လုမ္ဗိနီ သာမော အင်ကြင်းတောသို့…..
သံဝေဇနိယ လေးဌာနမှာ ဖွားတော်မူရာ အရပ်သာလျှင် နီပေါ နိုင်ငံတွင်းမှာ ရှိပြီး ကျန်သုံးဌာနက အိန္ဒိယ ပြည်ထဲမှာသာရှိပါတယ် ။ ဘုရားဖူးခရီးစဉ်မှာ အိန္ဒိယနိုင်ငံဘက်ကနေ နီပေါနိုင်ငံကို နယ်စပ်က ဖြတ်ပြီးမှလုမ္ဗိနီဥယျာဉ်ရှိရာကို ရောက်ရပါတယ် ။

လုမ္ဗိနီဥယျာဉ်ရှိရာတည်နေရာကို ၁၈၉၆ ခုနှစ်က အိန္ဒိယ ကျောက်စာဝန် အလက်ဇန္ဒား ကန်နင်ဟမ် ကရှာဖွေ တွေ့ပြီး သတ်မှတ်နိုင်ခဲ့ပါတယ် ။ အဲဒီနေရာကို နီပေါ အစိုးရက တောများရှင်းလင်းပြီး တူးဖေါ်ခဲ့ပါတယ် ။အဲဒီမှာ ဓမ္မသာလာ ဇရပ်တခုဆောက်ပြီး ဘုရားဖူးများ အခမဲ့တည်းခိုနိုင်အောင် နီပေါအစိုးရက လုပ်ပေးခဲ့ပါတယ် ။ ၁၉၆ရခုနှစ် တွင် မြန်မာနိုင်ငံသား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်က လုမ္ဗိနီဥယျာဉ်ကို ဘုရားဖူးလာပြီးနောက် လုမ္ဗိနီ ဖွံ့ဖြိုးရေး လုပ်ငန်းများလုပ်ဆောင်ရန် ဆုံးဖြတ်ပေးခဲ့ပါတယ် ။ ဦးသန့်ဆောက်လုပ်လှူခဲ့တဲ့ ဇရပ် တဆောင်ကိုလည်း တွေ့ခဲ့ရလို့ ဝမ်းသာဂုဏ်ယူမိပါတယ် ။


ဦးသန့်ရဲ ကြိုးပမ်းမှုကြောင့် ကမာ္ဘက အသိအမှတ်ပြုပြီး လုမ္ဗိနီ ဒေသ ဖွံ့ဖြိုးမှု အတွက် အထောက်အပံ့များစွာရခဲ့ပြီး မြတ်စွာဘုရားဖွားတော်မူရာအရပ်ဟာ နောက်ပိုင်းနှစ်တွေမှာ အလွန် ဖွံ့ဖြိုးခဲ့ပါတယ် ။ လုမ္ဗိနီဥယျာဉ်လို့ သတ်မှတ်ထားတဲ့ မြေကွက်ကြီးမှာတောင်နဲ့မြောက် အလျှား သုံးမိုင် အရှေ့အနောက် အနံ တစ်မိုင် ရှိပါတယ်။အလျှားသုံးမိုင်ကို တစ်မိုင်စီ အကန့်ခွဲပြီး တောင်ဘက်အစွန်တစ်မိုင်ကို ဖွားတော်မူရာ ဧရိယာ အဖြစ်သတ်မှတ်ပါတယ် ။အလယ်တစ်မိုင်ကိုတော့ နိုင်ငံတကာ ကျောင်းများဇုံ လို့သတ်မှတ်ပါတယ် ။ မြောက်ဖက် အစွန်တစ်မိုင်ကိုတော့ လုမ္ဗိနီရွာသစ်လို့သတ်မှတ်ပါတယ်။နိုင်ငံတကာ ကျောင်းများဇုံရဲ့ အလယ်က ငြိမ်းချမ်းရေးတူးမြောင်း ကြီးတခုကို တူးဖေါ်ပြီး လက်ဝဲ လက်ယာ တဖက်ဆီမှာတော့ ထေရဝါဒ ငါးနိုင်ငံက ဘုန်းတော်ကြီးကျောင်းများကိုနေရာပေးပြီး အခြားတဖက်မှာ မဟာယန ဗုဒ္ဓဘာသာဆိုင်ရာ ကျောင်းတွေနဲ့ အဆောက်အဦးတွေကို နေရာပေးထားပါတယ် ။ ချွင်းချက်တခုကတော့ ပဏ္ဍိတာရာမ ရွှေတောင်ကုန်းရိပ်သာကတော့ အနောက်ဖက်ခြမ်းမှာမဟာယနကျောင်းတွေဖက်မှာရောက်နေတာပါဘဲ။ ဒီ လုမ္ဗိနီ ဖွံ့ဖြိုးရေးဇုံရဲ့Master plan ကိုတော့ ဂျပန်လူမျိုးပိသုကာပညာရှင် ဒေါက်တာ ကင်ဇိုတန်ဂီ က ၁၉၇၈ ခုနှစ်မှာ ရေးဆွဲ ပေးခဲ့တာလို့သိရပါတယ် ။

