“လူပြိန်းစကား”
“မှန်ရွှေပြူတင်းငယ်ပေါ် ရော်ကာရမ်းလို့ဖြင့် မှန်းမျှော်၊ အာရုံဆော်ကျင်းလို့ လင်းသော်၊ ပျိုမေ စောင့်လို့သာမျှော်…။” တဲ့။
ဒေါ်မေရှင်တို့ ခေတ်တုန်းက မိန်းမတွေဟာ လှိုင်ထိပ်ခေါင်တင်တို့ခေတ် စိန်ခြူးကြာညောင်ဘောလယ်ထဲကလိုပဲ ပြူတင်းပေါက်ကလေးက မေးတင်နေပြီဆိုရင် ဗေဒင်မမေးနဲ့။ အဲဒါ တစ်ယောက်ယောက်ကို မျှော်နေတာ လို့ ပြောလို့ရပါတယ်။ သို့သော်လည်း မြန်မာအမျိုးသမီးတွေရဲ့ အမျှော်စိုက်ကဏ္ဍကို ကားမှန်ပြူတင်းပေါ် မေးတင်ပြီးကြည့်နေတဲ့ ဓါတ်ပုံကလေး တစ်ပုံက တော်လှန်ရေး လုပ်ခဲ့ပါပြီ။ မိုနာလီဇာ ပန်းချီကားလိုပဲ အသိရခက်တဲ့ တွေးတောစရာတွေ တပုံကြီးနဲ့ အသက်ဝင်လှတဲ့ မျက်ဝန်းတစ်စုံဟာ နောက်က ဉာဏ်မီသလောက် လိုက်တွေးတာတောင် ချက်ချင်းသဘော မပေါက်နိုင်လောက်အောင် သိမ်မွေ့နက်နဲလှပါတယ်။ အဲဒီပုံကလေးကို မြင်လိုက်တဲ့သူတိုင်းက သူဘာတွေများ တွေးနေပါလိမ့်နော် လို့ စိတ်ဝင်စားရုံသက်သက်တော့ မကပါဘူး။ တစိမ့်စိမ့်ယိုဖိတ်လာတဲ့ ဂရုဏာရယ်၊ ဖြစ်မှဖြစ်ရပလေတယ် ဆိုတဲ့ စိတ်ပျက်လက်ပျက် ခံစားချက်ကလေး အနည်းငယ်ရယ်၊ အသိဉာဏ်ကြီးတဲ့သူက အသိဉာဏ်နုံနဲ့တဲ့သူတွေအပေါ် သနားတဲ့ စိတ်ရယ် အတိုင်းသား မြင်နေရပါတယ်။ ကြက်တူရွေးကတော်တော် မောင်ဘော်ကလည်း မကဲချင်ပါဘူး။ အဲဒီနေ့က အဖြစ်ရယ်၊ အဲဒီနောက် ဆက်ဖြစ်နေတဲ့ အဖြစ်သနစ်တွေကို ကိုယ်တိုင် မြင်တွေ့ကြားသိလာရတဲ့အခါ သူ့စိတ်ထဲ အဲသည်တုန်းက ဘာတွေရှိမယ်ဆိုတာကို တစတစ ရိပ်စားမိလာပါတယ်။
ဘာရှိရမှာလဲ။ ကိုယ်တို့မြန်မာပြည်သူတွေဟာ အင်မတန်မှ နိုင်ငံရေးရေချိန် နိမ့်နေတာကို သနားမိတဲ့ စိတ်ပဲ ရှိမှာပေါ့။ ဘာပြောတာလဲ အဲဒါ။ ဖြစ်ပျက်လာသမျှ ပြဿနာတိုင်းမှာ အဖြေကို မရှာပဲ ဘက်ကိုရှာနေကြတဲ့အတွက် ဘယ်သူဘာလာပြောပြော သည်လူဟာ ငါတို့ဘက်က ပြောနေတာလား။ ငါတို့နဲ့ ဆန့်ကျင်ဘက်က ပြောနေတာလား ဆိုတာပဲ အတင်း မြင်အောင်ကြည့်ပါတယ်။ ဆိုလိုရင်းအဓိပ္ပါယ် ဘာကိုရည်ရွယ်လို့ ပြောပါတယ်ဆိုတာတောင် ဉာဏ်မီအောင် မတွေးတော့ဘူး။ အရှင်းဆုံး လက်တွေ့ဥပမာကတော့ ဖေ့စ်ဘုတ်ပေါ်က မိတ္ထီလာမှတ်တမ်းမှတ်ချက်များကိုပဲ လိုက်ဖတ်ကြည့်လိုက်ပါလေ။ ဖတ်တဲ့လူတိုင်းက ဒီဟာ ဗမာဘက်က မဟုတ်ရင် မုချ ကုလားဘက်ကရေးနေတာပဲ လို့ တထစ်ချယူဆလိုက်တယ်။ နှစ်ဘက်မျှအောင် ကြားချပြီးရေးရင်တောင် သည်ကောင် အရင်တုန်းက ဟိုဘက်ကနေ လှုံဆော်နေတာ။ အခုမှ လေသံပြောင်းသွားပြီး ငါတို့ဆီ သာကူးလုပ်လာတာ။ အဲလိုတွေးချင်တွေးမယ်။ ကြောင်ကြာကြာ ရေမငုပ်နိုင်ပါဘူးကွာ။ တွေ့လား။ အစက ငါတို့ အကြိုက်လိုက်ပြောပြီး အခုတော့ ဇာတိရုပ်ပေါ်လာပြီ။ ငါ မပြောလား။ သည်ကောင် ဟိုဘက်ကပါလို့။ အဲသလို ကောက်ချက်ချချင်ချမယ်။ မငြင်းနိုင်အောင် ချက်နဲ့လက်နဲ့ ပြောရင်တောင် ငါ့စကားနွားရပြောတယ် လို့ စွပ်စွဲရော။ ဘက်မထားပဲ အရှိကိုအရှိအတိုင်း အမှန်ကို အမှန်အတိုင်း ရှုမြင်နိုင်တဲ့သူဆိုတာ မရှိသလောက် ရှားတယ်။ ဒါကြောင့်လည်း မျက်စိအောက်တင် တစ်စိတ်က တစ်အိပ်ဖြစ်တယ်။ အမှိုက်ကစ ပြဿဒ်မီးလောင်တယ်။ သူများမွှေရင် မွှေသလောက် ပွေမဆုံးဘူး။ သူများဖွရင် ဖွသလောက် ငပွကြီးဖြစ်တယ်။ နောက်ဆုံးမတော့ ကိုယ်ကိုယ်တိုင်လည်း အဲသည် ကားမှန်ပြူတင်းပေါက်က စိတ်ကုန် သနား၊ သည်လူတွေ သည်ပုံနဲ့တော့ မလွယ်ပါလား ဆိုတဲ့ ခံစားချက်ကလေးနဲ့ မျက်ဝန်းတစ်စုံကို ပြေးပြေးမြင်မိတော့တယ်။ ဒါတွေက လက်ပံတောင်း နဲ့ ဦးပိုင်၊ ကုလား နဲ့ မြန်မာ၊ ဘက်နှစ်ဘက်တည်း ရှိကြပေလို့သာပေါ့။ ကိုယ်တို့ မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပေါင်းစုံတို့၏အရေးဆိုရင် ဘယ့်နှယ်လုပ်ရပါ့။
ကိုယ်ကတော့ ကိုယ့်စိတ်ထဲမှာ ရှိတဲ့အတိုင်း ပြည်ထောင်စုကို ချစ် လို့လည်းပြောခဲ့တယ်။ ပြည်ထောင်စုစိတ်ဓါတ် လို့လည်း ပြောခဲ့တယ်။ မိသားစုစိတ်ဓါတ်၊ ပင်လုံစိတ်ဓါတ် ပြောချင်တာပြော။ ဟောရင်းမတ်တပ်ကသာ ပျံတော်မူရမယ်။ ဆန်ဖြူဖြူတစ်ခွက်တောင် လောင်းမယ့်သူ မရှိတော့ဘူး။ ဒီစကားတွေက ရိုးလှပြီ။ ဦးနေဝင်းခေတ်ကတည်းက အပ်ကြောင်းထပ်လာခဲ့တာ။ နင်တို့ချစ်ခဲ့တာ ငါတို့အသိဆုံးပဲ။ မောင်ရင်လေး ရန်ကုန်မှာ ဆရာဝန်လုပ်ရင်း ဘာမှ မသိပဲနဲ့ ဝင်မလှော်နဲ့။ အခုဟာက ညှော်နေတာ မဟုတ်ဘူး။ လောင်ပြီးလို့ ကျွမ်းလှပြီ။ လွမ်းမနေနဲ့တော့တဲ့။ ဒီလိုဆိုတော့လည်း သူတို့ရင်ထဲမှာ ဘာတွေရှိနေသလဲ။ အကြိတ်အခဲတွေ ဘာကြောင့် သည်လောက် ကြီးမားလာရသလဲ။ သူတို့ အသံတွေကိုပဲ ပြန်နားထောင်ရပါတယ်။ တော်တော်များများဆီက တစ်သံထဲထွက်လာတာ ဖက်ဒရယ်မူပါတဲ့။ မြတ်စွာဘုရား။ ကြမ်းကြားလေကြားဗျာ။ အဲသဟာကြီးက ဦးနေဝင်းခေတ်တုန်းက လေသံတောင် သလပ်လို့ ရတာ မဟုတ်ဘူး။ ၁၉၆ဝ တောင်ကြီးညီလာခံမှာ အဲဒီအသံကြီးထွက်လာလို့ ပြည်ထောင်စုကြီးပြိုကွဲမယ့်အရေး၊ တိုင်းပြည်ကြီး ချောက်ထဲကျတော့မယ့်ဘေးက အချိန်မီ ကယ်တင်ခဲ့ရတာဆို။ အခု နောက်တစ်ခါ ထပ်အကယ်ခံရတော့ ဘယ့်နှယ်လုပ်မလဲ။ ကျားသေကို ပြန်အသက်သွင်းကြဦးမလို့လား။ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ဘက်က အဲသလောက်တောင် စိတ်အားထက်သန်နေပြီဆိုရင် အကြောင်းတစ်ခုခုတော့ ရှိရမှာပေါ့။ ကိုယ်ကလည်း တစ်သက်လုံး ခြောက်လှန့်ခံထားရလို့ ကြောက်နေတာ ဖြစ်ချင်ဖြစ်မှာပေါ့။ ဒေဝေါကြီးဆိုတာ ဘာကြီးတုန်း။ ကိုယ့်ဘာသာကိုယ်ပဲ အရင်သိအောင် မေးမြန်းတီးခေါက် ရှာဖွေလေ့လာကြည့်ရမှာပေါ့လေ။
