ဦးဖိုးလူနှင့် ပထမဆုံးများ

လူကေလးMay 20, 20131min3057

ဦးဖိုးလူနှင့် ပထမဆုံးများ

ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သောဝ် ..

သာဓု .. သာဓု.. သာဓု..

နောက်ဆုံးတစ်ကြိမ် အမျှဝေလို့ ပြီးသွားတဲ့ အခါမှာတော့ ရှေ့က အလှူ့ဒါယိကာနဲ့ အလှူ့ဒါယိကာမ တို့နှစ်ယောက်က ငွေဖလားကြီးတွေ မလို့ ထလိုက်ကြလေရဲ့.. ကျောင်းပေါ်က လူကြီးလူငယ် အပျိုအအိုမကျန် ဘုစုကရု ကလေးတွေပါ ရုပ်ရုပ်ရုပ်ရုပ် နဲ့ .. ထတဲ့သူက ထ.. ထိုင်တဲ့သူက ထိုင် .. နဲ့ ငွေဖလားကြီးကိုင်ထားတဲ့ အလှူရှင်တွေကို တပြုံးပြုံးနဲ့ ကြည့်နေကြတာပေါ့..

“ကိုဖိုးလူရေ.. သည်ဘက်ကို ကြဲပါဗျို့.” “ဦးဖိုးလူကြီး .. ဒီဘက်ဒီဘက်” “ဦးဖိုးလူရေ.. ကျွန်တော်တို့ကို လဲ မမေ့နဲ့ဦးဗျ.. လုပ်ပါဟ ဒီဘက်ကို” ဆိုပြီး .. စာကလေးတို့ အဖွဲ့ကတစ်မျိုး..

“တော့ ကိုဖိုးလူရေ.. ကျုပ်တို့ကဒီမှာရှင့်” ဆိုတဲ့ အပျိုကြီး ဒေါ်အုန်းမာ တို့အဖွဲ့က တစ်ဖုံနဲ့ . . ဖလားထဲက ငွေအကြွေတွေကို ကြဲဖို့အော်ရင်း လုရင်း နဲ့ ဦးဖိုးလူရဲ့ အလှူကဖြင့် ဒီရွာမယ် မခြိမ့်သဲခဲ့သည့်တိုင်အောင် တစ်ရွာလုံး ပီတိဖြစ်ရတဲ့အလှူပွဲလေးပါပဲ..

သိကြတဲ့အတိုင်း ကျုပ်တို့ကိုဖိုးလူကြီးတို့ လင်မယား အသက်ကြီးမှ ထွေးစုလေးကို ရ.. ရပြန်တော့လည်း ကလေးက ချူချာ.. အသက်လုရတာ တစ်ခါလည်း မဟုတ်. နှစ်ခါလည်းမဟုတ်.. ခုတော့ ကျန်းမာ ဝဖြိုးလို့ ကလေးမလေးလည်းကျောင်းတောင် ကောင်းကောင်း နေနိုင်နေပြီ.. သူတို့လင်မယားနှယ် စီးပွားရေးလေးကလည်း ကောင်းလာသမို့ အလှူလုပ်ချင်နေတာကြာပေါ့.. သမီးလေးနေကောင်းတဲ့အချိန် စောင့်နေရတာနဲ့ အချိန်တွေတောင်နှောင်းလို့ ..

ခုတော့ တူလေးတွေကို ရှင်ပြုပေးရင်း သမီးလေးကို နားသ သီလရှင်ဝတ်ပေး လို့  . . ဦးဖိုးလူကြီး ဒီလိုပျော်နေတဲ့ အပျော်မျိုး ကျူပ်ဒီရောက်ကတည်းက မမြင်ဖူးဘူးဗျို.. ဒီလူကြီး ကျုပ်တို့နဲ ့ဆိုရင် သာ လူပေါကြီးလို့ အနောက်ခံရတတ်တာ .. သားမယားအပေါ်တော့ အလွန်ချစ်ရှာသား….

