“ကောက်ရိုးပုံအောက်မှာ အပ်ပျောက်ကိုရှာခြင်း”
ငယ်ငယ်တုန်းကတော့ ပြောတိုင်းယုံတဲ့ ပုတ်သင်ညိုလုပ်ခဲ့ရာက တဖြေးဖြေး အရွယ်ကလေးရလာတဲ့အခါ ကိုယ့်ဘာကိုယ် ဟုတ်သည် မဟုတ်သည် ချင့်ချိန်တတ်လာပါတယ်။ နောက်တော့လည်း ကိုယ့်ထက် အ တဲ့သူတွေ့ရင် ကြပ်တင်ပေး ချောက်ချ ပေါက်ကရတွေ ချွန်တွန်းလုပ်ခဲ့ပေမယ့် လူတဘက်သားနစ်နာလောက်အောင်တော့ အကျီစားမသန်ခဲ့ပါဘူး။ သူငယ်ချင်းပါဆိုမှ ချစ်လို့ခင်လို့ ပေါင်းတာကိုး။ အကြိုက်စရိုက်မတူလို့ သဘောထားကွဲလွဲတာသာ ရှိကောင်းရှိမယ်။ တစ်ယောက်နဲ့တစ်ယောက် ရန်သူကြီးများလို တွေ့ရာသချင်္ိုင်း ဓါးမဆိုင်း သတ်မဟဲ့ဖြတ်မဟဲ့ ဘယ်သူနဲ့မှ မရှိခဲ့ဘူး။ အလုပ်ထဲရောက်တော့ ကိုယ့်ပေါ် မကောင်းကြံ၊ ဒုက္ခပေးတဲ့သူတွေကိုလည်း ဟိုတုန်းကပြောခဲ့သလိုပဲ ခွဲခွာတဲ့အချိန်မှာ တခါတည်း မေ့ပစ်ခဲ့တယ်။ သယ်မလာတော့ဘူး။ ဒါကြောင့်မို့ ခုချိန်မှာ ခါးခါးတူးတူး မုန်းတဲ့သူရှိသလားဆိုရင် တော်တော်စဉ်းစားယူတာတောင် ဘယ်သူ့ကို ပြောရမှန်းမသိဘူး။ သူများတွေလည်း သည်လိုပဲ ရှိပါလိမ့်မယ်။ မျက်နှာကြောမတည့်လို့ အမြင်ကပ်ရင်ကပ်လိမ့်မယ်။ အငြှိုးတကြီးနဲ့တော့ ငါမင်းကို သတ်ချင်တယ် ဖြစ်ကျန်ရစ်ခဲ့တဲ့သူ ရှိလိမ့်မယ် မထင်ပါဘူး။ အခုဖေ့စ်ဘုတ်ပေါ်မှာ စာရေးတော့မှပဲ ကိုယ့်အပေါ်မှာ ရွှေမေတ္တာထားတယ်လားတကယ် ဆို နင်ရင်လည်းသေမှ ငါရင်လည်းရှင်မှ ဆိုတဲ့သူတွေ ပေါပေါလာပါတယ်။ အရေးအသားတွေက အဲသလောက်တောင် ချစ်စရာကောင်းနေသလား မသိပါဘူး။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ သူတို့ချီးမြှင့်ထားတဲ့ ဂုဏ်ပုဒ်ကလေးကိုတော့ ဘဘကြီးတွေ ရင်ဘတ်ကောက်တပ်ထားတဲ့ တံဆိပ်ကလေးတွေလိုပဲ ရင်ဘတ်ပေါ်ကောက်ချိတ်ထားလိုက်ပါတယ်။ မှန်တာ မမှန်တာ အချိန်အခါက အဆုံးအဖြတ်ပေးမှာပေ့ါ့။ လောကကြီးမှာ လုံးဝဥဿုံ အကြွင်းမဲ့ယုံနိုင်တဲ့ သစ္စာတရားဆိုတာ လေးပါးပဲ ရှိတယ်။ သူလည်းမသိသေး ကိုယ်လည်း သေသေချာချာ မသိသေးလို့ သည်အပေါ်မှာ စာရေးရင်းတွေ့နေရတဲ့သူချင်းအတူတူ ငါပြောတဲ့ မဟုတ်တာကလေးက နည်းနည်း ပိုမှန်တယ်လေ လို့ တစ်မူးပိုမရှူချင်ပါဘူး။
သူတို့ပေးတဲ့ ဘွဲ့တံဆိပ်ထဲက ခါတော်မီကြေးတံဆိပ်ကြီးတစ်ခုကို ဘရာဇိုနဲ့ ဝင်းနေအောင်တိုက်ပြီး တင်ထားလိုက်ချင်တာက “Racist” ဆိုတာကြီးပါ။ ဟုတ်ပါတယ်။ အခု ဘာသာရေး၊ လူမျိုးရေး အကြောင်းပြုပြီး သခွပ်ပင်က မီးတကျည်ကျည် ဖြစ်နေတဲ့အခိုက်မှာ ခင်ဗျားတို့ Racistကြီးပါလို့ သမုတ်ထားတဲ့ အမှန်တဝက်ရော အမြင်ကျဉ်းမြောင်း ဝါးလုံးခေါင်းလသာနေသူကြီးက “မူဆလင် ဘာသာခြား မြန်မာအမျိုးသားအားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာကြပါစေ။” လို့ လှိုက်လှိုက်လှဲလှဲကြီး ဆုတောင်းပေးလိုက်ပါတယ်။ ဗုဒ္ဓဘာသာ မြန်မာမျိုးချစ် ဝံသာနုအပေါင်းတို့က ဝက်ဝက်ကွဲအောင် ဆော်ကြသမကြမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် သဘောထား မပြောင်းပါဘူး။ အဲဒီအတိုင်း စိတ်ရင်းနဲ့ကို အမှန်တကယ် မေတ္တာပို့သပါတယ်။ မှန်တာပြော နှစ်ဦးနှစ်ဘက်စလုံး ငြိမ်းချမ်းပြေလည်ရပါစီရဲ့။ ပြဿနာအစကို ခဏဖယ်ထားလိုက်ပါဦး။ လောလောဆယ် တဟုန်းဟုန်းတောက်လောင်နေတဲ့ အမုန်းမီးတောက်တွေကို အဲဒီလို ကိုယ့်ဘက်နဲ့ကိုယ် ငြိမ်းလိုက်ကြပါဦး။ ကိုယ်က မြန်မာဗုဒ္ဓဘာသာမို့ မူဆလင်တွေဘက်ကို စပြီး မေတ္တာပို့တာပေါ့။ တကယ်တော့ သူတို့လည်း မြန်မာတွေပဲ။ အပြန်အလှန်ကလဲ့စားချေလို့ စိတ်ကျေနပ်မှုတော့ ခဏတဖြုတ်ရချင်ရလိမ့်မယ်။ ရန်မီးကတော့ မငြိမ်းဘူး။ လုပ်ရမှာက ကိုယ့်ဘက်ကို နောက်ထပ် အပျက်အစီးအထိအခိုက် အသေအပျောက် မရှိရအောင် ကာကွယ်ရမယ်။ တစ်ချိန်တည်းမှာပဲ တဘက်ကို စာနာညှာတာပြီး ကိုယ့်လိုပဲ ချမ်းသာစွာနေနိုင်အောင် ပြေပြေလည်လည် ဆက်ဆံရမယ်။
ကို်ယ်မခံရတိုင်း သူတော်ကောင်းကြီးလုပ်ပြီး အမှတ်ယူနေတယ် မထင်ပါနဲ့။ ဖြစ်ခဲ့ပျက်ခဲ့သမျှတွေမှာ နောက်ကချည့် လိုက်လိုက်ရှင်းနေရတာ ဘယ်တုန်းကမှ လက်ဦးမှု မရခဲ့လို့ သည်တစ်ခါတော့ သူများထက်ဦးအောင် အကွက်ကြိုရွှေ့ထားလိုက်တာပါ။ ပြဿနာတွေတက်နေပြီ။ ထိမ်းလို့မရဘူးလား။ ဟိုမှာ အမြဲတမ်းဝင်ဝင်ကယ်ပေးနေကျသူတွေက ဝမ်းသာလွန်းလို့ ကျွမ်းတောင်ထိုးနေပြီ။ ရိုးရာမပျက်ရအောင် အမေလာပါ။ ကော်မရှင်ဖွဲ့ပါဦး။ စုံစမ်းစစ်ဆေးပေးပါဦးဆိုရင်လည်း ဟိုကလူကြီးပီပီ မူဆလင်ခေါင်းဆောင်တွေနဲ့ အရင်တွေ့ဆုံဆွေးနွေးရဦးမှာ။ (ကိုယ်တောင်မှမေတ္တာပို့ရင် သူတို့ဆီက အရင်စပို့သေးတာ) ဒီအခါကျတော့ အနှစ်အစိတ်လုံးလုံး အသံမစဲရွတ်လာတဲ့ ကုလားမယား ဘာဖြစ်တယ် ညာဖြစ်တယ် နဲ့ ကလော်တုပ်ကြ၊ မခံနိုင်တဲ့သူတွေနဲ့တခါ နောက်တစ်ပွဲနွှဲကြနဲ့ မပြီးတော့ဘူး။ တကယ်လို့များ သည်စာကိုဖတ်နေတဲ့သူလည်း ကိုယ်ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရမယ့်နေရာမှာ ရောက်နေမယ်ဆိုရင် တစ်ယောက်မှမထားနဲ့ အကုန်သတ်ပစ်လို့ လွယ်လွယ်ကလေး ပြောလိုက်မှာလား။ စဉ်းစားပါဦး။ သတ္တိဆိုတာ အသိဉာဏ်နဲ့မယှဉ်ရင် မိုက်ရူးရဲလို့ ခေါ်ပါသတဲ့။ မနေ့က ပြဿနာတက်တယ်။ ညဘက်မှာ ၁၄၄ ထုတ်ရပြီ။ အသေအပျောက် အပျက်အစီး မြင်တဲ့အတိုင်းပဲ။ ရှေ့ဆက်ရင် ဘာဖြစ်လာမလဲ တွေးကြည့်ပါဦး။ လူတွေက အရမ်းပဲ ဆင်ခြင်ဉာဏ် အသိဉာဏ်နည်းကြသလား မသိပါဘူး။ ဟိုးပဝေသဏီသမိုင်းကြောင်းက သင်ခန်းစာတွေ အသာထားပါဦး။ အခုလက်ရှိ ကိုယ်တွေ့မျက်မြင် အရှင်လတ်လတ်ကြုံခဲ့ရတဲ့ အတွေ့အကြုံကလေးတွေကို ပြန်စဉ်းစားရင်ပဲ ဒီအကွက်ကြီးတွေက ဖန်တစ်ရာတေနေတဲ့ ဇာတ်လမ်းဟောင်းကြီးတွေ။ မေ့များမေ့နေကြရော့သလား လို့ ပြန်အစဖော်ပေးလိုက်မယ်နော်။
အသက်တစ်ရာနေနေသာသာ ငါးနှစ်သက်တမ်းကလေးတောင် တဝက်မကျိုးသေးပဲ အမှုတစ်ရာပွေနေတာကို ကြည့်ရင် တစုံတခုသော အမှောင့်ပယောဂ ရှိလိမ့်မယ် လို့ ဘာဖြစ်လို့ မတွက်မိကြတာလဲ။ အဖြစ်အပျက်တိုင်း အဖြစ်အပျက်တိုင်းမှာ ဘယ်ကမှန်းမသိတဲ့ အဆင်သင့်လည်း ရှိနေတဲ့ လူစုလူဝေး အစိတ်သုံးဆယ်လောက်ကလည်း မိုးကျရွှေကိုယ်လို ဘွားကနဲ ရောက်ရောက်လာကြတယ်။ နေစရာမရှိလို့ ကျူးကျော်တဲထိုးတာပါ ဆိုတဲ့သူတွေအတွက်တောင် လော်ရီကားအစီးလိုက်နဲ့ ဝါး၊ ဓနိ၊ သက်ကယ်၊ လိုသလောက်ပေးမယ့်အပြင် ထမင်းစားရိတ် နေ့တွက်ပါ ပေးမယ့်သူတွေရှိတာ သဒ္ဒါကြည်လင် ပါရမီရှင်ကြီးတွေလား။ မုံရွာမှာ ရန်ကုန်သားတွေ တရုန်းရုန်း၊ ယိုးဒယားထိရောက်အောင် အိမ်ဦးကြမ်းပြင် ကူးလိုက်သန်းလိုက် လုပ်ဖို့ဆိုတာ စာဖတ်နေတဲ့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်စမ်းပါ။ အဲလောက် လွယ်ပါ့မလား။ သူတို့ပါးစပ်ပြင်လိုက်ရင် ဘီဘီစီ ဗီအိုအေက အသင့်။ စူ့ထက်စူ လူစွမ်းကောင်းတွေဆိုတာများ ဝူခုန်းကားတောင် အရှုံးပေးရမယ်။ ရဟန်းဇာနည် လူဇာနည်တွေ အပုံ။ ဟိုးအရင်တုန်းက ကျောင်းသားတစ်ယောက်လက်ထဲမှာ နိုင်ငံရေးစာရွက်စာတမ်းမိရင် တပ်ချင်တဲ့ပုဒ်မတပ်ပြီး ခေါ်ချင်တဲ့အချိန် လာခေါ်နေတဲ့သူတွေက အခုချိန်မှာ လက်နက်တွေ အများအပြားမိတာတောင် ဘယ်သူ့လက်ချက် ခြေရာခံလို့မရတာ ထူးဆန်းပါပေ့ ကတွတ်ပီရယ်။ ပန်းစိုက်သမားကြီးလက်ထက်တုန်းကလို ဒါတွေက ဗကပလက်ချက် ABSDF လက်ချက်၊ မိုးလက်ညှိုးထိုး မြေလက်ညှိုးထိုး လွှဲချစရာလည်း ဘာမှ မရှိတော့ဘူး။ ဒါဆိုလွယ်ပါတယ် စစ်အစိုးရလက်ချက်။ ဘယ်မလဲ သက်သေ။ ဒီကနေ့ နိုင်ငံရေးဆိုတာ အစိုးရ နဲ့ အတိုက်အခံဆိုပြီး ဘက်နှစ်ဘက်တည်းရှိတဲ့ နိုင်ငံရေး မဟုတ်တော့ဘူး။ ဒူးရင်းသီးလို ဘက်ပေါင်းစုံအောင် အချွန်ထွက်နေပြီ။ အရှေ့အရပ်၌ရှိသော၊ အနောက်အရပ်၌ရှိသော၊ မျောက်အမေကြီးကားတိုက်၌ရှိသော၊ နော်ဝေး အင်္ဂလန်၌ရှိသော၊ တသောသောညံလို့။ လက်သည်က ပေါ်သာမပေါ်တယ်။ ရှိနေတာတော့ ဧကန်။ ဘယ်သူပေးတဲ့ကတိမှလည်း မယုံဘူး။ ဘယ်သူ့ကိုမှလည်း စိတ်မချရဘူး။ ကြာလေကြာလေ။ ၈၈တုန်းက အာဏာမသိမ်းခင် ရက်တွေနဲ့ တူတူလာလေပဲ။
မသိမမီလိုက်တဲ့သူတွေအတွက် ကိုယ်ဖြတ်သန်းခဲ့တဲ့ ၈၈အမှတ်တရတွေကို ပြန်ဖော်ပေးပါ့မယ်။ မှားတယ်မှန်တယ်တော့ မငြင်းလိုဘူး။ အဲဒီအတိုင်း တွေးခဲ့ခံစားခဲ့တာတွေကို အရင်းအတိုင်း ပြန်ရေးပြတာပါ။ ဘိုးတော်ကြီး မိုးပေါ်ထောင်ပစ်မယ် မိန့်ခွန်းပြောတော့ တက္ကသိုလ်ကျောင်းသား တတိယနှစ်ရောက်နေပါပြီ။ အံဩလွန်းလို့ မယုံနိုင်ပါဘူး။ ဘာဖြစ်လို့ဆိုတော့ ကိုယ့်စိတ်ထဲမှာ အဲသည်လူကြီးကို ဘယ်သောအခါမှ ဘယ်သူကမှ ပြုတ်ကျအောင် လုပ်နိုင်လိမ့်မည် မဟုတ် လို့ အကြွင်းမဲ့ ယုံထားတယ်။ ၇၄တုန်းကလည်း သူ့ကုလားထိုင်က တုတ်တုတ်မှ မလှုပ်ခဲ့တာ မှတ်မိတယ်။ အဲဒီမတိုင်ခင်က သူ့မကောင်းကြောင်းဆိုတာ အရပ်ထဲမှာ နှစ်ကိုယ်ကြားတောင် မပြောရဲဘူး။ အပြောခံရတဲ့သူက သွားတိုင်ရင် သက်သေမလိုပဲ ထောင်နန်းစံရတဲ့ဘဝ။ သူမိန့်ခွန်းပြောတဲ့အချိန်မှာ ဖုန်းမော်ကိစ္စက ငြိမ်သွားလို့ ဘယ်သူမှ စကားဦးမသန်းရဲဘူး။ သူကိုယ်တိုင်က ဆင်းပေးပါ့မယ်။ တစ်ပါတီကြိုက်သလား ပါတီစုံ ကြိုက်သလားဆိုတော့ ဘာရွေးရမှန်းတောင် မသိ။ သို့သော် လေလည်ရုံကလေးလည်ပြသွားပြီး နောက်တစ်နေ့မှာ ဘုန်းကြီးပျံ ဧယျာဉ့်ကျူးသလို ငိုကာယိုကာနဲ့ ဝိုင်းကန့်ကွက်ကြတော့ ရွှေပြည်တော် မျှော်တိုင်းဝေးသွားရော။
သူ့ထက်ပိုကြမ်းတဲ့တစ်ယောက် တက်လာတယ်ဗျ။ အဲဒီအချိန်မှာ နိုင်ငံရေး နကန်းတစ်လုံးမှ နားမလည်တဲ့ ကိုယ်က နံပတ်တူးကြီးကို မျှော်လင့်နေတာ။ သူ့ဟာသူနှုတ်ထွက်တာနဲ့ ဘာဖြစ်လို့ တပါတည်း ဆွဲခေါ်သွားမှန်း မသိပါဘူး။ ဟိုက ထွက်ချင်လို့လားလည်း တစ်ခွန်းမှ မမေးဘူး။ ငါထွက်တယ်။ မင့်လည်း မထားခဲ့ဘူးဆိုတာမျိုး။ တကယ်လို့များ သူက ထွက်မယ် အသံမပေးပဲ အပြောင်းအလဲတစ်ခုခုကို မသိလိုက်မသိဘာသာလုပ်သွားရင် ဘယ်သူမှ ပြောရဲမယ် မထင်ပါဘူး။ ဒါပေမယ့် သူ့လိုလူတစ်ယောက်ဆီက ကုလားထိုင်လှုပ်သံကြားလိုက်ရတော့ တစ်လျှောက်လုံး ပြားပြားဝပ်လာတဲ့လူထုက သခင်အသစ်ကို လူမထင်တော့ဘူး။ ခမျာလည်း အားရပါးရ ကြမ်းပြပါသေးတယ်။ ဒါပေမယ့် ဆေးမမီတော့ဘူး။ လူတွေက အရှိန်တက်နေပြီ။ သူတို့စွပ်စွဲသလို မြေပေါ်မြေအောက် အဖျက်သမားတွေက အစီအစဉ်တကျ လှုံဆော်ဖန်တီးသွားတယ်လို့ ကိုယ်ကတော့ မထင်ပါဘူး။ အထွေထွေ မကျေနပ်မှုတွေ အုံကြွပေါက်ကွဲလာတဲ့အပေါ်မှာ သူများက ဖျာဝင်ခင်းသွားရုံလေးတင်။ သူ့ကိုဆန့်ကျင်တဲ့စိတ်ကတော့ ညီညွတ်တယ်။ ဟိုဘက်ကို ထောက်ခံတယ်ဆိုတာတော့ မဟုတ်သေးဘူး။ ပုဏ္ဏကတိုက်လို့ မရမှန်းသိတဲ့အခါ အပျော့ဆွဲဆွဲဖို့ အရပ်သားအစိုးရဆိုတာကို တင်ပြန်ပါတယ်။ ညတိုင်ကျရင် ခေါင်းပေါင်းကြီးတွေနဲ့ “ပြည်သူပြည်သားများ ခင်ဗျား။” တို့၊ “မစောင့်နိုင်ကြတော့ဘူးလား။” တို့၊ “ပျော်ပျော်ပါးပါးကြီး အုတ်မြစ်ချကြတာပေါ့။” တို့ကို ကြည့်ရင်းကြည့်ရင်း စိတ်ညစ်တဲ့ကြားက ရယ်ကြမောကြတယ်။
အဲဒီအချိန်မှာ ဖြစ်ပျက်နေတာက သူတို့လိုချင်လို့ ဆင်ထားတဲ့ မင်းမဲ့စရိုက်လက္ခဏာဆိုတာ အပြင်မှာ ကွက်တိမှန်နေတယ်။ မမှန်မှန်အောင်လည်း သရုပ်ဖော်နေတယ်။ ဟုတ်တယ်လေ။ မင်းမဲ့စရိုက်ပေါ့။ ဒီဘုရင်မခံချင်လို့သာ လမ်းပေါ်ထွက်အော်နေရတာ။ ဘယ်ဘုရင်တင်မှာလဲဆို ကိုယ့်ဘက်က တင်စရာ ဘယ်သူမှ မရှိဘူး။ သူတလူငါတမင်းရယ်။ တဘက်က တစ်သွေးတစ်သံတစ်မိန့် နဲ့ အာဏာရှင်ပဲပြောပြော ထိပ်ကဦးဆောင်မယ့်သူတွေရှိတယ်။ လမ်းပေါ်ကလူတွေမှာ မကျေနပ်ချက်ကလွဲရင် ဆင်ခြင်တုံတရားတောင် မရှိဘူး။ အတွေ့အကြုံလည်း မရှိဘူး။ တောင်သမန်အင်းထဲက ဘဲအုပ်ကြီးကို လှေတစ်စင်းတုတ်တစ်ချောင်းနဲ့ ကိုယ်လိုရာ မောင်းသွင်းသွားသလိုပဲ အစီအစဉ် ဦးဆောင်မှု ရေရေရာရာ မရှိတဲ့သူတွေကို သူတို့လိုချင်တဲ့ ကျုံးအတွင်း မရောက်ရောက်အောင် ဆွဲသွင်းသွားတယ်။ (မဟုတ်ဘူး ငြင်းချင်ငြင်းပေါ့။ အဲဒါ ကိုယ့်အမြင်ပဲ) တောင်လုံးပြန်မှာ ဂိုဒေါင်တွေဖောက်ပြီး ဆန်တွေသယ်ကြတယ်။ အရပ်သားတွေ ငတ်လို့ ဖောက်တာပေါ့ လို့ မထင်နဲ့။ ကားအစီးလိုက်နဲ့ လိုချင်သလောက် တင်ယူသွားပြီးမှ ကျန်တာကို လိုချင်တဲ့သူတွေ လာယူကြဟေ့ ဆိုပြီး ဖွင့်ပေးလိုက်တယ်။ ပြီးတော့ အလုအယက်ယူနေတဲ့သူတွေကို ပစ်ရင်းခတ်ရင်း မှတ်တမ်းတင်တယ်။ ခေါင်းဖြတ်အသတ်ခံရတဲ့သူတိုင်းဟာ စကားမေးမရပဲ လက်ပူးလက်ကြပ်ကျူးလွန်ထားတဲ့ ပြစ်မှုအကြီးကြီးတစ်ခုကို ကျူးလွန်ဖို့ကလွဲလို့ ဘာတစ်ခုမှ မသိကြဘူး။ ပြီးရင် ကိုယ်သာဘယ်သူရိုက်သွားမှန်း မသိလိုက်တာ ခေါင်းဖြတ်တဲ့မှတ်တမ်းက အခွေလိုက် ရုပ်သံပေါ်ရောက်သွားရော။ သည်လိုနဲ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အချိန်မှာ လူတွေရဲ့စိတ်ထဲ သည်လိုမှ မလုပ်ရင် သည်ပွဲ မပြီးတော့ဘူး လို့ ထင်လာတယ်။ နောင်ကျ ပိုဆိုးကာမှဆိုးရော လောလောဆယ်တော့ အေးအေးချမ်းချမ်းနေချင်တယ်။ ရန်မဖြစ်ချင်တော့လို့ စကားနည်း ရန်စဲနေလိုက်တာဟာ မလှုပ်စိတ်တူ သဘောထားလို့တော့ မရပါဘူး။ ထမီကျွတ်၍ လွှတ်လိုက်တယ် နိုင်တယ်လို့တော့ မထင်နဲ့ကွယ်တဲ့။ သူတို့တချိန်လုံး အသံကျယ်ကြီးဟစ်နေခဲ့တဲ့ ပြည်သူ့သဘောထားဆိုတာကို ၁၉၉ဝမှာ ပိုင်ပြီထင်ပြီး ထွက်ရိုက်လိုက်တာ ဟက်တက်ကြီးကွဲတော့မှ သဘောပေါက်သွားတယ်။ စစ်တန်းလျားပြန်မယ် ကတိပေးထားတဲ့သူတွေကို တီဗီပေါ် ကျန်စစ်မင်းကားရိုက်ခိုင်းပြီး မဖြစ်ဖြစ်တဲ့နည်းနဲ့ အနားပေးရတယ်။