အင်္ဂလိပ်လက်အောက်က ကိုယ်တို့ မြန်မာတွေ လွတ်လပ်ရေးသွားတောင်းတဲ့အခါ ဟိုက လူလည်ကြီးသားသမီးများက “လွတ်လပ်ရေးဆိုတာတော့ ဟုတ်ပါပြီ။ ဒါပေသိ အဲဒါကြီးက မုန့်မဟုတ်ဘူးနော်။ မင်းတို့နိုင်ငံက လွတ်လပ်ရေးရရင် ဘာမူနဲ့ သွားမှာလဲ။ ပြတ်ပြတ်သားသား သိအောင် အရင်လုပ်ပါဦး။” လို့ ခေါင်းစားလွှတ်လိုက်သတဲ့။ ဟုတ်တယ်လေ။ အချုပ်အခြာ အာဏာပိုင်တဲ့ နိုင်ငံဆိုတာ အုပ်ချုပ်ရေးစံနစ်ပုံစံတစ်ခု ရှိရတယ်။ ရှင်ဘုရင် နဲ့ အုပ်ချုပ်မှာလား။ Royal ခေါ်တယ်။ အင်္ဂလန်တို့၊ ထိုင်းတို့၊ ဘူတန်တို့လိုမျိုး။ သမ္မတ နဲ့ အုပ်ချုပ်မှာလား။ Republic လို့ခေါ်တယ်။ ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ကိုယ်စားလှယ်နဲ့ အုပ်ချုပ်တာ။ ပြည်ထောင်စု နဲ့ သွားမှာလား။ အဲဒါက လက်ရှိ မြန်မာနိုင်ငံရဲ့ ပုံစံ။ ပြည်ထောင်စုမြန်မာနိုင်ငံတော် (Union of Myanmar) လို့ ခေါ်တယ် မဟုတ်ဘူးလား။ အမှန်တော့ ကိုယ်တွေက အစွဲမဖျောက်နိုင်လို့ တော် ဆိုတာကြီး ထည့်ထားတာ။ သူတို့ဘာသာနဲ့ဆို ဘုရင်စံနစ်မဟုတ်ရင် တော် ဆိုတာ မသုံးတော့ဘူး။ တော်သုံးလို့လည်း ကြီးမြတ်တယ် လို့ မယူဆတော့ဘူး။ အူတူတူ စရိုက်နဲ့ အထည်ကြီးပျက်လို့သာ သဘောထားတယ်။ နောက်ပုံစံတစ်မျိုးကတော့ Federation လို့ခေါ်တယ်။ ကိုယ်တို့ဆီမှာ နားခါးတဲ့ ဖက်ဒရယ်မူဆိုတာ အဲဒါ။ Soviet Union တောင် အခု Russia Federation ဖြစ်သွားပြီ။ ပြည်နယ်တွေကို ထိုက်သင့်သလောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားတယ်။
ကိုယ်တို့ဆီမှာ နိုင်ငံရေးနဲ့ ဘယ်လောက်တောင် မျက်ခြေဖြတ်ထားသလဲဆိုရင် အခုပြောနေတဲ့အကြောင်းအရာတွေကို သဘောပေါက် နားလည်တဲ့သူ၊ စိတ်ဝင်တစားရှိတဲ့သူ ဘယ်သူမှ မရှိဘူး။ အားလုံးတညီတညွတ်တည်းသဘောပေါက်ထားတဲ့ မူဝါဒက စားမယ်ဝါးမယ် ဖားမယ်ပွားမယ်။ ငါမသေမချင်း ငါ့နောက်ကတက်မယ့်သူဟာ ငါ့ကိုလှန်ကြည့်မယ့်ကောင် မဖြစ်ရဘူး။ ခြေရာချင်းတူမလာခင် သတ်ပစ်တဲ့ ခြင်္သေ့မူဝါဒနဲ့ အုပ်ချုပ်တာ။ တကယ်တော့ Union ပဲဖြစ်ဖြစ်၊ Federation ပဲ ဖြစ်ဖြစ်၊ ငါပြောတာသာ ကောင်းတယ်။ ဟိုဟာ အလကားဝါဒ။ နားမယောင်နဲ့။ လို့ ပြောမယ့်အစား၊ ဘယ်ဟာက ဘယ်လို၊ အဆိုးအကောင်း၊ အကြောင်းအပြစ်ကလေး သိခွင့်ပေးပြီးမှ ပြည်သူ့သဘောထားအရ ကိုယ်တိုင်ဆုံးဖြတ်တာသာ အကောင်းဆုံး မဟုတ်လား။ ဟိုအချိန်တုန်းကတော့ လွတ်လပ်ရေးရဖို့သာ ပဓာနမို့လို့ တောင်တန်းပြည်မ မခွဲခြားပဲ အတူတကွလွတ်လပ်ရေးယူဖို့ ပင်လုံစာချုပ်ဆိုတာ ချုပ်ခဲ့ကြတယ်။
