“ကျွန်တော်နှင့် အရှိတရားမဲ့သုည”
ကျွန်တော်သည် အမှန်တကယ် သုညမဟုတ်ပါ။
သို့သော် ကျွန်တော်သည် သုည တစ်လုံးဖြစ်ပါသည်။
ဘက်စ်ကားတွေ ပြိုင်မောင်းနေကြတုန်း ဘဝက မောပန်းခဲ့ပါသည်။ ကျွန်တော်က အိမ်အပြင်ဘက် လမ်းလျှောက်ထွက်ရင်း လူတွေကို နံပါတ်စဉ်တွေပေးကြည့်မိပါသည်။ ကျွန်တော်က သုညစင်စစ် ဖြစ်နေပြန်ပါသည်။ ဂလိုဘယ်လိုက်စေးရှင်းဟု ခေါ်ဝေါ်ကာ လူတွေသည် ရင်ဘတ်ကို မေ့၍ မြင်ကွင်းများကို ပုံသေကားချပ်လို မြင်ကွင်းကျယ်လုပ်ကြည့်ကြပါသည်။ ကျွန်တော် သုည မဟုတ်ပြန်တော့ပါ။
ကလေးများတရားထိုင်နေကြပါသည်။ လူကြီးများဖဲရိုက်နေကြပါသည်။ လောကသည် ပန်းများကို ဖူးပွင့်ဖို့ ရုန်းကန်နေရသော ရေနစ်နေသူပမာ ပျံသန်းနေပါသည်။ ဘုရားတသူက တ၊ ဆဲသူက ဆဲဆိုလို့ ကိုယ့်ကိုကိုယ် ပြန်လည် ရောင်းချဖို့အရေး ဘယ်လောက်များ ဈေးချရဦးမလဲဟု တွေးနေဆဲပင် ဖြစ်ပါသည်။
ခန်းစီးများက လုပ်ခါရမ်းသွားချိန်တွင် အချိန်များက မရပ်တန့်နိုင်သေးပါ။ ခံစားချက်တို့ကိုကား လူတို့သည် နှိမ်ချထားလို့ နေခဲ့ပြီ။
ဟုတ်ပါသည်။ ကျွန်တော်သည် သုည တစ်လုံးဖြစ်ပါသည်။
စက်ဘီးနှစ်စီး ထိပ်တိုက်တွေ့ကြပါသည်။ သူကလည်း ရှောင်ကာ ကိုယ်ကလည်း ရှောင်လိုက်ပါသည်။ သို့သော် အရှောင်ချင်း တူသွားကြသောအခါ သူတို့နှစ်ဦး၏ အကြည့်နှင့် သူတို့ နှစ်ဦး၏ ခံစားချက်။
ကျွန်တော်သည် နှစ်ကိုယ်ခွဲထားသော သုညဖြစ်ပါသည်။ မဟုတ်ပါ။ ကျွန်တော်သည် သုံးကိုယ်ခွဲထားသော သုညဖြစ်ပါသည်။ မဟုတ်ပါ။ ကျွန်တော်သည် ကျွန်တော် တစ်ယောက်တည်းသာ ဖြစ်နေပြန်ပါသည်။ မဟုတ်ပါ။ ကျွန်တော်သည် ကျွန်တော်ပင် မရှိသော သုညဖြစ်လို့နေပါသည်။
မနေ့ညက ကားတစ်စင်းမောင်းပါသည်။ သို့သော် ကျွန်တော့မှာ ကား မရှိပါ။ သို့သော် ကျွန်တော့်မှာ ကားတစ်စင်းမျှ မပိုင်လေပါ။ သို့သော် ကျွန်တော်သည် ကားမမောင်းတတ်ပါ။ ဘာပဲဖြစ်ပါစေ၊ ကျွန်တော်သည် မနေ့ညက ကားတစ်စင်းမောင်းပါသည်။ ရောက်ချင်သော နေရာ ရောက်ပါစေ။ ကျွန်တော်သည် မနေ့ညက ကားတစ်စင်းမောင်းပါသည်။ ကားသည် ကားဖြစ်နေသောကြောင်း ကားသည် ပျက်ပါသည်။ ကျွန်တော်သည် လူဖြစ်နေသောကြောင့် ကားကို ပြင်ရပါသည်။ ပင်ပန်းစွာ ပြင်ရပါသည်။ ဆင်းရဲစွာ ပြင်ရပါသည်။ ထိုအခါ ကျွန်တော့်ကို ကားက ပြန်မောင်းသွားချေပြီ။ မှန်ပါသည်။ ကျွန်တော်သည် သုည တစ်လုံးပင် ဖြစ်နေပါသည်။
ကျွန်တော်သည် လူတွေနည်းတူ ညဘက်ဆို အိပ်ရန် ကြိုးစားပါသည်။ လူတွေနည်းတူ မနက်ဖက်အခါ နိုးထဖို့ ကျင့်ကြံထားပါသည်။ သို့သော် တခါတရံတွင် ညဘက် အိပ်မက်ကောင်းများမက်ချင်သောကြောင့် နေ့ခင်းဘက်တွင် ကြိုတင်ပြင်ဆင်နေတတ်သူ ဖြစ်ပါသည်။ လောကသည် လူများကို ကန့်လန့်ကာများကာ၍ မျက်လှည့်ပြကွက်များကို ကြိုတင်ပြင်ဆင်နေတတ်ပါသည်။ ကျွန်တော်တို့သည် အထူးအဆန်းပြကွက်များကို အဆန်းတကြယ်ခံစားလို့ ကြည့်ကြရပါသည်။ အချို့က ရယ်ကြပါသည်။ အချို့က မျက်ရည်လည်ကြရပြန်ပါသည်။ အချို့က ရင်သပ်ရှုမောဖြစ်ကာ အချို့က မတုန်မလှုပ်ဖြစ်လို့ နေကြပါသည်။
ကျွန်တော်သည် အမှန်တကယ်ပင် သုညတစ်လုံးဖြစ်လို့ နေပါသည်။
ဘုရားကျောင်းဆီသို့ သိုးမည်းများ ရွေ့လျားနေကြပါပြီ။ လူတို့သည် လူ့အခွင့်အရေးဆိုသော တိုက်တစ်လုံးကို ဆောက်လုပ်ကြရင်း နူးကလီးယားဖြင့် ပတ်ဝန်းကျင်ကို အလှဆင်ရန် ကြိုးစားကြပါသည်။ ကျွန်တော်သည် အရက်သောက်ရင်း ဘုရားတရားအကြောင်း ပြောဖြစ်ခဲ့သူ ဖြစ်လို့နေပါသည်။ လူများသည် ကျွန်တော့်ကို သူတို့ မပေးနိုင်သော ကတိများ ပေးကြပါသည်။ ကျွန်တော်သည် ထိုသူတို့ကို မဖြစ်နိုင်သော မျှော်လင့်ချက်များ ပြန်လည် ပေးလိုက်ပါသည်။ ထိုသို့ဖြင့် လောကသည် ပန်းများမျှောပါလာသော စမ်းချောင်းပမာ ရှင်းသန့်လှပလို့နေပါသည်။
ချီးကျူသူများ ပေါများလာသောကြောင့် အမှန်အတိုင်းပြောသူများကို ကဲ့ရဲ့ရှုံ့ချသူများအဖြစ် သတ်မှတ်လာကြပါသည်။ လောကသည် အပြောင်းအလဲကြီး ပြောင်းလဲလာသောအခါ မိသားစုဟူသော အခေါ်အဝေါ်သည် တစ်စတစ်စ လေးလံထိုင်းမှိုင်း မှုန်ဝါးသွားခဲ့ချေပြီ။ မှန်ပါသည်။ ကျွန်တော်သည် သုညတစ်လုံး မဟုတ်ပါ။
ကျွန်တော့်သည် လူသူနည်းသော ရပ်ဝန်းတစ်ခုတွင်လမ်းလျှောက်ကာမှ လူအချို့နှင့် တွေ့ခဲ့ပါသည်။
“နင့်နဲ့ ငါ မြောက်ရအောင်ကွာ တန်ဖိုးအကြီးကြီးတစ်ခုဖြစ်အောင်လို့”
ထိုသူသည် တစ်လည်းဖြစ်နိုင်ပါသည်။ ခြောက်လည်းဖြစ်နိုင်ပါသည်။ တစ်ရာ၊ တစ်ထောင်၊ တစ်သောင်း များစွာ ဖြစ်နေနိုင်ပါသည်။ ကျွန်တော်ကို ဘာမပြော၊ ညာမပြော သူက လာမြောက်ပါသည်။
မသိကိန်း x သုည = ?