တူးမြောင်းရဲ့ အဆုံးတဖက်ကတော့ မီးမငြိမ်းတဲ့ ငြိမ်းချမ်းရေးမီးတိုင် ကို ဂျပန်နိုင်ငံက တာဝန်ယူ ထွန်းညှိပေးထားတာ တွေ့ရပါတယ် ။

မီးတိုင်ရဲ့နောက်ဖက်မှာ လုမ္ဗိနီ ဒေသ ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်နေဆဲ ဖြစ်တာကို မြင်နေရပါတယ် ။ ဒီမီးတိုင်ရဲ့ တခြားဖက်မှာက ငြိမ်းချမ်းရေး ခေါင်းလောင်းကို ချိတ်ဆွဲထားတာ တူးမြောင်းကြီးနဲ့ လှလှပပ ယှဉ်ပြီးတွေ့ရတာ ကြည်နူးစရာပါ ။

ကောင်းကင် ဂူဂဲမြေပုံကကြည့်ရင်….

တူးမြောင်းရဲ့တောင်ဘက်အရပ်ကို ဆက်သွား လိုက်မယ်ဆိုရင် ဘုရားရှင် ဖွားတော်မူရာ မာယာဒေဝီ ကျောင်းတော်ကိုရောက်မှာပါ ။




ပြန်လည်တူးဖေါ်ရတဲ့ မာယာဒေဝီကျောင်းဆောင်အောက်မှာ သိဒ္ဓတ္ထ မင်းသားဖွားတော်မူရာနေရာအဖြစ် အာသောက မင်းက ထွင်းထုထားတဲ့ Marker Stone ကို မှန်ခန်းထဲ ထည့် ထားတာ တွေ့ရပါတယ် ။ဒီ Marker Stone ကို ဧည့်လမ်းညွှန်တွေက ဘုရားလောင်းရဲ့ခြေရာဆိုပြီးပြောတတ်ကြတယ်။ အဲသည် နေရာရဲ့ အပေါ်ဆင့်မှာတော့ ဖွားတော်မူပုံ ကျောက်ထွင်း ရုပ်ရှိပါတယ် ။ ဒီနေရာကို ရှေးဟောင်းပစ္စည်းထိမ်းသိမ်းတဲ့အနေနဲ့ ဓါတ်ပုံ ရိုက်ခွင့်မပြုပါဘူး ။ ဗဟုသုတအဖြစ် ရှာဖွေလို့ရတဲ့ ပုံလေးတွေကို တင်ပြပေးပါမယ် ။







