မြင်သည်ခင့်ကို… (သဝေလွတ် အချီအချညီ ပိုဒ်စုံရတု)
မြင်သည်ခင့်ကို… (သဝေလွတ် အချီအချညီ ပိုဒ်စုံရတု)
မြင်သည်ခင့်ကို၊ လင်းမှုန်သိုသိပ်၊ ညဉ့်ယံအိပ်စက်၊ သည်အိပ်မက်တွင်၊
လာခိုဝင်လှည့်၊ ညကြယ်မှည့်အို၊ လိပ်ပြာဆိုညည်း၊ သံစဉ်တီးဖွဲ့၊
ခင်ပျိုနွဲ့လျ၊ စက်ရာထရင်း၊ ချစ်သူနှင်းမြူ၊ ချမ်းမြဖြူစင်၊
ညဉ့်ယံတွင်စိုး၊ အရိပ်မိုးလျက်၊ ကြယ်စင်လက်ဖိတ်၊ သည်ညဆိတ်ငြိမ်၊
လရိပ်ထိန်ကြည်၊ ဝင်းပသည်သို့၊ ကြည်လင်လို့သာ၊ ခင့်မျက်နှာကို၊
တကာပိုလွမ်း၊ ညစဉ်မှန်းမြင်၊ ခင်သိလျှင်သာ၊ နှစ်သိမ့်ပါလို့၊
ချစ်သူသို့တမ်း၊ အာရုံပန်းစဉ်၊ တစ်ကြိမ်မြင်လျက်၊ အရုဏ်တက်မှ၊
ပြန်စက်ရနိုး၊ အိပ်ချိန်ခိုးယူ၊ မြမဉ္ဇူပျို၊ လကြယ်အိုလင့်၊
မြင်သည်ခင့်ကို လှတိုင်းဆို…။
ပင်စည်မြင့်အို၊ မြိုင်ရိပ်ညိုဝယ်၊ စိမ့်စမ်းငယ်နှင့်၊ မာလာပွင့်ပန်း၊
ဂနိုင်ချမ်းစိမ့်၊ မြင်လွှာနိမ့်မြင့်၊ ဆန်းကြယ်တင့်လှ၊ လိုဏ်ဂူဝဖုံး၊
နွယ်ရှင်ရုန်းစု၊ ပွင့်ဖက်နုသစ်၊ ရွက်ဝါလှစ်ဆို၊ မှိုင်တကိုယ်တည်း၊
ဆိုမညည်းသာ၊ ကြည်နူးကာဖြင့်၊ သစ္စာခင့်ဆီ၊ မှာတမ်းသီလို့၊
ငှက်ငယ်သို့ထံ၊ ခွင့်ကြားပြန်လျှင်၊ သီကျူးချင်လျက်၊ ကြင်စုံဖက်ကာ၊
ပျံသွားရှာကြ၊ မိုးယံမှသည်၊ ခင်ကြားမည်ကို၊ တမ်းတာဖိုလျက်၊
သည်ရင်ထက်တွင်၊ ဆုပန်ချင်မိ၊ ရင်မချိလျှင်၊ ထက်ဝန်းကျင်ဝယ်၊
အလင်းကွယ်ကာ၊ ညို့ရီကာမှ၊ လွမ်းချင်လှဆိုး၊ သစ်ခက်မိုးလင့်၊
ပင်စည်မြင့်အို ပြမှိုင်းညို…။
ရင်ဆီနင့်ပြို၊ ခွဲခွာထိုရပ်၊ ရာသီထပ်ပြီ၊ သည်ဌာနီသို့၊
ပြန်သွားဖို့ကို၊ ညစဉ်လိုတမ်း၊ ခင့်ကိုလွမ်းရင်း၊ ဆိုညည်းချင်းနှင့်၊
သံစဉ်ဖွင့်ကာ၊ နှလုံးနာကို၊ ဘာသာမြိုသိပ်၊ သည်လရိပ်တွင်၊
မအိပ်ချင်ဘူး၊ သည်းမှာစူးလျက်၊ နှလုံးအက်ဆို၊ သတိပိုရ၊
စိတ်မှာတကာ၊ တိုးတိတ်စွာဖြင့်၊ ပြန်ဆုံခွင့်ရည်၊ ချစ်သူဆီသို့၊
ပြာရီညို့လင်း၊ သည်လမင်းအား၊ သိမှတ်ထားကာ၊ ညင်သာစွာလွင့်၊
တိမ်ပြာနှင့်နှိုင်း၊ အာရုံမှိုင်းမိ၊ မူးလျက်ရှိလျှင်၊ ချစ်သူမြင်လို၊
ဘယ်ဆီထိုမြူ၊ လွမ်းကာပူပန်၊ ဘယ်ချိန်ပြန်နိုး၊ စိတ်မှာစိုးလင့်၊
ရင်ဆီနင့်ပြို ညတိုင်းကို…။ ။
တောက ကိုရင်
၁၁.၀၃.၂၀၁၃
13 comments
မဟာရာဇာ အံစာတုံး
March 20, 2013 at 9:36 am
မလွယ်ဘူး .. မလွယ်ဘူး ..
