မိဂဒါဝုန် (Sarnath) နှင့် ဗာရာဏသီ ။
ငယ်ငယ်က အဖွားပုံပြောပြတိုင်း “ဗာရာဏသီ ပြည်မှာ ဗြဟ္မဒတ်မင်းကြီး အုတ်စိုးတော်မူသတဲ့” အဖွင့်လေးနဲ့ နားထောင်ခဲ့ရပြီး ဗာရာဏသီ ဆိုတာ ဘယ်လို အရပ်မျိုးလဲ ပုံပြင်ထဲက တိုင်းပြည်လားနဲ့ လားပေါင်းများစွာနဲ့ ရင်းနှီးပြီးသားလေ…။ မင်းမသိ ဗြဟ္မဒတ် တိုင်းမသိ ဗာရာဏ ဆိုပြီးတော့လည်း ရှေးစကားဆိုခဲ့ကြတယ် ။
တကယ်ရောက်ခဲ့တဲ့ ဗာရာဏသီ နဲ့ ဂင်္ဂ ါ မြစ်က …ဒီလိုပါဗျာ..။
ဗာရာဏသီမြို့နဲ့ ၆ မိုင်လောက်ဝေးတဲ့နေရာမှာ ယခုအခေါ် ဆာရာနတ်မြို့ ရှေးအခေါ် မိဂဒါဝုန် ရှိပါတယ် ။ မိဂဒါဝုန်လို့ပြောလိုက်တာနဲ့ သားသမင်တွေ ဘေးမဲ့ပေးရာအရပ်လို့ သိကြသလို မြတ်စွာဘုရားရဲ့ ဓမ္မစကြာ တရားဦးဟောရာ အရပ် ရယ်လို့လည်း သိထားကြပါတယ် ။
မိဂဒါဝုန်မှာ သာသနာလျှောက် စည်ပင် ပွါးများခဲ့လို့ ကျောင်းဇရပ်တွေ များစွာတည်ဆောက်ခဲ့ပေမဲ့ ယနေ့ အခါမှာတော့ သံဝေဂ ရစရာ အုတ်ပုံ အုတ်ခုံတွေသာ တွေ့ရပါတော့တယ် ။ မှတ်မှတ်သားသားရှိခဲ့မှတ်ခဲ့လို့သာ ဒီနေရာက ဓမ္မရာဇိကစေတီ ဓမ္မေခ စေတီ နန္ဒိယကျောင်းတော်ရာ ဂန္ဓကုဋီတိုက် ကုမာရဒေဝီကျောင်းတော်ရာ တွေကို သိရမှတ်ခဲ့ရပါတယ် ။
အေဒီ ၁၁၃၆ခုနှစ်မှာ ကုမာရဒေဝီက ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းခဲ့ပါတယ် အေဒီ၁၁၉၄ ခုနှစ်မှာတော့ မာမွတ်ဂိုရီ၏စစ်တပ်ဖြင့်ဖြိုဖျက်ခံရပြီးရဟန်းေတော်အများစုမှာ သတ်ဖြတ်ခြင်းခံကြရပါတယ် ။ တချို့ရဟန်းတော်များမှာ တိဘက်သို့ ထွက်ပြေးလွတ်မြောက်သွားကြပါတယ် ။ အဲဒီအချိန်ကစပြီး မိဂဒါဝုန်ဟာ နှစ်ပေါင်း၈၀ဝ နီးပါး တောခြုံများအဖြစ်ပျောက်ကွယ်နေခဲ့ရပါတယ် ။အေဒီ ၁၈၁၅ ခုမှာ ၎င်း အေဒီ ၁၈၃၄ခုနှစ်တွင်၎င်း အင်္ဂလိပ်စစ်ဗိုလ်များက စနစ်တကျ တုူးဖေါ်ခဲ့ကြပြီး မိဂဒါဝုန်ကို ပြန်လည်ဖေါ်ထုတ်ခဲ့ကြပါတယ် ။
အေဒီ၁၈၁၅ခုနှစ်မှာမေဂျာ ဘိတိုးဆိုသူက ဆက်လက်တူးဖေါ်ပြီး နောက်ပိုင်းမှာ အနာဂါရိက ဓမ္မပါလဆိုသူ သူတော်စင်က ရဟန်းတော်များအမြဲ သီတင်းသုံးနိုင်အောင် ကြံဆောင်ခဲ့တယ်လို့ သိခဲ့ရပါတယ်။
အနာဂါရိက ဓမ္မပါလ ဟာ ၁၉၃၁ ခုနှစ်မှာ မူလဂန္ဓကုဋီဝိဟာရ ကျောင်းတော်ကို ဆောက်လုပ်ခဲ့ပါတယ်။ ၁၉၃၁ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ် ။
