Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တပ်မတော်နေ့လော၊ တော်လှန်ရေးနေ့လော – ခင်မမမျိုး

kaiMarch 28, 20131min60112

တပ်မတော်နေ့လော၊ တော်လှန်ရေးနေ့လော

မတ်လ (၂၇) ရက်နေ့။

ပြည်လုံးကျွတ် ဖက်ဆစ်တော်လှန်ရေးကြီးကို စတင်ဆင်နွှဲခဲ့တဲ့နေ့။

ဒီနေ့ကို နိုင်ငံတော်အစိုးရက တပ်မတော်နေ့အဖြစ် သတ်မှတ်ထားပါတယ်။ စာရေးသူကိုယ်တိုင်လဲ မြန်မာ့နိုင်ငံရေးသမိုင်းကို သမိုင်းနောက်ခံကားချပ်တွေနဲ့ ဆက်စပ်လေ့လာခြင်း မပြုလုပ်နိုင်ခင်ကာလက တပ်မတော်နေ့အဖြစ်သာ သတ်မှတ်လက်ခံထားခဲ့ပါတယ်။ မတ်လ (၂၇) ရက်နေ့၊ တပ်မတော်နေ့ အထိမ်းအမှတ် ကဗျာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ စတာတွေမှာလဲ အလယ်တန်း၊ အထက်တန်း ကျောင်းသူအနေနဲ့ ပါဝင်ယှဉ်ပြိုင်ဖြစ်ခဲ့ပါတယ်။

သို့ပေမယ့် အချိန်တန် အရွယ်ရောက်လာပြီး၊ ကျောင်းသုံးစာအုပ်တွေနဲ့ အစိုးရသတင်းစာတွေထဲက သမိုင်းတွေကိုသာမက သက်ရှိသမိုင်းအဘိဓာန်ကြီးများနဲ့ သမိုင်းသုတေသန စာအုပ်တွေကို ဖတ်မိလာ ချိန်မှာတော့ မတ်လ (၂၇) ရက်ကို တပ်မတော်နေ့အဖြစ် မဟုတ်ပဲ၊ တော်လှန်ရေးနေ့အဖြစ်သာ သတ်မှတ်လက်ခံလာမိပါတော့တယ်။ ဒီလိုသတ်မှတ်လာရခြင်းဟာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ နိုင်ငံတော်အစိုးရ၊ နိုင်ငံရေးပါတီ စတာတွေ အပေါ်မှာ အခြေခံထားခြင်းမရှိပဲ၊ သမိုင်းဖြစ်ရပ်မှန် အချက်အလက်များအပေါ်မှာ ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းနဲ့ လေ့လာဆန်းစစ်ပြီးမှ၊ သဘာဝကျကျ ရှုမြင်သုံးသပ်ထားချက်သာ ဖြစ်ပါတယ်။

(၁) မတ်လ (၂၇) ရက်နေ့မှာ ဖက်ဆစ်တော်လှန်ရေးကြီး ဆင်နွှဲဖို့ သတ်မှတ်ချက်ကို ဗမာ့တပ်မတော် တခုတည်းက ဦးဆောင်ပြုလုပ်ခဲ့ခြင်း မဟုတ်ပါ။

(၁၉၄၅) ခုနှစ်၊ မတ်လဆန်းမှာ ဗိုလ်ချုပ်အောင်ဆန်းအိမ်မှာ ဖက်ဆစ်တော်လှန်ရေးနဲ့ ပတ်သက်တဲ့ နောက်ဆုံးတွေ့ဆုံဆွေးနွေးဆုံးဖြတ်ပွဲကို သုံးရက်ကြာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ စစ်တိုင်းကြီး (၇) တိုင်း၊ ဒေသသုံးခု ခွဲဝေပြီး၊ သက်ဆိုင်ရာ တိုင်းအလိုက် နိုင်ငံရေး၊ စစ်ရေးခေါင်းဆောင်များ တာဝန်ချထားခဲ့ပါတယ်။ နိုင်ငံရေးခေါင်းဆောင်များကတော့ သခင်စိုး၊ သခင်ဗဟိန်း၊ သခင်ချစ်၊ သခင်ဗသိန်းတင်၊ သခင်တင်ထွန်း၊ သခင်တင်မြ၊ ကိုစံညွန့်တို့ဖြစ်ပြီး၊ ဗမာပြည်ကွန်မြူနစ်ပါတီက ဖြစ်ပါတယ်။ စစ်ရေးခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်စောကြာဒိုး၊ ဗိုလ်နေဝင်း၊ ဗိုလ်ကျော်ဇော၊ ဗိုလ်တင်ထွန်း၊ ဗိုလ်ရဲထွဋ်၊ ဗိုလ်မှူးအောင်၊ ဗိုလ်မှူးဗထူး၊ ဗိုလ်ခင်ညို တို့တွေက ဗမာ့တပ်မတော်က ဖြစ်ပါတယ်။ တပြည်လုံးရဲ့ နိုင်ငံရေးခေါင်းဆောင်က သခင်စိုး၊ စစ်ရေး ခေါင်းဆောင်က ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပြီး၊ တပြည်လုံးရဲ့ နိုင်ငံခြားဆက်သွယ်ရေး တာဝန်ခံက သခင်သန်းထွန်း ဖြစ်ပါတယ်။