အမှန်တော့ ကိုယ်တွေဉာဏ်ရည်နဲ့သာဆိုရင် အရေးမကြီးတာကို ဗာရာဏသီချဲ့နေတယ်။ ဘာစံနစ်နဲ့ပဲ ဖြစ်ဖြစ် အခေါ်အဝေါ်သာ ပြောင်းသွားတာ။ အုပ်ချုပ်တဲ့သူက သူ့ဘာသာ စိတ်တိုင်းကျ ထင်သလို အုပ်ချုပ်မှာပဲ။ Republic of China မှာလည်း မော်စီတုံးကြီး ထင်တိုင်းကျဲခဲ့တာ အယ်လိဇဘက်ဘုရင်မကြီး လက်မှိုင်ချရမယ်။ အာရှတိုက်မှာ အကြီးဆုံး ဒီမိုကရေစီနိုင်ငံလို့ ကြွေးကြော်တဲ့ အိန္ဒိယမှာလည်း အင်ဒီယာဂန္ဒီကြီးက နောက်ဆုံးရွေးကောက်ပွဲမှာ မဲတွေခိုးပြီး အနိုင်ယူခဲ့တယ် လို့ သတင်းတွေထွက်လာတာပဲ။ ကိုယ်တို့ရဲ့ ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်ကြီးဟာလည်း ရာဇဝင်ထဲကိုမှ မရောက်သေးတာ။ လောလောလတ်လတ်ကြီး ရှိသေးတယ်။ မြိန်တဲ့သူတွေ မြိန်နေတုန်း၊ ဂိန်တဲ့သူတွေလည်း ဂိန်ကောင်းတုန်း။ မြွေပွေးမြွေဟောက် အမောက်ကလေးထားလိုက်ရုံနဲ့ နဂါးဖြစ်သွားတာမှ မဟုတ်ပဲ။ ဘယ်လိုခေါ်ခေါ် သူတို့ပဲ အုပ်ချုပ်မှာ ခေါ်ချင်သလိုခေါ်ပစေပေါ့။
ဒါပေမယ့်လည်း တခါတခါမှာ အဲဒီအခေါ်အဝေါ် အသုံးအနှုန်းကလေးကပဲ ရန်စငဖြိုး အမျိုးမျိုး သွေးထိုးပေးနေတာလည်း ရှိပါတယ်။ အင်္ဂလိပ်က အစဖော်ပေးသွားတဲ့ အဲဒီဖက်ဒရယ်မူဆိုတဲ့စကားလုံးဟာ မြန်မာ နဲ့ တိုင်းရင်းသားတွေအကြားမှာ “မင်းတို့တတွေက တစ်ယောက်နဲ့ တစ်ယောက် မတူပါလားနော်။ တစ်ဖအေတည်းမွေးထားတာ မှ ဟုတ်ရဲ့လား။” လို့ သွေးခွဲပေးသွားသလို နာစရာရှိတိုင်း တွေးစရာပေါ်တဲ့ အကြောင်းအရာတစ်ရပ် ဖြစ်လို့လာပါတယ်။ သည်အခါမှာ ဘာပဲပြောပြော တစ်အူတုံဆင်းတွေပါလားဆိုတာတောင် မေ့မေ့သွားပြီး ညီအကိုချင်းထထသတ်တဲ့ စစ်ပွဲတွေက အမိရင်ထဲ မချိတင်ကဲ ဖြစ်စရာ မဟုတ်ဘူးလား။ အခုဆိုရင် သည်အကြောင်းအရာဟာ ဘယ်လောက်တောင်များ စန်းစန်းတင့်ဖြစ်သလဲဆို မြန်မာလို့ ပြောလိုက်ရင် တို့တိုင်းရင်းသားတွေ မပါဘူးလား။ တိုင်းရင်းသား လို့ ပြောလိုက်ရင် မြန်မာမဟုတ်ဘူးလား။ မြန်မာက တိုင်းရင်းသားထဲ မပါလို့လား။ စသည်စသည် ခွန်းတုန့်တင်မခံ ဖြစ်လာပါတယ်။ ပြည်ထောင်စုဆိုတဲ့သဘောကိုတောင် မြန်မာတွေက လက်ဝါးကြီးအုပ်ထားတဲ့ လူမျိုးကြီးဝါဒ လို့ မြင်ကုန်တဲ့အခါ ဘယ်လိုရှင်းပြရှင်းပြ နားချလို့မရတော့ဘူး။ နားလှည့်ပြီး ပါးရိုက်မှာ လို့ တွေးလာတယ်။
နောက်ဆုံးတော့ တစ်နိုင်ငံလုံးကို အညွန့်အညှောက် မပေါက်နိုင်အောင် မျိုးဆက်တစ်ခုလုံး နိုင်ငံရေးသင်းသတ်ထားတဲ့ မဆလလက်အောက်ကလည်း လွတ်ခဲ့ပြီ။ ဒုတိယမ္ပိ နှစ်ကြိမ်မြောက်လည်း ချောက်ထဲကျအံ့ဆဲဆဲ တည်းလည်းကလေးမို့ ဝင်ဝင်ကယ်ပေးထားရတဲ့ တပ်မတော်ကြီးရဲ့ ကယ်တင်စောင်မမှုကလည်း လွတ်ခဲ့ပြီ။ ဒီအချိန်မှာမှ ဖက်ဒရယ်ကို မဆွေးနွေးရင် ဘယ်တော့ ဆွေးနွေးမှာလဲ ဆိုပြီး တာစူကုန်ကြပါပြီ။ ဒီလိုမှ မဆွေးနွေးရင် နိုင်ငံတစ်ခု၊ တိုင်းပြည်တစ်ခု တည်ထောင်ဖို့ မရှိမဖြစ် လိုအပ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာကို ဘယ်လိုမှ ရမှာ မဟုတ်တော့ပဲကိုး။ ကောင်းပါပြီ။ ဆွေးနွေးကြရအောင်ပါ။ အရင်တုန်းက စကားထဲတောင် ထည့်ပြောလို့ မရတဲ့၊ တို့တာဝန်အရေးကြီးသုံးပါးထဲမှာ ဒုတိယနေရာက ဦးထိပ်ထားရတဲ့၊ ဖဆပလခေတ်တုန်းကဆိုရင်တော့ အုန်းသီးစားရမယ့် (ကိုကိုးကျွန်းအပို့ခံရမယ် လို့ပြောတာ) ဒီကျားမြီးကြီးကို ဆွဲလိုက်ကြရအောင်။ အရင်ဆုံး ပြောရမှာက ဘယ်သူတွေ ဆွေးနွေးမှာလဲ ဆိုတာပါ။ အရပ်ထဲ လက်ဘက်ရည်ဆိုင် ပေါက်ပန်းဈေးထိုင်ပြောတဲ့ ကိစ္စမှ မဟုတ်တာ။ ပြောမယ့်ဆိုမယ့် ဆွေးနွေးမယ့် ပုဂ္ဂိုလ်ဟာ ဉာဏ်ကလည်း မီဦးမှ။ (ကိုယ်တောင် ဉာဏ်မမီတဲ့အထဲပါတယ်ဗျ) အရေးကလည်း ပိုင်ဦးမှ။ အရေးပိုင်တယ်ဆိုတာ အင်္ဂလိပ်ကခန့်ထားတဲ့ အရေးပိုင်မင်း ကို ပြောတာ မဟုတ်ပါဘူး။ တိုင်းရင်းသားတစ်ရပ်ရပ်ကို ကိုယ်စားပြုပြီး ဆွေးနွေးမယ့် ပုဂ္ဂိုလ်ဟာ အဲသည်တိုင်းရင်းသားတွေကို အမှန်တကယ် ကိုယ်စားပြုရဲ့လား။ သူ့သဘောနဲ့ပြီး မီးသေရဲ့လား ဆိုတာ ပြောစရာ ဖြစ်လာပါတယ်။ ဒီတော့မှပဲ အငိုလွယ်ပြီး အရှိုက်ခက်တာကို သဘောပေါက်လာပါတယ်။
တိုင်းရင်းသားကိုယ်စားလှယ်ဆိုတာ ကိုယ်ပိုင်စစ်တပ်နဲ့ လက်နက်ကိုင်တိုက်ပွဲဝင်နေမှ တိုင်းရင်းသားတွေကို ကိုယ်စားပြုတာ မဟုတ်ဘူး။ ဒီအခါမှာ ကချင်ပြည်နယ်မှာ ကေအိုင်အိုတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတာတောင် ကချင်လူမျိုးတွေအတွက် နာလိုခံခက်တဲ့စကား ဖြစ်လာစေပါတယ်။ လက်နက်ကိုင်တဲ့ ကေအိုင်အို / ကေအိုင်အေ (အဲဒီနှစ်ဖွဲ့ မတူဘူးတဲ့ဗျ) နဲ့ ငြိမ်းချမ်းရေးရမှသာ ကချင်လူမျိုးတွေနဲ့ ငြိမ်းချမ်းရေး ရတယ် လို့ ခေါ်မှာလား။ ကျန်တဲ့ လက်နက်မကိုင်ပဲ အေးချမ်းစွာ နေထိုင်သူ ကချင်တိုင်းရင်းသားတွေက ငြိမ်းချမ်းရေးယူစရာ မလိုဘူးလား။ ကချင်လက်နက်ကိုင်တပ်ရင်းတွေဟာ ကချင်အမျိုးသားထုတစ်ရပ်လုံးကို ဘယ်လောက် ကိုယ်စားပြုသလဲ ဆိုတဲ့ မေးခွန်းကြီး ပေါ်လာပါတယ်။ ဒါဖြင့်ရင် ကချင်တိုင်းရင်းသားရေးရာဝန်ကြီးတွေကပဲ ကချင်ပြည်နယ်ကြီးတစ်ခုလုံးကို ကိုယ်စားပြုတာပေါ့လေ လို့ လာမငေါ့နဲ့ဦး။ ဒီနေရာမှာ အင်မတန် စဉ်းစဉ်းစားစားနဲ့ တွေးစရာတွေ အများကြီး ပါလာတယ်။
တိုင်းရင်းသားမှရယ် မဟုတ်ဘူး။ ပြည်မက မြန်မာတွေမှာပဲ ဖြစ်ဖြစ် ပြည်သူကို ကိုယ်စားပြုတဲ့ ပြည်သူ့ကိုယ်စားလှယ်ဆိုတာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ (အစစ်) နဲ့သာလျှင် ရရှိနိုင်တယ်။ အတုနဲ့ တက်လာခဲ့ရင် ကိုယ့်ဘာသာကိုယ်သာ အစစ်ဟန်ဆောင်နေလို့ရမယ်။ အာဏာနဲ့ ရပ်တည်နေလို့တော့ရတယ်။ သူ့နောက်မှာ ပြည်သူမပါတဲ့အတွက် သူ့ဆန္ဒဟာ ပြည်သူ့ဆန္ဒ မဖြစ်ဘူး။ ဖဲချပ်ကလေးများ ဒါးနဲ့ထောင်ထားသလိုပဲ။ ဒါးရုတ်လိုက်တာနဲ့ ဖုတ်ကနဲ ပြုတ်ကျတယ်။ ဟိုရှေ့ကလူတွေ ဘာလို့ တပ်ကို ခါးပိုက်ထောင်ထဲထည့်ဖို့ ကြိုးစားကြသလဲဆိုတာ သည်သဘောကြောင့်။ လက်ပန်းတောင်းတောင်မှာ အဲလောက် အတို့အရှို့တွေကြားထဲက ဘွားတော်ကြီး ဘာလို့ မီးသေသလဲ။ သူ့နောက်မှာ ယူနီဖောင်းတစ်ယောက်တောင် ရှိတာ မဟုတ်ဘူး။ ပြည်သူက အမှန်တကယ် ထောက်ခံပြီး တက်လာလို့လေ။ သူ့ကိုဆန့်ကျင်တာဟာ ပြည်သူကို ဆန့်ကျင်တာပဲ။ သူ့သဘောထားဟာ ပြည်သူကို အနီးကပ်ဆုံး ကိုယ်စားပြုတာပဲ။ လူတွေက အဲသလိုပဲ ခံယူထားကြတဲ့အတွက် တော်ရုံတန်ရုံဆို သူနဲ့ ကဏ္ဍကောစတောင် မပြောကြတော့ပဲ ဒုတိယဘုရားသခင်ပါလို့ အရွဲ့တိုက်ပြီး အရောက်ပို့ကြတယ်။
ဒီနေရာမှာ ဘွားတော်စိတ်ထဲမှာ လူတွေက ငါပြီးရင်ပြီးပါတယ်ဆိုတဲ့ စိတ်ထားဝင်လာတာနဲ့ သူလည်း သူ့သဘောကို ပြည်သူ့သဘောလို့ ထင်ယောင်ထင်မှားဖြစ်သွားပြီး အာဏာရှင် ဖြစ်မှန်းမသိ ဖြစ်ပြီး ဂွမ်းသွားတတ်တယ်။ (ဟိတ် စကားအဖြစ်ပြောတာနော်။ တို့မေကြီးက ဘယ်ခါမဂွမ်း မိုးဆမ်းပန်း) သူက ပြည်သူတွေကို ကိုယ်စားပြုတာ။ ပြည်သူတွေက သူ့ကိုယ်စား သူ့စိတ်တိုင်းကျ လိုက်နေပေးတာ မဟုတ်ဘူး။ အဲဒီနှစ်ခုကို သဘောမပေါက်နိုင်လို့ ကျန်တဲ့ အခေါဘဏီတပ်ကြီးအမှူးတွေ သူ့ကို လိုက်လို့မမီတာဗျ။ လူတိုင်းက သာမာန်လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ထက် ဘာမှ မပိုပါဘူးလို့ အမနာပ တဖွဖွ ပြောနေလျက်က၊ သတင်းစာ စာမျက်နှာပေါ်မှာ တစ်လုံးတစ်ပါဒ မဖော်ပြပဲ ဖျောက်ထားလျက်က တစ်နှစ်တစ်ခါ ရာထူးတက်ပေးစရာ မလိုပဲ ဘယ်နေရာရောက်သွားသလဲဆိုတာ အားလုံးမျက်မြင်ဖြစ်လာတယ်။ (သုံးပွင့်ဆိုင် ကြေညာချက်ဆိုတာ ထွက်လာပြီလေ) ဒီလိုပဲပေါ့။ တိုင်းရင်းသားကိုယ်စားလှယ်ဆိုတာမျိုးဟာလည်း သူတို့တိုင်းရင်းသားတွေက ပြည်သူ့ဆန္ဒစစ်စစ်နဲ့ (အမှန်တကယ်) ရွေးချယ်တင်မြှောက်ထားတဲ့ သူတွေသာ ဖြစ်တယ်။ လက်နက်ကိုင်ထားတဲ့သူကမှ ကချင်ပြည်နယ်ကို ကိုယ်စားပြုတယ်လို့ ဘယ်ပြောလို့ရမလဲ။ သူတို့လည်း အရေးပါတဲ့ အခန်းကဏ္ဍက ပါချင်ပါပါ။ ဒါပေမယ့် သူတို့ပြီး အားလုံးပြီး။ သူတို့ငြိမ်း အားလုံးငြိမ်းဆိုတာကတော့ ကိုယ့်တိုင်းရင်းသားတွေကို အရင် ကိုယ်ခိုင်အောင် စည်းရုံးလိုက်ပါဦး။ (လက်နက်နဲ့ သိမ်းသွင်းတာကို မဆိုလို)
စစ်မှန်တဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေထွက်လာပြီဆိုရင်တောင်မှ အဲဒါ လူပဲရသေးတာ။ အရေးကြီးတာက သူတို့မှာ ဦးနှောက်နဲ့ အမျှော်အမြင် ဘယ်လောက်ပါသလဲဆိုတဲ့အပေါ်မှာ သူတို့ တိုင်းရင်းသား လူမျိုးတွေရဲ့ အနာဂတ်ကံကြမ္မာက တည်နေတယ်။ တိုင်းပြည်အုပ်ချုပ်တယ်ဆိုတာ ဗောင်းတော်ညှိတ် စိတ်တော်သိ၊ ခိုင်းတာလုပ်ရုံနဲ့ဆို လက်တိုလက်တောင်း နောက်လိုက်ကောင်းပဲ ဖြစ်လာမယ်။ ခေါင်းဆောင်နေရာ တက်လို့မရဘူး။ ကိုယ်ကဦးဆောင်ရမယ့် နေရာရောက်လာတဲ့အခါ စင်ပေါ်မှာကသမျှကို အောက်က အတိုင်းသား မြင်နေရတယ်။ ဒါကြောင့် ပြောမှားဆိုမှား တစ်ခွန်းရှိ၊ ဘွာခပ်လို့မရတော့ဘူး။ တစ်ဘဝလုံးရင်းပြီး