ရွှေလီသို့ အလည်တစ်ခေါက် (၇)
ရေတံခွန်ကနေ အပြန်လမ်းမှာ ကားသမားကို မေးကြည့်လိုက်မိတယ် … ဝမ်တိန်ကိုသွားရင် ဘယ်လောက်ထပ်ပေးရမလဲလို့ပေါ့။ တကယ်တော့ ဘယ်လောက်ဝေးမှန်းမသိဘူး။ လွန်ခဲ့တဲ့ ၁၉ နှစ်လောက်က တစ်ကြိမ်ပဲ ရောက်ဖူးတာမို့လို့။ အဲဒီတုန်းကတော့ ဝမ်တိန်လဲရောက်တယ်။ မန်စည်လဲရောက်တယ်။ လမ်းတွေစခင်းနေတုန်းကမို့လို့ မန်စည်တောင်တက်လမ်းတွေက အသဲယားစရာကောင်းတယ်။ အဲဒါကို မှတ်မိနေလို့ ကျွန်မအမေက မန်စည်ကို လုံးဝမသွားဘူးနော်လို့ ဝင်ပြောတယ်။ ဝမ်တိန်ကို အသွားအပြန် ၁၀ဝ ယွမ်လို့ပြောပါတယ်။ တန်သလား မတန်သလားမသိပေမယ့် ထွက်လက်စဖြစ်နေလို့ သွားမယ်ဆိုပြီး သွားဖြစ်လိုက်တယ်။
လမ်းတစ်လျှောက်မှာ တိုက်ခန်းအသစ်တွေ အများကြီးဆောက်နေတာရော ဆောက်ပြီးတာရော တွေ့ခဲ့တယ်။
နေ့လည်ထမင်းစားချိန်ကျော်နေပြီမို့လို့ ဝမ်တိန်က ဆိုင်လေးတစ်ဆိုင်မှာ ဆန်ခေါက်ဆွဲဝယ်စားပြီး နေ့လည်စာပြီးလိုက်ကြတယ်။ တကယ်တော့ ဝမ်တိန်က နီးနီးလေးပါ။ မိနစ် ၂ဝ လောက်ပဲ ကြတယ်။ မြို့ပြင်လမ်းတွေကို ဟိုငေးဒီငေးလုပ်ပြီး ဝမ်တိန်ရောက်တော့ လည်စရာဘာမှလဲ မရှိဘူး။ တရုတ်-မြန်မာ နယ်စပ် တံတားကို သွားကြည့်တာတစ်ခုပါပဲ။
ဓါတ်ပုံရိုက်ပြီး ပြန်လာလိုက်ကြတယ်။ မြန်မာဘက်ကနေ ကုန်ကားတွေ အဲဒီနယ်စပ်တံတားကနေ ဖြတ်ပြီး တရုတ်ပြည်ထဲကို ဝင်ကြတယ်။ အဲဒီနေ့ကတော့ ဖရဲသီးကားတွေအများကြီးတွေ့ခဲ့တယ်။ ကားပါမောင်းဝင်လာတာပါ။ တိုက်တိုင်ဆိုင် မြန်မာအဖွဲ့တစ်ဖွဲ့ (ရှမ်းတိုင်းရင်းသားတွေဖြစ်နိုင်ပါတယ်) ရိုးရာသင်္ကြန်ဆင်နွှဲနေကြတာကို ဗီဒီယိုမှတ်တမ်းတင်နေတာတွေ့လို့ ကားပေါ်ကနေပဲ ဓါတ်ပုံရိုက်ခဲ့လိုက်သေးတယ်။
ရွှေလီပြန်ရောက်တော့ ရေတွေပက်နေကြတယ်။ ကားအချင်းချင်း လှမ်းပက်တာလဲရှိတယ်။ ဆိုင်ကယ်ပေါ်မှာ အနောက်ကနေထိုင်ပြီး သေနတ်ကြီးတွေနဲ့ လိုက်ပက်တာလဲရှိတယ်။ အိမ်ရှေ့ထွက်ပြီး ရေပုံတွေနဲ့ ပက်နေတာလဲရှိတယ်။ ဆိုးတာကတော့ တိုက်အမြင့်ပေါ်ကနေ ရေလောင်းပက်တဲ့အကျင့်ပါပဲ။ ခဏလေး ကားအောက်ဆင်းလိုက်တာနဲ့ ခေါင်းပေါ်ကနေ စိုသွားပါတယ်။ အပြင်ထွက်ဖို့ မဖြစ်နိုင်လို့ ဆုံးဖြတ်ပြီး ဟိုတယ်မှာပဲ ဝင်နားပြီး ညနေစောင်းတဲ့အထိ နေလိုက်ကြတယ်။