ကျွန်တော်ကျန်ခဲ့ပါသည်။ ထိုသူ မရှိတော့ပါ။ ကျွန်တော် ဝမ်းမနည်းပါ။ ထိုသူ၏ အပေါင်းအပါများစွာက ကျွန်တော့်ကို ဝိုင်းဝန်း တရားဆွဲကြပါသည်။ ကျွန်တော် တရားခွင်သို့ရောက်ကာ ကျွန်တော် ရှုံးပါသည်။ သို့သော် ကျွန်တော်သည် သုညက သုညသာ ဖြစ်နေပါသည်။
လောကသည် ဇာတ်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ စိတ်အပန်းဖြေစရာများဖြင့် စည်ဝေအောင်လုပ်ကာ သူ့ကိုယ်သူ ဈေးကွက်မြင့်တင်ထားပါသည်။ အချို့က စိတ်စွဲလန်းရာ။ အချို့က ကံစမ်းမဲများ ပေါက်လေမလားဟု မျှော်လင့်ကာ။ အချို့က ရွေးချယ်စရာမရှိလေပြီဟု ညည်းတွားကာ။ ကျွန်တော်သည် လူတို့ကို တန်ဖိုးမဲ့စေသော သုညတစ်လုံးသာ ဖြစ်ပါသည်။
သွားတိုက်ဆေးများဖြင့် လောကသည် လူတစ်ချို့ကို တိုက်ချွတ်ဆေးကြောဟန်ပြုပါသည်။ လူတို့ကလည်း သန့်ရှင်းသွားဟန်ဆောင်လိုက်ပါသည်။ ထိုသို့ဖြင့် ကျွန်တော်တို့၏ မနက်ခင်းများသည် မိုးချုပ်သွားခဲ့ပါသည်။ သို့သော် မုသာဝါဒဟူသော ဂုဏ်ထူးဆောင်များကား ကျွန်တော်တို့ကို ရှေ့ဆောင်လမ်းပြလုပ်ခဲ့ပါသည်။ ကူးခတ်သူ ကူးခတ်၊ ပျံသန်းသူ ပျံသန်း၊ လမ်းလျှောက်သူ လမ်းလျှောက်၊ မှောင်းနှင်သူ မှောင်းနှင်။ ကျွန်တော်က ရပ်တန့်ပစ်လိုက်ပါသည်။ ခရီးမရှိသော မာရသွန်တစ်ခုတွင် ကျွန်တော်က ဆုမရချင်တော့ပါ။ ဘဝသည် ပဲလှော်ဝါးနေသော အဘွားအိုတစ်ယောက်လောက်ပင် ကြည့်မကောင်းတော့ပါ။ ခက်ချေပြီ။
ကတိနှင့် သစ္စာတရားကို ကြက်ဆူပင်လို လုပ်ယူ စိုက်ပျိုးနေကြချိန်တွင် ကျွန်တော်က သဘာဝတရားကို လေးနက်စွာ နှုတ်ယူသိမ်းဆည်းထားလိုက်ပြီ။ လူတို့သည် မိုင်တိုင်များကို စိုက်ပျိုးရန်အတွက်သာ ဖြစ်တည်လို့ လာခဲ့ပါသလား။ သို့သော် လူတို့သည် ခလုတ်များစွာကို နှိပ်ရင်း အသက်ရှင်ခြင်းကို အဓိပ္ပါယ်ဖွင့်ဆို ခဲ့ကြပါသည်။ လူတို့သည် စက်ကိရိယာများဖြင့် စေတနာကို ဖန်တီးထားကြပါသည်။ လူတို့သည် အမှောင်ချထားသော လက်ရှိလောကဖြင့် သမိုင်းများကို မျက်လှည့်ပြဖို့ တတ်စွမ်းခဲ့ကြလေပြီ။ လူတို့သည် နည်းပညာများဖြင့် ဝင်လေထွက်လေကို မှတ်ဖို့ ကြိုးစားကြသော သတ္တဝါများ ဖြစ်လာကြပါသည်။ လူတို့သည် အီလက်ထရောနစ်ကို အသုံးပြု၍ သမာဓိတည်အောင် ဆောက်တည်ကြပေလိမ့်မည်။ ဘုရားများပင် စိတ်ရှုတ်ထွေးစရာဖြစ်ကာ အမှန်တရားများ ပျောက်ဆုံးသွားနိုင်ပါသည်။
မှန်ပါသည်။
ကျွန်တော်သည် ကိုယ်တိုင်လည်း ဘာမျှ မဟုတ်သော၊ ကျွန်တော်နှင့်လည်း လာ မြောက်၍မရသော၊ အရှိတရားမဲ့သော သုည တစ်လုံးပင် ဖြစ်ပါသည်။
ရင်နင့်အောင်
May-2011
12 comments
တိမ်မည်း
April 25, 2013 at 2:23 pm
ုသုညက လာမြှောက်လို ့မရပေမယ့် ပေါင်းရင်တော့ အကျိုးရှိပါတယ်ဗျ….
စကားမစပ် ၂၀၁၁ မေ တုန်းက ဟာဆိုတော့ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ရေးထားတဲ့ဟာပေါ့နော်…..
ဖတ်တွားပါတယ်လို ့…..
:harr:
kai
April 25, 2013 at 3:46 pm
အမှတ်မမှားရင်.. Zen ဗုဒ္ဓဘာသာမှာ.. သုညက.. နိဗ္ဗာန်ပဲ..။
သုညကို.. အိနိ္ဒယက.. ကုလားတွေပထမဆုံးထီတွင်ခဲ့တာတဲ့…။ အဲဒါကြောင့်ကုလားဆို.. သချင်္ာတော်တာ..
