အမေ မသိသေးသော အကြောင်းများ

etoneJuly 24, 20101min511
အမေ မသိသေးသော အကြောင်းများ မဂ္ဂဇင်း ကာတွန်းတစ်ခုထဲမှာ ဒီလိုဖတ်ဖူးပါတယ်။ မိန်းမနှစ်ယောက် ဈေးက အပြန်လမ်းမှာတွေ့တော့ တစ်ယောက်ကနောက်တစ်ယောက်ကို ပြောနေတာ။

‘ကျွန်မအမျိုးသားက နိုင်ငံခြားမှာ အလုပ်လုပ်နေတာလေ။ သားက လည်း နိုင်ငံခြားမှာပဲ။ သမီးကတော့
အဲဒီမှာ ပဲကျောင်းတက်နေလေရဲ့’

‘ဟင် ဒါဆိုရှင်က ဘာလို့ လိုက်မသွားတာလဲ’
‘အဟင်း ကျွန်မကကြွားခြင်လို့ နေခဲ့တာလေ’ တဲ့။

အဲဒီ ကာတွန်းလေးက အမေပြောပြတာပါ။ အမေကတော့ ဟုတ်မှာပေါ့လေ။ ဒါပေမယ့် အမေမသိသေးတာ တွေ အများကြီးရှိပါသေးတယ်။

‘ဟုတ်တယ် နိုင်ငံခြားမှာ လမ်းတွေတအား ကောင်းတာတဲ့။ တစ်မြို့လုံးလည်း
သန့်ရှင်းနေတာပဲတဲ့။ လျှပ်စစ် မီးဆိုတာတော့ ပြောစရာကို မရှိဘူးတဲ့’

အမေကတော့ မိတ်ဆွေတွေနဲ့ တွေ့တိုင်း အဲလိုပြောလေရဲ့။ ဒါပေမယ့် အမေပြောပြောနေတဲ့ နိုင်ငံခြားမှာ တစ်အား ကောင်းနေတာတဲ့ ဆိုတာ
ကျွန်တော်ကတော့ လက်မခံဘူးအမေ။ တစ်ကယ်တော့ နိုင်ငံခြားက
တစ်အားကောင်းဒါမဟုတ်ဘူးဗျ။ ဒါတွေက ပုံမှန်ပဲ။ ကတ္တရာလမ်း ချိင့်ခွက်မရှိတာ
ကို တကားကောင်းတယ် လို့ ပြောလို့ရမလား။ လမ်းဘေးတွေမှာ အမှိုက်မရှိတာရော
တအားကောင်းနေတာလား။ လျှပ်စစ်မီး ခလုတ်ဖွင့် လိုက်တိုင်း ရှိနေတာကရော။ Bus
ကားတွေ မြို့ပတ်ရထားတွေ အချိန်မှန်နေတာကရော အထူး အဆန်းလားပဲလား။
ကျွန်တော်ကတော့ အဲဒါကို အရမ်းကောင်းနေတယ်လို့ မယူဆဘူး အမေ။ ဒါတွေက
ပုံမှန်လေ။ တစ်ကယ်တော့ ကျွန်တော်တို့ဆီက ပုံမမှန်ဖြစ်နေတာ။ အဲဒါကြောင့်
နိုင်ငံခြား တစ်အား ကောင်းနေတယ်လို့ ပြောရင် သိပ်ဘဝင် မကျဘူး အမေ။
နိုင်ငံခြားက ပုံမှန် ကျွန်တော်တို့ဆီက ပုံမမှန်။