ဖွားတော်မူပြီး အလောင်းတော်ဟာ မြောက်အရပ်သို့ ခြေလှမ်း ရလှမ်းကြွလှမ်းတော်မူပြီး
“အဂ္ဂေါဟမသ္မိ လောကဿ။
ဇေဋ္ဌောဟမသ္မိ လောကဿ။
သေဋ္ဌောဟမသ္မိ လောကဿ။
အယမန္တိမာ ဇာတိ, နတ္ထိဒါနိ ပုနဗ္ဘဝေါ”တိ။
“ငါသည် လောကတွင် အမြင့်ဆုံးဖြစ်၏။
ငါသည် လောကတွင် အကြီးဆုံးဖြစ်၏။
ငါသည် လောကတွင် အမြတ်ဆုံးဖြစ်၏။
ဤမွေးဖွားခြင်းသည်ကား နောက်ဆုံးမွေးဖွားခြင်းတည်း။
နောင်တစ်ဖန် ဘဝဖြစ်ခြင်း မရှိတော့ပြီ။” ဆိုတဲ့ စကားသုံးခွန်းကို မြွက်ဆို ကျူးရင့်ခဲ့ပါတယ် ။

လုမ္ဗိနီဥယျာဉ်အတွင်းမှာရှိတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းဟာ မန ္တလေး ရွှေကျောင်းတော်ကြီးပုံစံတူဆောက်ထားပြီး အမည်ကိုလည်းမြန်မာရွှေကျောင်းတော်လို့ဘဲ အမည်ပေးထားပါတယ် ။
ကျောင်းတော်ကြီးနဲ့အတူ ရွှေတိဂုံဘုရားပုံစံတူ လောကမဏိစူဠာစေတီ၊ သိမ်ကျောင်း၊ ဓမ္မာရုံနဲ့ တည်းခိုဆောင် တွေ တည်ဆောက်ထားပါတယ် ။




မြန်မာရွှေကျောင်းတော်ကြီးကို သာသနာရေးဝန်ကြီးဌာနက တာဝန်ယူထိမ်းသိမ်းပြီး ကျောင်းထိုင်ဆရာတော် ၂ပါး ကပ္ပိယတဦး နဲ့ ဝန်ထမ်းတွေကို အလှည့်ကျ ထားရှိပါတယ် ။ဆွမ်း ဝေယျာဝစ္စနဲ့ စားသောက်ရေးကိစ္စတွေအတွက်တော့ သာသနာရေး ဦးစီးဌာနက ခွင့်ပြုထားတဲ့ ဘုရားဖူးအဖွဲ့တွေက အလှည့်ကျ တာဝန်ယူကြတယ်လို့ သိရှိရပါတယ် ။
သိဒ္ဓတ္ထမင်းသား မြတ်စွာဘုရားလောင်းဟာ သက်တော် ၂၉ နှစ်ထိအောင် လုမ္ဗိနီနဲ့ ကီလိုမီတာ ၂၀ လောက်ဝေးတဲ့ အရပ်မှာရှိတဲ့ ကပ္ပိလဝတ် (kapilavastu)( အခုအခေါ်တော့ Tilaulakot လို့ ခေါ်ပါတယ် ) မှာ ရှိတဲ့ ဖခမည်းတော် သုဒ္ဓေါဒန မင်းကြီးရဲ့နန်းတော်မှာ နန်းစည်းစိမ်ခံစားပြီး ယသော်ဓယာဒေဝီနဲ့ လက်ထပ်ခဲ့ပြီး သားတော် ရာဟုလာ ကို မွေး ခဲ့ပါတယ် ။