ဒီသမိုင်းကြောင်းအချက်အလက်တွေက ဖက်ဆစ်တော်လှန်ရေးကြီးရဲ့ သမိုင်းဝင်နေ့ထူးနေ့မြတ်ကြီးကို တပ်မတော် တခုတည်းနဲ့ဆိုင်တဲ့ တပ်မတော်နေ့အဖြစ် သတ်မှတ်ထားခြင်းဟာ သမိုင်းမှန်နဲ့ နီးစပ်မှု မရှိကြောင်းကို မီးမောင်းထိုးပြနေပါတယ်။

(၂) ဖက်ဆစ်တော်လှန်ရေးကြီးကို ဗမာ့တပ်မတော် တခုတည်းက ဦးဆောင်ဆင်နွှဲခဲ့ခြင်း မဟုတ်ပါ။ ဖတပလ အဖွဲ့ချုပ်ကြီးက အမျိုးသားတပ်ပေါင်းစု အဖွဲ့ချုပ်ကြီးအဖြစ် အခိုင်အမာ တည်ဆောက်ပြီး၊ ဦးဆောင်ဆင်နွှဲခဲ့ခြင်းသာ ဖြစ်ပါတယ်။

(၁၉၄၄) ခုနှစ်၊ ဩဂုတ်လမှာ ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်လပ်ရေး (ဖတပလ) အဖွဲ့ကြီးကို ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီနဲ့ ဗမာ့တပ်မတော်ဆိုတဲ့ အဓိကအင်အားစု (၃) စု အပေါ်မှာ အခြေခံ ဖွဲ့စည်းခဲ့ပါတယ်။ ဖတပလရဲ့ ဗဟိုဦးစီး အဖွဲ့ဝင် ကိုးဦးကတော့ ဗမာ့တပ်မတော်မှ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လကျ်ာ၊ ဗိုလ်နေဝင်း၊ ပြည်သူ့အရေးတော်ပုံပါတီမှ သခင်ချစ်၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီမှ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ဗဟိန်းတို့ ဖြစ်ပါတယ်။ စစ်ရေးခေါင်းဆောင်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ နိုင်ငံရေးခေါင်းဆောင်အနေနဲ့ သခင်စိုးတို့က တာဝန်ယူခဲ့ပြီး၊ အထွေထွေအတွင်းရေးမှူးတာဝန်ကို ဗမာပြည်ကွန်မြူနစ်ပါတီမှ သခင်သန်းထွန်းက တာဝန်ယူခဲ့ပါတယ်။

(၁၉၄၄) ခုနှစ်၊ အောက်တိုဘာလမှာ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်၊ သခင်ချစ်၊ ရန်ကုန်ဘဆွေ၊ သခင်စိုးတို့ လျှို့ဝှက်တွေ့ဆုံပြီး၊ ဖွဲ့စည်းခဲ့တဲ့ “တော်လှန်ရေးတပ်ဦး” ကလဲ ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီနဲ့ တပ်မတော်တို့ကို တပါတီတည်းအဖြစ် ပူးပေါင်းဖွဲ့စည်းထားခဲ့ခြင်းသာ ဖြစ်ပါတယ်။