သူတို့ဆီမှာ ရုပ်ဝတ္ထုပစ္စည်းတိုးတက်မှု့ကတော့ ထိပ်ပဲလေ။ ဒါပေမယ့် ကျွန်တော်တော့ ဒီမှာ အရမ်းပျော်နေပြီ။ သူတို့ နဲ့ တစ်သားထဲကျနေပြီ။
အင်တာနေရှင်နယ် စတန်းဒက် ဖြစ်နေပြီလို့ အမေထင်ရင်တော့ အမေ မှားသွား ပြီ
အမေရေ။ ကျွန်တော်ဆိုတဲ့ ကောင်က အမေ့အိမ်ကို ပြန်လာဖို့ပဲ
အမြဲတွေးနေတဲ့သူလေ။ မလာနဲ့ ဒီမှာ နေပူ၊ ဖုန်ထူ၊ ခြင်ကိုက်၊ မီးပျက်
လို့တော့ ကျွန်တော့်ကို မပြောပါနဲ့ အမေ။ ကျွန်တော်က အဲယားကွန်းခန်း
ကိုမုန်းလို့ နေရောင်ခြည်လေး လိုချင်နေတဲ့သူ၊ လေအဝေ့မှာ
ဖုန်နံ့လေးရှူနေရတာကို air fresher နံ့ထက်ပို ကြိုက်တဲ့သူ၊ အမှောင်ထဲမှာ
ထိုင်ပြီး ယက်တောင်လေးနဲ့ ခြင်ရိုက်ပြီး စကားပြောရတာကို ပို သဘောကျနေတဲ့
သူဆိုတာ အမေမသိပါဘူးလေ။

တစ်ချို့ကတော့ ပြောကြတယ်။ နိုင်ငံခြားမှာက အရည်အချင်းရှိဖို့ပဲ အရည်အချင်းရှိရင် အားလုံးတန်းတူပဲတဲ့။ အခုကမာ္ဘကြီးက Globalization
ဖြစ်နေပြီတဲ့။ နေရာဒေသလေးတစ်ခုကို စွဲလမ်းနေလို့ မဖြစ်ဘူးတဲ့။ ရေကြည်
ရာမြက်နုရာမှာ တိုးတက်အောင်နေရမှာပဲတဲ့။ တစ်ခုတော့ မေးပါရစေ။ ကမာ္ဘကြီးက
တစ်ကယ့်ကို ကမာ္ဘ့ရွာကြီး ဖြစ်နေပြီလား။ လူမျိုးရေး ခွဲခြားမှု့တွေ
မရှိတော့ဘူးလား။ ကျွန်တော့်မေးခွန်းကို သေချာဖြေကြည့်ပါ။ အမေရေ
ကျွန်တော်တော့ ကမာ္ဘကြီးက နည်းပညာတစ်ခုကလွဲလို့ ဘယ်နေရာမှ တကယ် Globalize
မဖြစ်သးဘူးလို့ ထင်တယ် အမေ။ ကျွန်တောတို့လို နိုင်ငံက လာတဲ့သူတွေကို
ရုပ်ဝတ္ထုပစ္စည်း တိုးတက်နေတဲ့ နိုင်ငံတွေက သူတွေက (လူများစုပါ။ လူအားလုံးကို
မဆိုလိုပါ) ဘယ်လိုမြင်တယ်ဆိုတာ့ အမေမသိသေးပါဘူးဗျာ။ ဒါတွေထားလိုက်ပါတော့။
အသေးစိတ်တွေ ပြောပြနေရင် အမေစိတ်မကောင်းဖြစ်နေမှာ။

တစ်ခါတစ်လေကြတော့ ကိုယ့်ကိုကိုယ် စက်ရုပ်တစ်ခုလိုထင်လာမိတယ်။ အလုပ်လုပ်နေတာ တစ်ကယ်ကို ထမင်းစားဖို့အတွက်လိုဖြစ်နေလို့ အမေ။ အရင်တုန်းက
အမေ့အိမ်မှာ နေရင်းအလုပ်လုပ်ရတာကု အဓိပ္ပာယ် လေးတစ်ခုခု ရှိနေသလိုပဲ အမေ။
အခုတော့ ဘာမှ အဓိပ္ပယ် မရှိသလိုပဲ။ ကိုယ့်နိုင်ငံမှာ လုပ်တာကမှ
ကိုယ့်လူမျိုး ကိုယ့်မွေးရပ်မြေအတွက် ဟုတ်ဟုုတ် မဟုတ်ဟုတ် တစ်ခုခုတော့
အကျိုးရှိဦးမယ် အမေ။ ကျွန်တော့် ကိုလူမျိုးရေး အမြင်ကျဉ်းတယ်လို့
ပြောရင်းလည်း ကျေကျေနပ်နပ်ကြီး ခံပါမယ်ဗျာ။ အဲလောက် နိုင်ငံနဲ့ လူမျိုးကို
ချစ်နေရင် ဘာလို့ထွက်လာသေးလဲကွာကို အပြစ်တင်မစောပါနဲ့။ လူ့ဘဝမှာ လူတန်းစေ့
လေးတော့ နေချင်တယ်လေ။ အင်း ခက်တာက အခုလိုနေနိုင်စားနိုင်အောင် အမေ့အိမ်က
မှာ နေပြီး ကျွန်တော် မရှာနိုင်ဘူး အမေရေ။ ကျွန်တော်ကပဲ ညံ့လွန်းလို့ပဲလား။
ရေကြည်ရာ မြက်နုရာဆိုရင် ကျွန်တော်တို့ဆီမှာ ရေတွေနောက်နေလို့လား။
မြက်တွေကခြောက်နေလို့လား။ ကျွန်တော် မစဉ်းစား တတ်ဘူးအမေရေ။

အမေမသိသေးတာတွေ အများကြီးရှိပါသေးတယ်ဗျာ။

ဥပမာ ဒစ်ဂျစ်တယ် နိုးစက်သံက ဘယ်လောက်မုန်းစရာကောင်းတယ် ဆိုတာ အမေခံစားဖူးမှ သိလိမ့်မယ် အမေ။
အမေတို့ဆီမှာ လူတွေ ဂုဏ်ယူဝင့်ကြွားစွာကိုင်နေတဲ့ ဟန်းဖုန်းဆိုတာ
ကျွန်တော့် အတွက်တော့ နွားခလောက် တစ်လုံးနဲ့ ဘာမှ မထူးဆိုတာ အမေ မသိပါဘူး
အမေ။ ဒီမှာ ရုပ်ဝတ္ထုပစ္စည်းအရ အများကြီးကောင်းတယ် ဆိုတာတော့ ကျွန်တော်
မငြင်းပါဘူးအမေ။ ဒါပေမယ့်ဗျာ စာရေးဆရာတစ်ယောက် ပြောဖူးသလိုပေါ့။

‘ငှက်လှောင်အိမ်ကြီးကိုပဲ ဆေးသုတ်ပြီး အထဲက ငှက်ကလေးကို အစာမကျွေးရင် ဘာအဓိပ္ပာယ်ရှိမှလဲ’ တဲ့။

ဒီမှာတော့ ရွှေပိန်းချလှောင်အိမ်ကြီးတွေ ထဲက ပိန်လှီနေတဲ့ ငှက်ကလေးတွေ အများကြီး တွေ့ခဲ့ရလို့ အဲလိုတော့
မဖြစ်ချင်ဘူးအမေရေ။

ကျွန်တော်ကတော့ အချိန်တန်ရင် အမေ့အိမ်ကို ပြန်လာနိုင်အောင် ကြိုးစားနေတာ။ အမေရေ။ ငါ့သားက နိုင်ငံခြားမှာ အရမ်းအဆင်ပြေနေတာလို့
မကြွားပါနဲ့တော့ ဗျာ။ ငါ့သားက အမေ့အိမ်ကို တအားခင်တွယ်တာ လို့ပဲ
ကြွားလိုက်စမ်းပါ။

အခြေအနေ တစ်ခုရောက်ရင် ကျွန်တော်ပြန်လာမှာပါအမေ။ ဘာအခြေအနေလဲလို့ တော့ မမေးပါနဲ့ အမေ။ အခြေအနေတစ်ခုပေါ့။…….

One comment

  • Rain girl

    July 25, 2010 at 8:12 am

    အချိန်တန်ရင် ပြန်ခဲ့ပေါ့။ ရည်မှန်းချက်တွေ ပြည့်တဲ့နေ ပြန်ခဲ့ကွာ။

Leave a Reply