင်ရှင် မက်ဂရေဂေါ အတွက်တော့ မဟုတ်ခဲ့။

တနင်္ဂနွေညများဆို လျှင် အိမ်အကူကောင်မလေးသည် အစ်မများထံပြန်သွားမြဲ။ ထိုအခါ အက်ရှ်လေ၏ဇနီး ဘီတာနှင့် လင်စင်း၏ဇနီး ယူစတေး ရှားတို့ ညစာပြင်ကြသည်။ ”ကလေးတွေ လာကြ၊ စားကြမယ်” ဆရာဝန့်သား ဟက်တာဂီလီက ရော်ဂျာအက်ရှ်လေအား ဘင် ဂျိုတီးသင်ပေးသည်။ သီချင်းကိုအားလုံး ဆိုတတ်သော်လည်း လီလီအက်ရှ်လေလောက်တော့ အသံကောင်းသူမရှိ။ သမီးကြီးလီ လီ သီချင်းဆိုကောင်းလွန်း၍ အသက်တစ်ဆယ့်ငါးနှစ်အရွယ်ကပင် ဘုရားကျောင်းတွင် သီချင်းဆိုရန် ဖိတ်ခေါ်ခံရသည်။ အသက်တစ်ဆယ့်ခြောက်တွင် မီးသတ်ဌာနပျော်ပွဲစား၌ သီချင်းဆိုရာ ယောကျင်္ားရင့်မာကြီးများပင် မျက်ရည်ကျခဲ့သည်။ လင်စင်း ၏သားဂျော့ နှင့် အထွေးဆုံးသမီးအင်နီတို့ ဆူညံလွန်း၍ အမေလုပ်သူ ယူစတေးရှားသည် ကလေးများကို ကစားခွင့်မပေး။

ညစာစားပြီးလျှင် အက်ရှ်လေနှင့်လင်စင်းတို့ မိုးတွင်းတဲကြီးထဲဝင်ပြီး သော့ခလောက်နှင့် သေနတ်ထွင်ကြသည်။ ညဉ့် နက်မှ စာလကာင်္ကို အသံထွက်ဖတ်ကြသည်။ တနင်္ဂနွေနေ့လည်ဆိုလျှင် လင်စင်းမိသားစုပိုင် ‘စိန့်ကစ်’ အိမ်ဂေဟာတွင် ပစ် မှတ်များထောင်၍ ရိုင်ဖယ်ပစ်ကျင့်ကြသည်။ မုဆိုးကျော်ကြီးလင်စင်း အပါအဝင် လူငယ်လူကြီး ရိုင်ဖယ်ပစ်ကျင့်ကြ၍ တမြို့ လုံးရှိ ခွေးများကလည်း အဟောင်မရပ်ကြ။ ညစာစားပြီးချိန်တွင် လင်စင်း၏ဇနီး ယူစတေးရှားက သူမ၏ဇာတိ ကာရေဘီယန် ပုံပြင်များ ပြောပြမည်။ လင်စင်း၏သားသမီးများနှင့် အက်ရှ်လေ၏သားသမီးများ ပြင်သစ်လို လေကန်ကြလျှင် ယူစတေးရှားက ဧည့်သည်များကို ဘာသာပြန်ပြမည်။ ယူစတေးရှားသည် စကားပြောကောင်းသူတစ်ယောက် ဖြစ်၍ တစ်ဝိုုင်းလုံး အာစေးမိသလို နားထောင်ကြတော့မည်။

မြိုင်ဂေဟာတွင် အရာအားလုံး မျှော်လင့်သလို ဖြစ်လာခဲ့သော်လည်း မူလပိုင်ရှင် မက်ဂရေဂေါအတွက်တော့ မဟုတ်ခဲ့။မက်ဂရေဂေါသည် ဇနီးသည်၏ ကိုယ်ဟန်ကျော့ရှင်းမှုကို ပေါ်လွင်ထင်ရှားစေလို၍ ဤကဲ့သို့သော လှေကားမျိုးကို တည်ဆောက် ခဲ့ခြင်းဖြစ်ပါက မက်ဂရေဂေါ၏ ရည်ရွယ်ချက် ကျရှုံးသည်ဟုဆိုရမည်။ ရွှင်ရွှင်လန်းလန်းမရှိသော ဇနီးသည် မကြာခင်အဝလွန် ကာ မဖြစ်မနေ အနားယူရသည်။ သောကတို့ တရစပ် နှိပ်စက်လာသည်။ လှေကားလက်ရန်းကို မကိုင်ဘဲ မဆင်းနိုင်။ အက်ရှ်လေ၏ဇနီး ဘီတာကမူ ပရပ်ရှားဘုရင်မတစ်ပါးလို လှေကားထစ်များကို ဆင်းလာနိုင်သည်။ မြိုင်ဂေဟာတွင် အက်ရှ်လေ တို့၏ မင်္ဂလာပွဲများ ကျင်းပဖို့မရှိ။ သို့တိုင် သမီးများဖြစ်သော လီလီ၊ ဆိုဖီယာနှင့် ကွန်စတင့်တို့ကို ဦးခေါင်းပေါ် မြေပုံစာ အုပ်တင်၍ လှေကားအတက်အဆင်း လေ့ကျင့်ခိုင်းသည်။