ဒီလို ရေးဖို့ မလွယ်ဘူး …
ကျုပ်ကိုယ်တိုင် စမ်းရေးကြည့်ပါသေးတယ် …
တကယ် မလွယ်ဘူးရယ် …
ရေးဖို့ မလွယ်တဲ့ ကဗျာကို
အားပေးသွားပါတယ် ကိုရင်ရေ ….။
koyin
March 25, 2013 at 9:23 am
ဟုတ်
ကိုရင်လည်း ကြိုးစားပြိးရေးကြည့်တာပါ
မလွယ်ဘူး ဟိးးး
အတွေးလေး
March 20, 2013 at 10:43 am
တော်လိုက်ပါပေ့ကွယ် အဟဲ ကျတော်ကတော့ မရေးနိုင်ဘူးရယ် အမှန်ပြောတာ ချီးကျူးပါတယ်ဗျာ။
koyin
March 25, 2013 at 9:25 am
တော်တာတော့ဟုတ်ဘူးဗျို့
မနည်းကို ညှစ်ထုတ်ရတာ
မောင် ပေ
March 20, 2013 at 8:27 pm
မြင်သည်ခင့်ကို
ကြင်မည်ပင့်ချို
သင်ရီဖွင့်တို
ဂွင်ဆီဖွင့်ဆို
kai
March 21, 2013 at 5:03 am
ရတု
ရတုဟူသည် သက္ကတဘာသာ “ရိတု” မှ “ရတု” ဖြစ်လာသည်။ ရိတု ၏ အနက်မှာ `အခါရာသီ´(ရာသီဥတု)ဟု အဓိပ္ပါယ် ရသည်။ မြန်မာဘာသာ ပေါရာဏသက်သက် ရတု လည်းရှိသည်။ `သဘင်´၊ `အခမ်းအနား´၊ `အခြေအနေ´ ဟူသော အနက်သုံးမျိုး ရသည်။
ဖွဲ့နွဲ့မှုတစ်ခုသည် အများနှင့် ဆက်စပ်လျှင် သဘင်၊
တစ်ဦးတစ်ယောက် အတွက်ကိုသာ စပ်ဆိုလျှင် အခမ်းအနား၊
ပကတိ ဖြစ်ထွန်းနေသော သဘာဝဓမ္မ အခြေအနေများကို ပြလျှင် အခြေအနေ ဟူ၍ အနက်ရသည်။
ရတုသည် လင်္ကာမှ ပေါက်ပွားလာသော ကဗျာအဖွဲ့အနွဲ့ ဖြစ်သည်။ သို့သော် လင်္ကာ ကဲ့သို့ မဟုတ်၊ ဖွဲ့ဆိုရာတွင် စည်းစနစ်၊ ဥပဒေရှိသည်။
ရတုတွင် တစ်ပိုဒ်တည်း ဖွဲ့စပ်လျှင် ဧကပိုဒ်၊
နှစ်ပိုဒ် ဖွဲ့စပ်လျှင် အဖြည့်ခံ၊
သုံးပိုဒ် ဖွဲ့စပ်လျှင် ပိုဒ်စုံ ဟူ၍ ခေါ်ဆိုသည်။ သုံးပိုဒ်ထက် ပို၍ မဖွဲ့နွဲ့ကြပေ။ တစ်ပိုဒ် တစ်ပိုဒ်တွင်လည်း ပါဒ အရေအတွက် (၁၀၈)ပါဒထက် ပိုမို မဖွဲ့နွဲ့ကြပေ။ အဖျားချများတွင်လည်း ခိုင်ညွန့်ခက်ဖြာ ၇-လုံး၊ မဏိဆံကျင် ၉-လုံး၊ အာသာဝတီ ဝတ်ဆံ ၁၁-လုံး၊ မဏိဦးပြည်း ၁၅-လုံး၊ ဇော်တစ်ခိုင်လုံး ၁၉-လုံး စသည်ဖြင့် အဖျားစာလုံး အရေအတွက် သီးသန့်ထားလျက် ရှိသည်။