ညနေမှောင်စပြုတော့မှ ရွှေလီမြို့ထဲကို လမ်းထပ်လျှောက်ကြတယ်။ ငေးရင်းလျှောက်ရတာ မောလို့ မောမှန်းမသိပါဘူး။ ညနေစာကို ကျွန်မတို့ရဲ့ မိတ်ဆွေကြီး ကျော်ကျော် ထမင်းဆိုင်မှာ စားကြတယ်။ အရသာက တရုတ်ဆန်သလို မြန်မာအရသာလဲမပျောက်တဲ့အတွက် မြန်မာအကြိုက်အနေအထားပါပဲ။ ထမင်းစားပြီးတော့ ဟိုတယ်ပြန်ပြီး တီဗီကြည့်ရင်း စောစောပဲ အိပ်လိုက်ကြပါတယ်။
နောက်တစ်နေ့မနက် သင်္ကြန်အကြတ်နေ့မှာလဲ ရွှေလီမြို့ထဲက ဈေးတစ်ခုကို သွားပြီး ဟိုကြည့် ဒီကြည့်နဲ့ အချိန်ဖြုန်းကြတယ်။ နေ့လည်ထမင်းစားချိန်မှာ ကျော်ကျော် မှာပဲ ထမင်းပြန်စားပြီး ဟိုတယ်ကို check out လုပ် ကားတစ်စီးငှားပြီး ကျယ်ဂေါင်ကို ပြန်ခဲ့ကြပါတယ်။ ကျယ်ဂေါင်ရောက်တော့လဲ ပြန်မထွက်သေးပဲ ထပ်ပြီး လမ်းလျှောက်ကြသေးတယ်။ လျှောက်ကောင်းကောင်းနဲ့လျှောက်လိုက်တာ ၂ နာရီဆက်တိုက်ပဲ။ ဘာတွေများဝယ်ခဲ့လဲလို့ မေးရင်တော့ ဖြေရတော်တော်ခက်တယ်။ မျက်စိလည် လမ်းမှားပြီး ဟင်းချက်စရာတွေရောင်းတဲ့ ဈေးတစ်ခုထဲ ရောက်သွားတယ်။ နေကြာစေ့က တစ်ကီလိုမှ ၁၂ ယွမ်တဲ့ … ပေါလိုက်တာ အများကြီးဝယ်ချင်ပေမယ့် သယ်သွားဖို့ ခက်တာမို့ နိုင်သလောက်ပဲဝယ်လိုက်တယ်။ ပဲနို့ရည်လုပ်တဲ့ပဲ တရုတ်လိုတော့ ဟွမ်သို့ လို့ခေါ်တယ်။ အဲဒါလဲဝယ်လိုက်တယ်။ တရုတ်ဟင်းတွေမှာသုံးတဲ့ အမွှေးနံ့သာတွေအစုံ လျှောက်ဝယ်ပြီး ပြန်ခဲ့ကြတယ်။
မူဆယ်က ဟိုတယ်ကိုပြန်ရောက်တော့ ညနေ ၄ နာရီလောက်ဖြစ်နေပါပြီ။ ရေမိုးချိုး ခဏနားပြီး နဲနဲမှောင်တော့ အပြင်ထွက် ညနေစာစားပြီး ညဈေးတန်းထဲ တစ်ခေါက်ထပ်ပတ်ကြတယ်။
နောက်တစ်နေ့မနက် (သင်္ကြန်အတက်နေ့) မှာတော့ အပြန်လမ်းစတင်ပါပြီ။
မူဆယ်-မေမြို့ အပြန်လမ်းမှာ လားရှိုးက မန်စူဘုရားကို ဝင်ခဲ့သေးတယ် ..
နောက်တစ်ပိုင်းမှာ ဘုရားပုံတွေ တင်ပေးပါအုန်းမယ်…
11 comments
ကိုပေါက်(မန္တလေး)
April 28, 2013 at 10:44 pm
ကျနော်ကတော့ မနောကွင်းနဲ့တည့်တည့်က ဟိုတယ်မှာ တည်းခဲ့တာ။
မြန်မာပြည်လိုမဟုတ်ဗျာ။.