ဒီသမိုင်းကြောင်းအထောက်အထားတွေအရ တဖွဲ့တပါတီတည်းကပဲ ပြုလုပ်ထားခဲ့ခြင်း မဟုတ်တဲ့ ဖက်ဆစ်တော်လှန်ရေး သမိုင်းဝင်နေ့ကို၊ တပ်မတော်တခုတည်းနဲ့သာ ဆိုင်သည့်သဖွယ်၊ တပ်မတော်နေ့အဖြစ် သတ်မှတ်ထားခြင်းဟာ သမိုင်းမှန်နဲ့ ဝေးကွာနေကြောင်း တွေ့ရှိရပါတယ်။

(၃) ဖက်ဆစ်တော်လှန်ရေး လက်တွေ့စစ်မြေပြင်မှာ တော်လှန်ရေးအင်အားစုများစွာ ပါဝင်ခဲ့ပါတယ်။

(၁၉၄၂) ခုနှစ်၊ ဩဂုတ်လ (၁)ရက်နေ့မှာ ဂျပန်စစ်အုပ်ချုပ်ရေး လက်အောက်ခံ ဗမာအစိုးရအဖွဲ့ကို ဂျပန်က ဖွဲ့စည်းပေးခဲ့ပြီး၊ စစ်အုပ်ချုပ်ရေး ထူထောင်ထားစဉ်ကာလမှကတည်းက သခင်စိုးက ဗမာပြည်ကွန်မြူနစ်ပါတီကို ကိုယ်စားပြုပြီး၊ ဂျပန်ဆန့်ကျင်ရေး မြေအောက်တော်လှန်ရေး လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်။ သခင်သန်းထွန်းကလဲ အစိုးရအဖွဲ့ ဝန်ကြီးအဖြစ် ရုပ်ပြလုပ်ဆောင်ရင်း၊ တော်လှန်ရေး အင်အားစုတွေကို နိုင်ငံအနှံ့၊ နယ်အနှံ့မှာ စုစည်းနေခဲ့ပါတယ်။

ဖတပလ ဖွဲ့ပြီးချိန်မှာလဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်သန်းထွန်းတို့ ညှိနှိုင်းပြီး၊ ဗမာ့တပ်မတော်ထဲမှာ ဗမာပြည်ကွန်မြူနစ်ပါတီက နိုင်ငံရေးကေဒါတွေ လျှို့ဝှက်သွင်းခဲ့ပါတယ်။ တပ်ကို နိုင်ငံရေးနဲ့ တော်လှန်ရေး ပညာတွေ ပေးဖို့ ဖြစ်ပါတယ်။

ဂျပန်တွေ မြန်မာပြည်စဝင်စဉ်ကတည်းက ကွန်မြူနစ်ခေါင်းဆောင်တဦးဖြစ်တဲ့ သခင်သိန်းဖေကို အိန္ဒိယသွားပြီး၊ မဟာမိတ်များနဲက အဆက်အသွယ် ရယူရေးကြိုးပမ်းမို့ သခင်သန်းထွန်းက တိုက်တွန်းထားခဲ့ပါတယ်။ (၁၉၄၄) ခုနှစ်မှာတော့ အိန္ဒိယရောက် သခင်သိန်းဖေနဲ့ သခင်သန်းထွန်းတို့ ပြန်လည်ဆက်စပ်မိလာပါတယ်။ ဖတပလ ဖွဲ့စည်းပြီးချိန်မှာတော့ နိုင်ငံခြားဆက်သွယ်ရေး တာဝန်ခံဖြစ်လာတဲ့ သခင်သန်းထွန်းက ငခင်သိန်းဖေမှတဆင့် အင်္ဂလိပ်စစ်တပ် Force 136 ကို အဆက်အသွယ် ရယူနိုင်လာခဲ့ပါတယ်။

ရခိုင်ဘက်မှာလဲ (၁၉၄၂) ခုနှစ်ကတည်းက သခင်စိုးတို့သွားပြီး၊ စည်းရုံးပြင်ဆင်မှုတွေ လုပ်ဆောင်ထားခဲ့ပါတယ်။ (၁၉၄၄) ခုနှစ်၊ ဒီဇင်ဘာလမှာ ရခိုင်တိုင်း ဂျပန်တော်လှန်ရေး တိုက်ပွဲတွေ စတင်ဖြစ်ပွားချိန်မှာ ဦးဆောင်ခဲ့တဲ့ ရခိုင်တော်လှန်ရေးခေါင်းဆောင်တွေဟာ ဖဆပလနဲ့ အဆက်အသွယ် ရှိထားပြီးသား ဖြစ်ပါတယ်။