မြန်မာနိုင်ငံတွင် အစောဆုံးတွေ့ရှိသော ရတုမှာ သက္ကရာဇ်(၇၀၀)ကျော်လောက်က ပင်းယခေတ် စတုရင်္ဂဗလ အမတ်ကြီးရေးသားသော ရတု ဖြစ်သည်။ ထိုရတုသည် ပုဂံဆရာတော် (သို့) ဆူးတွင်းပစ်ဆရာတော်အား မြတ်စွာဘုရား တရားတော် အကြောင်းနှင့် စပ်လျဉ်း၍ မေးမြန်းကာ ရေးသားထားသော အမေးပုစ္ဆာရတု ဖြစ်သည်။ တဖန် ဆရာတော်က ဖြေရတု ကိုလည်း ရေးသားခဲ့သည်။[1]
ရတု အစ
မြန်မာစာပေတွင် ပုဂံခေတ်အတွင်းကပင် ရတုကဗျာများ ပေါ်ပေါက်နေသည်ဟု ထင်မြင်ယူဆဘွယ်ဖြစ်သည်။ ပုဂံခေတ် ပေါ် ရတုများကို မျက်ဝါးထင်ထင် မတွေ့ရှိကြငြားသော်လည်း ရတုသဘော သက်ဝင်သော လင်္ကာတိုကလေးများကို တွေ့ရှိရခြင်းဖြင့် လည်းကောင်း၊ ပုဂံခေတ်ပေါ်ကျောက်စာများတွင် ကာရန်အစပ်အဟပ်ညီသော အဖွဲ့ကလေးများကို တွေ့ရ ခြင်းဖြင့် လည်းကောင်း၊ ထို ထင်မြင်ယူဆချက်မှာ မှားသည်ဟု မဆိုနိုင်ပေ။ ဥပမာ ပြရမည်ဆိုသော် သက္ကရာဇ် ၅၃၆ ခုနှစ် နရပတိစည်သူမင်းကြီးလက်ထက်တွင် မင်းယဉ်နရသိင်္ခ၏ အထိန်းတော် အနန္တသူရိယအမတ်သည် မင်းပြစ်မင်းဒဏ် ရာဇသံကြောင့် သေရအံ့ဆဲဆဲတွင် ရေးခဲ့သော …
”သူတည်းတယောက်၊ ကောင်းဘို့ရောက်မူ၊ သူတယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း” အစရှိသည့် လင်္ကာတိုကလေးကို ဖွဲ့ဆိုခဲ့သည်ကို ထောက်၍လည်းကောင်း၊ ထိုခေတ်ထိုကာလလောက်ပင် ဖွဲ့ဆိုသည်ဟု ယူဆအပ်သော …
”သိုးကလေး။ ။ပုပ္ပါးနတ်တောင်၊ အခေါင်မြင့်မား၊ စုံတောဖျား၌၊ နံ့ရှားကြိုင်လွင့်၊ ခါတန်ပွင့်သည်၊ ရွှေနှင့်ယိုးမှား၊ ပန်းစကား” အစရှိသည့် ပုပ္ပါးနတ်တောင်ဘွဲ့ လင်္ကာသည်လည်းကောင်း၊ ထို့ပြင် ကျစွာမင်းလက်ထက် ဖွဲ့ဆိုသည်ဟု ယူဆအပ်သော … ”မြကန်သာ။ ။တောင်ကျချောင်းတေး၊ ရေဝင်ပြေးလှည့်၊ ရေအေးကြည်စွာ၊ ကန်ပိုင်မာလျက်၊ ကြာပေါင်းထုံထုံ၊ ငှက်မျိုးစုံသည်၊ ဘုံဝတိံက၊ နန္ဒာလော၊ တူစွဟုတ္တာ။” အစရှိသော ‘မြကန်ဘွဲ့’ လင်္ကာတိုကလေးသည်လည်းကောင်း၊ ပဒလေးလုံး၊ ပဒသုံးလုံးဖြင့် အစချီ၍ လေးလုံးစပ် ကာရန် ဖြင့် ဖွဲ့ဆိုပြီးလျှင် အချအပိုဒ်တွင်လည်း ရှစ်လုံး၊ ခုနစ်လုံး စသည်ဖြင့် ချဆိုဖွဲ့နွဲ့သည်ဖြစ်၍ လင်္ကာဟုပင် တပ်အပ်ခေါ်သော် လည်း စင်စစ်သော်ကား ရတုသဘော သက်ဝင်သည်ဟု ဆိုရပေမည်။