လင်စင်းနှင့် အက်ရှ်လေ နှစ်ဦးစလုံးသည် ယခင်အလုပ်အကိုင် မကောင်း၍ ဤကျောက်မီးသွေးမြို့ကလေးဆီ ရောက် လာကြခြင်း ဖြစ်သည်။ လင်စင်းသည် ပိုမြင့်သော နေရာဌာနကို ရောက်လာရသည်ဟုထင်သည်။ အက်ရှ်လေကမူ ပိုပျော်စရာ ကောင်းသော ဒေသကို ရောက်လာမှန်းသိနေသည်။ အက်ရှ်လေသည် အိုဟိုင်းယိုးပြည်နယ် တော်လာဒိုရုံးတွင် တနေ့တခြား မပျော်ပိုက်နိုင်အောင် ဖြစ်လာရသည်။ စက်ပစ္စည်းဒီဇိုင်းများကို တစ်နေ့လျှင် ကိုးနာရီကြာမျှ ငုတ်တုတ်ထိုင်ဆွဲခဲ့ရသည်။ ကျောက် မီးသွေးမြို့မှ အလုပ်ခေါ်သောအခါ လစာနည်းသော်ငြား ကံကော်ပြီဟုပင် သူထင်မှတ်ခဲ့သည်။
အင်ဂျင်နီယာကျောင်းတွင် သူသည် အတော်ဆုံးကျောင်းသား။ ကမ်းလှမ်းလာသောအလုပ်များကို လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ရှိနေသူ။ သူနှင့် သူ၏ဇနီးလောင်း နှစ်ဦးစလုံးက အရှေ့ပိုင်းတွင် မနေချင်တော့သည်ကတစ်ကြောင်း၊ ရာထူးအရ သူ၏တီထွင်တတ်သော ဉာဏ်အတွက် ထွက်ပေါက်ရမည်ဟု ထင်ခဲ့သည်ကတစ်ကြောင်း၊ ဤနှစ်ကြောင်းကြောင့် တော်လာဒိုမှ ရာထူးကို လက်ခံခဲ့မိခြင်းဖြစ်သည်။ လက်တွေ့တွင် ပုံဆွဲခုံရှေ့ချပြီး ခွေးချေပေါ် တနေကုန်ထိုင်၊ စက်ပစ္စည်းအတိုအစများသာ ဆွဲနေရသောအခါ သူအကြီးအကျယ် စိတ်ပျက်ခဲ့ရသည်။ ဆွဲခဲ့ရသော ပုံများကို သူက ‘ဘီစကွတ်မို’ ဟုပင် သရော်ခဲ့သည်။

လင်စင်းကမူ သတ္တုတွင်းအင်ဂျင်နီယာ မဟုတ်။ အုပ်ချုပ်ရေးပိုင်းမှ ဖြစ်၏။ ထက်ထက်မြက်မြက် ရှိဟန်တူသော မန်နေဂျာလင်စင်းသည် ပစ္စဘာ့ခ် အရေးကြီးရုံးခန်းမှ သိမ်မွေ့စွာ ပ’ထုတ်ခံလိုက်ရသူဖြစ်သည်။ အသက်နှစ်ဆယ့်ခြောက်၊ ၁၈၈ဝခုတွင် ကင်ဂါဟီလာတောင်ကြား မြို့ကလေးဖြစ်သော ဤကျောက်မီးသွေးမြို့သို့ အပို့ခံလိုက်ရသည်။
ကျောက်မီးသွေးမြို့မှ သတ္တုတွင်းများကို ပစ္စဘာ့ခ်ရုံးခန်းတွင် ‘ဘိုင်တွင်းများ’ဟု ခေါ်သည်။ အရည်အသွေးမမီ အိုမင်း ဟောင်းနွမ်းသည်ဟု ဆိုလိုခြင်းပင်။ ယာတောအများအပြားကို ပိုင်ဆိုင်ထားသော တောသူဌေးသည် အရွယ်လွန်ဦးကြီးများ၊ အ ရွယ်လွန်မြင်းများနှင့် ခေတ်အောက်စက်ပစ္စည်းများ ထားရန် ယာတစ်ကွက်ကိုတော့ ဘေးဖယ်ထားပေလိမ့်မည်။ ကျောက်မီးသွေး မြို့မှ ဘိုင်တွင်းများ ပိတ်သင့်မပိတ်သင့် ဟူသော မေးခွန်းသည်လည်း ဘုတ်အဖွဲ့တွင်း၌ လေးနှစ်တစ်ကြိမ်၊ ငါးနှစ်တစ်ကြိမ် ခန့်ပေါ်ထွက်လာမြဲ။