စစ်ကိုင်းနယ်မှာလဲ ရဲဘော်လှိုင်၊ ရဲဘော်မြင့်ဆွေ၊ ဗိုလ်သိမ်းဦး၊ ဗိုလက်ကျင်မောင်တို့ ဦးဆောင်တဲ့ ပါတီတပ်ကို ပြောက်ကျားတပ်အဖြစ် ဖွဲ့စည်းထားခဲ့ပါတယ်။ အိန္ဒိယကို သခင်သန်းထွန်း စီစဉ်စေလွှတ် ထားခဲ့တဲ့ လေထီးရဲဘော်များကလဲ တော်လှန်ရေးကာလမှာ မဟာမိတ်တပ်တွေနဲ့ အတူ တိုက်ပ ဝင်ခဲ့ကြပါတယ်။ ဖြူး၊ တောင်ငူ၊ ရိုးမတကြောက ရဲခေါင်ပြောက်ကျားများကိုလဲ သခင်သန်းထွန်းနဲ့ သခင်ဗဟိန်းတို့ ဦးစီးပြီး တိုက်ပွဲဝင်ခဲ့ကြပါတယ်။

မြေအောက်လျှို့ဝှက် ဖွဲ့စည်းထားတဲ့ ပြောက်ကျားတပ်ဖွဲ့များကလဲ အနယ်နယ် အရပ်ရပ်မှာ တိုက်ပွဲဝင်ခဲ့ကြရုံမက အချို့တော်လှန်ရေးဒေသတွေမှာ ဆယ်နှစ်၊ ဆယ့်နှစ်နှစ်အရွယ် ကလေးသူငယ် များကပါ ဆက်သားတာဝန်ယူခဲ့ကြပါတယ်။ ဖက်ဆစ်တော်လှန်ရေး စိတ်ဓာတ်တွေ ရှင်သန်နေတဲ့ ပြည်သူလူထုကလဲ ဘက်ပေါင်းစုံကနေ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

ဒီသမိုင်းအချက်အလက်များက ဖက်ဆစ်တော်လှန်ရေးရဲ့ လက်တွေ့စစ်မြေပြင်မှာ ဗမာ့တပ်မတော် တရပ်တည်းက ဦးဆောင်တိုက်ပွဲဝင်ခဲ့တာ မဟုတ်ကြောင်း ညွှန်ပြနေပါတယ်။ တော်လှန်ရေး မတိုင်မီ နှစ်ကာလများစွာကတည်းက သခင်စိုး၊ သခင်သန်းထွန်းတို့က လူထုစည်းရုံးရေး၊ ပြင်ဆင် တည်ဆောက်ရေး၊ ပြောက်ကျားတပ်များ ဖွဲ့စည်းရေး၊ မဟာမိတ်အဆက်အသွယ် ရယူရေး၊ တော်လှန်ရေးအခြေခံဒေသ ဖော်ဆောင်ရေးများကို လုပ်ဆောင်ထားခဲ့ပြီး၊ လက်တွေ့စစ်မြေပြင်မှာလဲ တပ်မတော်တခုတည်း မဟုတ်ပဲ တော်လှန်ရေးအင်အားစုများစွာ ပေါင်းစပ်ပါဝင်ခဲ့ကြောင်း သိသာထင်ရှားလှပါတယ်။

နိဂုံး

မတ်လ (၂၇) ရက်နေ့ဟာ လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန် ဖက်ဆစ်တော်လှန်ရေး အောင်လံတော်အောက်မှာ သွေးစည်းညီညွတ်ခဲ့ကြတဲ့ ဂုဏ်ရောင်ပြောင်သော တော်လှန်ရေး နေ့ထူးနေ့မြတ်ကြီး ဖြစ်ပါတယ်။ ဒီတော်လှန်ရေးကြီးထဲမှာ စစ်ခေါင်းဆောင်တဦးအဖြစ် ပါဝင်ခဲ့တဲ့ ဗိုလ်နေဝင်းက နိုင်ငံတော်အာဏာ ရယူပြီးနောက်ပိုင်းမှာ မတ်လ (၂၇) နေ့ကို တော်လှန်ရေးနေ့ကနေ တပ်မတော်နေ့အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ သို့ပေမယ့်လဲ သမိုင်းကြောင်း အထောက်အထား များနဲ့ သမိုင်းနောက်ခံ ကားချပ်များကတော့ တော်လှန်ရေးနေ့ ဆိုတဲ့ သမိုင်းမှန်ကိုသာ ညွှန်းဆိုပြသနေပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၂၇၊ ၃၊ ၂၀၁၃)