စင်စစ်အားဖြင့် ရတုသည် လင်္ကာမှပေါက်ပွားလာသော ကဗျာအဖွဲ့အနွဲ့ဖြစ်သည်။ သို့သော် လင်္ကာကဲ့သို့ မဟုတ်မူ၍ ဖွဲ့ဆိုရာ တွင်လည်း စည်းစံနစ်ရှိသည်။ လင်္ကာ၌ ပုဒ်ရေပေါင်း ဖွဲ့လိုသမျှ ဖွဲ့နိုင်သည်။ အဖျားချတွင်လည်း စာလုံးရေ အကန့်အသတ် မရှိ၊ ရတုတွင်ကား တပိုဒ်တည်းဖွဲ့စပ်လျှင် ဧကပိုဒ်၊ နှစ်ပိုဒ်ဖွဲ့စပ်လျှင် အဖြည့်ခံ၊ သုံးပိုဒ်ဖွဲ့စပ်လျှင် ပိုဒ်စုံ ဟူ၍ ခေါ်ဆိုသည်။ သုံးပိုဒ်ထက်ပို၍လည်း မဖွဲ့နွဲ့ကြချေ။ တပိုဒ် တပိုဒ်တွင်လည်း ပဒ အရေအတွက်အားဖြင့် “၁၀၈” ပဒထက် ပိုမို၍ မဖွဲ့ကြချေ။ အဖျားချများတွင်လည်း (၇)လုံး၊ (၉)လုံး၊ (၁၁)လုံး၊ (၁၅)လုံး၊ (၁၉)လုံး စသည်ဖြင့် အဖျားချစာလုံး အရေအတွက် သီးသန့် ထားသည်။
သက္ကရာဇ် ၇၀ဝ ကျော်လောက်တွင် ရတုကဗျာအဖွဲ့မှန်ဟု ဆိုအပ်သော စတုရင်္ဂဗလ အမတ်ရေးသည့် … ရွှေဘွားတော်အောက်၊ ကျွန်၏လျှောက်ဖြင့်၊ မလျှောက်ဝံ့ဝံ့၊ လျှောက်ဝံ့ဝံ့တည့်၊ ကြောက်ရွံ့လျက်ပင်၊ စက်ရွှေစင်ကို၊ ထိပ်ပြင်ပန်းနှယ်၊ ဆင်းစမ္ပယ်လျက်၊ အစချီသောရတုကို မြန်မာစာပေနယ်ပယ်တွင် ရှေးဦးစွာတွေ့ရသည်။ တွေ့ရှိရသမျှ ရတုတို့တွင် အထက်ပါ စတုရင်္ဂဗလ အမတ် ရေးသည့် ရတုသည်ပင်လျှင် အဟောင်းဆုံးရတုဟူ၍ ဆိုရပေမည်။ သို့သော် ထိုရတုသည် မယ်ဘွဲ့၊ မောင်ဘွဲ့ မဟုတ်ပေ။ မြတ်စွာဘုရား၏တရားတော်အကြောင်းနှင့် စပ်လျဉ်း၍ ရေးသားထားသော ဓမ္မသဘောသက်ဝင်သည့် ရတု ဖြစ်သည်။
အင်းဝခေတ်မှ အစပြု၍ ရတုနယ်ပယ်သည် ကျယ်ဝန်းလာသည်။ ထိုခေတ်တွင် မယ်ဘွဲ့၊ မောင်ဘွဲ့၊ ကျေးစေရတုများ ပေါ်ပေါက် လာချေပြီ။ သက္ကရာဇ် ၉၀၀-ကျော်လောက်တွင် ရတုနဝဒေးကြီးဟု ကျော်စောထင်ရှားသော စစ်ကိုင်း ထောင်သင်းမှူး(ခေါ်) စလင်းလကျ်ာ(ခေါ်)ပြည် နဝဒေးကြီးသည် ရတုပုဒ်ရေပေါင်း ၃၀၀-နီးပါးမျှကို စပ်ဆိုဖွဲ့နွဲ့ခဲ့သည်။ ထိုနောက် တောင်ငူခေတ်တွင် နတ်သျှင်နောင် ရတုကဗျာအဖွဲ့ သည် များစွာ ခေတ်စားလာပြီးလျှင် လူပုဂ္ဂိုလ်တို့ အများအပြားဖွဲ့ဆိုလာကြသဖြင့် ထိုတောင်ငူခေတ်ကို ရတုခေတ်ကြီး ဟူ၍ လည်း ခေါ်တွင်လေသည်။
https://sites.google.com/site/myanmarsite1/home/ya/yatu
မဟာရာဇာ အံစာတုံး
March 22, 2013 at 9:06 am
ရှဲရှဲ သန်းကျူး အကြီးကြီးပါ ဘဂျီးရေ …
ဒါလေး ကူးထားလိုက်မယ် …
သူညားဂို ချရာဂျီး ပြန်လုပ်ရမယ် .. ဟီဟိ ..
koyin
March 25, 2013 at 9:28 am
ကျေးဇူးပါ သကြိးယေ
ပိုပညာရတာပေါ့
ကိုရင်တို့လည်း ဆရာတွေတီက နည်းမှီတုပကြိုးစားရေးရတာ
လေ့လာနေဆဲပါ
Mr. MarGa
March 21, 2013 at 2:25 pm
ကိုရင်ရေ
တကယ် လေးစားပါတယ်
အဲသလို ဖွဲ့နိုင်တဲ့ စွမ်းရည်ကို
နောက်ထပ်လဲ ထပ် ဖွဲ့ပါဦး လို့ နော်
koyin
March 25, 2013 at 10:02 am
ခုထိ လေ့လာနေတုန်းပါ
အဒါတော့ မပူနဲ့
ရေးအုံးမှာ
🙂
ရာမည
March 22, 2013 at 2:07 pm
ကိုရင် ကိုတော ့ဆရာတပ်ခေါ်သင့်တယ်
တော်တော်များများဖတ်ဖူးပါတယ်
ဆရာကိုရင်ရဲ ့ လက်စွမ်းကိုလည်း အလွန်လေးစာမိပါတယ်
ကျွန်တော့်အထင် မြန်မာစာ ပညာရှင်တစ်ဦးလို ့မှတ်ယူပါတယ်
koyin
March 25, 2013 at 10:07 am
အမလေး
ဆရာတော့ မခေါ်လိုက်ပါနဲ့ဗျာ
တောင်းပန်ပါတယ်
လုမှလေ့လာနေဆဲမို့ပါ
မြန်မာသာပညာရှင်လည်းမဟုတ်ရပါ
မြန်မာစာကို ချစ်သူသာဖြစ်ပါကြောင်း
ကိုရင်ရေးတာ နှစ်သက်တယ်ဆိုရင် ဆရာတွေရဲ့နည်းပေးလမါးပြငေ်းမှုသာဖြစ်ပါကြောင်း
ဆက်လက်ကြိုးစားနေပါ့မယ်
🙂
koyin
March 25, 2013 at 11:03 am
တော်တော်ကြိးကို ခက်ခက်ခဲခဲ ကြိုးစားပြိးရေးထားရတဲ့ အဖျားကောက်နဲ့ ကိုယ်တွင်းပြည့်ပိုဒ်စံရတုနှစ်ပုဒ် ထပ်တင်ပေးပါ့မယ်
့မြန်မာရိုးရာကဗျာနှစ်သက်မြတ်နိုးသူတွေအတွက် တစ်ခုခုတော့ ပေးနိုင်မှာပါ
ဒိနေ့တော့ တင်လို့မရတော့လို့