ဒီ့ထက်ပိုပြီး နောက်ကျတဲ့သမိုင်းတွေကိုတော့ မလှန်ရဲတော့ပါဘူး။ ဒီလောက်ဆိုရင်တောင် လုံလောက်နေပါပြီ။ အင်မတန် အထအနကောက်တတ်သူကြီးများ ဆိုတော့ကာ ဒီလိုဆိုရင် ဒီပြဿနာတွေအားလုံး စစ်တပ်ကဖန်တီးနေတာပေါ့ လု့ိ အဆင်းဘီးတပ်ပေးကြဦးမယ်။ ပြောသားပဲ ဘက်က နှစ်ဘက်တည်းရှိတာမှ မဟုတ်တာ။ ဘယ်နှစ်ဘက်ရှိရှိ ပြဿနာ မဟုတ်ဘူး။ ကိုယ့်မှာ ဦးနှောက်မရှိတာကသာ ပြဿနာ။ များများ မဟုတ်ပါဘူး။ အခုရေးတဲ့စာ ဘာကိုဆိုလိုသလဲဆိုတာပဲ ဉာဏ်မီအောင် စဉ်းစားကြည့်ပါဦး။ ၈၈ကို ကိုယ်တိုင်ဖြတ်သန်းလာတဲ့ မြန်မာတစ်ယောက်အနေနဲ့ ပြည်သူ့သဘောထား ဘယ်လိုရှိမလဲ ကိုယ့်ဘာသာကိုယ်တော့ အသိဆုံးပဲ။ ဒါပေမယ့် ခုချိန်မှာ နင်တို့တော်မလား မတော်ဘူးလား။ မတော်ရင် နင်တို့ပထွေးနဲ့တွေ့တော့မယ်နော် လို့ အော်ပလိုက်ချင်တာ အမှန်ပဲ။ ဒါကိုပဲ ပထွေးမျှော်နေပါတယ်ဆိုပြီး ကိုယ့်ပြန်အမှုပတ်ဦးမယ်ဆိုရင်တော့ လွှတ်ပေးလိုက်တယ်။ ကိုယ်တိုင် ခံစားကြည့်ကြ။ ပြီးကျမှ မပြောမရှိနဲ့။ ရက်စွဲတပ်ထားတယ်။ မဟုတ်ရင် ပြန်လာပြောလှည့်။
credit to Dr Soe Min
11 comments
kai
March 22, 2013 at 2:51 pm
ကလေးတွေပညာရေးက အရေးအင်မတန်ကြီးပါတယ်..
အင်မတန့်အင်မတန်ကြီးတာပါ..
တိုင်းပြည်အနာဂါတ်ပေါ့…။
အနောက်နိုင်ငံတွေမှာ.. မူလတန်း.. အလယ်တန်း.. အဆင့်လောက်ကို.. အုပ်ချုပ်တဲ့ကျောင်းအုပ်ကြီးအဆင့်က.. ခေတ်ပညာတတ်မှရတယ်..။ အနိမ့်ဆုံး.. မာစတာဘွဲ့.. တော်တော်များများ.. ဒေါက်တာအဆင့်ကိုထားတယ်…။
အဲဒီကလေးတန်းမှာ.. စူဆိုက်ဗုံဘာအရုပ်သာပေးလိုက်.. တောက်လျှောက်စွဲတော့တာမို့.. ပါလက်စတိုင်းကလေးကျောင်းမှာ.. အဲဒီအရုပ်မျိုးမိခဲ့ဖူးတာ.. အနောက်နိုင်ငံတွေခမြာ..မျက်ကလဲဆန်ပြာဖြစ်ရောပါပဲ..။ အဲဒီအကျိုးဆက်နဲ့.. ကမ္ဘာအနှံ့..တဝုန်းဝုန်း.. ဗုံးတွေအသေခံဖောက်နေကြသပေါ့..။
ဆိုတော့…
မြန်မာ့ကလေးတန်းပညာရေးကို.. အစိုးရကအပျင်းကျပြီး.. လူထုအားနဲ့..ဘကပညာရေးနဲ့.. အလှူနဲ့လှည့်နေတာ.. မသိချင်ယောင်ဆောင်.. လုပ်ခိုင်းထားခဲ့တယ်..
တိုင်းပြည်အနာဂတ်.. အစွန်းရောက်အောင် ဝကွက်အပ်ထားတာပေါ့..
ဆိုတော့…
နောက်ကျသွားပါပြီပြောရင်.. လွန်မလား…
အဲဒီကထွက်တဲ့.. ပထမမျိုးဆက်က..အရွယ်ရောက်သူတွေရှိလာပြီလေ..။ သူတို့တွေ.. လူလတ်တန်းဝင်ချိန်မှာ.. တိုင်းပြည်နုနုဟာ.. အစွန်းရောက်မုန်တိုင်းကြီးများနဲ့ တန်းတိုးပါမယ်ဖြစ်ပါကြောင်း..။
. ခင်ဗျားတို့.. ကျုပ်တို့.. မျက်စိနဲ့တပ်အပ်.. မြင်ရလိမ့်မယ်..။ အဲဒီမငြိမ်းချမ်းခြင်းထဲ.. ပါဝင်ကြောင့်ကျပူဆွေးကြရလိမ့်မယ်..။
မပြောမရှိနဲ့.. ရက်စွဲတပ်ထားလိုက်..။ :kwi:
kai
March 22, 2013 at 3:19 pm
=
ငါကိုုငါရှာဖွေခြင်း သိုု ့မဟုုတ် ငါတယောက်ထဲဖတ်ဖိုု ့ကဗျာ
အနောက် နိင်ငံတွေ ဘာကြောင့်ချမ်းသာ တာလဲ။
ငါဒိုု ့ဘာကြောင့်ဆင်းရဲ ရသလဲ။
အနောက် နိင်ငံတွေ ဘာကြောင့် သုုခ တွေခံစားနေရသလဲ ။
ငါဒိုု ့ဘာကြောင့်ဒုုက္ခတွေနေစဉ်ရင်ဆိုုင်ကြုံတွေနေရသလဲ။
သူတိုု ့က ဘာကြောင့်ပျှော်ရွှင်နေသလဲ ။
ငါတိုု ့က ငိုု နေသလဲ။
အဖြေကတော့ရှင်းပါတယ်။
သူတိုု ့က သူတိုု ့ဘုုရား စကားကိုု နားထောင်တယ်။
ငါတိုု ့က ငါတိုု ့ဘုုရားဟောတာကိုုနားမထောင်ဘူး။
ကိုုယ်ကိုုနိပ်စက်နေတဲ့ကောင်တွေပြောတာကိုုပိုုနားထောင်တယ်။