ဘိုင်တွင်းများသည် အမြတ်အစွန်းနည်းသည်။ သို့သော် နာမည်ကျော်ကြားမှု ရှိနေသေးသည်။ အရည်အသွေးတက် အောင်လည်း မလုပ်၊ လစာလည်း တိုးမပေး၊ စက်ပစ္စည်း အစိတ်အပိုင်းများကိုလည်း မလဲလှယ်ဘဲ သည်အတိုင်း ဆက်စခန်း
သွားနေကြသည်။ ဘုတ်အဖွဲ့သည် ဘိုင်တွင်းများကို အချိန်မရွေး ပိတ်ပစ်နိုင်သည်။ မပိတ်ခြင်းမှာ မိမိတို့၏ မကောင်းသော ဆုံးဖြတ်ချက်အတွက် တွန့်နေကြခြင်း ဖြစ်နိုင်သည်။ ဘိုင်တွင်းများကို ပိတ်ရမည့်အစား လူတော်ကလေးများကို မပို့ဘဲနေလေ သည်။
လက်ရှိမန်နေဂျာ လင်စင်း၏ အလျင်လူ ဒါရိုက်တာ့ယောက်ဖ ဒီဘီဗွိုက်စ် သည် လင်စင်းကဲ့သို့ပင် ပ’ထုတ်ခံခဲ့ရသူ ဖြစ်သည်။ ပစ္စဘာ့ခ်နယ်မြေတွင် လင်စင်းကဲ့သို့ပင် ‘အိုင်ဒီယာကောင်းသူ’ ‘ချက်ဆို နားခွက်ကမီးတောက်သူ’ ‘မြင်ဖူးသမျှထဲမှ အတော်ဆုံးလူငယ်’ ‘ဖိုးကံကောင်း’ စသည်ဖြင့် သတ်မှတ်ခံခဲ့ရသူ ဖြစ်သည်။
သတ္တုတွင်းအလုပ်ကို မည်သူတွေ လည်ပတ်နေသနည်း။ တောင်ကုန်းပေါ်မှ ရုံးခန်းထဲတွင် ထက်ထက်မြက်မြက် သတ္တုတွင်းအင်ဂျင်နီယာများ ပြည့်ကျပ်နေလောက်သည်။ ပြဿနာမှာ ၎င်းတို့အားလုံး အရွယ်လွန်အပယ်ခံ ‘အိုပယ်များ’ ဖြစ် နေကြခြင်းပင်။ ဤလုပ်ငန်းကြီး၏ ဖြစ်မြဲဓမ္မတာအတိုင်း လေးကန်ဖင့်နွှဲခြင်း၏ အလွှမ်းမိုးခံများ ဖြစ်နေကြသည်။ သတ္တုတွင်း များသည် နာရီအိုကြီးတစ်လုံးလို ချွတ်ခြုံကျနေသည်။ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ထော့ကျိုးသွားနေကြရသည်။

အစဉ်အဆက် မန်နေဂျာတို့၏လက်ထောက် မစ္စသွန်(မ်)သည် မနက်ခုနစ်နာရီဆိုလျှင် ဌာနပေါင်းစုံမှ ကြီးကြပ်ရေးမှူး များနှင့် တွေ့သည်။ ကြီးကြပ်ရေးမှူးများ မြေတွင်းထဲမဆင်းခင် ဆုံးဖြတ်စရာများကို ကြုံသလိုလက်တန်း ဆုံးဖြတ်ကြသည်။ ကိုးနာရီဆယ်နာရီလောက်ဆိုလျှင် စောစောက လက်တန်းကိစ္စများ မန်နေဂျာထံ ရောက်သွားသည်။ မန်နေဂျာကြီးလင်စင်းအ တွက် ယခုကလေးတင် သူ့ခေါင်းထဲ ဝင်လာသော အိုင်ဒီယာများ ဖြစ်သွားကြသည်။ မစ္စသွန်(မ်)သည် တစ်ပတ်လျှင် တစ် ဆယ့်ခြောက်ဒေါ်လာရသည်။ သူမသာ နေမကောင်းဖြစ်ပါက သတ္တုတွင်းအားလုံး ဝရုန်းသုန်းကား ဖြစ်ကုန်ကြတော့မည်။ သူမ ကိုယ်တိုင်လည်း နွမ်းပါးသူများ၏ ‘ဂိုရှန်း’ ဂေဟာကို အနှေးနှင့်အမြန်ဆိုသလို မြန်းရပေတော့မည်။