မိဂဒါဝုန်အရပ်ဟာ မြတ်စွာဘုရားရှင် ဘုရားဖြစ်တော်မူပြီး တရားဦးဟောရန်ပဉ္စဝဂ္ဂီ ငါးဦးရှိရာ အရပ်သို့ ကြွရောက်လာခဲ့ရာအရပ်ဖြစ်ပါတယ် ။ဗုဒ္ဓဂါယာမှ ၁၈ယူဇနာကွာဝေးပြီး မြတ်စွာဘုရားရှင်က ခြေကျင်ကြွလာပါတယ် ။ပဉ္စဝဂ္ဂီငါးပါးတို့ဟာ ဘုရားရှင်အားမကြိုစတမ်းဟု ကတိထားခဲ့ကြသော်လည်း မြတ်စွာဘုရားရှင်ကို မြင်လျှင် ခရီးဦးကြိုခြင်းပြုခဲ့ကြပါတယ်။ အဲသည်နေရာကို အာသောကမင်းကြီးက စေတီတည်ခဲ့ပါတယ် ။ ချောက်ခဏ္ဍီ စေတီလို့ ခေါ်ပါတယ် ။ ထိုစေတီ ရဲ့ ပမာဏက ကြီးမားလှပြီး ပြိုပျက်နေတဲ့ စေတီရဲ့ ထိပ်ပိုင်းမှာ အက္ကဘာ ဘုရင်က ရှစ်မျက်နှာ ရှိ မျှော်စင် တည်ဆောက်ခဲ့ပါတယ် ။ဘာသာခြားတိုင်းတပါးဘုရင် အက္ကဘာက သူ့ခမည်းတော် ဟွန်မယွန်း ပုန်းခဲ့တဲ့ နေရာ အထိမ်းအမှတ်နဲ့ မျှော်စင် ဆောက်ခဲ့တာပါ တဲ့။
မြတ်စွာဘုရားရှင် အဆူဆူတို့ တရားဦးဟောရာဒေသလို့ အယူရှိခဲ့တဲ့ မိဂဒါဝုန်ဒေသခရီးတထောက်နားလို့ဘုရားဖူးလည်ပြီးတဲ့ အခါ ဈေးဝယ်တဲ့ အကြောင်းလေးတော့ ပြောဦးမှပါ ။
မြန်မာ ဘုရားဖူးတွေဟာ ဘုရားဖူးခရီးရောက်ခဲ့ပြီဆို အိမ်အပြန်အတွက် လက်ဆောင်တွေ ဝယ်ကြတာ ပြည်တွင်းပြည်ပ နေရာအနှံ့ပါဘဲ ။ဗုဒ္ဓဂါယာဘုရားဖူးခရီးတလျှောက်မှာတော့ ဈေးဝယ်ကောင်းတာ ဂါယာ ရယ် ဗာရာဏသီ ရယ်လို့ပြောရမှာပါ ။ဘုရားဖူးများ ရပ်နားတဲ့ မြို့တိုင်း ဘုန်းကြီးကျောင်းတွေရဲ့ရှေ့မှာ ဈေးဆိုင်တန်းတွေရှိပါတယ် ။ ဆိုင်အများစု ကလည်း မြန်မာလိုပြောတတ်ကြပြီး မြန်မာငွေလည်းသုံးလို့ရပါတယ် ။ ဗာရာဏသီ မှာက ချည်ထည် ပိုးထည်တွေဝယ်လို့ကောင်းတယ် ဈေးသက်သာတယ်တဲ့ ။
ဈေးဝယ်လို့ ပြီးကြရင်တော့ တည်းခိုခဲ့တဲ့ မြန်မာကျောင်းကို လှူဖို့တန်းဖို့ အချိန်ရောက်လာပြီပေါ့ ။မြန်မာတွေက ဘုရားဖူးသွားပြီး ဘုရားမှာ မလှူ ကြဘူး ။ကုလားပြည်က ဘုရားမှာ လှူရင် ကုသိုလ်ရပေမဲ့ ပိုက်ဆံကိုတော့ ကုလားေတွေ ရကြမှာ ဆိုတော့ စေတနာ ပြတ်အောင် အဲသည်အရပ်မှာ သာသနာပြုနေတဲ့ မြန်မာဘုန်းတော်ကြီးများကို လှူကြတယ် ။
ဗာရာဏသီ မိဂဒါဝုန် မြန်မာကျောင်းမှာ ၂ ည အိပ် နားပြီး သာဝတ္ထိ ကို ခရီးဆက်ခဲ့ပါတယ်
နောက်post မှာတော့ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်ကြီး အကြောင်းတော့ရေးပြနိုင်မယ်ထင်ပါရဲ့ ။
နွေဦး မှတ်မိသမျှရေးပါတယ် ။
11 comments