ဦးဖိုးလူကြီးတို့ ပိုက်ဆံကြဲကြတာ ကျွန်တော်ကတော့ ဘာမှ မရလိုက်ပါဘူး.. ကျွန်တော့နား ပေါက်ပေါက်တွေရယ် .. ကျွန်တော် ကသူနဲ့ ကပ်ရပ်ကိုးဗျ.. သူ က ကြဲလိုက်ရင် ဟိုးဘက်ရောက်ကုန်တာ ကျွန်တော့နား ပေါက်ပေါက်ပဲ ကျတယ်.. ကျွန်တော် လိုက်လည်း မလုနိုင်တော့ပါဘူး .. တချက်တချက် သူတို့ ဓာတ်ပုံကလည်း ရိုက်ပေးရသေးတယ်လေ..

ဟော .. နောက်ဆုံး ဘာမှ မရှိတော့တာတောင် ဖလားကြီးပဲ လူကြားထဲ ပစ်ထည့်လိုက်တော့မယ် ပုံနဲ့ . . အင်း ဒီလူ့နှယ် ပိုကို ပိုပ..

“ကဲ .. ကဲ .. အားလုံးခဏထိုင်ကြပါဦး.. ပျော်သာလည်းပျော်ကြဟေ.. ညနေကျ အလှူပြီးတာ အကြောင်းပြ ပြီး ထန်းရည်တဲ တွေ့လို့ကတော့ မင့်တို့ တိုင်ကြိုးချည်ပြီးတော့ကို ရိုက်မကွာ.. . ကြားသလား.. ဟေ့ စာကလေး မင့်တို့ ပြောနေတာ .. ဘာမသိချင်ယောင်ဆောင်နေရသတုန်း.. ငပေတို့ ရော ကြားတယ်နော်..” ကျောင်းထိုင် ဆရာတော် က ဟန့်လိုက်လို့ ပရိတ်သက်က ငြိမ်တယ်သာဆိုတာ.. ရီသံတွေက တော့ မရပ်..။

ဒီရွာမှာ ကျွန်တော့် ပထမဆုံးကြုံရတဲ့ မိတ်ဆွေကြီး ဦးဖိုးလူရဲ့ အလှူမို့ အားတက်သရော ပါဝင် ကူညီတာပေါ့ .. ဘယ်ပြောကောင်းမလဲ.. စာကလေးတို့ ကအလှူဟင်း တာဝန်ယူ.  . ငပေ တို့ မောင်ပု တို့ကတော့ Entertainment သမားတွေပေ့ါဗျာ .. အိုးစည်ဒိုးပတ်တွေတီးလို့ ကကြလေရဲ့ .. ကျွန်တော် ကတော့ ဒီမှာ မရနိုင်တဲ့ ဗွီဒီယိုတွေ ဘာတွေ အတွက် တာဝန်ယူရတာပေါ့ဗျာ.. တရွာလုံးက သူ့အပိုင်းနဲ့ သူ ကူညီကြတာချည်းပါပဲ .. ဘာမှ မလုပ်ပေးကြရင်တောင် အလှူဝင်တဲ့နေ့မှာ အိမ်တိုင်းအိမ်တိုင်းက ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန် .. အို.. စုံလို့ပါပဲဗျာ.. ကျွန်တော်ကတော့ မသိလို့မေးကြည့်ရသေးတယ်.. သူတို့ထုံးစံတဲ့.. အလှူရှင်တွေ အကုန်အကျ များမှာဆိုးလို့ တတက်တအား ကူညီကြတာဆိုတာပဲ… ချစ်စရာဓလေ့ပေါ့ဗျာ..

ကျောင်းကြီးပေါ်တောင် လူရှင်းနေပြီ …. အော် .. ကျောင်းအောက် တီးကြဆိုကြ တဲ့ နားရောက်ကုန်ကြတာကိုး.. .

ကျွန်တော့အနားမှာတော့ ကလေးတစ်ယောက်နှစ်ယောက် ကျန်နေလေရဲ့ .. သူတို့ ဒီ ကင်မရာလေးကို စိတ်ဝင်စားနေကြတာ.. ကျွန်တော့ နားကကို မခွာကြဘူး .. ခုတော့ လူလည်း ရှင်း ရိုက်စရာလည်း မရှိတော့ တာမို့ ကျွန်တော့ သူတို့ ကြည့်ချင်တာလေး ပြပေးလိုက်ရတာပေါ့..