ဘုုရားဟောတဲ့အတိုုင်း သူတိုု ့က တသွေမတိမ်းလုုပ်တယ်။
ငါတိုု ့က တလွဲ လုုပ်တယ်။
သူတိုု ့က ဘုုရားနှုတ်ကပတ်တော်ကိုု နှလုုံးသားမှာရေးတယ်။
ငါတိုု ့က ဘုုရား ဟောတွေကိုု ညစ်ပတ်နေတဲ ့နံရံတွေမှာရေးထားကြတယ်။
သူတိုု ့က ဘုုရားကိုု တိုုးတိုုးလေးရှစ် ခိုုးတယ်။
ငါတိုု ့ က ဘုုရားကိုု ခုုနစ်အိမ်ကြားရှစ်အိမ်ကြားရှစ်ခိုုးတယ်။
သူတိုု ့က ဘုုရားကိုု ရိုုးရိုုးပဲရှစ်ခိုုးတယ်။
ငါတိုု ့က ဘုုရားကိုု အသံချဲ့ စက်နဲ့ ရှစ်ခိုုးတယ်။
သူတိုု ့က တောကိုုသွားတယ်။
ငါတိုု ့က မြိုု ့မှာပဲခြေကျင်လိမ်နေတယ်။
သူတိုု ့က မရှိတဲ့သူကိုု ကူညီတယ်။
ငါတိုု ့က မရှိတဲ့သူတွေ ကိုု မကူညီဘူး။
သူတိုု ့က အိမ်ရှေ ့လမ်းမ မှာ တံပျက်စီးလှဲတယ်။
ငါတိုု ့ က ဘုုရားမှာ တံပျက်စီးလှဲတယ်။
သူတိုု ့က တရားကိုု ပြန် ့ပွားအောင်လုုပ်တယ်။
ငါတိုု ့က ဘုုရား တွေ များ သတဲ့များအောင်တည်တယ်။
သူတိုု ့က တရားကုို ကြီးသထက်ကြီးအောင်လုုပ်တယ်။
ငါတိုု ့ က ဘုုရာရုုပ်ထုု ကိုု ကြီးသထက်ကြီးအောင်လုုပ်တယ်။
သူတိုု ့က လူတွေကိုု ကျွေးတယ်။
ငါဒိုု ့က ဘုုရားကိုုကျွေးတယ်။
သူတိုု ့က သမာကျမ်းစာအုုပ်ကိုု အလကားပေးတယ်။
ငါတိုု ့က ဘုုရား ရုုပ်ထုု ကိုု ဈေးကောင်းကောင်းနဲ့ရောင်းစားကြတယ်။
သူတို ့က သမာကျမ်းစာအုုပ်ကိုု လူတိုုင်းဖတ်နိင်အောင်လုုပ်ထားတယ်။
ငါတိုု ့က ပါဌိပါသာဒ်နဲ ့ ဖတ်လိုု ့ကိုု မရအောင်ဖြစ်နေကြတယ်။
သူတိုု ့ ကျမ်းစာတွေက လေ့လာစရာပိုုချကြတယ်။
ငါတိုု ့ က ဘုုရားဟော စာအုုပ်တွေကိုု အလှပြကာ ရွှေချ ကြတယ် ။
သူတိုု ့က ကျောင်းတွေ ၊ ဆေးရုုံ တွေ၊ စာကြည့်တိုုက်တွေကိုု သတယ်။
ငါတိုု ့က ဘုုရားကိုု ရွှေ ချတယ်။
သူတိုု ့က မြေတွေကိုု ဝေတယ်။
ငါတိုု ့ကမြေတွေကိုု သိမ်းတယ်။
သူတိုု ့ခရီးသွားရင်မြေပုုံကြည့်တယ်။
ငါတိုု ့ခရီးသွားရင် ဂါထာရွတ်တယ်။
သူတိုု ့က တိရိစ္ဆာန်တွေကိုုသနားတယ်။
ငါတိုု ့က တွေ ့တဲ့အကောင်အကုုန်စားတယ်။
သူတိုု ့က နတ်ပြည်ကိုု အိမ်ထဲ ကိုု ခေါ်ထားဖိုု ့လုုပ်နေကြတယ်။
ငါတိုု ့က အိမ်တွေ ပြစ်ပြီး နတ်ပြည်ကိုု သွားဖိုု ့လုုပ်ကြတယ်။
သူတိုု ့ က ဘုုရားကိုု မကြောက်ဘူး။ ချစ်တယ်။
ငါတိုု ့က ဘုုရားကိုု ကြောက်တယ်။ မချစ်ဘူး။
သူတိုု ့က ဘုုရားကိုု အမြဲသတိရ
ငါတိုု ့က ဘုုရားကိုု ဒုုက္ခရောက်မှာ တမ်းတ။
ငါတိုု ့က ကိုုယ်ကျိုး အတွက် ဘုုရားကိုု အသုုံးချတယ်။
အာဏာရဖိုု ့ဘုုရားကိုု အသုုံးချတယ်။
ငွေရဖိုု ့အသုုံးချတယ်။
မိန်းမ ရဖိုု ့အသုုံးချတယ်။
စာမေးပွဲအောင်ဖိုု ့အသုုံးချတယ်။
ရေမကြီးဖိုု ့မီးမလောင်ဖိုု ့အသုုံးချတယ်။
အရောင်းအဝယ်ကောင်းဖိုု ့အသုုံးချတယ်။
ဘုုရားက သမာအာဇီဝလိုု ့ဟောတယ်။
ငါတိုု ့က အလေးခိုုးတယ်။ ဆေးဆိုုး တယ်။
သူတိုု ့က ရန်ဖက်ကိုု မိတ်ဆွေလုုပ်တယ်။
ငါတိုု ့က မိတ်ဆွေကိုု ရန်သူဖြစ်အောင်လုုပ်တယ်။
အဆင်မပြေ တာ ကိုု သူများကိုုလွဲချနိင်ဖိုု ့ဘုုရားကိုု အသုုံးချတယ်။
ဘုုရားက လူတိုုင်းကိုု ချစ်ဖိုု ့ဟောတယ်။
ငါတိုု ့ က မုုန်းဖိုု ့ ကြိုးပန်းနေကြတယ်။
လူသားတိုုင်းကိုု မေတ္တာ ထားဖိုု ့ဟောကြားခဲ့တယ်။
ငါ တိုု ့ က တော့ အဘိဇာပွားနေကြတယ်။
ဘုုရားက ရုုပ်နဲ့နမ် ကိုု တည့်တည့်ရှု ့ဖိုု ့ပြောတယ်။
ငါတိုု ့က အမျိုးသားရေး ကိုု ကြည့် ကြ တယ်။