Myo Thant
May 9, 2013 at 4:51 pm
လေ့လာကြည့်ရှု မှတ်သားသွားပါသည် ၊
ဦး ကျောက်ခဲ
May 9, 2013 at 5:50 pm
အကိုကြီးရေ
အကိုကြီးပို့စ်တင်မှပဲ နောက်ကြောင်းရာဇဝင်နဲ့တကွ သေသေချာချာသိတော့တယ်…
ကျေးဇူးတင်တယ်ဗျာ… နောက်အပိုင်းတွေဆက်မျှော်လိုက်ဦးမယ်…
မောင် ပေ
May 9, 2013 at 7:48 pm
အနာဂါရိက ဓမ္မပါလ၏ မူလဂန္ဓကုဋီ ကျောင်းတော်တွင်းရှိရုပ်ပွါးတော် က တော်တော် သပ္ပါယ်တယ်ဗျာ
ကြည်ညိုစွာ ဖူးမြှော်သွားကြောင်းပါ ကိုနွေဦးရေ
P chogyi
May 9, 2013 at 8:21 pm
သာဓု…..သာဓု…….သာဓုပါဗျာ
MaMa
May 10, 2013 at 7:24 am
ကိုယ်တိုင်ရောက်ဖူးခဲ့ပေမယ့် အဲလို မသိခဲ့ရဘူး။ :hee:
weiwei
May 10, 2013 at 9:11 am
ရောက်ခဲ့ဖူးပြီးသားမို့ ပြန်နွှေးသလိုဖြစ်ပြီး နောက်တစ်ခေါက် ထပ်သွားလိုက်ရသလို ခံစားရပါတယ်။
မြတ်စွာဘုရားနဲ့ပတ်သက်ပြီး ကြည်ညိုမှုသဒ္ဓါတရား တိုးပွားခဲ့ရတဲ့ ဗုဒ္ဓဂါယာခရီးစဉ်ကို တစ်သက်လုံးမေ့မှာ မဟုတ်တော့ပါဘူး …
ဦးကြောင်ကြီး
May 10, 2013 at 10:04 am
ကုလားကျော်ဟိန်း
မနားဆော်ဘိန်း
အသားတော်ဖိန်း
နှစ်ပါးပျော်မှိန်း…
Ma Ei
May 10, 2013 at 10:27 am
Tour Group နဲ့သွားတာပါလား…
အမေ့ ကို သဇင်မြင့်အောင်ရဲ့ အောင်ချမ်းသာ အဖွဲ့နဲ့
ဘရားဖူး ပို့ပေးခဲ့ဖူးတာ အရမ်းကို အဆင်ပြေခဲ့ကြောင်း၊
ဂရုတစိုက်ရှိကြောင်း ဗုဒ္ဓဂါယာသွားမယ်ဆိုသူတိုင်းကို
အောင်ချမ်းသာနဲ့ သွားပါလို့ ကြော်ငြာနေတော့တာပါဘဲ…
ဆူး
May 10, 2013 at 10:55 am
သဇင်မြင့်အောင် က တကယ်ကောင်းတယ်။
တနေ့ တနေ့ ကြက်သား ကြက်ဥ စားနေရတာ ခရီးစဉ် တလျှောက်နေ့တိုင်း ဒါချည်းပဲ ဆိုတော့ ငြီးငွေ့မှာပေါ့.. သူက ခရီးသည်တွေ စားတာက အစ အဆင်ပြေအောင် ငပိကြော်တွေ ဘာတွေက အစ ချက်ပြီး အရံ အနေနဲ့ ကျွေးတယ်.. ကိုယ်တွေ အဖွဲ့ မတူတဲ့ လူတွေကိုတောင် သူ့ဆီက ဂွေးသီးငပိချက် ချက်ပြီး တဖွဲ့လုံးစာ အတွက် ဘုန်းကြိးကျောင်းမှာ ဆုံတုန်း ကျွေးတောင် ကျွေးသွားသေးတယ်။
ဆူး
May 10, 2013 at 10:51 am
သိတာလေးတွေ ရေးခဲ့တဲ့ အထဲမှာ မပါတဲ့ အချက်အလက်လေးတွေ စဉ်းစားပြီး ပိုစ် အတွက် အားဖြည့်ပေးမယ်။
ဝင်ပြီး ဆရာကြီး လုပ်တော့ မတွေးပါနဲ့နော်.. တခြား ပိုစ်ဖတ်သူတွေ ဗဟုသုတ ရစေချင်တဲ့ အတွက် ဝင်ရေးပေးတာပါ..