“ဟား ဟား.. သည်မယ် ကြည်စမ်း. . မမမိနီ မဟုတ်လား.. ဟားဟား .. ကြည့်စမ်း ကွမ်းတောင်ပန်းတောင် ကိုင်တာတောင် အိပ်ငိုက်နေတယ် .. ဟားဟား.. ”

မိနီ မျက်လုံးမှိတ်သွားတဲ့ ပုံကို သူတို့ ဟားနေကြတာ .. မိနီ မှ မဟုတ်ဘူး .. အဘထွန်းကြိုင် .. ဦးဖိုးလူ.. ရွေဥ. . အို .. သူတို့ အကုန်လုံးကို လိုက် ဟားနေကြတာ.. ဆရာတော်တောင် မချန်ဘူး.. လက်မြှောက်နေတဲ့ ပုံကြီး ကြည့်ပြီး “ဆရာတော့်နှယ် လက်မညောင်းဘူးလား မသိဘူးရယ် ..” ဆိုပြီး ရီနေကြလေရဲ့ .. တကယ်ရီချင်တာက နည်းနည်းရယ်ပါ.. Digital ကင်မရာကို အနည်းကပ်ကြည့်ပြီး သူတို့ သဘောတွေ ကျနေကြတာ .. .. ကျွန်တော် အကြံတစ်ခု ရသွားတယ် . . သူတို့ ဓာတ်ပုံလေးတွေ မပါသလို ဖြစ်နေတော့ .. ကျွန်တော် သူတို့ ကို ဓာတ်ပုံရိုက်မလား မေးလိုက်မိတယ်. အမယ်. .သူတို့ က ရှက်နေသေး.. ရိုက်လည်းရိုက်ပေး ပြန်လည်း ပြနဲ့ သူတို့ပုံသူတို့ ကြည့်ပြီး သဘောတွေ ကျနေကြတာပေါ့လေ..

“လူကလေးရေ.. မင့် ဒီနားခဏကွယ်.. ” ဆရာတော် ခေါ်လို့ ကျွန်တော်သူတို့ကို ချော့မော့ နှုတ်ဆက်လို့ ဆရာတော့်အနား သွားရတာပေါ့.. သူတို့ ကျောင်းအောက် ပြေးဆင်းပြီး ဓာတ်ပုံရိုက်ခံခဲ့ရကြောင်း သွားပြော တော့မယ့်ထင်ပ.. သေချာတာပေါ့ .. ဒီကောင်တွေ ပြေးဆင်းသွားပြီ..

“အေး.. လူကလေး .. ဒီမယ် ဖိုးလူက ကျေးဇူးတင်ကြောင်းပြောချင်လို့တဲ့.. မင့်တို့ အများကြီးကူညီပေးလို့တဲ့ ဟ” ဆရာတော်က ဦးဖိုးလူအတွက် လမ်းကြောင်းပေးတာပါ..

“ဟုတ်တယ် . . လူကလေးရေ.. ငါမင့်ကို လွှတ်ကျေးဇူးတင်သာကွယ်… ငါ့ဒီ ပိုက်ဆံလေးနည်းနည်းနဲ့ သူများတွေတောင် မလုပ်ရတဲ့ ဟာတွေ ဒို့ လုပ်ရတယ်.. ငါ့မမြင်ဘူးတာတွေလည်း မြင်ရ.. မကြားဘူးတာတွေလည်း အလှူမှာကြားရနဲ့ .. ငါ့အလှူမှ ဟုတ်ရဲ့ လားလို့ တွေးမိသကွာ.. .. မရင်အေး ကလည်း မင့်ကျေးဇူးတင်လွန်းလို့ တဲ့ .. ထွေးစုလေး နေမကောင်းတုန်းက ရန်ကုန်က ကိစ္စတွေကို ဖုန်းနဲ့ မင့်ပြောပေးတာလဲ ကျေးဇူး တင်သကွာ.. မင့်ငါတို့ ရွာကလေးက နေ ပြန်သွားမှာတောင် စိုးရိမ်မိပါရဲ့ .. အခုလည်း တိတ်ခွေ လား ဓာတ်ပြားလား . . ဒို့ရုပ်ကို ဒို့ မင်းသမီး မင်းသားတွေလို ကြည့်ရဦးမှာဆို .. ငါ့နှယ် တွေးတောင် မတွေးဖူးပါဘူး .. မင့် ငါ ကျေးဇူးတင်ချက်ကွာ .. ငါ့ ဘယ်လိုလုပ်ပေးရမလဲတောင် မသိဘူးရယ်.. မင်း .. မင်း.. ” .. ဟာ.. ဦးဖိုးလူကြီး မျက်ရည်တွေ ကျလို့ပါလား .. .ဟောဗျာ .. ဒေါ်အေး ပါ လိုက်ငိုပဟ..