12 comments

  • Mr. MarGa

    March 28, 2013 at 7:32 pm

    ခေါင်းစဉ်မြင်တော့
    ဖွဘုတ်မှာ ကိုသူရဿဝါ တင်ထားတဲ့ status လေး သွား မြင်တယ်။
    အဲဒါ ပြန် တင်လိုက်မနော်
    မနေ့က မြပုဏ္ဏမာ ၂၅ နှစ်ပြည့်ပွဲမှာ ပြက်ဖို့စဉ်းစားခဲ့တဲ့ ပြက်လုံးပဲ။
    ဒါပေမယ့် တခြားအစီအစဉ်တွေ များသွားတဲ့အတွက် ပြက်လုံးခွင် မဝင်ဖြစ်လိုက်ဘူး။
    ဒီလိုဗျာ .. မနေ့က တပ်မတော်နေ့ပေါ့။ အရင်ကတော့ ဖက်ဆစ်ဂျပန်တွေကို တော်လှန် တိုက်ထုတ်ခဲ့တဲ့နေ့မို့ တော်လှန်ရေးနေ့လို့ အမည်တွင်ပါတယ်။ နောက်ပိုင်းမှာတော့ တပ်မတော်သားကြီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ တပ်မတော်နေ့လို့ ပြောင်းလဲခေါ်ဆို သတ်မှတ်ခဲ့ကြတယ်။ အရင်က လူကြီးတွေကတော့ တော်လှန်ရေးနေ့ပဲ နှုတ်ကျိုးနေတော့ တော်လှန်ရေးနေ့လို့ပဲ ခေါ်ကြတယ်။
    နောက်ပိုင်း လူငယ်တွေကတော့ တပ်မတော်နေ့ပဲ ခေါ်ကြတယ်။ အခေါ်အဝေါ်က ဒီတစ်နေ့တည်းကို နှစ်မျိုးဖြစ်နေတယ်။ အဲဒီတော့ အားလုံးပဲ ဝိဝါဒ မကွဲပြားရအောင် ကျွန်တော်ကပဲ ကြားထဲကနေပြီးတော့ လူကြီးတွေရော လူငယ်တွေရော တစ်မျိုးတည်းခေါ်လို့ရအောင်၊ နှစ်ခုစလုံးလည်းပါအောင်လို့ နာမည်အသစ်တစ်ခု စဉ်းစားလိုက်ပါတယ်။ ဘာလဲဆိုတော့ ” တပ်မတော် တော်လှန်ရေးနေ့ ” လို့။
    ခံစားမိတာ ပြောရရင်
    တပ်မတော်နေ့ ဆိုပြီးတော့ ဘီအိုင်အေ၊ ဘီဒီအေခေတ်၊ ဖက်ဆစ်တော်လှန်ရေးခေတ်က လွပ်လပ်ရေးရဖို့ ကြိုပမ်းခဲ့တာတွေပဲ ပြောနေ ရိုက်ပြနေကြတာကို ကြည့်ပြီး ခဏခဏ တွေးမိတယ်။
    အဲဒီ ဘီအိုင်အေ၊ ဘီဒီအေကိုပဲ တပ်မတော်အစ၊ ဆိုပြီး ပြောနေ၊ ပြနေတော့
    ရှေး မြန်မာ ဘုရင်တွေခေတ်က ဖွဲ့စည်းခဲ့တဲ့၊ ဖြစ်ပေါ်ခဲ့တဲ့ တပ်မတော်ကို ဖျောက်ထားသလိုဖြစ်နေတယ်။
    တပ်မတော်ဆိုတာ ဒီ ကိုလိုနီခေတ်ကမှ ပေါ်လာတာ မဟုတ်ဘူးလေ။
    ဟို ရှေးခေတ်ကတည်းက ရှိခဲ့တာဥစ္စာ။
    တပ်မတော် နေ့ ဆိုပြီး သတ်မှတ်ရင်လဲ အဲဒီရှေးခေတ်က တပ်မတော်တွေကိုပါ တွေးလို့ သတ်မှတ်သင့်တယ်။
    တော်လှန်ရေးနေ့ကို ဒီအတိုင်း တပ်မတော်နေ့ဆိုပြီး အမည်ပြောင်း၊ ကိုလိုနီခေတ်က စခဲ့တယ်ဆိုပြီး ပြော/ပြ နေတာတော့ မဟုတ်သေးဘူးလို့ပဲ တွေးမိပါတယ်နော့

