အဌမနေ့ (အပိုင်း ၃)
အက်ရှ်လေကို ဆင့်ခေါ်ခြင်းမှာ ရေတိုကိစ္စအတွက် ဖြစ်သည်။ အပြိုအပျက်ဧရာမကြီးကို ဟိုနည်းနည်း သည်နည်းနည်း ဖာရန် ထေးရန် ခံခုပေးရန် အက်ရှ်လေကို ခေါ်ခြင်းဖြစ်သည်။ အက်ရှ်လေသည် ပထမနှစ်လတွင် ပါးစပ်ပိတ်ထားသည်။ ကြည့်ရှုသည်။ နားထောင်သည်။ နဖူးတွင် ဓာတ်မီးဆင်ပြီး ဥမင်ထဲ နေ့ဝက်ခန့် ဝင်လေ့လာသည်။ သတ္တုတွင်းသုံး လှောင် ချိုင့်များသည် ခေတ်ဟောင်းပုံစံအတိုင်း ကြိုးများ ပူလီများဖြင့် သက်ချည်တက်ချည် သွားရသည်။ ဦးစီးများသည် ထက်ထက်မြက်မြက် မရှိကြ။ ပွေးသတ္တဝါများလို ကျင်းထဲ အနေကြာခဲ့ကြပြီဖြစ်၍ အစွမ်းအစများလည်း ပျောက်ဆုံးကုန်သည်။ သူတို့၏
ပြဿနာကို အက်ရှ်လေအား တင်ပြကြမှ အစွမ်းအစများလည်း ပြန်ပေါ်လာကြသည်။ မည်သည့်အလွှာက အန္တရာယ်ရှိသည်ကို မြင်လာကြသည်။
အက်ရှ်လေသည် အန္တရာယ်ကို နေရာတိုင်းတွင် တွေ့သိနေသည်။ နေလက်စအခြေအနေကြောင့် ထုံထိုင်းတွေဝေနေသော အလုပ်သမားများသည် သတ္တုတွင်းများ၏ အန္တရာယ်ကို ဘုရားသခင်၏ အလိုတော်အတိုင်းသာဟု ယူဆလာခဲ့ကြသည်။ အက်ရှ်လေ စကားစပြောသောအခါ အရှေ့ပိုင်းသားလေသံ ဝဲနေ၍ နားလည်သူမရှိ။ ထိုလေသံဖြင့် လေဝင်လေထွက်ကိစ္စအ ကြောင်းပြောသွားသည်။ ဂျောက်ဂျက်မြည်သောယပ်ကို ကိုယ်တိုင် တီထွင်ပြပြီးနောက် မိန်းမောလဲကျခြင်းများ လျော့ပါးသွား သည်။ ကာယလုပ်သား အပြောင်းအရွှေ့များလည်း ရှိသည်။ ဤကိစ္စသည် သူ့တာဝန်နယ်ပယ်တော့ မဟုတ်။ မမြင်မကန်း ဖြစ်နေသူများ၊ တီဘီဆန်ဆန် မြစ်ခြောက်နာဖြစ်နေသူများ၊ ပြန်မကောင်းနိုင်တော့သော မိန်းမောလဲကျသူများကို ဘိုင်တွင်းဆီ ပို့ကြသည်။
အက်ရှ်လေသည် သတ္တုကျိုသောဖိုကိုပါ ပြန်ပြုပြင်ယူသည်။ တွဲများ၊ နှောင်အိမ်များ၊ အောက်ခံထည်၊ ရိုက်တံ၊ ထုတံ၊ အားလုံးကို အကြမ်းပတမ်းခံအောင် ပြန်မွမ်းမံသည်။ တွင်းအရိုးပဒေသာကြီးသည် တွန့်လိမ်ပြီး သူ့ဟာသူ ကောင်းသွားပြန် သည်။ သတ္တုတွင်းများသည် မနှစ်မြို့စရာ ကောင်းလှသော်လည်း ဖုတ်လှိုက်ဖုတ်လှိုက် ပျက်စီးလုနီးနီး ဖြစ်သည်အထိတော့ မဟုတ်သေး။ အက်ရှ်လေ၏လစာသည် တစ်ခါမျှတိုးမလာ။ လက်ထောက်မစ္စသွန်(မ်)၏ လစာကမူ တစ်ပတ်လျှင် ငါးဒေါ်လာ တိုးသွားမှန်း သူသိသည်။
လင်စင်းတစ်ယောက်ကား နေ့စဉ်နေ့စဉ် စိတ်ကူးကောင်းကောင်းလေးများ ရနေ၍ ဝမ်းသာစရာကြီး ဖြစ်နေသည်။ စိတ်ကူးလေးများကို နို့တစ်ဘုတ်ပေါ် တင်ရသည်။ တောပစ် ခဏခဏ ထွက်ရသည်။ ကန္နားလမ်း ထမင်းဆိုင်များသို့ ညမိုး ချုပ်မှ သွားတတ်သူမို့ မြင်းမွေးဆိုဖာပေါ်တွင် အချိန်ပြည့်နှပ်နေနိုင်သည်။
အလုပ်ဟူသည် ဤမျှဗြောက်သောက်နိုင်မှန်း အက်ရှ်လေ မသိခဲ့။ ဤမျှ ရရာနှင့်ဖြစ်သလို ဖန်တီးရမှန်း အက်ရှ်လေ မသိခဲ့။ သူ့မှာဖြင့် နေ့တိုင်းနေ့တိုင်း ဇောကပ်ပြီး အိပ်ယာမှ ထရသည်။ ဂျွန်အက်ရှ်လေသည် မှန်ရှေ့တွင် မုတ်ဆိတ်ရိတ်ရင်း သီချင်းဟစ်သည်ကို သားအမိများ မှတ်မိနေဆဲဖြစ်သည်။
ဂျွန်အက်ရှ်လေသည် ဤနည်းဤပုံဖြင့် သတ္တုတွင်းကြီး၏ အရာရာတိုင်းကို လည်ပတ်စေသည်။ အက်ရှ်လေသည် ကျောက်မီးသွေးထုတ်ပုံ အဆင့်ဆင့်ကို နည်းပြများထံမှ သင်ယူသည်။ မြေအောက်ကြီးကြပ်သူများနှင့် ဂုဏ်ထူးဆောင်ဘိုင်တွင်း အင်ဂျင်နီယာများသည် အလုပ်နှင့် တာဝန်ယူမှု အပိုင်းကို ခေါင်းရှောင်လိုသူများဖြစ်၍ သူတို့သိသမျှကို အက်ရှ်လေအား ရက် ရက်ရောရော သင်ပြကြသည်။
ထိုအခြေအနေသည် တစ်ဆယ့်ခုနစ်နှစ် ကြာခဲ့သည်။ ထိုတစ်ဆယ့်ခုနစ်နှစ်အတွင်း ပထမငါးနှစ် မြောက်မှစ၍ အမြတ်အစွန်း အနည်းငယ်တက်ခဲ့ခြင်းမှာ ဂျွန်အက်ရှ်လေနှင့် မစ္စသွန်(မ်)တို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်သည်။ ပြောရလျှင် ဤမျှခက်ခဲပြီး ဤမျှရှည်ကြာစွာ သည်းညည်းခံရသော အလုပ်မျိုးကို ဂျွန်အက်ရှ်လေတစ်ယောက်သာ လျှင် တတ်နိုင်သည်။