ချောက်ခဏ္ဍီ စေတီ ရဲ့ ထိပ်မှာ မျှော်စင်ဆောက်ခဲ့တဲ့ အက္ကဘာ ဘုရင်ကတော့ မူဆလင် ဘုရင်လို့ သိထားပါတယ်။
ယသသူဌေးသားဆိုတာ နို့ဆွမ်းကပ်တဲ့ သုဇာတာ ရဲ့ သားပါ။
သားဆုပန်တာ အောင်မြင်လို့ ဆွမ်းကပ်နေတဲ့ သားက အဲ့လောက် အသက်ကြီးမလားလို့ တွေးကြပါလိမ့်မယ်။ သုဇာတာ က နှစ်စဉ် အမြဲမပြတ် အဲ့ဒီ အချိန်ရောက်တိုင်း ညောင်ပင်ကို ကျေးဇူးဆပ်သော အားဖြင့် သွားရောက်ပြီး ဆွမ်းကပ်နေကြတာပါ။ ခါတိုင်းနှစ်တွေကတော့ အခိုင်းအစေ ကို ကပ်ခိုင်းခဲ့ပြီးတော့.. ထိုနှစ်မှာ အခိုင်းအစေ အမျိုးသမီး က ဘုရားလောင်းကို မြင်ပြီး ရုက္ခစိုးကြီး ကိုယ်ထင်ပြတယ် ဆိုပြီး သုဇာတာကို သွားပြောတဲ့ အတွက် သုဇာတ ရဲ့ စိတ်ထဲမှာ နှစ်တိုင်း အမြဲမပြတ် ဆွမ်းကပ်တဲ့ အတွက် ဒီနှစ်တော့ ငါ့ ကို ကိုယ်ထင်ပြလေပြီ လို့ တွေးထင်ပြီး ရွှေခွက်နဲ့တခါတည်း ကပ်ခဲ့လိုက်ပါတယ်။
သုဇာတ က တစ်ဦးတည်းသော သားလေးမို့ ၁၆နှစ် အရွယ် ထက် မကြီးတဲ့ အပျိုတော်တွေ ဝိုင်းဝိုင်းလည်အောင် ထားပြီး လောကီမှာ ပျော်မွေ့အောင် ထားထားပါတယ်။
ယသသူဌေးသား အဲ့ဒီနေ့က အိမ်ကနေ ထွက်ပြေးပြီး တောထဲရောက်လာချိန်မှာ မြတ်စွာဘုရားကို တွေ့ပြီး ယသသူဌေးသား ကို မြတ်စွာဘုရား တရားဟောပြီး ရဟနာ္တဖြစ်ပြီးနောက်မှာတော့ သူဌေးသားရဲ့ နောက်လိုက် အယောက် ၆ဝ ပါ ရဟန်းဝတ်ပြီး ရဟနာ္တဖြစ်သွားကြတယ်လို့ မှတ်ဖူးပါတယ်။ အဲ့ဒီ ပထမပိုင်း ရဟန်း ကိစ္စ ပြီးသွားတဲ့ ရဟန်းများကို တပါးသော အရပ်ကို ၂ပါး မသွားကြနဲ့ ဆိုပြီး သတ္တဝါတွေ ကို တရားလမ်းပြဖို့ အတွက် ပြောပြီး လွတ်လိုက်ပါတယ်။
ဗာရာဏသီ မြို့က မြတ်စွာဘုရား ခေတ်ကတည်းက ရှိတဲ့ ဆက်လက်တည်ရှိနေတဲ့ မြို့လို့ ကြားဖူးပါတယ်။
ဗာရာဏသီမြို့ မှာ ဝယ်တဲ့ ကုလားကျော်ဟိန်း ဆိုင် က မြန်မာတွေ အလာများလို့ မြန်မာစကားတွေ တတ်ပြီး မြန်မာတွေ ကို အရောင်းအဝယ်လုပ်နေတဲ့ ကုလား အစစ်တွေပါ။