  • nature

    March 28, 2013 at 8:58 pm

    ဘာသာရေးအရေးအခင်းဖြစ်နေရတဲ့ကြားထဲမီးထပ်ရှို့နေပြန်ပြီ။

  • uncle gyi

    March 28, 2013 at 9:55 pm

    မောင်နေဝင်းကအကုန်ပြောင်းပြန်လုပ်သွားတာ
    သေခါနီးပြောသွားသတဲ့
    တနေ့သူပြန်လာပြီးအတည့်ပြန်လုပ်ပေးမတဲ့
    ကောလဟလလားဘာလားတော့မသိဖူး

  • ဦးကြောင်ကြီး

    March 29, 2013 at 9:46 am

    တပ်မတော်ဆိုတဲ့နာမည် မှားနေတယ်ဗျ၊ အမှန်က တပ်ထီးတော်ဖြစ်ရမယ်… ဘဘဂျီးတို့ အသေအချာ စဉ်းစားဂျနော်၊ ပညတ်သွားရာ ဓာတ်သက်ပါ.. ဒီအတိုင်းဆို အမျိုးသမီးတပ်ချုပ် ဖြစ်လာတော့မည်…
    တပ်မတော်ကာကွယ်ရေးဦးဇီးချုပ် သမီးဒေါ်ဂလေး၏ ကြင်ယာတော် ဦးကြောင်ကြီးအား.. အာလေးပြု.. :harr:

  • kyeemite

    March 29, 2013 at 1:11 pm

    ဒီကိစ္စ ကိုလွှတ်တော်မှာဆွေးနွေးပြီးပြန်ပြင်သင့်ပါတယ်……
    ကြုံလို့ ကျနော်တစ်ဦးထဲသဘောပြောရရင်
    အခုသတ်မှတ်သုံးစွဲနေတဲ့ နိုင်ငံတော်အလံ ကိုလည်းမကြိုက်ပါဘူး
    ဘယ်လိုမှအဓိပ်ပါယ်ကောက်လို့လဲမရပါဘူး
    ပြည်သူလူထုတစ်ရပ်လုံးကိုလည်းချပြရွေးခိုင်းခဲ့တာမဟုတ်ပါဘူး
    သူတို့တစ်ဖက်သတ်ရေး ဇွတ်အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ
    သူတို့သဘောနဲ့သူတို့ထည့်ခဲ့တာပါ…
    သုံးရောင်ချယ်ထားတာကလည်း ဂါနာနိုင်ငံရယ် အီသီယိုပီးယားနိုင်ငံတွေရယ်နဲ့
    အထက်အောက်ထားတာပဲကွဲပြီးတူနေတယ်…
    ဂါနာက နီ၊ ဝါ၊ စိမ်း
    အီသီယိုပီးယားက စိမ်း၊ ဝါ၊ နီ
    မြန်မာက ဝါ၊ စိမ်း၊ နီ :chee:

    • MaMa

      March 29, 2013 at 5:48 pm

      နိုင်ငံတော်အလံကို မကြိုက်တာတော့ ထောက်ခံပါတယ်။
      နိုင်ငံတော်အလံတွေ အဆက်ဆက်ပြောင်းလာတာ အခုလက်ရှိလောက် ဘယ်ဟာမှ မဆိုးဘူးထင်မိတယ်။
      အဲ- ပြောမယ့်သာ ပြောရ။
      အလံတွေ တံဆိပ်တွေပြောင်းရင် လိုက်ပြောင်းရတဲ့ ကုန်ကျစရိတ်က မသေးဘူးဆိုတာကိုလည်း ကြောက်မိသေး။ :eee:

  • marga thagyar

    March 29, 2013 at 2:33 pm

    March 27 is revolutionary day not army day.Not only soldiers but also all class of Myanmar fight the fascist Japan .So march 27 is concern with all Myanmar and that day can’t called army day.