နင်းတက်လာခဲ့သမျှတွေဟာ ဘာမဟုတ်တဲ့ စကားအမှားလေးတစ်ခွန်းနဲ့ သဲပုံလှိုင်းရိုက်သလို ပြိုရပျက်ရတယ်။ ဒါက သူ့တစ်ယောက်တည်းရဲ့ စည်းစိမ်ဥစ္စာ၊ နေရာရာထူးပဲ ရှိပေမယ့် တိုင်းရင်းသားတွေ အတွက်ကျတော့ ပြည်နယ်တစ်ခုလုံးရဲ့ မျှော်လင့်ချက်လေ။ တိုင်းရင်းသားတွေထဲမှာ အမှန်တကယ် တတ်သိနားလည် တတ်ကျွမ်းတဲ့ လူမျိုးစုကလည်း ထောက်ခံတဲ့ ပညာရှိတွေတော်တော်များများရှိကြပါတယ်။ ပြဿနာက အဲသည်လူတွေထွက်လာမှာလား။ ပြောဆိုဆွေးနွေးဖို့ အခွင့်ရမှာလား။ ကိုယ်တွေလိုပဲ သူတို့လည်း ချောင်ထိုးဘေးဖယ် ခံထားကြရသလား တွေးစရာပေါ့။ ကျောက်စိမ်းတူးတဲ့၊ ဘိန်းရောင်းတဲ့ လက်နက်ကိုင်ခေါင်းဆောင်နဲ့ အပစ်အခတ်ရပ်စဲဖို့တော့ ညှိရပါလိမ့်မယ်။ တကယ့်ငြိမ်းချမ်းရေးအစစ်ကတော့ တိုင်းရင်းသားကိုယ်စားလှယ် ပညာရှိတွေနဲ့ ဆွေးနွေးရမှာပါ။
အခုရေးလာပြီးတဲ့အထိ ဖက်ဒရယ်မူအကြောင်းက စလုံးရေတောင် မစရသေးပါဘူး။ ဖက်ဒရယ်မူဆိုတာ ဘာလဲ ကိုယ်နားလည်သလောက် ရှင်းပြတာရယ်။ အဲဒါကြီးဆွေးနွေးချင်သပဆို ဘာတွေလိုအပ်မလဲ ဆိုတာရယ်လောက်ပဲ ခေါင်းစားရသေးတာပါ။ တကယ်တမ်းဆက်လေ့လာရင် ခက်ခဲတယ် နက်နဲတယ်။ ကျယ်ပြောတယ်။ အံ့ဩဖွယ်။ လို့ပဲ လူပြက်တွေ ပြောသလို ပြောရမှာပေါ့။ နိုင်ငံရေးကို မဆလက Political Science မှာသင်သလောက်ပဲ တီးမိခေါက်မိရှိတဲ့ ကိုယ့်ဖြုတ်ဦးနှောက်နဲ့တော့ လိုက်လို့မမီပါဘူး။ အနှိပ်သည်ငတိုးပြောမို့ သောတယ်လို့ပဲ သဘောထားကြပါ။ ဒီပညာရပ်နဲ့ပတ်သက်လို့ နိုင်ငံရပ်ခြားမှာ ပီအိတ်ချ်ဒီ ဒေါက်တာဘွဲ့ကြီးများယူထားတဲ့ မျိုးဆက်သစ် မြန်မာလူငယ်တွေ (အခုတော့ လူလတ်ပိုင်းတွေ ဖြစ်ကုန်ပြီ) အများကြီး ရှိနေပါပြီ။ သူတို့တတွေ ဘာပြောမလဲ။ တိုင်းရင်းသားတွေက ဘယ်လိုသဘောထားမလဲ ဆိုတာလည်း စိတ်ဝင်စားစရာ ဖြစ်လာပြီနော်။ ငွေရောင်ပိတ်ကားပေါ်မှာ ဆက်လက်ရှုစားရအောင်ကွယ်။
စာဖတ်သူတွေအတွက် မေတ္တာနဲ့ အကြံကောင်း ပေးချင်တာကလေးကတော့ မျက်စိကမြင်၊ နားကကြားတဲ့အချက်အလက်တွေကို ခံစားချက်အရင်းခံလို့ တမဟုတ်ချင်း ပါးစပ်ကလွှတ်ကနဲ ပြန်ထုတ်၊ လက်ကဖြတ်ကနဲ ပြန်ရေးမယ့်အစား ဦးနှောက်ထဲကို ပို့ပြီး ဆင်ခြင်ဉာဏ်ကလေးနဲ့ ကျေကျေညက်ညက်ဖြစ်အောင် processing လုပ်ပြီးမှ မှတ်ချက်ကလေး output ပြန်ထုတ်ရင် တစ်နေ့ထက်တစ်နေ့ ဉာဏ်ရည်တွေထက်သထက် ထက်လာပါလိမ့်မယ်။ ပိန်းဥလည်း မစားနဲ့။ ပိန်းပန်းလည်း မဆင်နဲ့။ ပိန်းကြာဖက်ရေမတင်သလို ဒီကိုဂျင်သောက်ပြီး ပေါက်လွယ်နိုင်ကြစေကုန်သတည်း။
credit to Dr Soe Min
6 comments
မဟာရာဇာ အံစာတုံး
March 31, 2013 at 1:03 am
ပေးဒဲ့ဆုနဲ့ ပြည့်ဘာစေဒဒီး …
စကားမစပ် …
ဆင်ခြင်ဉာဏ် ဆိုတာကလည်း …
နလပိန်းတုံး တစ်ယောက်အတွက်ဆို
အတော် မလွယ်တဲ့ ကိစ္စပဲနော့ ….