ဘယ်နှစ်ရက်နေမှာလဲမေးပြီး ငွေကြိုပေးထားရတာ။
အဲဒီမနောကွင်းက ညနေဆို ကလေးကစားကွင်းဖြစ်သွားတာ။
weiwei
April 29, 2013 at 1:37 pm
တရုတ်ဘက်က ဟိုတယ်တွေက စပေါ်ပါ ပိုပေးရပါတယ်။ အခန်းပြန်အပ်တဲ့အခါမှ ပြန်တွက်ပြီး ပြန်ပေးတာ .. ဈေးနှုန်းချင်းတူရင်တောင်မှ တရုတ်ဘက်က အပြင်အဆင်က ပိုကောင်းတယ် ..
KZ
April 29, 2013 at 12:04 pm
ရာသီဥတု က ရော ဘယ်လိုနေတုန်း အစ်မဝေ။
အေးလား။
:hee:
weiwei
April 29, 2013 at 1:33 pm
ရာသီဥတုက အနေတော်လေးပဲ … မေမြို့နွေရာသီထက် နဲနဲလေးပိုအေးတယ် … အဲဒီနေ့ညက မိုးတွေအရမ်းရွာတော့ ပိုပြီးတော့ အေးနေသေးတယ်။
လမ်းတွေကျယ်ပြီး အပင်တွေနဲ့ အေးတယ်။ လမ်းလျှောက်လို့အရမ်းကောင်းတယ်။ တိုက်ခန်းတွေလဲ ကျယ်ပြီး ကောင်းတယ်။ အသီးအရွက် တွေလဲ လတ်ဆတ်ပြီး ကေင်းမွန်လို့ အဲဒီမှာ နေချင်စိတ်တောင် ပေါက်သွားမိတယ်။
တိုက်ခန်းတွေကို ပြည်နယ်အစိုးရက ဒီအတိုင်းအများကြီးဆောက်ထားပေးတာတဲ့ … လူဦးရေ တစ်သိန်းပဲရှိတဲ့ ရွှေလီမှာ တိုက်ခန်းတွေ ဆိုင်ခန်းတွေများလွန်းလို့ အလွတ်တွေအများကြီးပဲတဲ့ … ဒီအတိုင်း သွားနေနိုင်ရင် အပိုင်ရနိုင်တယ်တဲ့ …
မြန်မာပြည်ဘက်မှာတော့ လူဦးရေပိုများပြီး နေစရာအိမ်ခန်းပိုရှားနေတယ်ဆိုတော့ …
မြန်မာပြည်ထဲက မြန်မာတွေ တရုတ်နယ်ထဲ သွားနေလို့ရရင် နှစ်ဦးနှစ်ဖက် အဆင်ပြေလိမ့်မယ်လို့ တွေးမိတယ်
Ma Ei
April 29, 2013 at 12:21 pm
ချစ်စရာလေးနော်က အရုပ်လား…
အကောင်လေးလားဟင်…
အရုပ်နဲ့တူနေလို့…
weiwei
April 29, 2013 at 1:35 pm
ခွေးလေးက အစစ်လေးလေ .. ခုန်ပေါက် ဆော့ကစားနေတာ အရမ်းချစ်စရာကောင်းလို့ ..
Mr. MarGa
April 29, 2013 at 12:37 pm
ခြံစည်းရိုးလေးတစ်ဖက် ခြားရုံနဲ့တင်
မြင်ကွင်းတွေ ပြောင်းသွားတာ တွေးစရာပါလားနော်……………….
kyeemite
April 29, 2013 at 3:13 pm
ဟုတ်ပဗျာ..ခွေးလေးက အရုပ်နဲ့တူနေလို့…
မဝေက တော်တော်ခရီးသွားဖြစ်တာပဲ…
ပျော်စရာကြီး…အားကျတယ်ဗျာ..
နေရာတိုင်းအမှိုက်ကင်းစင်နေတာတော့သတိပြုမိတယ်..
အတုယူစရာပါပဲ..
TNA
April 29, 2013 at 6:22 pm
အားကျတယ်မဝေရေ။ နောက်အပိုင်းတွေလဲစောင့်မျှော်လျှက်ပါ။ ကိုယ်မသွားနိုင်တော့ သွားနိုင်တဲ့ သူတွေ ဝေမျှတဲ့ပုံနဲ့ပဲဗဟုသုတရပါတယ်။
MaMa
April 30, 2013 at 2:49 pm
ဝမ်တိန်ဘက်က သင်္ကြန်ကတောင် ပိုယဉ်ကျေးပြီး ပျော်ဖို့ကောင်းနေသလိုပဲ။ :hee:
တညင်သား
May 1, 2013 at 10:30 am
ဝမ်တိန်ရဲ့နယ်စပ်မြို့က ကျူကုတ်(ပန်ဆိုင်း) မဟုတ်လား.. အန်တီ