  • ဖားသက်ပြင်း

    March 29, 2013 at 3:01 pm

    တပ်မဒေါ်နေ့ ရှိရင် ဘုန်းကြီးများနေ့လည်း ရှိသင့်ဒယ်
    ဘုန်းကြီးနေ့သတ်မှတ်သင့်ကြောင်းပါ။ ဖုန်းဖုန်းတို့ ပါတီထောင်ပါ ဖျာ့။
    ပီးရင် လွှတ်တော်ထဲ အစိတ်သား ပါနိုင်အောင် ရွေးဂေါက်ပွဲ ဝင်ပါဖျာ့။
    :kwi:
    ၂၀၁၅မှာ နိုင်ငံတော်သမ္မတဂျီး တိပိဋက တရ ဂန်းနာဝါစက ဘဒ္ဒန္ဒ ဘီလီဘီလီဘန်းဘန် ဆိုပီး
    မဖြစ်ဘု မပြောနိုင်ဘု

    :harr:

  • arker soe

    March 29, 2013 at 6:56 pm

    “တပြည်လုံးရဲ့ နိုင်ငံရေးခေါင်းဆောင်က သခင်စိုး၊ စစ်ရေး ခေါင်းဆောင်က ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပြီး၊ တပြည်လုံးရဲ့ နိုင်ငံခြားဆက်သွယ်ရေး တာဝန်ခံက သခင်သန်းထွန်း ဖြစ်ပါတယ်။”
    ဒီစာသားတွေကို မြင်ရပြန်တော့ ကျွန်တော်နာမလည်နိုင်အောင်ဖြစ်နေခဲ့တာတွေ ပြန်ပေါ်လာပြန်ပါပေ့ါ။
    လွတ်လပ်ရေးရဖို့ ကြိုးစားတုန်းက တစ်ကယ့်တာဝန်ကြီးတွေကို အတူတူ တန်းတူ ထမ်းရွက်ခဲ့ပြီးမှဗျာ။ ဒီကျောင်းသားကြီးတွေ……………………..
    ဘာလို့များဗျာ…………………………….

    • အရီးခင်လတ်

      March 29, 2013 at 8:40 pm

      လက်တွေ့လုပ်ဖို့ အချိန်မှာ ငါစွဲ တွေ နဲ့ ငါပြော၊ ငါတွေးတာကမှ အမှန် ဆိုတာတွေက ရှေ့ရောက်သွားကြတယ်လို့ ထင်ပါတယ် အာကာစိုးရေ။
      ဒီတော့ သွားရမဲ့ ပန်းတိုင် ကို ရောက်ဖို့ ထက် ကိုယ်ပြောတာ လုပ်ဖို့ က ဘဲ အရေးကြီးသွားကြတာထင်ရဲ့။

    • kai

      March 29, 2013 at 11:30 pm

      “ညီသား နောင်မယ်”ဆိုပြီးပြောလို့.. အကိုသတ်ပြီး.. စလိုက်တဲ့ ပထမမြန်မာနိုင်ငံတော်ကကြည့်ရင်.. အစဉ်အဆက်.. အချင်းချင်း.. သတ်ဖြတ်လုပ်ကြံတာချည်းပဲတွေ့ရလိမ့်မယ်..။
      စနစ်တွေဘယ်လိုပြောင်းပြောင်း.. ဣဿာ (မနာလို)…မ စ္ဆရိယ(ဝန်တို)စိတ်တွေများပြီး.. အချင်းချင်း.. သတ်ဖြတ်လုပ်ကြံတာတွေလုပ်ဆဲ.. လုပ်နေ.. လုပ်ဦးကြမှာပဲ..

      အတွေးအခေါ်တို့ရဲ့.. အမြုတေက.. ဘာသာရေးပဲ..။
      ဆိုတော့..
      နှစ်၁၀၀ဝကျိန်စာ..

  • ကိုဇင်ရော်မာလာပုလဲ

    March 30, 2013 at 9:36 am

    လောကကြီးမှာ များများသိရင် နည်းနည်းပြောပြတာဘဲကောင်းပါတယ်လေ…။
    ဝေဖန်တာနဲ ့လေကန်တာ ဟာ လူ ့ဘဝပါဘဲလား.ကွယ်………..

Leave a Reply