ဈေးတော့ တော်တော် စစ်ရတယ်။ စစ်တတ်တဲ့လူဆိုရင် သက်သာတဲ့ ဈေးနဲ့ ရတယ်။
မြန်မာ အကြော သိတော့.. ဈေးသိပ်ခေါ်တယ်.. နည်းနည်းပဲ လျှော့ပေးတယ်။
ကိုယ့်ဟာ ကိုယ် သီးသန့် ဗာရာဏသီမြို့မှာ လျှောက်လည်ချင်ရင်လည်း အဲ့ဒီ ဈေးဆိုင်ခန်းတွေမှာ ကားငှားဖို့ စုံစမ်းလို့ ရတယ်။ ခရီးသွား အစီအစဉ် တွေမှာ မပါတဲ့ နေရာတွေ ကို လျှောက်လည်လို့ ရပါတယ်။
မှတ်ချက် မြန်မာပြည်က နာမည်ကြီး ဘုန်းကြီး တပါး.. အဲ့ဒီက ကားတွေ ငှားပြီး လျှောက်လည်ရင်း ကားတိုက်လို့ သေသွားဖူးပါသတဲ့။
ကုလားပြည်မှာ ကားမောင်းကတော်တော် ကြမ်းတယ်။ အတိုက်အခိုက်ကလည်း မျက်စိရှေ့မှာတင် ခဏခဏ မြင်ရတယ်။
အလှူ အတန်းကတော့ မြန်မာဘုန်းကြီးကျောင်းမှာ ပြန်လှူတော့.. အလှူငွေ ကို ကျောင်းပြုပြင် မွမ်းမံရေးမှာ အသုံးပြုခြင်းဖြင့် နောက်လူတွေ ကောင်းကောင်း နေရပါတယ်။
၁၉၉၆ခု လောက်တုန်းက မိဘတွေ သွားတုန်းက ၂၀၀၉ မှာ သွားတဲ့ အချိန်ထက် များစွာ ကွာခဲ့ပြီဆိုတဲ့ အကြောင်း သိခဲ့ရပါတယ်။
အခန်းတိုင်းမှာ ရေချိုးခန်း အိမ်သာ အပါအဝင် သန့်ရှင်း သပ်ယပ်စွာဖြစ်နေပြီ။ ရေပူရေအေးတောင် ရတယ်။ ဟိုတယ်လိုပဲ တနေကုန် ကားစီးပြီး ပင်ပန်းလာသမျှ အိပ်စက်ချိန် သန့်ပြန့်သန့်ရှင်းပြီး စိတ်ချမ်းသာစွာ အိပ်စက်နိုင်တာက ရှေးအစဉ်အဆက်က လှူဒါန်းခဲ့တဲ့ ကုသိုလ်ရှင်တွေရဲ့ ကျေးဇူးပါပဲ။
ကိုယ်တိုင် အဲ့ဒီ ကျေးဇူးကို သုံးဆောင်ခံစားပြီး နောက်လူတွေ အတွက် ပြန်လည် မျိုးစေ့ချ သကဲ့သို့ လှူသင့်ပါကြောင်း ထောက်ခံ ပေးသွားပါတယ်။
kyeemite
May 10, 2013 at 1:12 pm
ကိုနွေဦးက သမိုင်းနောက်ခံလေးတွေနဲ့ ပုံတင်တော့
တော်တော်ဗဟုသုတရပီး…ခံစားကြည့်ရလို့ ကျေးဇူးတင်ပါတယ်ဗျာ