သက်တော် ၂၉နှစ်အရွယ်မှာ နမိတ်ကြီးလေးပါးကို မြင်ပြီး တောထွက် တရားရှာခဲ့ပြီး ဘုရားအဖြစ်ကို ရရှိခဲ့ပါတယ် ။
ကပ္ပိလဝတ်နန်းတော်မှာ သကျသာကီဝင် (ဘုရားရှင်ရဲ့ ဆွေတော် မျိုးတော်)တွေဟာဝိဋဋူဘ မင်းသားရဲ့ ရက်စက်စွာ သတ်ဖြတ်ခံရပြီးသာကီဝင်တို့ ပျောက်ကွယ်ခဲ့ရပါတယ် ။
ဘုရားဖြစ်ပြီး မဟာသက္ကရာဇ် ၁၀၄ ခုနှစ် ကဆုန်လပြည့်နေ့မှာ ဘုရားရှင်ဟာ ကပ္ပိလဝတ်ပြည်ကို ပြန်လည်ကြွလာပြီး နိဂြေ ာဓာရုံကျောင်းတော်မျာ သီတင်းသုံးခဲ့ပါတယ် ။
နိဂြောဓာရုံကျောင်းတော်မှာ
(၁) မဟာဗုဒ္ဒဝင်ကို ဟောကြားတော်မူခြင်း ။
(၂) ပေါက္ခရဝဿမိုး ကိုရွာစေခြင်း(စိုလိုသူစိုစေ၍ မစိုလိုသူမစိုစေသောမိုး) ။
(၃)သားတော်ရာဟုလာအား ရှင်သာမဏေအဖြစ် သွတ်သွင်း၍ အမွေပေးခြင်း ။
(၄) ညီတော် နန္ဒမင်းသားအားတရားပြ၍ ရဟန်းဘောင်သို့ဝင်စေခြင်း ။(ညီတော်မင်းနန် ချွတ်ခန်း)
စတဲ့ အကြောင်းတွေရှိခဲ့ပါတယ် ။



နီပေါနိုင်ငံဘက်မှာတော့ သံဝေဇနိယ တစ်ဌာန သာ ရှိပေမဲ့ လေ့လာစရာအနေနဲ့ သုဒ္ဒေါဒနမင်းရဲ့ ကပ္ပိလဝတ်မြို့ဟောင်းရှိပါတယ် ။ သာကီဝင်တွေ ပျက်စီး ပျောက်ဆုံးသွားရတဲ့ အကြောင်းကလည်း သံဝေဂယူစရာ အိန္ဒိယ လူမျိုးတို့ရဲ့ ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားမှု (လူ့အဆင့်အတန်းခွဲခြားမှု) အလေ့တခုဆိုတာ မှတ်သားစရာပါ ။



နီပေါနိုင်ငံကို နယ်စပ်က Belahiya မြို့က ဝင်ပြီး ပြန်ထွက် တော့လည်း ဒီမြို့ကဘဲ ပြန်ရပါတယ် ။
နယ်စပ်မြို့လေးရဲ့မြင်ကွင်းလေးနဲ့ဘဲ ဒီ စာကို အဆုံးသတ်ပါရစေ..။








နယ်စပ်မြို့ကို ပုံထဲမှာယှဉ်ကြည့်ရင်တောင်မှ နိပေါနဲ့ အိန္ဒိယနိုင်ငံကလူတွေ နေထိုင်ပုံအဆင့်ကွာတာကိုတွေ့ရမှာပါ ။