အဲ့ဒီ ဆင်ခြင်ဉာဏ် ရအောင် အရင်ဆုံး လုပ်သင့်သေးတယ် …
nicolus agral
March 31, 2013 at 11:58 am
ဆင်ခြင်ဉာဏ် ကကျူရှင်ကသင်တဲ့ထဲလဲမပါ ကျောင်းကသင်တဲ့ထဲလဲမပါ
တို့ကတော့ not more than parrot yJ
ကိုပေါက်(မန္တလေး)
March 31, 2013 at 2:34 pm
ကျနော်တို့ ရဲ့ လက်တွေ့ အခက်အခဲက
ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား ငါလဲ မလုပ်တတ်ဘူး ဆိုတာတွေက များနေပါတယ်။
လူတစ်ဦးတစ်ဖွဲ့ ကို မကြိုက်ဘူးလို့ဆိုမယ်။
အစားထိုးစရာ လူအသင့်မရှိ
(ဒါကြောင့်လဲ ဘာဖြစ်ညာဖြစ် ဝိုင်းအအော်ခံရတဲ့သူက နုတ်ထွက်ပါတယ်လို့ပြောလာတော့
ဆက်လုပ်ပေးပါအုံးလို့ ပြန်တောင်းပန်ရပြန်ရော)
သွေဆူ ယုံလွယ် အာကျယ်တတ်တဲ့သူတွ များမနေသမျှ ကာလပါတ်လုံး
ပျို့မောင်ဖုန်း စောင့် အုံး စောင့်အုံးလေ ဆိုတဲ့သီချင်းကိုဘဲဆိုနေရုံမှတစ်ပါး။
padonmar
March 31, 2013 at 5:32 pm
ငြိမ်းငြိမ်းချမ်းချမ်းနေချင်တာတစ်ခုပဲသိတယ်ဆိုတော့ လူပြိန်းပါပဲ၊
ပိန်းဥလည်းကြိုက်တယ်ဆိုတော့ မတတ်နိုင်ပါဘူး။
ပြောသွားတဲ့စကားတွေလိုက်မီ နားလည်အောင်တောင် မနည်းစဉ်းစားနေရတယ်။
ဒါပေမယ့် နောက်လိုက်ကောင်း ဖြစ်အောင်ကြိုးစားပါမယ်။
ဦးကြောင်ကြီး
March 31, 2013 at 8:39 pm
လူပြိန်းဇကား
သူစိမ်းကြား
အူဖိန်းအယား
ရှုဘိန်းပွား
မြူလိမ်းဖလား
အူရှိန်းသွား
ဂူသိမ်းတံတား
ဆူမှိန်းနား..။
nature
March 31, 2013 at 10:24 pm
တိုင်းရင်းသားအရေးတွေကတော့ တိမ်မယောင်နဲ့နက် လွယ်မယောင်နဲ့ခက်ပါတယ်။ ၂၀၁၂ ခုနှစ်နှစ်ကုန်ပိုင်းက အထက်မြန်မာပြည်မှာ ငလျှင်အကြီးအကျယ်လှုပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အထက်မြန်မာပြည်မှာ ကပ်ဘေးရောဂါတခုခုဖြစ်နိုင်ခြေရှိတယ်လို့တော့ထင်မိပါရဲ့။ မကြာပါဘူး အစိုးရနဲ့ KIA အကြီးအကျယ်တိုက်ကြတော့တာပဲ။ နောက် လက်ပန်တောင်းတောင် မိတ္ထီလာ ဆက်တိုက်ဖြစ်လာတာပဲ။
အစိုးရနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာလဲ ရက်ပေါင်းများစွာ စစ်ဘေးဒုက္ခကိုကြီးစွာခံစားနေရတဲ့ ပြည်သူတွေရဲ့ဆင်းရဲဒုက္ခကို သနားငဲ့ညှာသောအားဖြင့် တထစ်လျှော့ ဆွေးနွေးပြီးငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးလေးဆိုရင်တော့ကောင်းမှာပဲလို့ထင်မြင်မိပါတယ်။ ပြည်သူတွေအတွက်လက်နက်ကိုင်တယ်ဆိုရင် ကိုယ်လက်နက်ကိုင်တဲ့အတွက် ပြည်သူတွေရဲ့ အေးချမ်းသာယာမှုကိုဖြစ်စေသလား။ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကိုဖြစ်စေသလား။ ပြည်သူတွေဘာဖြစ်ဖြစ်ဂရုမစိုက်ဘူးလား။ ဒါမှမဟုတ်ပြည်သူတွေလဲဆင်းရဲဒုက္ခကင်းဝေးအောင် ပျားလည်းစွဲသာရှဥ့်လဲလျှောက်သာ နည်းလမ်း ကိုဘယ်လိုများလုပ်နိုင်မလဲဆိုတာ အဖြေရှာကြရင်ကောင်းမှာပဲလို့ထင်မိတယ်။