အက်ရှ်လေသည် ‘မြိုင်ဂေဟာ’ တွင် လုံးဝပျော်ရွှင်သော မိသားစုဘဝကို နေထိုင်ဖြတ်သန်းရင်း ကြီးပွားလိုစိတ်နှင့် မနာလိုဝန်တိုစိတ် အရှင်းကင်းစွာ လင်စင်းကိုလည်း ကယ်မထားသည်။ ချစ်ခင်၍ကယ်ခြင်း၊ အထင်သေး၍ကယ်ခြင်းလည်း မဟုတ်ခဲ့။ အက်ရှ်လေသည် သူ၏ အထက်အရာရှိ လင်စင်း ရှော်သမျှကို အတတ်နိုင်ဆုံး လူမသိစေရန် ဖုံးအုပ်ထားခဲ့ရုံမျှမက သူ့ထက်ကြီးသူ လင်စင်းကို ညီငယ်တစ်ယောက်သဖွယ် သဘောထားခဲ့သည်။ မိသားစုအပေါ် ကြမ်းတမ်းရိုင်းစိုင်းသော လင် စင်းကို ထိန်းပေးခဲ့သည်။
ကန္နားလမ်းထမင်းဆိုင်နှင့် ကျောက်မိုင်းတွင် သောက်စားပျော်ပါးသော လင်စင်းကိုု ပြုပြင်ခဲ့သည်။
အက်ရှ်လေသည် သူတီထွင်သော တီထွင်မှုများထဲ လင်စင်းကိုပါ ထည့်ဝင်စေခဲ့သည်။ စက်ပစ္စည်းဆိုင်ရာ ရေးဆွဲမှုများကို နှစ်ဦးအမည်ထည့်၍ ‘လင်စင်း-အက်ရှ်လေ ခရုပတ်ကျင်းသော့’ ‘အက်ရ်ှလေ-လင်စင်း အောက်ခံဆေး’ စသဖြင့် လက်မှတ်ထိုးကြသည်။ ထိုကိစ္စများ သည် သဘောကောင်းသော ထွင်လုံးလေးများ ဖြစ်သော်လည်း အနှေးနှင့်အမြန်ဆိုသလို ထိုထွင်လုံးများကို လူူသိသွားတတ်ကြ သည်။
၁၉ဝ၂ခု၊ မေလ ၄ရက်၊ ညနေဘက်တွင် လင်စင်း အသတ်ခံခဲ့ရသည်။ လင်စင်းကို ပစ်သတ်မှုဖြင့် ဂျွန်အက်ရှ်လေ လည်း သေမိန့်ကျခဲ့သည်။ လူသတ်မှုများသည် ဘာမျှမဆန်း။ သို့သော် အချို့လူသတ်မှုများက လူစိတ်ဝင်စားအောင် ဆွပေး နိုင်သည်။ တရားခံသည် တရားစီရင်ရန်အသွား ထွက်ပြေးလွတ်မြောက်သွားခြင်းသည် မကြုံဖူးမကြားဖူးလောက်အောင် ဖြစ်သည်။ တရားခံကို အပူတပြင်းရှာကြရသည်။ တနယ်လုံးရှိ စာတိုက်များတွင် ခပ်ဝါးဝါးဓာတ်ပုံနှင့် ရာဇဝင်အကျဉ်းကို ရေးကပ်ကာ သတင်းပေးသူအတွက်လည်း ဆုငွေထုတ်ထားသည်။ တရားခံ အက်ရှ်လေကိုု ပြန်ဖမ်းနိုင်ရန်နှင့် အက်ရှ်လေအား ဝင်ကယ်သော အသိရခက်လှသည့် လူခြောက်ဦးကို ထောင်ချနိုင်ရေးအတွက် ဆုငွေထုတ်ခြင်းဖြစ်သည်။ ထိုလူခြောက်ဦးကို တနယ်လုံးက တ
ရားခံ အက်ရှ်လေထက် ပိုစိတ်ဝင်စားနေကြသည်။ လူသတ်ကောင်ကို ကယ်ဆယ်ခြင်းသည် မိမိကိုယ်ကို သေမိန့်ချခြင်းမည်၏။ ထိုလူခြောက်ဦးမှာ ငွေကောင်းကောင်းရ၍ ကယ်ဆယ်ခြင်းဖြစ်မည်။ သိုု့ဆိုလျှင် အက်ရှ်လေသည် ငွေဘယ်ကရသနည်း။