ဒီဘီဗွိုက်စ် နေရာကို လင်စင်း ဆက်ခံသောအခါ မစ္စသွန်(မ်)သည် သူမပခုံးပေါ်မှ ဝန်ထုပ်ကြီး ပေါ့တော့မည်ဟု မျှော်လင့်ချက်များ ရှိလာသည်။ လင်စင်းသည် ဘာပဲလုပ်လုပ် ပထမတွင် ဟုတ်တော့မလို ရှိသည်။ စာအုပ်များကို အင်တိုက် အားတိုက် ကြည့်သည်။ ဥမင်ထဲ ကိုယ်တိုင်ကိုယ်ကျ ဆင်းချသွားသည်။ သူ့ခေါင်းထဲ အတွေးအကြံများ လျှံထွက်လျက်။ မြင် သမျှအရာတိုင်း သူ့အတွက် အရေးကြီးနေသည်။ လုပ်ဆောင်နေသော အလုပ်အတွက် လူစေ့တက်စေ့ကို သူချီးကျူးသွားသည်။ သို့ရာတွင် သိပ်မကြာမီ အမှန်တရားတစ်ခု ပေါ်ထွက်လာသည်။ လင်စင်းသည် ယနေ့ဖြစ်ရပ်ကို နောက်တနေ့တွင် မမှတ်မိ တော့ချေ။ မှတ်ဉာဏ်ဆိုသည်မှာ စိတ်ဝင်စားခြင်း၏ အမှုထမ်းဖြစ်သည်။ လင်စင်း၏ စဦးပိုင်း စိတ်ဝင်တစားရှိမှုမှာ ဟန်ရေး ပြခြင်းသာ ဖြစ်နေသည်။ ကိန်းဂဏန်းများ၊ အပတ်စဉ်စာရင်းများ၊ ကားစီးတိုက်ကုန်ပစ္စည်းများက လင်စင်းကို လက်ခုပ်ဩဘာ မပေးပါ။ မစ္စသွန်(မ်) ခမျာ သိပ်မကြာမီ နဖားကြိုး ပြန်အတပ်ခံလိုက်ရသည်။
”ဆရာ၊ ပြခန်းတစ်ခုလုံး ဗြောင်းဆန်နေပြီ”
”တကယ်လားဟင်”
”ဆရာ၊ ကွန်ရဒ် လဲကျသွားတယ်”
သတ္တုတွင်း အနိမ့်ပိုုင်းတွင် တစ်နေ့ဆယ်နာရီကျ အလုပ်လုပ်သူများ ရုတ်တရက် အိပ်မောကျသွားတတ်သည်။ သတိ လစ်မိန်းမောကာ မြေပြင်ပေါ် လဲကျသွားခြင်းကို ဆိုလိုသည်။ ထိုအဖြစ်မျိုးကို သူတို့သည် တီဘီရောဂါထက် ပိုကြောက်ကြ၏။ မတော်တဆ ထိခိုက်မှုထက် ပိုကြောက်ကြ၏။ လူတစ်ယောက်သည် တစ်ရက်အတွင်း လေးကြိမ်တိတိ လဲကျပြီဆိုပါက နွမ်း ပါးသူများ၏ ဂိုရှန်းဂေဟာ အသွားလမ်းပေါ် ရောက်နေပြီဟု ဆိုရမည်။
”ဟင်း” ဟုဆိုကာ လင်စင်းသည် နှိုင်းနှိုင်းချိန်ချိန်ရှိစွာ မျက်လုံးများကို ကျဉ်းယူလိုက်သည်။
”ဆရာပြောတာ ကျွန်မ မှတ်မိသေးတယ်။ ဘရက်ကောင်လေး ကြည့်ရတာ အလုပ်ကောင်းကောင်းလုပ်မယ့် ပုံပဲဆို။ ခေါင်းလောင်းပြာတွင်းမှာ လူလိုနေတယ် ဆရာ”
”ဟုတ်ပါ့၊ နို့တစ်ဘုတ်ပေါ် တင်လိုက်ကြမယ်လေ။ ခင်ဗျားဆွဲပြီးရင် လက်မှတ်ထိုးပေးမယ်”