ဆိုတော့..
ဘိုင်နရီဒစ်ဂျစ်မှာတော့.. အဖွင့်နဲ့အပိတ်.. သုံညက.. off အပိတ်ဖြစ်ကြောင်း.. :harr:
သူကလေး
April 25, 2013 at 6:07 pm
သုည ကို မြတ်မြတ်နိုးနိုး ဖက်တွယ်ဖူးပါတယ် …
သဘောကျပါ၏
Mr. MarGa
April 25, 2013 at 7:29 pm
အတော် တုံးရှာသနော်
သုညကို သွားမြှောက်ရတယ်လို့
အမှန်တကယ်က ပေါင်းရမှာကို
ဒါဆိုရင် ပုံမှန်လေး ကျန်ဦးမယ်
အရှင် သခင် ဆရာ ကိုယ်တော် mobile
April 26, 2013 at 4:49 am
သုန်ည တစ်လုံးဘယ်လောက် တန်ဖိုးရှိလဲဆိုတာ
သုံးတတ်ရင် သုံးတတ်သလို လိုလျှင်လိုသလို တန်းဖိုးဖြတ်လို့မရအောင် အဖိုးအနက်ဂ
ထိုက်တန်တယ်လို့ ဆိုချင်တယ်………..
အူးဗမာဗျာ ကိုယ့်ဆီမှာ တစ်ထောင်တန်လေး တစ်ရွက်ရှိတယ်…
သုန်ည တစ်လုံးသာ ထပ်တိုးလို့ရမယ်ဆိုရင် ဆယ်ဆ တန်ဖိုးရှိသွားပြီပဲ……
ဘောလုံးပွဲ ဂိုးအနည်းလောင်းတဲ့အခါမှာလည်း ဒီလိုပဲ….
ပွဲအစရလဒ် ဝ-ဝ ဆိုတဲ့ သုန်ည လေးတွေဒီအတိုင်းပဲ ပီးသွားရင်
ဒါအဲ့ဒီသုန်ည ကတန်ဖိုးရှိသွားတာပဲ………………..
ဒါပေမယ့် မြန်မာနိုင်ငံတော်ထီမှာတော့ သုန်ညထိပ်ရယ်လို့မရှိတဲ့အတွက်
သုန်ည ထိပ်နဲ့ပတ်သတ်တဲ့ အစောင်ရေတွေအတွက် ရောင်းအားနစ်နာတယ်လို့ဆိုရမယ်…..
ဦးကြောင်ကြီး
April 26, 2013 at 8:51 am
အရှိတရားမဲ့သုည
ငါးပိစားဟဲ့လုံမ
သတိပွားကွဲ့ထုံသ
ကဝိကြွားမှည့်ဘုံလှ..။
lady mobile
April 26, 2013 at 11:34 am
သုည ဂဏန်းကိုသဘောကျတယ်
ကိုယ့်က်ိုယ်က်ိုသုညဆိုပြီးအားမငယ်နဲ့
လူတော်တော်များဟာသုညက စခဲ့ကျရတာပဲ
bhone thu
April 26, 2013 at 11:41 am
သုံညဆိုတာ ဘဝအစ၊ ဘဝအဆုံးပါ။
ခင်ခ
April 26, 2013 at 4:24 pm
တစ်ခါတရံ သုည ကြောင့် ဂဏန်တန်ဖိုးတွေ တိုး၍တိုး၍ သွားတတ်ပါတယ်။
သုညသည်လည်း သူအစွမ်းနဲ့သူ ရှိတတ်စမြဲပါဗျာ။
TNA
April 26, 2013 at 10:22 pm
သုညက ရှေ့မှာရှိရင် အသုံးမတဲ့ပေမဲ့ နောက်မှာရှိရင်တော့ ရှိသလောက်တန်ဖိုးတက်သွားတာပါပဲ။ သုည မှာလဲတန်းဖိုးနဲ့ပါ။
kyeemite
April 27, 2013 at 10:04 am
သုည…သုညဆိုတာ အားလုံးရဲ့မူလဘူတပဲဗျ…
ဒါကြောင့် တကယ်က သုည(မူလဘူတ) ကိုပြန်သွားနိုင်ရင် “အစဉ်းသိပုဂ္ဂိုလ်”ဖြစ်ပီပေါ့ 🙄
kiki mi
April 27, 2013 at 2:30 pm
ကိုယ့်ကိုကိုယ် ပြန်လည် ရောင်းချဖို့အရေး ဘယ်လောက်များ ဈေးချရဦးမလဲဟု တွေးနေဆဲပင် ဖြစ်ပါသည်။
ဆိုတဲ့စာသားလေးကြိုက်တယ်။ လူတွေက ဘဝမှာကိုယ်ကိုယ်ကိုရောင်းချနေတာပဲမလား