“ဟာ.. ဦးဖိုလူကြီးကလည်းဗျာ.. ကျွန်တော် တတ်နိုင်သလောက်ပဲ ကူညီထားတာပါဗျာ .. ဘာမှ အပမ်းတကြီး တောင် မလုပ်လိုက်ရပါဘူး. .. အဒေါ်အေးလည်း မငိုပါနဲ့တော့ .. ဟိုမှာ ဆရာလေးကဘုမသိဘမသိနဲ ့လိုက်ငိုနေပါ့မယ် .. ကျွန်တော်လည်း မကြုံဘူးတဲ့ အလှူမျိုးမို့ တကယ် ပျော်ခဲ့ရပါတယ်ဗျာ.. မငိုနဲ့ တော့.. ”

“ဆရာတော် တပည့်တော် အိမ်ခဏပြန်လိုက်ပါဦးမယ်ဘုရား.. ” “အေး .. ဒကာ .. ”

ကျွန်တော်လည်း မြန်မြန်အမြစ်ဖြတ်လို့ ထွက်လာခဲ့လေရဲ့ .. မဟုတ်ရင် .. ဦးဖိုးလူကြီးအကြောင်း သိတယ် မို့လား . .တအား အရစ်ရှည်တာ.. တော်ကြာ ငိုချင်းပါချချင် ချနေမယ့်လူကြီး ..

ကျွန်တော်တစ်ယောက်တည်း အတွေးလေးတွေတွေးပြီး လမ်းလျှောက်အိမ်ပြန်ရတာပေါ့.. ဒီကနေ့ ကတော့ဖြင့် ကျွန်တော့အတွက် ပထမဆုံးတွေ အလွန်များတဲ့ နေ့ပါပဲ. ရွာဓလေ့ ရွာအလှူဆိုတာကို ပထမဆုံး မြင်ဖူးကြုံဖူးရတယ် . . ကြုံဖူးယုံတင်မက .. ပထမဆုံး ကိုယ်တိုင် ပါဝင်ဆင်နွှဲခဲ့ရတဲ့အလှူလေး.. နောက် ဒီရွာလေးကို ရောက်ကတည်းက ငပေတို့ လို လူကြမ်းတွေက ကွေးနေအောင် ကတာကို ပထမဆုံးမြင်ဖူးတဲ့ နေ့..ဦးဖိုးလူကြီးငိုတာကို လည်း ပထမဆုံးမြင်ဖူးတာပဲ..  “ဟေ့ . . ဟေ့.. လူကလေး .. ဟေ့..” ကျွန်တော် တွေးနေတုန်း နောက်က အမောတကော ခေါ်သံကြားလို့ ကြည့်မိတော့ ဟော.. ဦးဖိုးလူ ကြီး..။ ဘာကိစ္စပါလိမ့်…

“အေး… မောင်လူကလေး .. မင့်ဆွဲကြိုး ဦးလေး အမြန်ပြန်ရွေးပေးပါ့မယ် .. မင့် ရန်ကုန် ပြန်တဲ့အခါ မင့်အမေပေးထားတဲ့ ဆွဲကြိုးလေး တော့ မင့်ပြန်ဆွဲသွားပါကွာ.. ငါပြန်ရွေးပေးလိုက်ပါ့မယ်..”