ဘုုရားက ပြသနာ ကိုု ခန̔ာကိုုယ်မှာ ရှာဖိုု ့ဟောတယ်။
ငါတိုု ့က ပြသနာ တိုုင်းကိုု သူများ ခနာကိုုယ်မှာရှာနေကြတယ်လေ။
ဘုုရားက မဂင်ရှစ်ပါး
သစ္စာ ၄ ပါး လိုု ့ ဟောခဲ့တယ်။
ငါတိုု ့ က ၉ ၆၉ လုိုုု ့ ရှုပ်ထွေးအောင်လုုပ်တယ်။
ဒီတော့ ….။
ငါဆင်းရဲ တာဘာဆန်းလဲ
ငါဒုုက္ခရောက်တာဘာဆန်းလဲ ။
ငါငို နေတာဘာဆန်း လဲ။
မိုုးသီးဇွန်
အရီးခင်လတ်
March 23, 2013 at 8:44 pm
ဘုရားသခင် ရှိတဲ့ ဘာသာ ကို ကိုးကွယ်သူတိုင်း လဲ လူကောင်းတွေချည်းဘဲ မဟုတ်
စိတ်ချမ်းသာ ပျော်ရွှင်နေတာမဟုတ်ပါဘူးလေ။
ဒီဘုရား အတူတူဘဲ တောင်မှ တမာန်တော်တွေကွဲပြီး ရန်ဖြစ်နေတာဟာလဲ အစွန်းရောက်တွေမို့ပါ။
ဘုရားမရှိတဲ့ ဘာသာမှာလဲ မရှိတဲ့ဘုရားကို ဘန်းပြပြီး အမြတ်ထုတ်နေတာ အစွန်းရောက်တွေပါ။
ကိုယ်မပိုင်တာကို ဆယ်သက်စားမကုန် အောင်လိုချင်ပြီး လောဘတက်နေတာလဲ အစွန်းရောက်တွေပါ။
ကိုယ်ကစေတနာ အလုပ်မပါဘဲ ကိုယ့် နာမည်အတွက် မောဟတက်နေတာလဲ အစွန်းရောက်တွေပါ။
ကိုယ်ချင်းစာတရားမရှိဘဲ ဆင်ခြင်ဉာဏ်ရှေ့မထားဘဲ သူများမှိုင်းတိုက်တိုင်း ထစ်ကနဲ ဆို ဒေါသထွက်နေတာလဲ အစွန်းရောက်တွေပါ။
ကမ္ဘာကြီး မငြိမ်းချမ်းတာ
ခရစ်ယာန်ဘာသာ ကြောင့်လဲ မဟုတ်ဘူး။
အစ္စလာမ်ဘာသာကြောင့်လဲ မဟုတ်ဘူး။
ဗုဒ္ဓဘာသာကြောင့်လဲ မဟုတ်ဘူး။
အဲဒီ ငါမှငါကောင်း အစွန်းရောက်စိတ်ဓာတ်ရှိသူတွေ ကြောင့် ကမ္ဘာကြီး မငြိမ်းချမ်းတာပါ။
အဲဒီ “လူသားချင်းစာနာစိတ်မရှိတဲ့ ငါ့ဘာသာကောင်း အစွန်းရောက်ဘာသာရေးယုံကြည် သူတွေ” ထက်စာရင် “ဘာသာမဲ့ အေးသီးရစ် တွေ” (Atheist) ကမှ သေရင် ဘဝကူးကောင်းဦးမယ်။
မိုက်ကယ်ဂျော်နီအောင်ပု
March 22, 2013 at 5:52 pm
( တောင်သမန်အင်းထဲက ဘဲအုပ်ကြီးကို လှေတစ်စင်းတုတ်တစ်ချောင်းနဲ့ ကိုယ်လိုရာ
မောင်းသွင်းသွားသလိုပဲ အစီအစဉ် ဦးဆောင်မှု ရေရေရာရာ မရှိတဲ့သူတွေကို
သူတို့လိုချင်တဲ့ ကျုံးအတွင်း မရောက်ရောက်အောင် ဆွဲသွင်းသွားတယ်။ )
MaMa
March 22, 2013 at 8:27 pm
(စာလုံးပေါင်းမှားတာတွေ.. ငတို့ရွာနဲ့မဆိုင်.. )
သဂျီး ကြိုကန်ထားတာလား။ :harr:
ကဗျာကို တစ်စိတ်တစ်ပိုင်း ထောက်ခံသွားပါသည်။
ဘယ်အပိုင်းတွေလဲလို့တော့ သေသေချာချာ မမေးနဲ့
ရွာထဲမှာ စကားလုံးအသစ် သင်ထားတာရှိတယ်။
ပြောပြဝူးးးးးးးးးးးးးးးးးးးး :harr:
garuda
March 22, 2013 at 6:28 pm
မောင်မောင်မငိုဘူး အခုဆိုရင်
မောင်မောင်မငိုဘူး သဘောပေါက်ပြီ
မောင်မောင်မငိုဘူး ရင့်ကျက်ပြီ
မောင်မောင်မငိုဘူး နားလည်ပြီ
သူငိုရင် ဆန်းမှာပါ..ဘာ…တို့မျက်ရည်မြေမကျ စကောင်းဘူးဆိုလားပဲ။ ဒါကြောင့်ပြည် ပျက်တော့မှာ ထင်ပါရဲ့ 🙂
Mr. MarGa
March 23, 2013 at 5:07 pm
အတော်များများလဲ နားလည်သဘောပေါက်နေကြပြီ (လို့ ထင်မိတယ်)
မြန်မာတွေဟာ အဲဒီလောက် ဆူပူချင်၊ အကြမ်းဖက်ချင်သူတွေမှ မဟုတ်တာကိုး
အေးအေးဆေးဆေး နေချင်ကြသူတွေပါ။
(ဒါလဲ အထင်နော်)
ဆူပူမှုတွေရဲ့ အကျိုးအပြစ်တွေကိုလဲ အတော်လေး သိသွား နားလည်သွားပြီ။
တကယ့် နောက်ကွယ်ကလူတွေကိုသာ ရှာသင့်ပြီထင့်
(အတွေးများကိုသာ ပြောပြသွားသည်။)
အရီးခင်လတ်
March 23, 2013 at 8:24 pm
ဒီမိုကရေစီ ဖတ်စာမှာတော့
လူတွေဟာ
• ကိုယ့်နေတဲ့နေရာမှာ ကောင်းကောင်းရှင်သန်ခွင့် ရခဲ့ရင်၊