အခြေအနေသည် အံ့ဩစရာဖြစ်နေသည်။ သာမန်ဆိုလျှင် ငွေကောင်းကောင်းရထားသည့် ဓားပြခြောက်ယောက် ခြောက် လုံးပြူးတဒိုင်းဒိုင်းဖောက်ကာ သော့ခတ်ထားသော မီးရထားတွဲထဲ ဝင်ရမ်းမည်ဟု နားလည်ကြရမည်။ အမှန်မှာ ထိုလူခြောက်ဦး သည် အထမ်းသမားယောင်ဆောင်ကာ လက်နက်မပါဘဲ တရားခံကို အေးအေးကလေး ကယ်ထုတ်သွားခြင်းဖြစ်သည်။ ထိုဖြစ် ရပ်သည် ဖို့ဒ်ဘယ်ရီ ဘူတာ၏ တောင်ဘက် နှစ်ဖာလုံအကွာ၌ ဖြစ်ခဲ့သည်။ ထိုဘူတာ၏ ရေစည်ဘေးတွင် ရထားအားလုံး ဆယ်မိနစ်ကြာအောင် ရပ်ရသည်။ အက်ရှ်လေ၏ အစောင့်အကြပ်စုစုပေါင်း ငါးဦးထဲမှ သုံးဦးသည် ထောင်နန်းစံသွားရသလို ခေါင်းဆောင်ဗိုလ်ကြီးမေယူးနှင့် နောက်တစ်ဦးတို့ကို စပရင်းဖီးလ်ပြည်နယ်ရုံးမှ တာဝန်ပေးခဲ့သည်။
တရားဝင်စုံစမ်းစစ်ဆေးပြီးနောက် အက်ရှ်လေ၏ အစောင့်အကြပ်အားလုံးလည်း ရဲဌာနမှ အရှက်တကွဲ အကျိုးနည်းကာ အလုပ်ထွက်ခဲ့ရသည်။ ထိုငါးဦးထဲမှ လေးဦးသည် ရှက်ဖွယ်ကိစ္စကို ဘယ်တော့မှ ထုတ်ဖော်မပြောတော့ချေ။ သို့သော် တစ်ဦး ကမူ အက်ရှ်လေပုံပြင်ကို တဖောင်ဖောင်ပြောနေခဲ့သည်။ ပယ်ပယ်နယ်နယ်ပြောတတ်သော ‘ဟူး’ သည် အနောက်မြောက်ဘက် ကောင်တီတွင် ကြက်သားဘဲသားရောင်း၍ လူသိလည်း များသည်။ အက်ရှ်လေ၏ သမိုင်းဝင်ဖြစ်ရပ်ကို ပြန်ပြန်ပြောတတ်၍လည်း အရောင်းစံချိန်တက်သည်။
”အထမ်းသမားက တံခါးဖွင့်ဝင်လာပြီး ဗိုလ်ကြီးမေယူးအတွက် သံကြိုးစာလာတယ်ပေါ့၊ ရုံပိုင်ကြီးဆီမှာပေါ့၊ ပြောတော့ … ဗိုလ်ကြီးမေယူးက ယူလာခဲ့တဲ့။ ဒီတော့ အထမ်းသမားက ‘သံကြိုးက လျှို့ဝှက်စာခင်ဗျ၊ စပရင်းဖီးလ်က လာတာ၊ ဗိုလ်ကြီး မေယူးကိုယ်တိုင် လာယူရပါမယ်’ တဲ့။ ကိုင်း … ကျုပ်တို့ ဘယ်လိုတွေးမလဲ၊ မြို့တော်ဝန်ဆီက လွတ်ငြိမ်းချမ်းသာခွင့်များလား ပေါ့။ ကျုပ်ပြောတာ မြင်ပြီလား။ ဗိုလ်ကြီးမေယူးက ရထားတွဲကနေ မခွာရဘူးလို့ အမိန့်ရထားတယ်။ ဒီတော့ သူဘာလုပ်ရ မလဲ မသိဘူး။ ဘာဆက်လုပ်ရမလဲ ကျုပ်တို့အားလုံးတွေးမိတာကိုက ကျုပ်တို့ မှားသွားတာဗျ။ မှားသွားမှန်း မသိခင်မှာတင် တွဲထဲ အထမ်းသမားတွေ ပြည့်နေပြီ။ သူတို့က မှန်အိမ်ကိုခွဲတော့ ကျုပ်တို့လည်း မှန်ကွဲတွေပေါ် လေးဘက်တွားနေရပြီ။ လူ တစ်ယောက်က ကျုပ်ခြေထောက်ကို ချုပ်ပြီး ကြိုးတုပ်ဖို့လုပ်တော့ ကျုပ်ကသူ့ကိုတွန်း၊ သူက ဗလကြီးဆိုတော့ ကျုပ်ခြေထောက် တွေကို လေထဲထောင်ပြီး ရအောင်ကို ချည်တယ်။ ကျုပ်ခြေထောက်တွေက တွဲမျက်နှာကျက်ဆီ ထောင်လျက်သားကြီး၊ ကြမ်း ပေါ် လက်ပြင်နဲ့ ထောက်ထားရတယ်။ ယက်ကန်ယက်ကန်နဲ့ ကျောက်ပုဇွန်ကြီးအတိုင်းပဲ။ ခြေထောက်ပြီးတော့ လက်ကို နောက်ပြန်ချည်တယ်။ ကျုပ်တို့အစောင့်တွေအားလုံး အသံကုန်အော်နေကြပြီ။ ဗိုလ်ကြီးက အသံအပြဲဆုံး။ ‘အက်ရှ်လေကိုပစ်၊ အက်ရှ်လေကိုပစ်’ တဲ့။ ဒါပေမယ့် အက်ရှ်လ ဘယ်သူဆိုတာ ကျုပ်တို့ဘယ်လိုလုပ် သိမှာတုန်း။ ပြောစမ်းပါဦး။ နောက်တော့ သူတို့က ကျုပ်တို့ပါးစပ်တွေကို ဆို့၊ ဒရွတ်တိုက်ဆွဲချပြီး အာလူးအိတ်တွေပုံသလို ပုံထားလိုက်ပါရော။ ဒီလူတွေဟာ ကျောက် မီးသွေးမြို့က လူတွေ မဟုတ်ဘူး။ ကျုပ်ပြောတာယုံ။ ရှီကာဂို ဒါမှမဟုတ် နယူးယော့ခ်ကလာတာ။ အရင်ကလည်း ဒါမျိုး လုပ်ဖူးတယ်၊ ဝါရင့်တွေ။ ကျုပ်အတွက်ကတော့ တစ်သက်မမေ့နိုင်စရာကြီး။ ပြတင်းနေကာတွေ ချထားပေမယ့် အလင်းရောင် ပျပျကလေး ရှိတယ်လေ။ သူတို့တတွေ ထိုင်ခုံပေါ် ခုန်ခုန်ပြီးသွားကြတာ မြင်ရပါ့။ တကယ့်မျောက်တွေ”
အက်ရှ်လေ့ကိစ္စသည် ပညာတတ်လူတန်းစားများအတွက် ဦးနှောက်ခြောက်စရာ ဖြစ်ခဲ့သည်။ စပရင်းဖီးလ်မှ ဗိုလ်မှုး၊ မြို့ပေါ်မှ သတင်းရေးသူများ၊ ရဲမှုးကြီးနှင့် လက်ထောက်များ၊ အာဖရိက တိတိ္ထများအတွက် ဝတ်စုံချုပ်ပေးနေသော အမျိုးသမီး များ၊ အီလီနွိုက်စ်ထမင်းဆိုင်မှ အတွေးအခေါ်သမားကြီးများ၊ အငှားမြင်းဇောင်းနှင့် ပန်းပဲဖိုမှ ဆေးရွက်ကြီးဝါးသော ငပျင်းများအ ထိ ဦးနှောက်စားစရာကိစ္စ ဖြစ်ခဲ့သည်။ အက်ရှ်လေလွတ်မြောက်သွားခြင်းကို အံ့အားအသင့်ကြီးသင့်ခဲ့ရသူကား အက်ရှ်လေ၏ဇနီး ဘီတာ။
ခြောက်တီးခြောက်ချက် ညစ်ကျယ်ကျယ် အတွေးအကြံများလည်း ပေါ်ထွက်ခဲ့သည်။ တရားခံသည် ကတုံး တုံးထား ပြီးဖြစ်လျက် ဒေါ်လာလေးထောင်ကို ကတုံးပေါ်တင်၍ ဘယ်နည်းဘယ်ပုံ မြို့ပြင်သို့ ထွက်ပြေးသွားနိုင်သနည်း။ တရားခံသည် ငွေတစ်ပြားမှ မကျန်သော ဇနီးနှင့်သားသမီးများထံ ဘယ်နည်းဘယ်ပုံ သတင်းပို့နိုင်သနည်း။ မြိုင်ဂေဟာဆီ လာသမျှ စာများကို ရဲများကလည်း အလွတ်မပေး၊ လာသမျှ ဧည့်သည်တိုင်းကလည်း စစ်စစ်ပေါက်ပေါက် စပ်စုနေလျက်က အက်ရှ်လေသည် ဘီတာ့ထံ နောက်ဆုံး ငွေပင်ပို့နိုင်ခဲ့သည်။ တရားခံ ဘာများတွေးနေသနည်း။ ဘီတာ ဘာများတွေးနေသနည်း။ အသတ်ခံရသူ လင်စင်း၏ ဇနီး ယူစတေးရှား ဘာများတွေးနေသနည်း။
မြို့ခံလူထုအတွင်းဝယ် ငွေကြေးကိစ္စသည် အဓိကစိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။ တရားခံအက်ရှ်လေ၏ လစာ နည်းမှန်း လူတိုင်းသိသည်။ အသားသည်၏ ငွေတောင်းခံလွှာပေါ်မှ ငွေစာရင်းကို လူတကာသိသည်။ အက်ရှ်လေ၏ စုဆောင်းငွေ လောက်လောက်လားလား မရှိပုံကို ဘဏ်သူဌေးကတော်က ရင်းနှီးသော မိတ်ဆွေများအား ဖောက်သည်ချသည်။ ဂျွန်အက်ရှ်လေ သည် တစ်ဆယ့်ခုနစ်နှစ်အတွင်း လူ့အဖွဲ့အစည်း ဥပဒေ၏ ကျေချမ်းစရာ မကောင်းဆုံးသော ပြစ်မှုကို ကျုးလွန်ခဲ့သည်။
11 comments
မျှစ်ကြော်
March 14, 2013 at 10:26 pm
ဆရာမ ဆရာမ ခေါ်နေကြတာ စိတ်ထဲတစ်မျိုးကြီးပဲ။ ကိုယ်က ဆရာတန်းမှ မဝင်သေးတာ။ နာမည်ကြီးကလည်း ခေါ်လို့မကောင်းဘူး။ ဒါကြောင့် ငယ်ငယ်တုန်းက ကျောင်းမှာ ဌေးအောင်ဆိုတဲ့ သူငယ်ချင်းကောင်လေးတစ်ယောက်ပေးခဲ့တဲ့ နာမည်ပြောင် မျှစ်ကြော် ကိုသုံးတာပါနော်။ အဲဒီတုန်းက ၃တန်း၊ သူဘာဖြစ်လို့ ပြုံးကို မျှစ်ကြော်လို့ခေါ်မှန်း ယနေ့အထိ မသိခဲ့ဘူး။ ကျောင်းလွှတ်တဲ့အခါ ပြုံးက သူ့ကို ” ဌေးအောင် ဌေးအောင် ဖင်လေးပြောင်” လို့အမြဲစခဲ့တယ်။ ဒါကြောင့် သူက မျှစ်ကြော်လို့ပြန်ခေါ်တာ။ ဘာမှန်းမသိဘူး။ အဲဒီ မျှစ်ကြော် ကိုပဲခေါ်ကြပါနော။ ဆရာမ မလုပ်ပါနဲ့။
ကိုပေါက်(မန္တလေး)
March 17, 2013 at 12:44 pm
ဌေးအောင် ဌေးအောင် ဖင်လေးပြောင်
မျှစ်ကြော် မျှစ်ကြော် အချစ်ကလေးနော်
Fall Guy
March 14, 2013 at 11:24 pm
မျှစ်ကြော် ဆိုတော့ခေါ်ရတာ ခက်နေတယ်..။ မလေးစားရာများကျနေမလားလို့ အရင်က ဆရာမဆိုတာ စာတွေအတွက် ကျေးဇူးတင်လေးစားလို့ခေါ်တာပါ…။
အခု post ကလည်း ဖတ်ရတာကြိုက် တယ်….။
ရဲစည်
March 15, 2013 at 12:30 am
အစ်မ စိတ်ချမ်းသာအောင် ခေါ်ကြည့်မိတယ်ဗျာ ……
အစ်မမျှစ်ကြော်ရေ …
ဟာ………… တလွဲဂျီးဗျာ
တော်ကြာ ကိုကြောင်ဂျီးက မျှစ်မျှစ်ရေဆို …. မဖြစ်ပြန်ဘူး
ဆိုတော့ …
ပိုနေမြဲ ကျားနေမြဲပဲကောင်းမလားလို့ …
ကျနော်တိတ်တိတ် အားပေနေတာကြာပီ ခုတော့ မနေသာလို့ ဝင်ပြောမိပါတယ် ..
အကြောင်းအရာပိုင်းတောင် ဘာမှ မပြောဖြစ်ဘူး ..
မျှစ်ကြော်
March 15, 2013 at 8:07 pm
ဟုတ်ပါ့ ကိုနီပေပါ နဲ့ ကိုဖောဂိုင်းရေ — ပိုနေမြဲ ကျားနေမြဲပဲ ကောင်းပါတယ်။ နောက်အားတော့မှပဲ နာမည် ပြန်ပြောင်းလိုက်တော့မယ်။ ပြုံးကိုလည်း ဆရာမ မခေါ်ကြပါနဲ့နော်။
အရီးခင်လတ်
March 15, 2013 at 3:04 am
မျှစ်ကြော် ဆိုတော့ စားချင်လိုက်တာ မပြုံးရေ။
ချောတဲ့သူမို့ စာဖတ် အားပေး သွားတယ်နော်။
😛
ကြည်ဆောင်း
March 15, 2013 at 4:40 pm
နာမည်ပြောင်းလိုက်တော့ မျက်စေ့တောင်လည်သွားတယ်..
ပိုစ့်ခေါင်းစဉ် မှတ်မိလို့သာ ဖွင့်ကြည့်လိုက်မိတာ ..
ဖတ်ရတာတဖြည်းဖြည်းနဲ့ ဇတ်ရှိန်တက်လာတော့မယ်နော်…
မျှစ်ကြော်
March 15, 2013 at 8:11 pm
အရီးလတ်ရေ ချောတဲ့သူမှန်သမျှ ပြုံးစာအုပ်တွေ ဖတ်တယ် ဟိဟိ။ ဟိုလူကြီး မစ္စတာဖွတ်ကြား အတွက်တော့ စိတ်မကောင်းပါဘူး။
ကိုကြည်ဆောင်းရေ အားပေးနေတာ ကျေးဇူးပါနော်။
ကြက်အူလှည့်
June 5, 2013 at 8:39 am
သည် အဖွဲ့အနွဲ့လေး နှစ်သက်လှပါတယ်ဗျို့..
အော်… ကိုယ့် သမထားတာတောင် ကိုယ် မတွေ့ဘု…
:byae:
အလင်းဆက်
March 15, 2013 at 9:25 pm
ဆရာမမျှစ်ကြော်လို့ခေါ်မယ်ဗျာ..။
:kwi:
kyaw hteik
May 15, 2013 at 12:09 am
မျှစ်ကြော်=မျှော်ကျစ် (အမျှော်အမြင်ရှိပြီ ငွေကိုကျစ်ကျစ်ပါအောင် စုဆောင်းတတ်လို့။)
စာလုံးပေါင်းမှားလျှင်သီးခံပါ။