နီပေါနိုင်ငံ လုမ္ဗိနီ ဥယျာဉ်က အပြန် အိန္ဒိယနယ်စပ်ကို ကျော်ဖြတ်ပြီး ကုသိနာရုံသို ခရီးဆက် ခဲ့ပါတယ်..။
အဲသည်ခရီးအတွက် နောက်Post ကို စောင့်မျှော်ဖတ်ကြပါလို့ မေတ္တာရပ်ခံရင်း…
နွေဦး ။
12 comments
weiwei
May 23, 2013 at 11:18 am
ဟုတ်ပါတယ် .. နီပေါနဲ့ အိနိ္ဒယ နယ်စပ် ၂ ခု ခြံစည်းရိုးခြားလိုက်တာနဲ့ အဆင့်ကွာတာကို သိသိသာသာ တွေ့ခဲ့ရပါတယ် ..
ပုံတွေမြင်တော့ ပြန်သွားချင်စိတ် ပေါက်မိတယ် ..
နှစ်တွေဘယ်လောက်ပဲကြာကြာ ဒီအတိုင်းရှိနေတာကလဲ ထူးခြားတာပဲ ..
Ma Ei
May 23, 2013 at 1:44 pm
မရောက်ဖူးသေးခင် ကိုနွေဦးရဲ့ စာတွေကို
ဗဟုသုတအဖြစ်သေချာမှတ်ထားပါမယ်…
အမေ သွားတုံးက ကောဇောတွေလဲ ဝယ်လာသေးတယ်…
ဆာရီစလေးတွေလဲ ဝယ်ချင်စရာပဲနော်…
ခင် ခ
May 23, 2013 at 4:21 pm
မရောက်ဖူးဘူးဗျ။
ဒါပေသိ အခုလို ပုံတွေကြည့်ခွင့်ရသလို အကျိုးအကြောင်းစာလေးတွေဖတ်ရတော့
ကိုယ်ဘဲရောက်သွားသလို ဖြစ်ပါတယ် ကိုနွေဦးရေ။
Ma Ma
May 23, 2013 at 6:33 pm
ပုံတွေရော စာတွေရော ဝေဝေဆာဆာ ပြည့်ပြည့်စုံစုံနဲ့ တင်ပြသွားလိုက်တာ
မှတ်တမ်းတင်စရာကောင်းလို့ အစအဆုံးရေးပြီးရင် စာအုပ်ထုတ်ဖို့ ကောင်းတယ်။
ကိုယ်တိုင်ရောက်ဖူးတာတောင် ဒီလောက်မစုံဘူး။
ထပ်တစ်ခေါက်လောက် သွားချင်စိတ်တွေပေါ်လာတယ်။
ဘယ်အဖွဲ့နဲ့သွားတာလဲ သိချင်လို့ ပြောပေးစေလိုပါတယ်။
ဒီလိုပိုစ့်မျိုးတွေဆိုရင် သဂျီးဆာဗာ အလေးခံရတာ တန်တယ်။ :hee:
မောင် ပေ
May 23, 2013 at 7:52 pm
ထုံးစံအတိုင်း ဗဟုသုတတွေ အများကြီးရပြီး
ဓါတ်ပုံများကိုပါ ကြည့်ခွင့်ရလို ့
ကျေးဇူးတင်ပါတယ် ကိုနွေဦး ခင်ဗျ
KZ
May 24, 2013 at 9:43 am
ဗျို့။
ဦးနွေဦးကြီး။
ဒီ ထိလိုက်လာတယ် (အဲလေ) လိုက်ဖတ်ခဲ့တယ်နော်။
အရင်နေ့တွေက အချိန်မရလို့ မမန့်ဖြစ်တာပါရယ်။
:hee:
ဦးနွေဦးကို တစ်ခု ချီးကျူးမလို့ဗျ။
ဟို အရင် ကတည်းက ပို့(စ) တိုင်း သတိထားမိတာ ဓာတ်ပုံတင်တာ အတော်သပ်ရပ် စိတ်ရှည်ပါကြောင်း။
ပရီစန်တေးရှင်း အလွန်ကောင်းကြောင်းပါ။
:harr:
padonmar
May 24, 2013 at 9:52 pm
ခိုင်ဇာပြောသလိုပါပဲ.
စိတ်ရှည်လက်ရှည် ပုံနဲ့စာကို တွဲဖက်သွားတာ အတုယူစရာပါပဲ။