နို့တစ်ဘုတ်များသည် သတ္တုတွင်းများထဲ လင်စင်း၏ထည့်ဝင်မှု ဖြစ်သည်။ လင်စင်းသည် တစ်ရက်လျှင် လက်မှတ် တစ်ဆယ့်ငါးကြိမ် ထိုးပေးပါသည်။ လက်မှတ်ထိုးစရာ မရှိလျှင် မြင်းမွေးဆိုဖာပေါ် တရေးနှပ်ချင်နှပ်၊ မနှပ်လိုပါက တောင် ကုန်းပေါ် အမဲလိုက်ထွက်သည်။

 

9 comments

  • ဦးကြောင်ကြီး

    March 7, 2013 at 9:34 am

    ၁၈၈၅ခုနှစ်ဆိုတော့ သီပေါမင်းပါတော်မူတဲ့နှစ်၊ အိမ်ဂျီးက အဲဒီမတိုင်ခင်ထဲက ဆောက်ထားတာ။ အဲဒီခေတ် အဆင့်အတန်း အသုံးအဆောင် အလေ့အကျင့်တွေ ဖတ်ပြီးသကာလ… သခင်မျိုးဟေ့ ဒိုဗာမင်းန်း (ခလက်ဒစ်တူ ဥစ်ခိုင်)

  • ကြည်ဆောင်း

    March 7, 2013 at 10:18 am

    အစကဖတ်ရင်း သိပ်နားမလည်တာတွေ တဖြည်းဖြည်းနဲ့ နားလည်လာပြီဆိုတော့…
    နောက်ထပ်အပိုင်းတွေဆက်မျှော်နေပါတယ်…

  • Moe Z

    March 8, 2013 at 1:19 pm

    ကူးသွားပါတယ် ဆရာမရှင့် ..
    အားလုံးပြီးမှ ပီဒီအက်ဖ်လုပ်ပြီး ပေါင်းဖတ်တော့မယ်
    ဇာတ်ရှိန်မြင့်တုန်း ဆက်ရန်ဆိုရင် ပေါက်ကွဲတတ်တဲ့ရောဂါရှိလို့ပါ 😆

  • Mr. MarGa

    March 8, 2013 at 7:38 pm

    တစ်ပိုင်းချင်းစီ
    စုထားပြီး
    ပေါင်း ဖတ်ပါမယ်ခမျ

  • padonmar

    March 8, 2013 at 9:44 pm

    အက်ရှလေ ဆိုတဲ့ နာမည်တွေ့တော့ လေရူးသုန်သုန်ကို သတိရတယ်။
    ကျမလည်း ၁၈၈၅ ကိုသတိထားမိလိုက်တယ်။
    စောင့်ဖတ်မယ်ပြုံးရေ။

  • ဝင့်ပြုံးမြင့်

    March 8, 2013 at 10:33 pm

    စိတ်ဝင်စားလို့ ကျေးဇူးတင်ပါတယ်။ ဝတ္ထု ပုံစံက စာရေးဆရာဟာ စိတ်ကိုလွှတ်ပြီးရေးတာဆိုတော့ ရှေ့ပို်င်းမသိလည်း နောက်ပိုင်း ဖတ်လို့ရပါတယ်။ အပိုင်းလိုက်အပိုင်းလိုက်ဖတ်လို့ကောင်းတဲ့ စာအုပ်မျိုးပါပဲ။ ရှေ့ကိုပြန်မလှန်ဘဲ ရောက်တဲ့နေရာကနေ ဖတ်လို့ ကောင်းတဲ့ စာမျိုးပါ။ ဒါကြောင့် ဂဇက်ထဲမှာ တင်တာပါ။ တစ်အုပ်လုံးကို တစ်ထိုင်တည်း ဖတ်မယ်ဆိုရင်တော့ ရင်နာရမယ့် ဇာတ်သွားလေး ဖြစ်ပါတယ်။

  • ကြက်အူလှည့်

    June 5, 2013 at 8:03 am

    ရင်နာရမယ်ဒဲ့ ….အဲ့အဲ့ ….
    (ဒါပေမယ့် ဖတ်အူးမှာပါလေ.)

    :byae:

Leave a Reply