“ဟုတ်ကဲ့.. ကျွန်တော်လည်း ရအောင် ပြန်ရွေးမှာပါ.. ကျွန်တော်သွားနားလိုက်ဦးမယ် ဦးလေး..”

ကျွန်တော် ဦးဖိုးလူကြီးကိုနှုတ်ဆက်လို့ လမ်းဆက်လျှောက်လာခဲ့တာ. . နောက်က ကျန်ခဲ့တဲ့ ဦးဖိုးလူကိုတောင် မေ့သွားတော့တယ်. . ကျွန်တော့ရဲ့ ပထမဆုံးဆိုတဲ့ အတွေးတွေ ဆက်တွေးနေလို့လေ.. ဟုတ်တယ် ဒီနေ့ .. ကျွန်တော့ရဲ့ ပထမဆုံးနေ့ ..ကျွန်တော့ဘဝကို ကျွန်တော်ပထမဆုံး ကျေနပ်တဲ့နေ့..

လူကလေး

 

7 comments

  • ရေးထားတဲ့ ဇာတ်အတိုင်း
    စီးမျှောလို့ လိုက်ပါရင်းနဲ့
    ဖတ်ရှုကာ အားပေးတွားဘာအိ ….။
    စကားမစပ် …
    ကျုပ်လည်း အလှူတစ်ခု လုပ်မို့ခညာ
    အိုက်ဒါ ဆွဲကြိုးလေး ငှားဂျင်ဝူးးလားးဟင်င် … 🙄 :mrgreen:

    • လူကလေး

      May 20, 2013 at 1:28 pm

      အံစာအတုံးကြီး ရေ . . အားပေးတာကျေးဇူးဗျာ

      ဟို ဆွဲကြိုးကိစ္စကတော့ လူကလေး ဆီသွားတောင်း .. သူက အိုက်ဒါမျိုးဆို တိပ် ဝါတနာပါတယ်ဆိုပဲ

  • awra-cho

    May 20, 2013 at 1:28 pm

    အားပေးသွားပါတယ်ဗျာ အမြဲ ရေးကြပါဗျာ

  • လူကလေး

    May 20, 2013 at 1:31 pm

    အားပေးလို့ ကျေးဇူးပါ ချိုချို ..

    အချိန်လေးရရင်တော့ အမြဲရေးချင်ပါတီ

  • kyeemite

    May 20, 2013 at 1:38 pm

    ပထမဆုံးများ
    ဘဝအမုန်းမပွား
    အကဆုံးသွား
    အလှဆုံးဗျား.. :kwi: 😆

  • မောင် ပေ

    May 20, 2013 at 6:43 pm

    ပထမ ဒုတိယ တတိယ
    တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်
    သေချာပြောမယ် သေချာနားထောင်

  • Mobile13

    May 20, 2013 at 6:58 pm

    လူ့ကလေကဝဂလေးရေ
    တောင်းတောင်းပန်ပန် ဖတ်ပေးပါ့ဦးပြောလို့ ဖတ်သွားတယ်နော………
    ဒါနဲ့ဒါဘယ်ရွာမှာတုန်းဗျ။
    လူဂလေးက ဒစ်ဂျစ်တီ ကင်မကာ တစ်လုံးနဲ့ တောသားလေးတွေဂျား အနူတော လူချောလုပ်လာတာပါလား။
    ဖတ်ရတာတော့ ကောင်းတယ်
    အရေးအသားလည်းလန်းပါတယ်
    နောက်တော့ မတင်ပါနဲ့……
    အဲ့ နောက်လဲ ရေးပါတင်ပါ အားပေးချင်ပါဒယ်လို့ ……..
    ကျုပ်မင်ဂါဆောင်ရင် ခညားဒါ့ပုံရိုက်ပေးရမယ် ဒါဗြဲးးးးးးးးး
    ပထမတွေ ဆိုတာ များတိုင်း သိပ်ကောင်းဘူးနော……………်

Leave a Reply