မရောက်ဖူးသေးတဲ့နေရာကို ဦးနွေဦးနဲ့တူတူ လိုက်ဖူးသွားပါတယ်နော်။
kai
May 25, 2013 at 7:53 am
ဇတ်ခွဲတဲ့..မဇ္ဈိမ ဒေသမှာဖွားတော်မူတဲ့ဂေါတမဗုဒ္ဓဟာ.. ဇတ်ခွဲတာတွေဆန့်ကျင်ရင်းကပဲ.. ဇတ်ခွဲတဲ့. ဆွေတော်မျိုးတော်တွေ.. မျိုးဖြုတ်အသတ်ခံလိုက်ရတာ.. သမိုင်းကနေ… သံဝေဂယူစရာပါ..
ဇတ်မခွဲရေး… ဒို့အရေး..
သခင်မျိုးဟေ့.. ဒို့ဘားမန်င်း…
ဆူး
May 25, 2013 at 9:53 am
အရမ်းကို စိတ်ရှည်ရှည် နဲ့ ရေးထားတဲ့ အတွက် စာရေးတဲ့ လူ ရဲ့ စေတနာတွေ ထင်ထင်ရှားရှား မြင်တွေ့နေရပါတယ်။
ဒီပိုစ်တွေ မြင်ရင် ပြန်သွားချင်စိတ်ပေါက်မိတယ်။
ဒါနဲ့ စကားမစပ်.. သခင်မျိုးဟေ့ ဒို့ဗမာ ရေးသွားလို့..
ဗုဒ္ဓဝါဒ အရမှာတော့ ဇတ်နိမ့်ဇတ်မြင့် ခွဲတာ မရှိတဲ့ အပြင် ဇတ်ခွဲတာတွေကို မလိုလားတဲ့ အတွက်.. ဇတ်နိမ့်တဲ့ အတန်းအစားထဲကပဲ ဖြစ်နေပါစေ.. တနှစ် တလ တရက် တနာရီ ဝါကြီးရင်တောင် ထိုင်ကန်တော့ခိုင်းပါတယ်။
အသက် ၈ဝ အဘိုးကြီး ဘုန်းကြီး ဝတ်လည်း အသက် ၂၁နှစ် ဦးဇင်းကလေး ရဲ့ ဝါထက် နိမ့်နေရင် အဘိုးကြိးလည်း ရိုရိုသေသေ ထိုင်ကန်တော့ရတာ ထုံးစံပါပဲ..
ငါ အသက်ကြီးတိုင်း ကန်တော့ခံ ရတယ် ငါတတ်တယ် ငါ သိတယ် ဆိုတဲ့ အတွေးစိတ်ကူးတွေ မာန်တွေ ကို ဖျောက်စေချင်လို့ ဝိနည်းကို တိတိကျကျ သတ်မှတ်ထားပါတယ်။
နွေဦး
May 25, 2013 at 10:30 am
ဒီလောက် ရှည်ပြီး ပျင်းစရာကောင်းတဲ့ Post ကို စိတ်ရှည်လက်ရှည် ဖတ်ပေးကြတဲ့ ရွာသူရွာသားအပေါင်းတို့ကို ကျေးဇူးတင်ပါကြောင်းနဲ့ ဖွားတော်မူတဲ့နေ့ ကဆုန်လပြည့်နေ့မှာ အမှီဖတ်နိုင်အောင် အချိန်မှီ တည်းဖြတ်ပြီး တင်လိုက်ရတာကြောင့် အချို့ ကျန်ခဲ့တာလေးများရှိရင် ခွင့်လွှတ်ပေးစေချင်ပါတယ်ခင်ဗျား..။
ခင်တဲ့…
နွေဦး ။
မဟာရာဇာ အံစာတုံး
May 25, 2013 at 1:15 pm
ပုံလေးတွေ ဝေဝေဆာဆာနဲ့
ရှင်းချက် စာသားတွေနဲ့ တင်ပြထားတော့
မရောက်ဖူးသေးတဲ့ ကျွန်ုပ် အဖို့
လွန်စွာမှ ဗဟုသုတတွေ တိုးပွားရပါကြောင်း ….။
kyaw hteik
May 26, 2013 at 11:25 pm
လူကိုယ်တိုင်ရောက်သွားသလို ခံစားမိအောင် တင်ဆက်သွားတာကို ဗဟုသုတများအဖြစ်
စာဖတ်ရင်လှည့်လည်သွားပါတယ်။နောက်ပို့များကိုမျှော်လင့်စောင့်စား၍ ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။