• ငွေကြေးအတွက် မပူပင်ရရင်၊
• ကိုယ့်စိတ်ဆန္ဒတွေကို ဖော်ထုတ်ခွင့် ရနေခဲ့ရင်၊
• နိုင်ငံရေးမှာ လွတ်လပ်ခွင့် ရနေခဲ့ရင်
အဲဒီလူတွေဟာ အကြမ်းဖက်မှုတွေမှာ ပါဝင်ဖို့ စိတ်ကူးမှာ မဟုတ်ပါဘူး။ တဲ့။
ဒီတော့ စားဝတ်နေရေး အလွယ်တကူ ပြေလည်တဲ့ အခြေအနေ၊ နိုင်ငံရေး တည်ငြိမ်တဲ့ အခြေအနေ မှာတော့ ဘာသာရေးကို စားဝတ်နေရေးပြေလည် ဖို့ လက်နက် အနေနဲ့ ဘယ်သူမှ သုံးတော့မှာ မဟုတ်ပါဘူး။
ဘာသာရေးတိုက်ပွဲ ဝင်နေတဲ့ နိုင်ငံတွေကိုကြည့် အစိုးရ အသုံးမကျဘဲ ချစားနေတာတွေချည်းဘဲ။
padonmar
March 23, 2013 at 9:21 pm
ဆရာစိုးစာကို တင်ပေးလို့ ကျေးဇူးပါ။
ပြဇာတ်ဟောင်းကြီးကိုပဲ ဇာတ်ဆောင်လွှဲပြီး တင်ဆက်တော့ အသက်တွေပေးပြီး ကလိုက်ကြအုံးပေါ့။
ဦးကြောင်ကြီး
March 25, 2013 at 10:16 am
မေမေစု ရှိတယ်၊ ကြောက်ဖူးဟေ့.. အခြေအနေက သိပ်အဆိုးဂျီး မဟုတ်သေးပါ။ ဦးသိန်းစိန်နဲ့ နိုင်ငံတကာ အစိုးရများ ဆက်ဆံရေး ကြည့်လိုက်ရင် သိသာတယ်။ ခွင်တွေတော့ ဖန်နေကြတာပေါ့လေ… ဒီလောက်နဲ့တော့ တို့ပြည်သူတွေ ပျင်းတောင်ပျင်းသေး။ ၈၈မှာ ဆိုးသွားတာ စားစရာမရှိ ဖြစ်ကုန်လို့လေ။ အဲဒီအခြေအနေ မဆိုက်သေးဘူး။ မဆိုက်အောင်လည်း ယူအက်စ် အီးယူ ဂျပန် ကိုရီးယာ ဩစတေးလျတို့ ပုံအောကူနေတယ်။ တကယ်ငတ်မှ ခက်မှာ.. အဲဒီကျ ဘာသာရေး နိုင်ငံရေး လူမျိုးရေး အရေးအခင်း တခုခု ဖြစ်ကြည့် ထိန်းမရဘူး၊ ဝင်လုကြမှာ…။ ဆန်ဆီတွေ လှောင်ထားရင် ရောင်းထုတ်ပစ်ကြ၊ တိုင်းပြည် ပျက်ဖို့အချိန်မကျသေးဘူး။။။။
kai
March 25, 2013 at 4:18 pm
ဘင်္ဂလားဒေရှ့်. ဘာညာ..တွေက.. ဂျီဟဒ်စစ်ဘာညာတွေနဲ့.. အတင်းတွန်းတင်နေတာရှိပေမယ့်.. မြန်မာပြည်လိုစစ်သွေးကြွနိုင်ငံထဲ.. (သာမန်အားဖြင့်) ပြည်ပက ဂျီဟဒ်ဝင်လာဖို့မလွယ်ပါဘူး..
ယူအက်စ်လည်း မြန်မာအစိုးရနဲ့တူတူရှိနေတာမို့ပါ..။
နောက်တခုက…
ဒီပွဲတွေ.. အစိုးရပယောဂပါတယ်လည်း.. မထင်မိပါဘူး..
အစွန်းရောက်တွေ ပယောဂလို့.. မြင်မိတာပါပဲ..။
အစွန်းရောက်ထဲ.. အရင်စစ်အစိုးရလက်ထက်က.. ကောင်းစားဖူးသူတွေပါတယ်လို့.. သေချာပေါက်ပြောလို့ရပါလိမ့်မယ်..
ဒါပေမယ့်.. သူတို့တွေ.. အခုအစိုးရကို.. စစ်အစိုးရပြန်ဖြစ်သွားစေလောက်အထိအောင်တော့.. အားကောင်းလာမယ်.. မထင်မိပါဘူး..။
ဆိုတော့…
ထေရဝါဒကနေ.. မွေးထုတ်တဲ့.. အစွန်းရောက်တွေဟာ.. ဗုဒ္ဓဘာသာအချင်းချင်းလည်း.. ချတယ်။..။
ရှင်ဥက္ကဌလည်း… ဖမ်းတယ်..
မစိုးရိမ်ဆရာတော်ကြီးလည်း ထောင်ချတယ်..
မိုးပြာလည်း.. ဖမ်းထောင်ချတယ်..
မဟာယာနဆို.. စာအုပ်တောင်ထုတ်ခွင့်.. တရားဟောခွင့်မပေးခဲ့တာ..
ဟိန္ဒူတွေလည်းရိုက်ခဲ့တယ်..
ချိုင်းနီးစ်တွေလည်း.. ဆော်ဖူးတယ်..
ကချင်လည်း.. နှိပ်နေတယ်..
ကရင်လည်း..သမဖူးတာပဲ..။ မွန်..ရခိုင်..
နောက်ဆုံး.. ချစရာမရှိ.. ဗမာ..ဗမာချင်…
ကိုယ့်ဘေးက.. အိမ်ထောင်စုဝင်ကို.. ဆော်မှာပဲ..
ဘေးက..ကျောင်းသားကြိမ်လုံးဆွဲ.. သမမှာပဲ..
ဆိုတော့..
အရင်းမြစ်ကို.. မပြင်နိုင်သေးသမျှ…. လာမယ့်..လာလတံ့သော.. နောက်ပွဲတွေ.. စောင့်ကြည့်ကြဦးစို့ရဲ့..။
အရင်က.. ပြောဖူးတဲ့အတိုင်းပြောရရင်..
မြန်မာဟာ.. ချိုင်းနားနဲ့..ယူအက်စ်ကို.. သွားကစားနေတာပါ…
ပါးပါးလေးမှ.. တကယ့်ပါးပါးလေး..
:kwi: